← Chapters

မြို့စားကြီးနန်းလုံ

Vol. 49 Ch. 674

မြို့စားကြီးနန်းလုံ

Vol. 49 Ch. 674

အမျိုးသားနှစ်ယောက်မှာ ရှီဒေသမှ ခရီးနှင်လာခဲ့သော ဟန်လိနှင့်အကြီးအကဲလုတို့ပင်။ မိန်းမလှကျင့်ကြံသူကမူ ဟန်လိ၏ကိုယ်လုပ်တော်ဖြစ်သူ မူပိုင်လင်းပင်။

ဆံဖြူအဘိုးအိုကမူ မျောလွင့်တိမ်ဂိုဏ်းကို စောင့်ကြပ်ရန် ကျန်နေခဲ့၏။ အဘိုးအိုပြောပုံအရ သူသည် ဤကုန်သည်ပွဲတွင် ရှစ်ကြိမ်ပါဝင်ခဲ့ဖူး၏။ လက်ရှိ၌လည်း သူ လိုအပ်နေသောရတနာသတ္တုလည်း ရှိမနေဟု သူက ဆိုသည်။ သူ့အနေဖြင့် ဂျူနီယာညီငယ်များကိုသာ ဤကုန်သည်ပွဲသို့ သွားရောက်မည့်အခွင့်အရေးကို ပေးချင်သည်ဟု ဆိုခဲ့သည်။

မူပိုင်လင်းသည် အဆင့်တစ်ဆို့မှု ကြုံနေရပြီ ဖြစ်သည်။ သူမ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာချိန်၌ ဟန်လိဆီ လာတွေ့ခဲ့ပြီး ကောင်းကင်တောင်ပိုင်းဒေသရှိ အကြီးမားဆုံးကုန်သည်ပွဲအကြောင်း ကြားသိရသည့်အခါ စိတ်လှုပ်ရှားမိပြီး အတွေ့အကြုံနှင့်အမြင်ကျယ်စေရန် လိုက်ခဲ့ချင်သည်ဟု ဟန်လိကို တောင်းဆိုခဲ့သည်။ တကယ်တော့ သူမအနေဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့သာ တက်လှမ်းနိုင်စွမ်း မရှိခဲ့ပါက ဤအခေါက်က ကုန်သည်ပွဲတွင် ပါဝင်နိုင်မည့် တစ်ခုတည်းသောအခွင့်အရေးတစ်ခု ဖြစ်သွားနိုင်ပေသည်။

ဟန်လိသည် အေးစက်စိမ်းကားတတ်သူမျိုး မဟုတ်သည်က တစ်ကြောင်း၊ ဤလေလံပွဲ၌ အန္တရာယ်မရှိလောက်ဟု ခံစားမိသည်ကတစ်ကြောင်းကြောင့် သူ့အနေဖြင့် သူမ၏တောင်းဆိုမှုကို လက်ခံခဲ့သည်။ တကယ်တော့ ခရီးရှည်ကြီး သွားရချိန် မိန်းမလှတစ်ယောက်ဘေးတွင် အဖော်ပြုပေးနေခြင်းက စိတ်ကျေနပ်ဖွယ်ကောင်းသောကိစ္စတစ်ခု မဟုတ်ပါလား။

အိမ်မက်တိမ်တောင်တန်း၏ဂိုဏ်းသုံးဂိုဏ်းမှလည်း ဤကုန်သည်ပွဲထံ သူတို့၏ကျင့်ကြံသူများကို စေလွှတ်ကြသည်ပင်။ သို့သော် ဟန်လိသည် ဂျူနီယာများနှင့် ခရီးသွားလာချင်စိတ် ရှိမနေပေ။ သူတို့ထက်စော၍ ရှုဒေသကနေ ကြိုထွက်လာခဲ့သည်။

လမ်းမှန်နှင့်မိစ္ဆာတာအို တိုင်းပြည်များကို ကွေ့ပတ်ရှောင်နိုင်သည့် လမ်းကြောင်းရှည်ကို ရွေးချယ်၍ လာခဲ့ကြပြီးနောက် သူတို့သုံးယောက်သားသည် ကိုးပြည်ထောင်စုနယ်စပ်သို့ ဘာပြဿနာမှမတက်ဘဲ ရောက်လာခဲ့ကြလေပြီ။

ခုချိန်၌ ဟန်လိသည် ဘေးပတ်ဝန်းကျင်ကို သေချာလေ့လာစူးစမ်းနေသည်။ သူတို့ကို ဖြတ်ကျော်သွားသော ကျင့်ကြံသူများလည်း ရှိကြ၏။ သို့သော် လူရွယ်လုနှင့်ဟန်လိတို့အပေါ် သူတို့၏စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရှုမိသည့်အခါ တုန်လှုပ်ကုန်ပြီး အလျင်စလို ခရီးဆက်နှင်ကြသည်သာ။ သူတို့အနေဖြင့် ဟန်လိတို့နှစ်ယောက်ကို ရန်စမိမှာ စိုးရိမ်ကြသည် မဟုတ်လား။

ဟန်လိနှင့်အကြီးအကဲလုတို့က ဤခရီးစဉ်တွင် သူတို့၏ကျင့်ကြံမှုကို ဖုံးကွယ်မထားခဲ့ကြပေ။ အတူတကွ ခရီးနှင်နေသော စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို တွေ့မြင်ကြသော ကျင့်ကြံသူများသည် ကြောက်လန့်သွားကြမည်မှာ သဘာဝပင်။ ထိုသူတို့က သူတို့ကို ရှောင်၍ အခြားလမ်းကြောင်းကို ချက်ခြင်း ရွေးချယ်သွားကြသည်။

အစပိုင်း၌ မူပိုင်လင်းက သည်အဖြစ်အပေါ် အသားမကျနိုင် ဖြစ်နေသေး၏။ သို့ပေမည့် များအကြာမီတွင်မူ ဤသည်က မြင်တွေ့နေကျ မြင်ကွင်းတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။

သူတို့အုပ်စုက ဆက်လက်ပျံသန်းလာနေရင်း အကြီးအကဲလုက ဟန်လိဘက်သို့ လှည့်ပြီး ပြောလာသည်။

“ကုန်သည်ပွဲက နှစ်ရာချီတိုင်းတစ်ကြိမ်ပဲ ကျင်းပတာ။ အရင်တုန်းကတော့ လမ်းမှန်နဲ့မိစ္ဆာတာအိုတို့ပိုင်နက်တွေဖြစ်တဲ့ ထျန်လောနဲ့ဖန်တောက်ဒေသတို့ကြားမှာ တစ်လှည့်စီကျင်းပကြတာ။ အဲ့အချိန်ကာလတုန်းက ကောင်းကင်တာအိုမဟာမိတ်အဖွဲလည်း မတည်ရှိသေးသလို ကိုးပြည်ထောင်စုဟာလည်း မောက်လန်မန္တာန်စစ်သည်တော်တွေရဲ့ အပြည့်အဝ ဖိနှိပ်ခြင်းကို ခံထားခဲ့ရတာ။ ဆိုတော့ ဒီကြီးကျယ်ခမ်းနားလှတဲ့ကုန်သည်ပွဲကို ဘက်နှစ်ဘက်လုံးက စိတ်ကြိုက်ချယ်လှယ်ချင်လာတော့တာပေါ့။ တစ်ဘက်မှာ ကျင်းပမယ်ဆို တခြားဘက်က စိတ်အေးအေးမထားနိုင်တာမျိုးတွေ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးကျင်းပခဲ့တဲ့ ကုန်သည်ပွဲကိုတော့ ကိုးပြည်ထောင်စုမှာပဲ ကျင်းပခဲ့ကြတော့တယ်…လမ်းမှန်နဲ့မိစ္ဆာဘက်နှစ်ဘက်လုံးကတော့ အကြီးအကျယ် မကျေမနပ် ဖြစ်ကြတာပေါ့လေ…”

သိချင်စိတ်ဖြစ်မိသွားပြီး ဟန်လိက ပြောလာသည်။

“အစ်ကိုလု…ဒါက ကိုးပြည်ထောင်စုအတွက် အတော်လေး အဆင်ပြေသွားစေတာပေါ့။ ဒါပေမဲ့ မိုးမျှော်ကောင်းကင်မြို့နဲ့ပတ်သက်ပြီး ကျုပ် စိတ်ဝင်စားမိတဲ့အရာတစ်ချို့တော့ ရှိတယ်။ ဒီမြို့ဟာ ကောင်းကင်တောင်ပိုင်းဒေသကြီးတစ်ခုလုံးမှာ ကျင့်ကြံသူတွေအတွက်ပဲ သီးသန့်တည်ဆောက်ထားခဲ့တာလို့ ကြားဖူးတယ်။ အတိတ်တုန်းက မောက်လန်စစ်သည်တော်တွေက ယုဒေသဆီ ကျူးကျော်လာခဲ့တုန်းက အသစ်ဖွဲ့စည်းထားတဲ့ ကိုးပြည်ထောင်စုရဲ့ကျင့်ကြံသူတွေဟာ မဟာအလင်းပယ်ဖျက်ခြင်းအစီအရင် အကူအညီနဲ့ ဒီရန်သူတော်တွေကို တိုက်ထုတ်ဖိနှိပ်နိုင်ခဲ့တယ်လို့ ဆိုတယ်။ ဒီတိုက်ပွဲက တကယ် ကြမ်းခဲ့ပြီး စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ တော်တော်များများလည်း သေဆုံးခဲ့ရတယ်မလား…”

“ဟားဟား…စိတ်အေးအေးထားပါ…ညီလေးဟန်။ ဒီမိုးမျှော်ကောင်းကင်မြို့ဟာ မင်းကို ကျိန်းသေပေါက် စိတ်ပျက်စေမှာ မဟုတ်ပါဘူး…”

အကြီးအကဲလုက တဟားဟားရယ်မောကာ ပြောဆိုပြီး မေးလိုက်သည်။

“ဒါပေမဲ့…အချိန်တစ်ခုကြာ တံခါးပိတ်ကျင့်ကြံပြီး ပြန်ထွက်လာတော့ မင်းနဲ့ပတ်သက်ပြီး တစ်ခုခုမတူတော့သလိုမျိုး ငါ ခံစားမိနေတယ်။ မင်းရဲ့ကျင့်ကြံမှုအဆင့် တိုးတက်လာတာတော့ မဟုတ်လောက်ဘူးမလား။ ညီလေးဟန်က လျှို့ဝှက်ပညာရပ်အချို့ကို ကျင့်ကြံခဲ့တဲ့ပုံပဲ။ အဲ့ထူးဆန်းတဲ့ခံစားချက်အတွက် တခြားအကြောင်းရင်းတော့ ငါလည်း မပြောတတ်တော့ဘူး…”

ကျုပ်က ပညာရပ်အချို့ကို အမှန်တကယ်ပဲ ကျင့်ကြံထားပါတယ်။ ကျွမ်းကျင်ဖို့ အဝေးကြီး လိုပါသေးတယ်။ တပည့်တစ်ချို့ဆီက ကျုပ် ကြားရသလောက်ကတော့ “အစ်ကိုလုရဲ့ လှိုင်းပေါင်းတစ်ထောင်ပညာရပ်ဟာ ထိပ်တန်းကျင့်ကြံခြင်းပညာရပ်အဖြစ် ကျော်ကြားတယ်ဆို။ ဒီဂျူနီယာအနေနဲ့ အဲ့ပညာရပ်ကို မကြာခင် တွေ့မြင်နိုင်လောက်မှာပါ…”

ဟန်လိက တစ်ချက်ပြုံး၍ တစ်ဘက်လူအပေါ် စကားပြန်လှည့်ပေးလိုက်တော့သည်။

အကြီးအကဲလုက ခေါင်းရမ်းကာ မချိပြုံးပြုံး၏။

“ညီလေးဟန်အနေနဲ့ အဲ့တပည့်ကောင်တွေ ပေါက်လွတ်ပဲစား လျှောက်ပြောတာကို နားမထောင်ခဲ့သင့်ဘူး။ ကျုပ်ရဲ့လှိုင်းပေါင်းတစ်ထောင်ပညာရပ်ဟာ ရိုးရှင်းတဲ့ရေဒြပ်အခြေပြုတဲ့ သာမန်ပညာရပ်တစ်ခုပါပဲ။ ဒီပညာရပ်နဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေကို ဖိနှိပ်ပစ်ဖို့က အလွယ်လေးပေမဲ့ အဆင့်တူကျင့်ကြံသူတွေကြားမှာတော့ ထူးခြားမနေပါဘူး။ ကံကောင်းတာတစ်ခုကတော့ ကျုပ် ကျင့်ကြံထားတဲ့အဲ့ပညာရပ်မှာက ရှင်သန်ခြင်းအတွက် အသုံးတည့်လှတဲ့ စွမ်းရည်နှစ်မျိုး ပါဝင်နေတာပဲ။ ကျုပ်က တိုက်ပွဲမှာရှုံးနိမ့်တယ်ဆိုရင်တောင် မသေအောင်တော့ ထိန်းနိုင်တာပေါ့လေ…”

ဟန်လိသည် သူ့စကားအများစုမှာ အမှန်ဟု ယုံ၏။ လမ်းမှန်ဘက်မှ သူတို့နှင့် မိစ္ဆာတာအိုဘက်မှလူများကြား နောက်ဆုံးတိုက်ခိုက်ခဲ့ကြတုန်းက အကြီးအကဲလုသည် အိပ်မက်တိမ်တောင်တန်းဆီ မထိမခိုက်ဘဲ ပြန်ရောက်လာနိုင်ခဲ့သည့်အကြောင်းကို ဟန်လိက ပြန်စဉ်းစားမိသည်။ ထိုစဉ်က ဆံဖြူအဘိုးအိုကမူ ဒဏ်ရာအပြင်းအထန်ရပြီးမှ လွတ်မြောက်လာခဲ့တာ ဖြစ်၏။ သည်အစ်ကိုလု၏ အသက်ဘေးမှထွက်ပြေးနိုင်သည့်စွမ်းရည်မှာ အထင်ကြီးစရာ ကောင်းမည့်ပုံပင်။

ဟန်လိသည် တစ်ခုခု ပြောရန် စဉ်းစားနေစဉ် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူက တစ်ဖက်သို့ ခေါင်းလှည့်ကြည့်သည်။

ဟန်လိဘေးတွင်ရှိနေသော မူပိုင်လင်းက သတိထားမိကာ မေးလိုက်သည်။

“ဆရာ..ဘာများ ဖြစ်လို့လဲ…”

သူမက ဟန်လိ၏ကိုယ်လုပ်တော် ဖြစ်လာသည့်အချိန်မှစ၍ သူမ၏အေးစက်စက်ဟန်ပန်အမူအရာ၌ တောက်ပသောမျက်ဝန်းအကြည့်၊ စွဲဆောင်သောညှို့ယူမှုတစ်ခုက အစားထိုးသွားခဲ့ပြီး ဖြစ်သည်။

ဟန်လိက မျက်မှောင်ကြုတ်ပြီး တည်ငြိမ်စွာ ပြန်ဖြေသည်။

“စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ပါဝင်တဲ့ အုပ်စုတစ်စုက ကျုပ်တို့ဆီ ဦးတည်လာနေတဲ့ပုံပဲ…”

သက်လတ်ပိုင်းလူက ဟန်လိ၏အကြည့်အတိုင်း လိုက်ကြည့်မိသည့်အခါ သူသည် အံ့အားတသင့် ဖြစ်သွား၏။ ဟန်လိအပေါ်လည်း အထင်ကြီးမိသွားသည်။ သူက စကားဆို၏။

“အင်း..အဲ့လိုကို။ ညီလေးဟန်ရဲ့စိတ်ဝိညာဉ်အာရုံဟာ ဒီလောက်အစွမ်းထက်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ညီလေးဟန်က ငါ့ထက်တောင် မသိမသာ အချိန်စောပြီး ထောက်လှမ်းမိနိုင်ခဲ့တာပဲ။ ညီလေးဟန်က မိုးမျှော်ကောင်းကင်မြို့အနီးအနား ရောက်လာတဲ့အချိန်မှာတောင် သတိမပေါ့ဘဲ တ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ထားလိမ့်မယ်လို့လည်း ငါ မမျှော်လင့်ထားမိတာ အမှန်ပဲ…”

ဟန်လိက ပြုံး၍သာ တုံ့ပြန်၏။

အမှန်တော့ သူ၏အစွမ်းထက်အာရုံကြောင့် ဟန်လိအနေဖြင့် တစ်ဘက်အုပ်စုကို ထောက်လှမ်းမိရန် ဘာမျှအားစိုက်ထုတ်နေရန် မလိုပေ။ သို့ရာတွင် သူတို့ထံ ချဉ်းကပ်လာသော စဦးစိတ်ဝိညာဉ်ကျင့်ကြံသူမှာလည်း အစွမ်းထက်စိတ်ဝိညာဉ်အာရုံကို ပိုင်ဆိုင်ထားပုံရသည်။ ဟန်လိနှင့်အကြီးအကဲလုတို့က သတိအနေအထားဖြင့် ရှိနေလိုက်ကြ၏။

တအောင့်အကြာတွင် အကွာအဝေးတစ်ခုမှ ဗုံသံ ကြားရ၏။ မိုးကုပ်စက်ဝန်းမှ ရွှေရောင်အလင်းတို့ကို တွေ့မြင်ရ၏။ ရွှေရောင်ဝတ်စုံနှင့် ချပ်ဝတ်များဝတ်ဆင်ထားသော ကျင့်ကြံသူများသည် ထည်ဝါတောက်ပသော ရထားလှည်းတစ်ခုကို သယ်ဆောင်ကာ လှမ်းလာနေကြသည်။ သူတို့ရှေ့၌ ကရားအိုးများကို ချီ၍ ပျံသန်းနေသော ကြိုးကြာဖြူများလည်း ရှိနေ၏။ ဧကရာဇ်တစ်ပါးက တိုင်းခန်းလှည့်လာသည့်အလားပင်။

ထိုမြင်ကွင်းကြောင့် မူပိုင်လင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

ဟန်လိလည်း အံ့အားသင့်မိသည်ပင်။ သို့သော် ခဏအကြာ သူက တည်ငြိမ်မှုပြန်ရ၏။ သူသည် စဦးစိတ်ဝိညာဉ်အဆင့်၌ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံ ထူးခြားသည့် ကျင့်ကြံသူများ ရှိမှန်း သိနှင့်ထားပြီး ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့ကျင့်ကြံမှုပညာရပ်များ၏လွှမ်းမိုးမှုကြောင့်လား၊ သူတို့၏ရုပ်သွင်က အကြောင်းရင်းတစ်ခုခုကြောင့် ထူးခြားကွဲပြားနေခြင်းကြောင့်လားတော့ သေချာမပြောတတ်။ သို့ဖြစ်၍ ဟန်လိသည် တဒင်္ဂလောက်သာ အံ့အားသင့်မိသွားခြင်းသာ။

အကြီးအကဲလုကမူ ဤမြင်ကွင်းကို တွေ့မြင်သည့်အခါ ချောက်ခြားသွားလေပြီ။ သူက ခပ်တိုးတိုးဖြင့် ကပျာကယာဆို၏။

“မြို့စားနန်းလုံ။ ဒီလူထူးခြားဘိုးတော်ကပါ ဒီကုန်သည်ပွဲမှာ ဝင်ပါမှာလား။ ညီလေးဟန်…စကားကို ပြီးစလွယ်မပြောနဲ့နော်။ သူ့စွမ်းရည်က ကြီးမားသလို ထူးခြားတဲ့စိတ်နေစရိုက်လည်း ရှိတဲ့သူ။ ငါ သူ့ကို အတိတ်တုန်းက တွေ့ခဲ့ဖူးတယ်ဆိုတော့ ငါပဲ သူနဲ့ စကားပြောကြည့်လိုက်မယ်…”

ထိုသို့ အလျင်စလိုပြောပြီး အကြီးအကဲလုက ဟန်လိကို သူနှင့်အတူ ရပ်နေရန် ပြောသည်။ သူက အလေးအနက်အသွင်ဖြင့် ရှိနေ၏။ ချဉ်းကပ်လာသော ကျင့်ကြံသူအုပ်စုကို တလေးစားအမူအရာဖြင့် စောင့်ကြိုလို့နေသည်။

သူ့အမူအရာကိုကြည့်ကာ ဟန်လိလည်း ပူပန်မိသွားသည်။ ဟန်လိက သူ့သတိပေးစကားကို လိုက်နာလိုက်၏။ မူပိုင်လင်းမှာလည်း ပါးနပ်သူဖြစ်ကာ ငြိမ်သက်စွာသာ ရှိနေ၏။

ခဏအကြာတွင် ရွှေရောင်ချပ်ဝတ်ဖြင့်တပ်သားများနှင့်ရထားလှည်းသည် နီးကပ်လာခဲ့သည်။ အနီးကပ်မြင်ရမှ ဟန်လိသည် စိတ်ထဲ တုန်လှုပ်သွားရသည်။

သည်တပ်သားများမှာ ဖြုံလောက်စရာ ဘာမျှရှိမနေပေ။ သူတို့၏အသွင်အပြင်က ဟိတ်ဟန်ကြီးနေသော်လည်း သူတို့၏ကျင့်ကြံခြင်းကမူ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိကြသည်။ ဟန်လိ၏စိတ်ကို တုန်လှုပ်သွားစေသည်မှာ ရထားလှည်းကို ဆွဲလာသော စိတ်ဝိညာဉ်သားရဲနှစ်ကောင်ပင်။ တစ်ကောင်သည် မိုးပြာကြေးခွံကို ပိုင်ဆိုင်ထား၏။ ၎င်း၏ဦးခေါင်းထက်တွင် အံ့ဩဖွယ်ရာဦးချိုတစ်ခုလည်း ရှိနေသည်။ ၎င်းသည် ဒဏ္ဌာရီလာချီလင်သားရဲတစ်ကောင်နှင့် ဆင်တူသည်။ အခြားသားရဲတစ်ကောင်ကမူ ရွှေရောင်ငှက်မွှေးများနှင့်မီးတောင်ပံကို ပိုင်ဆိုင်ထားသည်။ ၎င်းမှာ အစစ်အမှန်မီးဖီးနစ်တစ်ကောင်ပင်။

ဟန်လိသည် ထိုသားရဲနှစ်ကောင်အပေါ် ရှိန်မိနေစဉ်မှာပင် ရထားလှည်းက သူတို့နား ဆိုက်ရောက်လာခဲ့လေပြီ။

ရထားလှည်းအနားရောက်မလာခင်မှာပင် အကြီးအကဲလုက လှည်းရှိရာအရပ်ထံ ဦးညွှတ်ပြီး အသံအောင်အောင်ဖြင့် ရှင်းလင်းစွာ လှမ်းပြောသည်။

“မြို့စားကြီးနန်းလုံပါလား။ ကျွန်တော်က မျောလွင့်တိမ်ဂိုဏ်းက လုလောပါ။ ကျွန်တော့်ဆရာဖြစ်သူ ဘုန်းတော်ကြီးမူလီနဲ့အတူတူ ခင်ဗျားနဲ့ဆုံခဲ့ဖူးတာ နှစ်ပေါင်းသုံးရာလောက်တော့ ရှိခဲ့ပါပြီ။ အခုလို ထပ်တွေ့ဆုံရတာဟာ ကျွန်တော့်အတွက် ကံကောင်းမှုပါပဲ…”

အကြီးအကဲလု၏စကားသံသည် ပုံမှန်ပင်။ သို့သော် ဟန်လိသည် သူ့အသံထဲ၌ အကြောက်တရားတစ်ခု ပါဝင်နေမှန်း ခံစားမိသည်။ အကြီးအကဲလုသည် သူ့ကိုယ်သူ ဂျူနီယာတစ်ယောက်ကဲ့သို့ သဘောထားသည့်ပုံပင်။

ရထားလှည်းကို ရွှေရောင်မြူအကာအရံနှင့် ကာဆီးထားသည်။ သို့ပေမည့် အကြီးအကဲလု၏နှုတ်ဆက်စကားသံ ထွက်ပေါ်လာချိန်တွင်မူ ဗုံသံများကား ရုတ်တရက် ရပ်တန့်သွား၏။ ကျင့်ကြံသူအုပ်စုသည် ဟန်လိတို့နှင့် မီတာတစ်ရာအကွာတွင် ရပ်သွားပြီး တိတ်ဆိတ်ငြိမ်သက်မှု ကြီးစိုးသွားလေသည်။

ထိုသည်ကိုမြင်သည့်အခါ ဟန်လိက မျက်မှောင်ကြုတ်၍ ကြည့်၏။ သို့သော် သူ့အမူအရာမှာ ခဏအတွင်း ပုံမှန်ပြန်ဖြစ်သွားသည်။

ရွှေရောင်အလင်းအတွင်းမှ အလေးမထားဟန်လေသံနှင့် စကားသံတစ်သံ ထွက်ပေါ်လာသည်။

“အို…မူလီရဲ့တပည့်ကျော်ပဲ။ အဲ့အချိန်တုန်းက မင်းက အမြုတေဖွဲ့စည်းခြင်းအဆင့်ပဲ ရှိသေးတာ။ နှစ်ပေါင်းသုံးရာလောက်နဲ့ မင်းလည်း စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိခဲ့ဘူး။ မင်းဆရာကတော့ ဒီအတောအတွင်း ကျင့်ကြံရင်း ကွယ်လွန်သွားပြီလို့ ငါ သတင်းကြားတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါနဲ့နေပါဦး…မင်းဘေးက ရောင်းရင်းကိုတော့ ငါ မသိသလိုပဲ…”

All Chapters