အခန်း (၃၅-၃၆)
Vol. 2 Ch. 35-36
အခန်း (၃၅)
လှေပျံပေါ်တွင် အောက်ကူ က လူအုပ်ကို ကြည့်လိုက်သည်။ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားကြပြီ ဖြစ်သည်။
"အကြီးအကဲအောက်"
တစ်ကိုယ်တော် ကျင့်ကြံသူများ ခေါင်းငုံ့ အရိုအသေပြုလိုက်ကြသည်။ ထိုအကြည့်ကို အားလုံး ခံစားမိကြသည်။
"ဂိုဏ်းက သည်လောက် ကြီးမားတဲ့ တန်ဖိုးပေးပြီး လှေပျံကို အသုံးပြုကာ လူတိုင်းကို လာကြိုရတာက မင်းတို့ရဲ့ စိတ်ထဲမှာ လေးစားမှု တစ်ခု ရှိစေချင်လို့ပါ"
အောက်ကူ လေးနက်စွာ ပြောလိုက်သည်။ အချို့သော စကားများကိုတော့ ကြိုပြောထားရမည်။ "ကျင့်ကြံခြင်း လောကရဲ့ ဂိုဏ်းကြီး ဂိုဏ်းငယ် ဘယ်ဂိုဏ်းမှာမဆို လူတိုင်းက အလုပ်လုပ်ကြရတယ် အချိန်ဖြုန်းပြီး နေလို့ မရဘူး ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်"
"အကြီးအကဲအောက်ရဲ့ ဆုံးမစကားကို နာခံပါ့မယ်"
တစ်ကိုယ်တော် ကျင့်ကြံသူများ၏ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ လူသတ်ပစ္စည်းလု ကိုယ်ကျိုးအတွက်ဆို ဘာမဆိုလုပ်တတ်သည့် အကျင့်စရိုက်များသည် ဂိုဏ်းထဲတွင် အသုံးဝင်တော့မည် မဟုတ်ပေ။
ချန်ရွှင် မျက်လုံးထဲတွင် နားလည်သွားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ဂိုဏ်းထဲတွင် အလကား နေလို့ မရပေ။ နှစ်စဉ် ကူညီထောက်ပံ့မှုအမှတ် ပေးရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကျင့်ကြံရန်အတွက် လုံခြုံစိတ်ချရသော နေရာတစ်ခု ပေးထားသည်ဖြစ်ရာ ဂိုဏ်းကို ပြန်လည် ပေးဆပ်ရမည်မှာ သဘာဝကျပါသည်။ လူတိုင်း နားလည်ကြသည်။ သူတို့သည် တစ်ကိုယ်တော် ကျင့်ကြံသူများ ဘဝဖြင့် ဤအဆင့်ထိ ရောက်လာကြသူများ ဖြစ်ရာ မည်သူမျှ မအကြပေ။ အောက်ကူ လူအုပ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ဤတစ်ကိုယ်တော် ကျင့်ကြံသူများသည် ပါရမီ အရည်အချင်း မကောင်းသော်လည်း နန်ဒုတောင် လျှို့ဝှက်နယ်မြေအတွက် အဓိက အင်အားစုများ ဖြစ်ကြသည်။ သူတို့သည် ရဲရင့်ကြသည်။ စွန့်စားရဲကြသည်။ နည်းလမ်းပေါင်းစုံ ရှိကြသည်။
ဂိုဏ်းထဲမှ ပါရမီရှင် မျိုးစေ့ကောင်းများကို အကြီးအကဲများက အသက်အန္တရာယ်နှင့် ရင်းပြီး မလွှတ်ချင်ကြပေ။ ထို့ကြောင့် ဂိုဏ်းအသီးသီးသည် နှစ်စဉ် တန်ဖိုးကြီးမားစွာ ပေးဆပ်ပြီး စွမ်းရည်မြင့်မားသော တစ်ကိုယ်တော် ကျင့်ကြံသူများကို ခေါ်ယူကြခြင်း ဖြစ်သည်။ ပါရမီရှင်များအတွက် လမ်းဖောက်ပေးရန် ဖြစ်သည်။
"ကောင်းပြီ"
အောက်ကူ တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် စကားဆက်မပြောတော့ပေ။ ရှေ့ဆုံးတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ဝူယွင်ဂိုဏ်း တပည့်အချို့လည်း သူ့နောက်တွင် ထိုင်ကာ ကျင့်ကြံလိုက်ကြသည်။
"ဒီက တာအိုမိတ်ဆွေ"
မျောက်တစ်ကောင်လို ပိန်ပါးသော အမျိုးသားတစ်ဦး ချန်ရွှင်ဆီသို့ လျှောက်လာသည်။ သူ၏ မျက်နှာမှာ ဖြူဖွေးသန့်စင်ပြီး ရုပ်ရည် သန့်ပြန့်သည်။ ချီသန့်စင်ခြင်း အဆင့်ရှစ် ရှိသည်။ ချန်ရွှင်နှင့် နွားနက်ကြီးသည် လှေအမြီးပိုင်းတွင် ထိုင်နေကြသည်။ အနာဂတ် ဂိုဏ်းတူအစ်ကိုကို ကြည့်ပြီး ပြုံးလျက် ခေါင်းညိတ်ပြလိုက်ကြသည်။
"ကျွန်တော့် နာမည်က ကျိခွန် ပါ နောက်နောင် ဂိုဏ်းတူ ညီအစ်ကိုတွေ ဖြစ်လာကြမှာမို့ လာပြီး မိတ်ဆက်တာပါ တာအိုမိတ်ဆွေ စိတ်မရှိပါနဲ့"
ကျိခွန်လက်သီးဆုပ်ကာ ပြုံးပြလိုက်သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြားသော တစ်ကိုယ်တော် ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့် မြင့်မားကြသည် သို့မဟုတ် အပေါင်းအသင်း မလုပ်ချင်သော ပုံစံများ ဖြစ်နေကြသည်။ သည်တစ်ယောက်ကတော့ ပေါင်းသင်းဆက်ဆံရ လွယ်ကူမည့်ပုံ ပေါက်သည်။
"ကျွန်တော့် နာမည်က ချန်ရွှင် ပါ ဪ... ကျိအကိုကြီး ဖြစ်နေတာကိုး ကြားဖူးပါတယ် ထိုင်ပါဦးဗျာ"
ချန်ရွှင် ရှေ့နေရာကို ပုတ်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ထို့နောက် နွားနက်ကြီးကို ကြည့်လိုက်သည်။ "ဒါက ကျွန်တော့်အိမ်က အမွေရထားတဲ့ နွားနက်ကြီးပါ ချီသန့်စင်ခြင်း အဆင့်နှစ် ရှိပါတယ်"
"မွန်း" နွားနက်ကြီး ဝပ်နေရာမှ ရုတ်တရက် ထရပ်လိုက်ပြီး ကျိခွန်ကို နှုတ်ဆက်လိုက်သည်။
"ဝိညာဉ်သားရဲ ဖြစ်နေတာကိုး နွားညီလေး မင်္ဂလာပါ" ကျိခွန်ထိုင်လိုက်ပြီး ပြုံးလိုက်သည်။ သူ ဂိုဏ်းစည်းကမ်းတွေကို သိပ်နားမလည်သေးတော့ ရမ်းသမ်း ခေါ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ချန်ရွှင်က သူ့ကို အစ်ကိုကြီးဟု ခေါ်လိုက်သဖြင့် ရင်ထဲတွင် ပျော်ရွှင်သွားသည်။ တစ်ကိုယ်တော် ကျင့်ကြံသူ ဘဝက ကြာပြီဖြစ်ရာ ယခုမှ အဖွဲ့အစည်းတစ်ခုထဲ ရောက်သွားသလို ခံစားလိုက်ရသည်။
"မွန်း" နွားနက်ကြီး က ညီလေးဟု ခေါ်သဖြင့် ဝမ်းသာသွားပြီး ထပ်မံ အော်မြည်လိုက်သည်။
"ဟဲဟဲ... ချန်ညီလေးက ဘယ်ဌာနကို ဝင်မလဲ မသိဘူး ဝူယွင်ဂိုဏ်း က ကြီးမားပြီး ဂိုဏ်းခွဲတွေ အများကြီး ရှိတယ် ဂိုဏ်းစည်းကမ်းတွေ မှားလို့ရပေမယ့် ဘဝလမ်းကြောင်းတော့ ရွေးမမှားစေနဲ့နော်"
"ဪ... ကျိ အစ်ကိုကြီးမှာ အတွင်းသတင်းတွေ ရှိနေတာလား ကျွန်တော်က ဝူယွင်ဂိုဏ်း အကြောင်း ဘာမှ မသိဘူးဗျ"
ချန်ရွှင် အထင်ကြီးသော မျက်လုံးများဖြင့် ကျိခွန်ကို ကြည့်လိုက်သည်။
"ချန်ညီလေး ထင်သလို မဟုတ်ပါဘူး ကျွန်တော့်ကို ဖိတ်ခေါ်တဲ့ ဝူယွင်ဂိုဏ်း တပည့်ကို နည်းနည်း မေးမြန်းထားရုံပါ ပြောပလောက်တာ မဟုတ်ပါဘူး"
ကျိခွန်လက်ကာပြလိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု အလိုလို ပေါ်လာသည်။
"ဝူယွင်ဂိုဏ်း မှာ လူအများကြီး ရှိလား" ချန်ရွှင် သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူမြင်ဖူးသော သိုင်းဂိုဏ်းများတွင် လူတစ်ထောင်လောက်သာ ရှိတတ်သည်။
ကျိခွန်လက်ငါးချောင်း ထောင်ပြလိုက်သည်။
"ငါးထောင်လား" ချန်ရွှင် အံ့သြသွားပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။ နွားနက်ကြီးလည်း အံ့သြတကြီး ကြည့်နေသည်။
သည်လောက် ကျင့်ကြံသူတွေ အများကြီးလား။
"ဟားဟား..." ကျိခွန်ချန်ရွှင်၏ မျက်နှာကို ကြည့်ပြီး ရင်ထဲတွင် အလွန် ကျေနပ်သွားသည်။ သူ ခေါင်းခါလိုက်သည်။
"ငါးရာလား... ဒါဆို နည်းနည်း နည်းတယ်နော်" ချန်ရွှင် မျက်လုံးထဲတွင် အနည်းငယ် စိတ်ပျက်သွားသည်။
"ချန်ညီလေး... ငါးသောင်းကျော်ကွ"
ကျိခွန်အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ ချန်ရွှင် ကြားပြီးနောက် မျက်လုံးများ ပြာဝေသွားပြီး မေ့လဲသွားသည်။
"ချန်ညီလေး"
"မွန်း"
မကြာမီ ချန်ရွှင် ပြန်သတိရလာသည်။ ရင်ထဲတွင် ဖိုလှိုက်နေသည်။ သူ အံ့သြတကြီး ပြောလိုက်သည်။ "ကျိအကိုကြီး... ကျင့်ကြံသူ ငါးသောင်းတောင်လား"
"ဟုတ်တယ် အဲသည်တုန်းက ငါကြားပြီးတော့လည်း ချန်ညီလေးလိုပဲ ဖြစ်သွားတာ"
"ဒါဆို ချင်တိုင်းပြည် က ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းဆိုရင် ကောင်းကင်ပေါ် ရောက်နေပြီပေါ့"
"ဒါပေါ့ ချင်တိုင်းပြည် တင် မကဘူး တခြား တိုင်းပြည်တွေက ကျင့်ကြံသူတွေလည်း ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းထဲမှာ ရှိတယ်လို့ ကြားတယ်"
ကျိခွန်က ပြောလိုက်သည်။ ချင်တိုင်းပြည် က ထူးချွန်တဲ့ ကျင့်ကြံသူ အားလုံး ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းထဲ ရောက်ကုန်ပြီဟု ပြော၍ရသည်။
"နွားကြီး... ကျိအကိုကြီး ပြောတာ ကြားလား ဒါမှ ဗဟုသုတ ဆိုတာ ဒါမှ အမြင်ကျယ်တာ ဆိုတာကွ"
ချန်ရွှင် လက်တစ်ဖက် ဖြန့်ကာ ပြောလိုက်သည်။ နွားနက်ကြီး ငေးမောနေပြီး ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။ သူက ကြယ်ကိုးလုံးတောင်ကြား ဆိုလျှင် အလွန်အဆင့်မြင့်လှပြီဟု ထင်ထားခြင်းဖြစ်သည်။
"ဒါပေမယ့် ငါတို့လို နောက်ခံမရှိတဲ့ အပြင်စည်း တပည့်တွေအတွက် အပြင်စည်း တာဝန်ခံဌာနကို ဝင်တာ အကောင်းဆုံး ရွေးချယ်မှုပဲ"
ကျိခွန်လေးနက်စွာ ပြောလိုက်သည်။ "အန္တရာယ်ရှိတဲ့ တာဝန်တွေကို ထမ်းဆောင်ရပေမယ့် ကူညီထောက်ပံ့မှုအမှတ်တွေ အများကြီး ရနိုင်တယ် ရတနာတွေနဲ့ လဲလှယ်လို့ ရတယ် တိုက်ခိုက်ရေး အတွေ့အကြုံတွေ ရပြီး ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ တက်ရောက်နိုင်တယ်"
ချန်ရွှင် သဘောပေါက်သွားသည်။ ကျိခွန်စကားတွေ အများကြီး ပြောနေတာ တကယ်တော့ သူ့ကို အဖွဲ့ထဲ သိမ်းသွင်းချင်လို့ဖြစ်နေသည်။
"ကောင်းပြီ ကျိအကိုကြီး ပြောတာကို ကျွန်တော် သေချာ စဉ်းစားပါ့မယ် တကယ်လို့ အပြင်စည်း တာဝန်ခံဌာနကို ဝင်မယ်ဆိုရင် ကျွန်တော် အစ်ကိုကြီးဆီ အရင်ဆုံး လာခဲ့မယ်"
ချန်ရွှင် လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ မျက်လုံးထဲတွင် ရိုးသားမှုများ ပြည့်နှက်နေသည်။
"ကောင်းပြီ ဒါဆို ချန်ညီလေး နွားညီလေးတို့ကို မနှောင့်ယှက်တော့ပါဘူး" ကျိခွန်လက်သီးဆုပ် ပြုံးပြပြီး ထွက်ခွာသွားသည်။ နောက်ထပ် တာအိုမိတ်ဆွေတွေ လိုက်ရှာရဦးမည်။
"မွန်း" နွားနက်ကြီး ကျိခွန်၏ ကျောပြင်ကိုကြည့်ကာ လှမ်းအော်လိုက်သည်။
ချန်ရွှင်၏ မျက်နှာ တည်ငြိမ်နေသည်။ ကျိခွန်၏ တစ်ဖက်သတ် စကားကို နားထောင်ပြီး ဘာဆုံးဖြတ်ချက်မှ မချသေးပေ။ ပြီးတော့ အပြင်စည်း တာဝန်ခံဌာနက သူ့ခံယူချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူက နွားနက်ကြီးကို ခေါ်ပြီး ဂိုဏ်းထဲမှာ သတ်ဖြတ်တိုက်ခိုက်နေရတာမျိုး မလုပ်ချင်။ ခက်ခက်ခဲခဲနှင့် ယခုလို နေရာတစ်ခု ရှာတွေ့ထားခြင်းဖြစ်၍ ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်သည်။
သို့သော် အရာအားလုံး ဝူယွင်ဂိုဏ်း ရောက်မှပဲ ဆက်ကြည့်ရမည်။
ဝုန်း...
လှေပျံကြီးသည် ကောင်းကင်တွင် ဆက်လက် ပျံသန်းနေသည်။ လှေပေါ်မှ တစ်ကိုယ်တော် ကျင့်ကြံသူများ၏ စိတ်ထဲတွင်လည်း ပိုမို စိုးရိမ်ပူပန်လာကြသည်။
...
ကျီယန် ပြည်နယ်က ချင်တိုင်းပြည် မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ပြည်နယ်အတွင်း လွင်ပြင်များ မြစ်ချောင်းများ ပေါများပြီး သားရဲကောင်များ များပြားသည်။ ဒေသခံများသည် ကြမ်းတမ်းပြီး သိုင်းပညာရှင်များ ပေါများသည်။ သို့သော် ကျီယန် ပြည်နယ် နယ်နိမိတ်အတွင်း ခမ်းနားထည်ဝါသော တောင်တန်းကြီး အချို့ ရှိသည်။ လျှို့ဝှက်ဆန်းကြယ်လှသည်။ ကျောက်စိမ်းဝါးတောင်တန်း သည်လည်း ပြည်နယ်အတွင်း ဒုတိယ အကြီးဆုံး တောင်တန်းကြီး ဖြစ်သည်။ ၎င်းသည် ကျီယန် ပြည်နယ် အနောက်ဘက်တွင် တည်ရှိပြီး ပြည်နယ်အတွင်း အကြီးဆုံး ဖြစ်သော ဟန်ယွင်တောင်တန်း သည် အရှေ့ဘက်တွင် တည်ရှိသည်။
ကျောက်စိမ်းဝါးတောင်တန်း သည် မိုင်ပေါင်းသောင်းချီ ရှည်လျားပြီး အဆုံးအစ မမြင်နိုင်ပေ။ မြူခိုးများ အမြဲတမ်း ဖုံးလွှမ်းနေသည်။ ပြည်သူအများအပြား လမ်းပျောက်ဖူးကြပြီး ပြန်ရောက်လာသောအခါ အင်မော်တယ်များကို တွေ့ခဲ့ရသည်ဟု ပြောဆိုကြသည်။ တောင်တန်းကြီး ကြီးမားသော်လည်း လူသူအရောက်အပေါက် နည်းပါးသည်။ ဒဏ္ဍာရီ ပုံပြင်များစွာ ရှိပြီး ဘုရင့်ရုံးတော်ကလည်း သာမန်လူများ ဝင်ရောက်ခြင်း မပြုရန် တားမြစ်ထားသည် တောင်တန်းအတွင်း၌ မတ်စောက်သော တောင်ကမ်းပါးယံများ နေရာအနှံ့ ရှိနေသည်။ တိမ်ပင်လယ်များ လွှမ်းခြုံထားသည်။ သစ်ပင်ကြီးများ မိုးထိအောင် မြင့်မားပြီး ချောင်း၊မြောင်း လျိုမြောင်များပေါများလှရာ ရှိရာ လျှို့ဝှက်ဆန်းကြယ်မှုကို ပိုမို တိုးပွားစေသည်။
သို့သော် ပြည်နယ်အတွင်းရှိ ပြည်သူများ မသိကြသည်မှာ ဤနေရာသည် ကျင့်ကြံခြင်း ဂိုဏ်းကြီး - ဝူယွင်ဂိုဏ်း တည်ရှိရာ နေရာ ဖြစ်နေခြင်းပင်။
မျိုးဆက်ပေါင်းများစွာသော ဝူယွင်ဂိုဏ်း အကြီးအကဲများ၏ မွမ်းမံပြင်ဆင်မှုကြောင့် ကြီးမားသော အစီအရင်ကြီးသည် လူသားလောကနှင့် ကျင့်ကြံသူများ၏ လောကကို အားကောင်းစွာပိုင်းခြားထား၏။ အစီအရင် အတွင်း၌ မျှော်စင်များ ပြာသာဒ်ဆောင်များ တောင်တန်းကြားတွင် တည်ရှိနေသည်။ ကြီးမားခမ်းနားသော ခန်းမဆောင်ကြီး ဆယ်ဂဏန်းခန့်သည် တောင်ထိပ်များပေါ်တွင် တည်ရှိပြီး ကျောက်စိမ်းဝါးတောင်တန်း တစ်ခုလုံးကို စီးမိုးကြည့်ရှုနေသည်။ တောင်ကမ်းပါးယံများကြားတွင် ထူထပ်သိပ်သည်းသော ကျင့်ကြံခြင်း ဂူများ နေရာအနှံ့ ရှိနေသည်။ တောင်တန်းအတွင်းမှ ရောင်စုံအလင်းတန်းများ ရံဖန်ရံခါ ထွက်ပေါ်နေပြီး ဝိဉာဉ်အရှိန်အဝါများမှာ ပြင်းထန်လှသည်။
ဝှစ်...
ဝှစ်...
...
တူညီဝတ်ရုံ ဝတ်ဆင်ထားသော ဝူယွင်ဂိုဏ်း တပည့် အများအပြားသည် ဓားပျံများကို စီးလျက် အနိမ့်ပိုင်းမှ ဖြတ်သန်း ပျံသန်းသွားကြသည်။ သူတို့၏ မျက်နှာများမှာ တင်းမာနေပြီး အလွန် အလုပ်ရှုပ်နေပုံ ရသည်။ အကန့်အသတ်ရှိသော သက်တမ်းအတွင်း အချိန်ကို လုနေကြရသည်။ ကောင်းကင်ထက်တွင် လှေပျံ အချို့ ဖြတ်သန်းသွားသည်။ ချန်ရွှင် အစရှိသော လူများသည် တစ်လ ကြာပြီးနောက် နောက်ဆုံးတွင် ရောက်ရှိလာကြပြီ ဖြစ်သည်။
အခန်း (၃၆)
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လှေပျံ၏ ဘေးဘောင်တွင် မှီကာ ပါးစပ်မှ အာမေဋိတ်သံများ မရပ်မနား ထွက်ပေါ်နေသည်။ ခြေထောက်များပင် ပျော့ခွေချင်သလို ဖြစ်နေသည်။ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။
"နွားကြီး... ဒါမှ ကျင့်ကြံခြင်း ကမ္ဘာအစစ်ကွ... ဟို ကြယ်ကိုးလုံးတောင်ကြား က ဘာမှ မဟုတ်ဘူး"
ချန်ရွှင် အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ မြေပြင်ကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ ထိုအဆောက်အအုံများသည် လူ့ပြည်လောကနှင့် လုံးဝ မတူကွဲပြားနေသည်။ အဆင့်မြင့်သည်၊ ခန့်ညားသည်၊ တန်ဖိုးရှိသည်။
"မွန်း..." နွားနက်ကြီး မျက်လုံးများ တုန်ရီနေသည်။ အသံများပင် ရှည်သွားသည်။ မြေကြီးပေါ်မှာ ကျင့်ကြံသူတွေ အများကြီးပါလား။
ဝုန်း...
ဝုန်း...
လှေပျံကြီးများသည် မြေပြင်ပေါ်သို့ ငြိမ်သက်စွာ ဆင်းသက်လိုက်သည်။ ဤနေရာသည် စင်မြင့်ကျယ်ကြီး တစ်ခု ဖြစ်သည်။ ဧရာမ ရင်ပြင်ကြီး တစ်ခုကဲ့သို့ရှိသည်။ ရှေ့တွင် တပည့် ရာဂဏန်းခန့် ရပ်နေကြသည်။ လက်ထဲတွင် အဝတ်အစားများနှင့် လက်နက်ကိရိယာများ ကိုင်ဆောင်ထားကြသည်။ လှေပေါ်မှ အကြီးအကဲများသည် ဓားပျံများ လက်နက်များကို စီးနင်းကာ ပေါ့ပါးစွာ ထွက်ခွာသွားကြသည်။ လမ်းတွင် စကားစမြည် ပြောဆိုနေကြပြီး ရယ်မောသံများ ထွက်ပေါ်နေသည်။
လှေအချို့ပေါ်မှ တစ်ကိုယ်တော် ကျင့်ကြံသူ လေးဆယ်ကျော်ခန့် ဆင်းသက်လာကြသည်။ သူတို့သည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဂိုဏ်းသားများကို ကြည့်ရှုနေကြသည်။ ဘာလုပ်ရမှန်း မသိကြပေ။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် တစ်ကိုယ်တော် ကျင့်ကြံသူများ၏ အစွန်အဖျားတွင် ရပ်နေသည်။ ဟိုကြည့်သည်ကြည့် လုပ်နေသည်။ ဂိုဏ်းဝင်ခွင့် အခမ်းအနားတောင် မရှိဘူးလား။
"ကဲ….အားလုံးပဲ"
ယင်းကျွင်း မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပေါ်လွင်နေပြီး ရှေ့ဆုံးတွင် ရပ်နေသည်။ ကြယ်ကိုးလုံးတောင်ကြား တုန်းကနှင့် လုံးဝ မတူတော့ပေ။ "ဂိုဏ်းပစ္စည်းတွေကို လာယူကြပါ သည်နေ့ကစပြီး အားလုံးဟာ ဂိုဏ်းတူ ညီအစ်ကိုတွေ ဖြစ်သွားကြပါပြီ"
စကားဆုံးသည်နှင့် သူ့နောက်မှ တပည့်များ ရှေ့တိုးလာကြသည်။ တစ်ကိုယ်တော် ကျင့်ကြံသူများ အလျင်အမြန် သွားရောက်ပြီး အဝတ်အစားများ အမိန့်ပြားများကို ထုတ်ယူကြသည်။
"အမှိုက်လှည်းပညာ၊ ဓားထိမ်းချုပ်ခြင်းပညာ၊ ဝူယွင်ကျင့်စဉ် ဂိုဏ်းစည်းကမ်း ပြီးတော့ သိုလှောင်အိတ် တောင် ပါသေးတယ်..."
ချန်ရွှင် ပါးစပ်စေ့မရအောင် ဖြစ်နေသည်။ တဟဲဟဲ ရယ်မောနေပြီး ရှေ့တွင် ရပ်နေသော တပည့်ကို ကြည့်နေသည်။ ထိုတပည့်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူက တစ်ကိုယ်တော် ကျင့်ကြံသူများကို သိပ်မကြိုက်ပေ။ အေးစက်စွာ ပြောလိုက်သည်။ "ယူပြီးရင် ဂိုဏ်းခန်းမဆောင်ကို သွား ကိုယ့်ရာထူးကို ကိုယ်ရွေး ကူညီထောက်ပံ့မှုအမှတ် က မင်းတို့ရဲ့ ဂိုဏ်းတွင်း အနာဂတ်နဲ့ သက်ဆိုင်နေတယ်"
"ကျေးဇူးပါ ကျေးဇူးပါ"
ချန်ရွှင် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ အပြာရောင် ဝတ်ရုံကို ချက်ချင်း လဲဝတ်လိုက်ရာ ပုံစံ လုံးဝ ပြောင်းလဲသွားသည်။ "မေးချင်လို့ပါ..."
သူ စကားမဆုံးသေးခင် ထိုတပည့်က လှည့်ထွက်သွားသည်။ ချန်ရွှင်နှင့် စကားတစ်ခွန်းမှ ပိုမပြောချင်ပုံ ရသည်။
"သည်လောက်တောင် မာနကြီးတာလား"
ချန်ရွှင် မျက်ခုံးပင့်လိုက်သည်။ ဂိုဏ်းခန်းမဆောင်က ဘယ်နားမှာလဲဟ။ သူ နွားနက်ကြီးကို လှည့်ကြည့်လိုက်သည်။
"နွားကြီး... ဟဲဟဲ အင်မော်တယ်နဲ့ တူလား"
"မွန်း မွန်း" နွားနက်ကြီး အာမေဋိတ်သံ ပြုလိုက်သည်။ လူမှာအဝတ်တောင်းမှာအကွပ်ဆိုသောစကားက မှန်သည်။ ချန်ရွှင်က အရင်ကထက် ပိုကြည့်ကောင်းလာသည်။
"ဒါပေမယ့် ငါတို့ရဲ့ အဝတ်အစားတွေကိုလည်း မလွှင့်ပစ်နဲ့ဦး"
ချန်ရွှင်က သူ့၏ အဝတ်အစားများကို သေချာ သိမ်းဆည်းလိုက်သည်။ နွားနက်ကြီး၏ ဘေးအိတ်ကပ် နှစ်ဖက်ထဲသို့ ထည့်လိုက်သည်။ ဒါတွေက သူ ကိုယ်တိုင် ချုပ်ထားခြင်းဖြစ်၍ အရည်အသွေး ကောင်းသည်။
"မွန်း" နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ မျက်လုံးထဲတွင် ပျော်ရွှင်မြူးထူးမှုများ ပါဝင်နေသည်။ ဂိုဏ်းထဲက ဝိညာဉ် အရှိန်အဝါများက နင်ယွင်တောင်တန်း ထက် အများကြီး ပိုကောင်းသည်။
"ချန်ညီလေး"
ကျိခွန်လည်း ဝတ်ရုံလဲပြီးပြီ ဖြစ်သည်။ ခါးတွင် အမိန့်ပြား ချိတ်ထားသည်။ "ငါတို့ ဂိုဏ်းခန်းမဆောင်ကို သွားကြစို့"
သူက ချန်ရွှင် ဘာလုပ်ရမှန်း မသိ ဖြစ်နေတာကို မြင်လိုက်ရသည်။
"ကောင်းပြီလေ လမ်းပြပေးလို့ ကျေးဇူးတင်ပါတယ် ကျိအကိုကြီး " ချန်ရွှင် နွားနက်ကြီးကို ဆွဲလျက် ကျိခွန်နောက်သို့ လိုက်ပါသွားသည်။ ရင်ပြင်အောက်ဘက်သို့ ဆင်းသွားကြသည်။
"ချန်ညီလေး အားနာစရာ မလိုပါဘူး ငါတို့အားလုံး ကြယ်ကိုးလုံးတောင်ကြား က လာကြတာပဲလေ အချင်းချင်း ကူညီရမှာပေါ့" ကျိခွန်ကျယ်လောင်စွာ ပြောလိုက်သည်။ သူက အစ်ကိုကြီး စတိုင် ဖမ်းထားသည်။
ချန်ရွှင် ခေါင်းညိတ်လိုက်သည်။ ကျိခွန်သည် တော်တော်ပိန်ကာ ကြည့်ရအနည်းငယ်ဆိုးသော်လည်း စိတ်သဘောထားတော့မဆိုးဟု သူထင်သည်။ ဝူယွင်ဂိုဏ်း ၏ ဂိုဏ်းခန်းမဆောင်သည် တောင်ခါးပန်းတွင် တည်ရှိသည်။ ဤနေရာတွင် လူသံများ ဆူညံနေပြီး ဝူယွင်ဂိုဏ်း တပည့်များ ဝင်ထွက်သွားလာနေကြသည်။ ခန်းမဆောင်ကြီးသည် ရှေးဆန်ပြီး ခမ်းနားထည်ဝါလှသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရှေ့တွင် ရပ်လိုက်သောအခါ အလွန် သေးငယ်သွားကြသည်။ မော့ကြည့်မှ မြင်ရသည်။
ခန်းမဆောင် အပြင်ဘက်ရှိ ကြီးမားသော တိုင်လုံးနက်ကြီးများတွင် အမည်မသိ ဝိညာဉ်သားရဲ ပုံများ ထွင်းထုထားသည်။ လက်သည်းများ ထောင်ထနေပြီး နှုတ်ခမ်းမွေးများ လွင့်ပျံနေကာ ကောင်းကင်သို့ ပျံတက်တော့မည့်ဟန် ရှိသည်။ အသက်ဝင် လှုပ်ရှားနေသကဲ့သို့ပင်ထင်ရသည်။
"ချန်ညီလေး ဒါဆို ငါ အရင် ဝင်နှင့်တော့မယ်"
ကျိခွန်က တုန်လှုပ်နေဆဲ ဖြစ်သော ချန်ရွှင်ကို ကြည့်ပြီး ပြောလိုက်သည်။ "ဒါပေမယ့် ငါပြောတဲ့ စကားကို ချန်ညီလေး သေချာ စဉ်းစားပါဦး"
"ဟုတ်ကဲ့ သေချာပေါက်စဉ်းစားပါ့မယ်…. ကျိအကိုကြီး အရင် သွားပါ" ချန်ရွှင် ချက်ချင်း သတိဝင်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။
ကျိခွန်စကားဆက်မပြောတော့ဘဲ ဂိုဏ်းခန်းမဆောင် ဘက်သို့ လျှောက်သွားသည်။ သူ့ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပါဝင်နေသည်။ ချန်ရွှင်အဖို့မူ နှစ်ပေါင်းများစွာ ရည်မှန်းချက်တစ်ခုပြည့်မြောက်သွားခဲ့ပြီဖြစ်သည်။
"နွားကြီး... ကြည့်စမ်း သည် အဆောက်အအုံတွေကို ဒါမှ ဂိုဏ်းကြီးတစ်ခုရဲ့ အခြေခံ အုတ်မြစ်ဆိုတာ"
ချန်ရွှင် ချီးကျူးလိုက်သည်။ နွားနက်ကြီးကို ဆွဲလျက် ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ "လက်နက်လုပ်တဲ့ ပစ္စည်းတွေပဲ"
"မွန်း" နွားနက်ကြီး စိတ်ဝင်စားလာသည်။ ခေါင်းဖြင့် ပွတ်သပ်ကြည့်လိုက်သည်။ အေးစက်စက် ခံစားမှုကြီးရသည်။
ဂိုဏ်းသားများနှင့် နှိုင်းယှဉ်လျှင် သူတို့၏ အကျိုးအမြတ် လိုချင်စိတ်က နည်းပါးသည်။ ဂိုဏ်းခန်းမဆောင် ဘေးတွင်ပင် စတင်ပြီး လျှောက်ကြည့်နေကြသည်။ ဝေဖန်သုံးသပ်နေကြ၏။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဗဟုသုတ တိုးပွားလာကြသည်။ မျက်လုံးထဲတွင် ဝမ်းသာအားရမှုများ ပါဝင်နေသည်။ ဘယ်ဘက်ကို စမ်းလိုက် ညာဘက်ကို စမ်းလိုက် လုပ်နေကြသည်။ ခန်းမဆောင်ထဲတွင် တပည့်များ တစ်သုတ်ပြီး တစ်သုတ် ဝင်ထွက်သွားလာနေကြသည်။ သို့သော် ချန်ရွှင်နှင့် နွားနက်ကြီးတို့ကမူ ခန်းမဆောင်ကို ပတ်နေကြဆဲပင်။
"ညီလေး"
မျက်နှာ တည်ကြည်လေးနက်သော လူတစ်ယောက် လျှောက်လာသည်။ အရှိန်အဝါ ပြင်းထန်သည်။ "မင်း နွားတစ်ကောင် ဆွဲပြီး ဒီမှာ ဘာလုပ်နေတာလဲ"
ချန်ရွှင် လန့်သွားပြီး လာသူကို ကြည့်လိုက်သည်။ ချီသန့်စင်ခြင်း အဆင့်ကိုး ကျင့်ကြံသူ ဖြစ်နေသည်။ သူ လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ "စီနီယာအစ်ကိုကြီးကို နှုတ်ဆက်ပါတယ် ကျွန်တော်တို့ ဂိုဏ်းခန်းမဆောင်ကို ကြည့်ရှု လေ့လာနေတာပါ"
"ဂိုဏ်းခန်းမဆောင်ကို လေ့လာနေတယ် ဟုတ်လား"
ထိုအမျိုးသား ကြောင်သွားပြီး တိုင်လုံးကြီးကို ကြည့်လိုက်သည်။ "ညီလေး... ငါက စည်းကမ်းထိန်းသိမ်းရေးဌာန က တပည့်ပါ အချိန်ဆိုတာ ကုန်ဆုံးလွယ်တယ် သည်လို အရာတွေအပေါ်မှာ အချိန်မဖြုန်းပါနဲ့"
"ဟုတ်ကဲ့ပါ အကိုကြီး" ချန်ရွှင် လက်သီးဆုပ်ကာ ချွေးပြန်သွားသည်။
"အင်း... မင်းက ဝူယွင်ဂိုဏ်း ကို အခုမှ ရောက်တဲ့ တပည့်သစ်မလား"
အမျိုးသား ပြုံးလိုက်သည်။ သည်လူရဲ့ ဂိုဏ်းအမိန့်ပြားက ပြောင်းပြန် ချိတ်ထားရုံမက လက်ထဲမှာ သိုလှောင်အိတ် ကို ကိုင်ထားသေးသည်။
နွားနက်ကြီးရဲ့ ဘေးနှစ်ဖက်မှာလည်း ပစ္စည်းပစ္စယတွေ အများကြီး ချိတ်ဆွဲထားသည်။ ကြည့်လိုက်သည်နှင့် ဂိုဏ်းထဲ အခုမှ ရောက်တဲ့ တစ်ကိုယ်တော် ကျင့်ကြံသူမှန်း သိသာနေသည်။
"စီနီယာအစ်ကိုကြီး မျက်စိလျင်ပါပေတယ်" ချန်ရွှင် နေရခက်နေသည်။
"လာ... ငါ ညီလေးကို ခန်းမဆောင်ထဲ လိုက်ပို့ပေးမယ် ဂိုဏ်းရဲ့ ဌာနအသီးသီး အကြောင်းလည်း ရှင်းပြပေးမယ်"
အမျိုးသားက အလွန် ခင်မင်ရင်းနှီးလွယ်သည်။ စိတ်သဘောထားကောင်းသော အစ်ကိုကြီး တစ်ယောက်လိုပင်။ လက်တစ်ဖက်က ချန်ရွှင်ကို ဆွဲထားပြီး ကျန်လက်တစ်ဖက်က နဖားကြိုး ကို ကိုင်ထားသည်။
"ကောင်းပါပြီ ကောင်းပါပြီ စီနီယာအစ်ကိုကြီး ဖြည်းဖြည်း လုပ်ပါဗျ"
"မွန်း"
ခန်းမဆောင် အပြင်ဘက်မှ အာမေဋိတ်သံ နှစ်ခု ထွက်ပေါ်လာသည်။ စိတ်သဘောထားကောင်းသော စီနီယာအစ်ကိုကြီး၏ အတင်း ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး ဂိုဏ်းခန်းမဆောင်ထဲသို့ ရောက်ရှိသွားသည်။ စိတ်သဘောထားကောင်းသော အစ်ကိုကြီးက စကား အလွန်များသည်။ ဂိုဏ်းထဲတွင် နှစ်ရှည်လများ ဂျူနီယာညီလေးများကို လမ်းမှန်ရောက်အောင် ဆုံးမသွန်သင်ပေးနေသူ ဖြစ်သည်။ ကြားရသည်မှာ တပည့်အများအပြားကို ငိုကြွေးပြီး ကျွန်တော် မှားပါတယ် ခွင့်လွှတ်ပေးပါတော့ ဟု အော်ဟစ် တောင်းပန်စေခဲ့သည်အထိ ပြောဆိုတတ်သည် ဟူ၏။
သူ့နာမည်က လဲ့ဖုန်း။ ဝူယွင်ဂိုဏ်း စည်းကမ်းထိန်းသိမ်းရေးဌာနမှ ထူးချွန်သော သူတစ်ဦး ဖြစ်သည်။ ဂိုဏ်းတူ မောင်နှမများ၏ လေးစားမှု နှင့် ချစ်ခင်မှုကို အပြည့်အဝ ရရှိထားသူ ဖြစ်သည်။ နာမည်ကျော်ကြား လူကြောက်များသည်။ အပြင်စည်း တပည့်များအတွက် ဂိုဏ်းခန်းမဆောင်တွင် ရွေးချယ်စရာများ များပြားလှသည်။ ဆေးဖဌာန လက်နက်ဌာန အဆောင်ဋ္ဌာန ဝိညာဉ်သားရဲဌာန စည်းကမ်းထိန်းသိမ်းရေးဌာန...
အပြင်စည်း တာဝန်ခံဌာနကတော့ စနစ် အကြီးမားဆုံး ဖြစ်သည်။ တာဝန်မျိုးစုံ ရှိသည်။ မိစ္ဆာနှိမ်နင်းခြင်း ဂိုဏ်းပြင်ပ ဈေးဆိုင်များကို စီမံခန့်ခွဲခြင်း တပည့်သစ် လက်ခံခြင်း စသည်တို့ ပါဝင်သည်။ သို့သော် နေရာတစ်ခုကတော့ လူကြိုက် အနည်းဆုံး ဖြစ်သည်။ ထိုနေရာမှာ ဂိုဏ်းပိုင် ဆေးဥယျာဉ်ကို စီမံခန့်ခွဲခြင်း ဖြစ်သည်။ အပင်ပန်းဆုံးနှင့် အကျိုးအမြတ် အနည်းဆုံး အလုပ်ဟု သတ်မှတ်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ဆေးပင်များက ရှင်သန်ကြီးထွားရန် အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။ နေ့စဉ် ဝိညာဉ်ရေ လောင်းပေးရသည် ပေါင်းသင်ပေးရသည်။ နှစ်စဉ် မိမိတာဝန်ယူထားသော ဆေးခင်းထဲမှ ဆေးပင် ပမာဏကို ပြည့်မီအောင် ပေးသွင်းရသည်။
အစတုန်းကတော့ တပည့်အားလုံးက ယင်းက အလွန် သက်သာတဲ့ အလုပ်ပဲဟု ထင်ပြီး တိုးဝှေ့ လုပ်ကိုင်ကြသည်။ နောက်ဆုံးတော့ ကျင့်ကြံဖို့ အချိန်မရှိရုံသာမက ဆေးပင် ပမာဏ မပြည့်မီသဖြင့် ကူညီထောက်ပံ့မှုအမှတ် မရသည့်အပြင် ဆဲဆိုကြိမ်းမောင်းခြင်းကိုပါ ခံရသည်။ ဝိညာဉ်ဆေးပင် စိုက်ပျိုးခြင်းသည် နည်းပညာ သက်သက် ဖြစ်သည်။ အချိန်ပေးပြီး လေ့လာထားခြင်း မရှိလျှင် သူတို့လို ချီသန့်စင်ခြင်း အဆင့် တပည့်တွေက မည်သို့ တတ်နိုင်မည်နည်း။
ကူညီထောက်ပံ့မှုအမှတ် တိုးပေးလျှင်ပင် လူနည်းနည်းလောက်ပဲ သွားကြသည်။ ဂိုဏ်းက လူဟောင်းအချို့ကိုတောင် ထပ်ဖြည့်ပေးရသည်။
"စီနီယာအစ်ကိုလဲ့... အဲဒါပဲ ရွေးမယ် ကျွန်တော် ဝိညာဉ်ဆေးပင် သွားစိုက်မယ်" ချန်ရွှင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။