← Chapters

ကျန်းယွင်ရှီးအတွက် ကံအပြောင်းအလဲ အခွင့်အရေး

Vol. 1-5 Ch. 58

ကျန်းယွင်ရှီးအတွက် ကံအပြောင်းအလဲ အခွင့်အရေး

Vol. 1-5 Ch. 58

အခန်း (၅၈) : ကျန်းယွင်ရှီးအတွက် ကံအပြောင်းအလဲ အခွင့်အရေး

“ကောင်းသားပဲ… အခု ကျွန်မလည်း သိပ်စိတ်မကြည်ဘူးဆိုတော့ ဒီဒေါသတွေ လွှတ်ထုတ်ပစ်ဖို့ အချိန်ကောင်းပဲ”

ကျန်းယွင်ရှီးက လှောင်ရယ်ကာ အခန်းအပြင်သို့ ထွက်သွားလိုက်သည်။

သူမဆီ တိုးဝင်လာနေသော ဓားသွားအငွေ့အသက်ကို မရှောင်လိုက်ပေ။

သူမက ဖြည်းဖြည်းချင်း သူမ၏ ညာဘက်လက်သီးကို မြှောက်လိုက်သည့်အခါ တောက်ပသော အဖြူရောင်မိုးကြိုး ဖြစ်ပေါ်လာသည်။

ကျန်းယွင်ရှီး၏ နောက်မှာလည်း ကျားဖြူ သဏ္ဌာန် မိုးကြိုးပုံရိပ် ပေါ်လာပြန်သည်။

ဝေါင်း…

ကျား၏ ဟိန်းဟောက်သံက နေရာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

တုန်ခါမှုကြောင့် တည်းခိုဆောင်ပင် လှုပ်သွားရသည်။

သူမဆီသို့ ဦးတည်လာနေသော ဓားအငွေ့အသက်တွေကို အားကောင်းသော လက်သီးဖြင့် ထိုးလိုက်သည့်အချိန်၌ ကောင်းကင်တစ်ခုလုံး အရောင်ပြောင်းသွားရသည်။

အရမ်းကို အားကောင်းသော လက်သီးတစ်ချက်ပင် ဖြစ်၏။

ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင်မိုးကြိုးများဖြင့် ပြည့်နှက်သွားသည်။

မိုးကြိုးကြောင့်ဖြစ်ပေါ်လာသော ကျားဖြူကလည်း အရမ်းကို အသက်ဝင်လှသည်။

ကျားဖြူအစစ်ကို ဆင့်ခေါ်ထားသကဲ့သို့ ခံစားရစေသည်။

ကမ္ဘာပေါ်ရှိနေရာတိုင်းမှ ကျားဖြူ၏ တည်ရှိမှုကို ခံစားလို့ရနိုင်သည်။

ကျားဖြူကလည်း ကျန်းယွင်ရှီး၏ လက်သီးနှင့် ပေါင်းစပ်သွား၏။

သူမ၏ လက်တွေက သေးသွယ်လှတာကြောင့် လက်သီးက အားပြင်းသည်ဟု မထင်ရသော်လည်း သူမ၏ လက်သီးထိုးချက်က ရွှေအမြုတေအဆင့် ခေါင်းဆောင်သုံးယောက်၏ ဓားအငွေ့အသက်တွေကို ပြန်ပြီး တွန်းလှန်လိုက်နိုင်သည်။

သူမက သူတို့ကို တိုက်ရိုက်ထိုးနှက်လိုက်တာ မဟုတ်သော်လည်း ထုတ်လွှတ်လိုက်သော မိုးကြိုးက စည်းကမ်းကိုင် အဖွဲ့ခေါင်းဆောင်တွေကို သွားထိကာ သူတို့ကို လဲကျသွားစေသည်။

လျှပ်စီးကြောင့် သူတို့ခန္ဓာကိုယ်တွေ မြေပြင်ပေါ်လဲကျသွားကာ အတော်လေး ဆိုးရွားစွာ အကင်ခံလိုက်ရသည်။

“ဒါ… ဒါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ကျင့်ကြံနည်းပဲ။ ကျားဖြူ ကန်ကျင်းနတ်မိုးကြိုးပဲ…”

ခေါင်းဆောင်တွေကတော့ စိတ်ထဲမှာ ချင်ကောင်းကို ကျိန်ဆဲလိုက်ကြသည်။

မင်းပြောတဲ့ ဆရာနတ်မင်းကို နှိပ်စက်နေတဲ့ မကောင်းဆိုးဝါးကောင်ဆိုတာ ဘယ်မလဲ…

ပြိုင်ဘက်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဘာလို့ ဖြစ်နေရတာလဲ…

အား… သေပါပြီ ငါ့နံရိုးတောင် ကျိုးသွားပြီထင်တယ်… မင်း ဘာလို့ မဟုတ်မမှန်တဲ့သတင်းကို ဖြန့်ရတာလဲ ချင်ကောင်းရဲ့…

အမှန်အတိုင်းပြောရလျှင် ကျန်းယွင်ရှီး တစ်ယောက် အရမ်းမပျော်နေပေ။

ငယ်ငယ်ကတည်းက သူမနှင့် အဆင့်တူသူတွေထဲမှာ သူမက အတော်ဆုံးဖြစ်သလို အရှေ့ပိုင်းလွင်ပြင်မှာလည်း အသန်မာဆုံး အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူမမှာ လုပ်ဆောင်သည့် အရာတိုင်းကို အကောင်းဆုံး လုပ်ဖို့ ပြင်းပြသော စိတ်အားထက်သန်မှု ရှိသည်။

သူမ တွေ့ဆုံခဲ့ဖူးသူတိုင်းက သူမကို လေးစားကြတာကြောင့် ဤသို့ဆင်းရဲသော မီးတိုင်းပြည်မှာ ယခုလိုမျိုး ပြဿနာတွေ အများကြီး ကြုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရှင့်အစေခံက ကျွန်မ ဘယ်သူမှန်းတောင် မသိပဲနဲ့ တိုက်ခိုက်ခဲ့တာကို ‘အော်… သူ့သခင်ကို ကာကွယ်ပေးချင်လို့ နေမှာပါ’ ဆိုပြီးတော့ အစေခံကို ခွင့်လွှတ်ပေးခဲ့တယ်…

ဒါပေမဲ့ အခုတော့ ရှင်က ရှင်နဲ့ကျွန်မဟာ ကံမစပ်ဘူးလို့ ပြောတယ်တဲ့လား…

ဘာလို့လဲ… ရှင်က နေ့တိုင်း လူတွေအများကြီးနဲ့ ကံစပ်ပြီးတော့ သူတို့အတွက်ကျ သတ္ထုရိုင်းတုံးတွေ ရှာပေးနေပြီးတော့…

ကျွန်မကျမှ ဘာလို့ မကူညီပေးချင်လို့ အကြောင်းပြချက်တွေ ပေးနေရတာလဲ…

အရှေ့ပိုင်းလွင်ပြင်က အထွတ်အမြတ်မြေတွေဆီမှာ သူမကို သဘောကျတဲ့ ယောက်ျားသားတွေ အများကြီး ရှိတာတောင် သူမက သူတို့ကို လုံးဝ တစ်ချက်မှလှည့်မကြည့်ခဲ့ဘူး…

နောက်ဆုံးမှ မီးတိုင်းပြည်က အေးချမ်းတဲ့ပုံပေါ်တဲ့ ရှန်ထျန်းကို သူမ ရှာတွေ့ခဲ့ရတာ…

မိတ်ဆွေဖြစ်ရဖို့အတွက် ယောကျားတစ်ယောက်ကို ရိုက်တာ အခုက ပထမဆုံးအကြိမ်ပဲ…

ရိုက်တော့ မရိုက်ရသေးပေမဲ့လည်း… ရှင် လုပ်တဲ့ပုံစံကိုလည်း ကြည့်ဦးလေ… ရှင်နဲ့ကျွန်မက ကံမစပ်ဘူးဆိုပြီးတော့ ပြောခဲ့တယ်…

ကျွန်မ ရှင် စိတ်မကောင်းဖြစ်အောင် ဘာများလုပ်မိထားလို့လဲဟင်…

ကျန်းယွင်ရှီးက ရှန်ထျန်း ပြောတဲ့ စကားကြောင့် စိတ်တိုနေပြီ ဖြစ်တာတောင် အခုတော့ ဓားကျင့်စဉ် ကျင့်ကြံသူတွေကပါ သူမကို တိုက်ခိုက်တာတဲ့လား…

အထွတ်အမြတ်မြေက သူတော်စင်တွေကလည်း ချိုင့်ဝှမ်းမှာရှိသော အကြီးအကဲတွေနှင့် တန်းတူညီမျှ လေးစားခံရလေ့ ရှိသည်။

စည်းကမ်းကိုင်အဖွဲ့ကများ သူမကို အရင်တိုက်ခိုက်ရဲတယ်တဲ့လား…

ဒါက အမိန့်မနာခံခြင်း စည်းမျဉ်းရဲ့ ပြစ်မှုပဲ…

ထိုအရာကိုတော့ ကျန်းယွင်ရှီး သည်းမခံနိုင်တာကြောင့် စည်းကမ်းကိုင် အဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ရခြင်းဖြစ်သည်။

“ကျွန်မက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မ ကျန်းယွင်ရှီးပဲ။ ဘာမိစ္ဆာဝိညာဉ်ရဲ့ နောက်လိုက်မှ မဟုတ်ဘူး”

ကျန်းယွင်ရှီး၏ ဘေးပတ်လည်တွင် လျှပ်စီးများ ဝိုင်းနေပြီး လေထဲမှာ မြောနေသည်။

ထိုအခိုက်အတန့်မှာ သူတော်စင်မ တစ်ယောက်၏ စစ်မှန်သော ကျက်သရေကို သူမ ပြသနေသည်။ သူမက မြင့်မြတ်ပြီး စွမ်းအားကြီးလှသည်။

မိုးကြိုးများဖြင့် တောက်ပနေသော သူမက စည်းကမ်းကိုင် အဖွဲ့ဝင်တွေကို စိုက်ကြည့်လိုက်သည်။

သူမနေရာမှာ တခြားတစ်ယောက်သာ ဖြစ်နေပါက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကသူတွေ ထိုလူကို ပြန်လည်တိုက်ခိုက်ကြမည် ဖြစ်သည်။

သို့သော် အခု သူမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေလိုမျိုး အထူးလေးစားခံရသောနေရာမှ လာသည့်သူ ဖြစ်သည့်အတွက် သူတို့လည်း ပြဿနာတွေ မဖန်တီးတော့ပေ။

ထိုက်ပိုင်ချိုင့်ဝှမ်းကသူတွေပင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှလူတွေကို လေးစားရသည် မဟုတ်ပါလော။

စည်းကမ်းကိုင်အဖွဲ့က သူမကို စတင် တိုက်ခိုက်ခဲ့တာကြောင့် သူတော်စင်မ သူတို့ကို သတ်မည်ဆိုလျှင်တောင် ဘယ်သူမှ သူမကို အပြစ်တင်မည် မဟုတ်ပေ။

ကျန်းယွင်ရှီးက မြေပြင်ပေါ်မှာ တွန့်လိမ်နေသော စည်းကမ်းကိုင် အဖွဲ့ကို ကြည့်ရင်း ပိုပြီးတော့ နေလို့ကောင်းလာသည်။

သူမ ညာဘက်လက်ကို ဆန့်ထုတ်လိုက်မှ သူတို့၏ ခန္ဓာကိုယ်ထဲက အဖြူရောင်မိုးကြိုးတွေ ပြန်ထွက်လာပြီး ကျန်းယွင်ရှီးထံ ပြန်ရောက်သွားသည်။

“အထွတ်အမြတ်မြေကို လာမရှုပ်နဲ့။ အခုက သတိပေးရုံတင်ပဲ… ဒါမျိုး နောက်တစ်ခါထပ်ဖြစ်ရင် အထွတ်အထိပ်ခုံရုံးအထိ ကျွန်မကိုယ်တိုင် သွားရလိမ့်မယ်။

အခုချက်ချင်း ထွက်သွားကြတော့”

ထို့နောက် သူမက နောက်လှည့်ကာ ရှန်ထျန်းကို ကြည့်ရင်း ပြောလိုက်သည်

“မောင်လေးရှန် အစ်မတို့တွေ ကံစပ်ပြီလားဆိုတာ တစ်ခါလောက် ထပ်စစ်ပေးနိုင်မလား”

အမ်…

ထိုအမျိုးသမီး၏ စွမ်းအားကို ရှန်ထျန်းလေး ကြောက်နေမိသည်။

ကံမစပ်ဘူးလို့ ထပ်ပြောရင် သူမ ငါလေးကို သတ်မှာများလား…

ဒါပေမဲ့ အဲဒါက အမှန်ပဲလေ…

အဲ… ခဏနေဦး…

ရှန်ထျန်းက သူမ၏ ရောင်ဝါစက်ဝန်းကို သေချာကြည့်လိုက်သည့်အခါမှ သူ မြင်လိုက်ရသောအရာကို အံ့သြသွားမိသည်။

အရင်တစ်ခေါက်တုန်းက မမြင်လိုက်ရသည့် ကံအပြောင်းအလဲ အခွင့်အရေးပုံရိပ်ကို သူမ၏ ရောင်ဝါစက်ဝန်းထဲမှာ တွေ့လိုက်ရသည်။

ရွှေရောင် ရောင်ဝါစက်ဝန်းက အရမ်းတောက်ပနေတာကြောင့် ပုံရိပ်တွေက ဝေဝါးနေသည့်အတွက် ပထမတစ်ခါတုန်းက ရှန်ထျန်း မမြင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှန်ထျန်း တစ်ယောက် နားမလည်နိုင် ဖြစ်နေရသည်။ သူ့ အရည်အချင်း တိုးတက်လာပြီးနောက် မြင်ရသော ပုံရိပ်တွေက အရမ်းကို ရှင်းလင်းနေခဲ့သည်။

အခုလောက်ထိ ဝေဝါးနေသော ပုံရိပ်မျိုးကို သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

သူက ပုံရိပ်တွေကို အကြာကြီး စိုက်ကြည့်နေသော်လည်း တိတိကျကျ ပြောပြဖို့ ခက်ခဲနေသည်။

“ကျွန်တော့်ကို အချိန်ခဏလောက် ပေးပါနော်။ နည်းနည်းလောက် ထပ်ပြီး ကြည့်ချင်သေးလို့ပါ” ရှန်ထျန်းက ကျန်းယွင်ရှီးကို စိုက်ကြည့်ကာ ပြောလိုက်သည် “နတ်မိမယ်ကျန်း… ကျွန်တော်တို့ ကံစပ်သွားပြီဗျ”

ထိုအဖြေကြောင့် ကျန်းယွင်ရှီးမှာ ပျော်ရွှင်သွားသည်။

သူက ဘာလို့ သူမခေါင်းကို စိုက်ကြည့်နေလဲဆိုတာကို သူမ မသိသော်လည်း သူတို့နှစ်ယောက်ကြားမှာ ကံစပ်သွားပြီ ဖြစ်သည့်အတွက် ဘယ်လိုအပြစ် ဖြစ်ဖြစ် ခွင့်လွှတ်သည်။

သူက စိတ်ကောင်းရှိပြီး ချောမောတဲ့သူတစ်ယောက်ပဲ…

သူတော်စင်မ တစ်ယောက်အနေနှင့် မသင့်တော်စရာ အကြောင်း မရှိပေ။

စည်းကမ်းကိုင်အဖွဲ့ဝင်တွေက သူတို့မြင်လိုက်ရတာကို ကြည့်ရင်း ရင်ထဲနေလို့ မကောင်းဖြစ်နေကြသည်။

ဆရာနတ်မင်းက ငါတို့ကြောင့် ဒီအကြမ်းဖက်တဲ့ အမျိုးသမီးနဲ့ အပေးအယူ လုပ်လိုက်ရရှာတာ…

ဆရာနတ်မင်းက ငါတို့ကို ကယ်ဖို့အတွက်နဲ့တင် သူ့စည်းမျဉ်းကို သူ ဖောက်ဖျက်လိုက်ရတာပဲ…

ကျုပ်တို့အမှားပါဗျာ… ကျုပ်တို့ အားနည်းလွန်းလို့ဖြစ်ရတာ… ဆရာနတ်မင်းက ရွေးချယ်စရာမရှိပဲ သူတို့ကို ကယ်တင်လိုက်ရတာ…

ဆရာနတ်မင်းက သူ့အသားကို လင်းယုန်တွေဆီ ကျွေးတဲ့ မြတ်ဗုဒ္ဓလိုမျိုးပါလား…

ရှန်ထျန်းက ကျန်လူတွေ ဘာတွေစဉ်းစားနေတယ်ဆိုတာကို မသိဘဲ သူကတော့ ပုံရိပ်ထဲမှာ ပေါ်လာသော စာတွေကိုသာ သေချာအာရုံစိုက်ပြီး ဖတ်နေသည်။

ပုံရိပ်ထဲမှာ ရေးထားသောစာကို သူ ဖြည်းဖြည်းချင်း ဖတ်လာနိုင်ရသည်။

ကောင်းကင်ဝိညာဉ်ပြခန်း…

All Chapters