အခန်း (၂၁-၂၂)
Vol. 2 Ch. 21-22
အခန်း (၂၁)
သို့သော်လည်း ချန်ရွှင်သည် ချက်ချင်းမဝင်သေးဘဲ နွားနက်ကြီးကိုခေါ်ကာ ဘေးတစ်ဖက်သို့ လျှောက်သွားလိုက်သည်။ အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံ စတင်ရန် ရက်အနည်းငယ် လိုသေးသော်လည်း ယခုအချိန်သည် တစ်ကိုယ်တော် ကျင့်ကြံသူများ ဝင်ရောက်နေသည့် အချိန်ဖြစ်သည်။ သူသည် ထိုတစ်ကိုယ်တော် ကျင့်ကြံသူများကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။ သူတို့၏ ဝတ်စားဆင်ယင်မှုမှာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ အချို့က ဝါးခမောက်များ ဆောင်းထားကြပြီး အချို့က မျက်နှာဖုံးများ တပ်ဆင်ထားကြရာ လွန်စွာ လျှို့ဝှက်သည့် ပုံစံပေါက်နေသည်။
ထိုသူအားလုံးသည် မြူခိုးများထဲသို့ ဝင်ရောက်သွားပြီးနောက် ပျောက်ကွယ်သွားကြသည်ကို မြင်လိုက်ရသောအခါ ချန်ရွှင်သည် ရုတ်တရက် သဘောပေါက်သွားသည်။
"မွန်း... မွန်း"
နွားနက်ကြီးက ဘာလို့ အခုထိ မဝင်သေးတာလဲဟု မေးသည့်ဟန်ဖြင့် စိတ်မရှည်သလို အော်မြည်လိုက်သည်။
"သွားစို့"
ချန်ရွှင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ရင်ဘတ်ထဲမှ ဓားပြခေါင်းစည်းပုဝါကို ထုတ်ကာ ခေါင်းတွင် စည်းလိုက်သည်။ ထို့နောက် နွားနက်ကြီးကို ဆွဲလျက် မြူခိုးများထဲသို့ တိုးဝင်သွားလေသည်။
ဝုန်း...
၀ုန်းခနဲအသံ တစ်ခု ပေါ်ထွက်လာပြီးနောက် မြူခိုးများ တဖြည်းဖြည်း ကွဲာသွားကာ ကမ္ဘာသစ်တစ်ခုသည် သူတို့၏ မျက်ဝန်းရှေ့၌ ထင်ရှားစွာ ပေါ်ပေါက်လာသည်။ ကြယ်ကိုးလုံး တောင်ကြားသည် သူထင်ထားသည်ထက် ပိုမိုကြီးမားကျယ်ပြန့်လှပြီး တစ်ဆုံးကြည့်၍ပင် မမြင်နိုင်ချေ။ တောင်ကြားထဲတွင် တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြား သွားလာလှုပ်ရှားနေကြပြီး တိုးညှင်းသော စကားပြောသံများလည်း ထွက်ပေါ်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် လမ်းဘေးဈေးသည်များ ပြည့်နှက်နေသော်လည်း ဈေးခေါ်သံများတော့ မကြားရပေ။ နေရာအနှံ့ ခင်းကျင်းထားသော ပစ္စည်းများထဲမှ တစ်ခုကိုမျှ ချန်ရွှင် တစ်ခါဖူးမျှ မမြင်ဖူးသလို နာမည်ကိုပင် မခေါ်တတ်ပေ။
အဝေးတစ်နေရာတွင် အထပ်မြင့် အဆောက်အအုံအချို့ ရှိနေပြီး ထိုနေရာများသည် ဂိုဏ်းငယ်လေးများ အခြေချရာ နေရာများ ဖြစ်သည်။ သူတို့သည် နှစ်စဉ်နှစ်တိုင်း တစ်ကိုယ်တော် ကျင့်ကြံသူများ ရောင်းချသော ပစ္စည်းများကို ဝယ်ယူရန် ရောက်ရှိလာတတ်ကြသည်။
"မိုက်လိုက်တာကွာ..."
"မွန်း..."
ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် တောင်ကြားထဲ၌ ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။ သူတို့သည် ဈေးဆိုင်များနှင့် ခပ်လှမ်းလှမ်းတွင် ရပ်ကာ အကဲခတ်ကြည့်လိုက်သည်။ ထိုသူများ၏ လက်ထဲတွင် အရောင်းအဝယ် ပြုလုပ်နေကြသည်မှာ ရွှေငွေများ မဟုတ်ဘဲ ခြောက်ထောင့်ပုံဆောင်ခဲ ကျောက်တုံးလေးများ ဖြစ်သည်။ ထိုအရာကို ဝိညာဉ်ကျောက်တုံး ဟု ခေါ်ဆိုကြသည်။
အချို့သော တစ်ကိုယ်တော် ကျင့်ကြံသူများသည် ဆေးများကို ထုတ်ယူကာ ပစ္စည်းချင်း လဲလှယ်နေကြသည်ကို တွေ့ရသောအခါ ချန်ရွှင်၏ လည်ချောင်းများ ခြောက်သွေ့လာပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ နွားနက်ကြီးမှာလည်း ကြောင်တောင်တောင် ဖြစ်နေသည်။ ဒါတွေက ဘာတွေလဲ၊ သူတို့ ဘယ်က ရလာတာလဲ၊ ဒီလောက် နှစ်ပေါင်းများစွာ နေလာတာ တစ်ခါမှ မမြင်ဖူးပါလား ဟူ၍ တွေးနေမိသည်။
"နွားကြီး... ငါတို့တော့ တောသားတွေ ဖြစ်ကုန်ပြီ"
ချန်ရွှင်သည် တံတွေးကို အတင်း မျိုချလိုက်ရပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။ တကယ့်ကို တောသား မြို့တက်လာသလို အဖြစ်မျိုးပင်။ အရာအားလုံးက ဆန်းပြားနေတော့သည်။ နွားနက်ကြီးက ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး ကြေးခေါင်းလောင်းသဖွယ် ကြီးမားသော မျက်လုံးကြီးများကို ပြူးကျယ်ကာ ကြည့်နေသည်။ ထို့နောက် ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်ရင်း ခေါင်းကို တစ်ဖက်သို့ လှည့်ပြလိုက်သည်။
"ဟင်... အဲဒါ ဝိညာဉ်ဆေးပင်တွေလား"
ချန်ရွှင်သည် ထိုအရပ်မျက်နှာသို့ လှမ်းကြည့်လိုက်ပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် ခြေလှမ်းများ အလိုလို ရွေ့လျားသွားသည်။ မိန်းမပျိုလေး တစ်ဦး၏ ဆိုင်ရှေ့သို့ ရောက်သွားသောအခါ စိမ်းလန်းစိုပြေပြီး ဝိညာဉ်အငွေ့အသက် သင်းပျံ့နေသော ဆေးပင် သုံးပင်ကို တွေ့လိုက်ရသည်။ ဤအရာသည် သာမန် ဆေးပင်များနှင့် လုံးဝ မတူညီပေ။ အရွက်ကြောများ ဖြစ်စေ၊ ဆေးရနံ့ ဖြစ်စေ၊ လုံးဝ ကွဲပြားခြားနားသော မျိုးစိတ်တစ်ခု ဖြစ်နေသည်။
မိန်းမပျိုလေးသည် ခေါင်းငုံ့ကာ ပစ္စည်းများကို ရှင်းလင်းနေစဉ် ရုတ်တရက် လူခြေထောက် နှစ်ချောင်းနှင့် နွားခြေထောက် လေးချောင်းကို တွေ့လိုက်ရသည်။
"မိတ်ဆွေ... ဘာများ..."
မိန်းမပျိုလေးက ခေါင်းမော့ကာ ပြုံးလျက် မေးလိုက်သော်လည်း ချက်ချင်းပင် မျက်နှာပျက်သွားသည်။ ဒါ ဘာပုံစံကြီးလဲ။
"ရှင်... ရှင် ဘာလုပ်မလို့လဲ"
"ညီမလေး အထင်မလွဲပါနဲ့၊ ကျွန်တော်တို့က လူကောင်းတွေပါ"
ချန်ရွှင်က ဖော်ရွေစွာ ပြုံးပြလိုက်သည်။
"ကျွန်တော်တို့က ဒီတိုင်း လိုက်ကြည့်နေတာပါ"
မိန်းမပျိုလေးမှာ ချွေးစေးများ ပြန်လာသည်။ မျက်နှာဖုံးစွပ်ထားသော ထိုလူ၏ အပြုံးသည် အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေရသနည်း။ ထိုလူမှာ သေချာပေါက် လူကောင်း မဟုတ်နိုင်၊ ယခင်တုန်းက ဖောက်ထွင်း ဓားပြတိုက်သည့် လူဆိုးလူမိုက် ဖြစ်လောက်သည်။
"ဟုတ်... ဟုတ်ကဲ့... ကြည့်ပါ"
မိန်းမပျိုလေးသည် ထိုင်လျက်သားဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လွင်နေသည်။ ထိုမျက်နှာဖုံးက ပေးစွမ်းသော ဖိအားမှာ အလွန် ပြင်းထန်လွန်းလှသည်။
"ညီမလေး... ဒီဝိညာဉ်ဆေးပင်ရဲ့ သက်တမ်းကို ဘယ်လို ခွဲခြားတာလဲ၊ ကျွန်တော် အရင်တုန်းက..."
"ရှင် ဝယ်မှာလား"
"လောလောဆယ်တော့ ဝိညာဉ်ကျောက်တုံး မရှိသေးဘူး"
"ဒါဆို ကျင့်ကြံခြင်းအဆင့် တိုးတက်စေတဲ့ ဆေးရော ရှိလား၊ အဲဒါနဲ့ လဲလို့ရတယ်"
"လောလောဆယ်တော့ မရှိသေးဘူး"
"ဒါဆို ရှင်က ဘာလို့ လာမေးနေတာလဲ"
မိန်းမပျိုလေးက စိတ်မရှည်သလို ပြောလိုက်သည်။ မူလကတည်းက လန့်နေရသည့်အထဲ ယခုလို အချိန်လာဖြုန်းနေသဖြင့် ဒေါသထွက်သွားပုံရသည်။
"အနှောင့်အယှက် ပေးမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်"
ချန်ရွှင်သည် အားနာသွားပြီး နွားနက်ကြီးကို ဆွဲလျက် ထွက်ခွာလာခဲ့သည်။ ဤကျင့်ကြံသူများ၏ စီးပွားရေး လုပ်ပုံလုပ်နည်းသည် သာမန်လူများနှင့် လုံးဝ မတူညီပေ။ သူကိုယ်တိုင်လည်း အတွေးအခေါ်များကို ပြောင်းလဲရပေဦးမည်။
သူတို့သည် ဆိုင်များတွင် လူရှိနေသည်ကို မြင်လျှင် ခပ်လှမ်းလှမ်း၌ ရပ်ကာ ထိုပစ္စည်းများ၏ အမည်နှင့် အာနိသင်များကို ရှင်းပြနေသည်ကို နားစွင့်ကြသည်။ ဤသို့ဖြင့် အချိန်ကြာလာသောအခါ ဗဟုသုတများစွာ ရရှိလာသည်။ အဆောင် ၊ စုတ်တံ နှင့် ဆေးများ အကြောင်းကို အနည်းအကျဉ်း သိရှိလာသည်။
"နွားကြီး... ငါ အကုန် မှတ်မိသွားပြီ၊ နောက်ဆို ငါတို့လည်း ဒီလို လေတလုံးမိုးတလုံး ပြောလို့ရပြီဟေ့"
ချန်ရွှင်သည် အလွန်ပျော်ရွှင်ကာ အသစ်အဆန်းများကို သင်ယူခဲ့ရသဖြင့် ကျေနပ်နေသည်။
"သွားစို့... ဟိုဘက်ကို သွားကြည့်ရအောင်"
"မွန်း... မွန်း"
နွားနက်ကြီးက ပျော်ရွှင်စွာ အော်မြည်လိုက်သည်။ သူလည်း မှတ်မိသွားပြီ ဖြစ်သည်။
ဆိုင်တစ်ဆိုင်၏ ဘေးတွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးသည် ဟိတ်ဟန်အပြည့်ဖြင့် ထိုင်နေပြီး ဘေးပတ်ဝန်းကျင်တွင် တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြား ဝိုင်းအုံနေသည်။
"ဒါက ချီအားဖြည့်ဆေး လို့ ခေါ်တယ်၊ ရေရှည် သောက်သုံးမယ်ဆိုရင် တစ်ပုလင်းနဲ့တင် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် တက်နိုင်တယ်"
"ဒါက ကျုပ် ကိုယ်တိုင် (၄၉) ရက်တိုင်တိုင် အချိန်ကုန်ခံပြီး ဖော်စပ်ထားတာ၊ ချီစုစည်းမှုအဆင့် (၅) ရှိတဲ့သူတွေတောင် သောက်ရင် ထူးခြားတယ်၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးတုံးပဲ ကျမယ်၊ လုံးဝ မလိမ်ဘူးနော်"
ပြောပြီးသည်နှင့် သူက ဆေးပုလင်း တစ်ပုလင်းကို ဖွင့်ပြလိုက်ရာ ဝိညာဉ်အငွေ့အသက်နှင့် ဆေးရနံ့တို့သည် ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။ ဘေးပတ်ဝန်းကျင်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြားမှာ စိတ်လှုပ်ရှားသွားကြပြီး ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူရန် ပြင်ဆင်လိုက်ကြသည်။
"ဟိုမှာ လူလိမ်အဘိုးကြီး... အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံမှာ လာလိမ်နေပြန်ပြီဟေ့"
ရုတ်တရက် အဝေးမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"မိတ်ဆွေတို့... ကျုပ် ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားပြီ၊ ကျင့်ကြံခြင်းအဆင့် တက်တော့မယ် ထင်တယ်၊ မနက်ဖြန်မှ ပြန်လာခဲ့မယ်"
အဘိုးအိုသည် မျက်နှာပျက်သွားပြီး လက်တစ်ဖက် ဝှေ့ယမ်းကာ ချက်ချင်း ထွက်ပြေးသွားလေသည်။ လူအုပ်ကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားပုံမှာ ကျွမ်းကျင်လွန်းလှသည်။ ကြည့်ရသည်မှာ ဤကဲ့သို့ အလုပ်မျိုး မကြာခဏ လုပ်ဖူးပုံရသည်။
"မိတ်ဆွေတို့... ဒီလူ့စကားကို မယုံကြနဲ့၊ အဲဒီဆေးတွေ အကုန်လုံးက အတုတွေ၊ သောက်ပြီးရင် ဘာမှ မထူးခြားဘူး"
ရောက်ရှိလာသော လူအုပ်စုသည် လက်နှစ်ဖက် ယှက်ကာ ပတ်ဝန်းကျင်ရှိ လူများကို ပြောပြလိုက်သည်။ သူတို့၏ မျက်လုံးများထဲတွင် ဒေါသအငွေ့အသက်များ ပါဝင်နေသည်။ ကြည့်ရသည်မှာ အလိမ်ခံလိုက်ရပုံ ရသည်။ ပတ်ဝန်းကျင်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူများသည် ကျေးဇူးတင်စကား ပြောကြားကြပြီး ရင်ထဲတွင် ထိတ်လန့်သွားကြသည်။ အလိမ်ခံရခါနီးလေး ဖြစ်သွားသည်။ ထိုဆေးများတွင် ပြဿနာ ရှိမှန်း လုံးဝ မသိခဲ့ကြပေ။
လူစု ကွဲသွားသောအခါ ချန်ရွှင်က ညည်းတွားလိုက်သည်။
"နွားကြီး... တွေ့လား၊ ဒီကျင့်ကြံခြင်းလောကမှာလည်း လူလိမ်တွေ ရှိတာပဲ၊ သာမန်လူတွေနဲ့ ဘာမှ မထူးပါဘူးကွာ"
"မွန်း... မွန်း"
နွားနက်ကြီးက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ အစောပိုင်းက သူလည်း ထိုအဘိုးကြီး၏ စကားကို ယုံမိသွားခဲ့သည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ဆက်လက် လျှောက်လှမ်းလာသည်။ နေရာအနှံ့ လိုက်လံပြီး သူများ ပြောစကားများကို ခိုးနားထောင်ကာ သတင်းစုံစမ်းနေသည်။ သူတို့၏ အပြုအမူမှာ သူခိုး၊ ဓားပြများနှင့် တူနေသော်လည်း ကိုယ့်ဘာသာတော့ သတိမထားမိကြပေ။
"အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံ စဖို့ သုံးရက်ပဲ လိုတော့တယ်၊ ချန် တိုင်းပြည်ရဲ့ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း စုံညီရောက်လာကြပြီ၊ အဲဒီထဲ ဝင်ခွင့်ရရင်တော့ ငါးကနေ နဂါး ဖြစ်သွားမှာပဲ"
"ဟားဟား... ငါတို့ကတော့ စိတ်မကူးရဲပါဘူးကွာ၊ သာမန် ဂိုဏ်းလောက် ဝင်ခွင့်ရရင်ပဲ ကျေးဇူးတင်ရမှာ၊ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ငါတို့လို ပါရမီမရှိတဲ့ သူတွေကို ဘယ်လက်ခံပါ့မလဲ"
"အဲဒါလည်း ဟုတ်တာပဲ၊ ဒါပေမဲ့ တစ်ခါလောက်မှ ဝင်မစမ်းကြည့်ရရင် ရင်ထဲမှာ တစ်မျိုးကြီးပဲ"
"အဲဒီ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက တောင်ကြား အလယ်မှာ အဆင့် (၅) ဆင့် စီစဉ်ထားတယ်တဲ့၊ ဉာဏ်ပညာနဲ့ ဇွဲလုံ့လ မရှိတဲ့သူတွေကတော့ စိတ်ကူးမယဉ်တာ ကောင်းမယ်"
"နှစ်တိုင်း သေကြေဒဏ်ရာရတာတွေ အများကြီး ရှိတယ်လို့ ကြားတယ်၊ ချီစုစည်းမှုအဆင့် (၇) မရှိရင် မသွားတာ အကောင်းဆုံးပဲ"
"ဟူး..."
...
တစ်ကိုယ်တော် ကျင့်ကြံသူ အချို့သည် ခေါင်းခါလျက် သက်ပြင်းချရင်း ချန်ရွှင်၏ ဘေးမှ ဖြတ်သန်းသွားကြသည်။ ဤအင်မော်တယ် လမ်းစဉ်သည် တံတားတစ်စင်းတည်းကို လူသောင်းချီ ဖြတ်သန်းရသကဲ့သို့ အခက်အခဲများစွာ ရှိလှသည်။ မွေးရာပါ ပါရမီရှင်များကဲ့သို့ မွေးကတည်းက အခေါ်ခံရသည်နှင့် မတူပေ။
"တောင်ကြားအလယ်၊ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း၊ အဆင့် (၅) ဆင့်"
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အဓိက အချက်များကို မှတ်သားလိုက်ပြန်သည်။ သူတို့ အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ အမြတ်ထွက်ပြန်ပြီဟု ခံစားလိုက်ရသည်။
"နွားကြီး... ဟိုဘက် သွားကြည့်ရအောင်၊ လက်နက်တွေ ရောင်းနေတာ ထင်တယ်"
ချန်ရွှင်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ သံထည်ပစ္စည်း ပြုလုပ်ခြင်းသည် သူ့အတွက် ကျွမ်းကျင်သော အလုပ်တစ်ခု ဖြစ်သည်။ သူသည် နွားနက်ကြီးကို ဆွဲလျက် လူအုပ်များဝိုင်းနေသော နေရာသို့ သွားလိုက်သည်။ သူတို့သည် အပြင်ဘက်တွင် ရပ်ကြည့်လိုက်သော်လည်း ချန်ရွှင် မျှော်လင့်ထားသလို ဖြစ်မလာပေ။ ထိုအရာများက သာမန် လက်နက်တွေ မဟုတ်ဘဲ ဝိညာဉ်လက်နက် များ ဖြစ်သည်။ ပန်းဘဲထုရုံနှင့် ရနိုင်သော ပစ္စည်းများ မဟုတ်ပေ။
ဆိုင်ပေါ်တွင် ပျံသန်းနိုင်သော ဓားပျံများ အပြင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ပစ္စည်းများစွာ တင်ထားပြီး အားလုံးကို ချီစွမ်းအင်ဖြင့်သာ မောင်းနှင်၍ ရသည်။
"မိုက်လိုက်တာ"
ချန်ရွှင် သွားရည်ယိုနေသည်။
"မွန်း..."
နွားနက်ကြီး၏ ပါးစပ်မှလည်း တံတွေးများ စီးကျလာသည်။ အကယ်၍ သူ့၏ ဦးချိုကို ဝိညာဉ်လက်နက်ကဲ့သို့ လုပ်နိုင်ခဲ့လျှင် နွားနက်ကြီး၏ တိုက်ခိုက်မှုကို ဘယ်သူကများ ခံနိုင်ရည် ရှိပါမည်နည်း။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် စိတ်ချင်းဆက်နွှယ်နေသကဲ့သို့ အသီးသီး စိတ်ကူးယဉ်နေကြသည်။ တံတွေးများ တောက်လျှောက် စီးကျနေသည်ကို ကြည့်ပြီး ဘေးပတ်ဝန်းကျင်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူများမှာ မျက်မှောင်ကြုတ်ကုန်ကြသည်။ ဘယ်က တောသားတွေပါလိမ့်၊ လူရော နွားရော ပုံစံအတူတူပဲဖြစ်သည်။
သူတို့သည် အခြားသူများ၏ အကြည့်ကို ဂရုမစိုက်ဘဲ နောက်ထပ် ဆိုင်တစ်ဆိုင်ကို မြင်လိုက်ရပြန်သည်။
"နွားကြီး... အကုန်လုံးက အစီအရင် တွေချည်းပဲ... ဪ... မဟုတ်ဘူး... ဂါထာမန္တန်တွေ"
ချန်ရွှင်က စကားပင် ထစ်သွားပြီး နွားနက်ကြီးကို ဆွဲလျက် နောက်တစ်ကြိမ် အနားတိုးသွားပြန်သည်။ ဆိုင်ရှင်ဖြစ်သော တစ်ကိုယ်တော် ကျင့်ကြံသူ လူထွားကြီးမှာ လန့်သွားသည်။
"ပစ္စည်း ထိန်းချုပ်ခြင်း ပညာ"၊ "မီးလုံး ပစ်လွှတ်ခြင်း ပညာ"၊ "ချီဖုံးကွယ်ခြင်း ပညာ"၊ "ကိုယ်ခန္ဓာ ချုပ်ထိန်းခြင်း ပညာ" စသည့် ဂါထာမန္တန် စာအုပ်များစွာကို ကြမ်းပြင်ပေါ်တွင် ခင်းကျင်းထားသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် တံတွေးကို အဆက်မပြတ် မျိုချနေမိသည်။ သူတို့ အကုန်လုံး လိုချင်သည်။ သို့သော် ဝိညာဉ်ကျောက်တုံး မရှိပေ။ ငွေကြေး မလုံလောက်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် သည်မျှ ပြင်းထန်စွာ ခံစားလိုက်ရသည်။
"မိတ်ဆွေ... ကြိုက်တာ ရှိလို့လား"
"အစ်ကိုကြီး... ဒီဂါထာမန္တန်တွေကို ဘယ်က ရတာလဲ၊ အများကြီးပါလား..."
"ဘာသဘောလဲ"
ကိုလူထွားက မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်က ဒီနေရာမှာ လာပြီး ဓားပြတိုက်မလို့လား။ သူက အဆောင် တစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး အခြားသူများကိုခေါ်ရန် ပြင်ဆင်လိုက်သည်။
"အစ်ကိုကြီး အထင်မလွဲပါနဲ့၊ အထင်မလွဲပါနဲ့၊ နောက်တစ်ခါ ဝိညာဉ်ကျောက်တုံး ရမှ လာဝယ်ပါ့မယ်"
ချန်ရွှင်က လက်ကာပြပြီး ကပျာကယာ ငြင်းလိုက်သည်။ သူ့အမူအရာမှာ အနည်းငယ် ပျာယာခတ်နေသည်။ သူက နွားနက်ကြီးကို ဆွဲပြီး ထွက်ပြေးသည်။ နှလုံးခုန်သံများ မြန်ဆန်နေဆဲ ဖြစ်သည်။ သူ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
"ဘာကောင်တွေလဲကွာ"
ကိုလူထွားက အဆောင်ကို ပြန်သိမ်းလိုက်ပြီး ချန်ရွှင်တို့ ထွက်ခွာသွားသော နေရာကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
...
အခန်း (၂၂)
"မွန်း... မွန်း"
နွားနက်ကြီးက ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်ရင်း မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
"နွားကြီးရေ... နွားကြီး..."
ချန်ရွှင်က နွားနက်ကြီး၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ဖက်ထားရင်း နှုတ်ခမ်းများ တုန်ရီနေသည်။
"ငါတို့ ဒီလောက်ကြာအောင် အသက်ရှင်လာတာ တကယ် အလကား ဖြစ်ကုန်ပြီ"
"မွန်း"
နွားနက်ကြီးက ချန်ရွှင်ကို ခေါင်းဖြင့် ဝှေ့လိုက်သည်။ ဟုတ်ပါ့... ဆိုသည့် သဘောဖြစ်သည်။
ချန်ရွှင်၏ ပါးစပ်မှ မိုက်လိုက်တာ ဆိုသည့် စကားလုံးကို တိုးတိုးလေး ရေရွတ်နေမိသည်။ ဆိုင်တစ်ဆိုင်တည်းမှာတင် သူတို့ တစ်နေကုန် ရပ်ကြည့်နေနိုင်သည်။ ဤအရာသည် ကျင့်ကြံခြင်းလောက၏ ရေခဲတောင် ထိပ်ဖျားလေးမျှသာ ရှိသေးသည်။ ညရောက်သည်အထိ လျှောက်ကြည့်ပြီးနောက် လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေကာ တစ်ယောက်ကို တစ်ယောက် မှီကာ အိပ်စက်လိုက်ကြသည်။ သို့သော် အိပ်ပျော်သွားမည်ကိုတော့ စိုးရိမ်နေကြသည်။
တောင်ကြားထဲတွင် ဂိုဏ်းအသီးသီးမှ တပည့်များက စည်းကမ်း ထိန်းသိမ်းပေးနေသဖြင့် သိပ်တော့ ရှုပ်ထွေးခြင်း မရှိလှပေ။ ရန်ငြိုးရှိသူများ အနေဖြင့် တောင်ကြား အပြင်ဘက်သို့ ထွက်၍ ဖြေရှင်းကြရသည်။
သုံးရက် ကြာပြီးနောက်...
မရေမတွက်နိုင်သော တစ်ကိုယ်တော် ကျင့်ကြံသူများသည် တောင်ကြားထဲတွင် စုဝေးရောက်ရှိလာကြသည်။ ပခုံးချင်း ယှဉ်၊ ခြေချင်း ထပ်လျက် ရှိကြသည်။ သူတို့၏ မျက်ဝန်းများတွင် ရည်မှန်းချက် ကြီးမားမှုများ ထွန်းလင်းလျှက်ရှိကာ လက်ထဲရှိ ဝိညာဉ်လက်နက်များမှာလည်း ရောင်စုံအလင်းများ ဖြာထွက်နေသည်။ ဤတစ်ကြိမ်တွင်တော့ သေချာပေါက် အင်မော်တယ် ဖြစ်ရမည်။
"စည်ကားလိုက်တာ"
ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် လူအုပ်ကြီး၏ အစွန်အဖျားသို့ ရောက်ရှိလာသည်။ တောင်ကြား အလယ်ဗဟိုကို လှမ်းကြည့်လိုက်ရာ မြင့်မားသော စင်မြင့်ကြီး (၁၀) ခုကို တည်ဆောက်ထားသည်ကို တွေ့လိုက်ရသည်။ စင်မြင့်များပေါ်တွင် လက်ရာမြောက်သော အကွက်အဆင်များကို စီခြယ်ထားသည်။ တည်ဆောက်ထားသော ပစ္စည်းများမှာ သာမန် သံထည်များ လုံးဝ မဟုတ်ပေ။
"မွန်း... မွန်း"
နွားနက်ကြီးက ခေါင်းမော့ကာ ထိုအဆောက်အအုံများကို လှမ်းကြည့်လိုက်သည်။ ပြင်းထန်သော အရှိန်အဝါ တစ်ခုကို ခံစားနေရသည်။ လူ့ပြည်လောကတွင် တစ်ခါဖူးမျှ မမြင်ဖူးခဲ့ပေ။
ဝုန်း... ဝုန်း... ဝုန်း...
ကောင်းကင်ယံမှ ကြီးမားသော လေခွင်းသံများ ထွက်ပေါ်လာသည်။ ဧရာမ လှေကြီးတစ်စင်းသည် ဖြည်းညှင်းစွာ ပျံသန်းရောက်ရှိလာပြီး လှေပေါ်တွင် လူရိပ်အချို့ ရပ်နေကြသည်။ အလွန် ခန့်ညားထည်ဝါလှသည်။ အလံတိုင်တစ်ခုသည် လေပြင်းကို အံတုလျက် တလူလူ လွင့်ပျံနေသည်။
" ချင်းယန် ဂိုဏ်း ရောက်လာပြီဟေ့"
" ချန် တိုင်းပြည်ရဲ့ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းထဲက တစ်ခုပဲ"
"လေခွင်းလှေပျံကြီးပါလား... ဘုရားရေ"
...
တောင်ကြားထဲမှ ဆူညံသံများ၊ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ဤတစ်ကိုယ်တော် ကျင့်ကြံသူများသည် ဗဟုသုတ ကြွယ်ဝသူများ ဖြစ်ကြရာ ချက်ချင်းပင် နာမည်များကို သိကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးမှာမူ ပါးစပ်အဟောင်းသားဖြင့် ငလူးမ ဟုသာ ရေရွတ်နိုင်ကြတော့သည်။ ဧရာမ အနီရောင် ဝိညာဉ်သားရဲကြီး လေးကောင်သည် ကျယ်လောင်စွာ အော်မြည်လျက် ကောင်းကင်ကို ဖြတ်သန်း ပျံသန်းလာကြသည်။ ၎င်းတို့၏ ကျောပေါ်တွင် လူများ လိုက်ပါလာကြပြီး ကြယ်ကိုးလုံး တောင်ကြားကို အပေါ်စီးကနေကြည့်နေကြသည်။
" ချန် တိုင်းပြည်ရဲ့ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ဇီယွင် ဂိုဏ်း ပဲ"
"ဂိုဏ်းထဲမှာ အင်မတန် ချောမောလှပတဲ့ နတ်သမီးလေးတွေ အများကြီး ရှိတယ်လို့ ကြားတယ်၊ တကယ်လို့များ တစ်ခါလောက် ရင်ခွင်ထဲ ထည့်ခွင့်ရရင်..."
" ဟုန်လင်း ကျောက်စိမ်း ငှက်တွေကို ဒီလို ဂိုဏ်းကြီးတွေမှပဲ မွေးထားနိုင်တာ"
...
နောက်ထပ် ဆူညံသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဝိညာဉ်သားရဲများပါ ထုတ်သုံးလာသည်ကို ကြည့်ခြင်းအားဖြင့် တကယ့်ကို ချမ်းသာကြွယ်ဝသော ဂိုဏ်းကြီးများ ဖြစ်ကြောင်း သိသာလှသည်။ တစ်ကိုယ်တော် ကျင့်ကြံသူများ၏ စိတ်ထဲတွင် လိုချင်တပ်မက်မှုများ ပိုမို ပြင်းပြလာသည်။ တောင်ကြားထဲရှိ ဂိုဏ်းငယ်လေးများမှာမူ စိတ်မကောင်း ဖြစ်နေကြသည်။ သူတို့ မည်သည့်အချိန်ကျမှ ဒီဂိုဏ်းကြီး (၁၀) ဂိုဏ်းလို ထည်ထည်ဝါဝါ ပွဲထုတ်နိုင်ပါ့မည်နည်း။
ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် တစ်ဂိုဏ်းပြီး တစ်ဂိုဏ်း ဝင်ရောက်လာကြသည်။ တောင်ကြား တစ်ခုလုံး ကောင်းကင်ယံမှ မြည်ဟည်းသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ တစ်ခုထက် တစ်ခု ပိုမို ခမ်းနားကြီးကျယ်လာသည်။ သူတို့သည် အချင်းချင်း ပြိုင်ဆိုင်နေကြပုံရသလို တစ်ကိုယ်တော် ကျင့်ကြံသူများကို သူတို့၏ အင်အား ပြသနေသည့် ပုံလည်း ပေါက်နေသည်။ တစ်ကိုယ်တော် ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူသံများ ပြင်းထန်လာပြီး မျက်နှာများ နီရဲလာသည်။ ရင်ထဲတွင် ပေါက်ကွဲထွက်မတတ် ဖြစ်နေကြသည်။ ကောင်းကင်ဘုံသို့ ခြေလှမ်းတစ်လှမ်းတည်းဖြင့် တက်လှမ်းနိုင်မည့် အခွင့်အရေးကား ယခုအချိန်ပင် ဖြစ်သည်။
ချန်ရွှင်နှင့် နွားနက်ကြီးမှာ ဒူးထောက်ကျသွားကြသည်။ သူတို့ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး အခြားသူများထက်ပင် ပိုမို ဆိုးရွားနေသည်။ ပါးစပ်မှလည်း ငလူးမ ဟူသော စကားလုံးကို မရပ်မနား ရေရွတ်နေမိသည်။ တောင်ပေါ်ရွာလေးတွင် လာရောက်ပြီး တပည့်လက်ခံခဲ့သော ကျင့်ကြံသူနှင့် ယှဉ်လိုက်လျှင် ယခုမြင်ကွင်းက အဆပေါင်းများစွာ သာလွန်လွန်းလှသည်။
"တကယ်လို့များ နောက်တစ်ကြိမ် အခွင့်အရေး ရခဲ့မယ်ဆိုရင်... ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ကျင့်ကြံသူတွေ ငါ့ကို အလုပ်ကြမ်းလုပ်ဖို့ ခေါ်မယ်ဆိုရင်..."
ချန်ရွှင်သည် မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများဖြင့် စင်မြင့်ကြီးများကို တမေ့မော ငေးကြည့်နေမိသည်။
"ငါ လိုက်မယ်လို့ ပြောမိမှာပဲ၊ တကယ်လို့ အချိန်ကာလ တစ်ခု သက်မှတ်ရမယ် ဆိုရင်တော့... နှစ်ပေါင်း တစ်သောင်းလောက် ဖြစ်ချင်မိတယ်..."
"မွန်း... မွန်း"
နွားနက်ကြီးက အဆက်မပြတ် ခေါင်းညိတ်နေသည်။ သူလည်း ကူညီပေးနိုင်ပါသည်။ အလုပ်ကြမ်းကို အေးအေးဆေးဆေးလုပ်နိုင်သည်။ လယ်ထွန်ခိုင်းလည်း ရသည်။
စင်မြင့်ကြီး (၁၀) ခု၏ ရှေ့တွင်တော့ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ ရပ်နေကြသည်။ ကျား၊ မ စုံလင်လှသည်။ သူတို့သည် လက်ကို နောက်ပစ်လျက် ရပ်နေကြပြီး မျက်လုံးများမှာ စူးရှထက်မြက်နေသည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်၏ စွမ်းအားများသည် တစ်ကိုယ်တော် ကျင့်ကြံသူများ အပေါ်သို့ ဖိစီးသက်ရောက်လာသည်။ လူတိုင်း မျက်နှာပျက်သွားကြပြီး စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ကြသည်။ အားလုံးက စင်မြင့်ကို မော့ကြည့်လိုက်ကြသည်။
"စည်းကမ်းတွေက မပြောင်းလဲဘူး၊ သက်တမ်း (၄၀) အောက် ရှိတဲ့သူတိုင်း အဆင့် (၅) ဆင့်ကို ဖြတ်ကျော်ပြီး ဂိုဏ်းထဲ ဝင်ခွင့် ရှိတယ်"
အဘိုးအို တစ်ဦးသည် ရှေ့ဆုံးတွင် ရပ်ကာ တန်ခိုးစွမ်းအင်များကို ထုတ်လွှတ်လျှက် အော်ဟစ်လိုက်သည်။
"စိတ်ဝင်စားတဲ့သူတွေ ဝင်ခဲ့ကြ၊ (၇) ရက် ပြည့်ရင် တောင်ကြားကို ပိတ်မယ်"
ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး တစ်ကိုယ်တော် ကျင့်ကြံသူများ၏ မျက်လုံးများ နီရဲလာသည်။ မိမိတို့ စိတ်ဝင်စားသော ဂိုဏ်းများ ရှိရာသို့ ဦးတည်ကာ ခြေလှမ်းစတင်လိုက်ကြသည်။ အချို့ ဂိုဏ်းများက တိုက်ခိုက်ရေး စင်မြင့်များ တည်ဆောက်ထားကြပြီး အချို့ ဂိုဏ်းများက ဝိညာဉ်အမြစ် စစ်ဆေးခြင်းများ ပြုလုပ်ကြသည်။ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မတူညီကြပေ။ အားလုံး၏ ရည်ရွယ်ချက်မှာ တစ်ကိုယ်တော် ကျင့်ကြံသူများပေါင်းများစွာထဲကမှ တစ်ယောက်ကိုသာ ရွေးချယ်ရန် ဖြစ်သည်။
နှစ်တိုင်း တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြား သေဆုံးကြရသော်လည်း မည်သူမျှ လက်မလျှော့ကြပေ။ ချန် တိုင်းပြည်တွင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဆေး သည် ရရှိရန် အလွန် ခဲယဉ်းလှသည်။ ဂိုဏ်းကြီးများထဲတွင်သာ ရရှိရန် အခွင့်အလမ်း ရှိသည်။ ဂိုဏ်းငယ်လေးများမှ အကြီးအကဲများကလည်း နေရာအနှံ့ လှည့်လည်သွားလာရင်း ကျရှုံးသွားသော တစ်ကိုယ်တော် ကျင့်ကြံသူများကို တိတ်တဆိတ် အကဲခတ်နေကြသည်။ သဘောကျသောသူ တွေ့လျှင် ကိုယ်တိုင် ဖိတ်ခေါ်ကြသည်။
ဤသည်မှာလည်း ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက လက်ခံထားသော ကိစ္စဖြစ်သည်။ သူတစ်ပါးကိုလည်း အသက်ရှင်လမ်း ချန်ပေးရမည် မဟုတ်ပါလား။
"နွားကြီး... ငါတို့တော့ မသွားတော့ဘူးကွာ"
"မွန်း"
"အခွင့်အရေး သိပ်မရှိဘူး၊ ဝိညာဉ်အမြစ် စစ်တဲ့အဆင့်မှာတင် ငါတို့ ကျမှာ၊ စွမ်းရည်ပိုင်းဆို ပိုဆိုးသေး"
"ငါ ပိုက်ဆံရှာမယ့် နည်းလမ်းတစ်ခု ရုတ်တရက် ရှာတွေ့သွားပြီ"
"မွန်း... "
နွားနက်ကြီး စိတ်ဝင်စားသွားသည်။ သူတို့က ဝိညာဉ်ကျောက်တုံး အရမ်း လိုအပ်နေသည်။
ချန်ရွှင်က စာအုပ်ငယ်လေး တစ်အုပ်ကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ဘေးဘီကို ကြည့်ကာ ပြောလိုက်သည်။
"ငါတို့ ဂိုဏ်းကြီးတွေရဲ့ အဆင့်တွေကို မှတ်ထားပြီး အားနည်းချက်၊ အားသာချက်တွေကို ခွဲခြမ်းစိတ်ဖြာကြမယ်"
"မွန်း"
"စည်းကမ်းတွေက မပြောင်းလဲဘူးလို့ သူ ပြောတယ်လေ၊ ငါတို့ ဒီအဆင့်တွေရဲ့ ခက်ခဲမှု အခြေအနေကို နားလည်အောင် လုပ်ပြီး စာအုပ်လုပ်မယ်၊ ပြီးရင် နောက်မှ ရောက်လာတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေကို ရောင်းစားကြမယ်"
ချန်ရွှင်က နွားနက်ကြီးကိုပုတ်လိုက်သည်။
"ဒါဆို သူတို့အတွက် အချိန်တွေ အများကြီး သက်သာသွားမယ်၊ သေကြေဒဏ်ရာရတာတွေ လျော့သွားမယ်၊ သဘောပေါက်လား"
"မွန်း... မွန်း"
နွားနက်ကြီးက ချန်ရွှင်ဘက်သို့ တိုးကပ်လိုက်ပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။
"သွားစို့"
ချန်ရွှင်က ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။ သူတို့သည် တိုက်ခိုက်ရေး စင်မြင့်သို့ ဦးစွာ သွားရောက်ကာ တစ်ကိုယ်တော် ကျင့်ကြံသူများ၏ စွမ်းရည်များကို မှတ်တမ်းတင်လိုက်သည်။ မည်သည့် စွမ်းရည်မျိုး ရှိလျှင် အနိုင်ရရန် သေချာသလဲ ဆိုသည်ကိုပါ ထည့်သွင်းစဉ်းစားသည်။ သူသည် ဂိုဏ်းကြီးများ၏ အဆင့်များကို အမျိုးအစား ခွဲခြားကာ စုစည်း သုံးသပ်လိုက်ပြီး မည်သူက မည်သည့်နေရာနှင့် ကိုက်ညီကြောင်း သတ်မှတ်လိုက်သည်။
(၇) ရက်တာ အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အံ့ဩသွားကြသည်။ အချိန်ကုန် အဘယ်ကြောင့်ဤမျှမြန်သနည်း။ သူတို့ပင် သေသေချာချာမသုံးသပ်ရသေးပေ။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် တစ်ကိုယ်တော် ကျင့်ကြံသူ (၁၀) ယောက်ကျော်ခန့်စီ ခေါ်ဆောင်ကာ ပျံသန်းထွက်ခွာသွားကြသည်။ ဂိုဏ်းငယ်လေးများမှ အကြီးအကဲများလည်း ကျေနပ်စွာဖြင့် ပြန်သွားကြသည်။ ကျန်ရစ်ခဲ့သော တစ်ကိုယ်တော် ကျင့်ကြံသူများမှာမူ စိတ်ဓာတ်ကျကာ ကျန်ရစ်ခဲ့ကြသည်။
အဆင့်များအတွင်း သေဆုံးသွားသော တစ်ကိုယ်တော် ကျင့်ကြံသူများကို ဂိုဏ်းငယ်လေးများက ရှင်းလင်းပေးလိုက်သည်။ သူတို့က တောင်ကြားအတွင်း သန့်ရှင်းရေး လုပ်ပေးရမည့် တာဝန် ရှိသည်။
"ဟူး... ငါ ဇီယွင် ဂိုဏ်းရဲ့ အဆင့်ကို မသွားခဲ့သင့်ဘူး၊ အချိန်တွေရော စွမ်းအားတွေရော အများကြီး ကုန်သွားတယ်၊ ငါနဲ့ လုံးဝကို မကိုက်ညီတာ"
တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးသည် အလွန် နောင်တရနေသည်။ နောက်ထပ် တစ်နှစ် အလဟဿ ဖြစ်သွားပြန်ပြီ။
"အနည်းဆုံးတော့ ဇီယွင် ဂိုဏ်းရဲ့ စမ်းသပ်မှုက အန္တရာယ်ကင်းတယ် မဟုတ်လား၊ ဖြေလိုက်စမ်းပါကွာ၊ မိတ်ဆွေ ကျိုး ဆိုရင် လူတောင် မရှိတော့ဘူး"
"ဟူး... တကယ်လို့ နောက်နှစ်မှ အဆင်မပြေရင်တော့ လောကစည်းစိမ်ပဲ ခံစားလိုက်တော့မယ်"
"အဲဒါပဲ လုပ်ရတော့မှာပေါ့"
...
တစ်ကိုယ်တော် ကျင့်ကြံသူများသည် ချန်ရွှင်၏ ဘေးမှ ဖြတ်သန်းသွားကြသည်။ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများနှင့် ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှုများ ပြည့်နှက်နေသည်။ အချို့သော တစ်ကိုယ်တော် ကျင့်ကြံသူများဆိုလျှင် ရူးသွပ်သွားပြီး ဂိုဏ်းသားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ အချို့ကလည်း သဘောပေါက်သွားကြပြီး ကျင့်ကြံခြင်း လမ်းစဉ်သည် မိမိနှင့် မသင့်တော်ဟု ယူဆကာ လူ့ဘောင်လောကသို့ ပြန်ဆင်းသွားကြသည်။ နောက်တစ်ကြိမ် ပြန်မလာကြတော့ပေ။
တိုက်ပွဲများက ယခုမှ စတင်သည်ဟု ဆိုရပေမည်။ အသက် (၄၀) ကျော်နေပြီဖြစ်သော တစ်ကိုယ်တော် ကျင့်ကြံသူ ဝါရင့်ကြီးများသည် သားကောင်ရှာရန်အတွက် အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ တောင်ကြား အပြင်ဘက်တွင် သွေးချောင်းစီး တိုက်ပွဲများစွာ ဖြစ်ပွားနေသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ခေါပြီး ထွက်ပြေးလေသည်။ တော်သေးသည်က သူတို့ ဆင်းရဲနေခြင်းပင်။ မည်သူမျှ သူတို့ကို ပစ်မှတ်မထားကြပေ။
"နွားကြီး... တောင်တန်း အပြင်ဘက်ကို အရင် သွားရအောင်"
"မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးသည် အမြီးတန်းနေအောင် ထွက်ပြေးကြသည်။ ဘယ်သူလာလာ ဂရုမစိုက်၊ ပြေးဖို့သာ အဓိက။ ကျင့်ကြံခြင်း လောက၏ အမှောင်ဘက်ခြမ်းသည် ယခုမှ စတင်၍ ကန့်လန့်ကာ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။