← Chapters

အခန်း (၂၅-၂၆)

Vol. 2 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 2 Ch. 25-26

အခန်း (၂၅)

"မွန်း"

နွားနက်ကြီးက လေးနက်သော အမူအရာဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

"နွားကြီး... အလုပ်စကြစို့" ချန်ရွှင်က ပြုံးလျက် ပြောလိုက်သည်။ "ငါတို့ ဂါထာမန္တန်တွေ လေ့ကျင့်ရဦးမယ်လေ"

"မွန်း"

နွားနက်ကြီး၏ မျက်လုံးများ အရောင်တောက်သွားသည်။ မီးလုံး ပစ်လွှတ်ခြင်း ပညာ ကို သူ မျှော်လင့်နေသည်မှာ ကြာပြီဖြစ်သည်။ လမ်းဘေး မျက်လှည့်ပြပွဲများတွင် ထိုပညာမျိုးကို သူ မကြာခဏ တွေ့ဖူးသည်။

သူတို့သည် နေ့စဉ်ရက်ဆက် ဝိညာဉ်ဆေးပင်များကို စိုက်ပျိုးခြင်း၊ ဂါထာမန္တန်များ လေ့ကျင့်ခြင်းနှင့် ချီ စွမ်းအားကို ကျင့်ကြံခြင်းတို့ဖြင့် အချိန်ကုန်ဆုံးကြသည်။ ဗိုက်ဆာလျှင်၊ ရေငတ်လျှင် တောင်တန်းထဲသို့ ဝင်ကာအမဲလိုက်ထွက်ကြသည်။ နေ့ရက်များသည် အေးချမ်းသာယာလျက် ရှိသည်။

လဝက်ကျော် ကြာမြင့်ပြီးနောက်...

ဂူအတွင်းရှိ အခြေအနေသည် တင်းမာနေပြီး တစ်စုံတစ်ခု ဖြစ်ပျက်တော့မည့်အလား တိတ်ဆိတ်ငြိမ်သက်နေသည်။

"နွားကြီး... မင်း ခဏလေးအတွင်းမှာတင် ချီ စုစည်းမှုအဆင့် (၄) ကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး၊ ကြည့်ရတာ ဒီနေ့ မင်းကို အရှင်ထားလို့ မဖြစ်တော့ဘူး ထင်တယ်"

ချန်ရွှင်၏ မျက်နှာမှာ အေးစက်တည်ငြိမ်နေသည်။ သူ၏ လက်ချောင်းများမှာ အဆက်မပြတ် လှုပ်ရှားနေပြီး ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များ တလိပ်လိပ်ထလာသည်။

"ငါ့ရဲ့ ထိန်းချုပ်ခြင်းပညာကိုမြည်းကြည့်စမ်း"

"မွန်း"

နွားနက်ကြီးက သတိကြီးစွာဖြင့် အသင့်အနေအထား ပြင်လိုက်သည်။ ရုတ်တရက် သူ့နောက်ကျောဘက်မှ ကျောက်ခဲတစ်လုံး လေပေါ်သို့ ပျံတက်လာပြီး သူ့ကို အလစ်ဝင်တိုက်ရန် ပြင်လိုက်သည်။

"မွန်း... မွန်း... မွန်း"

သူသည် နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်လိုက်ပြီး ရှေ့ခြေထောက်ဖြင့် ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ မီးလုံးငယ်လေး တစ်လုံး ပစ်လွှတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး ကျောက်ခဲကို တည့်တည့် ဝင်တိုက်လေသည်။

ဖျစ်... ဖျစ်...

ဂူတစ်ခုလုံး ပူပြင်းသော အငွေ့အသက်များ လွှမ်းခြုံသွားသည်။ ကျောက်ခဲလေးမှာ အမှုန့်အဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ပြီး နွားနက်ကြီးက ရယ်မောလိုက်သည်။

"တောင်ကိုရွှေ့ပစ်နိုင်တဲ့ခွန်အား"

"မွန်း... "

နွားနက်ကြီးက အော်ဟစ်လိုက်ပြီး ချန်ရွှင်ကလည်း တဟားဟား ရယ်မောလိုက်သည်။ ထို့နောက် နွားနက်ကြီးကို ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။ ဤကစားနည်းကား သူတို့အတွက် ဘယ်တော့မှ ရိုးမသွားသော ကစားနည်း ဖြစ်သည်။ ခေတ္တမျှ ဆော့ကစားပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မြေကြီးပေါ်တွင် ထိုင်ချလိုက်ကြသည်။ သူတို့၏ မျက်ဝန်းများတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။ နောက်ဆုံးတော့ သူတို့တွင်လည်း ကိုယ်ပိုင် ဂါထာမန္တန်များ ရှိလာခဲ့ပြီ မဟုတ်ပါလား။

သို့သော် နွားနက်ကြီး၏ အခြေအနေက ချန်ရွှင်ကို အံ့သြစေခဲ့သည်။ ပြီးခဲ့သည့် နှစ်များအတွင်း အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံ၌ သူတို့ လေ့လာသိရှိခဲ့ရသည်မှာ ဝိညာဉ်သားရဲများသည် လူသားများနှင့် လုံးဝ မတူညီကြပေ။ လူသားများ ကျင့်ကြံသော ကျင့်စဉ်များ (သို့မဟုတ်) ဂါထာမန္တန်များကို ဝိညာဉ်သားရဲများ အနေဖြင့် ပုံမှန်အားဖြင့် ကျင့်ကြံ၍ မရနိုင်ပေ။ သို့သော် နွားနက်ကြီးကတော့ အကုန်လုံးကို ကျင့်ကြံနိုင်နေသည်။ ပြောရမည် ဆိုလျှင် ဝိညာဉ်သားရဲ ဆိုသည့် အဆင့်အတန်းကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။

သို့သော် နွားနက်ကြီးက ဘာကောင်ပင် ဖြစ်နေပါစေ၊ သူ့အတွက်တော့ ထာဝရ မိသားစုဝင် တစ်ဦးသာ ဖြစ်သည်။ ချန်ရွှင်က နွေးထွေးစွာ ပြုံးလိုက်ပြီး မွန်း... မွန်း... ဟု အော်မြည်နေသော နွားနက်ကြီးကို ပွတ်သပ်ပေးလိုက်သည်။

...

အချိန်တန်တော့ အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံ ကျင်းပချိန် ရောက်ရှိလာပြန်သည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ရောက်ရှိလာသည်။ သူတို့သည် နှစ်ကိုယ်တည်း လျှောက်လှမ်းလာကြပြီး မျက်ဝန်းများသည် အလွန်တည်ငြိမ်လျှက်ရှိသည်။ တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြားသည် သူတို့ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းခါသွားကြသည်။ ဤလူသည် ကျင့်ကြံခြင်း လောက၏ အသနားစရာ အကောင်းဆုံး လူစားမျိုး ဖြစ်သည်ဟု တွေးမိကြသည်။ ပါရမီလည်း မရှိ၊ စိတ်ကလည်း မဖြတ်နိုင်၊ နောက်ဆုံးတော့ ဤတောဤတောင်ထဲတွင် အရိုးဆွေးသွားရမည့် ဘဝမျိုးပင်။

သို့သော် သူတို့၏ မျက်နှာတွင် လှောင်ပြောင်သော အရိပ်အယောင်များ မရှိတော့ပေ။ ဤကဲ့သို့သော လူမျိုးကို မြင်ရသည်မှာ လေးစားစရာ ကောင်းသလို တစ်ဖက်တွင်လည်း အများစု၏ ဖြစ်တည်မှု ပုံရိပ်စစ်ကို ထင်ဟပ်နေသဖြင့် ဝမ်းနည်းစရာလည်း ကောင်းလှသည်။ နှစ်ရှည်လများ ကျင်လည်နေသော ဝါရင့်ကြီး အချို့ကမူ မျက်လုံးများကို မှေးစင်းထားကြသည်။ သူတို့သည် ဤလူလောက် ဇွဲမရှိကြပေ။ အကယ်၍ ထိုသူသာ ယခုနှစ်မလာရောက်လျှင် သူတို့ ရင်ထဲ တစ်ခုခုလိုသလို ဟာတာတာတော့ဖြစ်မည်မှာအမှန်ပင်။

ချန်ရွှင်သည် သူတို့၏ လူသတ်၊ ပစ္စည်းလု စာရင်းထဲတွင် ဘယ်တုန်းကမှ မပါဝင်ခဲ့ပေ။ သူက သိပ်ကို ဆင်းရဲလွန်းသည်။ ထို့အပြင် သူ၏ အင်မော်တယ် ဖြစ်ချင်သော စိတ်ဆန္ဒက သန့်စင်လွန်းသဖြင့် အရူးတစ်ယောက်နှင့်ပင် တူနေတော့သည်။

တောင်ကြားအတွင်း... ဂိုဏ်းတစ်ခု၏ ပြခန်းဆောင် တစ်ခု၌...

ချန်ရွှင်၏ မျက်နှာပေါ်ရှိ တည်ငြိမ်မှုများ ပျောက်ကွယ်သွားပြီး သနားစရာကောင်းသော အသံဖြင့် အော်ဟစ်လိုက်သည်။

"စီနီယာကြီးရယ်... နည်းနည်းလောက် ထပ်တိုးပေးပါဦးဗျာ၊ တစ်သက်လုံးနေမှ ဒီတစ်ပင်တည်း ကောက်ရတာပါ"

အဘိုးအိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ဤနှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ပေါင်းစည်းမြက် ကို ကြည့်ကာ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။

"စီနီယာကြီး... ဒီ နှစ်တစ်ရာ ဝိညာဉ်ဆေးပင်ရဲ့ အရည်အသွေးကို ကြည့်ပါဦး၊ သူ့ရဲ့ လတ်ဆတ်မှုကို ကြည့်ပါဦး၊ ဆေးအာနိသင် လုံးဝ မပျက်စီးသေးဘူး၊ ကောက်ရရချင်း အပြေးလာရောင်းတာပါဗျာ"

ချန်ရွှင်၏ မျက်လုံးများထဲမှ ဝမ်းနည်းဝမ်းသာ မျက်ရည်တုနှစ်စက်ကို အတင်းညှစ်ထုတ်လိုက်သည်။

"နည်းနည်းလောက် ထပ်တိုးပေးလိုက်တာနဲ့ ဒါကြီးက စီနီယာကြီး ပိုင်ဆိုင်တဲ့အရာ ဖြစ်သွားမှာပါ"

"ကဲ... ဒါဆို ဝိညာဉ်ကျောက်တုံး (၁၀) တုံး ထပ်တိုးပေးမယ်၊ ဆေးအာနိသင်က တကယ် မဆိုးဘူးပဲ"

"ကောင်းပါပြီ"

ချန်ရွှင်၏ မျက်နှာသည် ချက်ချင်း တည်ငြိမ်သွားသည်။ ပိုပြီး အခွင့်အရေး မယူတော့ပေ။ အဘိုးအိုမှာ ချန်ရွှင်၏ မျက်နှာပြောင်းလဲပုံကို ကြည့်ပြီး မျက်ခုံးလှုပ်သွားသည်။ ဒီကောင် ငါ့ရှေ့လာပြီး နှစ်ကျပ်ကွက်နင်းနေတာကိုး ဟု တွေးလိုက်မိသည်။

"စီနီယာကြီး... ကျွန်တော် ဆေးသေတ္တာ နည်းနည်းလောက် ဝယ်ချင်လို့၊ ကျွန်တော့် နွားကြီးက သိပ်ကြိုက်လို့ပါ"

ချန်ရွှင်ကပြောလိုက်သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၂၀) တိတိ သူ့လက်ထဲ ရောက်လာပြီ ဖြစ်သည်။

"နောက်တစ်ခါ ထပ်ကောက်ရရင် စီနီယာကြီးဆီပဲ လာပို့ပါ့မယ်"

"ဟဲဟဲ... ငါးခုကို ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ၊ ကိုယ့်ဘာသာ ယူသွားလိုက်"

အဘိုးအိုက ပြုံးလျက် ခေါင်းခါလိုက်သည်။ သူက ပြခန်းဆောင် အပြင်ဘက်ရှိ နွားနက်ကြီးကို လှမ်းကြည့်လိုက်သည်။ နှစ်တစ်ရာ ဝိညာဉ်ဆေးပင် ဆိုသည်မှာ ကောက်ချင်တိုင်း ကောက်ရသည် မဟုတ်ပေ။ အဘိုးအို အံ့သြသွားလောက်အောင်ပင် ချန်ရွှင်သည် တစ်ခါတည်း သေတ္တာ (၃၀) တိတိ ဝယ်ယူလိုက်ပြီး နွားနက်ကြီး၏ ဘေးအိတ်ကပ် နှစ်ဖက်ထဲသို့ ထည့်ကာ ပျောက်ကွယ်သွားလေသည်။

"တကယ့်ကို တောသားလေးပဲ"

အဘိုးအိုက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ့လက်ထဲရှိ ဝိညာဉ်ဆေးပင် ထည့်ထားသော သေတ္တာကိုပင် ပြန်တောင်းသွားသေးသည်။ နင်းယွင် တောင်တန်း၏ တောနက်ကြီးများအတွင်း၌ ကြိုးကြာဖြူပင် များ ပေါများစွာ ရှိသည်။

ဤဆေးသေတ္တာ ဆိုသည်မှာ ထိုသစ်ပင်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး သိပ်တန်ဖိုးရှိလှသည် မဟုတ်ပေ။ နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ဤကိစ္စကို ချန်ရွှင် သိရှိသွားပြီး အတော်လေးနောင်တရခဲ့သည်။ သူ့မှာ အမာရွတ်မြင်တိုင်း သတိရသည့် ကေဝဋ်ပုဏ္ဏားကဲ့သို့ဖြစ်ကာ ကြိုးကြာဖြူပင်မြင်တိုင်း ပုဆိန်နှင့်သာခုတ်ပစ်ချင်နေတော့သည်။

ယခုတွင်တော့ သူတို့သည် ဆေးဖော်စပ်ရာ အဆောင်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြသည်။ ဤနေရာတွင် ရောင်းချသော ဆေးများသည် အပြင်ဘက်မှ တစ်ကိုယ်တော် ကျင့်ကြံသူများ ရောင်းချသည်ထက် ဈေးကြီးသော်လည်း အရည်အသွေး အာမခံချက် ရှိသည်။

"မိတ်ဆွေ... ဘာလိုချင်လို့ပါလဲ"

ဂိုဏ်းသားတစ်ဦးက ချန်ရွှင်ကို လာရောက်ကြိုဆိုသည်။ ဤနေရာတွင် ဆေးဖော်ရာ၌ အသုံးပြုသော ပစ္စည်းမျိုးစုံ ရှိသည်။ ဆေးမီးဖို များ၊ ဝိညာဉ်ဆေးပင်များ၊ ဆေးများနှင့် ဆေးဖော်နည်း စာအုပ်များ အစုံအလင် ရှိသည်။

သူသည် ထူးဆန်းသော တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြားကို မြင်ဖူးသဖြင့် မျက်နှာဖုံးစွပ်ထားသော ချန်ရွှင်ကို မြင်သော်လည်း စိတ်ထဲတွင် မည်သို့မျှ မခံစားရပေ။

"ဒီ ဆေးမီးဖိုက ဘယ်လိုရောင်းတာလဲ" ချန်ရွှင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး အထာနပ်သည့် ပုံစံ ဖမ်းလိုက်သည်။

"ဒါက အဝါရောင်အဆင့် အနိမ့်စား ဆေးမီးဖိုပါ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀) ပဲ ကျပါတယ်"

ဂိုဏ်းသားက ပြုံးလျက် ရှင်းပြပြီးနောက် ဘေးနားမှ ပိုကြီးသော မီးဖိုကြီးကို ညွှန်ပြလိုက်သည်။ "ဒီဘက်က ပိုကြီးတဲ့ဟာ ဆိုရင်တော့..."

"ဒါပဲ ယူမယ်ဗျာ"

ချန်ရွှင် ရင်ထဲ ထိတ်သွားသည်။ ဘာလို့ ဒီလောက် ဈေးကြီးရတာလဲ။ သူ မေးလိုက်မိသည်။

"မိတ်ဆွေ... အပြင်က တစ်ကိုယ်တော် ကျင့်ကြံသူတွေ ရောင်းတဲ့ ဟာတွေက (၁၀) တုံးပဲ ရှိတာပါ"

"အဲဒါတွေက အဆင့်မမီတဲ့ အရာတွေ…. ဒါမှမဟုတ်ရင် နေရာတော်တော်များများ ပျက်စီးနေတဲ့ အဟောင်းတွေပါ"

ဂိုဏ်းသားက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

"အဲဒီလို ဆေးမီးဖိုတွေက ဆေးအောင်မြင်မှု နှုန်းထားနဲ့ ဆေးအရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်"

"တကယ့် ပညာရှင်ပဲ "

ချန်ရွှင်က ချီးကျူးလိုက်သည်။ ဝိညာဉ်လက်နက် ပစ္စည်းများကို ဝယ်ယူမည် ဆိုလျှင် တရားဝင် ဆိုင်ကြီးများတွင် ဝယ်ယူခြင်းက ပိုစိတ်ချရသည် မဟုတ်ပါလား။ ထို့နောက် ဝိညာဉ်ကျောက်တုံးများကို ပေးချေကာ ထွက်ခွာလာခဲ့သည်။

ကျင့်ကြံခြင်းလောကရှိ ပစ္စည်းများကို ကောင်းကင်၊ မြေကြီး၊ အနက်ရောင်၊ အဝါရောင်ဟူ၍ အဆင့် (၄) ဆင့် ခွဲခြားထားသည်။ ပိုမိုမြင့်မားသော အဆင့်များ ရှိသေးသော်လည်း သူတို့ကဲ့သို့ သာမန် ကျင့်ကြံသူများ အနေဖြင့် လက်လှမ်းမမီနိုင်ပေ။

"မွန်း"

နွားနက်ကြီးသည် ထိုဆေးမီးဖိုလေးကို အလွန် သဘောကျနေပြီး ချန်ရွှင်ကို အဆက်မပြတ် ထုတ်ပြခိုင်းနေသည်။

ဥစ္စာဓန၊ မိတ်ဆွေ၊ နည်းလမ်း၊ နေရာ... ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားက တကယ်ကို မှန်ကန်လှပါလား။ ချန်ရွှင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ အင်မော်တယ်ဖြစ်ချင်လျှင်ပင် ဤသဘောတရားအောက်ကလွတ်မြောက်ရန်မှာမဖြစ်နိုင်ပေ။ သူတို့သည် စာအုပ်ငယ်လေးများကို ဆက်လက် ရောင်းချကြသည်။ မနှစ်က စာအုပ် ရောင်းအား ကောင်းခဲ့သဖြင့် ယခုနှစ်တွင် တစ်ရက်တည်းနှင့် ဝိညာဉ်ကျောက်တုံး (၁၀၀) ကျော် ရရှိခဲ့သည်။

မှောင်မိုက်သော ထောင့်တစ်နေရာတွင် ချန်ရွှင်၏ မျက်လုံးများ အရောင်တောက်နေသော်လည်း ဝမ်းသာအားရ ဖြစ်မနေပေ။

"နွားကြီး... ဒီနှစ် ရောင်းပြီးရင် ဆက်မရောင်းတော့ဘူး"

"မွန်း " နွားနက်ကြီး နားမလည် ဖြစ်သွားသည်။

"ပထမအချက်က ဒီစာအုပ်မျိုးကို အတုလုပ်ရတာ လွယ်လွန်းတယ်၊ ဒုတိယအချက်က လူတွေ သတိထားမိတာ များလာရင် မကောင်းဘူး၊ ငါတို့ လိုချင်တာက ပထမဆုံး ရင်းနှီးမတည်ငွေပဲလေ"

"မွန်း "

နွားနက်ကြီး သဘောပေါက်သွားသည်။ ယခုနောက်ပိုင်း သူ၏ ဦးနှောက်က ပိုမို ကောင်းမွန်လာပြီး တစ်ချက်ပြောလိုက်ရုံနှင့် နားလည်သည်။ ချန်ရွှင် မျက်ရိပ်ပြလိုက်ရုံဖြင့် ဘာလုပ်ရမည်ကို သိသည်။

(ဒါပေမဲ့ တခြားလူတွေ မျက်ရိပ်ပြရင်တော့ သူ သိပ်နားမလည်ပါ)

"ဟော... မိတ်ဆွေ၊ ဒီမှာ ရှိနေတာကိုး" အဖြူရောင် ဝတ်ရုံနှင့် အဘိုးအို တစ်ဦးသည် ပြုံးလျက် လျှောက်လာသည်။ သူတို့ကို ရှာနေသည်မှာ ကြာပြီဟု ထင်ရသည်။

"ဘာကိစ္စ ရှိလို့လဲ"

ချန်ရွှင် မျက်လုံးများ မှေးကျဉ်းသွားသည်။ ဟိုတစ်ခါ တွေ့ဖူးသော ဆေးလိမ်ရောင်းသည့် အဘိုးကြီး ဖြစ်နေသည်။

"ကျုပ်ဆီမှာ မိတ်ဆွေရဲ့ စာအုပ်နဲ့ ပတ်သက်ပြီးကောင်းတာတစ်ခု ရထားတယ်၊ မိတ်ဆွေ စိတ်ဝင်စားမလား မသိဘူး"

အဘိုးအိုက လက်ကို နောက်ပစ်လျက် ရယ်မောလိုက်သည်။ သူသည် ချန်ရွှင်ကို စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်သည်။ နှစ်တိုင်း လာသော်လည်း ဂိုဏ်းဝင်ခွင့် မဖြေဆိုသော ဤလူသည် သူ့အကွက်ထဲ ဝင်လာမည်ဟု ယုံကြည်ထားသည်။ ချန်ရွှင်က ဘာမှ ပြန်မပြောဘဲ ခေါင်းခါပြလိုက်သည်။ ထို့နောက် နွားနက်ကြီးကို ဆွဲလျက် လမ်းမဘက်သို့ ထွက်သွားလေသည်။ မျက်ဝန်းထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင် အနည်းငယ်မျှ မပြပေ။

အဘိုးအိုမှာ ကြောင်အမ်းအမ်း ကျန်ရစ်ခဲ့သည်။ "ဒီကောင် တော်တော်ခေါင်းမာပါလား"

လမ်းမပေါ်တွင်...

"နွားကြီး... မှတ်ထား၊ ငါတို့ ဒီတစ်သက် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး၊ ဘယ်သူ့ဆီက မတော်မတရားရတဲ့ငွေကို မလိုချင်ဘူး၊ ဒါပေမဲ့ ကောင်းကင်ပေါ်ကနေ ရွှေတွေ ၊ ငွေတွေ အလိုလိုကျလာမယ် ဆိုတာမျိုးကိုလည်း ဘယ်တော့မှ မယုံနဲ့"

ချန်ရွှင်၏ မျက်ဝန်းများသည် လေးနက်နေပြီး တစ်လုံးချင်းစီ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီလိုနေရင် အခွင့်အရေးတွေ အများကြီး လက်လွတ် ဆုံးရှုံးရနိုင်တယ်၊ ဒါပေမဲ့ ငါတို့ ဘယ်တော့မှ အလိမ်မခံရဘူး၊ မနစ်နာဘူး"

"မွန်း မွန်း " နွားနက်ကြီးက ချန်ရွှင်ကို ခေါင်းဖြင့် ဝှေ့လိုက်သည်။ သူ မှတ်သားထားလိုက်ပါပြီ။

...

အခန်း (၂၆)

သူတို့သည် ဝိညာဉ်ဆေးပင် မျိုးစေ့များကို လိုက်လံ ရှာဖွေကြသည်။ ဝိညာဉ်ဆေးပင်က ရှားပါးသော်လည်း မျိုးစေ့များကတော့ ပေါများလှသည်။ ချန်ရွှင်သည် အိတ်အတော်များများ ဝယ်ယူလိုက်သော်လည်း ထိုအထဲတွင် မျိုးမသန့်သောဗြုန်းများ ထက်ဝက်ခန့် ပါဝင်နေသည်။ ကြည့်ရသည်မှာအစစ်နှင့် အတု ရောရောင်းခြင်း ပင် ဖြစ်သည်။ ချန်ရွှင် ဒေါသထွက်သွားသည်။ သူသည် ချီ စုစည်းမှုအဆင့် (၄) သို့ ရောက်ရှိနေပြီ ဖြစ်သလို မီးလုံး ပစ်လွှတ်ခြင်း ပညာ ကိုလည်း တတ်မြောက်ထားပြီ ဖြစ်သည်။ သူ့ကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရသည်ဟု ထင်နေသလား။

"ကျွန်တော် ပေးထားတာက ဝိညာဉ်ကျောက်တုံး တစ်အိတ် အပြည့်ပါ၊ ခင်ဗျား ပေးတာက မျိုးစေ့ တစ်ဝက်ပဲ ပါတာလား" ချန်ရွှင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"မွန်း မွန်း " နွားနက်ကြီးကလည်း ဆိုင်ရှင်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘာဖြစ်လဲ... ဝိညာဉ်ဆေးပင် မျိုးစေ့ ဆိုတာ ဒီလိုပဲလေ၊ မိတ်ဆွေက ပြဿနာ လာရှာတာလား"

ဆိုင်ရှင်အမျိုးသားက မခိုးမခန့် ရယ်မောလိုက်သည်။ အဝါရောင် စက္ကူ အဆောင် တစ်ခု လေထဲသို့ ပျံတက်သွားပြီး လက်နှစ်ချောင်းဖြင့် ဝှေ့ယမ်းလိုက်ရာ အလင်းတန်း တစ်ချက် လက်ကာ ပျောက်ကွယ်သွားသည်။ သူက ချန်ရွှင်ကို စိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ နွားတစ်ကောင်ကို ဆွဲပြီး ခေါင်းစည်းပုဝါ စည်းထားသော ထိုအရူးကို ဤနေရာ၌ ဈေးရောင်းဖူးသူတိုင်း သိကြသည်။ ချီ စုစည်းမှုအဆင့် (၃) သာ ရှိပြီး မည်သည့်နောက်ခံမျှမရှိသည့် ကောင်လေး တစ်ယောက်သာ ဖြစ်သည်။

ချန်ရွှင်သည် မျက်လုံးပညာ ကို အသုံးပြုလိုက်ရာ ဤလူသည် ချီ စုစည်းမှုအဆင့် (၄) ရှိကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် ဝတ်စားဆင်ယင်ပုံကို ကြည့်ခြင်းအားဖြင့် ကြွယ်ဝချမ်းသာမည့်ပုံ ပေါက်သည်။

"ဂိုဏ်းတူအစ်ကို လျောင်... ဘယ်သူက ဒီနေရာမှာ ပြဿနာ လာရှာတာလဲ"

လူအုပ်ကြီး၏ နောက်မှ လူအချို့ ပြေးလာကြသည်။ သူတို့အားလုံးသည် ဆင်တူသော ဝတ်စုံများကို ဝတ်ဆင်ထားကြရာ ကျင့်ကြံခြင်း မိသားစု တစ်ခုခုမှ ဖြစ်လောက်သည်။ သူတို့အားလုံးသည် ချီ စုစည်းမှုအဆင့် (၄) ရှိကြပြီး တစ်ယောက်မှာ ချီ စုစည်းမှုအဆင့် (၅) ပင် ရှိသည်။ ဘေးပတ်ဝန်းကျင်မှ တစ်ကိုယ်တော် ကျင့်ကြံသူများ ဝိုင်းအုံလာကြပြီး ချန်ရွှင်ကို အထင်သေးစွာ ကြည့်ရှုနေကြသည်။

"ဘာလဲ... လူများတယ်ဆိုပြီး အနိုင်ကျင့်မလို့လား"

ချန်ရွှင်က အေးစက်စွာ ပြုံးလိုက်သည်။ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အလျဉ်းမရှိ။ "စီးပွားရေး လုပ်တယ် ဆိုတာ ဒီလို လုပ်ရတာမျိုး မဟုတ်ဘူး"

"ဘယ်သူများလဲလို့... ဒီ ဓားပြအရူး ဖြစ်နေတာကိုး"

မျက်နှာဝိုင်းဝိုင်းနှင့် လူထွားကြီးက မောက်မာစွာ ပြောလိုက်သည်။ "ဂိုဏ်းတူအစ်ကို... ဒီကောင့်ကို ကျွန်တော့် တာဝန် ထားလိုက်"

"ကောင်းပြီ"

ဆိုင်ရှင် အမျိုးသားက ခေါင်းညိတ်လိုက်သည်။ "တောင်ကြားထဲမှာ ဂါထာမန္တန် သုံးလို့ မရဘူးနော်၊ အနေအထား ကြည့်လုပ်ဦး"

"ဟေ့ကောင် အရူး... ဒူးထောက်ပြီး ငါ့အစ်ကိုကို ဦးချတောင်းပန်လိုက်၊ ဒါဆို ဒီနေ့ကိစ္စကို ကျေအေးပေးမယ်"

မျက်နှာဝိုင်းဝိုင်းနှင့် လူထွားကြီးက ခေါင်းမော့ကာ ချန်ရွှင်ကို ကြည့်လိုက်သည်။ "နောက်နှစ်တွေကျရင် ဒီနေရာမှာ မင်းမျက်နှာကို ထပ်မမြင်ချင်တော့ဘူး"

ထိုသူများမှာ သက်သက် ပြဿနာလာရှာကြခြင်း ဖြစ်သည်။ ဘဝမှာ အဆင်မပြေလေလေ၊ ကိုယ့်ထက် အားနည်းသူကို အနိုင်ကျင့်ပြီး စိတ်ဖြေဖျောက်လေလေ ဆိုသည့် လူစားမျိုးများ ဖြစ်သည်။ နဂါးမှန်းသိအောင်အမောက်ထောင်ပြဖို့တော့လိုလာပြီ။

"မင်းက ဘာကောင်မို့လို့လဲ... ရုပ်က ပုပ်ပွနေတဲ့ ဖရဲသီးလိုနဲ့"

ချန်ရွှင်က တည်ငြိမ်စွာ ပြောလိုက်ပြီး နေရာမှ တစ်ဖဝါးမှ မခွာပေ။ "ငါ့ရှေ့လာပြီး ခွေးဟောင်သလို လာဟောင်နေရအောင် မင်းအဆင့်က မမီပါဘူး"

"ပါးစပ်သရမ်းတဲ့ကောင်... မင်းပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ်"

ထိုလူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက ခြေတစ်လှမ်း တိုးလိုက်ပြီး လက်သီးဆုပ်လိုက်ရာ အလင်းရောင်များ ထွက်ပေါ်လာသည်။ လက်သီး သည် ပြင်းထန်သော လေတိုးသံနှင့်အတူ ချန်ရွှင်ဆီသို့ ဝင်ရောက်လာသည်။

ဘုန်း

ချန်ရွှင်က ခြေတစ်လှမ်း နောက်ဆုတ်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ လက်သီးချင်း ထိပ်တိုက် တွေ့သွားသောအခါ ထိုလူ၏ မျက်နှာ အရောင်ပြောင်းသွားပြီး နာကျင်မှုကို ခံစားလိုက်ရသည်။ ရုတ်တရက်သူ နာကျင်စွာ အော်ဟစ်လိုက်သည်။

"အား..."

ဖြောက်ခနဲ အရိုးကျိုးသံများ ထွက်ပေါ်လာပြီး ထိုလူ နောက်သို့ လွင့်ထွက်သွားသည်။ ချန်ရွှင်ကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။

"လျောင်မိသားစုရဲ့ စိန်လက်သီးကို တိုက်ခိုက်လိုက်တာလား ဒီလူက ပညာသည်တစ်ယောက်ပဲဟ"

"ဟဲဟဲ... ဒီအရူး... ဪ... ဒီမိတ်ဆွေမှာ ဒီလောက် စွမ်းရည်ရှိမယ်လို့ မထင်ထားမိဘူး"

...

ပတ်ဝန်းကျင်မှ ဆူညံသံများ ထွက်ပေါ်လာပြီး ချန်ရွှင်ကို ကြည့်သော အကြည့်များ ပြောင်းလဲသွားသည်။

"လျောင်မိသားစု ဟုတ်လား"

ချန်ရွှင်က ခေါင်းညိတ်လိုက်ပြီး ဒေါသထွက်နေသော လူအုပ်စုကို ကြည့်လိုက်သည်။

"မှတ်ထား... မင်းတို့ ငါ့ကို ဝိညာဉ်ဆေးပင် မျိုးစေ့ တစ်ဝက် ပေးဖို့ ကျန်သေးတယ်"

"ဒါဆို မိတ်ဆွေက တောင်ကြား အပြင်ဘက် ရောက်ရင် သတိထားရတော့မယ်"

ဆိုင်ရှင် အမျိုးသားက မြေကြီးပေါ် လဲကျနေသော လူကို တွဲထူရင်း အေးစက်စွာ ပြောလိုက်သည်။ "ပညာ နည်းနည်းပါးပါး တတ်ရုံနဲ့ ဘာမှ အဆုံးအဖြတ် မပေးနိုင်ဘူး"

"ဟုတ်လား"

ချန်ရွှင် ပြုံးလိုက်သည်။ ခေါင်းစည်းပုဝါ စည်းထားသဖြင့် သူ့အပြုံးမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းနေပြီး လျောင်မိသားစုဝင်များကို ကျောချမ်းသွားစေသည်။

ဘေးမှ ကြည့်နေသော တစ်ကိုယ်တော် ကျင့်ကြံသူများ စိတ်ထဲတွင် ဘုရားတမိလိုက်ကြသည်။ ဒီခေါင်းစည်းပုဝါရဲ့ ဖိအားက တော်တော် ပြင်းထန်ပါလား။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ထွက်ခွာလာခဲ့သည်။ သူတို့ နောက်တွင် လျောင်မိသားစုဝင် တစ်ဦးက နောက်ယောင်ခံ လိုက်ပါလာသည်။ သို့သော် သူတို့၏ ခြေလှမ်းများက တဖြည်းဖြည်း မြန်ဆန်လာသည်။ ပိုပိုပြီး မြန်လာသည်။ ကွေ့ကောက်သော လမ်းသုံးခုကို ဖြတ်ကျော်ပြီးနောက် တောင်ကြား အပြင်ဘက်သို့ တစ်မဟုတ်ချင်း ပြေးထွက်သွားရာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေသည်။ နောက်ယောင်ခံ လိုက်လာသူမှာ အံ့အားသင့်ကာ ကျန်ရစ်ခဲ့သည်။

လမ်းတွင်...

"နွားကြီး... ဒီတစ်ခါ ငါ စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်၊ တကယ်လို့ မျိုးစေ့ တစ်ဝက်လောက်ကို ငါတို့ သည်းခံနိုင်ခဲ့ရင် ရန်ငြိုးဖွဲ့စရာ အကြောင်း မရှိဘူး"

ချန်ရွှင်၏ မျက်ဝန်းထဲတွင် နောင်တရသော အရိပ်အယောင်များ ပေါ်နေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ကောလာဟလ သတင်းအချို့ ကြားခဲ့ရသော်လည်း ဘာမှ မဖြစ်သလို နေခဲ့ကြသည်။

"မွန်း မွန်း "

နွားနက်ကြီးက ဂရုမစိုက်ပေ။ တဘက်က သူတို့ကိုတမင်တကာအနိုင်ကျင့်ခြင်းဖြစ်သည်။

"လောလောဆယ် အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံကို မသွားဘဲ နေရအောင်၊ လျောင်မိသားစုက ငါတို့ကို လာနှောင့်ယှက်မှာ သေချာတယ်"

ချန်ရွှင်က လေးနက်စွာ ပြောလိုက်သည်။

"အင်အား အရင် တည်ဆောက်ကြမယ်…. ငါတို့က ကျောထောက်နောက်ခံမရှိဘူးလေ ကျင့်ကြံခြင်းလောက ဆိုတာ လူ့လောကထက် ပိုပြီး ရက်စက်ကြမ်းကြုတ်တယ်"

"မွန်း"

နွားနက်ကြီးက သဘောတူလိုက်သည်။ သူသည် ချန်ရွှင်ထက် အာရုံခံစားမှု ပိုမို ကောင်းမွန်သည်။ လျောင်မိသားစုဝင်များ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရှိနေသည်ကို သူ မြင်ခဲ့ရသည်။ တောင်တန်း အစွန်အဖျားရှိ ဂူထဲသို့ ပြန်ရောက်သောအခါ ချန်ရွှင်သည် မိမိကိုယ်ကို ပြန်လည် သုံးသပ်နေသည်။ လူ့လောကတွင် နေထိုင်သည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ဤနေရာသို့ ရောက်သောအခါ ဒေါသကို မထိန်းနိုင်ပေ။ ဤအရာသည် သူတို့အတွက် အသက်အန္တရာယ် ဖြစ်လာနိုင်သည်။

"နွားကြီး... နောက်တစ်ခါ ဒီလိုကိစ္စမျိုး ကြုံရင် ငါတို့ သည်းခံကြမယ်၊ ကိုယ့်မှာ အင်အား အလုံအလောက် ရှိလာတော့မှ ဆုံးရှုံးသွားတာတွေကို ပြန်ယူမယ်"

"မွန်း... မွန်း... မွန်း"

နွားနက်ကြီးက ချန်ရွှင်ကို ညင်သာစွာ ဝှေ့လိုက်သည်။ သူတို့၏ စိတ်နေသဘောထားမှာ အရာအားလုံးကို ဥပေက္ခာ ပြုနိုင်သည့် အဆင့်ထိ မရောက်သေးပေ။ အတွေ့အကြုံ ယူရဦးမည်။

"နွားကြီး... ကိစ္စမရှိပါဘူး" ချန်ရွှင်က နွားနက်ကြီးကို ဖက်လိုက်သည်။ "မင်း ဝိညာဉ်ဆေးပင်တွေကို သွားကြည့်လိုက်၊ ငါ ဆေးဖော်နည်း စာအုပ်ကို လေ့လာလိုက်ဦးမယ်"

"မွန်း" နွားနက်ကြီးက လိမ္မာစွာဖြင့် ထွက်သွားသည်။

ချန်ရွှင်သည် အခြေခံ ဆေးဖော်နည်း စာအုပ်ကို လှန်လှောဖတ်ရှုလိုက်သည်။ ဦးစွာ ခန္ဓာကိုယ်ထဲတွင် ဆေးမီးတောက်ကို စုစည်းရမည်။ ထို့နောက် ဝိညာဉ်ဆေးပင်များ၏ ဆေးအာနိသင်ကို တဖြည်းဖြည်း သန့်စင်ရယူပြီး နောက်ဆုံးတွင် ဆေးအဖြစ် ပေါင်းစပ်ရမည်။ သို့သော် ဆေးမီးတောက် အသုံးပြုခြင်းသည် ချီစွမ်းအင် အလွန် ကုန်ဆုံးစေသည်။ အနည်းငယ် သတိလက်လွတ် ဖြစ်သွားသည်နှင့် ဆေးတစ်ဖိုလုံး ပျက်စီးသွားနိုင်သည်။ စစ်မှန်သော ဆေးပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုသည်မှာ မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များကို ရင်းနှီးမြှုပ်နှံရခြင်း ဖြစ်သည်။

စာအုပ်ထဲတွင် ဖော်ပြထားသည်မှာ မြေကမ္ဘာ မီးတောက်ကို အသုံးပြု၍ ဆေးမီးတောက် အစားထိုးနိုင်သည် ဟူ၏။ သို့သော် ထိုကဲ့သို့သော နေရာမျိုးကို ဂိုဏ်းကြီးများက သိမ်းပိုက်ထားကြရာ သာမန် ကျင့်ကြံသူများ အနေဖြင့် စိတ်ကူးယဉ်ရန်ပင် မဖြစ်နိုင်ပေ။ ချန်ရွှင်သည် စိတ်ဝင်တစား ဖတ်ရှုနေသည်။ သူသည် ဆေးပညာကို သင်ကြားဖူးသဖြင့် အချို့အရာများမှာ သဘောတရားချင်း ဆက်နွှယ်နေသည်။

ချီ ကျင့်ကြံသူများ အသုံးအများဆုံး ဆေးများမှာ တောင်ပံဆေး နှင့် ချီ အားဖြည့်ဆေး တို့ ဖြစ်ကြသည်။ ကျင့်ကြံခြင်းအဆင့် တိုးတက်စေသော ဆေးကောင်းများ ဖြစ်ပြီး ဆေးဖော်နည်းမှာလည်း နေရာအနှံ့ ပေါများလှသည်။

"သက်တမ်း (၂၀) ရှိတဲ့ ဝိညာဉ်ဆေးပင် ဆိုရင် ဆေးဖော်လို့ ရပြီ"

ချန်ရွှင် တိုးတိုးလေး ရေရွတ်လိုက်သည်။ သက်တမ်းမြင့်လေ ပိုကောင်းလေ ဆိုသော်လည်း သက်တမ်းမြင့်သော ဆေးပင်များကို ပိုမို အဆင့်မြင့်သော ဆေးများ ဖော်စပ်ရာတွင် အသုံးပြုလေ့ ရှိကြသည်။

...

အချိန်များကား လျင်မြန်စွာ ကုန်ဆုံးသွားပြန်ရာ မသိလိုက်မဘာသာဖြင့် နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားခဲ့ပြီ။ ယခုနှစ်တွင် သူတို့သည် အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံသို့ မသွားကြတော့ပေ။ လျောင်မိသားစုဝင်များက တောင်ကြား အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော်လည်း အရိပ်အယောင်မျှ မတွေ့ရသဖြင့် လက်လျှော့လိုက်ကြရသည်။ ယခုနှစ်တွင် ချန်ရွှင်ကဲ့သို့ပင် စာအုပ်ငယ်လေးများ လိုက်လံရောင်းချသူ အချို့ ပေါ်ပေါက်လာပြီး စီးပွားဖြစ်သွားကြသည်။

ဂူအတွင်း၌...

ချန်ရွှင်သည် အမှတ်များကို မူလစွမ်းအင် ကဏ္ဍတွင် ဆက်လက် ပေါင်းထည့်လိုက်သည်။

ယနေ့တွင် ချန်ရွှင်သည် စိတ်ကို တည်ငြိမ်အောင် ထားကာ မြေကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ နွားနက်ကြီးက မတ်တပ်ရပ်လျက် ချန်ရွှင်၏ ပခုံးကို နှိပ်နယ်ပေးနေသည်။ နှာမှုတ်သံများ ထွက်ပေါ်နေပြီး စိတ်လှုပ်ရှားနေပုံ ရသည်။

"မင်္ဂလာ အချိန်အခါ ကျရောက်ပြီ၊ ငါ ဆေးစဖော်တော့မယ်၊ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ၊ ကျုပ် ချန်ရွှင်ကို မျက်နှာသာ ပေးကြပါကုန်လော့"

"မွန်း မွန်း မွန်း မွန်း " နွားနက်ကြီးကလည်း ချန်ရွှင်၏ နောက်မှနေ၍ အော်ဟစ် ဆုတောင်းပေးလိုက်သည်။

ချန်ရွှင်၏ မှေးစင်းထားသော မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။ သူ့ရှေ့တွင် ဆေးမီးဖို တစ်လုံး ရှိနေသည်။ လက်ညှိုးဖြင့် ညွှန်လိုက်ရာ ဆေးမီးဖိုသည် ဝဲကတော့ပုံစံ လည်တက်သွားပြီး မျက်လုံးနှင့် တစ်တန်းတည်း အမြင့်သို့ ရောက်ရှိသွားသည်။ သူတို့၏ ဘေးပတ်ဝန်းကျင်တွင် တောင်ပံဆေး အတွက် လိုအပ်သော ဆေးအမယ် ပစ္စည်းအစုံအလင် (၁၀)ဖုံစာခန့် ချထားသည်။ အားလုံးသည် သက်တမ်း နှစ်(၃၀) အထက် ရှိကြပြီး လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း သူတို့ စုဆောင်းထားခဲ့သော ပစ္စည်းများ ဖြစ်သည်။

"သွားစမ်း"

ချန်ရွှင် အော်လိုက်သည်နှင့် ဝိညာဉ်ဆေးပင် တစ်ပင် လေထဲသို့ ပျံတက်သွားပြီး မီးဖိုထဲသို့ ဝင်ရောက်သွားသည်။ လက်ဖဝါးပြင်မှ ဆေးမီးတောက် များ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များ စတင် ကုန်ဆုံးလာပြီး နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။ ချန်ရွှင်၏ ထိန်းချုပ်မှုအောက်တွင် မီးတောက်သည် ကြီးလိုက်၊ သေးလိုက် ဖြစ်နေသည်။ နွားနက်ကြီး၏ ရင်ထဲတွင် ရိုလာကိုစတာ စီးနေရသကဲ့သို့ နိမ့်ချည်၊ မြင့်ချည် ဖြစ်နေပြီး အသက်ပင် ရဲရဲ မရှူရဲပေ။

ဝိညာဉ်ဆေးပင်များ တစ်ပင်ပြီး တစ်ပင် ဖိုထဲသို့ ဝင်ရောက်သွားကြသည်။ ဆေးရနံ့များ သင်းပျံ့လာရာ နွားနက်ကြီး မျက်လုံး ပြူးသွားသည်။

ဖောင်း…..

ပူပေါင်းပေါက်သံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာပြီး တောင်ပံဆေး ဖော်စပ်မှု ပျက်စီးသွားလေသည်။ ဆေးပင်များ အားလုံး အရည်များအဖြစ်သို့ပြောင်းလဲသွားသည်။

ချန်ရွှင်သည် စိတ်ကိုလျှော့ချလိုက်ပြီး စာအုပ်အလွတ် တစ်အုပ်ကို ထုတ်ကာ အစောပိုင်းက ခံစားချက်များကို တစ်ခုချင်းစီ မှတ်တမ်းတင်လိုက်သည်။ ဆေးပင် တစ်ပင်ချင်းစီအတွက် အသုံးပြုရမည့် မီးအပူချိန်တို့ကို သေချာ ရေးမှတ်သည်။ စာတွေ့နှင့် လက်တွေ့ ဆိုသည်မှာ လုံးဝ ကွဲပြားခြားနားသော အရာများ ဖြစ်ပေသည်။

All Chapters