အခန်း (၃၃-၃၄)
Vol. 2 Ch. 33-34
အခန်း (၃၃)
မူလက ချင်တိုင်းပြည် တွင် နန်ဒုတောင် ဟု ခေါ်သော လျှို့ဝှက်နယ်မြေ တစ်ခု ရှိသည်။ အနှစ် (၂၀) လျှင် တစ်ကြိမ် ပွင့်သည်။ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ချင်တိုင်းပြည် ၏ ကျင့်ကြံသူ အကျော်အမော် ရာပေါင်းများစွာ ပူးပေါင်းပြီး ဆီလ်းခတ် ပိတ်ထားခဲ့သော နေရာဖြစ်သည်။ ချင်တိုင်းပြည် ကျင့်ကြံခြင်းလောက မျိုးဆက်မပြတ်စေရန် ရည်ရွယ်ထားခဲ့သည်။ အထဲတွင် ဝိညာဉ်ဆေးပင် အမြောက်အမြား ရှိပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး အတွက် လိုအပ်သော ဝိညာဉ်ဆေးပင်များမှာ တန်ဖိုးအကြီးဆုံး ဖြစ်သည်။ သို့သော် ဂိုဏ်းကြီးများက ဆေးပင်များကို အချိုးကျခွဲယူကြရပြီး အစောင့်အကြပ်များတင်းကြပ်စွာချကာ ခွင့်ပြု လူဦးရေ ကန့်သတ်ချက်လည်း ရှိသည်။
ထို့အပြင် လျှို့ဝှက်နယ်မြေသည် ကျင့်ကြံခြင်းအဆင့်ကိုလည်း တင်းကျပ်စွာ ကန့်သတ်ထားသည်။ ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သည်။ အနှစ် (၂၀) တိုင်း ယှဉ်ပြိုင်မှုမှာ အလွန် ပြင်းထန်လှပြီး ဆယ်ယောက်သွားလျှင် တစ်ယောက်သာ အသက်ရှင် ပြန်လာနိုင်သည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှလွဲ၍ ကျန်သော ဂိုဏ်းများတွင် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ၏ ဝိညာဉ်ဆေးပင်များကို ပျိုးထောင်နိုင်သည့် နည်းလမ်း မရှိပေ။ ဤအချက်သည် ဂိုဏ်းများအကြား အခြေခံ အကျဆုံး ကွာခြားချက် ဖြစ်သည်။ သဘာဝအတိုင်း အခြေခံတည်ဆောက်ခြင်း အဆင့် တက်လှမ်းရန် ကြိုးစားခြင်းသည် အချိန်ဖြုန်းရာ ရောက်သလို လမ်းမှားရောက်သွားနိုင်ခြေလည်း များပြားသည်။
ချီသန့်စင်ခြင်း အဆင့်တွင် နှစ် (၁၀၀) သာ သက်တမ်း ရှိသည်။ အဆင့် (၁၀) အထိ ရောက်အောင် ကျင့်ကြံရန် အချိန်အများကြီး ကုန်ဆုံးခဲ့ရပြီ ဖြစ်သည်။ တစ်နှစ် ပိုရရန်အတွက်ပင် ခေါင်းမီးတောက်မတတ် လုယက် တိုက်ခိုက်ကြရသည်။ ချင်တိုင်းပြည် ပြင်ပလောကတွင် အခြေခံတည်ဆောက်ခြင်း အဆင့်အတွက် လိုအပ်သော ဝိညာဉ်ဆေးပင်များကို လူများက ရှာဖွေယူငင်ခဲ့ကြသဖြင့် မျိုးတုန်းလုနီးပါး ဖြစ်နေပြီ။ ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူ များပြားလွန်းသဖြင့် လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ပေ။
"ဪ... အဲသည်လိုကိုး"
ချန်ရွှင် နားထောင်ပြီး သဘောပေါက်သွားသည်။ ဒါက သူတို့ကို နယ်ရုပ် အဖြစ် သို့မဟုတ် ထိုးကျွေးခံ အဖြစ် သွားခိုင်းတာပဲ။
"ဒါပေမယ့် အဓိက ဆေးပင် သုံးပင် ရှာတွေ့ခဲ့ရင် ဂိုဏ်းက စီနီယာဦးလေးတွေ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်ဖို ဖော်စပ်နိုင်ရင် ရှာဖွေတွေ့ရှိတဲ့သူလည်း ဝေစုတစ်ခု ရမှာပါ"
ယင်းကျွင်း က ဖြည့်စွက် ပြောလိုက်သည်။ ထို့နောက် စကားလမ်းကြောင်း လွှဲလိုက်သည်။ "ကျွန်တော်တို့ ဝူယွင်ဂိုဏ်း က တပည့်တွေကို ဘယ်တော့မှ အတင်းအကျပ် မစေခိုင်းပါဘူး တာအိုမိတ်ဆွေ စိတ်မပူပါနဲ့"
ချန်ရွှင် ကြားပြီးနောက် ရယ်လိုက်သော်လည်း စကားပြန်မပြောပေ။ စိတ်ထဲတွင်မူ ကျိတ်ဆဲနေမိသည်။ ဘာမှ အတင်းအကျပ် ခိုင်းစရာ မလိုပါဘူး။ ပါရမီမရှိတဲ့သူတွေက အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်ဖို့ မျှော်လင့်ချက် မရှိမှန်း သိလာရင် တောင်းပန်ပြီးကို သွားကြမှာပဲမဟုတ်ပါလား။
"ဝူယွင်ဂိုဏ်း ဝင်ပြီးရင် ကိုယ့်သဘောအတိုင်း တာဝန် ရွေးချယ်လို့ ရတယ် နှစ်စဉ် ဂိုဏ်းကူညီထောက်ပံ့မှုအမှတ် ပြည့်မီရင် ရပြီ"
ယင်းကျွင်း က လက်နောက်ပစ်လျက် အေးဆေးစွာ ပြောပြသည်။ "ဥပမာ ကျွန်တော်ဆိုရင် အပြင်စည်း တာဝန်ခံပါ ကူညီထောက်ပံ့မှုအမှတ် တွေနဲ့ ကျင့်စဉ်တွေ ၊ ဂါထာတွေ လဲလှယ်လို့ ရတယ်….နှစ်တိုင်း ဂိုဏ်းတွင်း ပြိုင်ပွဲတွေလည်း ရှိတယ် တကယ်လို့ အကြီးအကဲ တစ်ယောက်ယောက်က သဘောကျပြီး တပည့်အဖြစ် လက်ခံလိုက်ရင် တစ်ခါတည်း ဘဝပြောင်းသွားပြီး အတွင်းစည်း တပည့် ဖြစ်သွားမှာ"
"တကယ်လို့ ကူညီထောက်ပံ့မှုအမှတ် မပြည့်မီရင်ရော"
"နောက်နှစ်ကျမှ အစားပြန်ဖြည့် တကယ်လို့ သုံးနှစ်ဆက်တိုက် မပြည့်မီရင်တော့ ဂိုဏ်းကနေ ထုတ်ပယ်ခံရမှာပေါ့"
ယင်းကျွင်း သည်နေရာရောက်တော့ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြတ်သန်းသွားသည်။ ဂိုဏ်းက ထုတ်ပယ်ခံရရင် ကျင့်ကြံထားသမျှ ဖျက်ဆီးခံရမည်။ "အပြင်စည်း တပည့်တွေပဲ ဒီလို ဖြစ်တာပါ အတွင်းစည်း တပည့်ဆိုရင် မလိုဘူး အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်ရင်လည်း မလိုတော့ဘူး"
" ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ"
"ဒါပေမယ့် ခင်ဗျားရဲ့ ဒီနွားကြီး..." ယင်းကျွင်း နွားနက်ကြီးကို ကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ "ဂိုဏ်းက ဝိညာဉ်သားရဲတွေကိုပဲ လက်ခံတာ"
"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့" ချန်ရွှင်က နွားနက်ကြီးကို ပုတ်လိုက်သည်။
"မွန်း မွန်း"
နွားနက်ကြီး ရှေ့တိုးလာသည်။ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာသည်။ ယင်းကျွင်း မျက်နှာပျက်သွားသည်။ ချီသန့်စင်ခြင်း အဆင့်နှစ် တောင် ရှိနေပါလား။ သူ လုံးဝ သတိမထားမိခဲ့ပေ။
"ဒါဆိုရင် ဘာပြဿနာမှ မရှိတော့ပါဘူး"
ယင်းကျွင်း ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ ဝိညာဉ်သားရဲ ဆိုသည်မှာ ကျင့်ကြံသူများ၏ အားထားရတဲ့ တိုက်ခိုက်ရေးအဖော်ဖြစ်သည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းထဲက သားရဲထိန်းကျောင်းခြင်းဂိုဏ်း ဆိုလျှင် ဝိညာဉ်သားရဲတွေကိုပဲ အထူးပြု ကျင့်ကြံကြခြင်းဖြစ်သည်။ အဆင့်နိမ့် ကျင့်ကြံသူတွေကြားမှာ တိုက်ခိုက်နိုင်စွမ်း အလွန် မြင့်မားသည်။
"ကောင်းပြီ ဒါဆို ကျွန်တော် ချန်ရွှင် ဝူယွင်ဂိုဏ်း ကို ဝင်ပါမယ်" ချန်ရွှင် လေးနက်စွာ လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ ယင်းကျွင်း နှင့် မျက်လုံးချင်း ဆုံလိုက်သည်။
"တာအိုမိတ်ဆွေ... ဒီ အမှတ်တံဆိပ်ပြားလေးကို လက်ခံပါဦး"
ယင်းကျွင်း မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။ ကူညီထောက်ပံ့မှုအမှတ် ရပြီ။ "ခင်ဗျားက တရားဝင် ဂိုဏ်းဝင်တာ မဟုတ်သေးတော့ ကျွန်တော်တို့ ဂိုဏ်းတူညီအစ်ကိုလို ခေါ်လို့ မရသေးဘူး"
"ကျေးဇူးပါ"
ချန်ရွှင် အစိမ်းရောင် အမိန့်ပြားလေး တစ်ခုကို လက်ခံရယူလိုက်သည်။ စောစောကဟာထက် ပိုသေးသည်။ ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။
"တောင်ကြား ပိတ်တဲ့နေ့ကျရင် စီနီယာဦးလေးက အမိန့်ပြားကို အသက်သွင်းလိုက်လိမ့်မယ် အဲသည်ကျရင် တာအိုမိတ်ဆွေ ဘယ်နေရာမှာ ဆုံရမလဲဆိုတာ အလိုလို သိလာပါလိမ့်မယ်"
"ဟုတ်ကဲ့ပါ ဒါဆို မနှောင့်ယှက်တော့ပါဘူး" ချန်ရွှင် ပြုံးလိုက်ပြီး နွားနက်ကြီးကို ဆွဲလျက် ထွက်ခွာလာခဲ့သည်။
ယင်းကျွင်း လည်း ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ခရမ်းရောင်တိမ်ဂိုဏ်း ၏ စမ်းသပ်ကွင်းနေရာကို လှမ်းကြည့်လိုက်သည်။ သူ့လက်ထဲတွင်လည်း အမျိုးသမီး သုံးဦး ကိုင်ဆောင်ထားသည်နှင့် ဆင်တူသော အမိန့်ပြားတစ်ခု ရှိနေသည်။
လမ်းမပေါ်တွင်။
နွားနက်ကြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေပြီး ချန်ရွှင်ကို ရံဖန်ရံခါ ဝှေ့နေသည်။
"နွားကြီး... ငါတို့ ဒီနေရာကနေ ထွက်ခွာရတော့မယ်"
ချန်ရွှင် နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ အနည်းငယ် လောနေသလို ခံစားရသည်။ အရာများစွာကို ဆုပ်ကိုင်ထားနိုင်သလိုလို ရှိသော်လည်း လက်ကြားထဲက သဲများယိုကျသလို မသိလိုက်ဘာသာနှင့် အရာများစွာ ဆုံးရှုံးသွားခဲ့ရသည်။ သို့သော် ဝူယွင်ဂိုဏ်း ဝင်ရောက်ရေးသည် ချန်ရွှင်၏ စီမံကိန်းထဲတွင် ပါဝင်ပြီးသား ဖြစ်သည်။ သူသည် တောင်ကြားထဲတွင် ဝူယွင်ဂိုဏ်း ၏ အင်အားကို စုံစမ်းဖူးသည်။ အင်အားက မကြီး မသေး အလယ်အလတ် အဆင့်ရှိသဖြင့် သူတို့၏ စိတ်ကူးယဉ် မျှော်မှန်းချက်နှင့် အလွန် ကိုက်ညီမှု ရှိသည်။
ဝူယွင်ဂိုဏ်း တပည့်များသည် နှစ်တိုင်း ခရမ်းရောင်တိမ်ဂိုဏ်း စင်မြင့် ဘေးနားတွင် လှည့်လည်သွားလာနေကြသည်။ ခရမ်းရောင်တိမ်ဂိုဏ်း ပထမအဆင့်တွင် သာမန်လူထက် သာလွန်သော စွမ်းရည်ကို ထုတ်ပြပြီး ဒုတိယအဆင့်တွင် ရှုံးနိမ့်သွားပါက ဝူယွင်ဂိုဏ်း လူများ သေချာပေါက် လာရှာကြမည်။ သူတို့ ယခုတစ်ကြိမ်တွင် ပိုင်ဆိုင်မှု အားလုံးကို ယူဆောင်လာခဲ့ကြပြီ ဖြစ်သည်။
ဂလောင်...
ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ နွားနက်ကြီးက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး ချန်ရွှင်ကို ကြည့်လိုက်သည်။
ချန်ရွှင် ခြေလှမ်း ရပ်တန့်လိုက်ပြီး နွားနက်ကြီး ဘေးသို့ လျှောက်သွားလိုက်သည်။ သူတို့၏ ဒယ်အိုးခွက်ယောက်များကို ကြည့်လိုက်သည်။ အားလုံး အသုံးပြုတာ ကြာလို့ ဝါနေပြီး သံချေးတက်နေကြပြီ။
"ရောက်ရင် ငါတို့ သေချာ ပြန်တိုက်ချွတ်ရမယ် ဒါတွေက ရတနာတွေကွ"
"မွန်း မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကြယ်ကိုးလုံးတောင်ကြား ထဲတွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေကြသည်။ ပထမဆုံးအကြိမ်အဖြစ် ခြေလှမ်းများ ကိုမလောတော့ပေ။ သူတို့ တောင်ကြား အပေါက်ဝသို့ ရောက်ရှိသွားသောအခါ ရုတ်တရက် အရှိန်မြှင့်လိုက်ကြသည်။
တောင်ထိပ် တစ်ခု၏ တောင်ခါးပန်းတွင် ထီးထီးကြီး အုတ်ဂူတစ်ခု တည်ရှိနေသည်။ သူတို့သည် ဆွန်းခိုင်လဲ့ ၏ အုတ်ဂူရှေ့သို့ ရောက်ရှိလာကြသည်။ ပေါင်းပင်များကို ရှင်းလင်းပေးပြီး အမွှေးတိုင် အချို့ ထွန်းညှိလိုက်ကြသည်။
"ဘကြီးစွန်း... ကျွန်တော်တို့ ထွက်သွားတော့မယ် အရမ်း ဝေးတဲ့ နေရာတစ်ခုကို သွားမှာ ဘယ်နှစ် ဘယ်လမှ ပြန်လာနိုင်မလဲ မသိဘူး"
ချန်ရွှင်၏ အသံမှာ တိုးညှင်းနေသည်။ လက်တစ်ဖက်ဖြင့် ပေါင်းပင်များကို နုတ်နေသည်။ "ဟဲဟဲ... ကျွန်တော်တို့ အဲသည်လောက် ဝေးတဲ့နေရာကို တစ်ခါမှ မသွားဖူးဘူး"
"မွန်း" နွားနက်ကြီးလည်း ဘေးနားတွင် တိုးတိုးလေး ညည်းတွားရင်း ရင်ထဲမှ စကားများကို ပြောနေသည်။
တောင်ပေါ်လေပြည် တိုက်ခတ်လာရာ နွားနက်ကြီး ကိုယ်ပေါ်မှ ခေါင်းလောင်းသံလေးများ ထွက်ပေါ်လာသည်။ ကျောပြင်နှစ်ခု သည် ဝေးကွာသွားကြပြီ ဖြစ်သည်။ တိုးညှင်းသော သက်ပြင်းချသံ တစ်ခုသည် တောင်ပေါ်လေနှင့်အတူ အဝေးသို့ လွင့်ပါးသွားသည်။
နောက်ထပ် နေ့ဝက်ခန့် ကြာသောအခါ ချန်ရွှင်သည် နင်ဆစ် ၏ အုတ်ဂူရှေ့သို့ ရောက်ရှိလာသည်။ ဘေးနားတွင် နင်ဆစ်၏ ဇနီးသည် အုတ်ဂူလည်း ရှိနေသည်။
"ဆရာ... ဆရာကတော်"
ချန်ရွှင်၏ အသံ အနည်းငယ် တုန်ရီနေသည်။ ခါးကိုကိုင်းပြီး လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ သူတို့၏ အပြုံးနှင့် အမူအရာများသည် မနေ့ကလိုပင် ထင်ကျန်နေဆဲ ဖြစ်သည်။
"မင်းက ဉာဏ်အကောင်းဆုံး လူတစ်ယောက် မဟုတ်ပေမယ့် ဆေးပညာအတော်ဆုံး လူတစ်ယောက် ဖြစ်လာမယ်ဆိုတာ ဆရာ ယုံကြည်တယ်"
"သည်ကလေးက တကယ်မဆိုးဘူး အကျင့်စာရိတ္တ ကောင်းပြီး စိတ်သဘောထား ပြည့်ဝတယ်"
သူတို့နှစ်ဦး အုတ်ဂူရှေ့တွင် ထိုင်နေသကဲ့သို့ ရှိပြီး ချန်ရွှင်ကို ပြုံးလျက် ကြည့်နေကြသည်။ မျက်ဝန်းထဲတွင် ကျေနပ်အားရမှုများ ရှိနေသည်။
"ကျွန်တော်တို့ သွားတော့မယ် ဆရာနဲ့ ဆရာကတော်ကို လာနှုတ်ဆက်တာပါ"
ချန်ရွှင်၏ မျက်နှာ လေးနက်နေသည်။ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ နွားနက်ကြီးလည်း လိုက်ပြီး ဦးညွှတ်သည်။ အမူအရာမှာ အလွန် ဂရုစိုက်နေပုံ ရသည်။ သူ နွားနက်ကြီးကို ပုတ်လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်စဉ် ရုတ်တရက် ခြေချော်သွားသည်။ တစ်စုံတစ်ယောက်က တွန်းလိုက်သကဲ့သို့ ဖြစ်သွားသည်။ ချန်ရွှင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျက်ဝန်းများ တုန်ရီသွားသည်။
"မွန်း"
"နွားကြီး... ဘာမှမဖြစ်ဘူး သွားကြစို့"
ချန်ရွှင် နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးဖျော့ဖျော့လေး ပေါ်လာသည်။ နောက်လှည့်မကြည့်တော့ပေ။ နွားနက်ကြီးကို ဆွဲလျက် ထွက်ခွာသွားသည်။
ထိုအချိန်တွင် လေပြေလေညှင်းများ တိုက်ခတ်လာပြီး မရေမတွက်နိုင်သော ပန်းပွင့်ဖတ်လေးများ ကောင်းကင်သို့ ရုတ်တရက် လွင့်ပျံတက်သွားသည်။ အရိပ်နှစ်ခုသည် ဝေးသထက် ဝေးကွာသွားကြလေသည်။
......
ကြီးမားသော လပြည့်ဝန်းကြီးသည် ကောင်းကင်တွင် ထွန်းလင်းလျှက်ရှိပေသည်။ ဆောင်းဦးပေါက်စ လမင်းကြီးသည် ကြည်လင်အေးမြနေပြီး အနောက်ဘက်မှ ငွေရောင်အလင်းတန်းများ ဖြာကျနေသည်။ ကြယ်ကိုးလုံးတောင်ကြား အပြင်ဘက်တွင် တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြား ထွက်ခွာစ ပြုနေကြပြီ။ မနက်ဖြန်ဆိုလျှင် တောင်ကြား ပိတ်တော့မည် ဖြစ်သဖြင့် သူတို့အတွက် မျှော်လင့်ချက် မရှိတော့ပေ။ အဝေးတစ်နေရာ မြက်ခင်းပြင်ထဲတွင် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မြက်ပင်များပေါ်တွင် သွေးစက်များ ကျဆင်းနေပြီး လူရိပ် ခုနစ်ယောက် ရှစ်ယောက်ခန့် နေရာအနှံ့ ရပ်နေကြသည်။ နှုတ်ခမ်းထောင့်စွန်းများတွင် အေးစက်သော အပြုံးများ ရှိနေကြ၏။
လေအေးများ တိုက်ခတ်နေသဖြင့် မြက်ခင်းပြင်သည် ဘယ်ယိမ်းညာနွဲ့ လှုပ်ရှားနေသည်။ ပင်လယ်လှိုင်းလုံးများကဲ့သို့ တစ်လုံးပြီးတစ်လုံး ဆင့်ကာ ဖြစ်ပေါ်နေပြီး အလွန် ကြည့်ကောင်းလှသည်။
"ငါတို့ လျောင်မိသားစု ကို ရန်စရဲရင် ဒီလိုပဲ ဖြစ်ရမယ်"
ချန်ရွှင်ကို ဝိညာဉ်ဆေးပင် မျိုးစေ့ ရောင်းခဲ့သော လူလတ်ပိုင်း အမျိုးသားသည် တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦး၏ ခေါင်းကို ခြေထောက်ဖြင့် နင်းခြေလိုက်သည်။ သူ့မျက်လုံးများ အလွန် အေးစက်နေပြီး ဘေးနားတွင် ဓားပျံများ ဝဲပျံနေသည်။
"... ဟို ခေါင်းစွပ် ဝတ်ထားတဲ့ အရူး ပေါ်လာပြီ"
မျက်နှာဝိုင်းဝိုင်းနှင့် လူထွားကြီးက ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ဟိုတုန်းက လက်သီးဖြင့် အထိုးခံရတဲ့ အကြွေးကို သူ ဘယ်တော့မှ မမေ့။ "သူ ပြန်လာလိမ့်မယ်လို့ မထင်ထားမိဘူး"
သူ့ လျောင်မိသားစု က ကြယ်ကိုးလုံးတောင်ကြား မှာ စီးပွားရေး လုပ်နေတာ ကြာပြီ။ မိသားစုထဲမှာ ကျင့်ကြံသူတွေ အများကြီး ရှိသည်။ အခြေခံတည်ဆောက်ခြင်း အဆင့် စီနီယာတွေ မရှိသည့်တိုင် တစ်ကိုယ်တော် ကျင့်ကြံသူများ အလွယ်တကူ ရန်စ၍ရသည့်အဆင့်တော့မဟုတ်ပေ။
"ဟမ့် ဒီကောင်... ပုန်းနေတာ ကြာပြီ သည်တစ်ခါတော့ တွေ့ကြပြီပေါ့" လူလတ်ပိုင်း အမျိုးသားက အငြိုးတကြီး ပြောလိုက်သည်။ ဝဲပျံနေသော ဓားပျံများထံမှ တဝီဝီမြည်သံကြီးများထွက်ပေါ်လာသည်။ ရုတ်တရက်... အသည်းထိတ်စရာ ကောင်းသော ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။ လျောင်မိသားစု ဝင်များ မျက်နှာပျက်သွားကြပြီး မြက်ခင်းပြင် အမြင့်ပိုင်းကို လှမ်းကြည့်လိုက်ကြသည်။ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။
လပြည့်ဝန်းအောက်တွင် ခေါင်းစွပ် စွပ်ထားသော လူတစ်ယောက်နှင့် နွားနက်ကြီးတစ်ကောင်သည် မြင့်မားသော နေရာ၌ ရပ်နေသည်။ ဝတ်ရုံသည် လေတိုက်၍ တဖျပ်ဖျပ် လှုပ်ရှားနေသည်။ တောင်ဖြိုပုဆိန်သုံးလက်နှင့် နွားချိုနက်ကြီးသည် ငွေရောင်အလင်းတန်းများအောက်တွင် ပိုမို အေးစက်နေသည်။
"လျောင်မိသားစု... မတွေ့တာ ကြာပြီပဲ"
ခေါင်းစွပ် ဝတ်ထားသူက ခေါင်းမော့လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး လူအုပ်ကို ငုံ့ကြည့်လိုက်သည်။ "ကြားတာတော့ ခင်ဗျားတို့ ကျုပ်ကို လိုက်ရှာနေကြတယ်ဆို"
အခန်း (၃၄)
အသံတိုးတိုးလေး တစ်ခုသည် လျောင်မိသားစု ဝင်များ၏ ရင်၀သို့ တူကြီးတစ်လက်ဖြင့် ထုလိုက်သကဲ့သို့ ကျရောက်လာသည်။ ဤလူတစ်ယောက်နှင့် နွားတစ်ကောင်သည် မည်သည့်အချိန်က ပေါ်လာသနည်း။ အဘယ်ကြောင့် ခံစားမှု အနည်းငယ်မျှပင် မရရှိခဲ့သနည်း။
"ကောင်လေး... မင်း ကိုယ့်သေတွင်း ကိုယ်တူးတာပဲ"
မျက်နှာဝိုင်းဝိုင်းနှင့် လူထွားကြီး၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။ လက်ထဲတွင် အဆောင်တစ်ခုကို ကိုင်ထားပြီး အလင်းရောင်များ ထွက်ပေါ်လာကာ အော်ဟစ်လိုက်သည်။ "ရပ်တန့်စမ်း..."
ဝှစ်...
ချန်ရွှင် လှုပ်ရှားလိုက်သည်။ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး မြက်ခင်းပြင်သည် လေဖိအားကြောင့် ပြားပြားဝပ်သွားသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ဤအချိန်တွင် အဆက်မပြတ် မြင့်တက်လာသည်။
ချီသန့်စင်ခြင်း အဆင့်ငါး။
ချီသန့်စင်ခြင်း အဆင့်ခြောက်။
......
ချီသန့်စင်ခြင်း အဆင့်တစ်ဆယ်။
လျောင်မိသားစု ဝင်များအားလုံး ခေါင်းနပန်းကြီးသွားကြပြီး မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။ မျက်နှာဝိုင်းဝိုင်းနှင့် လူထွားကြီး၏ မျက်ဝန်းများ တုန်လှုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ချန်ရွှင်သည် သူ၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဂါထာ ရွတ်ဖတ်ခြင်းကိုပင် ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။
"နှေးလွန်းတယ်"
ချန်ရွှင်သည် မျက်နှာဝိုင်းဝိုင်းနှင့် လူထွားကြီးကို လက်တစ်ဖက်တည်းဖြင့် ဆွဲမလိုက်သည်။ ထိုလူ၏ တစ်ကိုယ်လုံး တုန်ရီနေပြီး နှုတ်ခမ်းများ တဆတ်ဆတ် တုန်လှုပ်နေသည်။ လက်ထဲမှ အဆောင်သည် မြက်ခင်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြုတ်ကျသွားသည်။
"မွန်း"
နွားနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ မီးတောက်လေပွေတစ်ခု အဆက်မပြတ် လည်ပတ်လာသည်။ မျက်စိတစ်မှိတ်အတွင်း အဆုံးအစမဲ့သော မီးတောက်များ ဟုန်းခနဲ တောက်လောင်လာပြီး နေရာအနှံ့ မီးပင်လယ်ကြီး ဖြစ်သွားသည်။ မီးတံတိုင်းကြီးများသည် လျောင်မိသားစု ဝင် အားလုံးကို ဝိုင်းရံထားလိုက်သည်။ မရေမတွက်နိုင်သော ပူပြင်းသည့် အရှိန်အဝါများ မျက်နှာသို့ ဝင်ဆောင့်လာသည်။ မီးတောက်များကြားတွင် ပြင်းထန်သော ဝိညာဉ်စွမ်းအား လှုပ်ရှားမှုများ ပါဝင်နေပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော ကြမ်းရှသည့် စွမ်းအားများ ဖုံးကွယ်နေသည်။
"ဘာ... ဘာဖြစ်သွားတာလဲ"
"အခြေခံတည်ဆောက်ခြင်း အဆင့် စီနီယာလား..."
"သွားပြီ"
......
ကျန်ရှိနေသော လျောင်မိသားစု ဝင်များ ပျော့ခွေသွားကြပြီး ကြက်သီးမွေးညှင်းများ ထလာသည်။ ပါးစပ်မှ တုန်ရီသော အသံများ ထွက်ပေါ်နေသည်။ မျက်လုံးထဲတွင် မီးရောင်များသာ မြင်ရပြီး အသားပေါ်တွင် ပူလောင်မှုကို ခံစားနေရသည်။ လူလတ်ပိုင်း အမျိုးသားသည် မျှော်လင့်ချက်မဲ့နေသော အခြေအနေသို့ ရောက်ရှိနေသည်။ ချန်ရွှင်က မျက်နှာဝိုင်းဝိုင်းနှင့် လူထွားကြီးကို ဆွဲကိုင်လျက် သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ သူသည် အသိစိတ် လွတ်သွားသကဲ့သို့ ဓားပျံကို ပစ်လွှတ်လိုက်မိသည်။
ဓားပျံသည် ချန်ရွှင်၏ လက်ထဲသို့ ရောက်သွားပြီး တစ်စစီ ကြွေမွသွား၏။ လူလတ်ပိုင်း အမျိုးသား၏ ရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။ ခြေထောက်နှစ်ဖက် ပျော့ခွေသွားပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ "စီနီယာ... ကျွန်တော်တို့ ကို ခွင့်လွတ်ပါ..."
"ငါ့ရဲ့ ဝိညာဉ်ဆေးပင်မျိုးစေ့ တစ်ဝက်ရော"
"ရှိ... ရှိပါတယ် သည်မှာပါ"
လူလတ်ပိုင်း အမျိုးသားသည် ပြာပြာသလဲဖြင့် သိုလှောင်အိတ် ထဲမှ မျိုးစေ့အိတ် အချို့ကို ထုတ်ယူကာ အားလုံးကို ချန်ရွှင်ထံ ပေးအပ်လိုက်သည်။
ချန်ရွှင်သည် ဝိညာဉ်ဆေးပင်မျိုးစေ့ တစ်ဝက်ကိုသာ ယူလိုက်သည်။ မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။ "ဒါပေမယ့် ငါတို့ကို သတ်ဖြတ်ချင်တဲ့သူတွေကိုတော့ ငါ ဘယ်တော့မှ အလွတ်မပေးဘူး"
"မင်း..."
"ဂိုဏ်းတူအစ်ကို..."
"မလုပ်ပါနဲ့..."
......
မီးတံတိုင်း လေးဖက်ကြားမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အေးစက်သော မျက်နှာဖြင့် ကြယ်ကိုးလုံးတောင်ကြား ဆီသို့ ဦးတည်သွားလိုက်သည်။ လျောင်မိသားစု က သူတို့ကို စောင့်နေသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်ကြောင်း စုံစမ်းထားပြီး ဖြစ်သည်။
နောက်တစ်နေ့ နံနက်ခင်း အလင်းလာချိန်။
ချန်ရွှင်၏ လက်ထဲမှ အမိန့်ပြားငယ်လေးသည် အလင်းရောင် မှိန်မှိန်လေး ထွက်ပေါ်လာသည်။ သူသည် ဝိညာဉ်စွမ်းအား တစ်ခုကို အမိန့်ပြားထဲသို့ ထည့်သွင်းလိုက်ပြီး တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ "နွားကြီး... သွားမယ်"
"မွန်း မွန်း" နွားနက်ကြီး ပြန်ထူးလိုက်သည်။
တောင်ကြားအတွင်းရှိ စင်မြင့်တစ်ခုတွင် လှေပျံတစ်စင်း ရပ်နားထားသည်။ ဘေးပတ်ဝန်းကျင်တွင် လူဆယ်ဂဏန်းခန့် ဝိုင်းရံနေသည်။ တူညီဝတ်ရုံ ဝတ်ဆင်ထားသော လူအချို့သည် အမျိုးသားတစ်ဦးကို လေးစားစွာ ကြည့်ရှုနေကြသည်။ ထိုသူမှာ အပြင်စည်း တာဝန်ခံ အကြီးအကဲ တစ်ဦးဖြစ်သူ အောက်ကူ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်း အဆင့် အစောပိုင်း ကျင့်ကြံသူ ဖြစ်သည်။
"အကြီးအကဲအောက်... လူအချို့ မရောက်သေးပါဘူး" ယင်းကျွင်း က လေးစားစွာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး သည်နှစ် ရွေးချယ်ခံရတဲ့ တပည့်တွေက မဆိုးဘူးပဲ"
အောက်ကူ က မုတ်ဆိတ်မွေးကို သပ်ရင်း ပြောလိုက်သည်။ "ကြားတာတော့ အရိုးသက်တမ်း အတော်လေး ငယ်တဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ အချို့ ပါတယ်….တစ်ယောက်က အရိုးသက်တမ်း နှစ်ဆယ် ရှိပြီး ချီသန့်စင်ခြင်း အဆင့်ခုနစ် ရောက်နေပါပြီ လက်တစ်ဖက်တည်းနဲ့ ခရမ်းရောင်တိမ်ဂိုဏ်း ရဲ့ ရုပ်သေးရုပ် (၁၀) ရုပ်ကို ဖျက်ဆီးပစ်လိုက်ပါတယ်"
ယင်းကျွင်း မျက်လုံးထဲတွင်လည်း အားကျမှုများ ဖြတ်သန်းသွားသည်။ "ပြီးတော့ ချီသန့်စင်ခြင်း အဆင့်နှစ် ရှိတဲ့ ဝိညာဉ်သားရဲ တစ်ကောင်လည်း ပါပါသေးတယ် သူ့ရဲ့ ပါရမီ အရည်အချင်းက ဓာတ်ငါးပါးအဆင့်နိမ့်အမြစ် ဖြစ်နေတာ တစ်ခုပါပဲ"
"ဪ... သည်လိုလူမျိုးတောင် ရှိသေးတာလား တခြား ဂိုဏ်းတွေရဲ့ စမ်းသပ်မှုကို သွားရောက်ဖြေဆိုခဲ့ရင် ငါတို့ ဝူယွင်ဂိုဏ်း အလှည့် ရောက်လာမှာ မဟုတ်ဘူး"
အောက်ကူ ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ မျက်လုံးထဲတွင် အလွန် ကျေနပ်နေပုံ ရသည်။ ဤကဲ့သို့သော လူမျိုးသည် နန်ဒုတောင် လျှို့ဝှက်နယ်မြေအတွက် အဓိက အင်အားစု ဖြစ်လာမည်။ ယင်းကျွင်း က အခွင့်ကောင်း ယူလိုက်နိုင်ခြင်း ဖြစ်သည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ရောက်ရှိလာသည်။ ဖုန်မှုန့်များ ပေကျံနေပြီး ဒယ်အိုးခွက်ယောက်များ၏ ဂလောင်ဂလုံ အသံများ ထွက်ပေါ်နေသည်။
"ချန်တာအိုမိတ်ဆွေ... လာပါ မိတ်ဆက်ပေးပါရစေ"
ယင်းကျွင်း က ရှေ့တိုးလာပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါက ဝူယွင်ဂိုဏ်း ရဲ့ အပြင်စည်း အကြီးအကဲ အကြီးအကဲအောက် ပါ"
ထို့နောက် သူက အောက်ကူ ဘက်သို့ လှည့်လိုက်သည်။ "အကြီးအကဲအောက်... ဒါက ကျွန်တော် စောစောက ပြောတဲ့ လူပါ"
"စီနီယာအကြီးအကဲအောက် ကို တွေ့ပါတယ် နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေးပါ"
ချန်ရွှင် လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ ဓားပြခေါင်းစွပ်ကို အလျင်အမြန် ချွတ်လိုက်ရာ ကြည်လင်သန့်ရှင်းသော မျက်နှာလေး ပေါ်လာသည်။ အပြစ်ကင်းသည့် ပုံစံမျိုး ဖြစ်သည်။
"ကောင်းတယ် ကောင်းတယ်"
အောက်ကူ က ချန်ရွှင်နှင့် နွားနက်ကြီးကို ကြည့်ပြီး ပြုံးလိုက်သည်။ သူက ယဉ်ကျေးမှု ရှိသော လူငယ်များကို သဘောကျသည်။ "နောက်ဘက်ကို သွားလိုက်ပါ"
"ဟုတ်ကဲ့ပါ" ချန်ရွှင် နွားနက်ကြီးကို ဆွဲလျက် အခြားသော တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် အတူတူ သွားရပ်လိုက်သည်။ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်သည်။ နောက်ထပ် နာရီဝက်ခန့် ကြာသောအခါ လူအားလုံး စုံလင်သွားသည်။ သူတို့အားလုံး လှေပျံ၏ ရှေ့တွင် ရပ်လိုက်ကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရင်ခုန်သံများ မြန်ဆန်လာသည်။
လှေပျံသည် ကြီးမားလှသည်။ ပေ (၃၀) ကျော် ရှည်လျားသည်။ ရွက်တိုင်နှင့် ရွက်များမူ မပါရှိပေ။ သစ်သား ကိုယ်ထည် ဖြစ်ပြီး လူရာဂဏန်းခန့် ဆံ့သည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းလောက် မကြီးမားသော်လည်း အတော်လေး အင်အားတောင့်တင်းသော ဂိုဏ်းတစ်ခု ဖြစ်သည်။
"သွားကြစို့"
အောက်ကူ လှေပျံပေါ်သို့ ခြေတစ်လှမ်းတည်းဖြင့် တက်သွားသည်။ လက်ချောင်းများဖြင့် ဝိညာဉ်စွမ်းအား တစ်ခုကို ထည့်သွင်းလိုက်ရာ လှေပျံမှ တုန်ခါသံကြီး ထွက်ပေါ်လာသည်။ ယင်းကျွင်း သည် တစ်ကိုယ်တော် ကျင့်ကြံသူများကို ဦးဆောင်ပြီး လှေပေါ်သို့ တက်ရောက်စေသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် နေရာအနှံ့ လိုက်လံ ကြည့်ရှုနေသည်။ ဤပစ္စည်းများက သာမန် သစ်သား မဟုတ်ကြောင်း သိသာလှသည်။
"သည်လှေပျံက တော်တော်ကြီးတာပဲ"
ချန်ရွှင် အံ့သြတကြီး ပြောလိုက်သည်။ သူ လှေပျံကို အနီးကပ် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်သည်။ "နွားကြီး... ခုန်ကြည့်စမ်း"
"မွန်း မွန်း" နွားနက်ကြီး ခုန်ကြည့်လိုက်သည်။ အသံတစ်ချက်မှ မထွက်ပေ။ မာကျောလိုက်တာ။
အခြားသော တစ်ကိုယ်တော် ကျင့်ကြံသူများလည်း ပါးစပ်မှ ရေရွတ်နေကြပြီး မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ပေါ်နေသည်။ ချန်ရွှင်နှင့် မကွာခြားလှပေ။
ဝုန်း...
နောက်ထပ် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး လှေပျံသည် ကောင်းကင်သို့ ဖြည်းညှင်းစွာ မြင့်တက်လာသည်။ ချန်ရွှင် အစရှိသော လူများ ယိမ်းယိုင်သွားကြသည်။ သူတို့သည် လှေပျံ၏ ဘေးဘောင်ကို အလျင်အမြန် ကိုင်ကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြသည်။
"နွားကြီး... ပျံနေပြီဟေ့"
"မွန်း မွန်း"
ပြင်းထန်သော လေတိုးသံများ ထွက်ပေါ်လာပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ နှုတ်ခမ်းများ တုန်ရီသွားသည်။ ကြယ်ကိုးလုံးတောင်ကြား သည်လည်း တဖြည်းဖြည်း သေးငယ်သွားသည်။
အောက်ကူ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ဘေးပတ်လည်တွင် အလံများ စိုက်ထူထားသည်။ သူ လက်နှစ်ဖက်ဖြင့် ညွှန်လိုက်ရာ လှေပျံ တစ်ခုလုံးကို အလင်းရောင် အကာအကွယ်တစ်ခု လွှမ်းခြုံသွားပြီး လေတိုးသံများ ပျောက်ကွယ်သွားသည်။
"မိုက်တယ်" ချန်ရွှင် အလင်းရောင်အလွှာကို ကြည့်ပြီး တံတွေး မြိုချလိုက်သည်။ လက်တစ်ဖက်ဖြင့် နွားနက်ကြီးကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"မွန်း"
နွားနက်ကြီး သည် ရင်ထဲတွင် တုန်လှုပ်နေသည်။ သူ အမြင့်ကြောက်မှန်း ရုတ်တရက် သိလိုက်ရသည်။ သူ့ခေါင်းကို ချန်ရွှင် ရင်ခွင်ထဲသို့ အတင်း ထိုးထည့်ထားသည်။ ကြယ်ကိုးလုံးတောင်ကြား တစ်ခုလုံးကို အပေါ်စီးမှ မြင်လိုက်ရသည်။ ချန်ရွှင် မင်တက်သွား၏။ မူလက ကြယ်ကိုးလုံးတောင်ကြား သည် ဤမျှ ကြီးမားပါလား။ တောင်ကြား အနှံ့အပြားတွင် ထူးဆန်းသော ပန်းများနှင့် ဆေးပင်များ ပေါက်ရောက်နေသည်။
မြေပြင်မှ လူရိပ်များ တဖြည်းဖြည်း သေးငယ်သွားသည်။ တောင်တန်းများ မြစ်ချောင်းများ ထင်ရှားစွာ ပေါ်လာသည်။ လှေပျံသည် အမြင့်သို့ ရောက်ရှိသွားပြီး အရှိန်ပြင်းပြင်းဖြင့် စတင် မောင်းနှင်တော့သည်။
"နွားကြီး... သွားရတော့မယ် တကယ် သွားရတော့မယ်"
ချန်ရွှင် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ လက်တစ်ဖက်က လှေပျံ ဘေးဘောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ မျက်လုံးများ ပြူးကျယ်နေသည်။ "နင်ယွင်တောင်တန်း..."
"မွန်း"
နွားနက်ကြီးလည်း ခေါင်းပြူထွက်လာသည်။ သူတို့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော နင်ယွင်တောင်တန်း ကို ကြည့်လိုက်သည်။ သည်တစ်ခါတော့ တကယ် အပြီးအပိုင် ထွက်ခွာရတော့မည်။
"နွားကြီး ကြည့်ပါဦး... ဖန်နင်းမြို့... အကြီးကြီးပဲ"
ချန်ရွှင် နောက်တစ်နေရာသို့ ညွှန်ပြလိုက်သည်။ ဧရာမ မြို့ကြီးတစ်မြို့၏ ပုံရိပ် ပေါ်လာသည်။ မြို့ထဲတွင် လူများ သွားလာနေသည်ကိုပင် မြင်နေရသည်။ ဤသည်မှာ သူတို့ ပထမဆုံးအကြိမ် အပေါ်စီးမှ ကြည့်ရှုဖူးခြင်း ဖြစ်သည်။
"မွန်း... မွန်း မွန်း" နွားနက်ကြီး တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ နေရာအနှံ့ လိုက်ကြည့်နေသည်။
လှေပျံသည် တိမ်များကို ဖောက်ထွင်းပြီး ဧရာမ တောင်တန်းကြီးများကို ကျော်ဖြတ်သွားသည်။
"ဘကြီးစွန်းရဲ့ တောင်ကုန်း"
ချန်ရွှင် တွေ့လိုက်သည်။ နွားနက်ကြီးလည်း တွေ့လိုက်သည်။ သူ ရုတ်တရက် အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။ "ဘကြီးစွန်း..."
"မွန်း..."
နွားနက်ကြီးလည်း စိတ်လှုပ်ရှားလာသည်။ တိမ်များ ဖုံးကွယ်နေသော်လည်း သူတို့ မြင်တွေ့လိုက်ရသည်။
ချန်ရွှင် မသိမသာ မျက်ရည်များ ဝဲလာသည်။ မျက်လုံးထဲအကောင်ဝင်သွားခြင်းလည်း ဖြစ်နိုင်သည်။ သူ ဆရာနှင့် ဆရာကတော်တို့၏ အုတ်ဂူကိုလည်း မြင်တွေ့လိုက်ရသည်။
"သွားပြီ..."
မြေပြင်မှ အရာအားလုံးသည် သေးငယ် ဝေဝါးသွားသည်။ လှေပျံ၏ အရှိန်မှာ အလွန် မြန်ဆန်လှသည်။ ဖန်နင်းမြို့ ပျောက်ကွယ်သွားသည်။ နင်ယွင်တောင်တန်း ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် ဘာမှ မမြင်ရတော့ပေ။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ထိုအရပ်မျက်နှာကို ငေးမောကြည့်ရှုနေဆဲပင်။ ထိုနေရာတွင် သူတို့၏ လှပသော အမှတ်တရများစွာ ရှိခဲ့သည်။
ဝုန်း...
လှေပျံသည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။ တိမ်တိုက်များ လွင့်စင်သွားသည်။ အတိတ်အကြောင်းအရာများသည် အဝေးသို့ လွင့်ပါးသွားခဲ့ပြီ။ နှုတ်ဆက်ပါတယ် ရွာကလေးရေ နှုတ်ဆက်ပါတယ် ဖန်နင်းမြို့ နှုတ်ဆက်ပါတယ် နင်ယွင်တောင်တန်း...
ကမ္ဘာလောကကြီးကား ကျယ်ပြောလှသည်။ မရေမတွက်နိုင်သော ငှက်များ ကောင်းကင်တွင် ပျံသန်းနေသည်။ ကောင်းကင်ပြာ တိမ်ဖြူဖြူများနှင့်အတူ လှေပျံနှင့် ယှဉ်တွဲ ပျံသန်းနေကြပြီး နောက်ဆုံးတွင် အဝေးသို့ ကျန်ရစ်ခဲ့ကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးသည် လှေပျံ ဘေးဘောင်မှ ခွာလိုက်ကြသည်။ အကြည့်များကို ရှေ့သို့ တည်ငြိမ်စွာ ပို့လိုက်ကြ၏။
ကွေ့ကောက်နေသော တောင်တန်းများ ဝေးသထက် ဝေးကွာသွားသည်။ လှေပျံသည် ဦးတည်ချက် အချို့ ပြောင်းလဲပြီးနောက် ချင်တိုင်းပြည် ကျီယန် ပြည်နယ်သို့ တန်းတန်းမတ်မတ် ဦးတည် မောင်းနှင်သွားတော့သည်။ ခမ်းနားကြီးကျယ်သော ခရီးစဉ်တစ်ခု စတင်တော့မည် ဖြစ်သည်။