← Chapters

အတင်းအကျပ်

Vol. 49 Ch. 675

အတင်းအကျပ်

Vol. 49 Ch. 675

ဟန်လိက သူ့နာမည်တပ်လာတာ ကြားသည့်အခါ ပြုံးရုံသာပြုံး၍ ငြိမ်နေလိုက်သည်။ သူ့ကိုယ်စား အစ်ကိုလုက ဖြေပေးလိမ့်မည်မှန်း သူ သေချာသိထား၏။

အစ်ကိုလုက မြို့စားကြီးနန်းလုံ ဘာစကားမျှ ထပ်မပြောလာခင် ဟန်လိအကြောင်းကို အရင်ဦးစွာ မိတ်ဆက်ပေးလိုက်သည်။

“မြို့စားကြီး…ဒါက ကျုပ်ရဲ့ဂျူနီယာညီလေးဟန်ပါ။ သူက မကြာသေးခင်ကမှ စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းခဲ့ပြီး ကျုပ်တို့ဂိုဏ်းထဲ ဝင်ရောက်ခဲ့တာပါ။ သူ့ဘေးကတော့ အမျိုးသမီးမူတဲ့။ ညီလေးဟန်ရဲ့ ကိုယ်လုပ်တော်ပေါ့။ ညီလေးဟန်ရေ…သူကတော့ ကျုပ်ရဲ့ ဆုံးပါးသွားပြီဖြစ်တဲ့ ဆရာဖြစ်သူရဲ့ မိတ်ဆွေဟောင်း မြို့စားကြီးနန်းလုံပဲ…”

လေအဝှေ့တွင် ဟန်လိ၏ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေလျက်။ ဟန်လိက ရထားလှည်းဘက်သို့ တည်ငြိမ်စွာဖြင့် နှုတ်ဆက်စကားဆိုသည်။

“တွေ့ရတာဝမ်းသာပါတယ်…မြို့စားကြီးနန်းလုံ…”

ရထားလှည်းအတွင်းမှ မြို့စားနန်းလုံက မထူးခြားနားဟန်ဖြင့် ပြန်ပြောလာသည်။

“ဟန်လိတဲ့လား။ ဒီနာမည်ကို ကျုပ် မကြားဖူးဘူး။ ရောင်းရင်းဟန်က စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ အသစ်တစ်ယောက်ပဲ ဖြစ်ရမယ်။ ဆိုတော့ ကျုပ်တို့ချင်း စွမ်းရည်ချင်း ဖလှယ်ကြည့်ကြရင် ကောင်းမလား…”

“အန်…ညီလေးဟန်က ပြီးခဲ့တဲ့နှစ်အချို့လောက်ကမှ စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့တာပါ။ သူက ရောင်းရင်းနန်းလုံရဲ့ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ ရောင်းရင်းနန်းလုံကတော့ အလယ်အဆင့်စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီလေ…”

လုလော၏အပြုံးသည် တောင့်တင်းသွားလေပြီ။ သူက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။ သည်ဘိုးတော်၏စိတ်နေစရိုက်က ထူးခြားသော်လည်း ယခုသူ့စကားအသွားအလာအရ အရင်တုန်းကနှင့် လုံးဝမတူတော့မှန်း သိသာနေသည်။

“စိတ်အေးအေးထားပါ။ ကျုပ်က အားနည်းချက်ကို အခွင့်ကောင်းယူမှာ မဟုတ်ပါဘူး။ ကျုပ်တို့ချင်း စိတ်ဝိညာဉ်အာရုံ ဘယ်လောက်အစွမ်းထက်ကြလဲပဲ ပြိုင်မှာပါ။ တကယ်တော့ ရောင်းရင်းဟန်ရဲ့ စိတ်ဝိညာဉ်အာရုံအစွမ်းဟာ အတော်လေး အားကောင်းတာပဲ မဟုတ်လား။ ကျုပ်ရဲ့စွမ်းရည်ကို ထုတ်ပြရမှာတောင် စိတ်ပူပန်နေရတယ်…”

သည်စကားသံများ ထွက်ပေါ်လာပြီးသည်နှင့် ရထားလှည်းအတွင်းမှ ရွှေရောင်အလင်း တောက်ပသွားပြီး အတွင်းဘက်မှ အခြေအနေကို မြင်ရလေသည်။ ရထားလှည်းအပေါ်တွင် လူသုံးယောက် ထိုင်နေ၏။ တစ်ယောက်မှာ ခရမ်းစပါးအုံးမြွေအကွက်အပြောက်များနှင့်ဝတ်ရုံကို ဝတ်ထား၏။ ကျောက်စိမ်းဦးထုပ်ရှည်ကိုလည်း ဆောင်းထား၏။ သူ့မုတ်ဆိတ်တို့မှာ ရင်ဘက်ရောက်သည့်အထိ ရှည်လျားစွာ ရှိနေသည်။ အခြားနှစ်ယောက်ကမူ ထည်ဝါသစ်လွင်သည့် ဝတ်ရုံဖြူများနှင့် အမျိုးသမီးတို့ပင်။ သူတို့က လှလွန်း၏။ သူသည် ထိုမိန်းမလှနှစ်ယောက်ကို သိုင်းဖတ်လို့ထား၏။

မိန်းမလှတို့မှာ မြို့စား၏ကိုယ်လုပ်တော်များပင်။ သူတို့၏ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိကြသော်လည်း လှပမှုကတော့ လှည်ပြန်ကြည့်ရလောက်၏။

လုလောသည် အလောတကြီးနှင့် ဝင်ပြောသည်။

“မြို့စား…ခင်ဗျားက နောက်နေတာပဲ။ ညီလေးဟန်ရဲ့ စိတ်ဝိညာဉ်အာရုံက နည်းနည်းအစွမ်းထက်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်အာရုံချင်း ယှဉ်ပြိုင်တာဟာ အန္တရာယ်များလွန်းလှတယ်။ ဒါက ဘယ်လိုလုပ် ပေါ့ပေါ့ပါးပါး ယှဉ်ပြိုင်မှု ဟုတ်ပါတော့မလဲ…”

မြို့စားနန်းလုံက အေးစက်စွာပြုံး၍ တဟားဟားရယ်မောလိုက်၏။ သူက အတည်ပေါက်နှင့် ပြောသည်။

“ရောင်းရင်းလု…ညီလေးဟန်ကို အခွင့်အရေးတစ်ခု ပေးတဲ့အပေါ် မင်းက စိုးရိမ်နေတဲ့ပုံပဲ…”

ထိုသို့ပြောပြီး သူက ဟန်လိကို တစ်ချက်လှမ်းကြည့်သည်။

“ဒါအပြင် ငါ အမှတ်မမှားရင် ငါတို့က မိုးမျှော်ကောင်းကင်မြို့ရဲ့ ကီလိုမီတာငါးရာအတွင်းမှာ ရှိနေကြတာပဲ မဟုတ်လား။ ရောင်းရင်းဟန်ကသာ ကုန်ဖလှယ်မှုကို ငြင်းဆန်မယ်ဆို ငါ့အနေနဲ့ အတင်းအကျပ်ကုန်သည်ခြင်းဥပဒေကို အသုံးပြုရလိမ့်မယ်…”

ထိုစကားကိုကြားသည့်အခါ လုလော၏အမူအရာသည် ပြောင်းလဲသွားတော့၏။

“အတင်းအကျပ်ကုန်သည်ခြင်း…။ မြို့စား…ခင်ဗျား…ဆိုလိုတာက…”

မြို့စားနန်းလုံ၏အကြည့်သည် မူပိုင်လင်းပေါ် ကျရောက်လာတော့သည်။ သူက ဟန်မပျက် ပြော၏။

“ရောင်းရင်းဟန်အနေနဲ့ သူ့ဘေးကအမျိုးသမီးမူအပေါ် တွယ်တာချစ်ခင်စိတ် ရှိမှာပဲ မဟုတ်လား။ ငါလည်း အဲ့လိုပဲ…ငါ့ဘေးက ဒီအချောနှစ်ယောက်အပေါ် ချစ်ခင်တာပါပဲ။ ဒါပေမဲ့လို့ ငါ သူတို့နဲ့ အတူတူရှိရတာ ပျင်းလာပြီ။ ဆိုတော့ သူတို့နှစ်ယောက်နဲ့ ရောင်းရင်းဟန်ရဲ့ကိုယ်လုပ်တော်ကို အလဲအလှယ် လုပ်ချင်တယ်။ ငါ့ရဲ့ ချစ်ရတဲ့ကိုယ်လုပ်တော်နှစ်ယောက်ဟာ အမျိုးသမီးမူနဲ့ ရုပ်ရည်ပိုင်းကော၊ ကျင့်ကြံခြင်းပိုင်းကောမှာ မကွာလှဘူး။ ဆိုတော့ ဒီဟာက အတင်းအကျပ်ကုန်သည်ခြင်းဥပဒေရဲ့ စည်းကမ်းချက်နဲ့ ကိုက်ညီမှုရှိနေတယ်။ ရောင်းရင်းဟန်အနေနဲ့ ဒီအလဲအလှယ်ကို လက်မခံချင်ရင်တော့ ငါနဲ့စိတ်ဝိညာဉ်အာရုံချင်း ယှဉ်ပြိုင်ရလိမ့်မယ်။ မင်းသာ အနိုင်ရခဲ့ရင် မင်းရဲ့ကိုယ်လုပ်တော်ကို ငါ့ဆီ မပေးရမဲ့အပြင် ငါ့ရဲ့အချောလေးနှစ်ယောက်ကိုလည်း မင်း အပိုင်ရလိမ့်မယ်…”

သူ့ရင်ခွင်ထဲရှိ ကိုယ်လုပ်တော်နှစ်ယောက်၏အမူအရာမှာ မသိမသာ ပြောင်းလဲသွား၏။ သို့သော် ခဏအတွင်း ပုံမှန်ပြန်ဖြစ်သွားသည်။

လုလောက သည်စကားကိုကြားသည့်အခါ ဒေါသထွက်သွား၏။ မူပိုင်လင်း၏မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားစဉ် သူ့အနေဖြင့်လည်း ပြောစရာစကားမဲ့သွားရသည်။

ဟန်လိက မျက်မှောင်ကြုတ်လိုက်သော်လည်း တည်ငြိမ်စွာသာ တုံ့ပြန်သည်။

“အတင်းအကျပ်ကုန်သည်ခြင်းတဲ့လား။ အစ်ကိုလု ကျနော့်ကို ဒီအကြောင်း အသေးစိတ်ရှင်းပြပေးနိုင်မလား…”

ဟန်လိ၏အမြင်အရ သည်မြို့စားနန်းလုံမှာ စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကျင့်ကြံသူတစ်ယောက်မျှသာ။ သူ့လက်ရှိစွမ်းရည်များဖြင့် ထိုသူ့ကို ကြောက်နေရန် မလိုပေ။

“ညီလေးဟန်…စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်နေတဲ့ကျင့်ကြံဿူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ရန်စမရှိချင်တာ မင်းလည်း သိထားတာပဲ။ ဒီကုန်သည်ပွဲမှာလည်း အဲ့အချက်ဟာ ခြွင်းချက်ဟုတ်မနေဘူး။ ဒါပေမဲ့ ဒီလိုကြီးမားတဲ့ကုန်သည်ပွဲမှာ ပွတ်တိုက်မှုတွေ၊ သဘောမတူညီမှုတွေ ရှိနေမှာပဲ။ အမြုတေဖွဲ့စည်းခြင်းအဆင့်နဲ့ ဒီအောက်အဆင့်တွေအတွက် ကုန်သည်ပွဲလက်ခံကျင်းပတဲ့အင်အားစုစွမ်းအားဟာ သူတို့ကို ဖိနှိပ်ပစ်နိုင်တယ်။ ဒါပေမဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေကြား ကတောက်ကဆ ဖြစ်လာခဲ့ရင်တော့ ဒီအိမ်ရှင်အင်အားစုဟာ ကြားဝင်မပါချင်ကြဘူး။ ပြဿနာ အတက်မခံချင်ကြဘူး။ ဒါကြောင့် အဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် အထူးဥပဒေတွေ ချမှတ်ထားကြတယ်။ အတင်းအကျပ်ကုန်သည်ခြင်းဆိုတာဟာ ဒီဥပဒေတွေထဲက တစ်ခုပဲ…”

“အထူးသဖြင့် မြို့ရဲ့ကီလိုမီတာငါးရာအတွင်းမှာဆို ကုန်သည်ပွဲမစခင် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေဟာ သူတို့လိုအပ်တဲ့ကုန်ပစ္စည်းချင်း ဖလှယ်နိုင်ကြတယ်။ တစ်ဖက်က ငြင်းဆန်မယ်ဆို နှစ်ဖက်လုံးက ပညာပြိုင်ရလိမ့်မယ်။ ဒါပေမဲ့ အဲ့ဥပဒေသကို အသုံးပြုဖို့အတွက် စည်းကမ်းချက်တွေတော့ ရှိတာပေါ့။ စပြီးဖလှယ်ချင်တဲ့သူက အနိုင်ရခဲ့ရင်တောင် တန်ဖိုးတစ်ခု ပြန်ပေးရမှာပဲ။ ဒါပေမဲ့ စပြီးပြောတဲ့သူက ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တော့ သူတို့ကမ်းလှမ်းတဲ့ ပစ္စည်းကို တစ်ဖက်သူဆီ ပေးရမဲ့အပြင် စိန်ခေါ်ခံရသူကတော့ ဘာတန်ကြေးမှ ပြန်ပေးစရာ မလိုဘူး…”

“ဒါ့အပြင် စိန်ခေါ်ပွဲအတွင်း တစ်ယောက်ယောက်က ဒဏ်ရာအပြင်းအထန် ရသွားခဲ့ရင် ကုန်သည်ပွဲကြီးကြပ်သူတွေဟာ ရန်စတဲ့ဘက်ကို အပြစ်ပေးမှာ။ ဒါပေမဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေကို ထိန်းချုပ်ဖို့ဆိုတာ အင်မတန်ခက်တယ်။ ပြီးတော့ တစ်ဖက်ဖက်က တခြားတစ်ဖက်ဆီက ပစ္စည်းကို အသည်းအသန် လိုချင်နေတာကြောင့်မဟုတ်ရင်၊ တစ်ဖက်ထက် ကျင့်ကြံမှုအဆင့် ပိုမြင့်လို့ကြောင့် မဟုတ်ရင် ဘယ်သူကမှ ဒီလိုအန္တရာယ်များတဲ့ကုန်သည်မှုကို ပြုလုပ်ချင်ကြ၊ ရန်ပွားချင်ကြမှာ မဟုတ်ဘူး…”

ဟန်လိရှင်းပြခိုင်းလို့သာ လုလောသည် ပြောပြရသော်လည်း သူ့အမူအရာကမူ ပျက်ယွင်းနေလေပြီ။

ကိုယ်လုပ်တော်များ လဲလှယ်ခြင်း။ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများကြား၌ ထိုသို့သော ကိုယ်လုပ်တော်ချင်း လဲလှယ်တာမျိုး ရှိသည်။ ဤကိစ္စမှာ မိစ္ဆာတာအိုဂိုဏ်းအချို့ကြား၌ အတော်အတန် ခေတ်စား၏။ လက်ရှိ တစ်ဖက်လူ တောင်းဆိုလာသော အခြေအနေမှာ စည်းကမ်းချက်နှင့်ကိုက်ညီနေသဖြင့် ကိုးပြည်ထောင်စုမှကြီးကြပ်သူများကို အကြောင်းကြားလျှင်ပင် ရလဒ်ကထူးလာလိမ့်မည် မဟုတ်ပေ။

တစ်ခုကောင်းသည်မှာ ဤကိစ္စ၌ ဟန်လိသည် အသက်အန္တရာယ် မရှိနိုင်ခြင်းပင်။ မည်သို့ပင်ဖြစ်စေ ကုန်သည်ပွဲမတိုင်ခင် ဒဏ်ရာမရတာကတော့ သူ့အတွက် ပိုကောင်းလိမ့်မည်။

ပြောစရာရှိသည်မှာ ဟန်လိသည် မူပိုင်လင်းအပေါ် အထူးတလဲ တွယ်တာနေတာမျိုး မရှိ။ သူ့အနေဖြင့် တစ်ဖက်သူ တောင်းဆိုလာသည့်အတိုင်း အလဲအထပ် လုပ်လိုက်လျှင်ပင် မိန်းမလှနှစ်ယောက်ကို ပိုင်ဆိုင်နိုင်ဦးမည် ဖြစ်၏။ သူ့အတွက် နစ်နာစရာ သိပ်မရှိလှပေ။

လုလော၏ရှင်းပြချက်ကို နားထောင်နေရင်း ဟန်လိက တည်ငြိမ်စွာသာ ရှိနေ၏။ မူပိုင်လင်းကမူ နောင်တကြီးစွာ ရနေလေပြီ။ သည်လိုဖြစ်လာမှန်းသာ သိခဲ့ပါက သူမအနေဖြင့် ဟန်လိနှင့်အတူ လိုက်ပါရန် တောင်းဆိုခဲ့လိမ့်မည် မဟုတ်ချေ။

သူမက ဤမြို့စားနန်းလုံအကြောင်း ဘာမျှသေချာမသိထား။ ထိုသူက အခြားကျင့်ကြံသူများအပေါ် မည်သို့ပြုမူတတ်သလဲ၊ သူ့ကိုယ်လုပ်တော်များအပေါ် မည်သို့ဆက်ဆံတတ်လဲ။ သူမ မသိပါ။ သူမအနေဖြင့် တစ်ဖက်သူလက်ထဲ ရောက်သွားခဲ့ပါက အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မတက်လှမ်းနိုင်ခင် သူမထိန်းသိမ်းထားသည့် အပျိုစင်ဘဝ ဆုံးရှုံးသွားရဖို့ များနေ၏။

မူပိုင်လင်းသည် အံတင်းတင်းသာ ကြိတ်နေမိတော့၏။ သူမ၏အသားအရေမှာလည်း နီမြန်းနေပြီ ဖြစ်၏။ သူမအနေဖြင့် ဟန်လိက တစ်ဖက်လူကို အမှောက်သိပ်နိုင်လိမ့်မည်ဟု မထင်။

မြို့စားနန်းလုံက ရထားလှည်းပေါ်တွင် ထိုင်ကာ ဟန်လိကို ဖိအားပေးကာ မေးလာ၏။

“ဆိုတော့…ရောင်းရင်းက ကိုယ်လုပ်တော်ချင်း လဲလှယ်မှုကို သဘောတူမှာလား။ ဒါမှမဟုတ် ငါတို့ စိတ်ဝိညာဉ်အာရုံမှာ ဘယ်သူအစွမ်းပိုထက်လဲ ပြိုင်ကြမလား…”

ဝန်းကျင်မှာ အချိန်တစ်ခုထိ တိတ်ဆိတ်မှုကြီးစိုးသွားသည်။ လုလောနှင့်မူပိုင်လင်းတို့က ဟန်လိကို စိတ်ပူပန်စွာ ကြည့်နေကြသည်။ သူတို့တင်သာမက မြို့စားနန်းလုံ၏ကိုယ်လုပ်တော်နှစ်ယောက်ကလည်း သာမန်ရုပ်သွင်သာပိုင်ဆိုင်ထားသည် ဤလူငယ်ကျင့်ကြံသူကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လို့နေသည်။

မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားခန်းဝင်နေပြီးနောက် ဟန်လိက ရုတ်တရက် ပြုံးလိုက်၏။

“စိတ်ဝိညာဉ်အာရုံချင်း ပြိုင်ပွဲတစ်ခုဆိုမှတော့ ကျုပ် သဘောတူတယ်။ ကျုပ်က မကြာသေးခင်ကမှ စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်တဲ့အတွက် ကျုပ်ရဲ့ စိတ်ဝိညာဉ်အာရုံဟာ တခြားအဆင့်တူကျင့်ကြံသူတွေနဲ့ယှဉ်ရင် ဘယ်လိုနေမလဲ ကျုပ် စမ်းသပ်ကြည့်ချင်နေမိတာ။ ဒါပေမဲ့ ကျုပ် အနိုင်ရခဲ့ရင်တော့ မြို့စားရဲ့ချစ်လှစွာသော ကိုယ်လုပ်တော်နှစ်ယောက်ကိုတော့ မလိုချင်ဘူး။ အဲ့အစား မြို့စားက ကျုပ်နဲ့ စိတ်ဝိညာဉ်အာရုံချင်း ပြိုင်ချင်ရတဲ့အကြောင်းရင်းကိုပဲ ကျုပ် သိချင်တယ်။ ကျုပ်ကို မြင်မြင်ချင်း မျက်စိစပါးမွှေးစူးလို့…ဒါမှမဟုတ် ကျုပ်ရဲ့ကိုယ်လုပ်တော်ကို သဘောကျသွားလို့ဆိုတဲ့ အကြောင်းပြချက်မျိုးတော့ မပြောဖို့ မျှော်လင့်ပါတယ်…”

ဟန်လိက တည်ငြိမ်စွာ ဆိုလာ၏။ သူ့၌ ပူပန်မှုဟူ၍ တစွန်းတစမျှ ရှိမနေပေ။

မြို့စား၏မျက်နှာပေါ်တွင် အမူအရာတစ်မျိုး ဖြတ်ပြေးသွားသည်။ အခြားသူများကမူ လုံးဝဆွံ့အကုန်ကြသည်။

မြို့စားက ခဏ ငြိမ်သက်သွားပြီး ဖြည်းဖြည်းချင်း ပြန်ဖြေသည်။

“ကောင်းပြီလေ…ငါ…သဘောတူတယ်…”

သူ့အမူအရာက အလေးအနက် ဖြစ်လာ၏။

“ဆရာ…”

မူပိုင်လင်းက ဤတိုက်ပွဲကို ဟန်လိ သဘောတူတာ မြင်သည့်အခါ၌ စကားသံ မထွက်ပေါ်လာဘဲ မနေနိုင် ဖြစ်ရလေ၏။ သူမ၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးဟန် အမူအရာ ဖြစ်ပေါ်လာသည်။ ဟန်လိက လက်ကာပြီး ပြောလိုက်သည်။

“ဘာမှ ပြဿနာမရှိဘူး။ ဒါက ပြိုင်ပွဲလေးတစ်ခုပဲကို…”

လုလောက သက်ပြင်းချကာ သတိပေး၏။

“ညီလေးဟန်…ဂရုစိုက်။ ခက်ခဲလာမယ်ဆို ချက်ခြင်းသာ အရှုံးပေးလိုက်။ ကျုပ် မင်းကို ကာကွယ်ပေးမယ်…”

ဟန်လိက ခေါင်းညိတ်ပြ၏။ မည်သည့်စကားမျှ ထပ်မဆိုတော့ပေ။

ထိုအချိန်တွင် မြို့စားနန်းလုံသည် သူ့ကိုယ်လုပ်တော်နှစ်ယောက်ကို ဘေးသို့တွန်းဖယ်ပြီး အင်္ကျီလက်အိုးကို ဖုတ်ဖက်ခါပြီး လေထဲသို့ ခုန်တက်လာ၏။ ဟန်လိ၏ခန္ဓာကိုယ်မှလည်း မိုးပြာအလင်းတောက်ပသွား၏။ သူလည်း တစ်ဖက်လူထံ ချဉ်းကပ်လေ၏။

အတင်းအကျပ်ကုန်သည်ခြင်းအတွက် ယှဉ်ပြိုင်ရာ၌ ကိုးပြည်ထောင်စုမှ ကြီးကြပ်သူများ ဤနေရာတွင် ရှိနေပါက အကောင်းဆုံးဖြစ်၏။ သို့သော် နှစ်ဘက်လုံးသည် ပါးနပ်စွာဖြင့် ဤကိစ္စကို ထုတ်ပြောမနေကြပေ။

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မီတာနှစ်ဆယ်လောက် အကွာသို့ ရောက်လာသည့်အခါ ရပ်ကြ၏။ ဟန်လိက တည်ငြိမ်စွာ ပြောလိုက်သည်။

“မြို့စားက ကျုပ်ရဲ့စိတ်ဝိညာဉ်အာရုံ အတိမ်အနက်ကို ဘာလို့စမ်းသပ်ချင်လဲတော့ ကျုပ် မသိပေမဲ့ အကြောင်းရင်းကတော့ အပေါ်ယံသဘောလောက်မဟုတ်တာ ရှင်းနေတာပဲ။ ဒီကိစ္စကို ကျုပ်လည်း အတော်လေး သိချင်နေမိတယ်…”

“ရောင်းရင်းဟန်က ဉာဏ်ကောင်းသားပဲ။ ဒါပေမဲ့ မင်းရဲ့စိတ်ဝိညာဉ်အာရုံက ကျုပ်နဲ့ နင်လားငါလား သန်မာအားကောင်းမှပဲ အဲ့အကြောင်းရင်းကို မင်း သိလိမ့်မယ်။ အစောပိုင်းတုန်းက မင်းရဲ့အစွမ်းထက်လှတဲ့စိတ်ဝိညာဉ်အာရုံက ကျုပ်အပေါ် ဖြတ်သန်းသွားခဲ့တာကြောင့်သာ မဟုတ်ရင် ကျုပ် ဂုဏ်သိက္ခာကျခံပြီး မင်းကို စိန်ခေါ်ခဲ့မှာ မဟုတ်ဘူး…”

မြို့စားနန်းလုံက အေးစက်စက်ပြုံး၍ တည့်ပြောလာသည်။

“ဒါပေမဲ့လို့…မင်းဘက်က အနိုင်ရနိုင်ခြေရှိလိမ့်မယ်လို့ ငါ မထင်ဘူး။ အစောပိုင်းနဲ့အလယ်အဆင့် စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတွေကြားက စိတ်ဝိညာဉ်အာရုံအစွမ်းချင်း ကွာဟချက်က လျှော့တွက်လို့ရတဲ့အရာမျိုး ဟုတ်မနေဘူး…”

All Chapters