အခန်း (၃၉-၄၀)
Vol. 2 Ch. 39-40
အခန်း (၃၉)
ဆောင်းကုန်၍ နွေကူးလာသည်။ သူတို့ ဝူယွင်ဂိုဏ်း သို့ ရောက်ရှိသည်မှာ တစ်နှစ် ရှိခဲ့ပြီ။ သက်တမ်းအမှတ် များကို ဝိညာဉ်စွမ်းအား တွင် ဆက်လက် ပေါင်းထည့်လိုက်သည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ပျော်ရွှင်စွာ ထွက်လာသည်။ သိုလှောင်အိတ် ထဲတွင် ပေးသွင်းရမည့် ဆေးပင်များ ပါလာသည်။ တစ်ပင်မှ မလျော့ပေ။ သူတို့သည် အကျွမ်းတဝင်ရှိသော လမ်းအတိုင်း ဂိုဏ်းခန်းမဆောင်သို့ ရောက်လာကြသည်။ ခန်းမဆောင် အပြင်ဘက်တွင် အကြာကြီး ရပ်ကြည့်နေကြသေးသည်။ သည်နေ့တော့ ကံကောင်းထောက်မစွာဖြင့် စီနီယာအစ်ကိုလဲ့ (လဲ့ဖုန်း) ကို မတွေ့ရပေ။ မဟုတ်လျှင် လက်ချာပို့ချခြင်း ခံရဦးမည်။
ခန်းမဆောင်ထဲတွင် ထိုအဘိုးအိုက ရှိနေဆဲပင်။ ချန်ရွှင် ကောက်ရိုးဦးထုပ် ဆောင်းလျက် လေးစားစွာ ပြောလိုက်သည်။ "ဂိုဏ်းတူဦးလေး... ဆေးပင် လာအပ်တာပါ"
"အင်း" အဘိုးအိုက အိပ်ချင်မူးတူးဖြင့် ပြန်ထူးလိုက်သည်။
စင်မြင့်ပေါ်တွင် ချန်ရွှင်က သိုလှောင်အိတ် ထဲမှ ဆေးပင်များကို အားလုံး ထုတ်ပေးလိုက်သည်။ တစ်ပင်မျှမပိုသလို တစ်ပင်မျှမလိုပေ။ ဝိညာဉ်အငွေ့အသက်များ သင်းပျံ့နေသည်။ အဘိုးအို မျက်လုံးများ အရောင်လက်သွားသည်။ အရေအတွက် စစ်ဆေးလိုက်သည်။ အမိန့်ပြားတစ်ခုကို ထုတ်ယူကာ ဝိညာဉ်စွမ်းအား တစ်ခု ထည့်သွင်းလိုက်သည်။
"မဆိုးဘူး"
"ကောင်လေး... မင်းပါလား"
အဘိုးအိုက ချန်ရွှင်၏ ကောက်ရိုးဦးထုပ်အောက်မှ မျက်နှာကို မြင်လိုက်ရသည်။ ပြီးတော့ နွားနက်ကြီးကို ကြည့်လိုက်သည်။ "ဂိုဏ်းကို စရောက်ရောက်ချင်း ဆေးဥယျာဉ်ကို သွားပြီး ပထမနှစ်မှာတင် ဆေးပင် ပြည့်မီအောင် ပေးသွင်းနိုင်တဲ့ ပထမဆုံး တပည့်ပဲ"
"ဂိုဏ်းတူဦးလေး မသိလို့ပါ ကျွန်တော့်အိမ်က ဆေးပင်စိုက်တာပါ အတွေ့အကြုံလေး ရှိလို့ပါ"
"တော်တော် ကောင်းတယ်"
အဘိုးအိုက သည်နေ့ စကားနည်းနည်း ပိုပြောလာသည်။ ရှစ်ထောင့်ပုံစံ အမှတ်တံဆိပ်ပြား တစ်ခုကို သူ့ကို ထုတ်ပေးလိုက်သည်။ "ဒါ မင်းရဲ့ သည်နှစ်အတွက် ကူညီထောက်ပံ့မှုအမှတ် ပဲ မင်းပိုင်သွားပြီ"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေး" ချန်ရွှင် ဝမ်းသာသွားသည်။ လေးစားစွာ လှမ်းယူလိုက်ပြီး အမှတ်တံဆိပ်ပြားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
"သွေးတစ်စက်ချလိုက်ရင် ဒါကို မင်းပိုင်ပြီ"
"ဟုတ်ကဲ့"
ချန်ရွှင် နွားနက်ကြီးကို ဆွဲပြီး ပြေးတော့သည်။ ဂိုဏ်းခန်းမဆောင် ဘယ်နားမှာ ရှိလဲဆိုတာ သူ စုံစမ်းပြီးသား။ "နွားကြီး... ငါတို့ ချမ်းသာပြီဟေ့"
"မွန်း မွန်း" နွားနက်ကြီးက အော်ဟစ်လိုက်သည်။
သူတို့ ပြေးလွှားသွားသည်ကို ဘေးမှ တပည့်များ မျက်မှောင်ကြုတ် ကြည့်နေကြသည်။ ကောက်ရိုးဦးထုပ်နဲ့ဘယ်ကတောသားလဲ ဟုတွေးနေမိကြသည်။
ခန်းမဆောင် အပြင်ဘက် လူရှင်းသော နေရာတွင် ချန်ရွှင်က သွေးတစ်စက်ကိုချ လိုက်သည်။ စစ်ဆေးကြည့်လိုက်ရာ အမှတ် (၂၀၀) တောင် ရှိနေသည်။
"ဝေး"
ချန်ရွှင် ခုန်ပေါက် အော်ဟစ်လိုက်သည်။ နွားနက်ကြီးကို ကြည့်လိုက်သည်။ "နွားကြီး... ငါတို့မှာ အမှတ် နှစ်ရာတောင် ရှိတယ်ကွ"
"မွန်း" နွားနက်ကြီး လန့်သွားသည်။ ခြေနှစ်ချောင်းထောက် ရပ်လိုက်ပြီး ချန်ရွှင် ကိုယ်ပေါ် မှီကာ တံဆိပ်ပြားကို ကြည့်လိုက်သည်။
အပြင်စည်း တပည့်တွေအတွက် တစ်နှစ်ကို အနိမ့်ဆုံး သတ်မှတ်ချက်က (၁၀၀) သာ ရှိသည်။ သူတို့က နှစ်ဆတောင် ကျော်လွန်နေပြီ။
"သွား... ဂိုဏ်းခန်းမဆောင်ကို သွားမယ် သည်နေ့ ငါတို့ အကြီးအကျယ်ဖြုန်းကြစို့"
"မွန်း"
လူတစ်ယောက်နှင့် နွားတစ်ကောင် အရှိန်ကုန် ပြေးကြတော့သည်။ သည်နေ့ ဂိုဏ်းခန်းမဆောင်ကို ပြောင်အောင် ဖြုန်းပစ်လိုက်ဦးမည်။
နေ့ဝက်ခန့် ကြာပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ငိုမဲ့မဲ့ မျက်နှာများဖြင့် ဂိုဏ်းခန်းမဆောင်မှ ထွက်လာကြသည်။ သူက ဓားရှည်တစ်လက်ကို လက်နှစ်ဖက်ဖြင့် မထားသည်။ မျက်လုံးများက အသက်မဲ့နေပြီး စိတ်ဓာတ်အကြီးအကျယ်ကျသကဲ့သို့ ဖြစ်နေသည်။
"သောက်ကျိုးနည်း... စျေးကြီးလိုက်တဲ့ ဆိုင်..."
ချန်ရွှင် တိုးတိုးလေး ရေရွတ်လိုက်သည်။ ပါးစပ်က ပွစိပွစိ ပြောနေသည်။ "စျေးကြီးလိုက်တဲ့ ဆိုင်..."
"မွန်း" နွားနက်ကြီးလည်း မျက်လုံးပြူးနေသည်။ သူတို့၏ ကူညီထောက်ပံ့မှုအမှတ်တွေ အကုန် ပြောင်သွားပြီ။
"အင်မော်တယ်ဓား တစ်လက် အမှတ် ၅၀ အဝါရောင်အဆင့် အနိမ့်စား လက်နက်"
"ဆေးမီးဖို တစ်လုံး အမှတ် ၁၀၀ အဝါရောင်အဆင့် အလယ်အလတ် လက်နက်"
"အစာရှောင်ဆေးဖော်နည်း အမှတ် ၅၀"
ချန်ရွှင် နွားနက်ကြီးကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်လိုက်သည်။ အသံက တိုးရာမှ ကျယ်လောင်လာသည်။ "ငါတို့ အမှတ်တွေ ကုန်သွားပြီလား... ဟမ်... သည်လောက်ပဲလား"
"မွန်း" နွားနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဆေးဥယျာဉ်ကို ပြန်ပြီး ကောင်းကောင်း ထွန်ယက်မယ် အမှတ် ထောင်ချီ စုပစ်မယ်။
"နွားကြီး... ပြန်မယ် ဆေးပင် စိုက်မယ် သည် ဂိုဏ်းခန်းမဆောင်ကို ငါတို့ ပြောင်အောင်မလုပ်နိုင်ဘူးလား"
ချန်ရွှင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ စိတ်ဓာတ်များ တက်ကြွလာသည်။ "နှစ်ရာချီကြာအောင် စိုက်ပျိုးပြီး သည်ခန်းမဆောင်ကြီး ပြောင်သွားတဲ့အထိ ဝယ်ပစ်မယ်ကွ"
"မွန်း" နွားနက်ကြီး မတ်တပ်ထရပ်လိုက်ပြီး အော်ဟစ်လိုက်သည်။ ကြွက်သားများ ဖောင်းကြွလာသည်။
"ဘာအော်နေတာလဲ ခန်းမဆောင်ကို မလေးမစားနဲ့ မင့်မေလင်အိမ်ထင်နေလား" အတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"မွန်း မွန်း"
"မင်းမေလင်အိမ်တဲ့…သွား... သွားမယ်"
ချန်ရွှင် နွားနက်ကြီးကို ဆွဲကာ ကုပ်ကုပ် ကုပ်ကုပ်ဖြင့် အမြန် ပြေးတော့သည်။ သူ့ပုံစံက ခိုးကြောင်ခိုးဝှက်ဖြစ်နေသည်။ လမ်းတွင် စည်းကမ်းထိန်းသိမ်းရေးဌာနက တပည့်များက မသင်္ကာ၍ စစ်ဆေးခြင်းကိုပင် ခံလိုက်ရသေးသည်။ လမ်းတွင် ဝူယွင်ဂိုဏ်း တပည့်များ နေရာအနှံ့ ရှိနေသည်။ သူတို့သည် သုံးစုတစ်ဖွဲ့ လေးစုတစ်ဖွဲ့ စုဝေးနေကြပြီး ပြောဆို ဆွေးနွေးနေကြသည်။ အလွန် စိတ်လှုပ်ရှားနေပုံ ရသည်။
"သည်နှစ် ဂိုဏ်းပြိုင်ပွဲ စတော့မယ် ပိုင်ဆစ် ဂိုဏ်းတူအစ်ကိုကြီး ကျင့်ကြံရာက ထွက်လာပြီတဲ့"
"ဘုရားရေ... ဒါ ငါတို့ အပြင်စည်း တပည့်တွေရဲ့ အဓိကထောက်တိုင်ကြီးပဲ ဂိုဏ်းတူအစ်ကိုကြီးကို ဂိုဏ်းချုပ်ကတောင် အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်နိုင်တဲ့ ပါရမီ ရှိတယ်လို့ ချီးကျူးထားတာနော်"
"တကယ်လို့ သည်နှစ် ပထမ ရခဲ့ရင် လေးနှစ်နေရင် သွားရမယ့် နန်ဒုတောင် ခရီးစဉ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံး တိုက်ရိုက် ဆုချမယ်လို့ ကြားတယ်"
"ပထမ နေရာကတော့ ငါတို့ အပြင်စည်း တပည့်တွေ မမျှော်လင့်ပါနဲ့ အတွင်းစည်း တပည့်တွေက သိမ်းပိုက်ထားပြီးသားလေ"
"ဒါပေမယ့် ငါတို့လည်း ဝင်ပြိုင်ပြီး ကူညီထောက်ပံ့မှုအမှတ်တွေ ဝင်ယူလို့ ရတာပဲ ကိုယ့်စွမ်းရည်ကိုလည်း စမ်းသပ်လို့ ရတာပေါ့"
......
တပည့်အချို့ ချန်ရွှင်ဘေးမှ ဖြတ်သွားကြသည်။ မျက်ခုံးပင့်ကာ ပြောဆိုနေကြသည်။ ဘေးနားတွင် ကောက်ရိုးဦးထုပ်ဆောင်းပြီး နွားတစ်ကောင်ဆွဲလာသည့် လူတစ်ယောက် ရှိနေသည်ကိုတောင် သတိမထားမိကြပေ။
"ဂိုဏ်းတူအစ်ကိုတို့... ခဏလောက်ပါ"
ချန်ရွှင် ချောင်းတစ်ချက် ဟန့်လိုက်ပြီး နွားနက်ကြီးကို ဆွဲလျက် လျှောက်လာသည်။ "ဂိုဏ်းပြိုင်ပွဲ ဝင်ပြိုင်ရင် ကူညီထောက်ပံ့မှုအမှတ် ဘယ်လောက် ရလဲ"
ထိုလူများ လန့်သွားကြသည်။ ကောက်ရိုးဦးထုပ်၊ နွားတစ်ကောင်နှင့် ထိုသူသည် မည်သို့ရုတ်ချည်းဤနေရာသို့ရောက်လာခဲ့သနည်း။
"ဟဲဟဲ... ဒီညီလေးက ဂိုဏ်းကို အခုမှ ရောက်တာလား"
"ဟုတ်ကဲ့... ရှင်းပြပေးပါဦး အစ်ကိုကြီး" ချန်ရွှင် မတော်တဆလိုလို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃) တုံးကို သူတို့လက်ထဲ ထည့်ပေးလိုက်သည်။
အင်း...
သုံးယောက်သား အကြည့်ချင်း ဆုံလိုက်ကြသည်။ သည်လောက် သဘောပေါက်လွယ်သည့် ညီလေးမျိုး တစ်ခါမှ မတွေ့ဖူးကြပေ။ သူတို့က လက်ကို နောက်ပစ်လိုက်ပြီး တဟားဟား ရယ်မောလိုက်ကြသည်။
"အကုန်လုံးက ဂိုဏ်းတူ ညီအစ်ကိုတွေပဲလေ"
"ဒါပေါ့... အားလုံးက ညီအစ်ကိုတွေပါ" ချန်ရွှင်လည်း လိုက်ရယ်လိုက်သည်။
"ညီလေး မသိလို့ပါ"
သုံးယောက်သား ချန်ရွှင်ကို ကြည့်လိုက်ကြသည်။
"ဂိုဏ်းပြိုင်ပွဲ ဆိုတာ ချီသန့်စင်ခြင်း အဆင့် တပည့်တွေပဲ ဝင်ပြိုင်လို့ ရတာ တကယ်လို့ အဆင့် (၅၀၀) အတွင်း ဝင်ရင် ကူညီထောက်ပံ့မှုအမှတ် (၅၀၀) ရမယ်"
"တကယ်လို့ အဆင့် (၁၀၀) အတွင်း ဝင်ရင် အမှတ် (၁၀၀၀) ရမယ် ပြီးတော့ အကြီးအကဲတွေ သဘောကျပြီး တပည့်အဖြစ် လက်ခံတာ ခံရနိုင်တယ်"
"တကယ်လို့ အဆင့် (၁၀) အတွင်း ဝင်ရင် အမှတ် (၂၀၀၀) ရမယ် တိုက်ရိုက် အတွင်းစည်း တပည့် ဖြစ်ခွင့် ရမယ် ဆရာကို ကိုယ်တိုင် ရွေးချယ်ခွင့် ရှိမယ်"
"တကယ်လို့ အဆင့် (၃) အတွင်း ဝင်ရင်တော့ ပြောစရာ မလိုတော့ဘူး လက်နက် ပစ္စည်းတွေတင်မကဘူး ငါတို့ မသိနိုင်တဲ့ အရာတွေပါ ပါတယ်"
ထိုလူများ ပြုံးလိုက်ကြသည်။ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပါဝင်နေသည်။ အဆင့် (၁၀၀) အတွင်း ဝင်ရင်တောင် ဘဝပြောင်းသွားပြီ။
"လူ ဘယ်လောက် ဝင်ပြိုင်လဲ" ချန်ရွှင် ပေါ့ပါးစွာ မေးလိုက်သည်။ ရင်ထဲတွင် လှုပ်ရှားသွားသည်။ အမှတ် (၅၀၀) လောက် ရရင် ကျေနပ်ပါပြီ။
သူ စောစောက ကြည့်ခဲ့တာ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ဖော်နည်းက အမှတ် (၃၀၀၀) တောင် ပေးရသည်။ (၁၅) နှစ်လောက် ချွေတာစုဆောင်းမှရနိုင်သည့် အမှတ်ဖြစ်သည်။ သူနှင့်နွားကြီးတို့ နှစ်ကောင်လုံးမြက်စား…အဲ….သူကတော့လုံးတီးဆန်နှင့်နေ့တိုင်းညားသွားနိုင်သည်။
"ပုံမှန်ဆိုရင်တော့ သုံးသောင်းလောက် ရှိတယ်"
"အဲသည်လောက် များတာလား" ချန်ရွှင် အံ့သြသွားသည်။ အရင်ဘဝတုန်းက စာမေးပွဲဖြေတုန်းက လူတစ်ထောင်လောက်မှာတောင် သူ အဆင့် (၅၀၀) မဝင်ခဲ့။
"ဒါပေါ့ အတွင်းစည်း တပည့်တွေ အများကြီး ဝင်ပြိုင်ကြတယ် ပြီးတော့ အကြီးအကဲတွေရဲ့ သားသမီး မြေးမြစ်တွေလည်း ပါတယ်။"
ထိုလူများ ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ "အဲသည်လူတွေမှာက အဝါရောင်အဆင့် အဆင့်မြင့် လက်နက်တွေ ရှိတယ် ဂါထာ အမျိုးစုံ ရှိတယ် ငါတို့ ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ဒါဆို မတရားဘူးပေါ့ ဘာလို့ ပြိုင်နေဦးမှာလဲ"
ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ သည်လက်နက်တွေက တစ်ဖက်က ဓားကိုင်ထားပြီး တစ်ဖက်က စက်သေနတ် ကိုင်ထားသလို ဖြစ်နေပြီ။ ဘာသွားပြိုင်ရမှာလဲ။
"ဂိုဏ်းက ငါတို့အတွက် ထည့်စဉ်းစားပေးပါတယ် အတွင်းစည်း တပည့်တွေက သူတို့အချင်းချင်း ပြိုင်ကြတာ သူတို့က အဆင့် (၁၀၀) အတွင်း ဝင်ဖို့ပဲ ယှဉ်ပြိုင်ကြတာ"
"ဒါလည်း မဖြစ်နိုင်သေးဘူးလေ ဒါဆိုရင် ဒီအတွင်းစည်း တပည့်တွေ ကိုယ့်ဘာသာ ပြိုင်နေကြတာပဲ မဟုတ်ဘူးလား" ချန်ရွှင် ခေါင်းခါလိုက်သည်။ ကျင့်ကြံခြင်း အရင်းအမြစ်တွေက အရမ်း ကွာခြားလွန်းနေသည်။
"ညီလေး ထင်သလို မဟုတ်ပါဘူး ငါတို့ အပြင်စည်း တပည့်တွေထဲမှာလည်း ပါရမီရှင်တွေ အများကြီး ရှိပါတယ် ဥပမာ - ပိုင်ဆစ် ဂိုဏ်းတူအစ်ကိုကြီးဆိုရင် ချီသန့်စင်ခြင်း အဆင့် (၁၀) ရောက်နေပြီ ဘယ်သူ ယှဉ်ရဲမှာလဲ"
ထိုလူများက ဂုဏ်ယူစွာ ပြောလိုက်သည်။
"ဟဲဟဲ ဟုတ်တာပေါ့ ဒါဆိုရင် ဂိုဏ်းတူအစ်ကိုတို့ကို မနှောင့်ယှက်တော့ပါဘူး"
ချန်ရွှင် နွားနက်ကြီးကို ဆွဲလျက် ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့သည်။ မျက်လုံးထဲတွင်တော့ စဉ်းစားခန်း ဝင်နေသည်။ ဘေးပတ်ဝန်းကျင်တွင် တပည့်များ ပြေးလွှားနေကြသည်။ ဓားပျံစီးပြီး ပျံသန်းသွားသော တပည့်များလည်း ရှိသည်။
အခန်း (၄၀)
"သွား... နွားကြီး ငါတို့လည်း သွားပြီး ပွဲသွားကြည့်ရအောင်"
"မွန်း"
ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် လူအုပ်ကြီး၏ နောက်သို့ လိုက်ပါကာ ပြေးလွှားသွားလိုက်သည်။ ဂိုဏ်းပြိုင်ပွဲ ကျင်းပမည့် နေရာသည် အခြားသော တောင်ထိပ်တစ်ခုပေါ်တွင် ဖြစ်ပြီး ဤနေရာနှင့် အတော်လေး ဝေးကွာသည်။ ဂိုဏ်းပြိုင်ပွဲ ကျင်းပရာ တောင်ထိပ်သို့ နီးကပ်လာသည်နှင့်အမျှ ဝူယွင်ဂိုဏ်း တပည့်များ ပိုမို များပြားလာသည်။ ချန်ရွှင်သည် ကောက်ရိုးဦးထုပ် ဆောင်းထားပြီး နွားနက်ကြီးကို ဆွဲထားသဖြင့် မည်သူမျှ သတိမထားမိကြပေ။ စိတ်အားထက်သန်နေသော ဂိုဏ်းတူအစ်ကိုများနှင့် ဂိုဏ်းတူညီမလေးများ၏ ရယ်မောသံများ စကားပြောသံများ ဆူညံနေသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး တပည့်အများအပြား တံတွေးမြိုချနေကြသည်။
တောင်ထိပ်သည် ကြီးမားသော စင်မြင့်ကျယ်ကြီး ဖြစ်သည်။ ကျောက်တိုင်ကြီး (၉) တိုင် ဝန်းရံထားပြီး အကြီးအကဲ ဆယ်ဂဏန်းခန့်သည် ကျောက်တိုင်ထိပ်များပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေကြသည်။ တပည့်များကို အပေါ်စီးမှ စီးမိုးကြည့်ရှုနေကြပြီး ခမ်းနားသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ချန်ရွှင် နွားနက်ကြီးကို ဆွဲလျက် နေရာအနှံ့ လျှောက်ကြည့်နေသည်။ တပည့် အများအပြားသည် နေရာအနှံ့ ထိုင်နေကြပြီး ရွှေရောင် အမိန့်ပြားများဖြင့် စာရင်းပေးသွင်းနေကြသည်။ စင်မြင့်တွင် လူသံများ ဆူညံနေသော်လည်း ကျပ်ညပ်နေခြင်း မရှိပေ။ အဖြူရောင်အခိုးအငွေ့များ ရစ်သိုင်းနေပြီး အင်မော်တယ်ဘုံတစ်ခုကဲ့သို့ သာယာလှပနေသည်။
"မွန်း" နွားနက်ကြီးက ချန်ရွှင်ကို ဝှေ့လိုက်သည်။ ဘာလို့ စာရင်းမသွင်းတာလဲ။
"သည်နှစ်တော့ အခြေအနေ အရင် ကြည့်လိုက်ဦးမယ် လောလို့မဖြစ်ဘူးဟ" ချန်ရွှင် ပြုံးလိုက်သည်။ သူက အဆင့် (၅၀၀) အတွင်း ဝင်သူများ၏ အရည်အချင်းကို အကဲခတ်ချင်သေးသည်။
နွားနက်ကြီး ခေါင်းညိတ်လိုက်ပြီး ခေါင်းကို မော့ကာ ကျင့်ကြံသူများကို လိုက်ကြည့်နေသည်။ (၃) ရက် ကြာပြီးနောက် ဝူယွင်ဂိုဏ်း ၏ တောင်ထိပ်များတွင် အလင်းရောင်များ ထွက်ပေါ်လာပြီး ခေါင်းလောင်းထိုးသံကြီး တစ်ခု နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။ တောင်တန်းအနှံ့အပြားမှ တပည့်များ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဒေါင်...
ဒေါင်...
...
(၉) ကြိမ်တိုင်တိုင် မြည်ဟည်းသွားပြီးနောက် ကျောက်စိမ်းဝါးတောင်တန်း တစ်ခုလုံး တုန်ခါသွားသည်။ လူအချို့သည် ကောင်းကင်သို့ ပျံတက်သွားကြပြီး မည်သည့် လက်နက်မှ မပါဘဲ လေဟုန်စီးကာ သွားလာနေကြသည်။ တစ်နှစ်တစ်ခါ ကျင်းပသော ဂိုဏ်းပြိုင်ပွဲကြီး တရားဝင် စတင်လေပြီ။ ဤသည်မှာ တပည့်များ အနေဖြင့် ဂိုဏ်းမှ အကြီးအကဲများကို တွေ့ဆုံခွင့်ရသော အခွင့်အရေးလည်း ဖြစ်သည်။ ဧရာမ တောင်ထိပ်ကြီးပေါ်မှ မြူခိုးများ ကွဲလွင့်သွားသည်။ တပည့်များအားလုံး လေးစားစွာဖြင့် တောင်ပေါ်သို့ တက်ရောက်လာကြသည်။ မည်သူမျှ ဓားပျံစီးကာ မတက်ရဲကြပေ။ အောက်ဘက်သို့ ငုံ့ကြည့်လိုက်လျှင် လူအုပ်ကြီးမှာ ပုရွက်ဆိတ်အုံကဲ့သို့ မည်းနက်နေပြီး ကြက်သီးထဖွယ် ကောင်းလှသည်။
ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် နောက်ဆုံးမှ လိုက်ပါလာသည်။ အသက်ပင် ရဲရဲ မရှူရဲပေ။ သူ လူတစ်ယောက် ကောင်းကင်ပေါ်တွင် လမ်းလျှောက်နေသည်ကို မြင်လိုက်ရသည်။ ထိုလူ၏ ကိုယ်မှ ထွက်ပေါ်နေသော ကြီးမားလှသည့် ဝိညာဉ်စွမ်းအား အရှိန်အဝါကြောင့် သူနှင့် နွားနက်ကြီးတို့မှာ ထိုလူ၏ အကြည့်တစ်ချက်တည်းနှင့်ပင် သေဆုံးသွားနိုင်သည်ဟု ခံစားလိုက်ရသည်။ တောင်ထိပ်ပေါ်တွင် အမည်းရောင် စင်မြင့်များစွာ တည်ဆောက်ထားပြီး ပြိုင်ပွဲစင်မြင့် ရာဂဏန်းခန့်ကို စီးမိုးထားသည်။ ပြိုင်ပွဲစင်မြင့် သုံးခုတိုင်းတွင် အခြေခံတည်ဆောက်ခြင်း အဆင့် အကြီးအကဲ တစ်ဦး စောင့်ကြပ်နေသည်။
သူတို့သည် တည်ငြိမ်သော မျက်နှာဖြင့် တင်ပျဉ်ခွေ ထိုင်နေကြပြီး မျိုးဆက်သစ် လူငယ်များကို စောင့်ဆိုင်းနေကြသည်။
"အကြီးအကဲများနှင့် ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
"အကြီးအကဲများနှင့် ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
...
တပည့်အားလုံး လက်သီးဆုပ် ဦးညွှတ်လိုက်ကြသည်။ ကျယ်လောင်သော အသံကြီးများသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး မြူခိုးများပင် လွင့်စင်ကုန်သည်။ စင်မြင့်ပေါ်တွင် အကြီးအကဲ (၁၃) ဦး မတ်တပ်ရပ်လိုက်ကြသည်။ သူတို့၏ အမူအရာနှင့် ဝတ်စားဆင်ယင်မှုများ ကွဲပြားကြသော်လည်း ထောင်ပေါင်းများစွာသော တပည့်များကို ကြည့်ရှုနေကြသည်။ ထို ထူးခြားသော အရှိန်အဝါများကြောင့် လူအုပ်ကြားထဲတွင် ရပ်နေလျှင်ပင် သူတို့သည် အလွန်ပေါ်လွင်ထင်ရှားနေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့ကို တန်းမြင်နေရသည်။
"မျိုးဆက်သစ်တွေက အားကိုးရမယ့်သူတွေပဲ ဝူယွင်ဂိုဏ်း ဂိုဏ်းပြိုင်ပွဲ တရားဝင် စတင်ပြီ"
ဂိုဏ်းချုပ် ယိုယွမ်ဟွာ သည် အနည်းငယ် ပြုံးလိုက်သည်။ သူ၏ ဝတ်ရုံသည် လေမတိုက်ဘဲ လှုပ်ရှားနေသည်။ သူ၏ ခမ်းနားသော အသံသည် နေရာအနှံ့ ပြန့်နှံ့သွားပြီး တပည့်တိုင်းက မိမိကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက်မည်သည့် စကားပိုမျှ မပြောတော့ပေ။ တပည့်အားလုံး စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများ နီရဲလာကြပြီး ပြိုင်ပွဲစင်မြင့် အသီးသီးကို ကြည့်လိုက်ကြသည်။ ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားများ ဆူပွက်လာသည်။
အခြေခံတည်ဆောက်ခြင်း အဆင့် အကြီးအကဲများ၏ မျက်လုံးများ အရောင်လက်သွားသည်။ ကျောက်စိမ်းပြား တစ်ခုကို ကောင်းကင်သို့ ပစ်တင်လိုက်သည်။ "ဂိုဏ်းပြိုင်ပွဲ ဆိုတာ ကံတရားနဲ့ ဆိုင်တယ် တကယ်လို့ မယှဉ်ပြိုင်နိုင်ရင် အရှုံးပေးလို့ ရတယ်"
အကြီးအကဲများသည် လက်နက်များကို စီးနင်းကာ လေပေါ်သို့ ပျံတက်သွားကြသည်။ သို့သော် အဓိက စင်မြင့်ထက် ကျော်လွန်အောင် မပျံသန်းဝံ့ကြပေ။
သူတို့သည် တပည့်များကို အေးစက်စွာ ကြည့်ရှုလိုက်ပြီး ကျောက်စိမ်းပြားထဲသို့ ဝိညာဉ်စွမ်းအား တစ်ခု ထည့်သွင်းလိုက်သည်။ "စတင်မယ်"
စကားဆုံးသည်နှင့် စာရင်းသွင်းထားသော တပည့်များ၏ လက်ထဲမှ အဆောင်များ အလင်းရောင် ထွက်ပေါ်လာသည်။ ပြိုင်ဘက်များကို မဲနှိုက် ရွေးချယ်ခြင်း ဖြစ်သည်။ ပထမပွဲစဉ်သည် ကံတရားအပေါ်တွင်သာ မူတည်သည်။ စင်မြင့်အောက်တွင် အတွင်းစည်း တပည့် ရာဂဏန်းခန့် ရပ်နေကြသည်။ သူတို့သည် အဖြူရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး မျက်လုံးများ တောက်ပလျက် ပြိုင်ပွဲစင်မြင့်များကို ကြည့်ရှုနေကြသည်။ စင်မြင့်ပေါ်မှ အကြီးအကဲများ၏ အကြည့်များသည်လည်း နေရာအနှံ့ ရောက်ရှိနေသည်။ ဤလူငယ်များသည် ဂိုဏ်း၏ အနာဂတ်များ ဖြစ်ကြသဖြင့် ရတနာများကို မတိမ်မြုပ်စေချင်ကြပေ။
အကြီးအကဲများ၏ အကြည့်များကို ခံစားမိသောအခါ ပြိုင်ပွဲစင်မြင့် အသီးသီးမှ တိုက်ပွဲများသည် ပိုမို ပြင်းထန်လာသည်။ သူတို့အားလုံး မိမိတို့၏ စွမ်းရည်ကို ပြသချင်ကြပြီး အစွမ်းကုန် ကြိုးစားနေကြသည်။ စင်မြင့်တစ်ခုတွင် အပြာရောင် ဝတ်ရုံ ဝတ်ဆင်ထားသော တပည့်နှစ်ဦး ယှဉ်ပြိုင်နေကြသည်။ တစ်ဦးမှာ ချွေးစေးများ ပြန်နေပြီး ရင်ထဲ တုန်လှုပ်နေသည်။ ဘယ်လိုဖြစ်ပြီး သည်လူနဲ့ တွေ့ရတာလဲ။
"ပိုင်ဆစ်... ဂိုဏ်းတူအစ်ကိုကြီး သင်ကြားပြသပေးပါဦး" သူက ချီသန့်စင်ခြင်း အဆင့်ရှစ် ရှိပြီး စွမ်းရည် အကန့်အသတ် ရှိသော်လည်း တိုက်ခိုက်နိုင်စွမ်း ရှိသည်။
"တကယ်လို့ ရှုံးသွားရင်လည်း ညီလေး စိတ်ဓာတ်မကျပါနဲ့ နောက်နှစ်တွေ ရှိပါသေးတယ်"
ပိုင်ဆစ် က ဖော်ရွေသော အပြုံးဖြင့် ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ နွေးထွေးသော အရှိန်အဝါများ ထွက်ပေါ်နေပြီး ဓားသွားကဲ့သို့ ထက်မြက်သော ရုပ်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ အလွန် ပြည့်စုံသွားသည်။ စင်မြင့် အောက်မှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။ ဂျူနီယာညီမလေးများစွာ မူးမေ့မတတ် ဖြစ်ကုန်ကြပြီး အစ်ကိုကြီးပိုင် ဟု အော်ဟစ်နေကြသည်။
ဂျူနီယာညီလေး အများအပြားလည်း ထိုကွင်းဘေးတွင် ဝိုင်းရံကာ အစ်ကိုကြီးကို အားပေးနေကြသဖြင့် ပြိုင်ဘက်မှာ ဖိအားများစွာ ခံစားနေရသည်။
"ဟာ….ဟိုမှာ သွားပြီ"
စူးစူးဝါးဝါး အသံတစ်သံ ထွက်ပေါ်လာသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် သစ်ပင်ရိပ် အောက်သို့ ရောက်လာသည်။ ထို ညီမလေးများကို ကြည့်ပြီး တက်ခေါက်လိုက်သည်။
"ရုပ်ချောပြီး အရည်အချင်းရှိရင် ဘယ်ကမ္ဘာမှာပဲ ဖြစ်ဖြစ် လူကြိုက်များတာပါပဲလား"
"မွန်း မွန်း"
နွားနက်ကြီး ခေါင်းခါလိုက်သည်။ ချန်ရွှင်ကို ဝှေ့လိုက်သည်။ သူကတော့ ချန်ရွှင်က အချောဆုံးဟု ထင်သည်။ ချန်ရွှင်က ကိုယ့်ကိုယ်ကိုယ် မပြင်ဆင်လို့သာ။ ချန်ရွှင် သစ်ပင်ကို မှီလိုက်ပြီး ကောက်ရိုးဦးထုပ်ဖြင့် ယပ်ခတ်လိုက်သည်။ နှာခေါင်းကို တစ်ချက် ကလော်လိုက်ပြီး စိတ်ဝင်တစား ကြည့်ရှုနေသည်။ စင်မြင့် ပေါ်တွင် ပိုင်ဆစ် ၏ မျက်လုံးများ ရုတ်တရက် စူးရှသွားသည်။ လေထိန်းချုပ်ခြင်းပညာ ကို အသုံးပြုပြီး ခြေတစ်လှမ်း လှမ်းလိုက်ရာ စင်မြင့် တစ်ခုလုံး တုန်ခါသွားသည်။ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအား လှိုင်းများ လှုပ်ရှားသွားပြီး ပြင်းထန်သော ဖိအားများ ပြိုင်ဘက်ဆီသို့ ဝင်ရောက်သွားသည်။ လက်ထဲတွင် ဓားတစ်လက် ဖြည်းညှင်းစွာ ပေါ်လာသည်။
ပြိုင်ဘက်ကလည်း လက်မြန်သည်။ လက်ထဲမှ အဆောင်တစ်ခုကို ထုတ်သုံးလိုက်ရာ စင်မြင့် ပေါ်တွင် အလင်းရောင်များ လင်းလက်သွားပြီး ပိုင်ဆစ် ၏ ခြေထောက်အောက်တွင် ရုတ်တရက် ပေါ်လာသည်။
"မြေဆူးအဆောင် ပဲ ညီလေးက တော်တော် ရင်းနှီးထားတာပဲ"
ပိုင်ဆစ် အနည်းငယ် ပြုံးလိုက်သည်။ ကိုယ်ကို ဆန်းကြယ်စွာ လှုပ်ရှားလိုက်ပြီး ထိုမြေဆူးများကို ရှောင်တိမ်းလိုက်သည်။
"ဟင်..." ပြိုင်ဘက် မယုံနိုင်အောင် ဖြစ်သွားသည်။ ပိုင်ဆစ် ၏ အဝတ်ကိုပင် သူ မထိလိုက်ရပေ။
"ဒေါင်"
ပိုင်ဆစ် ၏ ဓားချက်သည် ဝိညာဉ်စွမ်းအားများနှင့်အတူ ခုတ်ပိုင်းချလိုက်သည်။ ထိုသူက အသက်ပြင်းပြင်း ရှူလိုက်ပြီး အံကြိတ်ကာ ထိုဓားချက်ကို ခုခံလိုက်ရာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ လည်ချောင်းထဲလှိုက်တက်လာသော သွေးများကို အတင်း ပြန်မျိုချလိုက်သည်။ ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး မျက်လုံးထဲတွင် သွေးရောင်များ သန်းလာသည်။ နောက်ထပ် အဆောင်တစ်ခု ထပ်ထုတ်လိုက်သည်။
"မဟာဘီလူး အဆောင်" ပြိုင်ဘက်က မကျေမနပ် ဖြစ်နေသည်။ ဝိညာဉ်စွမ်းအား ယှဉ်မရရင် ရုပ်ခွန်အားနှင့် ယှဉ်ရမည်။
သူ၏ ကြွက်သားများ ဖောင်းကြွလာပြီး တစ်ကိုယ်လုံးတွင် ကြမ်းရှသော အရှိန်အဝါများ လွှမ်းခြုံသွားသည်။ အော်ဟစ်ပြီး ဓားကိုင်ကာ ဝင်တိုက်လိုက်သည်။
ပိုင်ဆစ် မျက်လုံးထဲတွင် အနည်းငယ် လေးနက်သွားသည်။ သိုလှောင်အိတ် ကို ပုတ်လိုက်ရာ နောက်ထပ် ဓားပျံတစ်လက် ထွက်ပေါ်လာပြီး စူးရှသော မြည်သံဖြင့် ပျံသန်းသွားသည်။ သို့သော် ထိုလူ၏ ရှေ့ တစ်တောင်ခန့် အကွာတွင် ရပ်တန့်သွား၏။ ရွှေရောင် အလင်းတန်း အကာအကွယ်တစ်ခုက ဓားပျံကို တားဆီးထားလိုက်သည်။ သူက ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ဝရဇိန် အဆောင်"
သစ်ပင်ရိပ်အောက်တွင် ချန်ရွှင်နှင့် နွားနက်ကြီး မျက်လုံးပြူးသွားကြသည်။ သူများတွေက ဝိညာဉ်စွမ်းအားနှင့် တိုက်ကြခြင်းဖြစ်သည်။ သည်လူက ဝိညာဉ်ကျောက်တုံး (ပိုက်ဆံ) နဲ့ တိုက်နေတာပါလား။
"ချမ်းသာတဲ့ တပည့်ပဲ" ချန်ရွှင် မျက်ခုံးပင့်လိုက်ပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။ "ငါတို့ ဘယ်တော့မှ သည်လောက် ဝိညာဉ်ကျောက်တုံးတွေ ရှိလာမလဲမသိဘူး"
အဆောင်များကို တရစပ် ထုတ်သုံးနေခြင်းကက အစ်ကိုကြီး ပိုင်ဆစ် ကိုပင် စိတ်ပျက်သွားစေသည်။
"မွန်း" နွားနက်ကြီး မျက်လုံးပြူးကာ ကြည့်နေသည်။ သည်လူတွေ တိုက်ခိုက်ပုံက အမျိုးစုံပါလား။
"ကိုယ်ဖော့ပညာ" ချန်ရွှင် စိတ်ဝင်စားလာသည်။ သူလည်း ကိုယ်ဖော့ပညာ တစ်ခုလောက် သင်ချင်နေခြင်းဖြစ်သည်။ ဒါမှ အမြန်နှုန်းကို အကောင်းဆုံး အသုံးချနိုင်မည်မဟုတ်ပါလား။ စင်မြင့် ပေါ်တွင် ပိုင်ဆစ် က ထိုလူနှင့် ထိပ်တိုက် မတွေ့တော့ဘဲ ကိုယ်ဖော့ပညာဖြင့် ရှောင်တိမ်းနေသည်။ မဟာဘီလူး အဆောင် အာနိသင် ကုန်သွားသောအခါ ထိုလူမှာ ချက်ချင်း အားနည်းသွားသည်။ ဤပွဲက မထူးဆန်းစွာပင် ပိုင်ဆစ် အနိုင်ရသွားသည်။ သို့သော် ယင်းက သူ့၏ အစစ်မှန်ဆုံး စွမ်းရည် မဟုတ်သေးပေ။ သူ့၏ တစ်ကယ့် ပြိုင်ဘက်များက အတွင်းစည်း တပည့်များ ဖြစ်သည်။