အခန်း (၂၇-၂၈)
Vol. 2 Ch. 27-28
အခန်း (၂၇)
"မွန်း... မွန်း"
နွားနက်ကြီးသည် ပခုံးများကို မနားတမ်း နှိပ်နယ်ပေးနေ၏။ ထိုသိမ်မွေ့သော အလုပ်မျိုးကို သူ မလုပ်တတ် ကြမ်းတမ်းသော အလုပ်များကိုသာ လုပ်တတ်၏။
"နွားကြီး... ကိစ္စမရှိပါဘူး ငါ ဝိညာဉ်စွမ်းအား ပြန်ပြည့်ဖို့ ရက်နည်းနည်းလောက်တော့ နားလိုက်ဦးမယ်"
"မွန်း"
နွားနက်ကြီးက ပြန်ထူးလိုက်သည်။ မင်း နှစ်နည်းနည်းလောက် နားရင်တောင် ကိစ္စမရှိပါဘူးဟု ဆိုလိုခြင်း ဖြစ်သည်။
သုံးရက် ကုန်ဆုံးသွားပြန်၏။ ချန်ရွှင်သည် ကုန်ခမ်းသွားသော ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်ဝလာရာ စိတ်ဓာတ်ခွန်အားများ တက်ကြွလာပြီး အော်ဟစ်လိုက်သည်။
"အခါကောင်း ကျရောက်ပြီ... ဆေးဖော်တော့မယ် နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ ကျုပ် ချန်ရွှင်ကို စောင်မပေးတော်မူကြပါ"
"မွန်း မွန်း မွန်း မွန်း"
ဆေးမီးဖိုသည် ဝဲကတော့ပုံစံ လည်တက်သွားပြီး ဝိဉာဉ်ဆေးပင်များ တစ်ပင်ပြီးတစ်ပင် မီးဖိုထဲသို့ ဝင်ရောက်သွားသည်။ မကြာမီ ဆေးသည်ပျက်သွားသည်။ ဂူတစ်ခုလုံးတိတ်ဆိတ်သွားသည်။
......
နောက်ထပ် သုံးရက် ကုန်ဆုံးသွားပြန်၏။ ဝိညာဉ်စွမ်းအားများ ပြန်လည် ပြည့်ဝလာသောအခါ ချန်ရွှင်သည် တင်ပျဉ်ခွေထိုင်လိုက်သည်။ လက်မောင်းမှ သွေးကြောကြီးများ ထောင်ထလာပြီး အော်ဟစ်လိုက်သည်။
" အခါကောင်း ကျရောက်ပြီ... ဆေးဖော်တော့မယ် နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ ကျုပ် ချန်ရွှင်ကို စောင်မပေးတော်မူကြပါ "
"မွန်း မွန်း မွန်း မွန်း"
ဆေးမီးဖိုသည် ဝဲကတော့ပုံစံ လည်တက်သွားပြန်၏။ ဝိဉာဉ်ဆေးပင်များ တစ်ပင်ပြီးတစ်ပင် မီးဖိုထဲသို့ ဝင်ရောက်သွားသည်။ မကြာမီ ဆေးသည် ပျက်သွားပြန်သည်။ တိတ်ဆိတ်ခြင်းသည် ဂူကြီးတစ်ခုလုံးကို ကြီးစိုးထားသည်။
......
တစ်လ ကြာမြင့်ပြီးနောက်။
ချန်ရွှင်၏ လက်များ တုန်ရီနေပြီး နှုတ်ခမ်းထောင့်များလည်း လှုပ်ခါနေသည်။ သူ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
" အခါကောင်း ကျရောက်ပြီ... ဆေးဖော်တော့မယ် နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ ကျုပ် ချန်ရွှင်ကို စောင်မပေးတော်မူကြပါ..."
"မွန်း..."
ဆေးမီးဖိုသည် ဝဲကတော့ပုံစံ လည်တက်သွားပြီး ဝိဉာဉ်ဆေးပင်များ တစ်ပင်ပြီးတစ်ပင် မီးဖိုထဲသို့ ဝင်ရောက်သွားသည်။ မကြာမီ ဆေးက ပျက်ဆီးသွားပြန်သည်။ ဂူကြီးသည် တိတ်ဆိတ်ခြောက်ကပ်သွား၏။
......
နောက်ထပ် တစ်လ ကုန်ဆုံးသွားပြန်၏။ နွားနက်ကြီးမှာ ညှိုးငယ်နေပြီး ချန်ရွှင်မှာ မျက်တွင်းများ ဟောက်ပက်ဖြစ်ကာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်။ သူက အသံတုန်တုန်ဖြင့် ဆိုလိုက်သည်။
" အခါကောင်း ကျရောက်ပြီ... ဆေးဖော်တော့မယ် နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ ကျုပ် ချန်ရွှင်ကို စောင်မပေးတော်မူကြပါ "
"မွန်း..."
ဆေးမီးဖိုသည် ဝဲကတော့ပုံစံ လည်တက်သွားပြန်၏။ ဝိဉာဉ်ဆေးပင်များ တစ်ပင်ပြီးတစ်ပင် မီးဖိုထဲသို့ ဝင်ရောက်သွားသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ဆေးရနံ့များ သင်းပျံ့လာသည်။ ချန်ရွှင် နောက်ဆုံးတော့ အနှစ်သာရကို သဘောပေါက်သွားပြီ ဖြစ်သည်။
နွားနက်ကြီး၏ မျက်လုံးများတွင် အလင်းရောင်များ ဖြာထွက်လာပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ ပါးစပ်မှ မိုက်တယ် ဟူသော စကားလုံးကို ပြောချင်သော်လည်း ပြောမထွက်ပေ။
"နွားကြီး... အောင်မြင်ပြီကွ ငါ လုပ်နိုင်ခဲ့ပြီ... ဟား ဟား ဟား"
ချန်ရွှင်သည် အရူးတစ်ယောက်ကဲ့သို့ တိုးတိုးလေး ရယ်မောနေသည်။ မျက်လုံးများတွင် သွေးကြောများ ဖောင်းထနေပြီး ဆေးမီးဖိုကို အစိမ်းလိုက် ဝါးစားတော့မည့်ပုံ ပေါက်နေသည်။ ဤလများအတွင်း သူသည် ဝိဉာဉ်ကျောက်တုံးပေါင်းများစွာကိုသုံးစွဲခဲ့ရသည်။ သေချာသည်မှာ ဤကျင့်ကြံခြင်းလောကတွင် ခွေးတောင်မှ ဆေးပညာရှင် မလုပ်ပေ။ ဂိုဏ်းကြီးများ၏ ကျောထောက်နောက်ခံ ရှိမှသာ လုပ်သင့်သည်။
"မွန်း မွန်း" နွားနက်ကြီး အလွန် စိတ်လှုပ်ရှားနေသည်။ ဖြူဖွေးသန့်စင်နေသော ဆေးဆယ်ဂဏန်းခန့်ကို ကြည့်ပြီး ချန်ရွှင်၏ ပခုံးကို မနားတမ်း နှိပ်နယ်ပေးနေ၏။
ထိုဆေးရနံ့သည် ဂူတစ်ခုလုံး ပျံ့နှံ့နေပြီး အလွန်မွှေးကြိုင်လှသည်။
"အရင်ဆုံး မှတ်တမ်းတင်ရမယ် ဒါတွေအကုန်လုံးက အတွေ့အကြုံတွေပဲ"
ချန်ရွှင် အပျော်လွန်ပြီး မေ့လျော့လုနီးပါး ဖြစ်သွားသည်။ ဤအရာက အရေးကြီးကိစ္စ ဖြစ်သည်။ မှတ်စုစာအုပ်ကို ထုတ်ယူကာ ရေးမှတ်လိုက်သည်။ နေ့စဉ် ပြန်လည်လေ့လာရမည်။ သူ့တွင် အပေါဆုံးအရာမှာ အချိန် ဖြစ်သည် မဟုတ်ပါလား။
"နွားကြီး... အာနိသင် စမ်းကြည့်ရအောင်"
"မွန်း"
သူတို့ လက်တစ်ဖက်စီဖြင့် ဆေးတစ်လုံးစီ ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ကြသည်။ ဆေးက ချောမွတ်စွာ ဝင်ရောက်သွား၏။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ စိတ်ဓာတ်များ တက်ကြွလာပြီး သန့်စင်သော ဆေးအာနိသင်သည် ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့သွားသည်။
ထိုခံစားချက်သည် ပင်လယ်ပြင်ကျယ်ကြီးထဲတွင် လွတ်လပ်စွာ ကူးခတ်နေရသကဲ့သို့ အလွန်တရာ ဇိမ်ရှိလှသည်။
"ကောင်းလိုက်တာ..."
ချန်ရွှင် ပြောလိုက်မိသည်။ ဆေးအာနိသင် ပျံ့နှံ့လာသည်နှင့်အမျှ ပိတ်ဆို့နေသော အတားအဆီးများသည် လှုပ်ခါသွားသည်။ နောက်ထပ် တောင်ပံဆေး တစ်လုံးကို ထပ်မံ စားသုံးလိုက်ပြီး ဆက်လက် ကျင့်ကြံလိုက်ကြသည်။ နွားနက်ကြီး၏ ပါးစပ်မှ ပျော်ရွှင်သော အော်မြည်သံများ မနားတမ်း ထွက်ပေါ်နေပြီး ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
"မိုက်တယ်ဟေ့"
"မွန်း"
တတိယမြောက် ဆေးကို စားသုံးလိုက်သောအခါ ပိတ်ဆို့နေသော အတားအဆီးသည် ရေကာတာဖောက်ချလိုက်သကဲ့သို့ ပွင့်ထွက်သွားပြီး ချီသန့်စင်ခြင်း အဆင့်ငါး သို့ ချက်ချင်း ချိုးဖောက် ဝင်ရောက်သွား၏။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဝမ်းသာအားရ ခုန်ပေါက်လိုက်ကြသည်။ သူတို့သည် အဆင့်တစ်ခုတည်းတွင် တစ်သက်လုံး ပိတ်မိမနေချင်ကြပေ။
"သည်တစ်လတော့ ဆေးမဖော်ဘဲ အဆင့်ကို ခိုင်မာအောင် လုပ်ကြမယ်"
ချန်ရွှင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ပြီးရင် မြစ်တစ်ခုလောက် ရှာပြီး ရေသွားချိုးကြမယ် နောက်လကျမှ ဆေးပြန်ဖော်ကြတာပေါ့"
"မွန်း မွန်း" နွားနက်ကြီး ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။ အစကတော့ အမြဲတမ်း ခက်ခဲစမြဲပင်။
နောက်ပိုင်းရက်များတွင် သူတို့သည် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း နေထွက်လျှင် အလုပ်လုပ် နေဝင်လျှင် အနားယူကြသည်။ မျိုးစေ့များ ပျိုးထောင်သည် ဆေးဖော်သည် ကျင့်ကြံကြသည်။ အချိန်ကာလများ ကုန်ဆုံးသွားရာ နောက်ထပ်တစ်နှစ် ကြာမြင့်သွားပြန်၏။ အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံသည် အချိန်မှန် ပြန်လည် ကျင်းပသော်လည်း နွားတစ်ကောင်နှင့် ဓားပြ မှာ ပေါ်မလာတော့ပေ။
လျောင်မိသားစု ဒေါသထွက်နေကြသည်။ ၎င်း၏ ရုပ်ရည်ကို မည်သူမျှ မသိသလို နောက်ခံသမိုင်းကြောင်းကိုလည်း မသိရှိကြပေ။ အငွေ့ပျံသွားသကဲ့သို့ပင်ပျောက်ကွယ်သွားသည်။
တောင်ပေါ်ဂူအတွင်း...
ချန်ရွှင်သည် သက်တမ်းအမှတ် များကို မူလစွမ်းအင် တွင် ထပ်မံ ပေါင်းထည့်လိုက်ပြန်သည်။ နောက်နှစ်ဝက်အတွင်း ချန်ရွှင်သည် ဆေးသုံးဖိုခန့် အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့သည်။ သူတို့သည် ဆေးများကို စားသုံးရင်း အဆင့်ကို ခိုင်မာအောင် လုပ်ဆောင်ကြသည်။ ဘ၀မင်မမြင့်ကြပေ။ ချန်ရွှင်နှင့် နွားနက်ကြီးအတွက် အချိန်ဆိုသည်မှာ တန်ဖိုးအနည်းဆုံး အရာပင် ဖြစ်သည်။ ခြေလှမ်းတိုင်းကို ခိုင်မာအောင် လျှောက်လှမ်းခြင်းကသာ အရေးကြီးဆုံး ဖြစ်သည်။ သူတို့ ယခုအခါ ချီသန့်စင်ခြင်း အဆင့်ခြောက် သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"သည်ဝိဉာဉ်ဆေးပင်တွေရဲ့ ရှင်သန်ကြီးထွားမှု အခြေအနေက အရမ်း လိုအပ်ချက်များပေမယ့် ငါတို့ရဲ့ မူလစွမ်းအင် က အရာအားလုံးကို ကျော်လွှားနိုင်ပုံရတယ်"
ချန်ရွှင်နှင့် နွားနက်ကြီးသည် တောင်ပေါ်ဂူအတွင်း၌ နောက်ထပ် ဂူပေါက်တစ်ခု ထပ်မံ တူးဖော်လိုက်ကြသည်။ ထိုအထဲတွင် ဆယ်စုနှစ်ချီ သက်တမ်းရှိသော ဝိဉာဉ်ဆေးပင်များ အပြည့် စိုက်ပျိုးထားသည်။
သူ ဝိဉာဉ်ဆေးပင် စွယ်စုံကျမ်း ထဲတွင် ဖတ်ဖူးသည်မှာ ဤဆေးပင်များသည် ဝိညာဉ်မြေဆီလွှာတွင်သာ ရှင်သန်နိုင်ပြီး သာမန်မြေကြီး၌ စိုက်ပျိုး၍ မရနိုင်ပေ။
"မွန်း"
နွားနက်ကြီးသည် သူတို့၏ ပိုင်နက်နယ်မြေကို ကြည့်ပြီး ပျော်ရွှင်နေသည်။ ဝိညာဉ်အငွေ့အသက်များ သင်းပျံ့နေ၏။ သူတို့ ယခုအခါ ဤနေရာတွင်သာ ကျင့်ကြံကြတော့သည်။
"ဒါပေမယ့် သည်ဆေးမီးဖိုက သိပ်အသုံးမခံဘူး"
ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ ဤမီးဖိုက သိပ်အဆင်မပြေဟု ခံစားနေရသည်။ "အချိန်တန်ရင် သွားလဲမှ ဖြစ်မယ်"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ ဆေးဖော်ခြင်းကို သူ သိပ်နားမလည်သော်လည်း ဆေးမီးဖို၏ အပြင်ဘက်ပိုင်း အရောင်အဆင်း ပျက်ယွင်းလာသည်ကိုတော့ သူ ခံစားမိသည်။ ဒုတိယနှစ်တွင် ချန်ရွှင်သည် ဆေးမဖော်ဖြစ်သော်လည်း အလွန် အလုပ်များနေသည်။ ဝိဉာဉ်ဆေးပင် စွယ်စုံကျမ်းကို မနားတမ်း လေ့လာပြီး နေ့စဉ် ရွတ်ဖတ် သုံးသပ်နေသည်။ နွားနက်ကြီးကတော့ ဝိညာဉ်ဆေးပင်များကို တာဝန်ယူ စောင့်ရှောက်သည်။ သက်တမ်းပြည့်သည်နှင့် ခူးဆွတ်ပြီး ဆေးသေတ္တာထဲသို့ ထည့်သိမ်းထားသည်။
နေ့ရက်များသည် အေးချမ်းစွာ ကုန်ဆုံးနေပြီး ပြဿနာများ လာရောက်ခြင်း မရှိပေ။
နောက်ထပ် တစ်နှစ် ကြာမြင့်ပြန်ရာ အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံ ကျင်းပပြန်သည်။ မျက်နှာသစ်များစွာ ရောက်ရှိလာကြသည်။ သူတို့သည် ရည်မှန်းချက် ကြီးမားကြပြီး ယုံကြည်ချက် အပြည့်ဖြင့် အင်မော်တယ် ဖြစ်ရန် ကြိုးပမ်းကြသည်။ မျက်နှာဟောင်းအချို့ကမူ ခေါင်းခါလျက် သက်ပြင်းချကြသည်။ ယခင်က နွားတစ်ကောင်နှင့် ဓားပြကို လှောင်ပြောင်ခဲ့ကြသော်လည်း ယခုအခါ သူတို့ကိုယ်တိုင် ထိုလူကဲ့သို့ ဖြစ်နေကြပြီ။ အခွင့်အရေးက မျက်စိရှေ့တွင် ရှိသော်လည်း ရင်ထဲတွင် မကျေနပ်မှုများ ရှိနေဆဲပင်။
သူတို့သည် သာမန်လူ့ဘောင်လောကကို အထင်သေးကြသည်။ ဤ ကြယ်ကိုးလုံးတောင်ကြား တွင်သာ အိုမင်းပြီး သေဆုံးသွားချင်ကြသည်။ သိက္ခာကျစွာဖြင့် ပြန်မသွားချင်ကြပေ။ နင်ယွင်တောင်တန်း အတွင်းပိုင်း၌ လူပေါင်းမည်မျှ သည်လိုနှင့် အရိုးဆွေးကုန်ပြီဆိုသည်ကိုတော့မသိနိုင်ပေ။ စာအုပ်ရောင်းသူများကတော့ ပျော်ရွှင်နေကြသည်။ ယခုအခါ ပြိုင်ဘက်များ များပြားလာသဖြင့် သွေးသစ်လောင်းရန် လိုအပ်နေသည်။
လူအများစု မသိကြသည်မှာ ဤကဲ့သို့သော အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံမျိုး အများအပြား ရှိနေခြင်း ဖြစ်သည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် ဤနေရာ တစ်ခုတည်းတွင်သာ ကျင်းပခြင်း မဟုတ်ပေ။ လျောင်မိသားစု လည်း လုံးဝ လက်လျှော့သွားကြပြီ ဖြစ်သည်။ ကြယ်ကိုးလုံးတောင်ကြား တွင် စီးပွားရေး ဆက်လုပ်နေကြသည်။ ကိစ္စသေးသေးလေး တစ်ခုသာ ဖြစ်သဖြင့် အခြားသူများက လျောင်မိသားစုကို သဘောထား သေးသိမ်သည်ဟု အပြောမခံလိုကြပေ။
ထိုဓားပြသည် မိစ္ဆာကောင် တစ်ကောင်ကောင်၏ စားသောက်ခြင်းကို ခံလိုက်ရပြီး အရိုးတောင် ကျန်မှာ မဟုတ်ဘူးဟု သူတို့ စိတ်ထဲတွင် တွေးထင်ထားလိုက်ကြသည်။
......
တောင်ပေါ်ဂူအတွင်း...
ချန်ရွှင်သည် သက်တမ်းအမှတ် များကို မူလစွမ်းအင် တွင် ပေါင်းထည့်လိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ဆေးဖော်ရန် ပြင်ဆင်လိုက်၏။ နွားနက်ကြီးသည် ဝိညာဉ်ဆေးပင်များကို အဆင်သင့် ပြင်ဆင်ပေးထားပြီး ဘေးနားမှနေ၍ အားပေးနေသည်။ ချန်ရွှင်၏ ပခုံးများကို နှိပ်နယ်ပေးနေ၏။
"အခါကောင်း ကျရောက်ပြီ... ဆေးဖော်တော့မယ် နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ ကျုပ် ချန်ရွှင်ကို စောင်မပေးတော်မူကြပါ"
ချန်ရွှင်၏ မျက်လုံးများ စူးရှသွားသည်။ ဝတ်ရုံသည် လေမတိုက်ဘဲ လွင့်ပျံနေပြီး အနက်ရောင်ဆံနွယ်များက နောက်ကျောဘက်သို့ လွင့်ပျံ့နေသည်။
"မွန်း..." နွားနက်ကြီး ရှည်လျားစွာ အော်မြည်လိုက်သည်။
ချန်ရွှင်သည် ကျွမ်းကျင်လှစွာဖြင့် ဝိညာဉ်ဆေးပင်များကို ဆေးမီးဖိုထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။ အလွန် ချောမွေ့လှ၏။
မူလက ဆေးတစ်ဖို ဖော်စပ်ရန် သုံးရက်ခန့် နားရသော်လည်း ယခုအခါ နှစ်ရက်သာ လိုတော့သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားရာ နှစ်ဝက်ခန့် ကြာမြင့်သွား၏။ ရုတ်တရက် ဂူအတွင်းမှ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ဆေးမီးဖို ပေါက်ကွဲသွားတော့သည်။ ချန်ရွှင်၏ မျက်နှာတစ်ခုလုံး မည်းနက်နေပြီး ကြောင်တောင်တောင် ဖြစ်နေ၏။ ပါးစပ်မှ မည်းနက်သော မီးခိုးငွေ့များ အန်ကျလာသည်။ ခေါင်းလယ်တည့်တည့်မှ ဆံပင်များ ပျောက်ဆုံးသွားပြီး ထိပ်ကြီးပြောင်သွားသည်။
"မွန်း"
နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး နှာမှုတ်လိုက်သည်။ အလျင်အမြန် ရှေ့တိုးလာပြီး ကြည့်ရှုလိုက်ရာ လူက ဘာမှမဖြစ်သည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် သူ့ခြေထောက်များ ပျော့ခွေသွားသည်။ မျက်လုံးကြီးများ လခြမ်းကွေးသဏ္ဌာန် ဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ ဗိုက်က တဆတ်ဆတ် လှုပ်နေပြီး ခပ်တိုးတိုး ရယ်သံများ ထွက်ပေါ်လာသည်။ "အစ်…အစ်..."
"ပေါက်ကွဲသွားတာပဲ"
ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ ပြဿနာ၏ ဆိုးရွားမှုကို သတိမထားမိသေးပေ။ "ကြည့်ရတာ ကိရိယာတွေကလည်း ပျက်စီးတတ်တဲ့ သဘောရှိပုံရတယ်"
"ခေါင်းက ဘာလို့ အေးစိမ့်စိမ့် ဖြစ်နေပါလိမ့်"
ချန်ရွှင် စိတ်ထဲ မသိုးမသန့် ဖြစ်သွားသည်။ လက်ဖြင့် စမ်းကြည့်လိုက်သည်။ ထပ်ပြီး စမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာက ရှုံ့မဲ့သွား၏။ "ငါ့ဆံပင်တွေ ဘယ်ရောက်ကုန်ပြီလဲ"
ဂူအတွင်းမှ ခြင်္သေ့ ဟိန်းသံကဲ့သို့ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာရာ ကျောက်ခဲအပိုင်းအစများပင် ပြုတ်ကျကုန်သည်။
"အဟွတ်... အဟွတ်..."
နွားနက်ကြီးမှာ ရယ်ရလွန်း၍ မထိန်းနိုင်တော့ဘဲ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ ချန်ရွှင်၏ ဤကဲ့သို့သော ပုံစံမျိုးကို သူ တစ်ခါမျှ မမြင်ဖူးပေ။ ချန်ရွှင်သည် ဓားပြခေါင်းစွပ်ကို ခေါင်းတွင် တိတ်တဆိတ် စွပ်လိုက်ပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် နွားနက်ကြီးကို ကြည့်လိုက်သည်။
"နွားကြီး... မင်း သေဖို့သာ ပြင်ထားတော့"
"မွန်း... "
နွားတစ်ကောင်အား သတ်လိုက်သကဲ့သို့ ဂူအတွင်းမှ အလွန်ကျယ်လောင် စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
အခန်း (၂၈)
ဤနှစ်သည် ချန်ရွှင်၏ ဆေးမီးဖိုပေါက်ကွဲခြင်း အသံများကြားတွင် ဖြည်းညှင်းစွာ ကုန်ဆုံးသွား၏။ သူတို့သည် သက်တမ်းအမှတ် များကို မူလစွမ်းအင် တွင် ပေါင်းထည့်လိုက်ရာ (၁၉) သို့ ရောက်ရှိသွားသည်။ နင်ယွင်တောင်တန်း တွင် နှင်းများ သည်းထန်စွာ ကျဆင်းနေသည်။ ငွေရောင်နှင်းများက မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ကောင်းကင်နှင့် မြေကြီး တစ်သားတည်း ဖြစ်နေသကဲ့သို့ထင်ရသည်။
ယခုနှစ် ချင်တိုင်းပြည် တွင် အခြေအနေများ မတည်မငြိမ် ဖြစ်နေပုံရသည်။ နယ်စပ်တွင် စစ်မက်များ ဖြစ်ပွားနေသည်ဟု ကြားသိရပြီး မရေမတွက်နိုင်သော မျိုးချစ်သူရဲကောင်းများသည် နိုင်ငံတော်ကို ကာကွယ်ရန် နယ်စပ်သို့ ချီတက်သွားကြသည်။ နှင်းများ အဆက်မပြတ် ကျဆင်းနေချိန်တွင် သူတို့၏ မိသားစုဝင်များက ခပ်လှမ်းလှမ်းမှ လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။ နှင်းပြင်ပေါ်တွင် ခြေရာများ ပြည့်နှက်နေသလို စိုးရိမ်ပူပန်မှုများလည်း ပြည့်နှက်နေသည်။
မရေမတွက်နိုင်သော မိသားစုဝင်များသည် နေဝင်သည်အထိ ရပ်တန့် စောင့်ဆိုင်းနေကြသည်။
သို့သော် နေဝင်ချိန် နှင်းများသည် ထူထဲလှသလို ဝမ်းနည်းပူဆွေးမှုများ ရောယှက်နေသကဲ့သို့ရှိပေသည်။ လူသားလောကတွင် မည်သို့ပင် ဖြစ်ပျက်နေပါစေ မရေမတွက်နိုင်သော တစ်ကိုယ်တော် ကျင့်ကြံသူများ၏ အင်မော်တယ် လမ်းစဉ်ကို ရှာဖွေခြင်းအား တားဆီးနိုင်ပုံ မရပေ။ အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံသည် ပုံမှန်အတိုင်း စတင်သည်။ နွားတစ်စကောင်ဆွဲကာ ဓားပြခေါင်းစွပ်စွပ်ထားသူ ကျင့်ကြံသူကမူ ပေါ်မလာတော့ပေ။ တဖြည်းဖြည်းနှင့် လူများ မေ့လျော့သွားကြသည်။
သို့သော် တောင်ကြားထဲတွင် အရေးကြီးကိစ္စ တစ်ခု ဖြစ်ပျက်ခဲ့သည်။ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူ ရာပေါင်းများစွာ ကိုယ်တိုင် ဆင်းလာပြီး စာအုပ်ရောင်းသူများကို လိုက်လံ ဖမ်းဆီးကြသည်။ လူကို မသတ်သော်လည်း ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ကြသည်။ ထိုစာအုပ်များသည် ဂိုဏ်းကြီးများ၏ အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်စေသည်။ မူလက အားလုံး တရားမျှတစွာ ယှဉ်ပြိုင်ကြသော်လည်း ယခုအခါ ဤကဲ့သို့သော လမ်းညွှန် များ ထွက်ပေါ်လာသဖြင့် ဂိုဏ်းအချို့၏ စမ်းသပ်မှုကို ဝင်ရောက်ဖြေဆိုသူ ဦးရေ သိသိသာသာ များပြားလာသည်။
ထို့အပြင် အရည်အချင်းရှိသော လူသစ် အချို့မှာလည်း လုယူခံလိုက်ရသဖြင့် ဤစာအုပ်များ၏ အမှားကြောင့် လူငယ်များကို လမ်းမှားရောက်စေသည်ဟု သူတို့က ကောက်ချက်ချလိုက်ကြသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် တစ်ညီတစ်ညွတ်တည်း ပူးပေါင်းကာ ဘေးရန်များကို ရှင်းလင်းပစ်လိုက်ကြသည်။ နောက်နောင် ဤကဲ့သို့ ထပ်မံ ပြုလုပ်ပါက ပါဝင်ပတ်သက်သူများကို ကွပ်မျက်မည်ဟု ကြေညာလိုက်သည်။
နင်ယွင်တောင်တန်း အစွန်အဖျားရှိ တောင်ပေါ်ဂူ တစ်ခုတွင်...
သူတို့၏ ဝိညာဉ်ဆေးပင်မျိုးစေ့များ ကုန်သွားပြီဖြစ်သလို ဆေးမီးဖိုလည်း ပေါက်ကွဲသွားပြီ ဖြစ်သည်။ ချန်ရွှင်သည် နောက်တစ်ဆင့် မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားနေသည်။ နွားနက်ကြီးသည် ဘေးနားတွင် ထိုင်လျက် ဆေးမြစ်များကို ကြိတ်ချေနေသည်။ နွားခွာနှစ်ဖက်ဖြင့် ထုထောင်း နေ၏။ ဤအရာများက သူတို့ နေ့စဉ် ထမင်းစားရာတွင် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်သည်။
"နွားကြီး... ကျန်နေတဲ့ ဆေးတွေကို အရင်ကုန်အောင် သုံးလိုက်မယ် တခြား ဝိညာဉ်ဆေးပင်တွေကိုတော့ ချန်ထားလိုက်ဦး"
"မွန်း"
နွားနက်ကြီးက ပြီးပြီးရော ပြန်ထူးလိုက်သည်။ အမှုန့်များကို ပုလင်းထဲသို့ နွားခွာဖြင့် ထည့်လိုက်ပြီး ဆက်လက် ကြိတ်ချေနေသည်။ မျက်လုံးများက အလွန် အလေးအနက် ထားနေပုံရသည်။ ချန်ရွှင်သည် ရေအိုးကြီး နှစ်လုံးကို ထမ်းလိုက်သည်။ အထဲတွင် အဝတ်အစားများ ထည့်ထားသည်။ "နွားကြီး... ရေသွားခပ်မလို့ လိုက်မလား"
"မွန်း မွန်း" နွားနက်ကြီး စိုးရိမ်တကြီး အော်လိုက်သည်။ ကျောက်ကြိတ်ဆုံကို အမြန် ရှင်းလင်းလိုက်သည်။ ချန်ရွှင် ဘယ်သွားသွား သူ လိုက်မည်။
နွားနက်ကြီးသည် ဂူပေါက်ဝမှ ကျောက်တုံးကြီးကို ရွှေ့ဖယ်လိုက်ပြီး ချန်ရွှင် ထွက်သွားပြီးနောက် ပြန်ပိတ်လိုက်သည်။ အဟ ရှိမရှိကိုလည်း စစ်ဆေးလိုက်သေးသည်။ အပြင်ဘက်တွင် နှင်းပွင့်များ လွင့်ပျံနေပြီး လေပြင်းများ တိုက်ခတ်နေသည်။ ချန်ရွှင်သည် ပါးလွှာသော အဝတ် တစ်ထည်သာ ဝတ်ဆင်ထားသော်လည်း အေးစက်မှုကို မခံစားရပေ။ သူတို့ စမ်းချောင်းတစ်ခု ဘေးသို့ ရောက်ရှိလာပြီး ရေခဲပြင်ကို နေရာအနှံ့ ထုခွဲလိုက်ကြသည်။ ချန်ရွှင်က လက်တစ်ဖက်ဖြင့် ရေအိုးကိုမကာ ရေဖြည့်လိုက်သည်။ နွားနက်ကြီးလည်း နောက်ထပ် ရေအိုးတစ်လုံးကို ကိုင်ကာ စမ်းချောင်းအလယ်တွင် ရပ်နေသည်။ အလွန် ပျော်ရွှင်နေပုံရသည်။
ထိုစဉ် နွားနက်ကြီး အပျော်လွန်ပြီး ခုန်ပေါက်လိုက်ရာ ရေခဲပြင် ကွဲအက်သွားပြီး ရေထဲသို့ ပလုံခနဲ ကျသွားသည်။ ချန်ရွှင်က မျက်စိလျင်လျင်ဖြင့် လှမ်းဆွဲတင်လိုက်ရသည်။ ရေဖြည့်ပြီးနောက် အတူတူထိုင်ကာ အဝတ်လျှော်ကြသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် စကားတပြောပြောဖြင့် ရယ်မောသံများ မရပ်မနား ထွက်ပေါ်နေသည်။ ကောင်းကင်မှ နှင်းပွင့်များ တဖွဲဖွဲ ကျဆင်းနေသည်။ သူတို့သည် ပေအနည်းငယ် နက်သော နှင်းပုံထဲတွင် ထိုင်နေကြသည်။ ကမ္ဘာလောကကြီးတစ်ခုလုံးတွင် ထိုလူငယ်လေးနှင့် နွားနက်ကြီးသာ ရှိတော့သကဲ့သို့ပင်ထင်ရသည်။
မကြာမီ သစ်ကိုင်းခြောက်များ ကျိုးပဲ့သံနှင့် နှင်းထုကိုနင်းလျောက်သံများ ထွက်ပေါ်လာသည်။ အသံက အဝေးမှ လာသော်လည်း သူတို့၏ လက်ရှိ ကြားနိုင်စွမ်းဖြင့် ကြားနေရပြီ ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးသည် နှင်းများ ဖုံးလွှမ်းနေသော တောအုပ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ဟောင်းနွမ်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအုပ်စုကြီး တစ်စု လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ လက်ထဲတွင် သစ်သားတုတ်များကို ကိုင်ဆောင်ထားကြသည်။
သူတို့၏ မျက်နှာများမှာ ညစ်ပေနေပြီး အအေးဒဏ်ကြောင့် နီရဲနေကြသည်။ အနည်းဆုံး လူရာဂဏန်းခန့် ရှိမည်။ ကျား မ မရွေး အသက်ကြီးငယ်မရွေး ပါဝင်သည်။ လူတိုင်း၏ မျက်နှာတွင် အံ့သြထိတ်လန့်မှုများ ရှိနေသည်။ ဤမျှ နှင်းများ သည်းထန်စွာ ကျဆင်းနေချိန်တွင် ဤနေရာ၌ အဝတ်လျှော်နေသည်တဲ့လား။ ထို့အပြင် နွားနက်ကြီးတစ်ကောင်ကလည်း ထိုင်နေပြီး လက်ထဲတွင် (ခွာထဲတွင်) အဝတ်အစားနှင့် ဆပ်ပြာသီး(ဆပ်ပြာသီး ဆိုသည်မှာ အခွံမာအသီးအမျိုးအစားတစ်မျိုးဖြစ်သည် အသီး၏ အခွံမှာ Saponin ဓာတ်ပါသောကြောင့် ဆပ်ပြာကဲ့သို့ အညစ်အကြေးပြောင်စေသည့် အာနိသင်ရှိသည် တရုတ်ပြည်တွင် အဝတ်အစားလျော်ရာ၌ တွင်ကျယ်စွာသုံးစွဲသည်- အစိမ်းရောင်လမ်း app မှ ကိုးကားပါသည်) များကို ကိုင်ထားသည်။
"အဘိုး... လမ်းမှားလာတာလား"
ချန်ရွှင် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ ဤလူများသည် သာမန်လူများ ဖြစ်သဖြင့် စိတ်ထဲမှ သတိထားမှုကို လျှော့ချလိုက်သည်။
နွားနက်ကြီးလည်း တစ်ချက် လှမ်းကြည့်လိုက်ပြီး အန္တရာယ်မရှိသဖြင့် အဝတ်ဆက်လျှော်နေသည်။ ပါးစပ်မှ ရံဖန်ရံခါ 'မွန်း' ခနဲ အသံထွက်နေသည်။
"မိတ်ဆွေလေး... ငါတို့ ဒန်ဆုန်းမြို့ကနေ စစ်ဘေးရှောင်လာကြတာပါ"
အသက်ကြီးသော အဘိုးအိုတစ်ဦး ယိုင်နဲ့နဲ့ဖြင့် လျှောက်လာသည်။ ဤလူငယ်လေးကို ကြည့်ရသည်မှာ သိုင်းပညာရှင် တစ်ယောက် ဖြစ်ပုံရသည်။ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းပြီး နှင်းများကို မမှုပေ။
"ဒန်ဆုန်းမြို့ ဟုတ်လား အဝေးကြီးပါလား အဲဒါဆို နင်ယွင်တောင်တန်းရဲ့ တစ်ဖက်ခြမ်းကို ရောက်နေပြီပေါ့"
ချန်ရွှင် အံ့သြသွားသည်။ ဒန်ဆုန်းမြို့ကို သူ ကြားဖူးသည်။ ဖန်နင်းမြို့ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း ခရီးအလွန်ဝေးကွာသည်။ "ဖန်နင်းမြို့ ကို သွားကြမလို့လား"
"ဟုတ်တယ် ဟုတ်တယ်" အဘိုးအို ခေါင်းညိတ်လိုက်သည်။ ရောက်တော့မည် ဖြစ်သဖြင့် မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။
"အဘိုး... ဘာတွေ ဖြစ်ခဲ့လို့လဲ သည် နင်ယွင်တောင်တန်း က အရမ်း အန္တရာယ်များတာကို ဖြတ်ကျော်လာရဲကြတယ်နော်"
"မိတ်ဆွေလေး ထင်တာ မှားနေပြီ ငါတို့က အစွန်အဖျား လမ်းကနေ ကွေ့ပတ်လာခဲ့ကြတာပါ"
အဘိုးအို ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။ "အခု ချင်တိုင်းပြည် မှာ မတည်မငြိမ် ဖြစ်နေတယ် သူပုန်တွေ ထကြွနေတယ် ဓားပြတွေ သောင်းကျန်းနေတယ် ဒန်ဆုန်းမြို့က မြို့စားမင်းတောင် အသတ်ခံလိုက်ရပြီ"
"ဟင်"
ချန်ရွှင် လန့်သွားပြီး ဤလူများကို ချက်ချင်း နားလည်သွားသည်။ သူသာဆိုလျှင်လည်း ထွက်ပြေးမိမှာပင်။ "ဖန်နင်းမြို့ က အရှေ့တောင်ဘက်ကနေ သွားရင် ရောက်ပါတယ် အဘိုးတို့ လမ်းနည်းနည်း ဝေးသွားပြီ"
"ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး" အဘိုးအိုက လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ စကားတွေ အများကြီး ပြောနေရသည်မှာ တကယ်တော့ လမ်းမေးချင်ရုံ သက်သက်သာ ဖြစ်သည်။
"ရပါတယ် ရပါတယ်"
ချန်ရွှင် လက်ကာပြလိုက်ပြီး စစ်ဘေးရှောင်များကို ကြည့်လိုက်သည်။ "လမ်းခရီးမှာ ဂရုစိုက်ကြနော် သည်နားမှာ သားရဲကောင်တွေ ပေါတယ်"
"ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး"
"ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး"
"ကျေးဇူးတင်ပါတယ် ကိုကြီး"
...
လူအုပ်ကြီးထဲမှ ကျေးဇူးတင်စကားများ ထွက်ပေါ်လာသည်။ မိန်းကလေးငယ် တစ်ဦး၏ စူးရှသော အသံလေးလည်း ပါဝင်သည်။ သူတို့ မျက်လုံးများထဲတွင် မျှော်လင့်ချက် မီးတောက်များ တောက်လောင်လာသည်။ နောက်ဆုံးတော့ ဖန်နင်းမြို့ ကို ရောက်တော့မည်။ ထိုမြို့သည် မြို့ကြီးဖြစ်ပြီး လုံခြုံရေး အလွန်ကောင်းမွန်သည်။ ချန်ရွှင် ပြုံးလိုက်ပြီး လူအုပ်ကြီး ထွက်ခွာသွားသည်ကို ကြည့်နေသည်။ နွားနက်ကြီးလည်း သူတို့ကို မွန်းခနဲ နှုတ်ဆက်လိုက်သည်။
"နွားကြီး... ငါ မင်းကို ပြောပြမယ် ဘယ်ကမ္ဘာမှာပဲ ဖြစ်ဖြစ် တိုင်းပြည်တစ်ခု ရှိလာပြီဆိုရင် စစ်မက်တွေ ဖြစ်ပွားတာပဲ ပြည်သူတွေပဲ ဒုက္ခရောက်ကြရတယ်"
ချန်ရွှင် ခံစားချက်ပါပါ ပြောလိုက်သည်။ သူ၏ ယခင်ဘဝမှ နိုင်ငံသမိုင်းကြောင်းသည် စစ်ပွဲများဖြင့် ပြည့်နှက်နေသော သမိုင်းကြောင်း ဖြစ်ပြီး လူတိုင်း၏ သွေးထဲတွင် စီးဆင်းနေသည်။
"မွန်း မွန်း မွန်း မွန်း"
နွားနက်ကြီး စိတ်ဝင်စားလာသည်။ အလုပ်လက်စသတ်ပြီး ချန်ရွှင်ကို ခန္ဓာကိုယ်ဖြင့် ပွတ်သီးပွတ်သပ် လုပ်နေသည်။ မြန်မြန် ပြောပြစမ်းပါ။
"အဲဒါက ရှမင်းဆက်ကနေ စပြောရမှာ..."
ချန်ရွှင်သည် လေးနက်သော အမူအရာဖြင့် စတင် ပြောပြလေသည်။ နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ဝင်တစား နားထောင်နေသည်။ လူနာမည် အချို့ကိုပင် မှတ်သားထားလိုက်သေးသည်။ နာရီဝက်ခန့် ကြာသောအခါ သူတို့ အဝတ်လျှော်ပြီးသွားပြီ ဖြစ်သဖြင့် ထိုင်လျက် နှင်းကျသည်ကို ကြည့်ရှုနေကြသည်။ ချန်ရွှင်သည် သမိုင်းကြောင်းကို ဆက်လက် ပြောပြနေဆဲ ဖြစ်သည်။
"နောက်ဆက်တွဲ ဘာဖြစ်မလဲ သိချင်ရင် နောက်တစ်ပိုင်းကို ဆက်လက် နားဆင်ကြပါ"
ချန်ရွှင်သည် အရှိန်မသေ ဖြစ်နေသော နွားနက်ကြီးကို ပုတ်လိုက်ပြီး လျှော်ထားသော အဝတ်များကို ကြည့်လိုက်သည်။ "ငါတို့ အဝတ်တွေ ရေခဲတုံး ဖြစ်ကုန်ပြီ"
"မွန်း" နွားနက်ကြီး ရုတ်တရက် သတိဝင်လာသည်။ ဟုတ်သားပဲ။
"သွားမယ် သွားမယ် တော်သေးတာပေါ့ မီးလုံးပစ်လွှတ်ခြင်းပညာ ရှိနေလို့"
ချန်ရွှင် ထရပ်လိုက်သည်။ ရေအိုးများကို ထမ်းပြီး အဝတ်များကို ကိုင်ကာ နွားနက်ကြီးနှင့်အတူ တောင်ပေါ်ဂူသို့ ပြန်လာခဲ့ကြသည်။ ဂါထာ ရှိသည်မှာ အဆင်ပြေလှသည်။ တန်းပြီး အခြောက်ခံလိုက်ရုံပင်။
လမ်းတွင် သူတို့ တဖြည်းဖြည်းနှင့် တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလိုက်ကြသည်။ လေထဲတွင် သွေးညှီနံ့များ ပျံ့လွင့်နေသည်။
"နွားကြီး..."
ချန်ရွှင် တိုးတိုးလေး ခေါ်လိုက်ပြီး ရင်ဘတ်ထဲမှ ခေါင်းစွပ် ကို ထုတ်ကာ ခေါင်းတွင် ဝတ်လိုက်သည်။ "သတိထားနော်"
"မွန်း"
နွားနက်ကြီး တိုးတိုးလေး ပြန်ထူးလိုက်သည်။ မျက်လုံးထဲတွင် သတိကြီးစွာ ထားနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။ သူ့အနံ့ခံအာရုံက အလွန် ကောင်းမွန်သည်။ အဝေးတစ်နေရာ သစ်ပင်အောက်တွင် လူအချို့ လဲကျနေသည်။ သွေးများက နှင်းပြင်ကို ရဲရဲနီစေပြီး နှင်းများဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။
ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ ခြေလှမ်းများကို နှေးကွေးလိုက်သည်။ မိုင်ဝက်ခန့် အကွာအဝေးတိုင်းတွင် အလောင်းအချို့ ရှိနေသည်။ ကိုယ်ပေါ်တွင် ဓားဒဏ်ရာများ ရှိနေပြီး သေဆုံးသည်မှာ မကြာသေးပေ။ ခြေရာများ ရှုပ်ပွနေသည်။
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို ကြည့်လိုက်သည်။ လူအချို့က ရင်းနှီးနေသည်။ စောစောက လမ်းမေးသွားသော သူများ ဖြစ်သည်။
ချန်ရွှင် တဖြည်းဖြည်း ချည်းကပ်သွားပြီး အလောင်းအချို့ကို လှန်ကြည့်လိုက်သည်။ အမျိုးသမီးတစ်ဦးသည် မိန်းကလေးငယ်တစ်ဦးကို တင်းကျပ်စွာ ဖက်ထားသော်လည်း နှစ်ယောက်စလုံး အသက်မရှိတော့ပေ။ ဒဏ်ရာများပင် အေးခဲနေပြီ ဖြစ်သည်။