← Chapters

ကုန်သည်ရေးပွဲတော်

Vol. 49 Ch. 673

ကုန်သည်ရေးပွဲတော်

Vol. 49 Ch. 673

တစ်နေ့လုံးနီးပါး လက်ထဲကိုင်ထားသည့် ကျောက်စိမ်းသေတ္တာကို အခါခါကြည့်နေရင်း ဟန်လိသည် သက်ပြင်းချနေမိတော့သည်။ သူက ၎င်းသေတ္တာကို သိုလှောင်အိတ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်၏။ ထို့နောက်တွင် သူ့လက်မှ မိုးပြာအလင်းတောက်ပသွားပြီး မိုးပြာကျောက်စိမ်းပြား ထပ်မံပေါ်လာသည်။

ဒုတိယမြောက်စဦးစိတ်ဝိညာဉ်တစ်ခုကို သန့်စင်ရန် သူ့အနေဖြင့် စွန့်စားသင့်သလား။ ထိုအတွက် သူ သေချာမဆုံးဖြတ်နိုင်သေး။ နက်နဲသောစဦးအဆင့်အစီအရင်ပညာရပ်၏မန္တာန်များကို အပြည့်အဝနားလည်ပြီးမှသာ သူ့အနေဖြင့် ထိုသို့စွန့်စားသင့်၊မသင့် ဆုံးဖြတ်ချက်ချတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့သည်။ ဤကိစ္စမှာ အန္တရာယ်များ၏။ ခက်ခဲလွန်း၏။ သတိထားတာ သူ့အတွက် ပိုကောင်းပေလိမ့်မည်။ ဤသို့စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးနောက် ကျောက်စိမ်းပြားထဲသို့ သူ့စိတ်ဝိညာဉ်အာရုံကို နစ်မြုပ်စေပြီး အာရုံဝင်စားသည့်အခြေအနေသို့ ဆိုက်ရောက်သွားသည်။

ဟန်လိနှင့်မလှမ်းမကမ်းတွင် ငွေရောင်လက သူမ၏ကိုယ်ပိုင်အခန်းထဲ၌ အေးအေးကျင့်ကြံနေသည်။ အခြားလုပ်စရာရှိသည့် တိုလီမိုလီကိစ္စများကိုမူ ဟန်လိ၏လူဝံရုပ်သေးများက ကိုင်တွယ်ကြ၏။ အချိန်ကုန်တာ မြန်လှသည်။ နောက်ထပ်တစ်နှစ်တာ ကုန်ဆုံးသွားပြန်လေပြီ။

ယနေ့၌ မိုးပြာနှင့်အဖြူရောင်အလင်းတန်းနှစ်ခုသည် ဟန်လိ၏နေအိမ်လှိုဏ်ဂူဘက်သို့ ပျံသန်းလို့လာ၏။ ထိုအလင်းတန်းနှစ်ခုပျောက်ကွယ်သွားချိန်၌ မျောလွင့်တိမ်ဂိုဏ်းမှ အကြီးအကဲနှစ်ယောက်၏ရုပ်သွင် ပေါ်လာသည်။ တစ်ဦးက ဆံဖြူအဘိုးအို၊ နောက်တစ်ဦးကတော့ ဝါကြင့်ကြင့်မျက်နှာပိုင်ရှင် လူရွယ်တို့ ဖြစ်ကြ၏။

သူတို့သည် ဟန်လိ၏လှိုဏ်ဂူပတ်ပတ်လည်ရှိ အတားအဆီးများကို မြင်သည့်အခါ တစ်ယောက်နှင့်တစ်ယောက် အပြုံးချင်းဖလှယ်လိုက်ကြ၏။

လူရွယ်လုက သူ့လက်ချောင်းကို တောက်ထုတ်ကာ အတားအဆီးများထံ ကြိုပြင်ဆင်ထားသည့်စာလိပ်အဆောင်ကို စေလွှတ်လိုက်သည်။ ထိုအဆောင်သည် မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်၌ သူက ဆံဖြူအဘိုးအိုဘက်သို့ လှည့်ပြုံးပြပြီး ပြောလိုက်သည်။

“ဂျူနီယာညီလေးဟန်က ဂိုဏ်း ပြန်ရောက်တည်းက အသည်းအသန်ကို ကျင့်ကြံနေတဲ့ပုံပဲ…”

ဆံဖြူအဘိုးအိုချန်းက အမူအရာတစ်မျိုးဖြင့် ပြန်ပြောလာသည်။

“ဒီလိုပဲ ဖြစ်မှာပါလေ။ ညီလေးဟန်က နှစ်နှစ်ရာအတွင်း စဦးစိတ်ဝိညာဉ် ဖွဲ့စည်းနိုင်ခဲ့တဲ့သူမလား။ ငါ့ ဘဝသက်တမ်းက ကုန်ဆုံးခါနီး ဖြစ်လာတာ တယ်ဆိုးတာပဲ။ ငါဟာ အင်မောတယ်ကျင့်ကြံခြင်းလမ်းကြောင်းပေါ် ထပ်ပြီး လျှောက်လှမ်းနိုင်စွမ်း မရှိတော့ဘူး။ ဒီအကြောင်းကို မင်းလည်း သိထားလိမ့်မယ်လို့ ငါ ထင်တယ်…”

လူရွယ်လုက ချက်ခြင်း နှစ်သိမ့်စကားဆိုသည်။

“စီနီယာအစ်ကိုချန်းကလည်း မနောက်ပါနဲ့။ ခင်ဗျားက အနည်းဆုံး နှစ်ပေါင်းနှစ်ရာလောက် ရှင်သန်နိုင်ဦးမှာပါ…”

ဆံဖြူအဘိုးအိုက ခေါင်းခါပြီး တည်တည်ငြိမ်ငြိမ် ပြော၏။

“ဟားဟား…ညီလေးလု…ငါ့အခြေအနေ…ငါ အသိဆုံးပါကွ။ နောက်ဆုံးတိုက်ပွဲမှာ ငါသာ ဒဏ်ရာမရခဲ့ရင်တော့ နောက်ထပ်နှစ်နှစ်ရာလောက် အသက်ရှင်ဖို့က ဘာပြဿနာမှ မရှိနိုင်ဘူး။ ဒါပေမဲ့ ငါ့အနေနဲ့ အဲ့တိုက်ပွဲတုန်းက ရခဲ့တဲ့ ဒဏ်ရာဟာ အပြည့်အဝ ပြန်ကောင်းမွန်နေပြီဆိုပေမဲ့ ငါ့အသက်ဓာတ်ကတော့ အကြီးအကျယ် ထိခိုက်သွားခဲ့တယ်လေ။ ဒါက ကျင့်ကြံပြီး ဖြေရှင်းလို့ရတဲ့ကိစ္စမှ မဟုတ်တာ…”

“စီနီယာအစ်ကို…”

လူရွယ်၏အမူအရာ ပြောင်းလဲသွား၏။ သူက တစ်ခုခု ပြောရန် စဉ်းစားသွား၏။ သို့သော် အဘိုးအိုက လက်ပြကာ သူ့ကို ဟန့်တားလိုက်သည်။

သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ငါ နောက်ထပ်တိုက်လားခိုက်လား မလုပ်တော့ဘူးဆိုရင်တောင် ငါ အများဆုံးနေရမှ နှစ်ပေါင်းခြောက်ဆယ်ပေါ့။ ငါ့ကို နှစ်သိမ့်ပေးစရာ မလိုပါဘူးကွာ။ ညီလေးဟန်ကို ငါတို့ဂိုဏ်းထဲ မဝင်ဝင်အောင် ဘာလို့ ဒုက္ခခံပြီး ပြောခဲ့လဲ မင်း သိလား။ ပုံမှန်ဆို ငါတို့ဟာ သူ့ကို ဂိုဏ်းထဲကို အလျင်စလို ဝင်ခိုင်းခဲ့ပေမဲ့ သူ့နောက်ခံကို စုံစမ်းခဲ့တာပဲလေ။ ကံကောင်းသွားတာက ငါတို့ရဲ့ သူ့အပေါ် အလျင်စလို အကဲဖြတ်မှုက မှန်ကန်သွားခဲ့တာ။ သူ့ရဲ့နောက်ခံသမိုင်းက အတော်လေးရှုပ်ထွေးနေတယ်ဆိုပေမဲ့ သူဟာ ငါတို့မျောလွင့်တိမ်ဂိုဏ်းအပေါ် မကောင်းတဲ့ရည်ရွယ်ချက်မျိုး ရှိမနေခဲ့ဘူး…”

လူရွယ်လုက မင်သက်သွား၏။

“အစ်ကိုက ညီလေးဟန်ရဲ့နောက်ခံကို စုံစမ်းဖို့ တပည့်တွေ စေလွှတ်ခဲ့သေးတာလား…”

“အမှန်ပေါ့။ ညီလေးဟန်ရဲ့နောက်ခံကို အတည်အကျ မသိရပေမဲ့ သူ့နာမည်နဲ့ရုပ်သွင်အတိုင်း ငါ့တပည့်တွေကို ယွဲ့ဒေသဆီ တိတ်တဆိတ်သွားစုံစမ်းခိုင်းကြည့်ခဲ့ပြီးတဲ့နောက် သူ့နောက်ခံအကြမ်းဖျင်းတော့ သိခဲ့ရတယ်။ မင်းတော့ ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်က ညီလေးဟန်ဟာ အဝါရောင်မေပယ်တောင်ကြားရဲ့ အခြေခံတည်ဆောက်ခြင်းတပည့်တစ်ယောက်အဖြစ်ပဲ ရှိခဲ့သေးတာ။ အဲ့အချိန်တုန်းက သူ့မှာ ဂုဏ်သတင်းကျော်ဇော်မှုတော့ ရှိသင့်သလောက် ရှိခဲ့တာပေါ့။ မိစ္ဆာတာအိုနဲ့ စစ်ပွဲ ဖြစ်လာတော့ သူဟာ အဆင့်တူကျင့်ကြံသူ အမြောက်အများကို သတ်ဖြတ်နိုင်ခဲ့တယ်…”

“ဒါပေမဲ့ အဝါရောင်တောင်ကြားဟာ ချေမှုန်းခံရပြီးတဲ့နောက် တစ္ဆေအိုကြီးလင်းဟူက သူ့ကို အကြောင်းရင်းတစ်ချို့ကြောင့် စွန့်ပစ်သွားခဲ့တယ်တဲ့။ အဲ့နောက်တော့ သူ့အကြောင်း ဘာမှဆက်မသိရတော့ဘူး။ သူက လျှို့ဝှက်ကျင့်ကြံပြီး အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ရောက်မှ အပြင်လောကကို ပြန်ထွက်လာတာ မကြာလောက်သေးတဲ့ပုံပဲ။ အဲ့ဒီနောက် သူက ငါတို့မျောလွင့်တိမ်ဂိုဏ်းဆီ ရောက်လာပြီး စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ရမယ်။ ဒီပျောက်သွားတဲ့ကာလအတွင်းမှာ ဟန်လိက ကံကောင်းမှုတချို့ကြုံခဲ့ရမှာတော့ အသေအချာပဲ…”

လူရွယ်က လှောင်ပြောပြော၏။

“အဲ့အချိန်တုန်းက သူ့ကို စွန့်ပစ်ခဲ့တဲ့သူဟာ အတော်မိုက်မဲတာပဲ။ ဂိုဏ်းရဲ့ဒီလိုရှာပါးပါရမီရှင်ကို လက်လွှတ်ခဲ့တယ်တဲ့လား။ အချိန်ဒီလောက်အတိုင်းအတာလေးနဲ့ သူဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ စဦးစိတ်ဝိညာဉ်အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တဲ့သူလေ။ ဒီအကြောင်းကိုသာ သိသွားခဲ့ရင် တစ္ဆေအိုကြီးလင်းဟူတော့ ဆွေ့ဆွေ့ခုန်သွားလောက်တယ်လို့တော့ ကျုပ် ထင်တယ်။ တကယ်တော့ အဝါရောင်မေပယ်တောင်ကြားက နိုင်ငံကိုးခုပြည်ထောင်စုံထဲမှာ အခြေအနေမှ မကောင်းခဲ့တာ။ ဒီလင်းဟူတစ်ယောက်တည်းနဲ့ ဂိုဏ်းကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲခဲ့မှာပဲ။ ကျုပ်အထင်မမှားရင် သူနဲ့ စီနီယာအစ်ကိုချန်းတို့က အသက်သိပ်မကွာလှဘူးမလား။ ခုဆို သူ့ဘဝသက်တမ်းကလည်း ကုန်ဆုံးခါနီး ဖြစ်နေလောက်ပြီ…”

“အမှန်ပဲ။ လင်းဟူဟာ ငါ့ထက်တောင် အသက်နည်းနည်းပိုကြီးသေးတယ်။ ဒါပေမဲ့ သူက ဘဝသက်တမ်းဆွဲဆန့်တဲ့နေရာမှာ အတော်လေးကျွမ်းကျင်မှု ရှိတယ်။ ဒါအပြင် သူ သေသွားတဲ့နောက် အဝါရောင်မေပယ်တောင်ကြားဟာ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ဟာ မဟာမိတ်ဖွဲ့ထားတဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေရဲ့ နာမည်ဂုဏ်သတင်းအပေါ် မှီခိုထားရုံပါပဲ။ ငါလည်း အဲ့လိုပူပန်မှုမျိုးတော့ ရှိနေတယ်။ ငါ သေသွားတဲ့အခါ ငါတို့ မျောလွင့်တိမ်ဂိုဏ်းရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးလို့ပေါ့။ ဂျူနီယာညီလေးတစ်ယောက်တည်း ဂိုဏ်းကို မားမားမတ်မတ်ကိုင်တွယ်ဖို့ ခက်ခဲမှာကို ငါ စိုးရိမ်နေတာ…”

“အိပ်မက်တိမ်တောင်တန်းရဲ့ မြင့်မြတ်စိတ်ဝိညာဉ်ကြောကြောင့် ဂျူနီယာညီလေးအနေနဲ့ ဂိုဏ်းကို တစ်ကိုယ်တည်းကိုင်တွယ်ဖို့ ခက်ခဲမှာ သေချာပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ်ပါ…ကျုပ်တို့ဘက်က အားနည်းချက်တစ်ခုခု ပေါ်လာတာနဲ့ ကျုပ်တို့ဂိုဏ်းကို လောဘမျက်လုံးနဲ့ကြည့်နေတဲ့သူတွေမှ အများကြီးပဲ။ ငါ့မူလအတွေးကတော့ ငါ သေသွားတာနဲ့ ဂျူနီယာညီလေးက မျောလွင့်တိမ်ဂိုဏ်းကနေ အလျင်ဦးအောင် ထွက်သွားစေချင်တာ။ ဒါမှ ဂိုဏ်းအပေါ် ကျရောက်လာနိုင်ခြေရှိတဲ့ကပ်ဘေးတွေကို ရှောင်နိုင်မှာလို့ အစ်ကို စဉ်းစားခဲ့တာ။ ဒါပေမဲ့ ညီလေးဟန်က အခု ငါတို့နဲ့ပူးပေါင်းလာခဲ့ပြီဆိုတော့ အခြေအနေက ပြောင်းသွားခဲ့ပြီ…”

ဂျူ”နီယာညီလေးဟန်က ဂိုဏ်းအရေးကိစ္စတွေ စိတ်မဝင်စားဘဲ အင်မောတယ်တာအိုနောက်ကိုပဲ စိတ်နှစ်ပြီး ကျင့်ကြံလိုက်စားတဲ့သူမျိုးဆိုပေမဲ့ အဲ့အချက်ကြောင့်လည်း ငါ့အနေနဲ့ စိတ်သက်သာရာ ရခဲ့တာ။ ငါတို့သာ သူ့ကို ထိန်းထားနိုင်မယ်ဆို ငါတို့ဂိုဏ်းဟာ နောက်ထပ်နှစ်တစ်ထောင်လောက်ထိ ဘာအပူအပန်မှမရှိဘဲ ဆက်ပြီးရှင်သန်နိုင်လိမ့်မယ်…”

ဆံဖြူအဘိုးအိုက သူ့မုတ်ဆိတ်ကို ပွတ်သပ်၍ စဉ်းစားခန်းဝင်နေသည့်ပုံပင်။ သူ့၌ လျှို့ဝှက်အစီအစဉ်တစ်ခု ရှိနေသည့်အလား။

သက်လတ်ပိုင်းလူက ခဏတုံ့ဆိုင်းပြီး စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလာသည်။

“ဒါပေမဲ့…ညီလေးဟန်က ပါရမီရှင်တစ်ယောက်ဖြစ်တယ်ဆိုရင်တောင် သူ့အသက်က ငယ်လွန်းသေးတယ်လေ။ သူ့အနေနဲ့ ခုမှ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းခါစပဲ ရှိသေးတာကို။ သူ့စွမ်းရည်နဲ့ တိုက်ရည်ခိုက်ရည်က ဘယ်လိုရှိလဲ ကျုပ်တို့ မသိရသေးဘူးလေ…”

အလေးအနက်အသွင်ဖြင့် ဆံဖြူအဘိုးအိုက ပြောသည်။

“ဒါပေါ့။ ငါလည်း အဲ့လိုပူပန်မှုမျိုး ရှိထားတာပဲ။ တကယ်တော့ တာအိုနောက်ကို သည်းကြီးမည်းကြီး လိုက်စားတဲ့သူတွေဟာ အစွမ်းထက်စွမ်းရည်တွေကို ကျင့်ကြံဖို့ အချိန်အများကြီး မပေးချင်ကြဘူးလေ။ ကျင့်ကြံမှုအဆင့်တူမှာဆို သူတို့က တခြားသူတွေကို မယှဉ်နိုင်တတ်ကြဘူး။ ညီလေးဟန်ကတော့ အဲ့လိုလူမျိုးလို့ ငါ မထင်ထားပေမဲ့ စမ်းသပ်ကြည့်တာတော့ အကောင်းဆုံးပဲ။ ဆိုတော့ ငါက ဂိုဏ်းကို စောင့်ကြပ်ပေးနေခဲ့မယ်။ ညီလေးကတော့ သူနဲ့အတူတူ ကုန်သည်ပွဲဆီ အဖော်ပြုပြီး လိုက်သွားပေးလိုက်…”

“စီနီယာအစ်ကို ဆိုလိုချင်တာက…”

သက်လတ်ပိုင်းလူက ရုတ်တရက် တစ်ခုခုကို နားလည်သွားဟန်ရသည်။

အဘိုးအိုက ပြုံး၏။ သူက တစ်ခုခု ပြောရန် စဉ်းစားနေစဉ် သူ့ရှေ့မှမြူသည် ရုတ်တရက် ကွဲထွက်လာသည်။ အဘိုးအိုက ချက်ခြင်းငြိမ်သွား၏။ သက်လတ်ပိုင်းလူကလည်း သူနှင့်တူတူပင်။

သူတို့နှစ်ယောက်သည် တိုင်ပင်စရာမလိုဘဲ ပွင့်ဟသွားသောလမ်းကြောင်းထဲ လျှောက်လှမ်းဝင်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

ကောင်းကင်တောင်ပိုင်းဒေသကြီးရှိ အကြီးမားဆုံး ကုန်သည်လေလံပွဲကို ကိုးပြည်ထောင်စုအဖွဲ့အစည်း၏မြောက်ဘက်အကျဆုံးတိုင်းပြည်၌ ပြုလုပ်၏။ သည်တိုင်းပြည်၏တောင်တန်းများအတွင်းနက်ပိုင်း၌ မိုးမျှော်ကောင်းကင်မြို့တော် တည်ရှိသည်။ သည်ကုန်းမြေတစ်ခွင်မှ ကျင့်ကြံသူပေါင်းစုံသည် ဤတိုင်းပြည်ဆီ တဖွဲဖွဲ လာစုံကြပါလိမ့်မည်။

သည်မြို့အတွင်း၌ ယောက်ျား၊မိန်းမ၊ လူငယ်၊ လူရွယ်၊ လူအိုမကျန်မှာ ကျင့်ကြံသူများသာ။ ဤမြို့၌ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် သို့မဟုတ် ထိုထက်ပိုသောအဆင့်တွင်ရှိနေသော ကျင့်ကြံသူခုနစ်ယောက်လောက်ပင် ရှိနေ၏။ မြို့ထဲ၌ ပြဿနာရှာဝံ့သူမှာ ချက်ခြင်းအသတ်ခံရမည် ဖြစ်၏။ ထိုသို့ကြောင့် မည်သည့်ကျင့်ကြံသူကမျှ မြို့အတွင်း၌ မောက်မောက်မာမာ မပြုမူဝံ့ကြပေ။

ကောင်းကင်တောင်ပိုင်းကုန်းမြေ၏ အကြီးမားဆုံး ကုန်သည်ပွဲကြီးမစခင် နှစ်လအလိုတည်းက ကိုးပြည်ထောင်စုအဖွဲ့အစည်းက နာမည်ကျော် မဟာအလင်းပယ်ဖျက်ခြင်းအစီအရင်ကို အသက်သွင်းထားနှင့်ပြီး ဖြစ်၏။

တရားဝင်ကုန်သည်ပွဲနေ့ မစခင်တည်းက ကျင့်ကြံသူများကြား အရောင်းအဝယ်များ ပြုလုပ်နှင့်နေပြီး ဖြစ်၏။ ကုန်သည်ပွဲ၏ တရားဝင်ရက်များတွင်မူ ရတနာပေါင်းစုံကို တွေ့မြင်ရနိုင်မည်။ သို့သော် ဤရတနာများမှာ သူလိုငါလိုကျင့်ကြံသူများ တတ်နိုင်သည့်အရာများ မဟုတ်။ သူတို့အနေဖြင့် သည့်အရင် သင့်တော်သောရှားပါးရတနာများကို ရှာဖွေတာက ပိုအဆင်ပြေလိမ့်မည်။

မိုးမျှော်ကောင်းကင်မြို့သည် ဆိုင်ခန်းများဖြင့် အုံးအုံးကျက်ကျက် အသက်ဝင်နေပြီ။ မြို့ထဲလမ်းမများပေါ် သွားလာလှုပ်ရှားနေသူများမှာ ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့က စိတ်ဝိညာဉ်ကျောက်တုံးများကို ငွေကြေးအဖြစ် အသုံးပြုကြသည်။

ဤမြို့၌ ကိုးပြည်ထောင်စုအဖွဲ့အစည်း၏ထိန်းချုပ်မှုအောက်တွင်ရှိသော တစ်ခုတည်းသောလေလံအိမ်တော် ရှိ၏။ ထိုလေလံပွဲ၌ ရှားပါးရတနာမျိုးစုံကို တွေ့ရနိုင်ပေလိမ့်မည်။

ကုန်သည်တွေ့ဆုံပွဲကျင်းပရန် လဝက်လောက်အလိုတွင် အလင်းတန်းသုံးခုသည် ကီလိုမီတာထောင်ချီကွာဝေးသောကောင်းကင်ထက်၌ ဖြည်းဖြည်းမှန်မှန် ပျံသန်းလာနေခဲ့သည်။ ၎င်းအလင်းတန်းများသည် အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ပင်။ အမျိုးသမီးဖြစ်သူမှာ လှပ၊အေးစက်၊ကျော့ရှင်းလှသည်။ သူမ၏ဘေးတွင်မူ သာမန်ရုပ်ရည်နှင့်လူငယ်တစ်ယောက် ရှိနေသည်။ သည်အုပ်စုထဲရှိ တတိယမြောက်လူကမူ လူရွယ်တစ်ဦးဖြစ်၏။ သူ့ဝတ်ရုံက လေအဝှေ့တွင် ခမ်းနားထည်ဝါမှုကို ပေးစွမ်းလျက် ရှိသည်။

All Chapters