စုတ်ပြဲနေသော အဆောင်
Vol. 49 Ch. 682
တကယ်တမ်း၌ ဓာတ်ကြီးငါးပါး အဆင့်မြင့်အဆောင် အများစုသည် အထူးတလည် စွမ်းအားကြီးမားလှသည်မဟုတ်ဘဲ မှော်ရတနာများထက် နိမ့်ပါးကြသည်။ ထို့ကြောင့်ပင် ကျင့်ကြံသူတစ်ဦးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသွားပါက ဓာတ်ကြီးငါးပါး မှော်ပညာရပ်များကို ဆက်လက်လေ့လာရန် စိတ်မဝင်စားကြတော့ခြင်း ဖြစ်သည်။
သို့သော် ဤသည်မှာ အဆင့်မြင့်မှော်ပညာရပ်များအားလုံး အသုံးမဝင်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဟန်လိ သိထားသလောက်ဆိုလျှင် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင် တိုက်ရိုက်ခုခံရန် မဝံ့ရဲလောက်အောင် စွမ်းအားကြီးမားသည့် ဓာတ်ကြီးငါးပါး မှော်ပညာရပ်များစွာ ရှိပါသေးသည်။ သို့သော် ထိုမှော်ပညာရပ်များကို လေ့ကျင့်ရန်မှာ အလွန်ခက်ခဲသလို နားလည်သဘောပေါက်ရန်မှာလည်း ရှုပ်ထွေးလှသည်။ ထို့အပြင် ၎င်းတို့ကို အသုံးပြုရသည်မှာလည်း အလွန်အဆင်မပြေလှပေ။ ထိုမှော်ပညာကို ထုတ်သုံးရန် ပြင်ဆင်နေမည့်အချိန်အတွင်း မှော်ရတနာကို အသုံးပြု၍ တိုက်ခိုက်ခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။
သို့သော်လည်း မောက်လန်မှော်စစ်သည်တော်များသည် ဤကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်ခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ထုတ်သုံးနိုင်သည့် စွမ်းအားကြီး စိတ်ဝိညာဉ်ပညာရပ်များ ရှာဖွေတွေ့ရှိခဲ့ကြောင်း အခြားကျင့်ကြံသူများ ပြောသံကို ဟန်လိ ကြားဖူးသည်။ ထို့ကြောင့်ပင် သူတို့၏ အဆင့်နိမ့်မှော်စစ်သည်တော်များသည် အဆောင်များ သို့မဟုတ် မှော်လက်နက်များ မပါဘဲနှင့်တောင် အဆင့်တူရန်သူများကို ယှဉ်ပြိုင်နိုင်ကြခြင်း ဖြစ်သည်။ သူတို့၏အဆင့်မြင့်ကျင့်ကြံသူများမှာမူ သူတို့၏ စိတ်ဝိညာဉ်ပညာရပ်များကို မှော်ရတနာများနှင့် ပေါင်းစပ်နိုင်ကြရာ တိုက်ခိုက်နိုင်စွမ်းမှာ နှစ်ဆမျှ တိုးလာခဲ့သည်။
ဤစွမ်းဆောင်ရည်များကြောင့်ပင် ကောင်းကင်တောင်ပိုင်းဒေသရှိ အင်အားကြီးနိုင်ငံများသည် မောက်လန်မျိုးနွယ်စုများကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြရခြင်း ဖြစ်သည်။ ထိုသို့ ပူးပေါင်းတိုက်ခိုက်သည့်တိုင်အောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံမျှသာ တတ်နိုင်ကြပြီး ရန်သူကို အပြတ်အသတ် အနိုင်မယူနိုင်ခဲ့ကြပေ။
ဟန်လိသည် စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့ပြီးကတည်းက သူ၏အားနည်းချက်ကို သိသည့်အတွက် အဆင့်မြင့်မှော်ပညာရပ်များကို စတင်လေ့လာခဲ့သည်။ သို့သော် သူ ဤမှော်ပညာရပ်များကို ထုတ်သုံးနိုင်သည့် အမြန်နှုန်းမှာမူ စိတ်ပျက်စရာကောင်းလောက်အောင် နှေးကွေးလှသည်။ အဆင့်တူကျင့်ကြံသူတစ်ယောက်သည် သူ မှော်ပညာ ထုတ်သုံးနေသည့် အချိန်အတွင်း သူ့ကို ရှစ်ကြိမ်မက သတ်နိုင်နေပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အဆင့်မြင့်အဆောင်တစ်ခုနှင့်မှော်ရတနာတစ်ခုကို တစ်ပြိုင်နက် ပေါင်းစပ်တိုက်ခိုက်မည်ဆိုပါက အလွန်ကြောက်စရာကောင်းသည့် တိုက်ကွက်တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။ အကယ်၍ ထိုအဆင့်မြင့်အဆောင်များကို အဆင့်နိမ့်အဆောင်များကဲ့သို့ တစ်ပြိုင်နက်တည်း အဆောင်အခုသုံးဆယ်လောက် ပစ်ထုတ်နိုင်မည်ဆိုပါက စဦးစိတ်ဝိညာဉ်အဆင့် နှောင်းပိုင်းကျင့်ကြံသူများတောင် ထွက်ပြေးရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအယောက်သုံးဆယ်က တစ်ပြိုင်နက် တိုက်ခိုက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့်တည်း။
သို့သော်လည်း ဤနည်းဗျူဟာမှာ စိတ်ကူးယဉ်ရာ ကျနေ၏။ မည်သူကမျှ တစ်ကြိမ်စာတိုက်ကွက်အတွက် စိတ်ဝိညာဉ်ကျောက်တုံး သိန်းနှင့်ချီ၍ အကုန်အကျခံမည် မဟုတ်ပေ။ ထို့အပြင် အဆင့်မြင့်အဆောင်များသည် ကျင့်ကြံခြင်းလောက၌ အလွယ်တကူ ဝယ်ယူ၍ရသည့်အရာများ မဟုတ်သလို အများစုမှာလည်း တိုက်ခိုက်ရေးတွင် အသုံးပြုတာထက် အထောက်အကူပြုသည့် သဘောသာ ဆောင်ကြသည်။
ဟန်လိသည် ဤအကြောင်းများကို စဉ်းစားနေရင်း ဈေးကွက်အတွင်း လျှောက်လှမ်းကာ မှော်လက်နက်ပစ္စည်းများ ရောင်းချသောဆိုင်ကြီးများတွင် ထိပ်တန်းအဆင့် အဆောင်စုတ်တံကို လိုက်လံရှာဖွေနေ၏။ ပုံမှန်အားဖြင့် ဆိုင်ကြီးများတွင်သာ ထိပ်တန်းစုတ်တံများကို တင်ရောင်းလေ့ရှိသောကြောင့် ဆိုင်ငယ်လေးများကိုမူ သူ ထည့်သွင်းစဉ်းစားခြင်း မပြုတော့ပေ။အကြောင်းကား ဆိုင်ငယ်များတွင် သာမန်မှော်ပစ္စည်းများကလွဲ၍ ထိပ်တန်းအဆင့်မှော်ပစ္စည်းများ မရှိသောကြောင့်ပင်။ ရံဖန်ရံခါ၌ ဆိုင်ငယ်များတွင် ရှားပါးပစ္စည်းများ ရှိတတ်သော်ငြား ဖြစ်နိုင်ခြေနည်းပါးလွန်း၍ သူ့အနေဖြင့် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ရှာဖွေပြီး အချိန်ဖြုန်းချင်စိတ် ရှိမနေပေ။
ဟန်လိအပြင် လမ်းဘေးဝဲယာ၌ မိမိလိုချင်သော မှော်ရတနာပစ္စည်းများကို ရှာဖွေနေသော အခြားကျင့်ကြံသူများစွာလည်း ရှိကြ၏။ သူတို့အများစုက အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိကြပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများကိုမူ အနည်းအကျဉ်းလောက်သာ တွေ့ရ၏။
ဟန်လိသည် သူ၏ ကျင့်ကြံမှုကို အမြုတေဖွဲ့စည်းခြင်းအဆင့် အလယ်အလတ်လောက်သာ ရှိသယောင် ဖုံးကွယ်ထားသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူအချို့ကတော့ သူ့ကို တလေးတစား ကြည့်ကြ၏။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများမှာမူ သူ့အမှန်တကယ်ကျင့်ကြံခြင်းအဆင့်ကို မသိကြ၍ သူ့ကို တစ်ချက်သာ ကြည့်ပြီး လျစ်လျူရှုထားကြသည်။ ဤသို့ဖြင့် သူသည် လူအများအပြား၏အာရုံစိုက်ခြင်း မခံရတော့ဘဲ လူမသိသူမသိဖြင့် ဆိုင်ကြီးများတွင် စိတ်အေးလက်အေး ပစ္စည်းရှာဖွေနိုင်ခဲ့သည်။
ဆိုင်တော်တော်များများကို ပတ်ကြည့်ပြီးနောက်တွင် နေ့တစ်ဝက်ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ မှောင်ရီပျိုးစပြုလာသည်နှင့်အမျှ ဆိုင်များတွင် လကျောက်တုံးများကို စတင်ထွန်းညှိနေကြပြီ ဖြစ်သည်။ ဟန်လိသည် နောက်ထပ်ဆိုင်နှစ်ဆိုင်ခန့် ထပ်ကြည့်ပြီးမှ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
ထိုစဉ် မလှမ်းမကမ်းဆီမှ ရန်ဖြစ်နေသည့် ဆူညံဆူညံအသံများကို ကြားလိုက်ရသည်။ ကျင့်ကြံသူအုပ်စုတစ်စုသည်လည်း ထိုအသံထွက်ပေါ်ရာဆီသို့ စူးစမ်းလိုစိတ်ဖြင့် စုရုံးသွားကြသည်။ ဟန်လိက မျက်မှောင်ကြုတ်ရင်း သူ၏နေအိမ်သို့ ပြန်ရန် ခြေလှမ်းပြင်လိုက်စဉ်မှာပင် ဒေါသတကြီး ပြောလိုက်သည့် အသံတစ်သံကို ကြားလိုက်ရသည်။
“ဘာလဲ… မင်းတို့ မျောလွင့်တိမ်ဂိုဏ်းက ကျင့်ကြံသူတွေက သူခိုးတွေချည်းပဲလား။ ငါ့ရဲ့ အဆောင်ကို ဖျက်ဆီးပြီးတာနဲ့ ဒီအတိုင်း ထွက်သွားချင်တာလား…”
လူငယ်တစ်ယောက်က ထိုအသံပိုင်ရှင်ကို ဒေါသတကြီးဖြင့် ပြန်ချေပ၏။
“ကျုပ်က လျော်ကြေးမပေးဘူးလို့ ပြောနေတာမဟုတ်ဘူး။ တခြားပစ္စည်းတွေ ဝယ်ထားလို့ စိတ်ဝိညာဉ်ကျောက်တုံး လိုနေလို့ပါ။ နောက်ပြီး ဒီဟာက သာမန် မီးတိမ်အဆောင်တစ်ခုပဲ။ ဘယ်လိုဖြစ်လို့ စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀ တောင် ကျသင့်ရမှာလဲ။ အများဆုံးရှိလှ ၁၀၀ ပေါ့။ ကျုပ်ရဲ့ ဂိုဏ်းတံဆိပ်ကို အပေါင်အဖြစ် ထားခဲ့မယ်။ တည်းခိုးခန်းမှာမှာရှိတဲ့ ဂိုဏ်းသားတွေဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေ သွားချေးပြီးရင် ချက်ချင်း ပြန်လာရွေးပါ့မယ်…”
ဟန်လိက ခြေလှမ်းများကို ရပ်လိုက်သည်။ ထိုအသံက ရင်းနှီးနေသလိုပင်။ မျောလွင့်တိမ်ဂိုဏ်းမှ သူသိသည့် တစ်စုံတစ်ယောက် ဖြစ်ဟန်တူသည်။
ဟန်လိက မသိချင်ယောင်ဆောင်ကာ ထွက်သွား၍ ရသော်လည်း သူသည် မျောလွင့်တိမ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်နေသည်ဖြစ်ရာ ဘာဖြစ်နေသလဲဆိုသည်ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မကြာခင်မှာပင် ဟန်လိသည် ပစ္စည်းစုံရောင်းသည့် ဆိုင်ငယ်လေးတစ်ဆိုင်ရှေ့သို့ ရောက်သွားသည်။ သည်ဆိုင်ရှေ့တွင် ကျင့်ကြံသူအချို့ ပဋိပက္ခ ဖြစ်နေကြပုံပင်။ ထိုထဲတွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ပါဝင်နေသည်။ သူသည် ဟန်လိ ဓားစမ်းသပ်ပွဲ၌ တွေ့ခဲ့ဖူးသည့် မီးတိမ်တောင်မှ စွန်းဟောက်ပင် ဖြစ်သည်။ အနှစ်နှစ်ဆယ်အတွင်းမှာပင် ထိုလူငယ်လေး၏ ကျင့်ကြံမှုမှာ သိသိသာသာ တိုးတက်လာခဲ့သော်လည်း ရုပ်ရည်ကတော့ သိပ်မပြောင်းလဲသေးပေ။ သူက ဆိုင်ရှင်၊သူ့ဆိုင်အကူတို့နှင့် စကားများနေခြင်းပင်။
ဆိုင်ရှင်က စွန်းဟောက်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။
“ဂိုဏ်းတံဆိပ်က ကျုပ်အတွက် ဘာမှ အသုံးမဝင်ဘူး။ မင်းက ရှီနိုင်ငံအထိ ပြန်ပြေးသွားရင် ကျုပ်က ဘယ်လိုလိုက်ရှာရမလဲ။ စိတ်ဝိညာဉ်ကျောက်တုံး မရှိရင် မင်းရဲ့ သိုလှောင်အိတ်ထဲက ပစ္စည်းတွေကို အပေါင်အဖြစ် ထားခဲ့။ မင်း ဖျက်ဆီးလိုက်တဲ့ မီးတိမ်အဆောင်က သာမန်အဆောင် မဟုတ်ဘူး။ ငါတို့မြို့က အဆောင်ပညာရှင်ကြီးတစ်ဦး သန့်စင်ထားတာ။ စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀ တောင်းတာတောင် မင်းကို ညှာတာလွန်းလို့။ မျောလွင့်တိမ်ဂိုဏ်းကလူတွေအားလုံးက ဒီ လို ကလိမ်ကကျစ်တွေချည်းပဲလား…”
သူက ထိုသို့ပြောပြီးသည့်အခါ သူ့အကူလက်ထဲရှိ သေတ္တာကို ကြည့်၏။ သူ့ပုံစံက သူ တစ်ဖက်သက် ကြီးကြီးမားမား ခံလိုက်ရသည့် မျက်နှာပေးမျိုးပင်။
စွန်းဟောက်က ခပ်ပြုံးပြုံးနှင့် ရွှဲ့တဲ့တဲ့ ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ… ခင်ဗျားပြောသမျှ အမှန်ပေါ့။ ဒီသာမန်မီးတိမ်အဆောင်ကို အဆောင်ပညာရှင်ကြီးတစ်ယောက်က သန့်စင်ထားတယ်ပေါ့လေ…”
ဆိုင်ရှင်က အေးစက်စွာ ရယ်မောရင်း ခြိမ်းခြောက်လိုက်၏။
“ဘာလဲ… မင်းက လျော်ကြေးမပေးချင်ဘူးပေါ့လေ။ ဒါဆိုရင်တော့ မြို့စောင့်တပ်ဖွဲ့ကို တိုင်ကြားရတော့မှာပဲ…”
စွန်းဟောက်၏ မျက်နှာမှာ ဖြူရော်သွား၏။ ပြီး သူ့မျက်နှာက မခံချင်စိတ်ကြောင့် နီမြန်းသွားပြန်သည်။ မြို့စောင့်တပ်ဖွဲ့က မည်သူ့ဘက်က ပါမည်လဲဆိုတာကို သူ ကောင်းကောင်းသိနေသောကြောင့်ပင်။ အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် စွန်းဟောက်က သူ၏ သိုလှောင်အိတ်ထဲမှ အဆောင်အထပ်လိုက်ကို ထုတ်ပေးလိုက်ရင်း အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“ဒီအဆောင်တွေက အဆင့်မမြင့်ပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀ တော့ အသာလေးတန်ဖိုးရှိပါတယ်…”
ဆိုင်ရှင်က အဆောင်များကို ယူရန် လက်လှမ်းလိုက်စဉ်မှာပင် စွန်းဟောက်က အဆောင်များကို အမြန်ပြန်ရုပ်သိမ်းလိုက်သည်။
“မဟုတ်ဘူး… ကျုပ် ပေးမဲ့ထဲမှာ ဒီတစ်ခုတော့ မပါဘူး…”
သူသည် စုတ်ပြဲနေသည့် ဝါကျင်ကျင် အဆောင်အပိုင်းအစလေးတစ်ခုကို အမြန်ပြန်နှိုက်ယူလိုက်ပြီး ကျန်သည့်အဆောင်များကိုသာ ပေးလိုက်သည်။
ဆိုင်ရှင်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်၏။
“ဟားဟား… ဒီစုတ်ပြဲနေတဲ့ အဆောင်စက္ကူလေးကိုတောင် နှမြောနေတာလား။ မင်းတို့ မျောလွင့်တိမ်ဂိုဏ်းက ကျင့်ကြံသူတွေက ဒီလောက်တောင် ဆင်းရဲတာလား…”
ထိုအချိန်မှာပင် သူတို့နှစ်ယောက်ကြား၌ လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ဆိုင်ရှင်က လန့်ကာ နောက်သို့ ဆုတ်လိုက်ရ၏။
“မင်းက ဘယ်သူလဲ။ ဘာဖြစ်ချင်တာလဲ…”
ဆိုင်ရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ပေါ်လာသည့် ကျင့်ကြံသူကတော့ တည်ငြိမ်စွာပင် ပြောလိုက်၏။
“ဘာမှမဟုတ်ပါဘူး။ ငါ့ရဲ့ မျောလွင့်တိမ်ဂိုဏ်းကို သုံးကြိမ်ဆက်တိုက် ဒီလို စော်ကားမော်ကားပြောဆိုနေတာ ကြားလိုက်လို့ပါ။ အခု ငါ့ရှေ့မှာပဲ အဲဒီ စကားကို ထပ်ပြောကြည့်ပါဦး…”
ထိုစကားထွက်လာသည်နှင့်တပြိုင်နက် အလွန်ပြင်းထန်သည့် ဖိအားတစ်ခု ထွက်ပေါ်လာရာ အနားရှိ ကျင့်ကြံသူအချို့မှာ ကြောက်လန့်တကြားနှင့် ဒူးထောက်ကျကုန်ကြသည်။ အနားမှ ဖြတ်သွားသည့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ပင် တုန်လှုပ်သွားကြပြီး သူတို့ထဲမှ တစ်ယောက်က တုန်တုန်ရင်ရင်ဖြင့် အော်ဟစ်လိုက်ကြ၏။
“စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကြီး…စီနီယာ… ခင်ဗျားက…”