စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ၏ တွေ့ဆုံပွဲ
Vol. 49 Ch. 678
“ဒီနေရာပဲ။ ရောင်းရင်းတို့ အထဲဝင်ကြမယ်လေ…”
မီးနဂါးကောင်လေးသည် သူတို့နှစ်ယောက်ကို လှမ်းကြည့်ပြုံးပြပြီး သလင်းနဂါးခန်းမထဲသို့ ရှေ့ကနေ ဝင်သည်။
သူတို့က ခန်းမဂိတ်တံခါးဝနား ရောက်လာချိန်တွင် ဟန်လိသည် အတွင်းဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး အံ့ဩသွားမိသည်။ အတွင်းပိုင်းအပြင်အဆင်မှာ သာမန်စားသောက်ဆိုင်တစ်ဆိုင်ကဲ့သို့သာ ပြင်ဆင်ထား၏။ စားနေသောက်နေကြသော ဧည့်သည်များအပြည့်ဖြစ်နေရုံသာမက စားပွဲဝိုင်းများကြား သစ်သားဗန်းများသယ်ဆိုင်ပြီး လူးလားခေါက်တုံ့သွားနေသော စားပွဲထိုးလေးများလည်း ရှိလို့နေသည်။ ဝိုင်ကောင်းကောင်း၊ အစားအသောက်ကောင်းကောင်း ရနံ့များ သင်းပျံ့နေ၏။ ခွက်တိုက်သံများကိုပါ ကြားရ၏။
သူတို့သည် ဂိတ်တံခါးကို တွန်းဖွင့်၍ ဝင်လာပြီးနောက် ဘေးတွင် ချိတ်ဆွဲထားသော တစ်ပေခန့်သစ်သားပြားတစ်ခုကို မြင်လိုက်ရသည်။
၎င်းသစ်သားပြားပေါ်၌ “ ဒီမှာ လူပြည့်နေပြီ…အပြင်လူတွေ လက်မခံတော့ပါ” ဟူသည့်စာသားများကို မင်နက်ဖြင့် ရေးသားထားသည်။
“ဒီလူ ကောင်းကင်သလင်းကတော့ကွာ။ ဒီလိုရူးကြောင်ကြောင်ပုံရိပ်ယောင်ပညာရပ်တွေနဲ့ ဆော့ကစားနေတုန်းပဲကို။ တကယ်ပါပဲ…”
ထိုစကားများကို တီးတိုးရေရွတ်ပြီးနောက် မီးနဂါးကောင်လေးသည် ရှေ့မှမြင်ကွင်းကို အာရုံစိုက်မနေတော့ဘဲ အထဲသို့ ဝင်ချသွားသည်။
ထိုစကားကို ကြားရချိန် ဟန်လိ၏စိတ်မှာ လှုပ်ခတ်သွား၏။ သူ့စိတ်ဝိညာဉ်အာရုံဖြင့် သည်အခြေအနေကို ကြည့်ရှုသည်။ ခဏအကြာတွင် သူ့ပုံစံအသွင်က တစ်မျိုးဖြစ်သွား၏။ မည်သို့ပင်ဖြစ်စေ သူသည် အထဲသို့ ဆက်ဝင်လာ၏။ သူတို့က ဂိတ်တံခါးကို ကျော်လာသည်နှင့် ဧည့်သည်များ၊ စားပွဲထိုးများ၊ ရနံ့များ၊ အသံဗလံများ အားလုံးကား တမဟုတ်ချင်း ပျောက်ကွယ်သွားလေ၏။
ဟန်လိက ဘေးဘီကို ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သည်အဆောက်အဦ ပတ်ပတ်လည်၌ မီးခိုးရောင်မြူလွှာတစ်ခုသာ ကျန်ရှိတော့တာ သူ တွေ့မြင်ရသည်။ ဤတွင် မီးထွန်းထားသည့် ကြေးနီမီးအိမ်တစ်လုံး တင်ထားသည့် စားပွဲဟောင်းတစ်လုံးသာ ရှိနေသည်။ မီးအိမ်နောက်တွင်မူ မီးခိုးရောင်ဝတ်စုံနှင့်တာအိုသခင်တစ်ယောက် ထိုင်နေ၏။ သူ၏မျက်နှာမှာ ဖော်ရွှေမည့်ပုံပင်။ သူက အသက်ခြောက်ဆယ်ဝန်းကျင်လောက် ရှိရော့မည်။ ထိုသူသည် ဟန်လိတို့သုံးယောက်ကို ပြုံး၍ လှမ်းကြည့်နေ၏။
“အစ်ကိုလန်က ဧည့်သည်တွေပါ ခေါ်ပြီး ရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဒီတာအိုသခင်အိုက အမြင်အာရုံတွေ သိပ်မကောင်းတော့တာ ဖြစ်မယ်။ ခင်ဗျားနဲ့ပါလာတဲ့ မိုးပြာရောင်ဝတ်စုံနဲ့ရောင်းရင်းကို ကျုပ် အရင်က မမြင်ဖူးဘူး ထင်တယ်။ သူက စဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းလာခဲ့တာ မကြာသေးတာများလား…”
မီးခိုးရောင်ဝတ်ရုံနှင့်တာအိုသခင်က ပြုံးပြီး သူတို့ကို ဖိတ်မန္တတစကား ဆိုသည်။ တွေ့တွေ့ချင်း သူ့ပြောပုံဆိုပုံအရ သူ့ကို အထင်အမြင်ကောင်းတစ်ခု ရသွားစေနိုင်လောက်သည်။
မီးနဂါးကောင်လေးက ပြန်ပြုံးပြ၏။ သို့သော် သူက ခပ်လောလောနှင့် ပြောလိုက်၏။
“အစ်ကိုတော်ကောင်းကင်သလင်း။ ကျုပ်က မဖိတ်ခေါ်ထားတဲ့ ဧည့်သည်နှစ်ယောက်ကိုပါ ခေါ်လာခဲ့တဲ့အတွက် ခင်ဗျားအတွက် အဆင်ပြေရဲ့လား။ နှင်တော့ မလွှတ်ဘူးမလား…”
“ဘာလို့ကျုပ်က နှင်လွှတ်ရမှာလဲ။ ဒီနေရာက တာအိုရောင်းရင်းအားလုံးကို ကြိုဆိုတာပေါ့။ ဒါအပြင် ကျုပ်က တာအိုရောင်းရင်းလုနဲ့လည်း သိကျွမ်းဖူးသားပဲကို။ သူနဲ့ တူတူပါလာတဲ့ တစ်ယောက်ကတော့…”
ဟန်လိက ရှေ့သို့လှမ်း၍ မိတ်ဆက်စကားဆိုသည်။
“ကျုပ်ကတော့ မျောလွင့်တိမ်ဂိုဏ်းက ဟန်လိပါ။ စဦးစိတ်ဝိညာဉ်အဆင့်ကို ဝင်ရောက်တာ သိပ်မကြာသေးပါဘူး။ ရောင်းရင်း ကောင်းကင်သလင်းအနေနဲ့ အနာဂတ်မှာ ကျုပ်ကို လမ်းညွှန်စရာရှိရင် ညွှန်ကြားပေးဖို့ မျှော်လင့်မိပါတယ်…”
ကောင်းကင်သလင်းသည် ကျေနပ်သွား၏။ သူက ပြောသည်။
“ဆိုတော့…ရောင်းရင်းလုရဲ့ဂိုဏ်းဖော်ပေါ့။ ခင်ဗျားအသက်အရွယ်နဲ့ဆို အနာဂတ်မှာ အလားအလာ အများကြီး ရှိနေတာပဲ…”
“ကဲကဲ…တော်လောက်ပြီ…မိတ်ဆွေကြီး။ တခြားသူတွေလည်း မကြာခင် ရောက်လာကြတော့မှာမလား။ ကျုပ်တို့ အပေါ်ထပ် သွားတော့မယ်…”
ထိုသို့ပွင့်ပွင့်လင်းလင်း ပြောပုံအရ မီးနဂါးကောင်လေးမှာ ထိုသူနှင့်အတော်လေး ရင်းနှီးပုံပင်။
တာအိုသခင်ကောင်းကင်သလင်းက သက်ပြင်းချကာ ပြောသည်။
“အစ်ကိုလန်က စိတ်မရှည် ဖြစ်နေတုန်းပဲကို။ လူတိုင်းနီးပါး ရောက်နေပါပြီ။ ပိုစိတ်မရှည်တဲ့အချို့တွေဆို အထဲမှာ အရောင်းအဝယ်တောင် လုပ်နေကြပြီ။ ဒီတာအိုရောင်းရင်းနှစ်ယောက်အတွက် မျက်နှာဖုံးနှစ်ခုက ဒီမှာ။ ဒါနဲ့ အစ်ကိုလန်ကော တစ်ခုယူဦးမလား…”
ထို့နောက် သူ့လက်ကို ဝေ့ရမ်းကာ အနက်ရောင်သစ်သားမျက်နှာဖုံးနှစ်ခုကို ဆင့်ခေါ်လိုက်၏။ ၎င်းတို့၏မျက်နှာပြင်ပေါ်တွင် အဆောင်သင်္ကေတများ ရှိလို့နေသည်။
မီးနဂါးကောင်လေးက စိတ်ရှုပ်ဒေါသထွက်သွားပုံရ၏။ သူက နှာမှုတ်ကာ ဘုပြော ပြောသည်။
“ကျုပ်ရဲ့ ပုံပန်းသွင်ပြင်ကို ခင်ဗျား သိထားပြီးသားပဲမလား။ ကျုပ်အတွက် မျက်နှာဖုံး ဝတ်ဝတ်၊ မဝတ်ဝတ် ဘာများ ထူးသွားမှာမလို့လဲ။ ကျုပ်ကိုယ်ကျုပ် ဖုံးကွယ်ထားလို့ ရမှာမှမဟုတ်တာ…”
“ကောင်းပါပြီ…ကောင်းပါပြီ။ ကျေးဇူးပြုပြီး တက်သွားကြပါ။ ဒီအဘိုးအို ခနနေ လာခဲ့ပါ့မယ်…”
ကောင်းကင်သလင်းက ဘယ်လိုမျှသဘောမထားဟန်ဖြင့် ပြုံးပြပြီး ဟန်လိနှင့်လုလောတို့ထံ မျက်နှာဖုံးများ ကမ်းပေးလိုက်သည်။ တစ်ချိန်တည်းမှာ သူ့နောက်ရှိ မြူထံသို့ အဖြူရောင်အလင်းတန်းတစ်ခု တိုးဝင်သွား၏။ ထိုမြူ ပျောက်ကွယ်သွားချိန်တွင် ဒုတိထပ်သို့ တက်ရောက်နိုင်သည့် လှေကားထစ်များ ပေါ်လာသည်။
လောကွက်ချော်မနေတော့ဘဲ မီးနဂါးကောင်လေးက စားပွဲဝိုင်းကိုပတ်ကာ ဒုတိယထပ်သို့ တန်းတက်သွားသည်။ လုလောနှင့်ဟန်လိတို့ကမူ တာအိုသခင်ကို နှုတ်ဆက်ပြီး သူ့နောက်မှ လိုက်တက်သွားကြသည်။
ဟန်လိသည် သူ့မျက်နှာဖုံးမှာ လုလောဟာနှင့်တူတူမှန်း တွေ့ရ၏။ သူက ၎င်းကို ကောက်တပ်ပြီး အပေါ်သို့ တက်သွားလေ၏။
မျက်နှာဖုံးက ထိကြည့်သည့်အခါ အေးစက်မှုနှင့်နူးညံ့မှုကို ခံစားရသည်။ ဟန်လိကို အံ့အားသင့်သွားစေသည်မှာ ၎င်းမျက်နှာဖုံးသည် တပ်ရတာ သက်သောင့်သက်သာ ဖြစ်လွန်းနေခြင်းပင်။ မျက်နှာဖုံး တပ်ထား၍ ကသိကအောက် ဖြစ်သည့်ခံစားချက်မျိုး လုံးဝ ရမနေပေ။
သူက လုလောဘက်သို့ ခေါင်းလှည့်ကြည့်၏။ လုလောလည်း မျက်နှာဖုံးတပ်ထားတာကို မြင်လိုက်ရသည်။ ဤသည်ကို ကြည့်ကာ ဟန်လိက ပြုံးမိသွားသည်။
ဤသို့နှင့် သူတို့သုံးယောက်သားသည် ဒုတိယထပ်သို့ ရောက်လာကြသည်။ လကျောက်များကို မျက်နှာကြက်နှင့်နံရံများကြား နှစ်မြှုပ်ထား၍ ဒုတိယထပ်မှာ ကောင်းကောင်းအလင်းရနေသည်။
ဟန်လိကို အံ့အားသင့်သွားစေတာတစ်ခုကတော့ သည်အထပ်က ပထမထပ်ထက် ပိုကျယ်ဝန်းနေခြင်းပင်။ အပြင်ကကြည့်လျှင်တော့ ပိုကျဉ်းသယောင်ယောင် ရှိသော်ငြား အမှန်တကယ်တွင် ပိုကျယ်ကျယ်ဝန်းဝန်းရှိနေသည်။
ဒုတိယထပ်တွင် နံရံကပ်၍ စားပွဲများ စီးတန်းထား၏။ စားပွဲတစ်ခုစီနောက်တွင် ထိုင်ခုံများလည်း ရှိသည်။ ပုံစံမျိုးစုံဝတ်စားထားသော ကျင့်ကြံသူများလည်း ဤတွင် ရှိနေ၏။ သူတို့၏ခန္ဓာကိုယ်ပုံစံ၊ ဆံပင်ပုံစံတို့ကြောင့် ဤအုပ်စုတွင် ယောက်ကျား၊မိန်းမ၊ အသက်အရွယ်ပေါင်းစုံ ပါဝင်နေပေမည်။
ဟန်လိတို့အုပ်စု ရောက်လာချိန်တွင် အေးတိအေးစက်အကြည့်များက သူတို့ထံ ဝေ့ခတ်ကျရောက်လာသည်။ အများစုကမူ ဖုံးကွယ်မထားသော မီးနဂါးကောင်လေးကို သိကြ၏။ သူတို့၏အကြည့်များထဲ၌ တရင်းတနှီးဖြစ်သည့်အကြည့်၊ မုန်းတီးသည့်အကြည့်၊ မထူးခြားဟန်အကြည့်တို့ အစုံပါသည်။ အချို့ဆို သတ်ဖြတ်လိုစိတ်ကိုပင် အကြည့်ထဲ၌ ဖုံးကွယ်မထားကြပေ။ ကြည့်ရတာ ထိုသူများမှာ မီးနဂါးကောင်လေးနှင့် အတိတ်တုန်းက ရန်သူတော်ကြီးများ ဖြစ်ချေလိမ့်မည်။
မီးနဂါးကောင်လေးက ထိုအကြည့်များကြောင့် ပူပန်မနေပေ။ ဟန်လိနှင့်လုလောတို့ကို ခေါ်ကာ သူက စားပွဲလွတ်ထံ ဦးဆောင်လာ၏။ ထိုအခိုက်တွင် ဟန်လိသည် အခြားသူများကို ခြုံငုံ၍တစ်ချက်ကြည့်လိုက်သည်။
မျက်နှာဖုံးများနှင့် ဖုံးကွယ်ထားသောကြောင့် ဟန်လိကဲ့သို့ စိတ်ဝိညာဉ်အာရုံ၌အစွမ်းထက်လှသူများပင် တစ်ဖက်လူတို့၏မျက်နှာများကို ရှင်းလင်းစွာ မြင်နိုင်ခြင်း မရှိပေ။ သို့ရာတွင် စိတ်ဝိညာဉ်ချီ အတက်အကျကြောင့် သည်လူအားလုံးမှာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများသာ ဖြစ်မှန်း သိနိုင်သည်။ သည်အုပ်စုထဲ၌ စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကျင့်ကြံသူနှစ်ယောက်ပင် ပါနေသေးသည်။ သို့ပေမည့် သူတို့က သီးခြားထိုင်နေပြီး မည်သူကမျှ သူတို့ဘေးတွင် လက်လွတ်စပယ်သွားမထိုင်ဝံ့ကြပေ။
သည်အခန်းထဲတွင် အနည်းဆုံးစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ အရောက်နှစ်ဆယ်လောက် ရှိရော့မည်။
အရင်တုန်းက ဟန်လိသည် ဤမျှများပြားသော စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများကို တစ်နေရာတည်း၌ တစုတစည်းတည်း မမြင်ဖူးခဲ့ပေ။ ကြည့်ရတာ ကျင့်ကြံခြင်းအဆင့်တူသူများသည် တစ်ဦးနှင့်တစ်ဦး ပိုဆုံကြသည့်သဘောများလား။
ဟန်လိက၏မျက်လုံးအကြည့်က တောက်ပသွား၏။ ရုတ်တရက် သူက အခန်းဝထောင့်ထံ အာရုံစိုက်၍ လှမ်းကြည့်သည်။ တာအိုသခင်ကောင်းကင်သလင်း ပြောခဲ့သလိုပင် အအခန်းထဲ၌ စိတ်မရှည်သူအချို့ ရှိနေတာအမှန်ပင်။ သူတို့က စားပွဲဝိုင်းတစ်ခုနားမှ စုနေကြ၏။
သူတို့က နှုတ်ခမ်းလှုပ်၍ အသံပို့လွှတ်ကာ စကားပြောနေ၏။ ရံဖန်ရံခါ သူတို့က ကျောက်စိမ်းသေတ္တာများနှင့်ပုလင်းငယ်များကို လဲလှယ်ခြင်းဖြင့် အသေးစားအရောင်းအဝယ် ပြုလုပ်နေကြသည်။
သို့ပေမည့် အခန်းထဲရှိကျင့်ကြံသူအများစုကမူ မျက်လုံးမှိတ်၍ ထိုင်နေကြသည်။ သူတို့သည် လူစုံအောင် စောင့်နေခြင်းပင်။ လူစုံမှ အရောင်းအဝယ် ဝင်လုပ်ကြမည်ဟု စိတ်ကူးထားသူများ ဖြစ်၏။ အခြားသူများ အာရုံမစိုက်မိအောင် ကျင့်ကြံသူ တော်တော်များများက ခပ်မဆိတ်သာ ရှိနေကြ၏။ တစ်ယောက်နှင့်တစ်ယောက် စကားပြောသည့်အခါတွင်လည်း အသံပို့လွှတ်၍သာ ပြောကြဆိုကြသည်။
ဤသို့ဖြင့် ဒုတိယထပ်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလေ၏။ မီးနဂါးကောင်လေးသည် မျက်နှာဖုံး မဝတ်ထား၍ လူအများ အာရုံစိုက်ခံနေရ၏။ မည်သို့ပင်ဖြစ်စေ မျက်နှာဖုံးမတပ်ဘဲ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ထားသူများမှာ သူ တစ်ယောက်တည်းတော့ မဟုတ်ပေ။
ဟန်လိနှင့် ညာဘက်ဓားလွယ်ခုတ်တွင်လည်း မျက်နှာဖုံး မတပ်ထားသော လူဝကြီးတစ်ယောက် ထိုင်နေ၏။ သူ့ခါးဆို သာမန်လူထက် လေးစလောက်ကို ပိုတုတ်၏။ ထိုင်ခုံနှင့်ပင် သိပ်မဆန့်ချင်သလို ထင်ရ၏။ သည့်အတွက်ကြောင့်လည်း ထိုလူဝကြီးမှာ စိတ်ထဲ စနိုးစနှောင့် ဖြစ်မနေပေ။ ဟန်လိ သူ့ကို လှမ်းကြည့်တာ မြင်သည့်အခါ လှမ်းပြုံးပြလာ၏။ သို့သော်…သို့သော်…သူ့မျက်နှာပေါ်ရှိ အဆီအထပ်ထပ်ကြောင့် သူ့ဖော်ရွှေမှုကို လက်ခံဖို့ရာ ခက်နေစေ၏။
သူ့ဘေးတွင်မူ ဒေါင်ကောင်းကောင်းနှင့်အမျိုးသမီးကျင့်ကြံသူတစ်ယောက် ထိုင်နေ၏။ သူမက မျက်နှာဖုံးတော့ တပ်ထားပါ၏။ သို့ပေမည့် သူမ၏မျက်လုံးအကြည့်တို့မှာ ညှို့ငင်မှုတို့ ပြည့်နေသည်။ ဤနေရာတွင် ရှိနေသူများမှာ ကျင့်ကြံမှုအဆင့်မြင့်မားသလို မြေခွေးလိုလူစားမျိုးတွေ ဖြစ်သောကြောင့် မည်သူကမျှ သူမ၏ညှို့ငင်မှုအပေါ် အာရုံစိုက်မနေကြပေ။
ဟန်လိက သူတို့ထံ လှမ်းကြည့်နေတာ မြင်သည့်အခါ လုလောက အသံပို့လွှတ်လာ၏။
“ညီလေးဟန်…သတိထား။ အဲ့ဝတုတ်က အန္တရာယ် မပေးနိုင်သလိုလို ထင်ရပေမဲ့ တကယ်တော့ သူနဲ့သူ့ဘေးကမိန်းမဟာ သဟဇာတအနှောင့်အဖွဲ့ဂိုဏ်းက အသွေးအသားနဲ့ပါးနီဆိုတဲ့ မိစ္ဆာကျင့်ကြံသူတွေပဲ။ သူတို့ရဲ့ စုံတွဲကျင့်ကြံခြင်းပညာရပ်တွေကြောင့် သူတို့ဟာ စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူတွေကိုတောင် ယှဉ်တိုက်နိုင်ကြတယ်။ ရင်ဆိုင်ရ ခက်လို့ သူတို့ကို ရန်မစမိတာ ကောင်းတယ်…”
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် သတိထားသွား၏။ သူက သူရှိန်ရမည့် စာရင်းထဲ ထိုနှစ်ယောက်ကို ချက်ခြင်း မှတ်သားထားလိုက်သည်။ အခန်းထဲရှိ အခြားကျင့်ကြံသူအားလုံး၏ အသွင်အပြင် သဘောသဘာဝကို လေ့လာကြည့်ရှုပြီးနောက်မှာတော့ ဟန်လိက မျက်လုံးမှိတ်ကာ တိတ်တဆိတ်ကျင့်ကြံနေလိုက်တော့၏။
အချိန်တစ်ခုကြာပြီးနောက် နောက်ထပ် မျက်နှာဖုံးတပ် ကျင့်ကြံသူ သုံးလေးငါးယောက် အခန်းထဲ ဝင်လာကြသည်။ နောက်ဆုံး ဝင်လာသူမှာ တာအိုသခင်ကောင်းကင်သလင်းပင်။ သူ ဝင်လာသည့်အခါ သည်မှာရှိနေသောကျင့်ကြံသူအားလုံး၏အာရုံက သူ့ထံ ကျရောက်လာသည်။ သူသည် အခန်းအလယ်သို့ လျှောက်လာပြီး လက်ဝေ့ရမ်းကာ စားပွဲတစ်လုံးနှင့်ခုံတစ်လုံးတို့ကို ဆင့်ခေါ်လိုက်၏။ ထို့နောက် သူက ပြုံး၍ ပြောသည်။
“လူစုံတက်စုံ ဖြစ်ပြီဆိုတော့ ဘယ်သူမှ ဘာမှ တခြားတစ်ခုခု ပြောစရာ မရှိတော့ဘူးဆို အရောင်းအဝယ်ပွဲ စလိုက်ကြရအောင်…”