ပြန်တွေ့ခြင်း
Vol. 49 Ch. 677
ဟန်လိက တောင်ဘေးတစ်ဖက်တွင်ရပ်ကာ ကီလိုမီတာ အတော်အတန်ဝေးသောနေရာရှိ မြို့ကြီးကို တစ်ချက်လှမ်းကြည့်သည်။ သူက ခပ်တိုးတိုး ဆို၏။
“ဒါက မိုးမျှော်ကောင်းကင်မြို့မလား…”
လုလောက ဟန်လိဘေးတွင်ရပ်နေ၏။ သူက ဆိုသည်။
“ညီလေးဟန်က ဒီလောက်ကြီးမားတဲ့မြို့မျိုးကို အရင်က မမြင်ဘူးခဲ့ဘူး ထင်တယ်။ ကိုးပြည်ထောင်စုဟာ ဒီမြို့ကို တိုးချဲ့တည်ဆောက်ခဲ့တဲ့အတွက် ခုလောက်ထိ ကြီးမားလာခဲ့တာ။ ကျုပ်အနေနဲ့ ဒီမြို့ဟာ ကောင်းကင်တောင်ပိုင်းဒေသမှာ အကြီးမားဆုံးလို့ မပြောဝံ့ပေမဲ့ ထိပ်ဆုံးငါးမြို့ထဲမှာတော့ ပါမှာ သေချာတယ်။ တစ်မြို့လုံးကိုလည်း တစ်နေရာတည်းက တူးဖော်ထားတဲ့ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာလေ…”
ထိုစကားကို ကြားသည့်အခါ ဟန်လိက ပြုံးရုံသာပြုံး၏။ ဤမြို့သည် ပြန့်ကြဲကြယ်ပင်လယ်ရှိ ကောင်းကင်ကြယ်မြို့လောက် ကြီးမားနိုင်ပါ့မလား။ ကောင်းကင်မျှော်စင်မြို့သည် ကြီးမားကျယ်ပြန့်တာ မှန်၏။ သို့သော် ကောင်းကင်ကြယ်မြို့ကို မယှဉ်နိုင်ပေ။
ဟန်လိက ဤကိစ္စကို သိပ်ဂရုစိုက်မနေပေ။ သို့သော် မူပိုင်လင်းကမူ မြင်ကွင်းရှေ့ရှိ ဧရာမမြို့ကိုကြည့်ကာ အံ့အားတသင့် ဖြစ်လို့နေသည်။
“ဘာပဲဖြစ်ဖြစ်ပါ…ကျုပ်တို့က မိုးမျှော်ကောင်းကင်မြို့ထဲကို ဝင်ရင် ခြေကျင်သွားရလိမ့်မယ်။ ဘယ်လောက် ကသိလိုက်လဲ…”
လုလောက ခေါင်းရမ်းကာ ပြော၏။ သူက လမ်းလျှောက်ရသည့်အပေါ် သိပ်မကျေနပ်ပုံရသည်။
ဟန်လိက ပြော၏။
“ကိုးပြည်ထောင်စုအနေနဲ့ ဒီကိစ္စအပေါ် မတတ်သာလိုနေမယ်။ အဆင့်မြင့်ကျင့်ကြံသူ အများအပြားက ဒီကို ဥဒဟို လာနေကြတာဆိုတော့ သူတို့အနေနဲ့ လေထဲကနေသာ ပျံသန်းခွင့်ပြုမယ်ဆို မြို့ကို ဘယ်လိုလုပ် ကောင်းကောင်းစီမံနိုင်ပါတော့မလဲ။ ကံကောင်းတာက ဒီမြို့ပတ်ပတ်လည်က အတားအဆီးတွေဟာ ကျုပ်တို့လို စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေအတွက် သာမန်ကာလျှံကာလောက်ပဲ။ ကျုပ်တို့သာ အမှန်တကယ် ပျံသန်းချင်ရင် ဒါတွေက တားဆီးနိုင်မှာ မဟုတ်ဘူး…”
“ညီလေးဟန်က စိတ်ထားတတ်လိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ကောင်းပြီလေ…သွားကြရအောင်။ ကျုပ်တို့ မြို့ထဲကို မြန်မြန်ရောက်လောက် အကျိုးပိုရှိနိုင်လေပဲ မဟုတ်လား…”
ဟန်လိသည် မြို့စားနန်းလုံနှင့် ရင်ဆိုင်ပြီးတည်းက သည်စီနီယာအစ်ကိုလုသည် သူ့အပေါ် ပို၍ တရင်းတနှီး ဆက်ဆံလာခဲ့လေ၏။
ဟန်လိက ပြုံး၍ ခေါင်းညိတ်ပြ၏။ သူတို့သုံးယောက်သားသည် မြို့ထဲသို့ ဂိတ်ပေါက်ကနေ စီတန်း၍ ဝင်လာကြသည်။ မြို့ရိုးနားတွင်မူ မြို့ဆီလာကြသော ကျင့်ကြံသူများက အပြည့်ပင်။ ဟန်လိနှင့်လုလောတို့က သူတို့၏ကျင့်ကြံမှုအဆင့်ကို ကွယ်ဝှက်ထားကြ၏။ သူတို့ကြောင့် ဘေးလူများ အနှောက်အယှက် မဖြစ်စေချင်သောကြောင့်ပင်။ သူတို့က အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများနှင့် ရောနှောကာ ဝင်ရောက်လာခဲ့သည်။
ကိုးပြည်ထောင်စု၏ အစောင့်အကြပ်များ ရှိသော်လည်း သူတို့သည် ဟန်လိနှင့်လုလောတို့ထံမှ ဘာထူးခြားမှုကိုမျှ ရှာမတွေ့ကြပေ။
မြို့ထဲ ရောက်လာပြီးနောက် သူတို့သည် ကျောက်သားနှင့်တည်ဆောက်ထားသော အဆောက်အဦတန်းနှစ်တန်း ရှိသည်ကို တွေ့ကြ၏။ ထိုအဆောက်အဦများအလယ်တွင်မူ လမ်းမရှိ၏။ လမ်းမပေါ်တွင် လူများနှင့်ပြည့်နေသည်။
သည်မြို့ကို ရောက်ဖူးသူ လုလောက အကြံပြုလာ၏။
“အရင်ဆုံး နေထိုင်ဖို့နေရာတစ်ခု ရှာကြရအောင်။ ကျုပ်တို့အတွက်တော့ တည်းခိုးခန်းမှာနေဖို့ မလိုပါဘူး။ ကျုပ်တို့လို စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေအတွက် သီးသန့်အဆောက်အဦတွေ ရှိတယ်။ အဲ့ကိုပဲ တန်းသွားကြတာပေါ့…”
ဟန်လိက ငြင်းမနေပေ။ စီနီယာလု ခေါ်သည့်နောက်သို့သာ မူပိုင်လင်းနှင့်အတူ လိုက်လာ၏။
လုလောသည် မြို့ထောင့်တစ်နေရာသို့ သူတို့ကို ခေါ်လာသည်။ ခဏအကြာတွင် သုံးယောက်သားသည် လမ်းများ ကွေ့ပတ်လျှောက်လာပြီးနောက် အဖြူရောင်အလင်းအရံအတားတစ်ခုရှေ့သို့ ရောက်လာသည်။ သည်အရံအတားနောက်တွင် ရိုးရှင်းသော်ငြား သေသေသပ်သပ် ဒီဇိုင်းနှင့်ဆောက်ထားသည့် အဆောက်အဦများ တည်ရှိ၏။
အရံအတားအပြင်ဘက်တွင်မူ အတွင်းဘက်သို့ လေးစားအားကျသည့် အကြည့်များဖြင့် စောင်းငဲ့ကြည့်ကြည့်သွားသော ကျင့်ကြံသူများလည်း ရှိနေသည်။ သို့ရာတွင် သူတို့က ဤနေရာတွင် ကြာကြာမနေဝံ့ကြပေ။ ကိုယ့်လမ်းကိုယ်သာ ခပ်မြန်မြန် ဆက်သွားကြသည်။
“ဒီမှာရှိတဲ့အတားအဆီးတွေကို စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူမှ ဖြေရှင်းနိုင်တာ…”
လုလောက ထိုသို့ပြောပြီး အရံအတားအပေါ်သို့ လက်ဖြင့်ဖိ၏။ သူ့လက်မှ အပြာရောင်တောက်ပသွားသည်။ ဝှစ်ခနဲ မြည်သံနှင့်အတူ အလင်းအရံအတားသည် လုလော၏လက်နှင့်ထိမိသည့်နေရာတွင် အပေါက်တစ်ခု ပေါ်လာသည်။ ထို့နောက် သူက ဖြတ်ခနဲ အတွင်းဘက်သို့ ဝင်ရောက်၏။ အလင်းအရံအတားမှာ မြန်ဆန်သောနှုန်းဖြင့် ပြန်ပိတ်ဆို့သွားသည်။
ခဏအံ့အားသင့်သွားပြီး ဟန်လိကလည်း မိုးပြာမြူကို မှုတ်ထုတ်သည်။ ၎င်းနှင့်ထိမိသော အလင်းအရံအတားမှာ တလက်လက် ဖြာသွားပြီး သုံးမီတာလောက် အကျယ်ရှိ အပေါက်တစ်ခု ဖြစ်သွားသည်။ ဟန်လိက မူပိုင်လင်းခါးကို ပွေ့ဖက်ပြီး အထဲသို့ သူမကိုသူနှင့်အတူ ခေါ်သွားလေ၏။ မူပိုင်လင်းမှာတော့ ဟန်လိ၏ပွေ့ဖက်မှုကို ခံရချိန်တွင် ရှက်သွေးဖြာကာ ဖိုးသိုးဖပ်သပ် ခံစားသွားရ၏။
လုလောက ဟန်လိသည် အလင်းအရံအတားကို ဤမျှလွယ်လွယ်ကူကူ ချိုးဖျက်ဝင်လာတာ မြင်သည့်အခါ အံ့အားသင့်သွားမိ၏။ သို့သော် ခဏအတွင်း သူ့ဟန်ပန်က ပုံမှန်ပြန်ဖြစ်သွားသည်။
လုလောက အဆောက်အဦတချို့ထံ လက်ညှိုးထိုးပြပြီး ပြောသည်။
“ဒီအဆောက်အဦတွေက စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေနဲ့ သူတို့ခေါ်လာတဲ့ တပည့်တွေအတွက်ပေါ့။ သူတို့ ဆန္ဒရှိတဲ့အဆောက်အဦ ရွေးချယ်နိုင်တယ်။ တစ်ခုတော့ ရှိတာပေါ့…တခြားသူတစ်ယောက်ယောက်က အရင်မနေနေရင်ပေါ့။ ဒါပေမဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေအကုန်လုံးကတော့ ဒီမှာ နေချင်ကြတာမဟုတ်ဘူး။ မြို့အပြင် ဒါမှမဟုတ် တည်းခိုးခန်းမှာပဲ နေချင်ကြတဲ့ လူထူးခြားတွေလည်း ရှိကြတယ်…”
သည်အဆောက်အဦတစ်ချို့နေရာများတွင်တော့ ထင်ထားသလို အတားအဆီးအလင်းများ ရှိနှင့်နေပြီးပင်။
လုလောက သူတို့နှင့်မီတာနှစ်ယောက်လောက်ရှိ ကပ်လျက်ရှိနေသော အဆောက်အဦနှစ်ခုထံ လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ညီလေးဟန်…ကျုပ်တို့ ကပ်လျက်ပဲ နေကြတာပေါ့။ ဒါမှ တစ်ခုခုဆို တစ်ယောက်နဲ့တစ်ယောက် ကူညီပေးနိုင်မှာ…”
ဖြတ်ခနဲ့ တစ်ချက်စူးစမ်းကြည့်ပြီးနောက် ဟန်လိက ပြန်ဖြေသည်။
“အစ်ကို ပြောတဲ့အတိုင်းပဲ နေကြတာပေါ့…”
လုလောက တစ်ခုခု ပြောရန် ပြင်နေစဉ် ဖြူဝါရောင်အလင်းအရံအတားတစ်ခု ခြုံလွှမ်းထားသော အဆောက်အဦတစ်ခုထဲမှ ပုံရိပ်ငယ်တစ်ခု ထွက်ပေါ်လာသည်။ ဟန်လိနှင့်လုလောတို့က ထိုသူ့ထံ အကြည့်ရောက်သွားချိန်တွင် အံ့အားတသင့် ဖြစ်စွာဖြင့် ပြောလာ၏။
“အယ်…အစ်ကိုလု မဟုတ်လား။ ခင်ဗျား ဒီလောက် စောစောရောက်လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…”
ဟန်လိက ပြောလာသူထံ တစ်ချက်လှမ်းကြည့်၏။
ထိုသူမှာ ကောင်လေးတစ်ယောက်ပင်။ နူးညံ့ကာ ပြစ်ချက်ကင်းသော အသားအရည်ကိုလည်း ပိုင်ဆိုင်ထား၏။ သူသည် ဂိုဏ်းသုံးဂိုဏ်း၏မြင့်မြတ်သောဧရိယာ၌ ဟန်လိမြင်ဖူးသော မီးနဂါးကလေးငယ်ပင်။ သူက နှုတ်ဆက်စကား လှမ်းပြောပြီးသည်နှင့် ဟန်လိနှင့်မူပိုင်လင်းတို့ထံ အကြည့်ရောက်လာ၏။
ဉာဏ်ကောင်းသူဖြစ်၍ ဓားပြိုင်ပွဲ၏နောက်ဆုံးလက်ရွေးစင်များထဲ၌ သည်နှစ်ယောက် ပါဝင်ခဲ့ဖူးမှန်း သူ ပြန်အမှတ်ရသွား၏။ သို့ပေမည့် ဟန်လိသည် ခုချိန်တွင် ထူးကဲသောကျင့်ကြံခြင်းဖုံးကွယ်မှုပညာရပ်ကို အသုံးပြုထားသောကြောင့် အဆင့်တူကျင့်ကြံသူများအနေဖြင့် သူ့အပေါ် ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။ ခဏအံ့အားသင့်သွားပြီးနောက် ထိုကောင်လေးက သဘောပေါက်သွားပုံရ၏။
လုလောကလည်း သူ့ကို ပြန်ပြုံးပြ၏။ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက အတော်လေး ကောင်းမည့်ပုံပင်။
“ဟားဟား…လက်စသပ်တော့ ရောင်းရင်းလန်ကို။ ကျုပ်တို့က ရောက်လာတဲ့အချိန် စောတယ်လို့ ဘယ်ခေါ်နိုင်ပါ့မလဲ။ ခင်ဗျားကသာ ဒီကို မြန်မြန်ဆန်ဆန် ရောက်လာခဲ့တာမလား။ ဒါနဲ့…မိတ်ဆက်ပေးရဦးမယ်။ သူက ကျုပ်တို့ဂိုဏ်းထဲ မကြာသေးခင်က ဝင်ရောက်လာတဲ့အကြီးအကဲဟန်ပါ။ ညီလေးဟန်…မင်း အစ်ကိုလန်ကိုတော့ အရင်က တွေ့ဖူးတယ်မလား။ ရှည်ရှည်ဝေးဝေး မိတ်ဆက်ပေးနေစရာတော့ မရှိပါဘူးလေ…”
မီးနဂါးကောင်လေးက ထိုစကားကို ကြားသည့်အခါ မချိပြုံးပြုံးလေ၏။
“ရောင်းရင်းဟန်က မျောလွင့်တိမ်ဂိုဏ်းထဲ အကြီးအကဲအသစ်အဖြစ် ဝင်ရောက်ခဲ့တယ်ဆိုတာ အမှန်ပဲကို…။ အဲ့နေ့တုန်းက ကျုပ် တကယ်အကြည့်မှားခဲ့တာပဲ…”
“အခုရောင်းရင်းဟန်က မျောလွင့်တိမ်ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက် ဖြစ်လာပြီဆိုတော့ အဲ့တုန်းကိစ္စကို ဆက်ပြောနေစရာ မလိုတော့ပါဘူး။ ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က တကယ့်အချိန်ကိုက်ကို ရောက်လာကြတာပဲ။ ကျုပ်က နဂါးသလင်းခန်းမမှာ မိတ်ဆွေတချို့နဲ့ ပစ္စည်းချင်း ရောင်းဝယ်လဲလှယ်မလို့ သွားတွေ့စရာ ရှိနေတယ်။ ခင်ဗျားတို့နှစ်ယောက်ပါ လိုက်လာပြီး တစ်ချက်လောက် အခြေအနေ ကြည့်ကြည့်ပါလား။ ခင်ဗျားတို့ သဘောကျတဲ့ တစ်ခုခု တွေ့ချင်တွေ့နိုင်တာပေါ့…”
မီးနဂါးကောင်လေးက တည့်တိုးသမား ဖြစ်ပုံရ၏။ သူက ဟန်လိတို့နှစ်ယောက်ကို ကွေ့ဝိုက်မနေဘဲ တန်း၍ ဖိတ်ခေါ်လာ၏။
လုလောက ကျေနပ်ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။
“ဒီလိုဆိုမှတော့ ကျုပ်တို့က အချိန်အခါကောင်းမှာ ရောက်လာတာပေါ့ဗျာ…”
ထို့နောက်တွင် သူက ဟန်လိဘက်သို့လှည့်ပြီး အလေးအနက် ပြော၏။
“ညီလေးဟန်…စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေကြားမှာ ရတနာပစ္စည်းချင်းဖလှယ်တယ်ဆိုတာ ပြုလုပ်ခဲတယ်။ ကျုပ်တို့ သွားကိုသွားရလိမ့်မယ်။ မဟုတ်ရင် ပစ္စည်းကောင်းတွေနဲ့ လွဲချော်သွားနိုင်တယ်…”
ဟန်လိက တည်တည်ငြိမ်ငြိမ် ပြုံး၍ ပြော၏။
“စီနီယာအစ်ကိုလန်ကပဲ ကျုပ်တို့ကို လမ်းပြပေးပါ…”
ဟန်လိနှင့်လုလောတို့က သူတို့၏နေအိမ်များ ပတ်ချာလည်၌ အတားအဆီးများ ချခင်းပြီးနောက် မီးနဂါးကောင်လေးခေါ်ဆောင်ရာသို့ လိုက်ပါလာကြ၏။
ဟန်လိက မူပိုင်လင်းကို အချိန်တစ်ခုထိ သည်နေအိမ်တွင် နေထိုင်ရန် ညွှန်ကြားခဲ့လေ၏။
မီးနဂါးကောင်လေးက သွားရင်းလာရင်း သေချာရှင်းပြ၏။
“သလင်းနဂါးခန်းမဟာ ကိုးပြည်ထောင်စုအဖွဲ့ဝင် ကျုပ်မိတ်ဆွေကောင်း ဖွင့်လှစ်ထားတာ။ သူ့မှာက အဆက်အသွယ်တွေက များတယ်လေ။ အင်အားစုတိုင်းက လူတိုင်းလိုလိုနဲ့ သူက သိကျွမ်းတယ်။ ဒါကြောင့် သူက ဒီပစ္စည်းချင်းဖလှယ်ပွဲကို ကျင်းပနိုင်တာ။ ဒါပေမဲ့ မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်အောင် ဒီပွဲကို တက်ရောက်မဲ့သူတိုင်းက သူတို့ရဲ့ရုပ်အမှန်ကို ဖုံးကွယ်ထားဖို့တော့ လိုမယ်…”
လုလောက စိတ်လှုပ်ရှားသွားပြီး အံ့အားတသင့်ဖြင့် မေးလိုက်၏။
“အစ်ကိုလန်ပြောတဲ့သူက တာအိုသခင်ကောင်းကင်သလင်းမလား။ ဒါပေမဲ့ ကောင်းကင်သလင်းက ဒီလိုစီးပွားရေးကိစ္စတွေ လုပ်ကိုင်ရတာ သဘောမတွေ့ဘူးလားလို့။ သူက တကယ်ပဲ ဒီတွေ့ဆုံပွဲကို လက်ခံကျင်းပတာလား…”
မီးနဂါးကောင်လေးက အားပါးတရ ရယ်မောပြီး ပြောသည်။
“ဟားဟား…ရောင်းရင်းလုက ကျုပ်မိတ်ဆွေဟောင်းရဲ့ နာမည်ကို သိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ အမှန်ပဲ။ ဒီလူက ခုလိုမျိုးပွဲတွေ ကျင်းပရတာ မနှစ်သက်ဘူး။ ဒါပေမဲ့ သူ ရှာနေတဲ့ ပစ္စည်းအမယ်တချို့ကလည်း ရှိနေတယ်။ ဒါကြောင့် အဲ့ပစ္စည်းအမယ်တွေကို ရလိုရငြား ဒီတွေ့ဆုံပွဲကို ကျင်းပတာလို့တော့ ကျုပ် ထင်တာပဲ…”
လုလောက ခေါင်းညိတ်၏။
“အင်း…အဲ့လိုပဲ ဖြစ်ပါလိမ့်မယ်…”
ဟန်လိက သည်နှစ်ယောက် ပြောတာကို နားသာထောင်နေ၏။ ဘာမျှဝင်မပြောပေ။ သူ့အမူအရာကလည်း တည်ငြိမ်လျက်သာ ရှိနေ၏။
သူတို့သုံးယောက်သားသည် ရှေ့ရှိ အဖြူရောင်အဆောက်အဦခန်းမတစ်ခုထံ လျှောက်လှမ်းသွားကြသည်။ သည်အဆောက်အဦသည် သုံးထပ်ဖြစ်၏။ အပေါ်ထပ်များက ပိုကျဉ်းကြသည်။ အဆောက်အဦ ဝင်ပေါက်တွင် “သလင်းနဂါးခန်းမ” ဟူသည့်ဆိုင်းဘုတ်ကို ချိတ်ဆွဲထား၏။