← Chapters

ရွေးချယ်စရာ နှစ်လမ်း

Vol. 49 Ch. 683

ရွေးချယ်စရာ နှစ်လမ်း

Vol. 49 Ch. 683

ဟန်လိက ဘေးမှဖြတ်သွားသော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ဦးကို အေးစက်စွာ လှမ်းကြည့်လိုက်ရာ ထိုသူနှစ်ဦးမှာ ချက်ခြင်းပါးစပ်ပိတ်သွားကြသည်။ ထိုသက်လတ်ပိုင်း ကျင့်ကြံသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်၊ မည်သည့်ဂိုဏ်းမှဖြစ်သည်ကို သူ မသိသလို သိရန်လည်း စိတ်မဝင်စားပေ။

ထိုအချိန်တွင် ဆိုင်ရှင်နှင့်ဆိုင်အကူနှစ်ဦးမှာမူ ဟန်လိ၏ ပြင်းထန်လှသော စိတ်ဝိညာဉ်ဖိအားကြောင့် မြေပြင်ပေါ်တွင် ဝပ်စင်းနေကြရပြီဖြစ်သည်။ သူတို့မှာ လှုပ်ပင်မလှုပ်နိုင်ကြဘဲ ထိတ်လန့်တုန်လှုပ်နေကြ၏။ ဟန်လိသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူတို့အနေဖြင့် ပို၍ပင် ကြောက်လန့်သွားကြသည်။ သူတို့က အသနားခံရန် ကြိုးစားသော်လည်း အသံထွက်လာဖို့နေနေသာသာ အသက်ရှူရန်ပင် ခက်ခဲနေကြသည်။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးမှာလည်း စိုးရိမ်သွားကြ၏။ သတ္တိကြောင်သူအချို့ဆို ပြဿနာထဲ ပါဝင်ပတ်သက်မိမည်စိုး၍ အမြန်ထွက်ပြေးကုန်ကြသည်။

ဟန်လိသည် စွန်ဟောက်ကို ငဲ့ညှာသောအားဖြင့် ဖိအားများ မသက်ရောက်အောင် ထိန်းထားပေးသော်လည်း စွန်ဟောက်မှာမူ စစချင်းထိတ်လန့်သွားခဲ့ရသည်သာ။ သို့သော် ဟန်လိကို မည်သူမည်ဝါမှန်း မှတ်မိသွားသည်နှင့်တစ်ပြိုင်နက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရိုသေစွာဖြင့် ပြောဆိုသည်။

“တပည့် စွန်ဟောက်က စီနီယာဘိုးဘေးဟန်ကို ဂါရဝပြုပါတယ်ခင်ဗျာ။”

ရှေ့မှလူသုံးယောက်ကို လစ်လျူရှုထားလိုက်ပြီး ဟန်လိက စွန်ဟောက်လက်ထဲမှ စုတ်ပြဲနေသော အဆောင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ငါ့ကိုယ်ငါ မိတ်ဆက်ပေးဖို့ မလိုတော့ဘူးထင်တယ်။ မင်း ငါ့ကို မှတ်မိနေတာပဲ…”

စွန်ဟောက်သည် ယခင်က မြင့်မြတ်နယ်မြေတစ်ခုတွင် ဟန်လိအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့ဖူးသည်များကို သတိရသွားပြီး စိုးရိမ်တကြီးဖြင့်

“တပည့်က စီနီယာဘိုးဘေးရဲ့ အစစ်အမှန်ပုံရိပ်ကို မသိခဲ့လို့ပါ။ တပည့်ရဲ့ မိုက်မဲတဲ့ စကားတွေကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ…” ဟု တောင်းပန်စကားဆိုသည်။

ဟန်လိက စွန်ဟောက်ကို ကြည့်ပြီး အေးဆေးစွာပင် ပြန်ပြော၏။

“အဲဒီအချိန်တုန်းက ငါက ဂိုဏ်းရဲ့ အကြီးအကဲ မဖြစ်သေးတော့ မင်းကို အပြစ်မယူပါဘူး။ ဒါပေမဲ့ မင်းလက်ထဲက စုတ်ပြဲနေတဲ့ အဆောင်ကတော့ ငါနဲ့ ပတ်သက်နေပုံရတယ်…”

စွန်ဟောက် တစ်ချက် ကြောင်သွားပြီးနောက် တစ်ခုခုကို သတိရသွားကာ ဝမ်းသာအားရ ပြောလာ၏။

“ဒါဆိုရင် ဒီစုတ်ပြဲနေတဲ့ အဆောင်က...”

ဟန်လိက လက်ကာပြကာ တားလိုက်သည်။

“ဒီကိစ္စကို နောက်မှပြောကြတာပေါ့။”

ထို့နောက် ဟန်လိသည် ကောင်းကင်ယံမှ ပျံသန်းလာသော ငွေရောင်အလင်းတန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

မိုးမျှော်ကင်းကင်မြို့တော်အတွင်း၌ ပျံသန်းခွင့်ရှိသူမှာ ကိုးပြည်ထောင်စုအဖွဲ့အစည်းမှ မြို့စောင့်တပ်ဖွဲ့ဝင်များသာ ဖြစ်သည်။ သူတို့သည် ကုန်သွယ်ရေးပွဲတော်အတွင်း စည်းကမ်းထိန်းသိမ်းရန် တာဝန်ရှိသူများဖြစ်သည်။ စွန်ဟောက်လည်း ဆက်မပြောရဲတော့ဘဲ ငြိမ်ငြိမ်လေး ရပ်နေလိုက်သည်။ သို့သော် သူ၏ ရင်ထဲတွင်မူ ရင်ခုန်စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး လက်ထဲမှ အဆောင်အပိုင်းအစကို ပို၍ ဂရုတစိုက် ဆုပ်ကိုင်ထားလိုက်မိသည်။

ခဏအကြာတွင် အလယ်အလတ်အဆင့်အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သူ အဘိုးအိုတစ်ဦး ရောက်လာသည်။ သူက အဝါရောင်ဆံပင်ကို ပိုင်ဆိုင်ထား၏။ သူ၏အင်္ကျီရင်ဘတ်တွင် မြို့စောင့်တပ်ဖွဲ့၏ တံဆိပ်ဖြစ်သော ရွှေရောင်ဓားငယ်အမှတ်အသားကို ထိုးနှံထားသည်။ ထိုအဘိုးအိုသည် ဟန်လိ၏ပြင်းထန်သောဖိအားကို အဝေးကပင် ခံစားမိသော်လည်း ဤနေရာသည် သူ၏ တာဝန်ကျရာနယ်မြေ ဖြစ်နေသဖြင့် လာရောက်ရင်ဆိုင်ရခြင်းဖြစ်သည်။ သူ့၌ ရွေးချယ်စရာမရှိနေပေ။

အဘိုးအိုက ဟန်လိကို မြင်သည်နှင့် တလေးတစား ပြောလာ၏။

“ကျွန်တော်မျိုး ဝူဖေးက မြို့စောင့်တပ်ဖွဲ့ဝင်တစ်ဦးပါ။ စီနီယာ ဘာကြောင့် အမျက်ထွက်နေရတာလဲဆိုတာ ကျွန်တော်မျိုး မသိပါဘူး။ ကူညီပေးနိုင်တာများ ရှိမလားခင်ဗျာ။”

ကျင့်ကြံမှုအဆင့်ချင်း ကွာခြားလွန်းသဖြင့် သူက အလွန်ရိုသေစွာ ပြောဆိုရှာ၏။

ဟန်လိက လက်နောက်ပစ်ကာ တည်ငြိမ်စွာဖြင့် ပြော၏။

“ဘာမှမဟုတ်ပါဘူး။ ငါ လမ်းလျှောက်နေတုန်း ဒီဆိုင်ရှင်က ငါတို့ မျောလွင့်တိမ်ဂိုဏ်းအကြောင်း တစ်ခုခု ပြောနေတာ ကြားလိုက်လို့ပါ။ အဲဒါကြောင့် သူပြောတာကို ငါ့ရှေ့မှာ နောက်တစ်ခေါက် ပြန်ပြောခိုင်းမလို့ပဲ။”

“အို... ဒီဆိုင်ရှင်က တကယ်ကို ပေါက်လွတ်ပဲစား လျှောက်ပြောတာပဲ။ စီနီယာ့ကို စော်ကားရဲတယ်ပေါ့။ မင်းတို့သုံးယောက်... မြန်မြန် တောင်းပန်ကြစမ်း…”

အဘိုးအိုမှာ ဟန်လိ၏ စကားကို ကြားရုံနှင့် ခေါင်းခဲသွားသည်။ ဂိုဏ်းတစ်ခု၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လာလျှင် ကိစ္စက ပေါ့သေးသေး မဟုတ်တော့ပေ။

ဟန်လိက သူ၏ဝိညာဉ်ဖိအားကို ပြန်ရုပ်သိမ်းလိုက်ရာ ဆိုင်ရှင်သုံးဦးမှာ မြေပြင်ပေါ်မှ တုန်တုန်ရင်ရင်ဖြင့် ထလာကြသည်။ ဆိုင်ရှင်က ဖြူလျော်သော မျက်နှာဖြင့် တောင်းပန်စကားဆိုသည်။

“စီနီယာ... ကျွန်တော်မျိုး ပြောခဲ့တာတွေ အကုန်မှားပါတယ်။ စီနီယာ့ဂိုဏ်းကို စော်ကားဖို့ လုံးဝ ရည်ရွယ်ချက်မရှိပါဘူး။ အခုနက ဒီမိတ်ဆွေ ဖျက်ဆီးလိုက်တဲ့ မီးတိမ်အဆောင်အတွက်လည်း လျော်ကြေးမယူတော့ပါဘူး။ ကျွန်တော်မျိုး တောင်းပန်ပါတယ်ခင်ဗျာ။”

ဟန်လိက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဘာလဲ... မင်းကို ဒီအတိုင်း လွှတ်ပေးမယ်လို့ ထင်နေတာလား။ အဲဒီသေတ္တာထဲက မီးတိမ်အဆောင်ကို ငါအရင်ကြည့်မယ်။ အဲဒါက တကယ်ပဲ အဆောင်ပညာရှင်ကြီးတစ်ယောက် လုပ်ထားတာဆိုရင် ဒီတပည့်အတွက် ငါကိုယ်တိုင် စိတ်ဝိညာဉ်ကျောက်တုံးပေးပြီး လျော်ကြေးပေးမယ်။ ဒါပေမဲ့ အဲဒါကသာ မဟုတ်ခဲ့ရင်တော့...”

ဆိုင်ရှင်က အခြေအနေကို ချက်ချင်းရိပ်မိသွားပြီး ဟန်လိ သေတ္တာကို မကြည့်ခင်မှာပင် အရင်ဦးစွာ ဝန်ခံလိုက်၏။

“မလိုတော့ပါဘူး စီနီယာ…အဲဒီအဆောင်က သာမန်အဆောင်ပါပဲ။ ကျွန်တော်မျိုး ဘယ်လိုအပြစ်ပေးပေး ခံယူပါ့မယ်…”

ဟန်လိက ဘာမှဆက်မပြောဘဲ မြို့စောင့်အရာရှိကို တစ်ချက်ကြည့်လိုက်သည်။ အဘိုးအိုကလည်း ဘာလုပ်ရမည်ကို သိသည်။

“စီနီယာ စိတ်အေးအေးထားပါ။ ဒီဆိုင်ရှင်ကို ထိုက်တန်တဲ့ အပြစ်ဒဏ်ပေးပါ့မယ်။ ဒီကိစ္စကို ကျွန်တော်မျိုးဆီပဲ လွှဲပေးလိုက်ပါ။”

“ဒါဆိုလည်း ပြီးတာပဲ။ ဒီလိုကိစ္စအသေးအမွှားတွေအတွက် ငါ အချိန်မပေးနိုင်ဘူး။ စွန်ဟောက်... မင်း ငါနဲ့ လိုက်ခဲ့…”

ဟန်လိ၏ကိုယ်ရိပ်က ဝေဝါးသွားပြီး စွန်ဟောက်၏ ဘေးတွင် ချက်ချင်းပေါ်လာသည်။ ထို့နောက် အဝါရောင်အလင်းတန်းတောက်ပသွားကာ သူတို့နှစ်ယောက်သည် ဤနေရာကနေ ပျောက်ကွယ်သွားကြသည်။ အနီးအနားမှ ကျင့်ကြံသူများမှာ ဤအံ့မခန်းလှုပ်ရှားမှုပညာရပ်ကြောင့် လေးစားအားကျစိတ်များ ဖြစ်ပေါ်ကုန်သည်။ သည့်အရင် သူတို့သည် ဤသို့လှုပ်ရှားမှုမျိုးကို မမြင်ဖူးခဲ့ကြသောကြောင့်ပင်။

ဟန်လိ ထွက်သွားတော့မှ အဘိုးအိုလည်း စိတ်အေးနိုင်တော့၏။ သူ့အကြည့်က စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသော ငနဲသားသုံးကောင်ထံ ကျရောက်သွား၏။ သူ့အမူအရာက အေးစက်သထက် အေးစက်လာပြီး ပိတ်ဟောက်ပစ်လိုက်၏။

“မင်းတို့သုံးကောင်…အခု ဖြစ်ပျက်ခဲ့သမျှနဲ့ပတ်သက်ပြီး အမှန်တိုင်း ပြောစမ်း။ ဒီကိစ္စကို လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးမယ် မထင်နဲ့…”

ထိုစကားကိုကြားသည့်အခါ ခုလေးမှ စိတ်သက်သာရာ ရသွားသော ဆိုင်ရှင်သည် ချက်ခြင်းပင် သောကပွားသွားတော့၏။

ခဏအကြာတွင် ဟန်လိနှင့် စွန်ဟောက်တို့သည် လူသူကင်းမဲ့သော သီးသန့်အဆောက်အဦတစ်ခုထံ ရောက်လာကြသည်။

ဟန်လိက စွန်ဟောက်ကို စေ့စေ့ကြည့်ကာ ပြော၏။

“ဒီနေရာဆိုရင် ရပြီ။ မင်းဆီက အဆောင်အပိုင်းအစ ငါ့ကို ပေးဦး…”

“ဟုတ်ကဲ့ပါ စီနီယာဘိုးဘေး…”

စွန်ဟောက်က တွန့်ဆုတ်ခြင်းမရှိဘဲ အဆောင်ကို ဟန်လိထံ ကမ်းပေးလိုက်သည်။ ဟန်လိက ထိုအပိုင်းအစကို ယူကြည့်ပြီးနောက် သူ၏သိုလှောင်အိတ်ထဲမှ အခြားအပိုင်းအစတစ်ခုကို ထုတ်လိုက်သည်။ အပိုင်းအစနှစ်ခုကို ဆက်လိုက်ရာ တထပ်တည်း ကျသွားတော့သည်။ စွန်ဟောက်သည် သူ၏စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီး ဟန်လိကို ချက်ချင်းပင် ဂါရဝပြုလိုက်ကာ ပြောလိုက်၏။

“စွန်ဟောက်က သခင်ကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ။”

ဟန်လိက အေးဆေးစွာ ခေါင်းညိတ်ပြီး အဆောင်ကို မီးတောက်တစ်ခုဖြင့် ပြာဖြစ်အောင် လုပ်လိုက်သည်။ ထိုမြင်ကွင်းကြောင့် စွန်ဟောက်သည် စစချင်း ကြောင်အသွား၏။ သို့သော် ချက်ခြင်းပင် သူက တည်ငြိမ်မှုပြန်ရ၏။ ဟန်လိသည် ဤလူငယ်လေး၏စိတ်ဓာတ်ခိုင်မာမှုကို သဘောကျသွားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ဆို၏။

“မင်းက စွန်းအာကုံးရဲ့ မျိုးဆက်တစ်ယောက်မလား။ ဒါပေမဲ့ ငါ့ကို သခင်လို့ အလျင်စလို ခေါ်စရာ မလိုဘူး။ အရင်ဆုံး မင်းက သူ့ရဲ့ ဘယ်နှစ်ခုမြောက် မျိုးဆက်လဲဆိုတော ပြောပါ…”

စွန်းဟောက်က ချက်ခြင်း ပြန်ဖြေသည်။

“ကျွန်တော်က ဘိုးဘေးစွန်းရဲ့ ခုနစ်ဆက်မြောက်မျိုးဆက်ပါ…”

“အဲဒီတုန်းက စွန်းအာကုံးက သူ့ရဲ့ စွန်းမျိုးနွယ်စုဟာ ငါ့ရဲ့ လက်အောက်ခံအဖြစ် အမြဲရှိနေပါ့မယ်လို့ ကတိပေးခဲ့ဖူးတယ်။ ဒါပေမဲ့ ကိစ္စတချို့ကြောင့် ငါဟာ ကောင်းကင်တောင်ပိုင်းဒေသကနေ ထွက်လာခဲ့ရတယ်။ဒါကြောင့် စွန်းမျိုးနွယ်က ငါ့ဆီမှာ အမှန်တကယ် မခစားခဲ့ရသလို ငါ့အနေနဲ့လည်း သူတို့ကို ကာကွယ်မှု မပေးနိုင်ခဲ့ဘူး။အခု စွန်းမျိုးနွယ်ရဲ့ နောင်မျိုးဆက်တစ်ယောက်က ကျင့်ကြံခြင်းလောကထဲ ဝင်ရောက်လာနိုင်ခဲ့ပြီဆိုတော့ အဲ့တုန်းက ကတိကို ဆက်တည်စရာမလိုတော့ဘူး။ ဒါပေမဲ့ ငါက မင်းရဲ့ဘိုးဘေးဖြစ်သူနဲ့ ပတ်သက်မှုအချို့ ရှိခဲ့တယ်။ ဒါကြောင့် ငါ မင်းကို ရွေးချယ်စရာ နှစ်လမ်း ပေးမယ်။”

“ပထမတစ်လမ်းကတော့... ငါ မင်းကို ဆေးလုံးတွေ၊ မှော်လက်နက်တွေလိုမျိုး ကောင်းမွန်တဲ့ ကျင့်ကြံခြင်း အထောက်အကူပြုပစ္စည်းတွေ ပေးမယ်။ အဲဒီနောက်မှာတော့ ငါတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး။ ဒုတိယတစ်လမ်းကတော့... မင်းရဲ့ ဘိုးဘေးပေးခဲ့တဲ့ ကတိအတိုင်း ငါ့ရဲ့ လက်အောက်ခံအဖြစ် တာဝန်ထမ်းဆောင်ရမယ်။ ငါ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အတားအဆီးတစ်ခုတော့ ထားရှိမယ်။ ပြီးတော့ အန္တရာယ်ရှိတဲ့ အလုပ်တွေကိုလည်း မင်း လုပ်ရလိမ့်မယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ မင်းရဲ့ ကျင့်ကြံမှု တိုးတက်လာအောင် ငါ အစွမ်းကုန် ကူညီပေးမယ်။ မင်းရဲ့ အရည်အချင်းက သိပ်မဆိုးဘူးဆိုရင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်လာအောင် ငါ လမ်းပြပေးမယ်…”

ထိုစကားကို ကြားလိုက်ရသောအခါ စွန်ဟောက်မှာ ဝေခွဲမရဖြစ်သွားသည်။ သည်အဖြစ်မျိုးကို သူ စိတ်ပင်ကူးမကြည့်ခဲ့ဖူးတာ သိသာလှ၏။ အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးမှ သူက အထစ်ထစ် အငေါ့ငေါ့နှင့် ဆိုလာသည်။

“ဘိုးဘေး…ကျွန်တော်…”

ဟန်လိက သူ့စကားကို ကြားဖြတ်ဝင်ပြောလိုက်၏။

“မလောပါနဲ့ဦး။ ကုန်သွယ်ရေးပွဲတော် ပြီးမှ ငါ့ကို အဖြေပေးပါ။မင်း သေချာတော့ ဆုံးဖြတ်ပေါ့။ ရှီနိုင်ငံကို ပြန်ရောက်တဲ့အခါကျရင် ငါ့ရဲ့ ကျင့်ကြံခြင်းလှိုဏ်ဆီ လာခဲ့ပါ…”

စွန်းဟောက်သည် အချိန်အတော်ကြာ ငိုင်နေမိ၏။ သူ့အနေဖြင့် အခွင့်အလမ်းကောင်းကြီးတစ်ခု ကြုံနေရသည်ဟု ခံစားနေရ၏။ သူက ဟန်လိကို ပြန်ဖြေလိုက်သည်။

“ဘိုးဘေး ပြောသလို ဒီတပည့် နာခံပါ့မယ်။ နားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်...ဘိုးဘေးခင်ဗျာ…”

“ကောင်းပြီ…ဒါဆိုလည်း ငါ လုပ်ရမဲ့ ကိစ္စတွေ ရှိသေးလို့ သွားတော့မယ်။ မင်းကိုယ်မင်း ဂရုစိုက်ပါ…”

ထိုသို့ပြောပြီး ဟန်လိသည် အလင်းတန်းအသွင်ပြောင်းကာ ချက်ခြင်းပျောက်ကွယ်သွားတော့သည်။

စွန်းဟောက်ကမူ ချက်ခြင်း မထွက်သွားခဲ့ပေ။ ထိုစား သူသည် တစ်ကိုယ်တည်း အချိန်အတော်ကြာသည့်အထိ စဉ်းစားခန်းဝင်နေမိ၏။ ထို့နောက် သက်ပြင်းချကာ သူသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားတော့သည်။

ထိုအချိန်တွင် ဟန်လိသည် သူ၏ နေအိမ်သို့ ပြန်ရောက်နေလေပြီ။ သူက ညကောင်းကင်ယံကို မော့ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။

ဘာသာပြန်သူမှတ်ချက်…. စွန်းအာကုံးနှင့်ဟန်လိတို့ စတွေ့သည့်အကြောင်းကို အပိုင်း (၁၀၀) တွင် ဖတ်ကြည့်နိုင်ပါသည်။ ထိုသူသည် ဟန်လိ အဝါရောင်မေပယ်တောင်ကြားတွင် ရှိစဉ် ဝိညာဉ်သေကို တာဝန်ယူ ကြည့်ရှုပေးခဲ့သူပင်။ ဟန်လိက အမှတ်အသားတစ်ခုအနေဖြင့် စွန်းအာကုံးကို အဆောင်စာရွက်တစ်ခုအား တစ်ဝက်ပိုင်း၍ ပေးခဲ့သည်။ ထိုအကြောင်းကို အပိုင်း (၃၃၅) တွင် ပြန်ဖတ်ကြည့်နိုင်သည်။

All Chapters