← Chapters

အခန်း (၂၃-၂၄)

Vol. 2 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 2 Ch. 23-24

အခန်း (၂၃)

အချိန်များကား လျင်မြန်စွာ ကုန်ဆုံးသွားပြန်ရာ နောက်ထပ်တစ်နှစ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ သူတို့နှစ်ဦးသားသည် နင်းယွင် တောင်တန်း အစွန်အဖျားတွင် လေဒဏ်မိုးဒဏ်ကို အံတုရင်း ခက်ခဲကြမ်းတမ်းစွာ နေထိုင်ခဲ့ကြရသည်။ ယခုအခါတွင်မူ သူတို့သည် လူသေအရိုးများကို ကောက်ယူရန်ပင် မဝံ့ရဲကြတော့ပေ။

သူတို့၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အနည်းငယ်မျှသာ တိုးတက်လာခဲ့ပြီး ချီ စုစည်းမှုအဆင့် (၃) ၌ပင် တန့်နေခဲ့သည်။ ရရှိလာသော အမှတ် များကိုလည်း ယခင်အတိုင်းပင် မူလစွမ်းအင် ကဏ္ဍတွင် ပေါင်းထည့်လိုက်ပြန်သည်။ ထို့အပြင် နှစ်တစ်ရာသက်တမ်းရှိ ဆေးပင်တစ်ပင်ကိုလည်း စိုက်ပျိုးထားလိုက်သည်။

သူတို့သည် နေ့စဉ်ရက်ဆက် တောင်တန်းအစွန်အဖျားတွင် ဝိညာဉ်ဆေးပင်များကို လိုက်လံရှာဖွေသော်လည်း အရိပ်အယောင်မျှပင် မတွေ့ရပေ။ တောင်တန်း၏ အနက်ပိုင်းဆီသို့ ဝင်ရောက်ရန်လည်း သတ္တိမရှိကြချေ။ ထိုနေရာ၌ မိစ္ဆာသားရဲများ ကျက်စားနေရုံသာမက ဂိုဏ်းငယ်လေးများလည်း တည်ရှိနေသဖြင့် အန္တရာယ် အလွန်များလှသည်။

တစ်ဖန် အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံ ကျင်းပချိန် ရောက်ရှိလာပြန်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည်လည်း ကတိတည်သော ချစ်သူများပမာ အချိန်မှန် ရောက်ရှိလာကြသည်။ ယခုတစ်ကြိမ်တွင်တော့ သူတို့၏ မျက်ဝန်းများထဲတွင် အထာကျသော အရိပ်အယောင်များ ယှက်သန်းနေပြီး ဆိုင်များတွင် ခင်းကျင်းထားသော ပစ္စည်းများကိုပင် ဝေဖန်သုံးသပ်နိုင်စွမ်း ရှိလာကြပြီ ဖြစ်သည်။ သူတို့သည် နှစ်တစ်ရာသက်တမ်းရှိ ဆေးပင်ကို ယူဆောင်ကာ သွားရောက်ရောင်းချသော်လည်း အကြီးအကျယ် အရှက်ခွဲခံလိုက်ရသည်။ "ဦးနှောက်မရှိရင် ဒီကျင့်ကြံခြင်းလောကကို မလာနဲ့" ဟုပင် အဆဲခံလိုက်ရသေးသည်။

"ခွေးကောင်... လူကိုများ အထင်သေးလိုက်တာ၊ မင်းအိမ်မှာရော သာမန်လူ မရှိဘူးလား၊ မင်းအိမ်ကလူတွေ အကုန်သေကုန်ပြီလား"

"မွန်း"

နွားနက်ကြီးကလည်း မကျေမနပ်ဖြင့် ဆဲဆိုလိုက်သည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် တောင်ကြားထဲတွင် လျှောက်သွားရင်း ပါးစပ်မှ ပွစိပွစိ ရေရွတ်နေကြသည်။ သူတို့၏ ပုံစံမှာ ယခင်အတိုင်းပင် ဖြစ်သည်။ ဓားပြခေါင်းစည်းပုဝါနှင့် နွားနက်ကြီး... ထိုအတိုင်းပင်။

သုံးရက်တာ အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း၏ အင်အားပြသချိန် ရောက်ရှိလာပြန်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် တောင်ကြားထဲတွင် ရပ်ကာ မျှော်လင့်တကြီး စောင့်စားနေကြသည်။ အမှန်အတိုင်း ဝန်ခံရလျှင် သူတို့ အင်အားပြခြင်းက တကယ်ကို ကြည့်ကောင်းလွန်းလှသည်။ ကျယ်လောင်သော အာမေဋိတ်သံများ ထွက်ပေါ်လာပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ချန်ရွှင်သည်လည်း သူတို့နှင့်အတူ ရောယောင်ကာ လိုက်အော်နိုင်ခဲ့သည်။ အနည်းဆုံးတော့ ဂိုဏ်းနာမည်များကို လိုက်ခေါ်နိုင်ပြီ မဟုတ်ပါလား။

ဤခုနစ်ရက်တာ ကာလအတွင်း ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် စာအုပ်ငယ်လေးထဲတွင် မှတ်တမ်းများ ဆက်လက် ရေးမှတ်နေကြသည်။ နွားနက်ကြီးကလည်း ဘေးမှနေ၍ လိုအပ်သည်များကို ဖြည့်စွက်ပေးသည်။ တောင်ကြားပိတ်ချိန် ရောက်သောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ပထမဆုံး ပြေးထွက်သွားကြသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းထက်ပင် ပိုမိုမြန်ဆန်လှသည်။ မည်သူမျှ သတိမထားမိလိုက်အောင်ပင် လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

အလွန်အမင်း မြန်ဆန်သော နှုန်းထားတစ်ခု၏ ရှေ့မှောက်တွင် မည်သည့် လှည့်ကွက်၊ ပရိယာယ်မဆို အနည်းငယ် နောက်ကျကျန်ရစ်ခဲ့စမြဲပင်။

...

တောင်ပေါ်တွင် နေထိုင်ရသည်မှာ အချိန်ဟူ၍ မရှိသလိုပင်။ နောက်ထပ် ငါးနှစ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ နင်းယွင် တောင်တန်းရှိ တောရိုင်းတိရစ္ဆာန်များမှာမူ ဘေးဒုက္ခနှင့် ကြုံတွေ့နေရသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ဖမ်းဆီးစားသောက်မှုကို တောကောင်များကို ခါးဆီးခံနေကြရသည်။ မျိုးတုန်းဖို့ အရေးပင် စိုးရိမ်နေရ၏။

နောက်ဆုံးတွင် သူတို့သည် ကြိုးစားပမ်းစား ကျင့်ကြံရင်း ချီ စုစည်းမှုအဆင့် (၄) သို့ ရောက်ရှိလာကြသည်။ ရရှိလာသော အမှတ် အားလုံးကို မူလစွမ်းအင် ကဏ္ဍတွင် ပေါင်းထည့်လိုက်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန် အီးပါရင်း ဝိညာဉ်ဆေးပင် တစ်ပင်လောက်များ နင်းမိမလားဟု မျှော်လင့်နေကြသည်။

လက်ရှိတွင် သူတို့ပိုင်ဆိုင်ထားသော စွမ်းရည်အမှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ခွန်အား - ၂၁။ အမြန်နှုန်း - ၂၁။ သယံဇာတ မူလစွမ်းအင် - ၁၅။ ယခုနှစ် အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံသို့ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ထပ်မံ ရောက်ရှိလာပြန်သည်။ ထပ်ပြီး ရောက်လာပြန်ပြီ။ သူတို့၏ မျက်နှာများသည် ကြည်လင်ဝင်းပနေပြီး အိမ်ပြန်ရောက်သကဲ့သို့ ခံစားနေရသည်။ သို့သော် ယခုတစ်ကြိမ်တွင် နွားနက်ကြီး၏ ဘေးတစ်ဖက်တစ်ချက်၌ ချိတ်ဆွဲထားသော အိုးခွက်ပန်းကန်များ အပြင် မြို့ထဲတွင် ပုံနှိပ်ခဲ့သော စာအုပ်ငယ်လေးများလည်း ပါရှိလာသည်။

အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံ၌ ချန်ရွှင်၏ နာမည်သည် ကျော်ကြားလာခဲ့သည်။ လူအများက သူ့ကို အင်မော်တယ်လမ်းစဉ်က ဇွဲကောင်းသည့်ကောင်လေး ဟု နာမည်ပြောင် ပေးထားကြသည်။ ဆင်းရဲလွန်းသဖြင့် နွားနက်ကြီးတစ်ကောင်မှလွဲ၍ ဘာမှ မရှိရှာပေ။ မည်သူကမျှ သူ့ရုပ်ရည်နှင့် နာမည်ရင်းကို မသိရှိကြပေ။ အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။

သို့သော် ထိုလူ၏ ဦးနှောက်က သိပ်မကောင်းလှဟု ထင်ကြသည်။ နှစ်ရှည်လများ ဓားပြခေါင်းစည်းပုဝါကို စည်းထားပြီး ကျင့်ကြံခြင်းလောကတွင် ဓားပြလုပ်ရန် စိတ်ကူးယဉ်နေသူဟု ယူဆထားကြသည်။ ဆိုင်ရှင်များကလည်း သတိထားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် ဆိုင်ရှေ့တွင် အချိန်ကြာမြင့်စွာ ရပ်နေတတ်သော်လည်း ဝိညာဉ်ကျောက်တုံး တစ်တုံးမျှ ထုတ်မပေးနိုင်သောကြောင့် ဖြစ်သည်။ တစ်ခုခုကို ကြံစည်နေသည်ဟု ထင်မှတ်ကြသည်။ သို့သော် ဤအရာများသည် အားလပ်နေသော တစ်ကိုယ်တော် ကျင့်ကြံသူများ၏ လက်ဖက်ရည် စကားဝိုင်းများ၌ ပြောစရာ တစ်ခုသာ ဖြစ်သည်။ မည်သူကမျှ ချန်ရွှင်ကို အလေးအနက် မထားကြပေ။ အရူးတစ်ယောက်အဖြစ်သာ သဘောထားကြသည်။

နှစ်စဉ်နှစ်တိုင်း လူသစ်များ ရောက်လာကြပြီး လူဟောင်းများ ထွက်ခွာသွားကြသည်။ အားလုံးသည် အင်မော်တယ် ဖြစ်ချင်ကြသူများချည်းပင်။

ကြယ်ကိုးလုံး တောင်ကြား...

"အစ်ကိုကြီး... ဒါက ကျွန်တော် နှစ်ပေါင်းများစွာ အပင်ပန်းခံ ပြုစုထားတဲ့ လက်ရာမွန် တစ်ခုပါ၊ ဂိုဏ်းအသီးသီးရဲ့ အဆင့်တွေနဲ့ သတိထားရမယ့် အချက်တွေ အကုန်ပါတယ်"

ချန်ရွှင်သည် ခါးကို ကုန်းကာ ပြုံးလျက် မနားတမ်း ဈေးရောင်းနေသည်။

"ဂိုဏ်းဝင်ခွင့်ရဖို့ ရာခိုင်နှုန်း အများကြီး တက်လာမှာနော်"

"ဟေ... ဟုတ်လား"

တစ်ကိုယ်တော် ကျင့်ကြံသူ အချို့ ခြေလှမ်းတန့်သွားပြီး စိတ်ဝင်စားသွားကြသည်။

"ငါတို့ငှားဖတ်လို့ ရမလား"

သို့သော် ချန်ရွှင်၏ ဓားပြခေါင်းစည်းပုဝါကို မြင်လိုက်ရသောအခါ အားလုံး လန့်သွားကြသည်။

"ရတာပေါ့၊ ကြိုက်မှ ပိုက်ဆံပေး"

ချန်ရွှင်က ပြုံးပြလိုက်သည်။ ဤလူစုသည် မျက်နှာစိမ်းများ ဖြစ်ကြပြီး ယခုမှ စတင်ရောက်ရှိလာသူများ ဖြစ်ကြောင်း သိသာလှသည်။ ရောင်းထွက်ရန် အခွင့်အလမ်း များပြားလှသည်။

"အကိုကျန်း... ကြည့်ပါဦး၊ မဆိုးဘူးကွ"

တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးက မျက်လုံးများ အရောင်တောက်သွားပြီး ဘေးလူကို ပြလိုက်သည်။

"ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ဘယ်လို တပည့်မျိုး လိုချင်တယ် ဆိုတာကအစ ပါတယ်ကွ"

"ဟုတ်တယ်ဟေ့၊ အစစ်မှ ဟုတ်ပါ့မလားတော့ မသိဘူး"

ကျန်နှစ်ယောက်က ခေါင်းညိတ်လိုက်သည်။

"အစ်ကိုကြီးတို့ စိတ်ချပါ၊ ကျွန်တော် နှစ်တိုင်း ဒီမှာ ရှိပါတယ်၊ ပြဿနာ ရှိရင် လာရှာလို့ ရတယ်"

ချန်ရွှင်က ရင်ဘတ်ကို ပုတ်ကာ လေးနက်စွာ ပြောလိုက်သည်။

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းပါ၊ အရှုံးမရှိစေရဘူး၊ အလိမ်အညာ မပါစေရဘူး၊ အောင်မြင်နိုင်ချေ (၁၀) ရာခိုင်နှုန်းလောက် တက်လာရင်တောင် တန်နေပြီ မဟုတ်လား"

"ကောင်းပြီ"

ထိုလူက ကျယ်လောင်စွာပြောလိုက်သည်။ မျက်လုံးများကမူ စာအုပ်ငယ်လေးမှ မခွာနိုင်ပေ။

"ဒီမိတ်ဆွေက သဘောကောင်းမယ့်ပုံပဲ၊ ကျွန်တော် ဝယ်လိုက်မယ်ဗျာ"

"အစ်ကိုကြီးက ပစ္စည်းကောင်းကို တကယ်သိတာပဲ….ဒီနှစ်တော့ သေချာပေါက် ဂိုဏ်းဝင်ခွင့် ရတော့မှာပါ"

ချန်ရွှင်က မျက်နှာချိုသွေးကာ ပြောလိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ပျော်ရွှင်စွာ လှမ်းယူလိုက်သည်။ သူ ဝမ်းသာလွန်းသဖြင့် စိတ်မထိန်းနိုင်အောင်ပင် ဖြစ်နေသည်။

"ကောင်းပြီဗျာ... မိတ်ဆွေရဲ့ ဆုတောင်း စကားအတိုင်း ဖြစ်ပါစေ"

ထိုလူက ရယ်မောလိုက်သည်။

"အစ်ကိုကြီးတို့ သုံးယောက်... ဂရုစိုက်ပြီး ပြန်ကြပါခင်ဗျာ"

"မွန်း"

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သူတို့၏ နောက်ကျောကို ကြည့်ကာ လှမ်းအော်လိုက်သည်။ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်။ နောက်ဆုံးတော့ ပထမဆုံးသော များပြားလှသည့်ဝင်ငွေကိုရခဲ့ပြီဖြစ်သည်။

"နွားကြီး... သွားစို့"

"မွန်း... မွန်း"

ချန်ရွှင်သည် ရည်မှန်းချက် ကြီးမားသူ ဖြစ်သည်။ မခိုးမဝှက်၊ မလုမယက်ဘဲ ရှာဖွေရရှိသော ဝိညာဉ်ကျောက်တုံးများသည် စိတ်ချမ်းသာစရာ ကောင်းလှသည်။ သန့်ရှင်းစင်ကြယ်လှသည်။ နွားနက်ကြီးမှာ မျက်ရည်ကျမတတ် စိတ်လှုပ်ရှားနေပြီး ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေသည်။ သူတို့ တကယ် လုပ်နိုင်ခဲ့ပြီ။ ချန်ရွှင်ကလည်း နွားနက်ကြီး၏ ဦးခေါင်းကို ဖက်ထားလိုက်သည်။ သူတို့ ဘယ်လောက် ပင်ပန်းခဲ့ရလဲ ဆိုတာ မည်သူမျှ မသိနိုင်ပေ။

"ဒီအစ်ကိုကြီးကို ကြည့်ရတာ သူရဲကောင်း ရုပ်သွင်ပြင် ရှိပြီး ပါရမီရှင် တစ်ယောက်မှန်း သိသာလိုက်တာ၊ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းရဲ့ ရွေးချယ်ပွဲကို လာတာ မမှားဘူးမလား"

"ဟင်... မိတ်ဆွေက ဘာကိစ္စ ရှိလို့လဲ"

လူငယ်တစ်ဦးသည် ခြေလှမ်းတုန့်သွားပြီး အံ့သြစွာ မေးလိုက်သည်။ သူ၏ ထူးချွန်ထက်မြက်မှုသည် သည်မျှပင် သိသာနေသည်လား။ ချန်ရွှင်က မျက်လုံးကို အနည်းငယ် မှေးစင်းကာ ထိုလူငယ်ကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။

"ဒါပေမဲ့ အစ်ကိုကြီးဆီမှာ အရေးကြီးတဲ့ ပစ္စည်းတစ်ခု လိုနေတယ်ဗျ၊ အဲဒါက သိပ်ကို အရေးကြီးတာ"

လူငယ်ကလည်း ချန်ရွှင်ကို ပြန်လည် အကဲခတ်ကြည့်လိုက်သည်။ ခေါင်းစည်းပုဝါ စည်းထားသော်လည်း ဉာဏ်ပညာနှင့် ပြည့်စုံသော မျက်လုံးများကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ ထို့အပြင် သူ့နောက်တွင် ပါလာသော နွားနက်ကြီးနှင့် ကိုယ်ပေါ်တွင် ချိတ်ဆွဲထားသော အိုးခွက်ပန်းကန်များက သူ့ကို ပိုမို၍ ပညာရှိ ဆန်သွားစေသည်။ နှယ်နှယ်ရရထဲကတော့ ဟုတ်ပုံမရ။

"မိတ်ဆွေ... ပွင့်ပွင့်လင်းလင်းသာ ပြောပါ" လူငယ်က ယဉ်ကျေးစွာ ပြောလိုက်သည်။

ချန်ရွှင်က နောက်ကျောမှ စာအုပ်ငယ် သုံးအုပ်ကို ထုတ်ယူကာ လက်ပေါ်တွင် ဖြန့်ခင်းပြလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"အင်မော်တယ် ဖြစ်ချင်ရင်... ဒီစာအုပ်ကို အရင်ဖတ်"

"ဗျာ..."

လူငယ်က အံ့သြတကြီးဖြင့် လှမ်းယူလိုက်သည်။

"ဒါက... ဒါက... ဒဏ္ဍာရီထဲက..."

"ဟဲဟဲ... ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းရဲ့ အဆင့်တွေ အကုန်လုံး ဒီထဲမှာ ပါတယ် အစ်ကိုကြီးက ပစ္စည်းကောင်း ဟုတ်မဟုတ် ခွဲခြားတတ်မှာပါ"

ချန်ရွှင်က လေးနက်သော အသံဖြင့် ပြောကာ လက်ကို နောက်ပစ်လျက် ရပ်လိုက်သည်။ သူ၏ မျက်လုံးများမှာ ဤနှစ်အနည်းငယ် အတွင်း အလွန် စူးရှထက်မြက်လာခဲ့ပြီ ဖြစ်သည်။ မည်သူ့တွင် ဝိညာဉ်ကျောက်တုံး ရှိသည်၊ မည်သူ့တွင် မရှိသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

လူငယ်မှာ ချွေးစေးများ ပြန်လာသည်။ စာအုပ်ထဲက အကြောင်းအရာတွေက တကယ့် အနှစ်တွေချည်းဖြစ်နေသည်။ လမ်းဘေးသတင်းတွေထက် အများကြီး သာသည်။

"မိတ်ဆွေ... ဒါက ဝိညာဉ်ကျောက်တုံး အများကြီး ပေးရမှာမလား"

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းပါ"

"မဖြစ်နိုင်တာ၊ ဒါက သိပ်တန်လွန်းနေတယ်"

လူငယ်က ခေါင်းကို တွင်တွင် ခါလိုက်သည်။ ချန်ရွှင် မျက်နှာပျက်သွားသည်။ ငါ လူကဲခတ် မှားသွားတာလား။

"ကျွန်တော့် သဘောအရဆိုရင် အနည်းဆုံး နှစ်တုံးတော့ တန်တယ်ဗျာ" လူငယ်က လေးနက်စွာ ပြောရင်း သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်သည်။

"အစ်ကိုကြီး... မလိုပါဘူး၊ ဒါက ဈေးနှုန်း သက်မှတ်ပြီးသားပါ"

ချန်ရွှင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက အခွင့်ကောင်းယူပြီး ဈေးကို ချက်ချင်း တက်မရောင်းချင်ပေ။ "တစ်တုံးဆို တစ်တုံးပါပဲ"

"နှစ်တုံး ယူပါ"

"တစ်တုံးပဲ ပေးပါ"

"မိတ်ဆွေက ကျွန်တော့်ကို မျက်နှာသာ မပေးချင်ဘူးပေါ့" လူငယ်က ရုတ်တရက် လေးနက်သွားပြီး အခြားသူတစ်ဦးကဲ့သို့ပြောင်းလဲသွားသည်။

ချန်ရွှင် လန့်သွားပြီး ကပျာကယာ ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ၊ နှစ်တုံးဆို နှစ်တုံးပါ၊ အစ်ကိုကြီးက တကယ်ကို သာမန်လူ မဟုတ်ပါဘူး"

လူငယ်က ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်နှာအမူအရာပြောင်းသွားပြီး ပြုံးလိုက်သည်။

"မိတ်ဆွေကလည်း သာမန်လူ မဟုတ်ပါဘူး၊ ဒီစာအုပ်ကို ကျွန်တော် သဘောကျတယ်၊ ယူလိုက်ပြီဗျာ"

"အစ်ကိုကြီး... ဂရုစိုက်ပြီး ပြန်ပါခင်ဗျာ"

ချန်ရွှင်က လှမ်းအော်လိုက်သော်လည်း ရင်ထဲတွင် လန့်နေဆဲပင်။ ခုနလေးတင် ထိုလူငယ်၏ ကိုယ်ထဲမှ ထွက်ပေါ်လာသော စွမ်းအားမှာ ကြီးမားလွန်းလှပြီး သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်။ ထို့အပြင် သူ့တွင် ဒဏ္ဍာရီလာ သိုလှောင်အိတ်ပင် ရှိသေးသည်။ နောက်ခံ အင်အားကြီးမားသူ ဖြစ်လောက်သည်။ ဤကဲ့သို့သော သူမျိုးများကို ဝေးဝေးကရှောင်ခြင်းကပိုကောင်းသည်။

"မွန်း" နွားနက်ကြီးက ချန်ရွှင်ကို ဝှေ့လိုက်သည်။

"ဘာမှ မဖြစ်ပါဘူး၊ နွားကြီး... စာအုပ် ဆက်ရောင်းရအောင်"

"မွန်း"

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အပြုံးဖြင့် ခရီးဆက်ခဲ့ကြသည်။ အချို့က အတုဟု ပြောဆိုကာ လှောင်ပြောင် ထွက်ခွာသွားကြသော်လည်း ချန်ရွှင်က စိတ်မဆိုးပေ။ ဒါက ပုံမှန်သာဖြစ်သည်။

သို့သော် တစ်ရက်တာ ရောင်းရငွေမှာ အလွန် ကျေနပ်ဖွယ် ကောင်းလှသည်။ စာအုပ်အုပ်ရေ (၅၀) ရောင်းထွက်သွားသဖြင့် သူတို့လက်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၁) တုံး ရှိနေပြီ ဖြစ်သည်။

အခန်း (၂၄)

အဆင့်လတ် ဝိညာဉ်ကျောက်တုံးများလည်း ရှိသေးသည်ဟု သူကြားဖူးသည်။ လူအများ လက်ခံထားသော နှုန်းထားမှာ (၁) တုံးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) နှင့် ညီမျှသော်လည်း တကယ်တမ်း သွားရောက်လဲလှယ်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၂၀) ခန့် ရရှိနိုင်သည်။

သူနှင့် နွားနက်ကြီးတို့သည် လူသူကင်းမဲ့သော ထောင့်တစ်နေရာတွင် ပုန်းအောင်းနေပြီး ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်နေကြသည်။ လက်တစ်ဖက်ကလည်း တောင်ဖြိုပုဆိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

"နွားကြီး... ငါတို့တော့ နေရာကျပြီ" ချန်ရွှင်က တိုးတိုးလေး ပြောရင်း ဝမ်းသာနေသည်။

"မွန်း" နွားနက်ကြီးကလည်း တိုးတိုးလေး အော်မြည်ရင်း ချန်ရွှင်၏ ရင်ခွင်ထဲတွင် ခေါင်းလျှိုကာ ပျော်ရွှင်နေသည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၏ အကြီးမားဆုံးသော အသုံးဝင်ပုံမှာ ကျင့်ကြံရာတွင် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ထိုကျောက်တုံးမှ ရရှိသော သန့်စင်သည့် ချီစွမ်းအင်သည် သဘာဝ ချီစွမ်းအင်များထက် ပိုမို ကောင်းမွန်လှသည်။ ကျင့်ကြံသူများသည် သဘာဝ ချီစွမ်းအင်ကို စုပ်ယူပြီးနောက် အညစ်အကြေးများကို ပြန်လည် သန့်စင်ပေးရသေးသည်။ သို့သော် ထိုသို့ ကျင့်ကြံခြင်းသည် ချမ်းသာကြွယ်ဝသော ကျင့်ကြံသူများ၏ နည်းလမ်းသာ ဖြစ်သည်။ သာမန် ကျင့်ကြံသူများ အနေဖြင့်မူ ဝိညာဉ်ကျောက်တုံးများကို အရောင်းအဝယ် ပြုလုပ်ရာတွင်သာ အသုံးပြုကြသည်။ ဆေးများ၏ အာနိသင်က ပိုမို ကောင်းမွန်သော်လည်း ဆေးယဉ်ပါးမှု ဖြစ်ပေါ်စေတတ်သည်။

သို့သော် ဆေးယဉ်ပါးမှု ဖြစ်လာသည်အထိ ဆေးများကို သောက်သုံးနိုင်သူမှာ အလွန် ချမ်းသာသောသူများသာ ဖြစ်နိုင်ပေသည်။ ဆေးယဉ်ပါးမှု ဆိုသည်မှာ သာမန် ကျင့်ကြံသူများ ထည့်သွင်းစဉ်းစားရမည့် အရာမဟုတ်ပေ။ ဒုတိယနေ့တွင် သူတို့သည် စာအုပ် ဆက်လက် ရောင်းချကြရာ နောက်ဆုံးတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ပြည့်သွားလေသည်။ ချန်ရွှင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေပြီး နွားနက်ကြီးကလည်း မွန်း... မွန်း... ဟု အော်မြည်ရင်း ချန်ရွှင်ကို ပတ်ပြေးနေသည်။

"နွားကြီး... ငါတို့ အနေအထိုင် ဆင်ခြင်ရမယ်နော်"

ချန်ရွှင်က ဟိုကြည့်သည်ကြည့် လုပ်ရင်း ပြောလိုက်သည်။ တစ်လောကလုံးက သူ့ဝိညာဉ်ကျောက်တုံးများကို လာလုတော့မည့်အတိုင်း ခံစားနေရသည်။

"မွန်း မွန်း " နွားနက်ကြီးက အော်လိုက်သည်။ သူ နားလည်ပါသည်။

တတိယနေ့တွင် သူတို့ စာအုပ် ဆက်မရောင်းတော့ဘဲ ဆိုင်ခန်းများကို လိုက်လံ ကြည့်ရှုကြသည်။ ရုတ်တရက် ချန်ရွှင် မျက်လုံး အရောင်တောက်သွားပြီး ရင်းနှီးနေသော မိတ်ဆွေဟောင်း တစ်ဦးကို တွေ့လိုက်ရသည်။

"ဟင်... ရှင်ပါလား"

မိန်းမပျိုလေး၏ ရုပ်ရည်မှာ သိပ်ပြောင်းလဲခြင်း မရှိပေ။ ယခင်အတိုင်းပင် ဖြစ်သည်။ သူမ၏ ဆိုင်ရှေ့တွင် ဝိညာဉ်ဆေးပင် အချို့နှင့် ဆေးပုလင်း အချို့ကို ချထားသည်။ သူမ မျက်နှာ ပျက်သွားသည်။ ရင်းနှီးနေသော ခြေထောက်တစ်စုံနှင့် နွားခြေထောက် လေးချောင်းကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ သူမ၏ ဦးနှောက်ထဲတွင် ထိုဓားပြ နွားတစ်ကောင်နှင့် ပြန်ရောက်လာပြန်ပြီ ဟူသော အတွေး ဝင်ရောက်လာသည်။

"ဟဲဟဲ..." မိန်းမပျိုလေးက အားတင်း ပြုံးလိုက်သည်။

"ကျွန်တော်တို့ ဈေးဝယ်မလို့ပါ၊ ဝိညာဉ်ကျောက်တုံး ပါတယ်"

"ဟုတ်လား... ဘာဝယ်ချင်လို့လဲ"

မိန်းမပျိုလေး မျက်လုံး အရောင်တောက်သွားပြီး ချက်ချင်း တက်ကြွလာသည်။

"ဒီဝိညာဉ်ဆေးပင် သုံးပင် အကြောင်း ရှင်းပြပေးလို့ ရမလား"

ချန်ရွှင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ သူသည် ဆေးပညာကို သင်ကြားဖူးသဖြင့် အနည်းအကျဉ်းတော့ နားလည်သည်။

မိန်းမပျိုလေး အံ့သြနေစဉ်မှာပင် ချန်ရွှင်က ပေါင်ကြားထဲမှ ဝိညာဉ်ကျောက်တုံး အချို့ကို နှိုက်ယူကာ သူ့မှာ တကယ်ရှိကြောင်း သက်သေပြလိုက်သည်။

"ကောင်းပါပြီ..."

မိန်းမပျိုလေးမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး အကြည့်ကို အောက်သို့ ပို့ကာ ဝိညာဉ်ဆေးပင် တစ်ပင်ကို ညွှန်ပြလိုက်သည်။

"ဒါက ရေတိမ်မြက်ပါ၊ သက်တမ်း နှစ်(၂၀) ရှိပါပြီ၊ ချီ စုစည်းဆေး ဖော်စပ်ရာမှာ သုံးပါတယ်"

"ဒါက နှင်းခါးမြက်ပါ၊ သက်တမ်း (၁၀) နှစ်ပဲ ရှိပါသေးတယ်၊ တောင်ပံဆေး ဖော်စပ်ရာမှာ သုံးပါတယ်"

"ဒါက ဝိညာဉ်ပေါင်းစည်းမြက်ပါ၊ သက်တမ်း နှစ်(၃၀) ရှိပါပြီ၊ ဒါလည်း တောင်ပံဆေး ဖော်စပ်ရာမှာပဲ သုံးတာပါ"

မိန်းမပျိုလေးက တစ်ခုချင်းစီ ရှင်းပြနေသည်။ သက်တမ်း မမြင့်မားသော်လည်း တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ဤမျှ များပြားသော ဝိညာဉ်ဆေးပင်များကို ရှာတွေ့နိုင်ခြင်းသည် မလွယ်ကူပေ။ အကယ်၍ သက်တမ်း ပိုမြင့်သွားလျှင် မိစ္ဆာသားရဲများနှင့် ဝိညာဉ်သားရဲများ လာရောက်လုယူကြမည် ဖြစ်သည်။

"ညီမလေး... ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ၊ ကျွန်တော် အကုန်ယူမယ်"

ချန်ရွှင်က နှုတ်ခမ်းကို သပ်လိုက်ပြီး ဝိညာဉ်ဆေးပင်များကို စိုက်ကြည့်နေသည်။

"နှစ်ဆယ်" မိန်းမပျိုလေးက စဉ်းစားပြီး ချက်ချင်း ပြောလိုက်သည်။

"ဗျာ..."

ချန်ရွှင်က မတ်တပ်ရပ်ပြီး အော်လိုက်ရာ စူးရှသောအသံကြောင့် မိန်းမပျိုလေး မျက်မှောင်ကြုတ်သွားသည်။ "ဒါဆို ရှင်က ဘယ်လောက်ပေးမှာလဲ" သူမက ပြန်မေးလိုက်သည်။

"ရှစ်တုံး"

"ရှင်..."

မိန်းမပျိုလေး ပြန်အော်မည့်အလှည့် ရောက်လာပြီ ဖြစ်သည်။ "ရှင် ဓားပြသာတိုက်စားပါတော့လား"

ချန်ရွှင် မျက်နှာမကောင်း ဖြစ်သွားပြီး ပေါင်ကြားထဲသို့ လက်နှိုက်ကာ ဝိညာဉ်ကျောက်တုံး အချို့ကို ခက်ခက်ခဲခဲ ထုတ်ယူလိုက်သည်။ "ဆယ်တုံးဗျာ... ကျွန်တော့်မှာ ဒီလောက်ပဲ ရှိတာ"

မိန်းမပျိုလေး၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ချန်ရွှင်၏ မျက်နှာကို အကဲခတ်ကြည့်သော်လည်း နှာခေါင်း၊ မျက်လုံး၊ ပါးစပ်မှလွဲ၍ ဘာမှ မမြင်ရပေ။

"ကောင်းပြီလေ... ရောင်းလိုက်မယ်" မိန်းမပျိုလေးက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

"ကျွန်တော့်ကို သေတ္တာ သုံးလုံးလောက် လက်ဆောင်ပေးပါလား၊ ထည့်စရာ မရှိလို့..."

ချန်ရွှင်သည် သူမ၏ နောက်ကျောဘက်ရှိ ဆေးသေတ္တာများကို ကြည့်ကာ လိုချင်နေသည်မှာ ကြာပြီဖြစ်သည်။

မိန်းမပျိုလေး မျက်လုံး ပြူးသွားသည်။ သည်လူသည် တစ်ကယ်ဓားပြအကြီးစားဖြစ်ဟန်သူသည်။ အလကားရလျှင် ရေပင်ပါဆယ်ဆွဲမည်လား မဆိုနိုင်ပေ။ သို့သော် သူမက ပေးလိုက်ပြီး ချန်ရွှင်ကို ချိုသာစွာ ပြုံးပြလိုက်သေးသည်။

"နွားကြီး... ချွေတာသင့်ရင် ချွေတာ၊ သုံးသင့်ရင် သုံး... သဘောပေါက်လား"

"မွန်း မွန်း "

နွားနက်ကြီးက မကျေမနပ်ဖြင့် ချန်ရွှင်ကို ဝှေ့လိုက်သည်။ သူတို့ လူ့လောကမှာ နေကတည်းက သည်သဘောတရားကို နားလည်ပြီးသားဖြစ်သည်။

"အစ်ကိုကြီး... ဒီမီးလုံး ပစ်လွှတ်ခြင်း ပညာက ဘယ်လောက်လဲ" ချန်ရွှင်သည် ဂါထာမန္တန် ရောင်းသော ဆိုင်ရှေ့သို့ ရောက်သွားပြီး တည်ငြိမ်စွာ မေးလိုက်သည်။

လူလတ်ပိုင်း အရွယ် အမျိုးသားက ချန်ရွှင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံး ပြူးသွားသည်။ "အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးတုံး"

ချန်ရွှင် မျက်စိမျက်နှာပျက်သွားပြီး တွေဝေနေသည်။ နွားနက်ကြီးက ချန်ရွှင်ကို အတင်း ဆွဲခေါ်နေသည်။ သွားမယ်... သွားမယ်။

"မိတ်ဆွေ... ခဏနေပါဦး"

အမျိုးသားက ချန်ရွှင်နှင့် နွားနက်ကြီးကို ကြည့်လိုက်သည်။ "တကယ် လိုချင်တာလား"

"အင်း... နည်းနည်းတော့ လိုချင်တယ်" ချန်ရွှင်က ခေါင်းညိတ်လိုက်သည်။

"နှစ်တုံးနဲ့ ယူသွားလိုက် "

"အစ်ကိုကြီးက သဘောကောင်းတာပဲ"

ချန်ရွှင်က ချီးကျူးလိုက်ပြီး ပေါင်ကြားထဲမှ ဝိညာဉ်ကျောက်တုံး နှစ်တုံး ထုတ်ပေးကာ စာအုပ်ကို ယူပြီး ချက်ချင်း ထွက်သွားလေသည်။ ဆိုင်ရှင် အမျိုးသားက ခေါင်းခါလိုက်ပြီး ဆိုင်အောက်မှ "မီးလုံး ပစ်လွှတ်ခြင်း ပညာ" စာအုပ် တစ်အုပ်ကို ထပ်ထုတ်လိုက်သည်။ ပေါပေါများများ ရနိုင်သော စာအုပ် ဖြစ်သဖြင့် သူ အကန့်အသတ်မရှိ ပုံနှိပ်ထားနိုင်သည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဆိုင်တိုင်းမှ ဂါထာမန္တန် စာအုပ် တစ်အုပ်စီ ဝယ်ယူကြသည်။ ပိုမဝယ်ပေ။

"ပစ္စည်း ထိန်းချုပ်ခြင်း ပညာ"၊ "အခြေခံ ဆေးဖော်နည်း"၊ "ဝိညာဉ်ဆေးပင် စွယ်စုံကျမ်း"၊ "အမြင်ပညာ" စသည်တို့ကို ဝယ်ယူခဲ့သည်။ ထို့အပြင် ဝိညာဉ်ဆေးပင် မျိုးစေ့ တစ်အိတ်ကိုလည်း ဈေးကြီးပေး ဝယ်ယူခဲ့ရသဖြင့် ဝိညာဉ်ကျောက်တုံး (၁၀၀) မှာ ကုန်ခါနီး ဖြစ်သွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် တောင်ကြားထဲတွင် လျှောက်သွားရင်း နှလုံးခုန်သံများ မြန်ဆန်နေသည်။ သူတို့ ပိုင်ဆိုင်ထားသော ပစ္စည်းများက အလွန် များပြားလွန်းသဖြင့် မရေမတွက်နိုင်သော တစ်ကိုယ်တော် ကျင့်ကြံသူများ လာရောက် ဓားပြတိုက်တော့မည်ဟု ခံစားနေရသည်။

"နွားကြီး"

"မွန်း"

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် တစ်ယောက်ကို တစ်ယောက် လေးလေးနက်နက် ကြည့်လိုက်ပြီး ခြေလှမ်းများကို မြန်ဆန်စွာ ရွှေ့လျားလိုက်ကြသည်။ တောင်ကြားထဲမှ တဟုန်ထိုး ပြေးထွက်သွားကြပြီး ပျောက်ကွယ်သွားကြသည်။ ယခုတစ်ကြိမ်တွင်တော့ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း မရောက်လာခင်ကတည်းက ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

...

နင်းယွင် တောင်တန်း အစွန်အဖျားတွင် တောကောင်တစ်ကောင်၏ ဂူကို သူတို့ သိမ်းပိုက်လိုက်သည်။ ကျောက်တုံးကြီး တစ်တုံးဖြင့် ဂူပေါက်ဝကို ပိတ်ထားလိုက်ရာ သာမန်လူများ အနေဖြင့် ရွှေ့နိုင်မည် မဟုတ်ပေ။

ကျောက်တုံးပေါ်တွင် နွယ်ပင်များ ရှုပ်ထွေးစွာ ပေါက်ရောက်နေသဖြင့် သတိထား မကြည့်လျှင် ဂူရှိမှန်း သိနိုင်မည် မဟုတ်ပေ။

ဖျစ်...

မီးတောက် တစ်ခု တောက်လောင်လာပြီး ဂူတစ်ခုလုံး လင်းထိန်သွားသည်။ ချန်ရွှင်၏ မျက်နှာမှာ နီရဲနေပြီး နွားနက်ကြီးမှာလည်း ဝမ်းသာအားရ ကခုန်နေသည်။

"နွားကြီး... ချမ်းသာမှုဆိုတာ မထုတ်ပြရဘူး၊ စိတ်ကို ငြိမ်ငြိမ်ထားစမ်းပါ"

ချန်ရွှင်က အသံတုန်တုန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။

"ကြည့်ပါဦး မင်းပုံစံကို၊ ဘယ်တော့မှများ ငါ့လို တည်ငြိမ်မှာလဲ"

"မွန်း..."

နွားနက်ကြီးက ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေသည်။

"ငါတို့ရဲ့ မူလစွမ်းအင် က (၁၅) မှတ် ရှိတယ်၊ ပေါင်းလိုက်ရင် (၃၀) ပေါ့၊ တစ်ရက်တည်းနဲ့ ဝိညာဉ်ဆေးပင်ကို နှစ်နှစ်ကျော်ကြာအောင် ကြီးထွားစေနိုင်တယ်"

ချန်ရွှင်က ပြောရင်းဖြင့် စိတ်လှုပ်ရှားလာကာ တံတွေးများပင် စင်လာသည်။ "နွားကြီး... မင်း တွက်တတ်လား၊ တစ်လဆို ဘယ်နှစ်နှစ်လဲ"

"မွန်း မွန်း မွန်း " နွားနက်ကြီးက နှစ်ချက်အော်လိုက်ပြီး ကျောက်ခဲလေး တစ်လုံးကို ကိုင်ကာ မြေကြီးပေါ်တွင် ရေးခြစ် တွက်ချက်နေသည်။

"(၇၅) နှစ်ကွ "

ချန်ရွှင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"တစ်လတည်းနဲ့ နှစ်တစ်ရာ ဝိညာဉ်ဆေးပင် တစ်ပင် ရနိုင်တယ်၊ ဘုရားရေ... ဘုရားရေ"

"မွန်း မွန်း မွန်း "

နွားနက်ကြီး လန့်သွားပြီး ကျောက်ခဲလေး လွတ်ကျသွားသည်။ သူတို့ စုံစမ်းထားသလောက်ဆိုလျှင် နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင် တစ်ပင်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) မှ (၂၀၀) အထိ ရရှိနိုင်သည်။ သူတို့ဆီမှာ မျိုးစေ့တွေလည်း ရှိသေးသည်။ ရောင်းလိုက်၊ ဝယ်လိုက် သံသရာလည်နေလျှင် ဤ ကျင့်ကြံခြင်းလောကမှာ သူတို့မှမချမ်းသာလျှင် မည်သူက ချမ်းသာမည်နည်း။

"လျှောက်မတွေးနဲ့၊ ငါတို့ဆီမှာ အများကြီး ရောင်းနိုင်မယ့် အင်အား မရှိသေးဘူး"

ချန်ရွှင်က နွားနက်ကြီး၏ မျက်နှာကို ကြည့်ပြီး ၎င်း ဘာတွေးနေသည် ဆိုတာ သိလိုက်သည်။

"နေရာပြောင်းပြီး လုပ်မှ ရမယ်၊ ဒါမှ လူတွေ သတိမထားမိမှာ၊ ပြီးတော့ ငါတို့ ကိုယ်တိုင်လည်း ဆေးဖော်ရဦးမယ်လေ"

"မွန်း မွန်း "

နွားနက်ကြီးက ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။

"ငါတို့ ဆေးသေတ္တာထဲက ဝိညာဉ်ဆေးပင် သုံးပင်ကို အရင်ဆုံး နှစ်တစ်ရာ ပြည့်အောင် ပျိုးထောင်မယ်၊ မျိုးစေ့တွေကိုတော့ တစ်ပင်ပြီးမှ တစ်ပင် စိုက်မယ်"

ချန်ရွှင်က စိတ်မလောဘဲ ပြောလိုက်သည်။ နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင်များကို အပြင်ဘက်တွင် စိုက်ပျိုးထားလျှင် ထွက်ပေါ်လာသော ဆေးရနံ့ကြောင့် မိစ္ဆာသားရဲများနှင့် ဝိညာဉ်သားရဲများ ရောက်ရှိလာနိုင်သည်။ ဤဆေးသေတ္တာများက ဆေးအာနိသင်ကို ထိန်းသိမ်းပေးနိုင်ရုံသာမက ဆေးရနံ့ကိုပါ ဖုံးကွယ်ပေးထားနိုင်သည်။ နောက်ဆိုရင် ဒီသေတ္တာတွေ များများ ရှာထားမှ ဖြစ်မယ်ဟု ချန်ရွှင် တွေးလိုက်မိသည်။

All Chapters