စိတ်ဝိညာဉ်အာရုံအစီအရင်
Vol. 49 Ch. 676
“တာအိုရောင်းရင်းက အမှန်တိုင်း ပြောတတ်တာပဲ။ ကျုပ် အနေနဲ့ ကျုပ်ရဲ့ကိုယ်လုပ်တော်ကို ပေးဖို့လည်း စိတ်ကူးမရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် ပညာဖလှယ်ချင်ရုံလောက်ပါပဲ…”
ဟန်လိက တည်ငြိမ်စွာဖြင့် စကားဆို၏။ သည့်နောက် သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်၏။
“ကောင်းတယ်…”
မြို့စားနန်းလုံးသည် လုံးဝ တည်ငြိမ်မှုရှိနေ၏။ သူ့စိတ်ဝိညာဉ်အာရုံကိုလည်း ထုတ်လွှတ်လိုက်သည်။ စိတ်ဝိညာဉ်အာရုံနှစ်ခုသည် အထည်ဒြပ်တစ်ခုရှိလုနီးပါး သူတို့နှစ်ယောက်ကြားတွင် ပေါ်လာပြီး ထိပ်တိုက်တွေ့ကြ၏။ ရုတ်တရက် လေပြင်းများ အဘက်ဘက်သို့ တိုက်ခတ်သွားသည်။
မြို့စားနန်းလုံသည် သူ့စိတ်ဝိညာဉ်အာရုံထံ တိုးဝင်လာသည့် ဟန်လိ၏စိတ်ဝိညာဉ်အာရုံက ပိုပိုကြီးမားလာတာ ခံစားရသည့်အခါ ထိတ်လန့်သွားမိသည်။ ဟန်လိနှင့်မြို့စားတို့ကြား လေဟာနယ်တွင် အဖြူရောင်တန်းများ အလွှာလိုက် ပေါ်လာ၏။ သူတို့နှစ်ယောက်၏ပုံရိပ်မှာ ဝေဝါးသွားသည်။
“စိတ်ဝိညာဉ်အာရုံအစီအရင်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ညီလေးဟန်ရဲ့စိတ်ဝိညာဉ်အာရုံက အားကောင်းလှချည်လား…”
လုလောက မယုံကြည်နိုင်ဟန်ဖြင့် ထပြောမိသည်။
“စိတ်ဝိညာဉ်အာရုံ အစီအရင်တဲ့လား။ ကျမခင်ပွန်းက နိုင်နိုင်ခြေရှိတာလား…”
“ငါ သေချာမသိဘူး။ ဒါပေမဲ့ စိတ်ဝိညာဉ်အာရုံအစီအရင်ဆိုတာ စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကျင့်ကြံသူတွေပဲ ဖမ်းဆုပ်နိုင်တဲ့ နတ်ဘုရားစွမ်းရည်မျိုး။ ညီလေးဟန်က အဲ့ပညာရပ်ကို အသုံးပြုနေနိုင်ပြီဆိုတော့ သူ့အဓိကကျင့်ကြံခြင်းပညာရပ်ဟာ စိတ်ဝိညာဉ်အာရုံမှာ အထူးပြုထားတာ ဖြစ်လိမ့်မယ်။ ဒါက ဖြစ်နိုင်တဲ့ တစ်ခုတည်းသောရှင်းပြချက်ပဲ…”
လုလောက စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
သိုင်းဘိုးဘေးလု၏ရှင်းပြချက်ကို ကြားပြီး မူပိုင်လင်းက မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
“အဲ့လိုဆိုရင် ကျမခင်ပွန်းဆီမှာ အနိုင်ရနိုင်တဲ့အခွင့်အရေးတစ်ခု ရှိနိုင်တာပေါ့…”
လုလောက မသေချာမရေရာဟန်ဖြင့် ပြောလာ၏။
“ပြောဖို့တော့ ခက်တယ်။ အဆင့်တူကျင့်ကြံသူတွေကြားမှာတောင် ခွန်အားအရာမှာ ကွာဟချက်ဆိုတာ ရှိတာပဲ။ မြို့စားနန်းလုံဟာ ဟိုးလွန်ခဲ့တဲ့နှစ်သုံးရာတည်းက အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်ထိ ရောက်နေတဲ့သူ။ နောက်ဆုံးအဆင့်ရောက်ဖို့တောင် သိပ်လိုတော့မှာ မဟုတ်ဘူး။ ညီလေးဟန်အနေနဲ့ သူ့လိုမွန်းစတားအိုကြီးနဲ့ နိုင်ဖို့ကတော့ တော်တော်ခက်မှာ…”
မူပိုင်လင်းက ထိုစကားကို ကြားသည့်အခါ သူမ၏မျှော်လင့်ချက်ခပ်ပါးပါးဖြစ်မိသော စိတ်ခံစားချက်မှာ အငွေ့ပြန်သွားရလေ၏။
ထိုအခိုက်၌ ကောင်းကင်ထက်ရှိ ပေါက်ကွဲမှုများကား ပိုပြင်းထန်လာ၏။ လေပြင်းများ အဆက်မပြတ် လည်ပတ်တိုက်ခတ်လာပြီး ဟန်လိနှင့်မြို့စားတို့ ပတ်ပတ်လည်တွင် အဖြူရောင်လေပွေဝိုင်းတစ်ခု ဖြစ်တည်လာသည်။
လုလောက အံ့အားတသင့် ဖြစ်သွား၏။ သူ့မျက်နှာအမူအရာမှာလည်း တစ်မျိုးဖြစ်သွားသည်။
“တကယ့်ကို မယုံနိုင်စရာဘဲ။ ညီလေးဟန်က အရေးနိမ့်မနေပါ့လား…”
ထိုစကားကြားရ၍ မူပိုင်လင်းက ပျော်ရွှင်သွားသည်။ သူမက တစ်ခုခုပြောရန် ဟန်ပြင်သည်။ သို့သော် ကောင်းကင်ထက်တွင် တောက်ပစူးရှသောအဖြူရောင်အလင်းများ ဆက်တိုက် ထွက်ပေါ်နေ၏။ တအောင့်အကြာတွင် မိုးခြိမ်းသံများ မြည်ဟိန်းကာ ယှဉ်ပြိုင်နေသူနှစ်ယောက်၏ပတ်ပတ်လည်ရှိ လေပွေဝိုင်းက ပေါက်ကွဲထွက်၏။ သူတို့၏ဘေးဝန်းကျင်မှာ လေမုန်တိုင်းထန်သွား၏။ တိုက်ပွဲနှင့်မီတာတစ်ရာလောက်အကွာတွင် ရှိနေသူများသည် သူတို့ထံ တိုးဝင်လာသော လေပြင်းမုန်တိုင်းများကြောင့် တုန်လှုပ်ကုန်ကြ၏။
“မကောင်းတော့ဘူး…”
လုလောက တီးတိုးဆို၏။ သူ့ပုံရိပ်က ဝေဝါးသွားပြီး မူပိုင်လင်းရှေ့တွင် ပိတ်ရပ်၏။ တစ်ချိန်တည်းမှာ သူ့လက်နှစ်ဖက်ကို ကြက်ခြေခတ်အသွင် ပြုလုပ်ပြီး အပြာရောင်အလင်းအရံအတားတစ်ခုကို ဆင့်ခေါ်သည်။
သည်အခိုက်မှာပင် လေပြင်းမုန်တိုင်းက အရံအတားပေါ် ကျရောက်လာခဲ့လေပြီ။ ထူးခြားသောအက်သံများ ထွက်ပေါ်၏။ လေပြင်း၌ အားမာန်ဟုန်တို့ အပြည့်ပါနေသည့်နှယ်။ သည့်နောက်မှာ အရံအတားအပေါ်၌ အချိုင့်အခွက်များ ဖြစ်ကျန်ခဲ့လေ၏။
ကံကောင်းသွားသည်မှာ ထိုလေပြင်းများက မြန်မြန်ဆန်ဆန် ပြိုကွဲပျံ့ကျဲသွားခြင်းပင်။ လေပြင်းအများစုက သူတို့ကို ကျော်ဖြတ်သွားလေ၏။ ခဏအကြာတွင်တော့ လုလော၏အရံအတားသည် မူလအသွင်အတိုင်း ပြန်ကောင်းမွန်လာ၏။ မြို့စားနန်းလုံ၏ တပ်သားကျင့်ကြံသူများကမူ တိုက်ပွဲဝင်လှံရှည်များ ပင့်မြှောက်ကာ ရထားလှည်းနှင့်သူတို့ရှေ့တွင် ရွှေရောင်အလင်းအရံအတားကြီးတစ်ခုအား ဖွဲ့စည်းကြသည်။
သို့ရာတွင် လေပြင်းများဒဏ်ကို ၎င်းအရံအတားသည် တအောင့်သာ တောင့်ခံနိုင်ပြီး ပြိုကွဲပျက်စီးသွား၏။ လက်ကျန်လေပြင်းများက သူတို့ကို ဝင်ဆောင့်သည့်အခါ တပ်သားကျင့်ကြံသူများသည် လက်နှစ်ဖက်ဖြင့် ခေါင်းကိုကိုင်ကာ နာကျင်စွာ အော်ဟစ်ကုန်ကြ၏။ သူတို့၏ခေါင်းများထံမှ သွေးများစီးကျလာကြသည်။ ထိတ်လန့်ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုပင်။
ကိုယ်လုပ်တော်နှစ်ယောက်ကမူ ရထားလှည်း၏အကာအကွယ်အတားအဆီးများကြောင့် ဘေးကင်းသွားကြသည်။ သူတို့ရာတွင် ကြောက်ရွှံ့မှုကြောင့် သူတို့၏မျက်နှာများက ဖြူရော်ကုန်သည်။ ထိုမြင်ကွင်းကိုကြည့်ကာ မူပိုင်လင်းသည် သွေးများအေးစက်သွားသည့်နှယ် ခံစားလိုက်ရ၏။ သူမက ဟန်လိထံသို့ ဆွဲဆောင်မှုရှိစွာဖြင့် ထပ်ပြီးလှမ်းကြည့်လိုက်မိ၏။
ဤအခိုက်တွင် မြို့စားနန်းလုံက အေးတိအေးစက် နှာမှုတ်၏။ ရွှေရောင်အလင်းလုံးတစ်ခု ရုတ်တရက်ပေါ်လာပြီး ၎င်းက မရေမတွက်နိုင်သော ရွှေရောင်အလင်းအမျှင်တန်းများအဖြစ် ကွဲထွက်ကာ သူ့ငယ်သားများကို လျင်မြန်စွာ ခြုံလွှမ်းသွားသည်။ ထိုအခါကျမျှ သူ့ငယ်သားများသည် အော်တာဟစ်တာ ရပ်သွားပြီး မားမားပြန်ရပ်နိုင်တော့သည်။ သူတို့သည် ကြောက်လန့်နေဆဲ ဖြစ်သော်ငြား နာကျင်မှုတော့ မခံစားရတော့သည့်ပုံပင်။
သူ့ငယ်သားများကို ကယ်တင်ပေးပြီး မြို့စားနန်းလုံက ဟန်လိကို လှမ်းကြည့်၏။ ဟန်လိ၏စိတ်ဝိညာဉ်အာရုံက သူ့ကိုယှဉ်ပြိုင်နိုင်နေသည့်အပေါ် သူ့အနေဖြင့် မယုံကြည်နိုင် ဖြစ်ရလေသည်။
စောစောတုန်းက သူသည် စိတ်ဝိညာဉ်အာရုံ တော်တော်များများများကို စေလွှတ်တိုက်ခိုက်ခဲ့ခြင်းပင်။ သက်ညှာမနေခဲ့ပေ။ သို့သော် ဟန်လိကလည်း သူ့တိုက်ခိုက်မှုကို သက်သောင့်သက်သာ ခုခံနိုင်နေသည်။ ကြည့်ရတာ ဟန်လိ၏စိတ်ဝိညာဉ်အာရုံက သူ့ထက်ပင် အမှန်တကယ် သာလွန်နေတာများလား။
မြို့စားနန်းလုံ၏အထင်သေးမှုမှာ ပျောက်ကွယ်သွားခဲ့ပေပြီ။ သူ့စိတ်မှာ တည်တည်ငြိမ်ငြိမ် ဖြစ်မနေတော့ပေ။ ထိုအခိုက်တွင် ဟန်လိက ပြုံး၍ သာမကာလျှံကာ ဆိုသည်။
“ကျုပ်တို့ ဒီမှာပဲ ရပ်ကြမလဲ။ ဆက်ပြီး ယှဉ်ပြိုင်မယ်ဆို ကျုပ် တောင့်မခံနိုင်တော့မှာ စိုးရိမ်မိတယ်…”
နန်းလုံးသည် စဉ်းစား၏။ သူ့အမူအရာက တင်းမာမနေတော့ဘဲ သူက စကားဆိုသည်။
“ဟားဟား…ရောင်းရင်းဟန်က တယ်လည်း နှိမ့်ချတာပဲကို။ ခင်ဗျားရဲ့ စိတ်ဝိညာဉ်အာရုံက ကျုပ်နဲ့ သူမသာကိုယ်မသာပါဘဲ။ ပြိုင်ပွဲကို ရပ်ကြတာပေါ့။ မဟုတ်ရင် ကျုပ်တို့နှစ်ယောက်လုံး ဒဏ်ရာရသွားနိုင်တယ်…”
ဟန်လိက ထိုစကားကို ကြားသည့်အခါ မျက်နှာက ပြုံးနေသော်လည်း စိတ်ထဲ၌ သက်ပြင်းချမိသည်။ သူသည် ဤမြို့စားနှင့် အမှန်တကယ်မတိုက်ခိုက်ချင်သော်လည်း စောစောပိုင်း ယှဉ်ပြိုင်မှု၌ သူ့စိတ်ဝိညာဉ်အာရုံသည် တစ်ဖက်လူနှင့် ယှဉ်နိုင်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်၏။ မြို့စားကလည်း ဟန်လိအပေါ် အထင်ကြီးမှုအချို့ ရှိလာခဲ့လေပြီ။ သူ့ကို ဘာမဟုတ်သည့်ပုံစံနှင့် ဆက်ဆံဝံ့တော့မည် မဟုတ်ချေ။ ထို့အပြင် ဟန်လိ၏စိတ်ဝိညာဉ်အာရုံသည် သူ့လိုအပ်ချက်များနှင့်လည်း ကိုက်ညီမှုရှိနေ၏။ သူ့အနေဖြင့် ဟန်လိကို တောင်းဆိုမှုတစ်ခု ပြုလုပ်ရပေတော့မည်။
မြို့စားနန်းလုံက ဟန်လိကို ပြုံးပြပြီး လျှို့ဝှက်၍ အသံပို့လွှတ်လိုက်သည်။
“ရောင်းရင်းဟန်ရဲ့ စိတ်ဝိညာဉ်အာရုံက ကျုပ်နဲ့ ယှဉ်နိုင်နေတယ်ဆိုမှတော့ ဒီပြိုင်ပွဲကို တောင်းဆိုရတဲ့ တကယ့်အကြောင်းရင်းကို ကျုပ် ပြောပြရတော့မှာပေါ့။ ရောင်းရင်းခန့်မှန်းထားသလိုပါပဲ…ကျုပ်အနေနဲ့ ခင်ဗျားရဲ့စိတ်ဝိညာဉ်အာရုံကို အတင်းအကျပ် စမ်းသပ်ချင်တာ ကိစ္စတစ်ခု ရှိလို့ပါ။ ဒါပေမဲ့ အဲ့ကိစ္စက အင်မတန်အရေးကြီးတယ်။ ဒီမှာ ပြောလို့အဆင်မပြေဘူး။ ဒီကျောက်စိမ်းပြားထဲမှာ မြေပုံတစ်ချပ်ပါတယ်။ ကုန်သည်ပွဲလေးရက်မြောက်နေ့မှာ ဖော်ပြထားတဲ့နေရာမှာ ကျုပ်တို့တွေ ဆုံဖို့ရှိမယ်။ အဲ့ကျရင် တခြားတာအိုရောင်းရင်းတွေနဲ့ ကျုပ် ခင်ဗျားကို မိတ်ဆက်ပေးမယ်။ ကျုပ်တို့အကုန်လုံးအတွက် အကျိုးရှိနိုင်တဲ့ကိစ္စရပ်တစ်ခုအကြောင်း ဆွေးနွေးကြတာပေါ့…”
ထို့နောက် သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ၍ ဟန်လိထံ လှမ်းပစ်ပေးလိုက်သည်။ လုလောကိုမူ ရှိသည်ဟုပင် သူ မထင်။ ဟန်လိက ဤသည်ကိုမြင်သည့်အခါ ကျောက်စိမ်းပြားကို ချက်ခြင်းဖမ်းယူ၏။ မြို့စားထံ စူးစမ်းဟန်ဖြင့် တစ်ချက်ကြည့်ပြီးနောက် သူက ကျောက်စိမ်းပြားကို သိုလှောင်အိတ်ထဲ ထည့်သိမ်းထားလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ကာ မြို့စားက ကျေနပ်စွာ ရယ်မောလိုက်၏။ ထို့နောက် ရွှေရောင်စက်ဝန်းအတွင်းရှိ သူ့ရထားထံ ပြန်ဆင်းသက်သွားသည်။ ရထားကို ကာရံထားသည့် ရွှေရောင်အလင်းမှာ တစ်ဖန်ပြန်ပေါ်လာပြီး သူသည် သူ့ငယ်သားများနှင့်အတူ မိုးမျှော်ကောင်းကင်မြို့ထံ ခပ်မြန်မြန် ဦးတည်သွားတော့၏။
သူ့ထွက်သွားချိန်၌ မြို့စားသည် လုလောကို လစ်လျူရှုထားခဲ့လေ၏။ ဤသို့ဆက်ဆံခံရသည့်အပေါ် လုလောသည် မကျေမနပ်တော့ ဖြစ်မိ၏။ သို့ပေမည့် သူသည် မြို့စား၏ထူးခြားသောစိတ်နေစရိုက်ကို သိထား၏။ သူ့အနေဖြင့် မချိပြုံးသာ ပြုံးနိုင်တော့သည်။
ထိုစဉ် ဟန်လိသည် အကြီးအကဲလုနှင့်မူပိုင်လင်းတို့ထံ ပြန်ရောက်လာ၏။
“ယောက်ျား…အဆင်ပြေရဲ့လား…”
ဟန်လိ ပြန်ရောက်လာတာ မြင်သည့်အခါ မူပိုင်လင်းက သူမ၏ရွှန်းလဲ့တောက်ပသောမျက်ဝန်းတို့ဖြင့် ဟန်လိကို ကြည့်၍ အခြေအနေ မေး၏။
သူမ၏ခင်ပွန်းသည် မြို့စားနန်းလုံနှင့် ယှဉ်ပြိုင်ခဲ့တာ အချိန်အားဖြင့် ခဏသာ။ သို့သော် စောစောပိုင်းတုန်းက သူမ၏ခင်ပွန်းဖြစ်သူ ပြသခဲ့သောခွန်အားက သူမ၏စိတ်နှလုံးကို အကြီးအကျယ်ကိုင်လှုပ်စေခဲ့ပေသည်။ သူ့ဘေးတွင် နေရတာ သူမအတွက် ပိုလုံခြုံသလိုပါ ခံစားလာရ၏။
“ဘာမှမဖြစ်ပါဘူး။ နည်းနည်းပါးပါး အားစိုက်ထုတ်ခဲ့ရရုံပါပဲ…”
ဟန်လိက တည်ငြိမ်စွာ ဆို၏။ သူမ၏ရုတ်တရက်ကြီး သူ့အပေါ် စိုးရိမ်ပူပန်ပေးမှုကြောင့် ဟန်လိမှာ ရင်ခုန်မြန်သွားရသည်။
လုလောက ဟန်လိကို အထင်ကြီးလေးစားစွာဖြင့် အတော်ကြာအောင် ကြည့်နေ၏။ ထို့နောက် သူက အားပါးတရပြုံး၍ ပြောသည်။
“ညီလေးဟန်…မင်းက တကယ်ပဲ ကြောင်လက်သည်းဖွက်ထားတာကို။ မင်းငါ့ကို စိတ်ပူအောင် တကယ်လုပ်ခဲ့တာပဲကွ…”
ဟန်လိက တည်ငြိမ်စွာ ပြန်ပြော၏။
“ကျုပ် စီနီယာအစ်ကိုတို့ကို ကျုပ်အကြောင်း ကွယ်ဝှက်ထားခဲ့တာ မဟုတ်ပါဘူး။ ခင်ဗျားတို့ကလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး မမေးခဲ့လို့ ကျုပ် မပြောပြဖြစ်ခဲ့ရုံပါပဲ။ ရှိပါစေတော့…ဒီကနေ ခု မြန်မြန်ထွက်သွားကြရအောင်။ စောစောတုန်းက စိတ်ဝိညာဉ်အာရုံလှိုင်းတွေက တခြားကျင့်ကြံသူတွေရဲ့အာရုံစိုက်မှုကို ကျိန်းသေပေါက် ဆွဲဆောင်မိခဲ့လိမ့်မယ်…”
လုလောကလည်း သဘောတူ၏။
“အမှန်ပဲ…။ ဒီသတင်းသာ ပြန့်သွားမယ်ဆို မလိုလားအပ်ဘဲ ဒုက္ခများနိုင်တယ်။ ငါတို့ မိုးမျှော်ကောင်းကင်မြို့ဆီ ခပ်သွက်သွက်သွားကြရအောင်…”