အခန်း (၂၉-၃၀)
Vol. 2 Ch. 29-30
အခန်း (၂၉)
ထိုမိန်းကလေးငယ်ကို ချန်ရွှင် မှတ်မိနေသည်။ "ကျေးဇူးတင်ပါတယ် ကိုကြီး" ဟူသော အသံလေးက နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
ချန်ရွှင် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "တောက်... ယုတ်မာလိုက်တာ ကလေးကိုတောင် အလွတ်မပေးဘူး"
"မွန်း မွန်း" နွားနက်ကြီးသည် လူအချို့ကို နှာခေါင်းဖြင့် ဝှေ့နေပြီး နှိုးရန် ကြိုးစားနေသည်။
"ကျင့်ကြံသူတွေ မဟုတ်ဘူး လူဆိုးဓားပြတွေ ဖြစ်လောက်တယ်"
ချန်ရွှင်သည် ဒူးထောက်ထိုင်နေရာမှ မော့ကြည့်ကာ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ဤနေရာမှ အလောင်းများ အားလုံးသည် သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ ကလေးများသာ ဖြစ်သည်။ လူသတ်သမားများသည် ကျန်သူများကို ဆက်လက် လိုက်လံ သတ်ဖြတ်နေလောက်သည်။
ရေအိုးနှစ်လုံးနှင့် အဝတ်အစားများကို ချန်ရွှင်နှင့် နွားနက်ကြီးတို့ ထားခဲ့လိုက်ကြသည်။ တောင်ဖြိုပုဆိန် နှစ်လက်သည် ဖြည်းညှင်းစွာ လည်ပတ်နေပြီး နှင်းပွင့်များကို နှစ်ပိုင်းပိုင်းဖြတ်နေသည်။
ဝှစ်...
ဝှစ်...
ဝုန်း...
သူတို့ ရပ်နေသော နေရာမှ နှင်းထုကြီး တုန်ခါသွားသည်။ လေထဲတွင် ပြင်းထန်သော အသံလှိုင်းများ ထွက်ပေါ်လာသည်။ သူတို့သည် နှင်းပင်လယ်ထဲတွင် နင်းလျှောက်နေသကဲ့သို့ ခြေလှမ်းနောက်တွင် နှင်းလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။ အဝေးတစ်နေရာတွင် ဓားပြ ဆယ်ဂဏန်းခန့် ရယ်မောနေကြသည်။ လက်ထဲမှ ဓားကြီးများတွင် သွေးများ တောက်တောက် ကျနေသည်။ ယခုအခါ ဖန်နင်းမြို့ တွင်လည်း မငြိမ်မသက် ဖြစ်နေပြီး သိုင်းပညာရှင် အများအပြား စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသဖြင့် သူတို့ကို မည်သူက လာရောက် ထိန်းချုပ်နိုင်မည်နည်း။
"အစ်ကိုကြီး... သည် ဖန်နင်းမြို့ ကို ထွက်ပြေးလာတဲ့သူတွေ များလာတယ်နော်"
ဓားပြတစ်ဦးက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။ "သူတို့က ပိုင်ဆိုင်မှု အကုန် ယူလာကြတာ တစ်ခါတည်းနဲ့ အများကြီး ရနိုင်တယ်"
"ဒါမှ ကောင်းတာပေါ့ကွ"
အစ်ကိုကြီးက ဓားကြီးကို ကိုင်ကာ တဟားဟား ရယ်မောလိုက်သည်။ "နောက်ဆုံးတော့ ငါတို့ခေတ် ရောက်လာပြီကွ ကောင်လေးတို့... သတ်ကြစမ်း"
"ဟုတ်ကဲ့ အစ်ကိုကြီး"
"ဟုတ်ကဲ့ အစ်ကိုကြီး"
...
ဓားပြများသည် ဓားများကို မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့ နောက်တွင် အလောင်းများ ပြည့်နှက်နေသည်။ လူသတ်ပစ္စည်းလုရသည်မှာ အလွန် ပျော်ရွှင်စရာ ကောင်းလှသည်။ ယခင်က ဘုရင့်တပ်များ လာရောက် နှိမ်နင်းတတ်သော်လည်း ယခုအခါ စစ်မြေပြင်သို့ ရောက်ကုန်ပြီ ဖြစ်သဖြင့် အေးဆေး ဖြစ်နေပြီ။ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး နောက်ထပ် လူအချို့ အကူအညီမဲ့စွာ လဲကျသေဆုံးသွားကြသည်။ မျက်လုံးများတွင် နာကြည်းမှုများ ပြည့်နှက်နေကြ၏။ သူတို့ ရောက်ခါနီးနေပြီ ဖြစ်သော်လည်း...
ဓားပြများ ပိုမို ကျယ်လောင်စွာ ရယ်မောလာကြသည်။ အဝတ်အစားများကြားမှ ရွှေငွေ လက်ဝတ်ရတနာများကို ရှာဖွေယူငင်နေကြသည်။ စစ်ဘေးရှောင် ပြည်သူများသည် ဤအရာများကို ယူဆောင်လာတတ်ကြသည်။ ရုတ်တရက် သူတို့ အနောက်ဘက်မှ ဆူညံသံ တစ်ခုခု ကြားလိုက်ရသည်။ ဓားပြအားလုံး လှည့်ကြည့်လိုက်ကြသည်။ မျက်လုံးများ မှေးကျဉ်းသွားသည်။ မြေကြီးပေါ်မှ နှင်းများ ဘာကြောင့် သည်လောက်ထိ လွင့်ပျံနေရတာလဲ။
"ဘာကောင်ကြီးလဲ"
အစ်ကိုကြီးက တံတွေးတစ်ချက် ထွေးလိုက်သည်။ သားရေဝတ်ရုံ ဝတ်ဆင်ထားပြီး ရှေ့ဆုံးတွင် ဓားကိုင်ကာ ရပ်နေသည်။ နှင်းများ ထူထပ်လွန်းသဖြင့် သေချာ မမြင်ရပေ။
"ဟေ... တစ်ခုခု ပြေးလာနေတာလား"
"ဟာ... အစ်ကိုကြီး တစ်မျိုးကြီးပဲနော်..."
"လူလား... ဒါမှမဟုတ် နွားနက်ကြီးလား"
"မကောင်းတော့ဘူး... ပြေးကြ"
...
အစ်ကိုကြီး မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။ သို့သော် သူတို့ ပုံရိပ်ကို သေချာ မြင်လိုက်ရချိန်တွင် နောက်ကျသွားပြီ ဖြစ်သည်။ ချန်ရွှင် ခြေတစ်လှမ်း လှမ်းလိုက်ပြီး အရှိန်မြှင့်လိုက်သည်။ လေတိုးသံများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ချက်ချင်း ရောက်ရှိလာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုလူသည် ဓားပြခေါင်းဆောင်၏ ခေါင်းပေါ်သို့ ရောက်ရှိလာသည်။ ထိုလူ၏ မျက်လုံးများ... သူ့တစ်သက်တွင် မြင်ဖူးသမျှ အအေးစက်ဆုံး မျက်လုံးများ ဖြစ်သည်။
ရွှပ်...
အစ်ကိုကြီး၏ ဦးခေါင်း ပြတ်ထွက်သွားပြီး လေထဲသို့ မြောက်တက်သွားသည်။ မျက်လုံးများမှာ ပွင့်နေကြ၏။ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး ရှေ့သို့ လဲကျသွားသည်။ နွားနက်ကြီးသည် ဓားပြအုပ်စုထဲသို့ တိုးဝင်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဓားပြများမှာ တောင်ကြီးတစ်လုံး ဝင်တိုက်သကဲ့သို့ ခံစားလိုက်ရပြီး နွားနက်ကြီး၏ တိုက်ခိုက်မှုကြောင့် သေဆုံးကုန်ကြသည်။ စူးစူးဝါးဝါး အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သူတို့သည် သေဆုံးချိန်အထိ ဘယ်သူသတ်သွားမှန်း မသိလိုက်ကြပေ။ မီးခိုးငွေ့များ ဖုံးလွှမ်းသွားပြီး ဓားပြဆယ်ဂဏန်းခန့်၏ အလောင်းများကို မီးလုံးပစ်လွှတ်ခြင်းပညာ ဖြင့် မီးရှို့ဖျက်ဆီးလိုက်သည်။ ချန်ရွှင်နှင့် နွားနက်ကြီး၏ ပုံရိပ်သည်လည်း ထူထပ်သော နှင်းများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
......
တောင်ပေါ်ဂူအတွင်း...
ချန်ရွှင်နှင့် နွားနက်ကြီးသည် ရေအိုးများနှင့် အဝတ်အစားများကို ပြန်လည် ယူဆောင်လာကြသည်။ သူတို့ တိတ်ဆိတ်နေကြသည်။ စေတနာနှင့် လုပ်ခဲ့သော်လည်း အကျိုးဆက်က ဆိုးရွားသွားလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သေဆုံးသူများ၏ အလောင်းများကို ချန်ရွှင်နှင့် နွားနက်ကြီးတို့ မရှင်းလင်းခဲ့ပေ။ ထူထပ်သော နှင်းများက ဖုံးလွှမ်းသွားပြီ ဖြစ်သည်။ လူအများအပြား ပျောက်ဆုံးသွားကြပြီ။
အကယ်၍ ချန်ရွှင် လမ်းမညွှန်ခဲ့လျှင် သူတို့သည် ဤမျှ ယုတ်မာသော ဓားပြများနှင့် တွေ့ဆုံခဲ့မည် မဟုတ်ပေ။
"နွားကြီး... တချို့ကိစ္စတွေက ငါတို့ ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး"
ချန်ရွှင် သက်ပြင်းချလိုက်ပြီး နွားနက်ကြီးကို ပုတ်လိုက်သည်။ "သည်လောကကြီး သည်ပတ်ဝန်းကျင်ကို ငါတို့ ဆုံးဖြတ်လို့မရဘူး ပြောင်းလဲနိုင်တဲ့ စွမ်းရည်လည်း မရှိဘူး"
"မွန်း" နွားနက်ကြီးသည် ခေါင်းကို ချန်ရွှင် ရင်ခွင်ထဲသို့ ထည့်လိုက်သည်။
"ငါတို့ ဆုံးဖြတ်လို့ရတာက ငါတို့ကိုယ်တိုင်ပဲ ကိုယ့်လိပ်ပြာကိုယ်လုံရင် ပြီးတာပဲ"
ချန်ရွှင် နွားနက်ကြီးကို ကြည့်ပြီး ပြုံးလိုက်သည်။ "သည်လိုကိစ္စတွေက နေရာတိုင်း အချိန်တိုင်း ဖြစ်ပျက်နေတာပဲ စိတ်မကောင်းမဖြစ်ပါနဲ့…. ထားလိုက်ပါ"
"မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ စိတ်ထဲတွင်တော့ ထိုလူစုကို အလွန် မုန်းတီးနေသည်။ လုယက်ရုံတင်မက လူပါသတ်ကြသည်။
"နွားကြီး... ငါတို့ စပြီး ကျင့်ကြံကြရအောင် တောင်ပံဆေး မကုန်သေးဘူး"
ချန်ရွှင် စိတ်ဓာတ် တက်ကြွလာပြီး စောစောက မပျော်ရွှင်မှုများကို ဖယ်ရှားလိုက်သည်။ "ရှေ့ကို ဆက်လျှောက်ရမယ် လုပ်စရာတွေ အများကြီး ကျန်သေးတယ်"
"မွန်း မွန်း" နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်အားထက်သန်လာသည်။
သူတို့သည် ဆေးများကို အလွန် နှေးကွေးစွာ အလွန် တည်ငြိမ်စွာ စားသုံးကြသည်။ ယခင်က ဆက်တိုက် စားသုံးခဲ့သော်လည်း ယခုအခါ တစ်လုံးစားပြီး ရက်အနည်းငယ် တင်ပျဉ်ခွေ ထိုင်ကာ ဆေးအာနိသင်ကို ဖြည်းဖြည်းချင်း ချေဖျက်သည်။ တိုးပွားလာသော ဝိညာဉ်စွမ်းအားများကို ရင်းနှီးအောင် လုပ်ဆောင်ကြသည်။ အချိန်ကာလများသည် သူတို့၏ စားသောက်နေထိုင်မှုများနှင့်အတူ ကုန်ဆုံးသွားရာ နောက်ထပ် တစ်နှစ် ကြာမြင့်သွားပြန်သည်။ ယခုနှစ်တွင် နှင်းမကျတော့ပေ။
ယခုအခါ သူတို့သည် ချီသန့်စင်ခြင်း အဆင့်ခုနစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တောင်ပံဆေး များ ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင် ခုနစ်ပင်ကို စုဆောင်းထားနိုင်ခဲ့သည်။ ချမ်းသာရန် ပြင်ဆင်နေကြသည်။ ချန်ရွှင်သည် မူလစွမ်းအင် အမှတ်ကို (၂၀) အထိ တိုးမြှင့်လိုက်နိုင်ပြီ ဖြစ်သည်။ နောက်နှစ်တွင် ဝိညာဉ်စွမ်းအား ဘက်သို့ ပြောင်းလဲ ပေါင်းထည့်ပြီး ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ တိုးပွားလာခြင်း ရှိမရှိ စမ်းသပ်ကြည့်ရန် ပြင်ဆင်ထားသည်။ နင်ယွင်တောင်တန်း တစ်ဖက်ခြမ်းမှ စစ်ဘေးရှောင်လာသူများ ပိုမို များပြားလာသည်။ အချို့မှာ လမ်းတွင် ငတ်ပြတ်ပြီး သေဆုံးကာ လင်းတများ၏ စားသောက်ခြင်းကို ခံလိုက်ရသည်။ အချို့မှာ သားရဲကောင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးကြသည်။ အချို့မှာ ဓားပြတိုက် ခံရသည်။
သူတို့၏ ဂူအပြင်ဘက်မှ ဖြတ်သန်းသွားသူများလည်း ရှိသည်။ အပြင်လောကကြီးတွင် ငြိမ်းချမ်းမှု မရှိတော့သည့်ပုံ ပေါက်နေသည်။
ဆာလောင်မွတ်သိပ်ပြီး ချမ်းအေးနေသော ပြည်သူများကို ကြည့်ပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အသားခြောက်အချို့ကို တိတ်တဆိတ် ပေးကမ်းခဲ့ကြသည်။ သို့သော် အလွန်အကျွံ ထိတွေ့ဆက်ဆံခြင်း မပြုတော့ပေ။ ဤလောကကြီး၏ ကံတရား အကြောင်းအကျိုးများကို မည်သူ ပြောင်းနိုင်မည်နည်း။ ဤကဲ့သို့သော ခေတ်ကာလတွင် တစ်ကိုယ်တော် ကျင့်ကြံသူများသည် စွမ်းအားကို ပိုမို တောင့်တလာကြသည်။ သူတို့သည် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသို့ ဝင်ရောက်ရန် အသည်းအသန် ကြိုးပမ်းကြသည်။ သာမန်လောကတွင် သံသရာလည်ပြီး မနေချင်ကြတော့ပေ။
အပြင်လောက၏ ဆိုးရွားသော အခြေအနေများနှင့် နှိုင်းယှဉ်လျှင် အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံသည် ပိုမို စည်ကားသိုက်မြိုက်နေသည်။ ယခင်နှစ်များထက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာသည်။ သူတို့၏ စိတ်ဆန္ဒများသည် အလွန် မြင့်မားနေပြီး ပိုမို ကျယ်ပြန့်သော ကျင့်ကြံခြင်း ကမ္ဘာကြီးကို မျှော်မှန်းနေကြသည်။
တောင်ပေါ်ဂူအတွင်း...
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် လောကကြီးနှင့် အဆက်အသွယ် ဖြတ်ကာ ကိုယ့်အလုပ်ကိုယ် လုပ်နေကြသည်။ အပြင်လောက၏ ရှုပ်ထွေးမှုများသည် သူတို့နှင့် မသက်ဆိုင်ပေ။
"နွားကြီး... ငါ အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံကို တစ်ခေါက်သွားလိုက်ဦးမယ် မင်း သည်မှာ စောင့်နေ"
ချန်ရွှင် ယခုတစ်ကြိမ်တွင် ခေါင်းစွပ် မဝတ်တော့ပေ။ နွားနက်ကြီးကိုလည်း ခေါ်မသွားတော့ပေ။ ဤသို့ဆိုလျှင် ပိုပြီး စိတ်ချရသည်။
"မွန်း မွန်း" နွားနက်ကြီးသည် ပါးစပ်ဖြင့် ချန်ရွှင်ကို အတင်း ဆွဲထားသည်။ သူတို့ ဘယ်တုန်းကမှ မခွဲခွာခဲ့ဖူးပေ။
"ငါ တစ်ရက်နေရင် ပြန်လာမယ် ပြန်မလာရင် မင်း လိုက်ရှာတော့"
"မွန်း"
"တကယ်ပါကွ ငါ မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ မြန်ရင် နေ့ဝက်နဲ့ ပြန်လာမယ်"
ချန်ရွှင် ရယ်မောလိုက်သည်။ သူတို့တွင် ဝိညာဉ်ဆေးပင်နှင့် ဆေးမီးဖို မရှိတော့သဖြင့် မဖြစ်မနေ သွားရတော့မည်။
"မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ ဂူပေါက်ဝမှ ကျောက်တုံးကြီးကို သွားရောက် ရွှေ့ဖယ်ပေးလိုက်သည်။ ပြီးလျှင် သည်နေရာကနေပဲ ချန်ရွှင်ကို စောင့်နေမည်။ ချန်ရွှင် မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားသည်။ ယခုတစ်ကြိမ်တွင် ဆေးသေတ္တာ လေးလုံးကို ယူဆောင်သွားသည်။ အထဲတွင် နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင် လေးပင် ပါရှိသည်။ မူလစွမ်းအင် ကို အသုံးပြုပြီး ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။
နွားနက်ကြီး တုံ့ဆိုင်းနေပြီးမှ နောက်ကနေ လိုက်သွားသည်။ ချန်ရွှင်ကို အဝေးကြီးအထိ လိုက်ပို့ပေးသည်။ တောင်တန်းများ၏အတွင်းပိုင်းသို့ ဝင်ရောက်ခါနီးမှ ပြန်လှည့်လာခဲ့သည်။ ပါးစပ်မှ မွန်းခနဲ အဆက်မပြတ် အော်မြည်နေသည်။ ချန်ရွှင်သည် ခြေတစ်လှမ်းလှမ်းတိုင်း သုံးခါပြန်ကြည့်နေသည်။ နွားနက်ကြီး မြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။
"လူတွေ တော်တော် များလာတာပဲ"
လမ်းတွင် တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြားနှင့် တွေ့ဆုံခဲ့သည်။ သူ၏ ချီသန့်စင်ခြင်း အဆင့်ခုနစ်ကို မြင်လိုက်ရသောအခါ အားလုံးက စီနီယာဟု ခေါ်ကာ လမ်းဖယ်ပေးကြသည်။ မျက်လုံးများထဲတွင် လေးစားမှုများ ပါဝင်နေသည်။
အင်အားသာ ပဓာနကျသော ကမ္ဘာတွင် အစွမ်းထက်သူကသာ ဦးဆောင်သူ ဖြစ်သည်။ ချန်ရွှင်သည်လည်း အလွန် နှိမ့်ချစွာ နေထိုင်ပြီး မည်သူ့ကိုမျှ စကားမပြောပေ။ ကြယ်ကိုးလုံးတောင်ကြား သို့ ရောက်ရှိသောအခါ သူသည် သွားနေကျ လမ်းကြောင်းများအတိုင်း လျှောက်သွားသည်။ စာအုပ်ရောင်းသည့် ကိစ္စကိုလည်း ကြားသိလိုက်ရသည်။ ချန်ရွှင် ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။ မျက်လုံးထဲတွင်တော့ ထူးဆန်းသော အဓိပ္ပာယ်များ ပါဝင်နေသည်။
တောင်ကြားထဲတွင် ပစ္စည်းရောင်းသော တစ်ကိုယ်တော် ကျင့်ကြံသူများလည်း ပိုမို များပြားလာသည်။ အားလုံးသည် ပစ္စည်းချင်း ဖလှယ်နေကြပြီး စမ်းသပ်မှုတွင် အောင်မြင်နိုင်ခြေကို မြှင့်တင်ရန် ကြိုးပမ်းနေကြသည်။
သူသည် ဂိုဏ်းငယ်လေးတစ်ခု၏ ပြခန်းဆောင်ထဲသို့ ဝင်ရောက်သွားသည်။ စိတ်ခံစားချက်ကို ချက်ချင်းပြောင်းလဲလိုက်ပြီး ချန်ရွှင်သည် ငိုမဲ့မဲ့ မျက်နှာဖြင့် တစ်လှမ်းချင်း ဝင်ရောက်သွားလေသည်။
အခန်း (၃၀)
"စီနီယာ... အဲသည်ညက မိုးတွေလေတွေ အရမ်းသည်းနေတာ ဒီဝိညာဉ်ဆေးပင်ကို ကျောက်ကမ်းပါးထိပ်ကနေ ခက်ခက်ခဲခဲ ခူးယူခဲ့ရတာပါ"
ချန်ရွှင် ငိုတော့မည့်ပုံ ပေါက်နေသည်။ မျက်ရည်များ ဝဲနေ၏။ "ဆေးအာနိသင် မပျက်စီးအောင်လုပ်ဖို့ ကျွန်တော် ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ် စီနီယာဆီကို အမြန်ဆုံး လာပို့တာပါ"
ဤကဲ့သို့ ပြောလိုက်သောအခါ ဂိုဏ်းအကြီးအကဲမှာ ဘာလုပ်ရမှန်း မသိတော့ပေ။ ခဏကြာ စဉ်းစားပြီးနောက် ချန်ရွှင်ကို ဝိညာဉ်ကျောက်တုံး (၁၀) တုံး ထပ်ပေါင်းပေးလိုက်သည်။
"စီနီယာက ဉာဏ်အမြော်အမြင် ကြီးမားလိုက်တာ တကယ့်ကို ကြီးမားတာပါ"
ချန်ရွှင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ဘဝမှာ ဝိညာဉ်ကျောက်တုံး မမြင်ဖူးသည့်ပုံစံမျိုး ဖြစ်နေသည်။
ဂိုဏ်းအကြီးအကဲက ချန်ရွှင်ကို အကဲခတ်ကြည့်လိုက်ရာ စိတ်ထဲ လှုပ်ရှားသွားသည်။ ချီသန့်စင်ခြင်း အဆင့်ခုနစ် ကျင့်ကြံသူ ဖြစ်နေသည်။ သူ့ကို အံ့သြတကြီး ကြည့်နေစဉ်မှာပင် ချန်ရွှင်သည် ဆေးသေတ္တာ (၃၀) ကို ထပ်မံ ဝယ်ယူသွားသည်။ မြွေရေခွံအိတ်ဖြင့် ထည့်သွားခြင်း ဖြစ်သည်။
"ဒါ တကယ်ပဲ ချီသန့်စင်ခြင်း အဆင့်ခုနစ် ကျင့်ကြံသူ ဟုတ်ရဲ့လား"
ဂိုဏ်းအကြီးအကဲ အကြာကြီး ငေးငိုင်နေမိသည်။ ဤလူ၏ အပြုအမူ အပြောအဆိုများကို ကြည့်ရသည်မှာ လုံးဝ မတူပေ။ ဈေးသည်တစ်ယောက်နှင့်သာ တူနေသည်။ ချန်ရွှင်သည် ခါးကို ကုန်းလျက် တောင်ကြားထဲတွင် ဖြည်းညှင်းစွာ လျှောက်သွားနေသည်။ တစ်ကိုယ်တော် ကျင့်ကြံသူများ၏ ဆိုင်ခန်းများတွင် ဈေးကြာမြင့်စွာ ဆစ်ပြီး ဝိညာဉ်ဆေးပင်မျိုးစေ့ သုံးအိတ် ဝယ်ယူလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ဝိညာဉ်ကျောက်တုံး မပေးမီ သေချာ စစ်ဆေးလိုက်သည်။ သူသည် သတိမထားမိလောက်အောင်ပင် ရိုးရှင်းနေသည်။ အထူးသဖြင့် မြွေရေခွံအိတ်အပေါက်မှ မတော်တဆ ထွက်ကျလာသော ဆေးသေတ္တာခွံများကို မြင်လိုက်ရသောအခါ တစ်ကိုယ်တော် ကျင့်ကြံသူ ဝါရင့်ကြီးများမှာ ကံဆိုးသည်ဟု ခံစားလိုက်ရသည်။
ချန်ရွှင် နေရာအနှံ့ လျှောက်ကြည့်ပြီးနောက် အခြား ဂိုဏ်းတစ်ခု၏ ပြခန်းဆောင်ထဲသို့ ဝင်ရောက်သွားသည်။ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလိုက်ပြန်သည်။ စကားလုံးများကြားတွင် ဆင်းရဲဒုက္ခ မပါသော်လည်း နေရာတိုင်းတွင် ဆင်းရဲဒုက္ခများ ရှိနေသည်။ ချန်ရွှင်၏ ခါးသည် မြွေရေခွံအိတ်ကြောင့် ပိုမို ကိုင်းညွှတ်သွားသကဲ့သို့ ဖြစ်နေသည်။ ချန်ရွှင်၏ ငိုမဲ့မဲ့ မျက်နှာသည် အိမ်တွင် ဝက်သေသွားသဲ့သို့ ဖြစ်နေသည်။ ဘယ်တော့မှ ပြောင်းလဲခြင်း မရှိပေ။ ဆိုင်ခန်းများတွင် ဝိညာဉ်ကျောက်တုံး တစ်တုံး အတွက် မျက်နှာများနီလာသည်အထိ ငြင်းခုံနေတတ်သည်။
သူသည် ဆေးရောင်းသော အဆောင်တွင် ပိုမိုကောင်းမွန်သော ဆေးမီးဖိုတစ်ခု ဝယ်ယူခဲ့သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀) ကုန်ကျသည်။ ထို့အပြင် ဆေးမီးဖိုပေါက်ကွဲခြင်း အကြောင်းကိုလည်း မေးမြန်းခဲ့သည်။
"ဪ... အဲသည်လိုကိုး" ချန်ရွှင် လမ်းလျှောက်ရင်း သဘောပေါက်သွားသည်။ ဤဆေးမီးဖိုကိုလည်း ဝိညာဉ်စွမ်းအားဖြင့် ပြုစုပျိုးထောင်ပေးရမည် ဖြစ်သည်။ သူက ယခင်တုန်းက အသုံးပြုပြီးသည်နှင့် သည်အတိုင်း ပစ်ထားခဲ့သည်။ တစ်နာရီကြာတိုင်း သူသည် မတူညီသော ဂိုဏ်းပြခန်းဆောင်များသို့ သွားရောက်ကာ နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင်များကို ရောင်းချသည်။ ဝိညာဉ်ဆေးပင် လေးပင်စလုံး လျင်မြန်စွာ ရောင်းထွက်သွားသည်။ မြွေရေခွံအိတ်ထဲတွင် ဝိညာဉ်ဆေးပင်မျိုးစေ့ ဆယ်ဂဏန်းခန့် ရှိနေပြီ ဖြစ်သည်။ သို့သော် ဤမျိုးစေ့များ အားလုံးသည် ချီသန့်စင်ခြင်း အဆင့်တွင် အသုံးပြုသော ဆေးဖော်စပ်ရန် ပစ္စည်းများသာ ဖြစ်သည်။ ပိုကောင်းတာ ဝယ်လို့ မရပေ။
သူ နေရာအနှံ့ မွှေနှောက် နေသည်။ အလျင်လိုခြင်း မရှိပေ။ သူ၏ ချီသန့်စင်ခြင်း အဆင့်ခုနစ်ကို မြင်လိုက်ရသောအခါ တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြားသည် သူ့ကို အလွန် လေးစားစွာ ဆက်ဆံကြသည်။ သူ့ကို လိမ်လည်ရန်လည်း မဝံ့ရဲကြပေ။ ထို့နောက် ချန်ရွှင် ခြေလှမ်းသွက်လာသည်။ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး ကြယ်ကိုးလုံးတောင်ကြား မှ ပျောက်ကွယ်သွားသည်။ လမ်းခရီးတွင် ဘာမှ မဖြစ်ဘဲ တောင်ပေါ်ဂူသို့ ပြန်ရောက်လာသည်။
"နွားကြီး... ငါ ပြန်ရောက်ပြီ"
ချန်ရွှင် လက်တစ်ဖက်ဖြင့် ကျောက်တုံးကြီးကို ရွှေ့ဖယ်လိုက်သည်။ အရိပ်မည်းတစ်ခု ပြေးထွက်လာသည်။ နွားနက်ကြီး ချက်ချင်း ခုန်အုပ်လိုက်ပြီး ပါးစပ်မှ မွန်းခနဲ အော်မြည်နေသည်။
"ဟား ဟား... လာ အထဲဝင်ပြီး ပြောကြမယ်"
ချန်ရွှင် နွားခေါင်းကို ဖက်လိုက်ပြီး ဘယ်ညာ ကြည့်လိုက်သည်။ ထို့နောက် ကျောက်တုံးကြီးဖြင့် ဂူပေါက်ကို ပိတ်ကာ ဝင်သွားလိုက်သည်။
"မွန်း မွန်း" နွားနက်ကြီး ချန်ရွှင်ကို ပတ်ပြေးနေသည်။ မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ ပါးစပ်ဖြင့်လည်း အတင်း ဆွဲနေသည်။
"ကဲပါ... သည်တစ်ခါပဲ နောက်ခါ မင်းကို ဘယ်တော့မှ ထားမခဲ့တော့ဘူး"
ချန်ရွှင် ပျော်ရွှင်စွာ ပြောလိုက်ပြီး မြွေရေခွံအိတ်ကို ကြည့်လိုက်သည်။ "အထဲက ရတနာတွေကို ကြည့်လိုက်ပါဦး"
"မွန်း"
နွားနက်ကြီး မျက်လုံးများ အရောင်တောက်သွားသည်။ သူ ဝိညာဉ်ဆေးပင်မျိုးစေ့ အများအပြား၏ အနံ့ကို ရလိုက်ပုံရသည်။ အမြန် သွားကြည့်လိုက်ရာ အလွန်အံ့ဩ သွား၏။
"မွန်း" နွားနက်ကြီး အံ့သြတကြီးဖြင့် ချန်ရွှင်ကို ကြည့်လိုက်သည်။ အိတ် ၂၀ ကျော်တောင် ပါလာသည်။
"ဟား ဟား... နွားကြီး အဲဒါတွေ မင်းတာဝန်ပဲ အထဲမှာ ချီအကျိုးပြုဆေး အတွက် လိုအပ်တဲ့ ဆေးပင်တွေ အများကြီးပါတယ်"
ချန်ရွှင်ကတော့ ဆေးမီးဖိုကို ကြည့်နေသည်။ လက်ထဲတွင် အမြတ်တနိုး ကိုင်ထားသည်။ သည်တစ်ခါတော့ သေချာ ဂရုစိုက်ရမည်။
"မွန်း မွန်း" နွားနက်ကြီး မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ယှက်သန်းနေသည်။ မတ်တပ်ရပ်လိုက်ပြီး အခြား ဂူပေါက်တစ်ခုသို့ ယူသွားလိုက်သည်။ သူ ဆေးပင်စိုက်ရတာကို ကြိုက်သည်။ သူတို့၏ မူလစွမ်းအင် စုစုပေါင်းမှာ ယခုအခါ (၄၀) ရှိနေပြီ ဖြစ်သည်။ တစ်လအတွင်း သက်တမ်း (၃၀) ကျော်ရှိသော ဆေးပင် သုံးပင်ကို ပျိုးထောင်နိုင်သည်။
"နွားကြီး... အလုပ်စမယ်"
"မွန်း"
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အနာဂတ်အတွက် စိတ်အားထက်သန်မှုများ ပြည့်နှက်နေပြီး ကိုယ့်အလုပ်ကိုယ် စတင် လုပ်ကိုင်ကြသည်။ ခြေလှမ်းများကား ရပ်တန့်ခြင်း မရှိပေ။
......
တိမ်ဖြူဖြူများ လွင့်မျောနေပြီး အချိန်များ ကုန်ဆုံးသွားရာ နောက်ထပ် တစ်နှစ် ကြာမြင့်သွားပြန်သည်။ လူ့ဘဝသည် တိုတောင်းလှပြီး အတိတ်က အကြောင်းအရာများနှင့် အမှတ်တရများသာ အနည်ထိုင် ကျန်ရစ်ခဲ့သည်။
"နွားကြီး... ဆေးသေတ္တာတွေကို သေချာ သိမ်းထား ဝိညာဉ်စွမ်းအားနဲ့ ပြုစုပျိုးထောင်ပေး ပိုးမွှားတွေ ကိုက်မသွားစေနဲ့"
"မွန်း မွန်း"
"နွားကြီး... ဆေးပင်တွေကို အမျိုးအစား ခွဲထားဖို့ မမေ့နဲ့ အလုပ်လုပ်ရင် ကမူးရှူးထိုး မလုပ်နဲ့ အခုကတည်းက အကျင့်မလုပ်ထားရင် နောက်ကျ ဘယ်လိုလုပ်မလဲ"
"မွန်း... မွန်း"
......
နင်ယွင်တောင်တန်း အစွန်အဖျားရှိ တောင်ပေါ်ဂူ တစ်ခုတွင်... ထာဝရအသက်ရှင်သူ နှစ်ဦးသည် အဆက်မပြတ် ကြိုးစားနေကြသည်။ အဓိပ္ပာယ်ရှိသော အလုပ်များကို လုပ်ဆောင်ရန် အချိန်ကို အသုံးချနေကြသည်။ ညည်းတွားနေခြင်းများ လျော့နည်းသွားသည်။ ယခုနှစ် ချင်တိုင်းပြည် တွင် အခြေအနေများ ပိုမို မတည်မငြိမ် ဖြစ်လာပုံရသည်။ တိုင်းပြည်အတွင်း၌ ကျင့်ကြံသူများပင် လူသားလောကတွင် မကောင်းမှုဒုစရိုက်များ ပြုလုပ်နေကြသည်။
ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် တပည့် အများအပြားကို စေလွှတ်ကာ လူသားလောက၏ ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန် ကတိပြုကြသည်။ ဤနေရာသည် တပည့်အများအပြား၏ အရင်းအမြစ် ဖြစ်သည် မဟုတ်ပါလား။ မဟုတ်လျှင်မျိုးဆက်ပြတ်သွားနိုင်သည်။ ကျင့်ကြံသူများ လူသားလောကသို့ ဆင်းသက်လာသဖြင့် ပြည်သူအများအပြား စိတ်လှုပ်ရှားသွားကြသည်။ ဘုရားရှိခိုး ဆုတောင်းကာ စောင့်ရှောက်ပေးရန် တောင်းဆိုကြသည်။
ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း ကိုယ်တိုင် ပါဝင်ပတ်သက်လာသဖြင့် ချင်တိုင်းပြည် သည် ပိုမို ရှုပ်ထွေးလာပုံရသည်။ မိစ္ဆာကောင်များ သရဲတစ္ဆေများပင် ပေါ်ထွက်လာသည်။
နင်ယွင်တောင်တန်း သို့ အင်မော်တယ် လာရောက်ရှာဖွေသော သာမန်လူများ ပိုမို များပြားလာသည်။ တောင်တန်းအနက်ပိုင်းမှ မိစ္ဆာကောင်များ စိတ်လှုပ်ရှားလာကြသည်။ သေဆုံးသူများ ပိုမို များပြားလာပြီး အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံပင် အနည်းငယ် ရှုပ်ထွေးလာသည်။
တောင်ပေါ်ဂူအတွင်း။
[ တင်... အမှတ် ပေါင်းထည့်နိုင်ပါပြီ ]
ချန်ရွှင်၏ ခေါင်းထဲတွင် ထာဝရအသက်ရှင်ခြင်း စနစ် ၏ အသံ ထွက်ပေါ်လာသည်။ သူ့မျက်လုံးများ တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။
"နွားကြီး... သည်နှစ် ငါတို့ ဝိညာဉ်စွမ်းအားကို စမ်းကြည့်လို့ရပြီ"
ချန်ရွှင် နွားနက်ကြီးကို လှမ်းအော်လိုက်သည်။ "ဝိညာဉ်စွမ်းအားတွေ တိုးပွားလာပြီး တစ်ခါတည်း အဆင့်တက်သွားနိုင်တယ်"
"မွန်း"
နွားနက်ကြီး မျက်လုံးအဝိုင်းသားဖြင့် ပြေးလာသည်။ တစ်ကိုယ်လုံး မည်းနက်နေပြီး မီးသွေးခဲကဲ့သို့ဖြစ်နေသည်။ ချိုတစ်စုံသာ မရှိလျှင် နွားမှန်းပင် သိသာမည် မဟုတ်ပေ။
"လာစမ်း... ငါကိုယ်တော် ပျံသန်းဖို့ အဆင်သင့် ဖြစ်နေပြီ"
"မွန်း မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေပြီး ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ အမှတ် ပေါင်းထည့်လိုက်သည်။ သူတို့၏ လက်ရှိ သက်တမ်းအမှတ် များမှာ - ဝိညာဉ်စွမ်းအား ၁ ခွန်အား ၂၁ အမြန်နှုန်း ၂၁ မူလစွမ်းအင် ၂၀။ ခန္ဓာကိုယ်ထဲတွင် အပူစီးကြောင်းတစ်ခု စီးဆင်းသွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ပိုမို စိတ်လှုပ်ရှားလာကြသည်။ မျက်လုံးများကို မှိတ်ထားပြီး ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားကို အလျင်အမြန် အာရုံခံလိုက်ကြသည်။
နာရီဝက်ခန့် ကြာပြီးနောက်...
"ဟင်... ပြီးသွားပြီလား"
"မွန်း"
ချန်ရွှင် ကြောင်သွားသည်။ နွားနက်ကြီးလည်း ကြောင်သွားသည်။ ဘာမှ မခံစားရပေ။ ချီသန့်စင်ခြင်း အဆင့်ခုနစ်တွင်သာ ရှိနေဆဲပင်။
ဂူအတွင်းတွင် မီးရောင် မှိန်ပျပျဖြင့် မည်းမှောင်နေဆဲ။ ကျောက်တုံး အက်ကွဲကြောင်းမှ ဝင်ရောက်လာသော လေပြည်သည်လည်း နူးညံ့နေဆဲပင်။
"အမှတ် ထည့်တာ နည်းသွားလို့လား"
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ဖြစ်နိုင်သည် အမှတ် များလေလေ အကျိုးသက်ရောက်မှု ကောင်းလေလေ ဖြစ်မည်။
"ဒါဆို နောက်နှစ်မှ ကြည့်ကြတာပေါ့ အလုပ် အရင်သွားလုပ်မယ် အလုပ်ရှုပ်နေတယ်"
ချန်ရွှင် ဂရုမစိုက်သလို ပြောလိုက်သည်။ နွားနက်ကြီးလည်း လိုက်ပြီး ခေါင်းညိတ်သည်။ ထို့နောက် သူက ဆေးခင်းဘက်သို့ ပြေးသွားလိုက်သည်။ စိတ်ထဲတွင်တော့ လုံးဝ အလေးမထားပေ။
နှစ်လ ကြာပြီးနောက်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ မီးလုံးပစ်လွှတ်ခြင်းပညာ ဖြင့် အဝတ်အစားများကို အခြောက်ခံနေကြသည်။ ရုတ်တရက် ဂူအတွင်းတွင် မီးပင်လယ်ကြီး ဖြစ်သွားပြီး မီးခိုးလုံးများ ထွက်ပေါ်လာသည်။
"သောက်ကျိုးနည်း... မြန်မြန် ရုပ်သိမ်းလိုက်"
"မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ လန့်ဖျပ်ပြီး အော်ဟစ်လိုက်ကြသည်။ သို့သော် မီးလုံးပစ်လွှတ်ခြင်းပညာ ကို ရုပ်သိမ်းလိုက်သော်လည်း အဝတ်အစားများ အားလုံး မီးလောင်သွားပြီ ဖြစ်သည်။
နွားနက်ကြီး ကျောက်တုံးကြီးကို အမြန် တွန်းဖယ်လိုက်သည်။ ချန်ရွှင် ဘောင်းဘီတိုလေး တစ်ထည်ဖြင့် ပြေးထွက်လာသည်။ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့နေသည်။
"ဘာ... ဘာဖြစ်သွားတာလဲ"
ချန်ရွှင် နားမလည်စွာ ရေရွတ်လိုက်သည်။ ဖြည်းညှင်းစွာ နွားနက်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။ "ငါ သုံးလိုက်တာ မီးလုံးပစ်လွှတ်ခြင်းပညာ ပါ"
"မွန်း မွန်း"
နွားနက်ကြီး ခေါင်းခါလိုက်သည်။ မျက်လုံးများ ပြူးကျယ်နေပြီး သံသယဖြင့် ချန်ရွှင်ကို ကြည့်လိုက်သည်။ မင်း တခြား ဂါထာ ခိုးသင်ထားတာ မဟုတ်ဘူးလား ဒါက မီးလုံးပစ်လွှတ်ခြင်းပညာလား။
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို တွန်းဖယ်လိုက်သည်။ မတ်တပ်ရပ်လိုက်သည်။ မီးလုံးပစ်လွှတ်ခြင်းပညာ ဆိုတာ ဘာလဲဆိုတာ ပြလိုက်မည်။ ငါ့ရှေ့မှာ လာပြီး ဟန်ဆောင်မနေနဲ့။
ချန်ရွှင် ကြောင်တောင်တောင်ဖြင့် နွားနက်ကြီးကို ကြည့်နေသည်။ စိတ်ထဲတွင် စဉ်းစားလို့ မရသေးပေ။
"မွန်း"
နွားနက်ကြီး ကျယ်လောင်စွာ အော်လိုက်သည်။ အဝေးတစ်နေရာသို့ မျက်နှာမူပြီး မျက်နှာသည် လေးနက်သွားသည်။ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများ နွားခွာဆီသို့ စီးဆင်းသွားပြီး ဧရာမ မီးလုံးကြီးတစ်လုံး ထွက်ပေါ်လာသည်။
ဝုန်း... ဖျစ် ဖျစ်...
မီးရောင်များ တောက်ပလာပြီး မီးပင်လယ်ကြီး ဖြစ်ပေါ်လာသည်။ သစ်ကိုင်းခြောက်များနှင့် သစ်ရွက်များ အများအပြား မီးလောင်ကျွမ်းသွားပြီး မီးခိုးများ ထွက်ပေါ်လာသည်။
"နွားကြီး... မြန်မြန် ရုပ်သိမ်းလိုက် မီးသွားငြှိမ်းမယ်"
ချန်ရွှင် ထိတ်လန့်တုန်လှုပ်သွားသည်။ သူတို့ ရေဝိဉာဉ်ပညာ မသင်ရသေးပေ။ ယခုတောတစ်ခုလုံး ကုန်တော့မည်။