အခန်း (၇၉-၈၀)
Vol. 4 Ch. 79-80
အခန်း (၇၉)
အချိန်ကာလဟူသည် သက်ရှိသက်မဲ့ အရာ ခပ်သိမ်းတို့အတွက် ဆုပ်ကိုင်၍မရနိုင်သော အရာတစ်ခု ဖြစ်ပေသည်။ သူတို့နှစ်ဦးသည် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို သတိမထားမိလိုက်ကြဘဲ မျက်စိတစ်မှိတ်အတွင်း (၁၀) နှစ်တာ ကာလ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် သက်တမ်းအမှတ်များကို ဝိညာဉ်စွမ်းအား ကဏ္ဍတွင် ပေါင်းထည့်လိုက်ရာ (၄၂) မှတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့အတွက် အပျော်ရွှင်ရဆုံး အရာမှာ ထိုအမှတ်သည် ကန့်သတ်ချက်သို့ မရောက်ရှိသေးဘဲ သူတို့၏ ဂါထာမန္တန် စွမ်းအားများမှာ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာခြင်း ဖြစ်သည်။
ချင်တိုင်းပြည် နှင့် ဝူတိုင်းပြည် တို့၏ ဂိုဏ်းများအကြား အခြေအနေမှာ လွန်စွာ ငြိမ်သက်သွားခဲ့ပြီး ငြင်းခုံမှုများပင် မရှိတော့ပေ။ သို့သော် ဂိုဏ်းများအကြားတွင်တော့ အနည်းငယ်တင်းမာသည့်အခြေအနေများရှိနေသေးသည်။
သို့သော် ဝူယွင်ဂိုဏ်း မှာမူ အခြေအနေ အနည်းငယ် ကောင်းမွန်ပြီး လူတိုင်း မိမိအလုပ် မိမိလုပ်ဆောင်နေကြကာ ထိပ်သီးဂိုဏ်းကြီး (၁၀) ဂိုဏ်းကဲ့သို့သော အမြင့်ပိုင်း အခြေအနေများကို ထိတွေ့နိုင်ခြင်း မရှိကြပေ။ ယခုအခါ ဂျိခွန် ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း အရှိန်အဝါကလည်း ပိုမို ပြင်းထန်လာသည်။ သူသည် နိုင်ငံနှစ်ခု၏ နိုင်ငံရေး အခြေအနေကို အနည်းငယ် ထိတွေ့ခွင့် ရရှိလာပြီဖြစ်ကာ လောလောဆယ်တွင် ပြဿနာမရှိသေးကြောင်း ချန်ရွှင် အား ပြောပြခဲ့သည်။
ချန်ရွှင်သည် ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်စဉ်များကို ရှာဖွေပေးရန် ဂျိခွန်အား အကူအညီ တောင်းခံခဲ့သည်။ ဂျိခွန်သည် ဂိုဏ်းပြင်ပ၌ အဆက်အသွယ် များပြားပြီး ဝူယွင်ဂိုဏ်းအတွင်း၌ ထိုကဲ့သို့သော ကျင့်စဉ်မျိုး မရှိသောကြောင့် ဖြစ်သည်။ ထိုစဉ်က ဂျိခွန်သည် အလွန်အံ့သြသွားပြီး ချန်ရွှင်အား ကောင်းမွန်စွာ ကျင့်ကြံရန် တိုက်တွန်းခဲ့သည်။ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်စဉ်သည် ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေခြင်း မရှိဘဲ ချန်ရွှင်ကလည်း တိုက်ခိုက်ခြင်းကို ဝါသနာပါသူ မဟုတ်သောကြောင့် ဖြစ်သည်။
သို့သော် ဂျိခွန်သည် ပါးစပ်မှ ပြောဆိုနေသော်လည်း ကတိပေးခဲ့သည်။ သူသည် တာဝန်ထမ်းဆောင်ရန် အပြင်ထွက်တိုင်း အထူးဂရုပြု ရှာဖွေပေးခဲ့သော်လည်း သာမာန်လူ့လောကမှ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်စဉ်အချို့ကိုသာ ယူဆောင်လာပေးနိုင်ခဲ့သည်။ ချန်ရွှင်က အလေးအနက်ထားကာ လက်ခံယူပြီး စိတ်ပျက်သည့်အမူအရာ မပြခဲ့ပေ။ ဤမျှလောက်နှင့်ပင် လုံလောက်ပြီဖြစ်ကြောင်းနှင့် နောက်ထပ် ရှာဖွေပေးရန် မလိုတော့ကြောင်း ဂျိခွန်အား ပြောဆိုလိုက်သည်။
ယနေ့တွင် ပုံရိပ်နှစ်ခုသည် ရေပူစမ်းဆေးဥယျာဉ် အတွင်းသို့ ဝင်ရောက်လာကြသည်။ သူတို့နှစ်ဦးစလုံးသည် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး မျက်ဝန်းများထဲတွင် လေးနက်မှုများ ပါဝင်နေသည်။ သို့သော် သူတို့သည် စိမ်းပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားခြင်း မဟုတ်ဘဲ အဖြူရောင်နှင့် အစိမ်းရောင် ရောယှက်နေသော ဝတ်ရုံများကို ဝတ်ဆင်ထားကြရာ တောင်ပိုင်များ၏ လက်ရင်းတပည့်များ ဖြစ်ကြောင်းနှင့် အဆင့်အတန်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲများနှင့် တန်းတူဖြစ်ကြောင်း အလွန်သိသာသည်။ ချန်ရွှင်ကဲ့သို့သော သူများထက် မျိုးဆက် အဆင့်အတန်း ပိုမို မြင့်မားလေသည်။(ဤနေရာတွင် တစ်ခုရှင်းပြရန်ရှိသည်မှာ ရှီကျင်းနှင့် လျိုယွမ်တို့သည် မူလက ချန်ရွှင်အား စီနီယာအကိုရွှမ်ဟု ခေါ်ခဲ့ခြင်းမှာ ကျင့်စဉ်အဆင့်အတန်းကွာဟချက်ကြောင့်ဖြစ်ပြီး ယခု ၎င်းတို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲများအဆင့်သို့ ရောက်ရှိနေသည့်အပြင် တောင်ပိုင်များ၏ လက်ရုံးများဖြစ်သည့်အတွက် ဝါ နှင့် သမားစဉ် အရကွာဟချက်ရှိသွားပြီဖြစ်၍ ချန်ရွှင်က စီနီယာများဟု လေးစားသမှုဖြင့် သုံးနှုန်းရခြင်းဖြစ်ပါသည်)
“ဂျူနီယာညီလေး ချန်ရွှင်... နွားကြီး”
လျူယွမ် နှင့် ရှီကျင်း တို့သည် လက်သီးဆုပ်ကာ ပြုံးပြလိုက်ကြသည်။ သူတို့၏ မျက်ဝန်းများသည် ဆေးဥယျာဉ်၏ ရှုခင်းများကို နှစ်သက်သဘောကျနေပုံ ရသည်။ အဝေးမှ တောင်ကုန်းများ၊ မြက်ခင်းပြင်များနှင့် စမ်းချောင်းလေးကို ငေးမောကြည့်ရှုနေကြသည်။
သို့သော် သူတို့၏ မျက်လုံးများထဲတွင် အံ့သြရိပ်များ ဖြတ်သန်းသွားသည်။ ဤနေရာတွင် ကြိုးကြာဖြူသစ်သားများ အဘယ့်ကြောင့် ဤမျှ များပြားစွာ ပုံထားရသနည်းဟု တွေးတောနေမိကြသည်။ အဝေးရှိ ဂူပေါက်အချို့၏ ရှေ့တွင် အရောင်စုံ ကျောက်တုံးများကို စီထားပြီး နေ့စဉ် ပွတ်တိုက်ဆေးကြောထားသကဲ့သို့ ပြောင်လက်တောက်ပနေသည်။ သူတို့သည် ချန်ရွှင်အား အလွန် သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်သူဟု ထင်မှတ်ထားခဲ့သော်လည်း အဝေးတစ်နေရာရှိ ကြက်ခြံနှင့် ဝက်ခြံများကို မြင်လိုက်ရသောအခါ သူတို့၏ အတွေးများ မှားယွင်းသွားကြောင်း သိလိုက်ရသည်။ ဂျူနီယာညီလေး ချန်ရွှင်သည် ယခင်အတိုင်းပင် ဖြစ်သည်။
လေပြည်ညှင်းများ တိုက်ခတ်လာရာ မြက်ပင်များ ယိမ်းနွဲ့လှုပ်ရှားသွားပြီး ကောက်ရိုးဦးထုပ် ဆောင်းထားသော ပုံရိပ်နှစ်ခု ပေါ်လာသည်။ ချန်ရွှင်သည် မျက်လုံးများထဲတွင် အပြုံးများဖြင့် နွားနက်ကြီးနှင့်အတူ လျှောက်လှမ်းလာသည်။
“ဟားဟား... စီနီယာအစ်ကို ရှီ... စီနီယာအစ်မ လျူ... ဘာကိစ္စများ ရှိလို့လဲဗျ” ချန်ရွှင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူတို့ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီးကို လာရောက်တွေ့ဆုံဖူးသော်လည်း ဆေးဥယျာဉ် အပြင်ဘက်၌သာ ခေတ္တမျှ တွေ့ဆုံခဲ့ပြီး အလျင်အမြန် ပြန်သွားခဲ့ကြသည်။
“မွန်း မွန်း...” နွားနက်ကြီးသည် မျက်လုံးထဲတွင် အပြုံးများဖြင့် နှုတ်ဆက်လိုက်သည်။
“ကျွန်တော်တို့က ဂျူနီယာညီလေး ချန် ကို လာပြီး နှုတ်ဆက်တာပါ”
ရှီကျင်းက ပြောလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ချန်ရွှင်၏ အရှိန်အဝါသည် အလွန် ထူးခြားပြီး ဖော်ပြ၍ မရနိုင်သော ခံစားမှုမျိုးကို ပေးစွမ်းနေသည်။
“နှုတ်ဆက်တာလား... အရမ်းဝေးတဲ့ နေရာကို သွားကြမလို့လား” ချန်ရွှင်က သူတို့ကို ကြည့်ကာ မေးမြန်းလိုက်ပြီး ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားသည် အခွင့်အလမ်းများ ရှာဖွေရန် ဂိုဏ်းပြင်ပသို့ ထွက်ခွာတတ်ကြသည်ကို သူ သိရှိထားသည်။
“ဟုတ်တယ်... ချင်တိုင်းပြည်ရဲ့ နန်းတော် ကို သွားပြီး တိုင်းပြည်ရေးရာကိစ္စလေးတွေသွားကူညီမလို့ပါ” ရှီကျင်းက ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။ သူသည် အတော်လေး တည်ငြိမ်ရင့်ကျက်လာပြီး ချောမောသော ရုပ်ရည်အောက်တွင် ပိုမို၍ ဆွဲဆောင်မှု ရှိလာသည်။
“စီနီယာအစ်ကို ရှီ နဲ့ ကျွန်မက နန်းတော်က လာကြတာလေ... ကျွန်မတို့ မိသားစုနဲ့ ဝူယွင်ဂိုဏ်းက ပတ်သက်ဆက်နွှယ်မှု တချို့ ရှိတယ်” လျူယွမ်က ဝမ်းနည်းစွာ ပြောလိုက်သည်။ သူမသည် နွားနက်ကြီးကဲ့သို့ပင် ခံစားချက်များကို ဖုံးကွယ်မထားတတ်ပေ။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အံ့သြသွားကြသည်။ သူတို့သည် သာမာန်လောကမှ အရာရှိကြီးများ ဖြစ်နေသည်။ သူတို့ မြင်ဖူးသမျှ အကြီးဆုံး အရာရှိမှာ မြို့ဝန်မင်း သာ ရှိသေးသည်။
“စီနီယာအစ်ကို ရှီ... စီနီယာအစ်မ လျူ... ဒါ ဝမ်းသာစရာပဲလေ... အိမ်ပြန်ပြီး မိသားစုကို တွေ့ရဦးမှာပဲ” ချန်ရွှင်က သဘောရိုးဖြင့် ပြုံးကာ ပြောလိုက်သည်။ သို့သော် သူတို့၏ စိတ်ခံစားချက်များ မကောင်းမွန်သည်ကို ခံစားမိလိုက်သည်။
“ဆရာသခင်ရဲ့ အမိန့်ပါ... ဒီတစ်ခါ ပြီးသွားရင် တိုင်းပြည်နဲ့ အဆက်အသွယ် ဖြတ်တောက်ရတော့မယ်” သူတို့နှစ်ဦးသည် ပြိုင်တူ ပြောဆိုလိုက်ကြပြီး မျက်ဝန်းထဲတွင် လွန်ဆွဲမှုများ ပါဝင်နေသည်။
“ဂျုနီယာမောင်လေး ချန်... ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းရင် တကယ်ပဲ လောကလူ့ဘောင်ကနေ ရုန်းထွက်ရမှာလား...”
လျူယွမ်က ဝမ်းနည်းပူဆွေးစွာဖြင့် တိုးညှင်းစွာ မေးမြန်းလိုက်သည်။ သူမသည် ချန်ရွှင်ကို မော့ကြည့်လိုက်သည်။ သူမ၏ မိခင်ကို သတိရနေမိသည်။ “သူတို့က သက်ရှိထင်ရှား ရှိနေသေးတာကို...”
ရှီကျင်းကလည်း ချန်ရွှင်ကို လှမ်းကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အနည်းငယ် ပါဝင်နေသည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးသဖြင့် ဆရာသခင်၏ သဘောထားကို ကောင်းစွာ နားမလည်ကြသေးပေ။
“မွန်း...”
နွားနက်ကြီးကလည်း ခေါင်းလှည့်ကာ ချန်ရွှင်ကို ကြည့်လိုက်သည်။ ချန်ရွှင်က သူ့ကို ခေါ်ဆောင်ပြီး ဘာကြောင့် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့သလဲ ဆိုသည်ကို သူ ရိပ်မိနေသည်။ ယခင်က ချန်ရွှင်သည် လူ့ပြည်လောကတွင် နေထိုင်ရသည်ကို အနှစ်သက်ဆုံး ဖြစ်ပြီး ပန်းပဲထုနေရလျှင်ပင် ပျော်ရွှင်နေတတ်သူ ဖြစ်သည်။
“ဟဲဟဲ... ဒါကတော့... ကျွန်တော်က ခင်ဗျားတို့ရဲ့ ဆရာသခင်လောက် ဘယ်သိပါ့မလဲ... သူက ခင်ဗျားတို့ကို ဒုက္ခရောက်အောင်တော့ လုပ်မှာ မဟုတ်ပါဘူး”
မျှော်လင့်တကြီး ကြည့်ရှုနေသော မျက်လုံးသုံးစုံ၏ ရှေ့မှောက်တွင် ချန်ရွှင်သည် ပြုံးရွှင်စွာဖြင့် ထိုကဲ့သို့သော စကားမျိုး ပြောဆိုလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။
သူတို့နှစ်ဦးသည် သက်ပြင်းချလိုက်ကြသည်။ လျူယွမ်သည် စကားလမ်းကြောင်း လွှဲလိုက်ပြီး နှုတ်ခမ်းကို စေ့ကာ ပြောလိုက်သည်။ “ဂျူနီယာမောင်လေး ချန်... ကျွန်မတို့နဲ့အတူ နန်းတော်ကို လိုက်ခဲ့မလား... ချင်တိုင်းပြည်ရဲ့ နန်းတော်က အရမ်းကြီးကျယ်ခမ်းနားတယ်နော်”
ဤသည်မှာ သူတို့ ဤနေရာသို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးကို အတူတူ ခေါ်ဆောင်သွားလိုကြသည်။
“မွန်း” နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားသည်။ ချင်တိုင်းပြည်၏ နန်းတော်ဆိုလျှင် ဖန်နင်းမြို့ထက်ပင် ပိုကြီးမားပေလိမ့်မည်။
“ချင်တိုင်းပြည်ရဲ့ နန်းတော်က ဘယ်နေရာမှာ ရှိတာလဲ” ချန်ရွှင်က မေးလိုက်သည်။ သူနှင့် နွားနက်ကြီးသည် မြို့ကြီးပြကြီးများသို့ မရောက်ဖူးကြသေးပေ။
ထို့အပြင် ချင်တိုင်းပြည်၏ နန်းတော်ဆိုသည်မှာ သူ၏ ယခင်ဘဝက မြို့တော်သို့ မရောက်ဖူးခဲ့သည့် နောင်တတစ်ခုကို ဖြည့်ဆည်းပေးနိုင်မည့် အရာတစ်ခု ဖြစ်သည်။
“ကျင်းဖုန်းပြည်နယ် မှာ ရှိပါတယ်... ကျီယန်ပြည်နယ်နဲ့ဆိုရင် ပြည်နယ်နှစ်ခုလောက် ခြားနေတယ်... ခရီးလမ်းက ဝေးကွာပေမယ့် ဂျူနီယာညီလေး ချန် သာ ကျွန်တော်တို့နဲ့ အတူတူ လိုက်ခဲ့မယ်ဆိုရင် လမ်းတစ်လျှောက် ဒေသန္တရ ဗဟုသုတတွေ ရနိုင်တာပေါ့”
ရှီကျင်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပါဝင်နေသည်။ ဂျူနီယာညီလေး ချန် သည် အလွန် စိတ်ဝင်စားစရာ ကောင်းပြီး ဖော်ရွေသူ ဖြစ်သဖြင့် သူတို့သည် ချန်ရွှင်နှင့် နွားနက်ကြီးကို ခေါ်ဆောင်သွားချင်ကြသည်။
“မွန်း မွန်း...” နွားနက်ကြီးသည် စဉ်းစားနေသော ချန်ရွှင်ကို ခေါင်းဖြင့် ဝှေ့လိုက်သည်။
“စီနီယာအစ်ကို ရှီ... စီနီယာအစ်မ လျူ... ကျွန်တော် တမင်သက်သက် ငြင်းပယ်ချင်တာ မဟုတ်ပါဘူး”
ချန်ရွှင်၏ မျက်နှာတွင် အခက်အခဲ ဖြစ်နေပုံ ပေါ်လာပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။ “ကျွန်တော်နဲ့ နွားကြီးက ကျင့်ကြံခြင်း အစီအစဉ်တစ်ခု ရေးဆွဲထားလို့ပါ... လောလောဆယ် ထွက်သွားလို့ မရသေးပါဘူး... ကျွန်တော်တို့ တော်တော်လေးကို အချိန်လုနေရလို့ပါ”
“မွန်း မွန်း...” နွားနက်ကြီးသည် သူတို့နှစ်ဦးကို ကြည့်ကာ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ဒါက အမှန်တကယ်ပင် ဖြစ်သည်။
“ဥပမာ... မီးလုံးပစ်လွှတ်ခြင်းပညာနဲ့ ရေခဲပစ်လွှတ်ခြင်းပညာကို ဘယ်လို ပေါင်းစပ်ရမလဲ ဆိုတာမျိုးပေါ့... ရေခဲနဲ့ မီး ပေါင်းစပ်တဲ့ ပညာရပ်က ရှည်လျားလွန်းပါတယ်….ပြီးတော့ မတူညီတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်စဉ်တွေက ခန္ဓာကိုယ်ထဲမှာ လည်ပတ်ပုံ ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ ဆိုတာလည်း ပြဿနာကြီး တစ်ခုပါပဲ…ဒီ အစီအရင်အသေးစားလေးတွေကို ဘယ်လို ထပ်ဆင့်ပေါင်းစပ်ရမလဲ ဆိုတာလည်း ရှိသေးတယ်... အရေးအကြီးဆုံးကတော့... အကယ်၍ အနှောင့်အယှက် မဖြစ်ဘူးဆိုရင် စီနီယာအစ်ကိုနဲ့ စီနီယာအစ်မတို့ အပြန်ကျရင် ကျွန်တော့်အတွက် ချင်တိုင်းပြည် မြေပုံတစ်ခုလောက် ယူလာပေးကြပါ”
ချန်ရွှင်သည် လက်သီးဆုပ်ကာ ပြောလိုက်သည်။ သူ၏ လေသံတွင် လေးနက်မှု ၊ မျှော်လင့်ချက် နှင့် ရိုးသားမှု တို့ ပါဝင်နေသည်။ သူတို့နှစ်ဦးသည် အစပိုင်းတွင် ချန်ရွှင် ပြောသမျှကို သေချာ နားထောင်နေကြပြီး ဂျူနီယာညီလေး ချန် သည် တကယ်ကို ကြိုးစားပါလား၊ သူတို့ ဒါတွေကို ထည့်မစဉ်းစားမိခဲ့ပါလားဟု တွေးတောနေကြသော်လည်း နောက်ဆုံး စကားတစ်ခွန်းကြောင့် ပစ္စုပ္ပန်သို့ ပြန်ရောက်လာကြသည်။ ရှီကျင်းက ရယ်မောလိုက်သည်။ သူတို့က ကိစ္စကြီးများတောင်းဆိုမည်ဟုထင်နေမိကြခြင်းဖြစ်သည်။ “ဂျူနီယာညီလေး ချန် က အားနာနေပြန်ပါပြီ... မြေပုံကိစ္စကို ကျွန်တော် တာဝန်ထားလိုက်ပါ”
“ဂျူနီယာမောင်လေး ချန်ရွှင်... စီနီယာအစ်ကို ရှီကျင်း က ရာထူးအဆင့်အတန်း မြင့်မားပါတယ်” လျူယွမ်က ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။ သူမသည် အမြဲတမ်း မိန်းကလေးဆန်သော အမူအရာလေး ရှိနေသည်။
“ဒါဆိုရင်တော့ ကောင်းတာပေါ့ဗျာ... ကျွန်တော်က စီနီယာတို့ကို ဒုက္ခပေးမိမှာ စိုးရိမ်နေတာ”
ချန်ရွှင်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူဌေးများနှင့် ပေါင်းရသည်မှာ ကောင်းလှသည်။ ထို့နောက် သူ ရယ်မောလိုက်ပြီး “ဒါပေမဲ့ နောက်နောင် အခွင့်အရေးရရင် ကျွန်တော်တို့ အတူတူ ခရီးထွက်ကြတာပေါ့”
“ဒါဆို ဂျူနီယာညီလေး ချန်ရွှင်... ကျွန်တော်တို့ ကတိပေးတယ်နော်”
“ဂျူနီယာမောင်လေး ချန်ရွှင်... ရှင် ပြောတာနော်... ကျွန်မ မှတ်ထားတယ်... နွားကြီးလည်း ကြားတယ်နော်”
“မွန်း မွန်း...”
“ဟားဟားဟား...”
ချန်ရွှင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။ “ဒါဆိုရင် လမ်းခရီး ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်... ဒါပေမဲ့ ကျွန်တော်က မင်းတို့ထက် အသက်ပိုကြီးတော့ စကားတစ်ခွန်းလောက် လက်ဆောင်ပေးပါရစေ”
“ညီလေး... ပြောပါ” သူတို့နှစ်ဦးသည် လေးနက်စွာ လက်သီးဆုပ်လိုက်ကြပြီး မျက်လုံးများ တောက်ပနေသည်။
“ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေနဲ့ ကြုံလာရင် ထွက်ပြေးတာက အကောင်းဆုံးပဲ”
ချန်ရွှင်သည် လက်ကို နောက်ပစ်လျက် တစ်လုံးချင်း ပြောလိုက်သည်။ သူသည် ကြည်စင်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိသည်။ ဤသည်မှာ အလွန် အရေးကြီးသော ဘဝအတွေ့အကြုံပင် ဖြစ်သည်။ ရှီကျင်းနှင့် လျူယွမ်တို့သည် ကြားလိုက်ရသောအခါ ကြောင်သွားကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်လုံးများထဲတွင် အပြုံးများဖြင့် “ကောင်းပါပြီ... ဂျူနီယာညီလေး ချန်”
ထို့နောက် သူတို့သည် ချန်ရွှင်နှင့် နွားနက်ကြီးကို နှုတ်ဆက်ပြီး အိမ်ပြန်ခရီးကို စတင် ထွက်ခွာသွားကြသည်။
ချန်ရွှင်နှင့် နွားနက်ကြီးသည် သူတို့ ထွက်ခွာသွားသည်ကို လိုက်လံကြည့်ရှုနေကြသည်။ ခဏကြာသောအခါ အစီအရင်ကို ပိတ်လိုက်သဖြင့် ကျဉ်းမြောင်းသော လမ်းကလေးတွင် မြူခိုးများ ဖြည်းညှင်းစွာ ဖုံးလွှမ်းသွားလေတော့သည်။
အခန်း (၈၀)
သူတို့သည် မြက်ခင်းပေါ်တွင် ထိုင်ချလိုက်ကြသည်။ ချန်ရွှင်သည် ပက်လက်လှဲလိုက်ပြီး လေပြည်လေညှင်း၏ အထိအတွေ့ကို ခံစားရင်း အတွေးနက်နေသည်။
“မွန်း မွန်း...” နွားနက်ကြီးသည် ချန်ရွှင်ကို တွန်းလိုက်သည်။
“နွားကြီး... မင်းက ငါ့ရဲ့ အဖြေကို သိချင်နေတာလား”
“မွန်း...”
“ငါ့အမြင်ကတော့... ကိုယ့်ရဲ့ မိသားစု မိတ်ဆွေတွေ ဆိုရင်တော့ လောကနဲ့ အဆက်အသွယ် ဖြတ်စရာ မလိုပါဘူး”
ချန်ရွှင်သည် ဆွေးမြေ့စွာ ပြောလိုက်သည်။ “လူ့သက်တမ်း နှစ်တစ်ရာမှာ သေကွဲရှင်ကွဲတွေက များလွန်းပါတယ်... ဒါပေမဲ့ လူတိုင်းက ပျော်ရွှင်စွာ နေထိုင်ကြတာပဲ မဟုတ်လား... နာကျင်မှု ဆိုတာ ခဏတာပါပဲ... သာမန်လူတွေတောင် အတိတ်မှာပဲ အမြဲတမ်း နေထိုင်နေကြတာ မဟုတ်ပါဘူး”
“မွန်း မွန်း...” နွားနက်ကြီးသည် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ သူတို့ တောင်ပေါ်ရွာလေးတွင် ရှိစဉ်က လူအများအပြားကို သင်္ဂြိုဟ်ပေးခဲ့ဖူးသည်။ ထိုကွယ်လွန်သူများ၏ မိသားစုဝင်များကလည်း နောက်ပိုင်းတွင် ကောင်းမွန်စွာ နေထိုင်သွားကြသည် မဟုတ်ပါလား။
“ဒါပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ သက်တမ်းက နှစ် (၄၀၀) ပဲ ရှိတယ်လေ... တကယ်လို့ စိတ်ခံစားချက်တွေက လွှမ်းမိုးလွန်းနေရင် ကျင့်ကြံခြင်းအတွက် မကောင်းဘူးလို့ သူတို့ရဲ့ ဆရာသခင်က စိုးရိမ်တာ နေမှာပါ”
ချန်ရွှင် အနည်းငယ် ပြုံးလိုက်သည်။ သူသည် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ကောင်းကင်သည် ပြာစင်ကာ ကြည်လင်သန့်ရှင်းနေသည်။ တိမ်ဖြူဖြူများသည် ပင်လယ်ပြင်တွင်ရွှက်လွှင့်နေသော ရွက်လှေများကဲ့သို့ ဖြည်းညှင်းစွာ လွင့်မျောနေကြသည်။
သူ ဆက်လက်၍ တိုးညှင်းစွာ ရေရွတ်လိုက်သည်။ “လောကနဲ့အဆက်အသွယ် ဖြတ်တောက်တယ် ဆိုတာ... ဟူး... လူ့ဘောင်လောက ဆိုတာ ဘာလဲကွာ... အားလုံးက လူတွေပဲဟာ... ဒီကျင့်ကြံခြင်းလောက ဆိုတာကရော လူ့လောကနဲ့ ဘာကွာလို့လဲ”
“မွန်း...” နွားနက်ကြီးသည် ချန်ရွှင်ကို ခပ်ကြမ်းကြမ်း တွန်းလိုက်သည်။ သူ နားထောင်ချင်တာ ဒါမဟုတ်ပေ။
“ဘာလုပ်တာလဲ” ချန်ရွှင်သည် ဒေါသထွက်သွားသလိုနှင့် မသိချင်ယောင် ဆောင်လိုက်သည်။
“မွန်း...” နွားနက်ကြီးက နှာတစ်ချက်ခပ်ပြင်းပြင်းမှုတ်လိုက်ပြီး ချန်ရွှင်ကို ထပ်မံ တွန်းလိုက်ပြန်သည်။
“ငါကိုယ်တော် ဆေးတစ်ဖို ဖော်ဖို့ ကျန်သေးတယ်... နွားကြီး နောက်မှ တွေ့မယ်” ချန်ရွှင်သည် မြေကြီးပေါ်တွင် လှဲလျောင်းနေရာမှ လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး အရိပ်တစ်ခုအသွင် ပြောင်းလဲကာ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
“မွန်း...” နွားနက်ကြီး ဒေါသထွက်သွားပြီး အနောက်မှ အပြေးလိုက်သွားသည်။ ချန်ရွှင် သူ့ကို ထပ်ပြီး ရှောင်ပြေးပြန်ပြီ။
အဝေးတစ်နေရာတွင် လူတစ်ယောက်နှင့် နွားတစ်ကောင် လုံးထွေး သတ်ပုတ်နေကြသည်။ ရံဖန်ရံခါ ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“နွားကြီး... ငါတို့နဲ့ သူတို့ မတူဘူးကွ... ငါတို့က ထာဝရအသက်ရှင်မှာ... လူ့ပြည်လောကမှာ သံသရာလည်ပြီး နေ့တိုင်း အလောင်း လိုက်ကောက်နေရမှာလား... ပြီးတော့ နေ့တိုင်း မင်းလိုပဲ သက်ပြင်းတွေချပြီး နေရမှာလား... ငါက အားနေတာ မှတ်လို့လား”
“မွန်း...”
ဖုန်း…..
“ဒီ ခွေးနွား” ချန်ရွှင် လေပေါ်ဖင်ထိုင်လျှက်ကလေးမြောက်တက်သွားသည်။
“မင်းအဘ...” ချန်ရွှင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်း ဘာကြားချင်လဲ ဆိုတာ ငါ သိပါတယ်... ကောင်းပြီ... ငါ ပြောပြမယ်”
“မွန်း မွန်း...”
နွားနက်ကြီးက ရယ်မောလိုက်သည်။ ချန်ရွှင် ပုံပြင်ပြောပြသည်ကို နားထောင်ရခြင်းအား သူ အလွန် နှစ်သက်သည်။ သူသည် ချန်ရွှင်၏ ဘေးတွင် လိမ္မာစွာ ရပ်လိုက်ပြီး ဆက်လက် မနောက်ပြောင်တော့ပေ။
“ဂျိခွန် စီနီယာအစ်ကိုကြီးရဲ့ ကိစ္စက အသက်အန္တရာယ်နဲ့ ပတ်သက်နေတာ... အခြေအနေချင်း မတူဘူး... ကောင်းကောင်း ဖြေရှင်းနိုင်ရင် ကိစ္စသေးသေးလေးပါပဲ... ဘာမှ ထိခိုက်မှု မရှိပါဘူး”
သူ ချန်ရွှင်သည် စိတ်ရှိတိုင်း လုပ်ဆောင်တတ်သူ ဖြစ်သည်။ ယခုအချိန်ထိ သူတော်စင် အဆင့်သို့ မရောက်ရှိသေးပေ။ သူသည် မိတ်ဆွေ သူငယ်ချင်းများအပေါ် ကံတရား အကြောင်းအကျိုးများကို ထည့်မတွက်ဘဲ ကူညီတတ်သလို မည်သည့် အကျိုးအမြတ်ကိုမျှလည်း မျှော်ကိုးခြင်း မရှိပေ။ ကံတရား ဆိုသည်မှာ သူစိမ်းများအတွက်သာ ဖြစ်သည်။ အကယ်၍ ဂျိခွန် ယခုအချိန်တွင် တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင်ပင် သူတို့တွင် နောင်တရစရာ မရှိပေ။ မိမိတို့ တတ်စွမ်းသမျှ လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ သူတစ်ပါး၏ ရှေ့ခရီးလမ်းကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
“ဒါပေမဲ့ စီနီယာအစ်မ လျူ နဲ့ စီနီယာအစ်ကို ရှီ တို့ရဲ့ ကိစ္စမျိုးကိုတော့ ငါ ဝင်ပါရဲပါ့မလား... ငါ့ရဲ့ အကြံပြုချက်ကတော့... သူများတွေကို ဘဝနဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေ လျှောက်မပေးနဲ့ ဆိုတာပဲ”
ချန်ရွှင်က စိတ်မရှည်စွာ ပြောလိုက်သည်။ “ငါတို့က ထာဝရအသက်ရှင်မှာလေ... သူတို့နဲ့ စိတ်ထားချင်း တူလို့ ရမလား... သူတို့က မနက်ဖြန်အတွက် တိုက်ခိုက်နေကြတာ... ငါတို့က အေးအေးဆေးဆေး နေချင်ကြတာ... လမ်းကြောင်းချင်းမှ မတူတာ…..စေတနာဆိုတိုင်းလည်း စေတနာကိုနေရာမှားသုံးမိရင် သူတစ်ပါးဘ၀တွေကိုထိခိုက်သွားတတ်တယ်... ငါတို့ဘာသာ ငါတို့ နေရင် ပြီးတာပဲ... လဲ့ဖုန်း လိုပေါ့... ငါတို့က သူ့ကို အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး အတင်း ထိုးကျွေးရမှာလား”
“မွန်း မွန်း...”
နွားနက်ကြီးသည် ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်နေသည်။ နားလည်ပါပြီ... နားလည်ပါပြီ။
“နွားကြီး... သွား ကျင့်ကြံတော့... နောက်ကျရင် ငါတို့ နန်းတော်ကို သွားကြမယ်... အဲဒီကျရင် ငါ အဝတ်စကောင်းကောင်း ဝယ်ပြီး မင်းအတွက် ဝတ်စုံ ချုပ်ပေးမယ်”
“မွန်း... မွန်း မွန်း မွန်း...”
“တကယ် ပြောတာပေါ့ကွ... နန်းတော် ဆိုတာ လောကမှာ အကောင်းဆုံး ပစ္စည်းတွေ ရှိတဲ့နေရာပဲ... နောက်ကျရင် သွားပြီး ဗဟုသုတ ရှာကြတာပေါ့... ဟားဟား”
“မွန်း...” နွားနက်ကြီးသည် ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက်နေသည်။ ချန်ရွှင်သည် အဝတ်အစား ချုပ်လုပ်ရာတွင် အတော်ဆုံး ဖြစ်သည်။ ထို့နောက် သူသည် ချန်ရွှင်နှင့်အတူ သူတို့၏ ကျင့်ကြံခြင်း အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ကြလေတော့သည်။
......
......
ကျင့်ကြံခြင်း၌ အချိန်ကာလဟူ၍ မရှိပေ။ ကျင့်ကြံခြင်း၌ စိတ်နှစ်ထားကြရရာ အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားတတ်သည်။ ရှီကျင်းနှင့် လျူယွမ်တို့ လာရောက်နှုတ်ဆက်ပြီးနောက် နှစ်ပေါင်း (၃၀) ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် ပြန်ရောက်လာပြီးနောက် ဝမ်းနည်းကြေကွဲနေခဲ့ကြသည်။ ချန်ရွှင်ကလည်း နှစ်သိမ့်စကား အနည်းငယ် ပြောဆိုပြီး ဟင်းကောင်းတစ်ခွက် ချက်ကျွေးလိုက်သည်။ ထို့နောက် သူတို့သည် နှုတ်ဆက်ထွက်ခွာသွားကြပြီး တံခါးပိတ် ကျင့်ကြံကြတော့သည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် စကားတစ်ခွန်းကို ကောင်းစွာ နားလည်သဘောပေါက်သွားကြသည်။ ကျင့်ကြံသူများသည် အချိန်အများစုကို ကျင့်ကြံခြင်းနှင့် အခွင့်အလမ်း ရှာဖွေခြင်းတို့၌သာ ကုန်ဆုံးကြသဖြင့် တစ်သက်တာလုံးသည် သာမန်လူသားများ၏ နှစ်တစ်ရာ သက်တမ်းလောက်ပင် ပျော်ရွှင်ဖွယ် မကောင်းပေ။
ထိုအချိန်တွင် ဝူယွင်ဂိုဏ်း၌ ပါရမီရှင် လူငယ်တစ်ဦး ပေါ်ထွက်လာခဲ့သည်။ နှစ်ပေါင်း (၁၀၀) မပြည့်မီ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသူဖြစ်သည်။ သို့သော် မည်သူကမျှ ကောင်းကင် ဝိညာဉ်အမြစ် ဘက်သို့ ထည့်သွင်းမစဉ်းစားကြပေ။ အဘယ်ကြောင့်ဆိုသော် ဝူယွင်ဂိုဏ်းက ပြင်ပသို့ သတင်းထုတ်ပြန်ရာတွင် မိန်းမပျိုလေးဟု ကြေညာထားသောကြောင့် ဖြစ်သည်။
သို့သော် ထိုသူသည် မောက်မာလွန်းလှပြီး ဝူယွင်ဂိုဏ်းမှ ခေတ်ပြိုင် ကျင့်ကြံသူများကို မျက်လုံးထဲပင် မထည့်ပေ။
သူသည် ဝါရင့် ကျင့်ကြံသူများကိုပင် စိန်ခေါ်ခဲ့သော်လည်း တောင်ပိုင်များ၏ ဆုံးမခြင်းကို ခံလိုက်ရသဖြင့် ချက်ချင်း လိမ္မာသွားခဲ့သည်။
သို့သော် နေရာတိုင်းတွင် သူသည် ချီးကျုးခံရပြီး ဂျူနီယာညီလေး၊ ညီမလေးများက အနောက်မှ တကောက်ကောက် လိုက်ပါနေကြသည်။
ဤအခြေအနေကို ဝူယွင်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားက မသိမသာ မျက်မှောင်ကြုတ်နေကြပြီး ထိုသူအပေါ် သဘောမကျကြပေ။ သို့သော် ထိုသူ၏ အမူအရာနှင့် လေသံကို ကြည့်ခြင်းအားဖြင့် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထိုသူအား ကလေးတစ်ယောက်ကဲ့သို့သာ မြင်ကြပြီး လောကဓံ၏ ရိုက်နှက်မှုကို မခံရဖူးသေးကြောင်း သုံးသပ်ကြသည်။
လောကအတွေ့အကြုံ ရှိခြင်းနှင့် မရှိခြင်းသည် ကွာခြားမှု ကြီးမားလှသည်။ အသက်ရှည်တိုင်း စိတ်ဓာတ် ရင့်ကျက်သည် မဟုတ်ပေ။ ဥပမာအားဖြင့် ကလေးတစ်ယောက်သည် မလှုပ်မယှက်ဘဲ နှစ်ပေါင်းတစ်ထောင် ကျင့်ကြံနေပါက သူ၏ စိတ်နေသဘောထားနှင့် ဗဟုသုတသည် ပြောင်းလဲမည် မဟုတ်ပေ။ သို့သော် ဤကိစ္စသည် သူတို့အတွက် အသေးအဖွဲ ကိစ္စသာ ဖြစ်သည်။ ချန်ရွှင်သည် အခြေခံတည်ဆောက်ခြင်းအဆင့် အသိုင်းအဝိုင်းတွင် တိုက်ခိုက်နိုင်စွမ်း အညံ့ဆုံးဟု အများက သတ်မှတ်ထားကြသည်။ သူ ကျင့်ကြံသော ဂါထာမန္တန်များမှာလည်း ချီသန့်စင်ခြင်းအဆင့်တွင် သုံးသော ဂါထာများသာ ဖြစ်သည်။
ထို့အပြင် သူတို့၏ ကျင့်စဉ်များသည် သာမန် ပစ္စည်းများသာ ဖြစ်သဖြင့် သာမန်လူများကို ပါရမီရှင်များနှင့် စွမ်းအားကြီးသူများက ပစ်မှတ်ထားမည် မဟုတ်ပေ။ သူတို့သည် ဝူယွင်ဂိုဏ်းတွင် မိမိတို့၏ တာဝန်ကိုသာ တိတ်တဆိတ် ထမ်းဆောင်နေကြသည်။ ဤအနှစ် (၃၀) အတွင်း ရရှိသော သက်တမ်းအမှတ်များကို ဝိညာဉ်စွမ်းအား ကဏ္ဍတွင် အကုန် ပေါင်းထည့်ရန် ရည်ရွယ်ထားသော်လည်း (၅၁) မှတ် ရောက်သောအခါ ခန္ဓာကိုယ်အတွင်း၌ နွေးထွေးသော ခံစားမှု မရှိတော့သဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်တွင်လည်း အကန့်အသတ် ရှိကြောင်း တွေ့ရှိလိုက်ရသည်။
ကျန်ရှိနေသော သက်တမ်းအမှတ်များကို ခံစစ်စွမ်းရည် ကဏ္ဍတွင် ပေါင်းထည့်လိုက်ရသည်။ ဤအရာသည် ကျင့်စဉ်များနှင့် ဂါထာမန္တန်များ တိုးတက်စေရန်အတွက် အလွန် အရေးကြီးပြီး သွေးကြောများကို ကာကွယ်ပေးနိုင်သည်။ သူတို့၏ လက်ရှိ သက်တမ်းအမှတ်များမှာ - ခွန်အား ၂၁၊ အမြန်နှုန်း ၂၁၊ မူလစွမ်းအင် ၂၀၊ ဝိညာဉ်စွမ်းအား ၅၁၊ ခံစစ်စွမ်းရည် ၃၂ တို့ ဖြစ်ကြသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မိမိတို့ကိုယ်ကို အလွန် စွမ်းအားကြီးမားသည်ဟု မခံစားရဖူးသလို တိုက်ခိုက်သတ်ဖြတ်ခြင်းဖြင့် သေရဲတိုက်ရဲသော အတွေ့အကြုံမျိုးရရှိအောင်လုပ်ဆောင်ရန်လည်း စိတ်ကူးမရှိကြပေ။ သူတို့၏ ဂါထာမန္တန် စွမ်းအားများမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လောကအလယ်တွင် ကျင်လည်ကျက်စားရာ၌ သာမန်လူအဖြစ် နေထိုင်ရသည်ကို နှစ်သက်ကြပြီး သူတစ်ပါးကို စတင် ရန်စခြင်း မပြုကြပေ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလျှင် လုံလောက်ပြီ ဖြစ်သည်။ ပြိုင်ဘက်ကင်း လမ်းစဉ်ကို လိုက်စားရန် စိတ်ကူးမရှိကြပေ။ သူတို့၏ ရည်မှန်းချက်မှာ ထိုအရာ မဟုတ်ပေ။
ယနေ့တွင်... ရေပူစမ်းဆေးဥယျာဉ် အတွင်း၌။
ချန်ရွှင်၏ မျက်နှာမှာ တည်ငြိမ်နေသည်။ သူသည် ဂူအတွင်းမှ ထွက်ခွာလာခဲ့သည်။ သူ့အနောက်တွင် လေသည် လှိုင်းထနေပြီးအရိပ်များ အဆက်မပြတ်ထွက်ပေါ်နေ၏။ ပတ်ဝန်းကျင်ရှိ မြက်ခင်းများပေါ်တွင် လေပြေများ တိုက်ခတ်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် ဆေးဥယျာဉ် ဝင်ပေါက်သို့ ရောက်ရှိသွားသည်။ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားသလို ခြေတစ်လှမ်းသည် ကမ္ဘာတစ်ဖက်ခြမ်းသို့ ရောက်ရှိသွားသကဲ့သို့ပင် ဖြစ်သည်။
“မွန်း...” နွားနက်ကြီးသည် တိုးညှင်းစွာ အော်မြည်လိုက်ပြီး ချန်ရွှင်၏ ဘေးနားတွင် အသံမထွက်ဘဲ ရောက်ရှိလာသည်။ အလျှင်က မြန်ဆန်သော်လည်း စူးရှသော လေခွင်းသံများ မထွက်ပေါ်တော့ပေ။
“နွားကြီး... သွားစို့” ချန်ရွှင် ပြုံးလိုက်သည်။
“မွန်း...” နွားနက်ကြီးသည် ပါးစပ်ဖြင့် ကြိုးကို ကိုက်ချီလျက် ချန်ရွှင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
သူတို့၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော ဝိညာဉ်စွမ်းအားများ စီးဆင်းနေပြီး နတ်အသိ စွမ်းအားများလည်း များစွာ တိုးပွားလာသည်။ ယခုအခါ သူတို့သည် အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြပြီ ဖြစ်သည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး သည် အလုပ်မဖြစ်တော့ပေ။ ကျင့်ကြံမှုအဆင့်ကို ဆက်လက် တိုးမြှင့်၍ မရနိုင်တော့ပေ။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အကြည့်ချင်း ဆုံလိုက်ကြသည်။ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်း လျော့နည်းသွားပြီး သူတို့၏ အဆင့်အတန်းသည် တဖြည်းဖြည်း ကျဆင်းလာသည်။ နောက်ဆုံးတွင် အဆင့်တက်ခါစ အချိန်ကထက် အနည်းငယ်သာ ပိုမိုသော အခြေအနေသို့ ရောက်ရှိသွားသည်။
သူတို့ လမ်းလျှောက်နေရင်း ချန်ရွှင်က ပြောလိုက်သည်။ “နွားကြီး... ဒီနှစ်တွေမှာ သေချာ သုံးသပ်ပြီးတဲ့နောက် ငါ နောက်ဆုံးတော့ လမ်းစတစ်ခု တွေ့သွားပြီ”
“မွန်း...”
“ဂါထာမန္တန် တစ်ခု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်စဉ် တစ်ခု၊ ကိုယ်ဖော့ပညာ တစ်ခု၊ ကျင့်စဉ် တစ်ခု၊ တောင်ဖြိုပုဆိန် သုံးလက်၊ ခြေရာကောက် ပညာရပ် အနည်းငယ်... ဒါဆိုရင် လောလောဆယ် လုံလောက်ပြီ”
ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းများကွေးညွှတ်ကာ လျို့ဝှက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ “ပညာအများကြီး သင်တာထက် တစ်ခုတည်းကို ကျွမ်းကျင်အောင် လုပ်တာက ပိုကောင်းတယ်... ဥပမာ မီးလုံးပစ်လွှတ်ခြင်းပညာ ကို အခြေခံပြီး အကန့်အသတ်မရှိ တိုးတက်အောင် လုပ်ဆောင်မယ်”
ဂါထာမန္တန် အသေးစားလေးများကို ပေါင်းစပ်ပြီး ဂါထာမန္တန် အသစ် ဖန်တီးရန် သူ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အောင်မြင်မှု အရိပ်အယောင်မျှ မတွေ့ခဲ့ရပေ။ သူ ထိုအဆင့်သို့ မရောက်ရှိသေးပေ။ သို့သော် ရှိပြီးသား ဂါထာများကို အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်၍မူ ဂါထာမန္တန် အများအပြား ကျင့်ကြံခဲ့ဖူးသဖြင့် သူသည် သဘောတရားကို နားလည်လာပြီး လက်တွေ့ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။
minko