← Chapters

အခန်း (၃၇-၃၈)

Vol. 2 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 2 Ch. 37-38

အခန်း (၃၇)

"ဟင်... ချန်ညီလေး ငါ အကျိုးအပြစ်တွေကို သေချာ ရှင်းပြပြီးပြီလေ"

လဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ဂိုဏ်းသို့ အသစ်ရောက်လာသော တပည့်များကို ဆေးဥယျာဉ်သို့ သွားရောက်ရန် လုံးဝ အားမပေးပေ။ ဤသည်မှာ ဂိုဏ်းအတွက်ရော မိမိကိုယ်တိုင်အတွက်ပါ တာဝန်မဲ့ရာ ရောက်သည်။

"စီနီယာအစ်ကိုလဲ့ စိတ်ချပါ ကျွန်တော့်မိသားစုက ဝိညာဉ်ဆေးပင် စိုက်ပျိုးတဲ့ အလုပ်ကို လုပ်ခဲ့တာပါ"

ချန်ရွှင် လေးနက်စွာ ပြောလိုက်ပြီး လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ "စီနီယာအစ်ကိုလဲ့ သံသယတွေကို ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော် ဆေးဥယျာဉ်ကို သေချာပေါက် ကောင်းကောင်း စီမံခန့်ခွဲပါ့မယ်"

အခြားသူများအမြင်တွင် လဲ့ဖုန်း ၏ လုပ်ရပ်သည် စပ်စုသည်ဟု ထင်ရသော်လည်း ချန်ရွှင်ကမူ ထိုသို့ မတွေးပေ။ လဲ့ဖုန်း က သူ့ကို ကူညီခဲ့သည်။ သည်ကျေးဇူးကို သူ မှတ်ထားမည်။

"ကောင်းပြီလေ ချန်ညီလေးက အခုမှ ဂိုဏ်းကို ရောက်တာဆိုတော့ နားမလည်တာ ရှိရင် ငါ့ဂူကို လာမေးလို့ ရတယ်"

လဲ့ဖုန်း က သဘောကောင်းစွာ ပြုံးလိုက်သည်။ ပြိုင်ဘက်က မိသားစု လုပ်ငန်း ကျွမ်းကျင်မှု ရှိသည်ဆိုမှတော့ စိတ်ချရပြီ။ သူသည် သိုလှောင်အိတ် ထဲမှ အဆောင်တစ်ခုကို ထုတ်ယူပြီး ချန်ရွှင်ကို ပေးလိုက်သည်။

"ကိစ္စရှိရင် ဝိညာဉ်စွမ်းအား ထည့်ပြီး ဆက်သွယ်လိုက်ပါ"

ချန်ရွှင် ဂရုတစိုက် လှမ်းယူလိုက်သည်။ မျက်လုံးထဲတွင် အဓိပ္ပာယ်တစ်မျိုး ဖြတ်သန်းသွားပြီး ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။

"ချန်ညီလေး... သေချာပေါက် ကြိုးစားကျင့်ကြံနော် အချိန်တွေကို အလဟဿ မဖြစ်စေနဲ့ ဒါဆို ငါ သွားတော့မယ်"

"ကောင်းပါပြီ စီနီယာအစ်ကိုလဲ့"

"မွန်း"

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လဲ့ဖုန်း ကို နှုတ်ဆက်လိုက်ကြသည်။ နှုတ်ခမ်းထောင့်စွန်းများတွင် အပြုံးတစ်ခု အလိုလို ပေါ်လာသည်။ ဟိုးအရင်တုန်းက တောင်ပေါ်ရွာလေးကို ပြန်ရောက်သွားသကဲ့သို့ပင်ထင်ရသည်။ သူ ခန်းမဆောင်အတွင်းရှိ စင်မြင့်တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ "ဂိုဏ်းတူဦးလေး... ကျွန်တော် ဆေးဥယျာဉ်ကို စီမံခန့်ခွဲချင်ပါတယ်"

"ရတယ်" အသက်ကြီးရင့်နေပြီး လေတိုက်လျှင် လဲတော့မည့်ပုံ ပေါက်နေသော အဘိုးအိုတစ်ဦးက ပေါ့ပါးစွာ ပြောလိုက်ပြီး ကျောက်စိမ်းပြားတစ်ခုနှင့် စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေး"

ချန်ရွှင် ဝမ်းသာသွားပြီး ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။ ၎င်းသည် ဆေးဥယျာဉ်များအား တံခါးမရှိ ၊ ဓားမရှိ ဝင်နိုင်၊ ထွက်နိုင်သော သော့ဖြစ်သည်။ ၎င်းမရှိဘဲ ဝင်ရောက်ပါက ဂိုဏ်းကို ကျူးကျော်သည်ဟု သတ်မှတ်ခံရမည်။

"ကောင်လေး... ဆေးဥယျာဉ်က စီမံရ လွယ်တာ မဟုတ်ဘူး"

အဘိုးအိုက အိပ်ချင်မူးတူး မျက်လုံးများဖြင့် ပြောလိုက်သည်။ အိပ်နေတာလား တရားထိုင်နေတာလား မသဲကွဲပေ။ "နှစ်တိုင်း သည်နေရာကို လာပြီး ဝိညာဉ်ဆေးပင် လာအပ်ရမယ်"

"ဟုတ်ကဲ့ပါ" ချန်ရွှင် ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

"သည်နွားလေးက မဆိုးဘူးပဲ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပုံရတယ်" အဘိုးအိုက ချန်ရွှင် နောက်မှ နွားနက်ကြီးကို ကြည့်ပြီး စိတ်ဝင်စားသွားသည်။

"မွန်း"

"ဂိုဏ်းတူဦးလေး... ဒါက ကျွန်တော့်အိမ်က အမွေရထားတဲ့ နွားနက်ကြီးပါ..."

"ကောင်လေး... သွားတော့ ဘာတွေ လျှောက်တွေးနေတာလဲ" အဘိုးအိုက နည်းနည်း စိတ်တိုသွားသည်။ ထိုတပည့်၏ အကြည့်က သူကပဲ ချီသန့်စင်ခြင်း အဆင့်နှစ် ရှိတဲ့ ဝိညာဉ်သားရဲကို အတင်း လုယူတော့မယ့် ပုံစံမျိုး ဖြစ်နေသည်။

"ဟဲဟဲ... ဒါဆို ဂျူနီယာ ဂိုဏ်းတူဦးလေးကို မနှောင့်ယှက်တော့ပါဘူး"

ချန်ရွှင် ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။ တကယ်လည်း အတွေးလွန်သွားမိသည်။ ယခုနေရာက ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ မည်သို့ ဝိဉာဉ်သားရဲမရှိဘဲနေမည်နည်း။ ကြယ်ကိုးလုံးတောင်ကြားလည်းမဟုတ်ပေ။

"နွားကြီး... သွားမယ်"

"မွန်း"

ချန်ရွှင် နွားနက်ကြီးကို ဆွဲလျက် ပျော်ရွှင်စွာ ထွက်ခွာလာခဲ့သည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်၏ ခြေလှမ်းများ ပေါ့ပါးသွက်လက်နေသည်။ နောက်ဆုံးတော့ စိုးရိမ်သောကများ အကောက်ကြံမှုများကြားမှ လွတ်မြောက်ပြီး အေးဆေးစွာ နေရတော့မည်။ သူက လမ်းတွင် တွေ့ရသော ဂိုဏ်းတူ မောင်နှမများကို လမ်းဖယ်ပေးသည်။ မျက်နှာတွင် ဖော်ရွေသော အပြုံးကို ပြုံးထားပြီး မည်သူ့ကိုမျှ စကားစမပြောပေ။ ကျောက်စိမ်းပြား၏ လမ်းညွှန်မှုအရ သူတို့သည် တိတ်ဆိတ်ငြိမ်သက်သော တောင်ကြားတစ်ခုသို့ ရောက်ရှိလာကြသည်။ ပတ်ဝန်းကျင်တွင် မမြင်ဖူးသော ထူးဆန်းသည့် ပန်းမန်များနှင့် ဆေးပင်များ ပေါက်ရောက်နေသည်။ ဝိညာဉ်အငွေ့အသက်များ သင်းပျံ့နေပြီး စိတ်ကို ကြည်လင် လန်းဆန်းစေသည်။

အဝေးတစ်နေရာတွင် ရေတံခွန်ကြီးတစ်ခု ရှိသည်။ ဖြူဖွေးသော ရေပွင့်ရေစက်များ လွင့်ပျံနေပြီး ရေကန်ထဲသို့ ကျဆင်းနေသည်။ ရောင်စုံ သက်တံ့များပင် ဖြစ်ပေါ်နေသည်။

ရေကျသံ တဝေါဝေါက မိုးခြိမ်းသံကဲ့သို့ ဟိန်းညံနေပြီး ခမ်းနားကြီးကျယ်လှသည်။ ဤနေရာသည် လောကနိဗ္ဗာန်တစ်ခုကဲ့သို့ပင်ရှိသည်။

"နွားကြီး... လျှောက်မသွားနဲ့နော်"

ချန်ရွှင် ငေးမောနေစဉ် နွားနက်ကြီးက ခြေလှမ်းကျဲကြီးများဖြင့် ပန်းရနံ့များကို လိုက်လံ ရှူရှိုက်နေသည်။ လိပ်ပြာများလည်း ပျံသန်းနေသည်။

"မွန်း" နွားနက်ကြီး ဈာန်ဝင်စားနေပြီးမှ ချန်ရွှင် ရှေ့သို့ အမြန် ပြေးလာသည်။ မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

"ဟားဟား..."

ချန်ရွှင် နွား၏ခေါင်းကို ဖက်လိုက်ပြီး အပေါ်ဘက်သို့ မော့ကြည့်လိုက်သည်။ အစီအရင် တစ်ခု လည်ပတ်နေသည်။ သူက ဝိညာဉ်စွမ်းအား တစ်ခုကို ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းလိုက်ရာ အစီအရင်တွင် ဝင်ပေါက်တစ်ခု ပွင့်သွားသည်။

"သွားမယ်"

ချန်ရွှင် နွားနက်ကြီးကို ဆွဲခေါ်သွားသည်။ ရင်ထဲတွင် အံ့သြနေမိသည်။ သည် ဝူယွင်ဂိုဏ်း က အတော်လေး ကြီးမားတာပဲ။ တောင်တန်းတစ်ခုလုံးက ဂိုဏ်းပိုင်နက် ဖြစ်နေသည်။ အတွင်းဘက်တွင် ကြီးမားသော ဆေးခင်းအချို့ ရှိပြီး ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသည်။ ပတ်ဝန်းကျင်တွင် ရှေးဟောင်း သစ်ပင်ကြီးများ မွှေးကြိုင်သော မြက်ခင်းများ ရှိပြီး အသက်စွမ်းအင်များ ပြည့်ဝနေသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ မျက်စိရှုပ်သွားကြသည်။ အချို့သော ဆေးပင်များကို သူတို့ မသိကြပေ။ အနက်ရှိုင်းဆုံးနေရာတွင် သက်ကယ်တဲလေး တစ်လုံး ရှိသည်။ တဲရှေ့တွင် ဆံပင်ဖွာလန်ကြဲနေသော အဘိုးအိုတစ်ဦးက မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။ ချန်ရွှင်ကို မြင်လိုက်ရသောအခါ မိမိအဖေကို တွေ့လိုက်ရသကဲ့သို့ အလွန်ဝမ်းသာသွားသည်။

"မင်း ရောက်လာပြီလား..."

"ရောက်ပါပြီ"

"မွန်း"

ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ အဘိုးကြီးမှာ ရူးကြောင်ကြောင်ဖြစ်နေပုံရသည်။

"ဆယ်နှစ်ကြာပြီ... နောက်ဆုံးတော့ လူတစ်ယောက် ရောက်လာပြီ... ဟားဟားဟား... ကောင်းကင်က နောက်ဆုံးတော့ ငါ့ကို မျက်နှာသာ ပေးပြီ..."

အဘိုးအို ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက် ဖြန့်ကာ ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။ မျက်ရည်များက တွန့်လိပ်နေသော မျက်နှာပေါ်သို့ စီးကျလာသည်။ သူက ချီသန့်စင်ခြင်း အဆင့်ကိုး ကျင့်ကြံသူဖြစ်သည်။ ချန်ရွှင် သံသယဖြင့် ကြည့်လိုက်သည်။ အဘယ်ကြောင့် အဘိုးကြီးသည် သူဖုန်းစားပုံပေါက်နေရသနည်း။ ယခင် တောင်ပေါ်၌ သူနေခဲ့ရသည့်အခြေအနေထက်ပင်ဆိုးနေသည်။

"ဂျူနီယာညီလေး... ဂျူနီယာညီလေးရေ... ငါ တာဝန်ပြီးပြီ သည်နေရာကို မင်းဆီ လွှဲပေးခဲ့ပြီနော်"

အဘိုးအို စိတ်လှုပ်ရှားနေသည်။ မြေဓာတ် ဝိညာဉ်စွမ်းအား တစ်ခုကို ထုတ်လိုက်ပြီး ဓားပျံပေါ် တက်ကာ ချန်ရွှင်ဘေးမှ ဖြတ်သန်းသွားသည်။ သည်နေရာမှာ တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့သည့် ပုံစံမျိုးဖြစ်နေ၍ ချန်ရွှင်အတော်လေးအံ့အားသင့်သွားမိ၏။ သူ့မျက်လုံးထဲတွင် မျက်ရည်များလည်း ဝဲနေသည်။ လွန်ခဲ့တဲ့ (၁၀) နှစ်က ဂိုဏ်းရဲ့ အတင်းအဓမ္မ စေခိုင်းမှုကြောင့် သည်နေရာကို ရောက်လာခဲ့ရသည်။ ဆေးပင်တွေနဲ့ အဖော်ပြုပြီး နေခဲ့ရသည်။ ကျင့်ကြံခြင်းအဆင့် တက်တာ နှေးရုံသာမက အထီးကျန် ဆန်မှုကလည်း ကြောက်စရာကောင်းလွန်း၏။

ချန်ရွှင် သူ့ကျောပြင်ကို ကြည့်ပြီး နွားနက်ကြီးကို လှည့်ကြည့်လိုက်သည်။

"မွန်း"

နွားနက်ကြီးလည်း ထိုသူ၏ လုပ်ရပ်ကို နားမလည်ပေ။

သူတို့ သက်ကယ်တဲထဲ ဝင်သွားကြ၏။ အတွင်းတွင် စာအုပ်အချို့ ရှိသည်။ အားလုံးက ဝိညာဉ်ဆေးပင် စိုက်ပျိုးနည်း မှတ်တမ်းများ ဖြစ်သည်။ ချန်ရွှင် အားလုံးကို သိမ်းယူလိုက်သည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲပြီး ရေတံခွန်နားသို့ သွားလိုက်သည်။ နွားနက်ကြီးက ပစ္စည်းများကို ချပြီး ရေထဲသို့ တန်းခုန်ဆင်းလိုက်သည်။ ရေများ လွင့်စင်သွားသည်။

သူက ဘေးတွင် ထိုင်လိုက်ပြီး စာအုပ်ငယ်လေးကို ဖတ်လိုက်သည်။ အတွင်းတွင် ဝိညာဉ်ဆေးပင် အမျိုးအစားများနှင့် စည်းကမ်းချက်များကို ရေးသားထားသည်။ ဥပမာ - ဝိညာဉ်ဆေးပင်များကို ခိုးယူခြင်း မပြုရ ဆေးပင် တစ်ပင်ချင်းစီကို စာရင်းမှတ်တမ်းတင်ထားသည် (၅) နှစ်တစ်ကြိမ် ဆေးဋ္ဌာနမှ တပည့်များ လာရောက် စစ်ဆေးမည် ဖြစ်သည်။

နှစ်စဉ် ပေးသွင်းရမည့် ပမာဏနှင့် အမျိုးအစားများ အားလုံး ပါဝင်သည်။ ချန်ရွှင် သေသေချာချာ ဖတ်ရှုပြီး မှတ်သားလိုက်သည်။

"မွန်း"

ရေထဲမှ နွားနက်ကြီး၏ အသံ ထွက်ပေါ်လာသည်။ သူက ဝိညာဉ်ဆေးပင် စိုက်ပျိုးရမည်ကို လုံးဝ မပူပေ။ သူတို့၏ မူလစွမ်းအင် ကို ရေနှင့် ရောစပ်ပြီး အသုံးပြုနိုင်ကြောင်း တွေ့ရှိထားပြီး ဖြစ်သည်။ ပြီးတော့ သူက ဝိညာဉ်ဆေးပင် စိုက်ပျိုးရတာကို သဘောကျသည်။ လယ်ထွန်ရတာထက် ပိုပျော်ဖို့ ကောင်းသည်။

"နွားကြီး... အဲသည် သက်ကယ်တဲကို မသုံးဘူး ငါတို့ဘာသာ ဂူအသစ် ဆောက်မယ်"

ချန်ရွှင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မတ်စောက်သော တောင်ကမ်းပါးယံများ နေရာအနှံ့ ရှိသည်။ ဂူတည်ဆောက်ရန် အလွန် သင့်တော်သည်။

"မွန်း" နွားနက်ကြီး ပြန်ထူးလိုက်သည်။ သူတို့က ဂူထဲမှာ နေရတာ ကျင့်သားရနေပြီ။ ပြီးတော့ ကိုယ်ပိုင် ဝိညာဉ်ဆေးပင်တွေလည်း စိုက်ရဦးမည်။

"ဓားထိမ်းချုပ်ခြင်းပညာ"

ချန်ရွှင် သိုလှောင်အိတ် ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ သို့သော် ဓားကမရှိ။ ဓားကိုအမှတ်ဖြင့်လဲရပေဦးမည်။ ၀ူယွင်ဂိုဏ်းကား အတော်လေးနပ်သည်ဟု ဆိုနိုင်သည်။ ပြီးတော့ ဝူယွင်ဂိုဏ်း မှာ အဆင့်နိမ့် တပည့်တွေကြား အလွန် ရေပန်းစားသော ဆေးတစ်မျိုး ရှိသည်။ ထိုဆေးမှာ အစာရှောင်ဆေး ဖြစ်သည်။ တစ်လုံးစားထားရင် တစ်လလောက် အစာခံသည်။ အီးပါ၊သေးပေါက်လုပ်စရာလည်း မလိုတော့ပေ။

"ဂိုဏ်းထဲမှာ ပစ္စည်းကောင်းတွေ အများကြီးပဲ ဒါပေမယ့် စည်းကမ်းတွေလည်း များတယ်"

ချန်ရွှင် ဂိုဏ်းစည်းကမ်းများကို ဖတ်ရှုနေသည်။ ကိုယ့်သဘောနှင့်ကိုယ် တိုက်ခိုက်ခွင့် မရှိ မိပါက စည်းကမ်းထိန်းသိမ်းရေးဌာန သို့ ပို့ပြီး ကြိမ်ဒဏ် ပေးခံရမည်။ ရန်ငြိုးရှိပါက လျှောက်လွှာတင်ပြီး စင်မြင့်ထက်တွင် တရားဝင် တိုက်ခိုက်ရမည်။ တာဝန်ထမ်းဆောင်ရန် အပြင်ထွက်သော တပည့်များမှလွဲ၍ ကျန်သူများ ကိုယ့်သဘောနှင့်ကိုယ် တောင်အောက် ဆင်းခွင့် မရှိ။ သို့သော် တစ်နှစ်လျှင် နှစ်ကြိမ် ဆင်းခွင့် ရှိသည်။ တစ်ကြိမ်လျှင် တစ်လ ကြာမြင့်နိုင်သည်။ နှစ်ကြိမ်ပေါင်းပြီး ယူလျှင်လည်း ရသည်။ သို့သော် အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်သွားပါက ထိုရှုပ်ထွေးသော စည်းကမ်းများ မရှိတော့ပေ။ အခြေခံတည်ဆောက်ခြင်း အဆင့်သည် ဂိုဏ်း၏ အမာခံ အုတ်မြစ်ဖြစ်ပြီး အကြီးအကဲ အဆင့်အတန်း ရှိသည်။

"သည် ဝူယွင်ဂိုဏ်း က မြို့တစ်မြို့ထက်တောင် ကြီးသေးတယ် ဘာမဆို ရှိတယ် တောင်အောက် ဆင်းစရာတောင် မလိုဘူး"

ချန်ရွှင် ရေရွတ်လိုက်သည်။ "တကယ်လို့ ဝိညာဉ်ဆေးပင်တွေ လဲချင်ရင်တော့ တောင်အောက် ဆင်းကြည့်လို့ ရတယ် တစ်နှစ် နှစ်ကြိမ်ဆို လုံလောက်ပါပြီ ဂိုဏ်းထဲမှာ အရမ်း ထင်ပေါ်လို့ မဖြစ်ဘူး"

"နွားကြီး"

"မွန်း"

နွားနက်ကြီး ရေတွေ ရွှဲနစ်လျက် ပြေးလာသည်။ မျက်လုံးများ တောက်ပလျက် ချန်ရွှင်ကို ကြည့်နေသည်။ ကစားလို့ မဝသေးသည့် ပုံပင်။

အခန်း (၃၈)

"ငါတို့ရဲ့ ပထမအဆင့် စီမံကိန်းက ဂူတည်ဆောက်ဖို့ နေရာ ပြင်ဆင်မယ် ပြီးရင် သည်ဆေးဥယျာဉ်ထဲက ဆေးပင်တွေကို ပြုစုပျိုးထောင်မယ် သက်တမ်းတွေ တိုးလာအောင် လုပ်ပေးစရာ မလိုဘူး…ဒုတိယအဆင့်က ဂိုဏ်းရဲ့ ကူညီထောက်ပံ့မှုအမှတ်တွေ စုမယ် ငါတို့သာ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ဆေးပင်တွေ ပေးသွင်းနိုင်ရင် ရမယ့် အမှတ်က သာမန် တပည့်တွေထက် အများကြီး ပိုရမှာ….တတိယအဆင့်က အမှတ်တွေ လုံလောက်ရင် ဓားပျံတစ်လက် သွားလဲမယ် ငါကြည့်ရသလောက် ရေတံခွန် နောက်ဘက်မှာ လျှို့ဝှက် နေရာကောင်းတစ်ခု ရှိတယ် အဲ့ကိုရောက်ရင် ငါတို့ ပျံသွားပြီး ဂူဖောက်မယ် အဲဒိမှာ ကိုယ်ပိုင် ဝိညာဉ်ဆေးပင်တွေ စိုက်မယ်…စတုတ္ထအဆင့်က ဂိုဏ်းထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး သတင်းတွေ စုံစမ်းမယ် နန်ဒုတောင် လျှို့ဝှက်နယ်မြေက အရမ်း အန္တရာယ်များတယ် အသက်နဲ့ရင်းပြီး စွန့်စားဖို့ မလိုဘူး"

ချန်ရွှင် စနစ်တကျ လေးလေးနက်နက် ပြောလိုက်သည်။ နွားနက်ကြီး မျက်လုံးအဝိုင်းသားဖြင့် နားထောင်နေသည်။ ချန်ရွှင်အပေါ် လေးစားမှုတွေ ပိုတိုးလာသည်။

"အရေးကြီးဆုံး တစ်ချက်က နှစ်တိုင်း ဂိုဏ်းပြိုင်ပွဲ ရှိတယ် မဟုတ်လား ငါတို့ သွားပြီး ပွဲကြည့်လို့ ရတယ်ဟေ့"

"မွန်း"

ရေတံခွန်ဘေးတွင် ရယ်သံကြီး ထွက်ပေါ်လာသည်။ ချန်ရွှင် အဝတ်အစားများ ချွတ်လိုက်ရာ ဗိုက်ကြွက်သား (၁၆) မြောင်း ပေါ်လာသည်။ ရေထဲသို့ ဗွမ်းခနဲ ခုန်ဆင်းလိုက်သည်။ သည်နေ့ ရာသီဥတု သာယာသည်။ ကောင်းကင်ကပြာကာ လေပြည်ကလေးကလည်းတိုက်နေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ စတင် အလုပ်ရှုပ်ကြတော့သည်။ ဆေးဥယျာဉ် တောင်ကြားထဲတွင် ဝုန်းဒိုင်းကြဲ အသံများ ထွက်ပေါ်နေသည်။ ချန်ရွှင်က တောင်ဖြိုပုဆိန်ကိုင်ပြီး ကျောက်ကမ်းပါးကို အားကုန် ခုတ်နေသည်။ ကျောက်စအနများ လွင့်စင်ပြီး ဖုန်မှုန့်များ ထနေသည်။

နွားနက်ကြီးက သက်ကယ်တဲထဲမှ ရေပုံးကို ယူပြီး ရေတံခွန်မှ ရေခပ်နေသည်။ သူက ဂါထာ တစ်ခုကိုလည်း ကျင့်ကြံရဦးမည်။ ၎င်းမှာ ရေဝိဉာဉ်ပညာ ဖြစ်သည်။ ဤပညာသည် ရေထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပေးသည့် ပညာဖြစ်ပြီး ဆေးခင်း ရေလောင်းရန်အတွက် အလွန် အသုံးဝင်သည်။ သို့သော် အလွန် အသုံးမဝင်သော ပညာတစ်ခုဟု သတ်မှတ်ကြသည်။ သို့သော် သည်ပညာမှာ အဆင့် (၃) ဆင့်တောင် ပါဝင်နေသဖြင့် နွားနက်ကြီး ဝမ်းသာနေသည်။ အသစ်အဆန်း သင်ရတော့မည်။

ရှည်လျားလှသော သက်တမ်းတစ်လျှောက် အသစ်အဆန်းများ သင်ယူရခြင်းထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာ ဘာရှိဦးမည်နည်းဟု ချန်ရွှင်နှင့် သူ အတူတူပဲ ခံယူထားကြသည်။ အနာဂတ်အတွက် စိတ်အားထက်သန်နေကြသည်။

"နွားကြီး... ရေခပ်ရင် ဖြည်းဖြည်းလုပ်နော် ရေနစ်မသေစေနဲ့ ငါ မကယ်ဘူးနော် ဟားဟား"

ချန်ရွှင် တစ်ကိုယ်လုံး ကျောက်မှုန့်များ ပေကျံနေသည်။ ဆံပင်တွေပါ ဖြူဖွေးနေသည်။ သူက လှည့်ကြည့်ပြီး နွားနက်ကြီးကို စလိုက်သည်။ ဟိုတုန်းက ရေခဲပြင်တူးတုန်းက အဖြစ်အပျက်ကို သူ သတိရသွားသည်။

"မွန်း"

နွားနက်ကြီး ဒေါသထွက်သွားသည်။ သူ ခြေချော်ကျခြင်းမဟုတ် ဟိုတစ်ခါက မတော်တဆ ဖြစ်သွားခြင်းပင်။

သို့သော် သူတို့ မသိသည်မှာ ဤ ရေဝိဉာဉ်ပညာ သည် ကျင့်ကြံရန် အလွန် ခက်ခဲသည်။ ဆေးဥယျာဉ်ကို စီမံခန့်ခွဲသော တပည့်အများစုသည် ပထမအဆင့်လောက်သာ ကျင့်ကြံကြသည်။ မျိုးဆက်ပေါင်းများစွာ ဖြတ်သန်းလာပြီးနောက် သည်ဂါထာအသေးစားလေးက အချိန်ပေးပြီး သည်းခံ ကျင့်ကြံမှ ရကြောင်း တွေ့ရှိလာကြသည်။ ဖြတ်လမ်းနည်း လုံးဝ မရှိပေ။ အင်အားသာ ပဓာနကျသော ဤကျင့်ကြံခြင်း လောကတွင် မည်သူက အချိန်ကုန်ခံပြီး သည်ပညာကို ကျင့်ကြံနေကြမည်နည်း။ ဒါကြောင့်လည်း ဆေးသမား (ဆေးပင်စိုက်သူ) ရှားပါးရခြင်း ဖြစ်သည်။

သို့သော် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းတွင်တော့ ထိုကဲ့သို့သော ပါရမီရှင်များ ရှိကြသည်။ သူတို့က ဂိုဏ်း၏ ရတနာများ ဖြစ်ကြပြီး လူရှေ့သူရှေ့ ထွက်လေ့မရှိကြပေ။

"ဟွာဆန်းတောင်ကို ဖြိုမယ်"

ချန်ရွှင် အံကြိတ်ပြီး ကျောက်နံရံကို နောက်ထပ် ပြင်းပြင်းထန်ထန် တစ်ချက် ခုတ်လိုက်သည်။ "နင့်မေစဖု..."

"မွန်း" နွားနက်ကြီး ရေပုံးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပစ်ချကာ ချန်ရွှင်ဆီ ပြေးသွားသည်။

"ဒီလောက်တောင် မာတာလား"

ချန်ရွှင် မျက်လုံးပြူးသွားသည်။ မျက်ခုံးမွှေးပေါ်တွင် ကျောက်မှုန့်များ တင်နေသည်။ "နွားကြီး... ပုဆိန်သွား ပဲ့သွားပြီ"

"မွန်း" နွားနက်ကြီး မယုံကြည်နိုင်စွာ ကြည့်နေသည်။ နင်ယွင်တောင်တန်း က ကျောက်နံရံတွေကိုတောင် ချန်ရွှင်က ပုဆိန်တစ်ချက်တည်းနဲ့ ခွဲနိုင်ခဲ့ခြင်းဖြစ်သည်။

"ထားလိုက်ပါတော့ ငါ ပြန်သွေးလိုက်မယ် ငါတို့ဟာက သာမန်သံ နဲ့ လုပ်ထားတာကိုး"

ချန်ရွှင် သက်ပြင်းချလိုက်ပြီး တောင်ဖြိုပုဆိန် ကို နှမြောတသ ကြည့်လိုက်သည်။ ဒါက သူ ပန်းပဲဖိုမှာ ကိုယ်တိုင် ထုလုပ်ထားတဲ့ လက်ရာဖြစ်သည်။

"ဒီတောင်တန်းက ကျောက်သားတွေက ပိုမာလို့ ဖြစ်မယ်"

"မွန်း"

"နွားကြီး သွားလုပ်စရာရှိတာ သွားလုပ် ငါ့ကို ဂရုမစိုက်နဲ့" ချန်ရွှင် မြေကြီးပေါ် ထိုင်လိုက်ပြီး ကျောက်တုံးတစ်တုံး ရှာကာ ပုဆိန်သွေးလိုက်သည်။

နွားနက်ကြီး ခေါင်းညိတ်ပြီး ရေပြန်ခပ်ရန် ထွက်သွားသည်။ နှစ်ရက်ကြာပြီးနောက် ချန်ရွှင် ဂူဖောက်ပြီးသွားပြီ ဖြစ်သည်။ ဒယ်အိုးခွက်ယောက်များကို အတွင်းသို့ သယ်ထည့်လိုက်သည်။ ထို့နောက် သစ်ပင်ခုတ်ပြီး ပရိဘောဂ ပစ္စည်းများ စတင် ပြုလုပ်တော့သည်။ ချန်ရွှင်၏ လက်မှုပညာသည် အတော်လေး ကောင်းမွန်သည်။ သစ်သားစားပွဲ သစ်သားထိုင်ခုံများကို ခဏလေးအတွင်း လုပ်ပြီးသွားသည်။

"နွားကြီး... ပစ္စည်းတွေ နေရာချလိုက်တော့ နောက်ဆို ဒါ ငါတို့အိမ် ဖြစ်သွားပြီ"

ချန်ရွှင် ပြုံးကာ ပြောလိုက်သည်။ သစ်သားရုပ်တု အစရှိသော ပစ္စည်းများကို ထုတ်ယူပြီး နေရာအနှံ့ ချလိုက်သည်။

"မွန်း" နွားနက်ကြီးလည်း ပစ္စည်းများကို ဆွဲလျက် ဟိုပြေးသည်ပြေး လုပ်နေသည်။

"အမှိုက်လှည်းပညာ"

ချန်ရွှင် လက်များဖြင့် မုဒြာ တစ်ခု ပြုလုပ်လိုက်သည်။ လေပြေတစ်ချက် တိုက်ခတ်သွားပြီး တစ်ကိုယ်လုံး သန့်ရှင်းစင်ကြယ်သွားသည်။ အရောင်များပင်လင်း လက်နေသည်။ "ဟားဟား..."

"မွန်း" နွားနက်ကြီး အံ့သြသွားသည်။ ရေချိုးတာထက်တောင် ပိုသန့်နေပါလား။

"နွားကြီး... ဒီဂါထာအသေးစားလေးတွေကို အထင်မသေးနဲ့နော်"

ချန်ရွှင် တခွိခွိ ရယ်လိုက်သည်။ ဂါထာလေး တစ်ခုချင်းစီက သူတို့အတွက် အချိန်တွေ အများကြီး သက်သာစေကြောင်း တွေ့ရှိလာသည်။ အစာရှောင်ဆေး လိုမျိုးတွေကအစ အားလုံး အသုံးဝင်သည်။

"မွန်း" နွားနက်ကြီး ပါးစပ်ဟလိုက်ပြီး ထိုင်ကာ ရေဝိဉာဉ်ပညာ ကို ကျင့်ကြံလိုက်သည်။

ယခုည လကလေးက သာနေသည်။ ကောင်းကင်တွင် ကြယ်ရောင်စုံများ တောက်ပနေသည်။ ချန်ရွှင် ဂူအပြင်သို့ တိတ်တဆိတ် ထွက်လာပြီး ကြယ်များကို မော့ကြည့်လိုက်သည်။

"ကျင့်ကြံခြင်း ကမ္ဘာ ဆိုတာ တကယ်တော့ ဘယ်လို ကမ္ဘာမျိုးလဲ"

ချန်ရွှင် မသိမသာ ပြုံးလိုက်သည်။ မျက်လုံးများက ရီဝေနေသည်။ လှေပျံပေါ်တုန်းက ကျိခွန် လေကြီးမိုးကြီး ပြောတာကို ကြားဖူးသည်။ ရှေးဟောင်းစာအုပ်တွေထဲမှာ ဖတ်ဖူးတာ အဝေးတစ်နေရာမှာ စစ်မှန်တဲ့ ကျင့်ကြံခြင်း ယဉ်ကျေးမှု ရှိသည်၊ သူတို့ဆီက နေရာက ခေတ်နောက်ကျတဲ့ နေရာဟုဆိုသည်။ ထိုနေရာသည်……

"ကျင့်ကြံခြင်း ယဉ်ကျေးမှု..."

ချန်ရွှင် တိုးတိုးလေး ရေရွတ်လိုက်သည်။ ကိုယ်ကို ဂူဝတွင် မှီလိုက်ပြီး တဖြည်းဖြည်း သူ အိပ်ပျော်သွားသည်။

"ငါနဲ့ နွားကြီး သေချာပေါက် ရောက်အောင် သွားမယ်..."

နောက်တစ်နေ့ နံနက်မိုးသောက်အလင်းရောင် ရောက်ရှိလာသည်။ နေဝန်းကြီး ထွက်ပေါ်လာသည်။ ချန်ရွှင် အတွေးစများကို ဖျောက်ဖျက်လိုက်ပြီး နွားနက်ကြီးနှင့်အတူ စတင် အလုပ်လုပ်တော့သည်။

"နွားကြီး... တောလိုက်ထွက်ရအောင်"

"မွန်း"

ချန်ရွှင် ပုဆိန်တစ်လက်ကို ပခုံးပေါ် ထမ်းပြီး နွားနက်ကြီးနှင့်အတူ တောင်ပေါ်သို့ တက်သွားလိုက်သည်။ တောင်တန်းပေါ်တွင် သားရဲကောင်များ များပြားလှသည်။ ဂိုဏ်းက ဒါတွေကို သိပ်ဂရုမစိုက်ပေ။ အချိန်များ ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်း (၆) လကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ဆေးဥယျာဉ်ထဲတွင် ဝိညာဉ်ဆေးပင်များ စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေသည်။ နေရာအနှံ့ ဆေးရနံ့များ သင်းပျံ့နေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဆေးခင်းထဲတွင် ထိုင်နေကြသည်။ ရေလှိုင်းများ သူတို့ဘေးပတ်လည်တွင် ဝန်းရံနေပြီး အသက်ရှိကဲ့သို့ လှုပ်ရှားနေသော ရေပူပေါင်းလုံးလေး ဖြစ်ပေါ်လာသည်။ အတွင်းတွင် ဝိညာဉ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသည်။

ဖောက်…ဖောက်...

ရေပူပေါင်းလေးများ လေထဲတွင် ပေါက်ကွဲသွားကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီး မျက်လုံး ဖွင့်လိုက်ကြသည်။ "ရေဝိဉာဉ်ပညာ ဒုတိယအဆင့် အောင်မြင်ပြီ"

"သိပ်မခက်ပါဘူး"

ချန်ရွှင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ "နွားကြီးတောင် ဒုတိယအဆင့် ရောက်နေပြီပဲ"

"မွန်း မွန်း" နွားနက်ကြီး မျက်လုံးပြူးသွားသည်။ မည်သို့ဖြစ်သနည်း။ သူသည် ကျင့်ကြံခြင်း၌ အဆင့်တက်နှေးသည်ကလဲလျှင် အခြားအစီရင်ပညာများကျင့်ကြံရာ၌ အလွန်မြန်လွန်းနေသည်။

"ဒါပေမယ့် ငါတို့ရဲ့ ချီသန့်စင်ခြင်း အဆင့်က တကယ်ပဲ တက်ဖို့ ခက်တာ"

ချန်ရွှင် စဉ်းစားလိုက်သည်။ "သည်အတိုင်းသာဆိုရင် နောက်ထပ် နှစ်တစ်ရာလောက် ကြာမှ အဆင့်တက်မလား မသိဘူး"

"မွန်း" နွားနက်ကြီး မျက်လုံးများ မှေးကျဉ်းသွားပြီး ချန်ရွှင်ကို ခေါင်းဖြင့်ဝှေ့လိုက်၏။

"ဟားဟား... စတာပါကွာ"

ချန်ရွှင် ရယ်မောလိုက်ပြီး နွားနက်ကြီးကို ပွတ်သပ်ပေးလိုက်သည်။ "စီမံကိန်းအတိုင်း ဆက်လုပ်မယ် လှုပ်ရှားမယ်"

"မွန်း" နွားနက်ကြီး ပျော်ရွှင်စွာ အော်လိုက်ပြီး ချန်ရွှင်နောက်သို့ လိုက်သွားသည်။

ဆေးဥယျာဉ်ထဲတွင် ချန်ရွှင်က သူ့အတွက် ကောက်ရိုးဦးထုပ် တစ်လုံး ရက်လုပ်ထားသည်။ နွားနက်ကြီးအတွက်လည်း အကြီးကြီး တစ်လုံး ရက်လုပ်ပေးထားရာ နွားနက်ကြီး အလွန် သဘောကျသွားသည်။ အိပ်ရင်ပင် ဆောင်းအိပ်သည်။ နေရောင်အောက်တွင် လူတစ်ယောက်နှင့် နွားတစ်ကောင် ကောက်ရိုးဦးထုပ်များကိုယ်စီ ဆောင်းလျက် ဆေးခင်းထဲတွင် အလုပ်လုပ်နေကြသည်။ မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ မည်သည့်အနှောင့်အယှက်မျှမရှိပေ။

All Chapters