← Chapters

အခန်း (၃၁-၃၂)

Vol. 2 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 2 Ch. 31-32

အခန်း (၃၁)

"မွန်း မွန်း မွန်း"

နွားနက်ကြီးသည် မိမိ၏ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်ရှုနေပြီး ချန်ရွှင် ဆွဲခေါ်သွားသည်ကိုပင် သတိမထားမိလိုက်ပေ။

တစ်နာရီခန့် ကြာပြီးနောက် မီးငြိမ်းသွားခဲ့သည်။ ချန်ရွှင်၏ မျက်နှာတစ်ခုလုံး မည်းနက်နေပြီး ဘောင်းဘီတိုလေးပင် မီးလောင်လုနီးပါး ဖြစ်သွားသည်။ ဆံပင်များ ရှုပ်ပွနေပြီး စစ်ဘေးရှောင် ပြည်သူများထက်ပင် ပိုမို သနားစရာ ကောင်းနေ၏။ သူတို့သည် တောင်ပေါ်ဂူသို့ ပြန်ရောက်လာကြပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

"နွားကြီး... ငါ နားလည်သွားပြီ ဝိညာဉ်စွမ်းအား ဆိုတာ ငါတို့ ခန္ဓာကိုယ်ထဲက စွမ်းအင် မဟုတ်ဘူး"

ချန်ရွှင် တံတွေးကို ဂလုခနဲ မြိုချလိုက်ပြီး လေချဉ်တက်လိုက်ရာ မည်းနက်သော မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ "ဒီ ဝိညာဉ်စွမ်းအား က ငါတို့ရဲ့ ဂါထာတွေကို အားဖြည့်ပေးတာပဲ"

"မွန်း" နွားနက်ကြီးလည်း နားလည်သွားပြီး မျက်လုံးထဲတွင် ထိတ်လန့်အံ့သြမှုများ ပါဝင်နေသည်။

"တကယ့်ကို မယုံနိုင်စရာပဲ အဓိက အချက်က ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုကလည်း အရမ်း နည်းပါးတာပဲ"

ချန်ရွှင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ယခုအခါ မီးလုံးပစ်လွှတ်ခြင်းပညာ ၏ စွမ်းအင်ကုန်ဆုံးမှုသည် ယခင်ကထက် ထက်ဝက်ပင် မရှိတော့ပေ။ "မူလက အဓိကအချက်က ဒီနေရာမှာ ရှိနေတာကိုး"

"မွန်း"

"နွားကြီး... မင်း နည်းနည်း ဖယ်နေဦး"

ချန်ရွှင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လက်ဝါးကို ဖြန့်လိုက်သည်။ "ငါ ဆေးမီးတောက် ကို စမ်းကြည့်မလို့"

"မွန်း" နွားနက်ကြီး အဝေးသို့ အလျင်အမြန် ပြေးထွက်သွားပြီး ဝိညာဉ်ဆေးပင်များ စိုက်ပျိုးထားသော ဂူပေါက်ထဲတွင် ပုန်းအောင်းကာ ခေါင်းတစ်ဝက်သာ ပြူကြည့်နေသည်။

"သန့်စင်လိုက်တာ"

မီးတောက်ငယ်လေး တစ်ခုသည် ချန်ရွှင်၏ လက်ဝါးပေါ်တွင် ဖြည်းညှင်းစွာ ပေါ်လာသည်။ သူသည် ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားကို ဆက်တိုက် တိုးမြှင့်လိုက်ရာ မီးတောက်ကလေးသည် တဖြည်းဖြည်း ကြီးမားလာသည်။ ယခင်က ဆေးမီးတောက်နှင့် တူညီသော အရွယ်အစား ရောက်မှသာ ချန်ရွှင် ရပ်တန့်လိုက်သည်။

"ထင်ထားတဲ့အတိုင်းပဲ"

ချန်ရွှင် ပြုံးလိုက်သည်။ ဆေးမီးတောက်ကို ဆက်တိုက် ထိန်းချုပ်ထားသော်လည်း ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုမှာ အလွန် နှေးကွေးလှသည်။ "သည်အတိုင်းသာဆိုရင် ငါ ဆေးမီးတောက်ကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်တော့မယ်"

"မွန်း"

နွားနက်ကြီး ဖြည်းညှင်းစွာ ပြန်ချည်းကပ်လာပြီး ထိုဆေးမီးတောက်ကို ကြည့်လိုက်သည်။ ယခင်ကနှင့် တူညီသော်လည်း ပိုမို သက်ဝင်လှုပ်ရှားနေသကဲ့သို့ ခံစားရသည်။

ချန်ရွှင် လက်ကို ဆုပ်လိုက်ရာ ဆေးမီးတောက်သည် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။ သူသည် နွားနက်ကြီးကို ကြည့်လိုက်သည်။ "နွားကြီး... ငါတို့ ဝိညာဉ်စွမ်းအားကို အစကနေ ပြန်လေ့ကျင့်ရမယ်"

"မွန်း"

"ဘာလို့လဲဆိုတော့ ငါ နောက်တစ်ခါ ဘောင်းဘီတိုလေးပဲ ကျန်တဲ့အဖြစ်မျိုး အဖြစ်မခံနိုင်တော့လို့ပဲ" ချန်ရွှင်က ဒေါသတကြီး ပြောလိုက်သည်။ "နားလည်လား"

"မွန်း မွန်း" နွားနက်ကြီး က ရယ်မောလိုက်သည်။ နားလည်ပါပြီ နားလည်ပါပြီ။

နောက်ပိုင်းရက်များတွင် သူတို့သည် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကို ကျွမ်းကျင်အောင် မနားတမ်း လေ့ကျင့်ကြရာ နောက်ဆုံးတွင် လျှို့ဝှက်ချက်ကို တွေ့ရှိသွားပြီး စိတ်တိုင်းကျ ထိန်းချုပ်နိုင်သွားကြသည်။ ထိုကာလအတွင်း ချန်ရွှင်သည် ဆေးအချို့ ထပ်မံ ဖော်စပ်ခဲ့ရာ ဆေးအောင်မြင်မှုနှုန်း သိသိသာသာ တိုးတက်လာရုံသာမက ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုလည်း လျော့နည်းသွားသည်။ ဆေးပညာရှင် အများအပြားသည် ဆေးမီးတောက် အဆင့်တွင်ပင် ကျရှုံးတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအား မငြိမ်သက်ပါက အနည်းငယ် သတိလွတ်သွားသည်နှင့် ဆေးတစ်ဖိုလုံး ပျက်စီးသွားတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပိုမို စိတ်ချရသော မြေကမ္ဘာမီးတောက်ကိုသာ ရွေးချယ်တတ်ကြသည်။

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဂူအတွင်း၌ နှုတ်ခမ်းများ တွန့်ရုံ ပြုံးလိုက်ကြသည်။ တဖျပ်ဖျပ် လှုပ်ရှားနေသော မီးရောင်အောက်တွင် သူတို့၏ ပုံရိပ်များမှာ ကြောက်မက်ဖွယ် ကောင်းနေ၏။

......

ကောင်းကင်ကို ထိုးဖောက်နိုင်သည် ပင်လယ်ကို မှောက်လှန်နိုင်သည် တောင်တန်းများကို ရွှေ့နိုင်သည် ဆိုသော်လည်း အတိတ်က အချိန်များကိုမူ ပြန်ယူ၍ မရနိုင်ပေ။ ငါးနှစ်တာ ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ချင်တိုင်းပြည် နယ်စပ်တွင် စစ်ပွဲကြီးများ ဖြစ်ပွားခဲ့သည်။ အိမ်ရှေ့စံမင်းသား ထီးနန်းဆက်ခံပြီးနောက် နန်းတွင်းတွင် သွေးချောင်းစီး ဖြုုတ်ထုတ်ခြင်းများ ပြုလုပ်ခဲ့ရာ ပြည်သူများ ဒုက္ခပင်လယ် ဝေနေကြရသည်။

စစ်နိုင်ငံသည် ရည်မှန်းချက် ကြီးမားပြီး တပ်မကြီးဖြင့် နယ်စပ်ကို ဖိအားပေးလာရာ ချင်တိုင်းပြည် ၏ ကံကြမ္မာ ယိမ်းယိုင်လာသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် နိုင်ငံရေး စစ်ပွဲများတွင် ဝင်ရောက် စွက်ဖက်လာကြသည်။ စစ်နိုင်ငံမှ ဂိုဏ်းများကလည်း လက်မခံကြသဖြင့် ကျင့်ကြံသူများအကြား တိုက်ပွဲသစ်များ စတင်လာသည်။ နေရာအနှံ့ ကျီးလန့်စားစားဖြစ်နေပြီး မည်သူမျှ ဘေးကင်းစွာ နေနိုင်ခြင်း မရှိတော့ပေ။

တိုင်းပြည် တိုးတက်လျှင် ပြည်သူများ ပင်ပန်းသည် တိုင်းပြည် ပျက်စီးလျှင် ပြည်သူများ ဒုက္ခရောက်သည်။

နင်ယွင်တောင်တန်း အစွန်အဖျားတွင် ဓားပြခေါင်းစွပ်ဝတ်ထားသော လူတစ်ယောက်သည် နွားနက်ကြီးတစ်ကောင်ကို ဆွဲလျက် တောင်တန်းအနက်ပိုင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားနေသည်။ တောအုပ်တစ်ခုကို ဖြတ်သန်းစဉ် သစ်ပင်ပေါ်မှ ဓားပြဆယ်ဂဏန်းခန့် ခုန်ဆင်းလာကြသည်။ သူတို့သည် နှုတ်ခမ်းကို သပ်လိုက်ကြပြီး သစ်ပင်အောက်မှ လူကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ လက်ထဲမှ ဓားကြီးများမှာ အေးစက်သော အလင်းရောင်များ တောက်ပနေသည်။

ဤလူသည် နွားတစ်ကောင် ဆွဲလာသဖြင့် အရေးပါသော သူ မဟုတ်တန်ရာ။ သူတို့ ဓားပြများတွင်လည်း လူကဲခတ်နိုင်စွမ်း ရှိသည်။ လူတိုင်းကို ဒုက္ခမပေးပေ။

"ချမယ်"

"ဟဲဟဲ... နွားကို ထားခဲ့လိုက်တော့"

"သေလိုက်စမ်း... ဟား ဟား"

...

ဓားပြဆယ်ဂဏန်းခန့် လေပေါ်သို့ ခုန်တက်လိုက်ကြပြီး မျက်လုံးများထဲတွင် သွေးဆာသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ လူသတ်ခြင်းသည် ပျော်ရွှင်စရာ ကိစ္စတစ်ခု ဖြစ်သည်။ အထူးသဖြင့် သားကောင်၏ နောက်ဆုံး မျှော်လင့်ချက်မဲ့ အော်ဟစ်သံများက ပို၍ အရသာရှိသည်။ နွားဆွဲထားသော လူကမူ ဘာမှ မသိသေးသကဲ့သို့ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေဆဲပင်။

ဓားပြများ ပိုမို စိတ်လှုပ်ရှားလာကြသည်။ တကယ့် အရူးတစ်ယောက်ပါလား။

ရုတ်တရက်... အခြေအနေ ပြောင်းလဲသွားသည်။ ပြင်းထန်သော လေတိုးသံများ ထွက်ပေါ်လာပြီး နွားဆွဲထားသူကို ဗဟိုပြုလျက် မရေမတွက်နိုင်သော ကျောက်ခဲအစအနများ လေထဲသို့ ပျံတက်လာကာ မြှားများကဲ့သို့ အရပ်လေးမျက်နှာကို ပြေးထွက်သွားသည်။

၎င်းတို့၏ အရှိန်အဟုန်နှင့် ပြင်းထန်မှုသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းကိုပင် ကျော်လွန်သွားသည်။

"အား"

ထိတ်လန့်ဖွယ်ရာ အော်ဟစ်သံများ တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး တောငှက်များ လန့်ပျံကုန်ကြသည်။

ဓားပြဆယ်ဂဏန်းခန့် မြေပြင်ပေါ်သို့ အားလျော့စွာ လဲကျသွားကြသည်။ ဦးခေါင်းများတွင် ကျောက်ခဲများ ဖောက်ထွက်သွားပြီး အပေါက်ကြီးများ ဖြစ်ပေါ်ကာ သွေးများ မြေပြင်ပေါ်သို့ စီးကျလာသည်။

"မွန်း"

နွားနက်ကြီး တိုးတိုးလေး အော်မြည်လိုက်ရာ တောအုပ်ထဲတွင် မီးတောက်များ တောက်လောင်လာသည်။ ဓားပြများ၏ အလောင်းများ ပြာကျသွားသော်လည်း ဘေးပတ်ဝန်းကျင်ရှိ မြက်ပင်လေးတစ်ပင်ကိုမျှ မီးမလောင်ကျွမ်းစေခဲ့ပေ။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားကြသည်။ မျက်ဝန်းများထဲတွင် လှုပ်ရှားမှု အလျဉ်းမရှိ။ သူတို့၏ စိတ်သည် ပကတိငြိမ်သက်နေသည်။

"နွားကြီး... ဒီလောကကြီးက တဖြည်းဖြည်းနဲ့ ငြိမ်းချမ်းမှု မရှိတော့ဘူး"

ချန်ရွှင် တည်ငြိမ်စွာ ပြောလိုက်ပြီး ရှေ့ကိုသာ ကြည့်နေသည်။ "နင်ယွင်တောင်တန်း မှာ လူကောင်းလူဆိုး ရောထွေးနေပြီ ငါတို့လည်း ထွက်သွားဖို့ ပြင်ဆင်ရတော့မယ်"

"မွန်း"

နွားနက်ကြီး လေးနက်စွာ ပြန်ထူးလိုက်သည်။ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းအသိ အနည်းငယ်ပင် ပါဝင်နေသည်။ သည်ငါးနှစ်အတွင်း သူတို့ ကြုံတွေ့ခဲ့ရသည်များ များပြားလွန်းလှပြီး မြင်ခဲ့ရသည်များလည်း များပြားလွန်းလှသည်။

ဤကမ္ဘာလောကကြီးသည် သူတို့ ထင်မှတ်ထားသကဲ့သို့ ဘယ်တုန်းကမှ လှပမနေခဲ့ပေ...

စစ်ဘေးရှောင်များ လမ်းတွင် ငတ်ပြတ်ပြီး မိမိအဖော်၏ အသားကို စားသောက်ကြသည်ကို တွေ့ဖူးသည်။ မိသားစုလိုက် ပြောင်းရွှေ့လာကြသော်လည်း နောက်ဆုံးတွင် မျိုးဆက်တစ်ယောက်သာ ကျန်ရစ်ပြီး ထိုသူမှာလည်း ဓားပြများ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို တွေ့ဖူးသည်။ အင်မော်တယ် လမ်းစဉ်ကို ရှာဖွေရင်း နောက်ဆုံးတွင် မိစ္ဆာကောင်၏ ပါးစပ်ထဲတွင် သေဆုံးသွားသူများ ၊ သူတို့အပေါ် မကောင်းကြံပြီး ကျေးစွပ်သူများကို ရက်စက်စွာ ပြန်လည် သတ်ဖြတ်ခဲ့ရသည်များ...

အရာအားလုံးကို ဖြတ်သန်းပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီး၏ မျက်လုံးများတွင် နောက်ဆုံး၌ ဥပေက္ခာတရားများ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

ချန်ရွှင် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။ "နွားကြီး... သူတို့ကြောင့် ငါတို့ရဲ့ စိတ်နေသဘောထားကို ထိခိုက်မခံနဲ့ ငါတို့ လျှောက်ရမယ့်လမ်းက အဝေးကြီးရှိသေးတယ်"

"မွန်း မွန်း" နွားနက်ကြီး ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်ရင်း ရယ်မောလိုက်သည်။

လူတစ်ယောက်နှင့် နွားတစ်ကောင် ရှေ့ဆက် လျှောက်လှမ်းလာကြသည်။ ဤငါးနှစ်တာကာလ၏ သက်တမ်းအမှတ် များကို ဝိညာဉ်စွမ်းအား ဘက်တွင်သာ ပေါင်းထည့်ခဲ့သဖြင့် သူတို့၏ ဂါထာများသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အရည်အသွေး ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခုအခါ သူတို့သည် ဂါထာများကို အားကုန် ထုတ်မသုံးရဲကြတော့ပေ။ သေးငယ်သော ပစ္စည်းထိန်းချုပ်ခြင်းပညာ ပင်လျှင် ကြောက်မက်ဖွယ် ကောင်းလာသည်။ မိုင်တစ်ထောင်အကွာမှ ရန်သူ့ခေါင်းကို အိတ်ထဲက ပစ္စည်း နှိုက်ယူသလို ယူနိုင်သည် ဆိုသည်မှာ တင်စားချက် မဟုတ်တော့ပေ။ စိတ်ကိုစေစားပြီး ရန်သူများကို ဂွေးပင်ဖြတ်နိုင်သည်အထိအစွမ်းထက်လာသည်။ သို့သော် သူကတော့ထိုသို့မလုပ်ပါ။ ပြောပြခြင်းသာဖြစ်သည်။

မြေကြီးပေါ်တွင် ရပ်လျက် မြင်ကွင်းထဲရှိသည်ဆိုလျှင် ကောင်းကင်မှ ငှက်များကိုပင် ပစ်ချနိုင်သည်။ မီးလုံးပစ်လွှတ်ခြင်းပညာ ဆိုလျှင် ပို၍ ကြောက်စရာ ကောင်းနေသည်။ ထို့အပြင် ဖော်စပ်ထားသော ဆေးများသည်လည်း ပြောမပြတတ်သော ထူးခြားမှုများ ပါဝင်နေပြီး ယခင်ဆေးများထက် အာနိသင် ပိုမို ပြင်းထန်ကာ ဆေးမီးဖိုကိုပင် ပျက်စီးစေသည်အထိ ဖြစ်ခဲ့သည်။ သို့သော် ဆေးအမြောက်အမြား စားသုံးပြီးနောက် သူတို့ ယခုအခါ ချီသန့်စင်ခြင်း အဆင့်တစ်ဆယ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တောင်ပံဆေး နှင့် ချီအကျိုးပြုဆေး များသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် မစွမ်းဆောင်နိုင်တော့ပေ။

သိသာသော တားဆီးမှုတစ်ခုသည် ခန္ဓာကိုယ်ထဲတွင် ပိတ်ဆို့နေပြီး ဒန်တျန် သည် သံမဏိတံတိုင်းကဲ့သို့ မာကျောနေကာ မည်သို့မျှ ထိုးဖောက်၍ မရနိုင် ဖြစ်နေသည်။

ယနေ့... နေရောင်ခြည်သည် မီးကဲ့သို့ ပူပြင်းနေသည်။ မြောက်လေ တိုက်ခတ်နေသော်လည်း နွေးထွေးမှုများ ရှိနေဆဲပင်။

နင်ယွင်တောင်တန်း အနက်ပိုင်းသို့ ဝင်ရောက်လာသောအခါ လေထဲတွင် အမည်မသိ ပန်းရနံ့များ ပျံ့လွင့်နေသည်။ ကွေ့ကောက်သော တောင်ပေါ်လမ်းတွင် သူတို့သည် တောင်ပေါ်ကဆင်းလာသော လူအုပ်စု တစ်စုနှင့် ဆုံတွေ့လိုက်ရသည်။

"ဟယ်"

ရှေ့ဆုံးမှ လျှောက်လာသော အမျိုးသမီးငယ် ခြေလှမ်းတုံ့သွားပြီး ချန်ရွှင်ကို အကြာကြီး စိုက်ကြည့်နေသည်။ "ရှင် ဖြစ်နေတာကိုး"

ချန်ရွှင်နှင့် နွားနက်ကြီး ကြောင်သွားသည်။ ဘယ်သူလဲဟ။ ကျားဖြန့်လား။

အမျိုးသမီးငယ် ဘေးမှ လူများလည်း သူမကို နားမလည်စွာ ကြည့်နေကြသည်။ သည်လူက ခေါင်းစွပ် စည်းထားတာကို သူမက ဘယ်လိုလုပ် မှတ်မိနေတာလဲ။

"ဆယ်နှစ်နီးပါး ရှိပြီနော် ရှင် နောက်တစ်ခါ ထပ်ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး"

အမျိုးသမီးငယ် ရုတ်တရက် ပြုံးလိုက်သည်။ သူမ၏ ကိုယ်မှ သင်းပျံ့သော ရနံ့လေးများ ထွက်ပေါ်နေသည်။ "ရှင့်ရဲ့ ခေါင်းစွပ်နဲ့ နွားကြီးကို ကျွန်မ မှတ်မိနေတယ်"

ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ အပြုံးကို မြင်လိုက်ရသောအခါ လွန်ခဲ့သော နှစ်များစွာက သူ့ကို ကြောက်လန့်ခဲ့ဖူးသော မိန်းမပျိုလေးတစ်ယောက်နှင့် ဤအမျိုးသမီးငယ်ကို ဖြည်းညှင်းစွာ တိုက်ကြည့်လိုက်မိသည်။ သူမ၏ အသံသည် ပိုမို ရင့်ကျက်လာပြီး မျက်နှာသွင်ပြင်သည်လည်း ထိုစဉ်က မိန်းမပျိုလေး မဟုတ်တော့ပေ။ မျက်ဝန်းထဲတွင် တည်ငြိမ်မှုများ ပိုမို များပြားလာသည်။

"ဟဲဟဲ... မင်းကိုး"

ချန်ရွှင် သတိရသွားပြီး မေးလိုက်သည်။ "အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံ စတော့မှာလေ မင်း ဝိညာဉ်ဆေးပင် မရောင်းတော့ဘူးလား"

"မရောင်းတော့ပါဘူး ကျင့်ကြံခြင်း ပါရမီက အကန့်အသတ် ရှိနေတော့ အိမ်ပြန်တော့မလို့ပါ"

အမျိုးသမီးငယ် ပြုံးလိုက်သည်။ သည်လူရဲ့ ခေါင်းစွပ်က အရင်အတိုင်း ရယ်စရာ ကောင်းနေတုန်းပါလား။ "မိသားစုက မင်္ဂလာဆောင်ပေးဖို့ စီစဉ်ထားတယ်"

"ဂုဏ်ယူပါတယ်ဗျာ ကျွန်တော်က တကယ်တော့ သာရေး၊နာရေး ကိစ္စတွေမှာလည်း ကျွမ်းကျင်ပါသေးတယ်"

ချန်ရွှင် လေးနက်စွာ ပြောလိုက်ပြီး လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ "မိန်းကလေးရဲ့ မျက်နှာကို ကြည့်ရတာ ကံကောင်းမယ့်သူပါ နောက်နောင် အစစ အရာရာ အဆင်ပြေပါစေ"

"ဒါဆိုရင်တော့ ရှင့်ရဲ့ ဆုတောင်းစကားအတိုင်း ဖြစ်ပါစေရှင်"

အမျိုးသမီးငယ် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံ ရှိရာဘက်သို့ လေးနက်စွာ လှမ်းမျှော်ကြည့်လိုက်သည်။ "ရှင်လည်း ချက်ချင်း အင်မော်တယ် ဖြစ်ပါစေ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်"

"... လမ်းခရီး ဖြောင့်ဖြူးပါစေ" ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲပြီး ဘေးသို့ ခြေတစ်လှမ်း ဖယ်ပေးလိုက်သည်။

အမျိုးသမီးငယ် လှည့်ထွက်သွားသည်။ ချန်ရွှင်ကို ကြည့်ပြီး ထိုစဉ်ကကဲ့သို့ ချိုမြိန်သော အပြုံးလေး ပြုံးပြကာ လူအုပ်နှင့်အတူ ထွက်ခွာသွားလေသည်။

ချန်ရွှင်လည်း ခရီးဆက်ခဲ့သည်။ လူနှစ်စုသည် မျက်နှာချင်းဆိုင် လျှောက်လှမ်းလာကြပြီး မတူညီသော အနာဂတ်ဆီသို့ ဦးတည်သွားကြကာ ဘေးချင်းယှဉ် ဖြတ်သန်းသွားကြသည်။ သူ ရုတ်တရက် ရပ်တန့်ပြီး နောက်လှည့်ကြည့်လိုက်သည်။ တောင်အောက်သို့ ဆင်းသွားသော လူအုပ်စုကို ကြည့်လိုက်သည်။ တောင်ပေါ်လေပြည် တိုက်ခတ်လာရာ တောင်တစ်ခုလုံးအပြည့် ပန်းခင်းများ လှုပ်ရှားသွားပြီး အမျိုးသမီးငယ်၏ ဆံနွယ်များ လွင့်ပျံသွားသည်။ ချန်ရွှင် တည်ငြိမ်စွာ ပြုံးလိုက်ပြီး လှည့်ထွက်လာခဲ့လေသည်။

အခန်း (၃၂)

ကြယ်ကိုးလုံးတောင်ကြား အတွင်းသို့ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ဝင်ရောက်လာခဲ့သည်။ အားလုံးက မျက်နှာစိမ်းများ ဖြစ်ကြသည်။ သူတို့သည် နေရာအနှံ့ လျှောက်သွားနေကြပြီး တစ်ကိုယ်တော် ကျင့်ကြံသူများသည် အလောတကြီး သွားလာနေကြကာ မျက်လုံးထဲတွင် တောင့်တမှုများ ပြည့်နှက်နေသည်။ သုံးရက် ကြာပြီးနောက် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ လူများ ရောက်ရှိလာရာ ဆူညံသံများ ထွက်ပေါ်လာသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ စင်မြင့်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။

ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် နှစ်စဉ် စေလွှတ်သော လူများ မတူညီကြသော်လည်း အားလုံးသည် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

"နွားကြီး"

"မွန်း"

"စမ်းသပ်မှု ဝင်ဖြေမယ်"

ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ခရမ်းရောင်တိမ်ဂိုဏ်း စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။ တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြား အံ့သြသွားကြသည်။ သည်လူက နွားတစ်ကောင်နှင့် စမ်းသပ်မှု ဝင်ဖြေနေတယ်တဲ့လား။ ရယ်စရာကောင်းလွန်းသည်။ စင်မြင့်ထက်တွင် အမျိုးသမီး သုံးဦး လက်နောက်ပစ် ရပ်နေကြသည်။ မျက်လုံးများက လျှပ်စီးကဲ့သို့ စူးရှနေပြီး ထိုခေါင်းစွပ် ဝတ်ထားသော လူကို ကြည့်ကာ မျက်ဝန်းထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

ပထမအဆင့်... ရုပ်သေးရုပ်များ။ ချီသန့်စင်ခြင်း အဆင့်ငါး ရှိသော စက်ရုပ်သေးရုပ် (၁၀) ရုပ်။ သူတို့၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ပါက နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်သည်။ တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြား၏ အကြည့်များက ချန်ရွှင်ဆီသို့ ရောက်ရှိလာကြသည်။

ချီသန့်စင်ခြင်း အဆင့်ခုနစ် ကျင့်ကြံသူ ဖြစ်နေသည်ကိုး။

ချန်ရွှင် ဝင်ရောက်သွားသည်နှင့် ရုပ်သေးရုပ်များ၏ ကိုယ်ထည်မှ အနီရောင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ သူတို့သည် အရပ်ရှစ်မျက်နှာမှ နေရာယူလိုက်ပြီး ချန်ရွှင်ဆီသို့ တိုက်ခိုက်လာကြသည်။ ချန်ရွှင် ခြေထောက်ကို ဆောင့်နင်းလိုက်ရာ နေရာတွင် အရိပ်တစ်ခု ကျန်ရစ်ခဲ့သည်။ သူသည် လက်တစ်ဖက်ဖြင့် နွားနက်ကြီးကို မလိုက်ပြီး အစီအရင် အချို့ကို လျင်မြန်စွာ ရှောင်တိမ်းကာ ရုပ်သေးရုပ်တစ်ရုပ်၏ အနောက်ဘက်သို့ ချက်ချင်း ရောက်ရှိသွားသည်။ ချန်ရွှင်၏ လက်ဝါးတွင် မီးတောက်များ ဖုံးလွှမ်းသွားပြီး ရုပ်သေးရုပ်၏ ကျောမှာ အရည်ပျော်သွားသည်။ ထိုအခါ ရုပ်သေးရုပ်သည် ရုတ်တရက် မလှုပ်ရှားနိုင်တော့ပေ။

ထိုနည်းအတိုင်းပင် ချန်ရွှင်သည် မြန်၊ မှန် ၊ ပြတ်သားစွာဖြင့် ရုပ်သေးရုပ် (၁၀) ရုပ်စလုံးကို ပွဲသိမ်းပေးလိုက်သည်။ အား သိပ်စိုက်လိုက်ရပုံပင် မရပေ။

"သည်လူ... သည်လူ စောစောက သုံးလိုက်တာ ဘာဂါထာလဲ"

"ခရမ်းရောင်တိမ်ဂိုဏ်း ရဲ့ ရုပ်သေးရုပ်တွေကို သူက လက်တစ်ဖက်တည်းနဲ့ အမှောက်သိပ်လိုက်တာလား ရုပ်သေးရုပ်တွေ လုပ်ရတဲ့ ပစ္စည်းတွေက တန်ဖိုး မနည်းဘူးနော်"

"အံ့ဩစရာပဲ ငါတို့ ဝင်ဖြေတုန်းက ရှောင်တိမ်းရုံပဲ တတ်နိုင်တာ သည်လူက ရုပ်သေးရုပ် အားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ ကြောက်စရာကောင်းတဲ့ စွမ်းရည်ပဲ"

...

ခရမ်းရောင်တိမ်ဂိုဏ်း စင်မြင့်အောက်မှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ လက်တစ်ဖက်ဖြင့် နွားနက်ကြီးကို ဆွဲထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရုပ်သေးရုပ် (၁၀) ရုပ်ကို ပွဲသိမ်းပေးလိုက်သော လူမျိုးကို သူတို့ တစ်ခါမျှ မကြားဖူးခဲ့ပေ။ စင်မြင့်ထက်တွင် အမျိုးသမီး သုံးဦး၏ မျက်လုံးများထဲတွင် အံ့သြမှုများ ဖြတ်သန်းသွားသည်။

"စီနီယာအမယွင်... ဒီ တစ်ကိုယ်တော် ကျင့်ကြံသူက နည်းနည်း လွန်လွန်းနေပြီနော်"

အမျိုးသမီးတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။ ဒါတွေက ခရမ်းရောင်တိမ်ဂိုဏ်း ရဲ့ ပိုင်ဆိုင်မှုများဖြစ်သည်။ ယခု အားလုံးပျက်ဆီးကုန်သည်။

"စိတ်ဝင်စားစရာပဲ"

စီနီယာအမယွင် နှုတ်ခမ်းပါးလေး ဟလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ မျက်လုံးထဲတွင် ဂရုစိုက်ပုံ မရပေ။ "သူ့ရဲ့ ပါရမီ အရည်အချင်းက ဘယ်လိုလဲဆိုတာ ငါ သိချင်တယ်"

စကားဆုံးသည်နှင့် သုံးဦးစလုံး အမိန့်ပြားတစ်ခုစီ ကိုင်လိုက်ကြသည်။

ဒုတိယအဆင့်... အရိုးသက်တမ်း နှင့် ပါရမီ အရည်အချင်း စစ်ဆေးခြင်း။

ချန်ရွှင်သည် နွားနက်ကြီးကို ခေါ်လျက် ခန်းမဆောင်ကြီး တစ်ခုထဲသို့ ဝင်ရောက်သွားသည်။ ခန်းမဆောင်ထဲတွင် ရောင်စုံအလင်းများ တောက်ပနေပြီး အလယ်တွင် အစီအရင် တစ်ခု ရှိသည်။ သူ တန်းပြီး ဝင်ရောက်သွားလိုက်သည်။

"အရိုးသက်တမ်း နှစ်ဆယ် ဟုတ်လား"

အမျိုးသမီးသည် လက်ထဲမှ အမိန့်ပြားကို ကြည့်ပြီး အသံတုန်သွားသည်။ "ပါရမီ အရည်အချင်းက... ဓာတ်ငါးပါးအဆင့်နိမ့်အမြစ်

"နှမြောစရာပဲ ဒါပေမယ့် တစ်ကိုယ်တော် ကျင့်ကြံသူတွေကြားမှာတော့ ထူးခြားတဲ့သူ တစ်ယောက်လို့ ပြောလို့ရတယ်"

စီနီယာအမယွင် စိတ်မကောင်းစွာ ပြောလိုက်သည်။ သည် တစ်ကိုယ်တော် ကျင့်ကြံသူက ပထမအဆင့်မှာ အားကုန် ထုတ်မသုံးခဲ့တာ သိသာသည်။ သို့သော် ကျင့်ကြံခြင်း ပါရမီ အရည်အချင်းကို ခရမ်းရောင်တိမ်ဂိုဏ်း က အလွန် တင်းကျပ်စွာ သတ်မှတ်ထားသည်။ ချီသန့်စင်ခြင်း အဆင့်၏ တိုက်ခိုက်နိုင်စွမ်းက သူတို့အတွက် အရေးမပါပေ။ ခန်းမဆောင်ထဲတွင် ချန်ရွှင် ပြုံးလိုက်သည်။ ရည်ရွယ်ချက် ပြည့်မြောက်ပြီ။ ခရမ်းရောင်တိမ်ဂိုဏ်း က ပါရမီ အရည်အချင်းကို အဓိကထားသည် ထို့ကြောင့် ဆက်လက် ဖြေဆိုရန် မလိုအပ်တော့ပေ။ ပထမအဆင့်က လူတိုင်းကို မျှော်လင့်ချက် ပေးထားရုံ သက်သက်သာ ဖြစ်သည်။ သူ သည်နေရာမှာ စောင့်ကြည့်ခဲ့တာ နှစ်အနည်းငယ် ရှိပြီ ဖြစ်သဖြင့် ခရမ်းရောင်တိမ်ဂိုဏ်း ၏ လုပ်ပုံလုပ်နည်းကို ကောင်းကောင်းကြီး သိမြင်ထားပြီး ဖြစ်သည်။

"နွားကြီး... သွားမယ်"

"မွန်း"

ချန်ရွှင် အခြားတံခါးပေါက်မှ ထွက်ခွာသွားသည်။ ဆက်လက် မဖြေဆိုတော့ပေ။ မိမိပါရမီ အရည်အချင်း မမီမှန်း သိသွားသည့်ပုံ ပေါက်နေသည်။ စီနီယာအမယွင် ချန်ရွှင်ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။

ခရမ်းရောင်တိမ်ဂိုဏ်း မှ တပည့်အချို့ကို စေလွှတ်ကာ သိုလှောင်အိတ် ထဲမှ ရုပ်သေးရုပ်များကို ထုတ်လိုက်သည်။ စမ်းသပ်မှု အသစ် ပြန်လည် စတင်တော့သည်။

"တာအိုမိတ်ဆွေ... ခဏနေပါဦး"

အပြာရောင် ဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသား တစ်ဦးသည် ဖော်ရွေသော မျက်လုံးများဖြင့် အခြားတံခါးပေါက် အပြင်ဘက်တွင် ချန်ရွှင်ကို လှမ်းတားလိုက်သည်။ မုဆိုးဆိုတာ အမြဲတမ်း သားကောင်ပုံစံဖြင့် ပေါ်လာတတ်သည် မဟုတ်ပါလား။ ချန်ရွှင် နွားနက်ကြီးကို ဆွဲလျက် ထိုလူကို ကြောင်တောင်တောင် ကြည့်လိုက်သည်။

"တာအိုမိတ်ဆွေ... ဘာကိစ္စလဲ"

"ကျုပ်က ကျီယန် ပြည်နယ် ဝူယွင်ဂိုဏ်း က တပည့် ယင်းကျွင်း ပါ"

လူလတ်ပိုင်း အမျိုးသားက မိတ်ဆက်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "စောစောက တာအိုမိတ်ဆွေရဲ့ တိုက်ခိုက်နိုင်စွမ်း ရဲရင့်တာကို တွေ့လိုက်ရပေမယ့် ပါရမီ အရည်အချင်း ကန့်သတ်ချက်ကြောင့် နှမြောမိလို့ပါ"

ချင်တိုင်းပြည် တွင် ပြည်နယ်ကိုးခု ရှိသည်။ နင်ယွင်တောင်တန်း သည် ယုံချွမ် ပြည်နယ်တွင် ရှိသည်။ ခရီးအလွန် ဝေးကွာသည်။ ခြေကျင်သွားလျှင် အနည်းဆုံး နှစ်ဝက်ကျော် ကြာမြင့်မည်။ ဝူယွင်ဂိုဏ်း သည်လည်း ကျီယန် ပြည်နယ်၏ ဂိုဏ်းကြီး တစ်ခု ဖြစ်သည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းလောက် ဂုဏ်သတင်း မကြီးမားသော်လည်း ချင်တိုင်းပြည် ကျင့်ကြံခြင်းလောကတွင် နာမည်ကျော်ကြားသည်။ ဝူယွင်ဂိုဏ်း သည် ခရမ်းရောင်တိမ်ဂိုဏ်း နှင့်လည်း မိတ်ဆွေဖွဲ့ထားသည်။ အထက်ပိုင်း လူကြီးများ ဆက်ဆံရေး အတော်ကောင်းသည်ဟု ကြားသိရသည်။ ထို့ကြောင့်လည်း ယင်းကျွင်း သည်နေရာကို လာပြီး လူရွေးလို့ ရခြင်း ဖြစ်သည်။

"ဪ... ဝူယွင်ဂိုဏ်း က တပည့် ဖြစ်နေတာကိုး ကြားဖူးပါတယ်"

ချန်ရွှင် လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ မျက်လုံးထဲတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး သူ့စကားကို စောင့်ဆိုင်းနေလိုက်သည်။ သည်လူက ချီသန့်စင်ခြင်း အဆင့်ကိုး ကျင့်ကြံသူ ဖြစ်နေသည်။

"တာအိုမိတ်ဆွေ ဝူယွင်ဂိုဏ်း ဝင်ဖို့ စိတ်ဝင်စားလား မသိဘူး"

ယင်းကျွင်း ပြုံးလိုက်သည်။ ယုံချွမ် ပြည်နယ်တွင် ဂိုဏ်းကြီးဂိုဏ်းကောင်း သိပ်မရှိပေ။ ကျင့်ကြံခြင်း ရင်းမြစ်များကလည်း များစွာအသုံးဝင်ခြင်းမရှိ။ ယခင်ကဆိုလျှင် တစ်ကိုယ်တော် ကျင့်ကြံသူများသည် ဖိတ်ခေါ်မှုကို ကြားသည်နှင့် ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံကြစမြဲပင်။ ဘာသံသယမှ မရှိကြပေ။

"တာအိုမိတ်ဆွေက ဝူယွင်ဂိုဏ်း တပည့် ဖြစ်ကြောင်း ဘယ်လို သက်သေပြမလဲ စကားတစ်ခွန်းတည်းနဲ့ လိုက်သွားလို့ မဖြစ်ဘူးလေ"

"တကယ်တော့ ကျွန်တော် စောင့်ကြည့်နေတာ ကြာပါပြီ ဂိုဏ်းအချို့က ဘာလို့ တိုက်ခိုက်နိုင်စွမ်း မြင့်တဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေကိုပဲ လိုချင်ပြီး ပါရမီ အရည်အချင်းကို ဘာလို့ဂရုမစိုက်တာလဲ ဆိုတာ တာအိုမိတ်ဆွေ ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ….ဝူယွင်ဂိုဏ်း ဝင်ပြီးရင် ဘာလုပ်ရမလဲ…..သည်လောကကြီးမှာ အလကားရတဲ့ နေ့လည်စာ မရှိဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်…ပြီးတော့ အရေးအကြီးဆုံး အချက်က... ကျွန်တော့်အိမ်က အမွေရထားတဲ့ နွားနက်ကြီးကို ခေါ်သွားလို့ ရမလား"

ချန်ရွှင် လေးနက်စွာ ပြောလိုက်သည်။ သည်မေးခွန်းတွေက သူ့ရင်ထဲမှာ ရှိနေတာ ကြာပြီ ဖြစ်သည်။ ဒါကြောင့်လည်း ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းကို မဝင်ရဲရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အလယ်အလတ် ဂိုဏ်းတွေက တပည့်တွေနဲ့ဆိုရင် စကားပြောလို့ ရသေးသည်။ ဟို အခြေခံတည်ဆောက်ခြင်း အဆင့် စီနီယာတွေ ဆိုရင် စကားအများကြီး ပြောမည်မဟုတ်ပေ။ နွားနက်ကြီးကို ရှင်းထုတ်ပစ်လိုက် ဆိုရင် မည်သို့လုပ်ရမည်နည်း။

ယင်းကျွင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ပါးစပ်က တဖြည်းဖြည်း ကျယ်လာသည်။ သည်လူ ဘာဖြစ်တာလဲ ငယ်ငယ်တုန်းက စိတ်ဒဏ်ရာ အကြီးကြီး ရခဲ့ဖူးလို့လား...

"ဒါက ဝူယွင်ဂိုဏ်း တပည့် အမှတ်အသားပါ တာအိုမိတ်ဆွေ ကြည့်ပါ"

ယင်းကျွင်း သည် သိုလှောင်အိတ် ထဲမှ အစိမ်းရောင် အမိန့်ပြား တစ်ခုကို ထုတ်ပြလိုက်သည်။ အပေါ်တွင် ဝူယွင် ဟု ရေးထားပြီး လျှို့ဝှက်ဆန်းကြယ်သော ဇဝါကွက်များ ပါရှိသည်။ ကြည့်လိုက်ရုံဖြင့် သာမန်ပစ္စည်း မဟုတ်ကြောင်း သိသာလှသည်။

"ဒီအမိန့်ပြားကို အသက်သွင်းလိုက်ရင် မိုင်တစ်ရာ ပတ်လည်က ဝူယွင်ဂိုဏ်း တပည့်တွေ အာရုံခံမိပြီး လာကူညီကြလိမ့်မယ်"

ယင်းကျွင်း အနည်းငယ် စိတ်ပျက်သွားသည်။ အရည်အချင်းမီသည့် တပည့်တစ်ယောက် ရရင် အကျိုးအမြတ် ရမှာမို့လို့သာ မဟုတ်ရင် သည်လောက် စကားအများကြီး ပြောနေမည်မဟုတ်ပေ။

"ဒါဆို အသက်သွင်း ကြည့်ပါလား တာအိုမိတ်ဆွေ စိတ်မရှိပါနဲ့ဗျာ တစ်ကိုယ်တော် ကျင့်ကြံသူ ဘဝဆိုတော့ ခင်ဗျားတို့လို ဂိုဏ်းကြီးက တပည့်တွေနဲ့ မယှဉ်နိုင်ဘူးလေ"

"တောင်ကြား ပိတ်တဲ့အချိန်ကျရင် ကျွန်တော် အသက်သွင်းပါ့မယ် အဲသည်ကျရင် တာအိုမိတ်ဆွေ အစစ်အမှန် ဟုတ်မဟုတ် ခွဲခြားနိုင်မှာပါ"

"ကောင်းပြီ" ချန်ရွှင် ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ ယင်းကျွင်း ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

ယင်းကျွင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "တကယ်တော့ ဂိုဏ်းဝင်ရင် လုပ်ရမယ့်အလုပ်က လျှို့ဝှက်ချက်ကြီး မဟုတ်ပါဘူး ချင်တိုင်းပြည် က အဆင့်နိမ့် ကျင့်ကြံသူတွေရဲ့ အသက်သွေးကြောနဲ့ ဆက်နွှယ်နေတာပါ"

"တာအိုမိတ်ဆွေ ရှင်းပြပေးပါ"

"အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ရဲ့ ဝိညာဉ်ဆေးပင်တွေ အကြောင်းပါ..." ယင်းကျွင်း ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။

All Chapters