ဝိညာဉ်ကျောက်တုံး
Vol. 49 Ch. 681
အသက်ကြီးရင့်သည့် အသွင်ရှိသော ကျင့်ကြံသူတစ်ဦးက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြောလိုက်၏။
“အို… ဒီရုပ်သေးတွေကို ကျုပ် အတော်လေး စိတ်ဝင်စားမိတယ်။ ဒါတွေက ကျုပ်ရဲ့ အငယ်ဆုံးတပည့်လေးအတွက် အရေးအကြောင်းဆို အသုံးဝင်မဲ့ အသက်ကယ် ပစ္စည်းကောင်းလေးတွေပဲ။ ဒါနဲ့ တာအိုသခင်ကောင်းကင်သလင်းက ဒါတွေအတွက် ဘယ်လိုအရာတွေနဲ့ လဲလှယ်ချင်လို့လဲ…”
တာအိုသခင်ကောင်းကင်သလင်းက တည်ငြိမ်စွာဖြင့် ပြောသည်။
“ဟားဟား…ဒီဘာမဟုတ်တဲ့တာအိုသခင်က ရှေးဟောင်းကာလက ဝိညာဉ်ကျောက်တုံးလို့ လူသိများတဲ့ အလွန်ရှားပါးတဲ့ ပစ္စည်းကို ရှာနေတာပါ။ ဝိညာဉ်ကျောက်တုံးတစ်လုံးကို မိစ္ဆာသားရဲရုပ်သေးတစ်ရုပ်နဲ့ လဲလှယ်ပေးပါ့မယ်။ ဒီရုပ်သေးတွေဟာ ရှေးဟောင်းကျင့်ကြံသူတွေကိုယ်တိုင် သန့်စင်ထားတာဖြစ်လို့ တစ်လောကလုံးမှာ ဒီလိုအဆင့်မြင့်ရုပ်သေးမျိုး နောက်ထပ်ရှိတော့မှာမဟုတ်ဘူးလို့ ကျုပ် ယူဆပါတယ်…”
‘ဝိညာဉ်ကျောက်တုံးဆိုပါလား…’
ကြားဖူးနားဝမရှိသော ဤနာမည်ကို ကြားလိုက်ရချိန်တွင် ရှိနေသည့်ကျင့်ကြံသူများအားလုံးသည် ဟုတ်မှဟုတ်ပါ့မလား ဟူသည့်အမူအရာများ ဖြစ်ကုန်ကြသည်။ ဤသည်မှာ သူတို့ တစ်ခါမျှ မကြားဖူးသည့်အရာပင်။
တာအိုသခင်ကောင်းကင်သလင်းသည် ဤသည်ကို အံ့ဩမနေပေ။ သူက သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်ရာ လက်မအရွယ်အစားရှိသည့် စိမ်းလဲ့သော ကျောက်မျက်တုံးတစ်ခု သူ့လက်ဖဝါးပေါ်သို့ ရောက်လာသည်။ အမှတ်တမဲ့နှင့် ပထမဆုံးအကြိမ် ကြည့်မိပါက ၎င်းမှာ သစ်သားဓာတ် စိတ်ဝိညာဉ်ကျောက်တုံးနှင့် ဆင်တူသော်လည်း ကျင့်ကြံသူများက သူတို့၏စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ထိုကျောက်မျက်တုံးမှာ သစ်သားဓာတ်စိတ်ဝိညာဉ်ကျောက်တုံးနှင့် လုံးဝကွဲပြားကာ အလွန်အမင်း အေးစက်သည့် တုန်ခါလှိုင်းများ ထုတ်လွှတ်နေကြောင်း တွေ့ရှိလိုက်ရသည်။
လက်ထဲတွင် ကျောက်မျက်တုံးကို ကိုင်ထားရင်း တာအိုအဘိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီပစ္စည်းကို ပိုင်ဆိုင်ထားပေမဲ့ ဒါရဲ့ နာမည်ကို သေချာမသိတဲ့ ရောင်းရင်းအချို့ ရှိကောင်းရှိနိုင်ပါတယ်။ ကျုပ်ဆီမှာ တစ်လုံး ရှိနေတာကြောင့် ခင်ဗျားတို့ ခွဲခြားသိမြင်နိုင်အောင် ထုတ်ပြလိုက်တာပါ…”
အနက်ရောင်ချီများဖြင့် ရစ်ပတ်ထားသော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ဦးက အံ့ဩတကြီး အော်ဟစ်လိုက်သည်။
“ထူးဆန်းလိုက်တာ။ တစ္ဆေချီစွမ်းအင်နဲ့ ဆင်တူပေမဲ့ ဒါက အများကြီး ပိုပြီး သန့်စင်နေတာပဲ…”
တာအိုသခင်ကောင်းကင်သလင်းက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည်။
“ဒီကျောက်ထဲမှာ ဘာတွေပါဝင်နေလဲဆိုတာ ကျုပ်လည်း အသေအချာမသိပါဘူး။ ဒါပေမဲ့ ဒါက သာမန်တစ္ဆေချီစွမ်းအင် မဟုတ်တာတော့ သေချာပါတယ်။ မဟုတ်ရင် ကျုပ်အနေနဲ့ ဒီလိုရုပ်သေးမျိုးကို ကျောက်တစ်လုံးတည်းနဲ့ လဲလှယ်ပေးဖို့ ဘယ်သဘောတူပါ့မလဲ…”
“အို… ဟုတ်သားပဲ…”
မိစ္ဆာလမ်းစဉ်ကျင့်ကြံသူသည် ထိုအကြောင်းအရာကို ဆက်မမေးတော့ဘဲ ရပ်လိုက်တော့သည်။
ဟန်လိသည် သည်ကျောက်မျက်တုံးကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် မျက်နှာဖုံးအောက်ရှိ သူ၏အမူအရာမှာ ကြီးမားစွာ ပြောင်းလဲသွားပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားမိ၏။
သူ မြင်တာ မမှားဘူးဆိုလျှင် ဤဝိညာဉ်ကျောက်တုံးသည် သူ အမှောင်နယ်မြေမှ ရရှိခဲ့သော အမှောင်သားရဲအမြုတေများ ဖြစ်ပေလိမ့်မည်။ ထိုဒေသရှိ ဒေသခံများက သားရဲအမြုတေဟု ခေါ်ဆိုကြသော်လည်း ရှေးဟောင်းကျင့်ကြံသူများ ခေါ်ဆိုသည့် အစစ်အမှန်အမည်မှာ ဝိညာဉ်ကျောက်တုံး ဖြစ်ဟန်တူသည်။
ဟန်လိ စဉ်းစားနေမိ၏။
‘ဒီတာအိုသခင်ကောင်းကင်သလင်းက ခုလိုရုပ်သေးတွေကို ထုတ်ပြရုံတင်မကဘဲ ဝိညာဉ်ကျောက်တုံးတွေကိုလည်း စုဆောင်းနေတာပဲ။ ဒီနှစ်ခုလုံးက ကောင်းကင်လေဟာနယ်ခန်းမမှာ ထွက်ပေါ်ခဲ့ဖူးတာဆိုတော့…ဒီလူဟာ…’
ဝိညာဉ်ကျောက်တုံးများသည် ရှားပါးပစ္စည်းများဖြစ်တာ သိသာ၏။ အချိန်အတော်ကြာပြီးနောက်တွင်မှ ကျင့်ကြံသူတစ်ဦးက တုံ့ဆိုင်းစွာဖြင့် တစ်လုံးထုတ်ပြကာ သားရဲရုပ်သေးတစ်ရုပ်နှင့် လဲလှယ်လိုက်သည်။
တာအိုသခင်ကောင်းကင်သလင်းက အကြိမ်အနည်းငယ် ထပ်မံခေါ်ဆိုသော်လည်း မည်သူမျှ ရှေ့ထွက်မလာကြပေ။ သူသည် ဤသို့ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားသော်လည်း အနည်းနှင့်အများတော့ စိတ်ပျက်သွားမိသည်ပင်။
သူက သားရဲရုပ်သေးများကို ပြန်သိမ်းတော့မည့်အချိန်မှာပင် တစ်စုံတစ်ယောက်က ရုတ်တရက် မတ်တတ်ရပ်လာ၏။ ထိုအခါ၌ သူ့အနေဖြင့် စိတ်လှုပ်ရှားသွားပြီး ထိုသူကို ဝမ်းသာအားရ လှမ်းကြည့်လိုက်သည်။
“ရောင်းရင်း… ခင်ဗျားမှာလည်း ဝိညာဉ်ကျောက်တုံး ရှိတာလား…”
ဟန်လိသည် စကားတစ်ခွန်းမှမဆိုဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းလဲ့သော ကျောက်မျက်တုံးတစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။
ဤကျောက်မျက်တုံးသည် ကြက်ဥတစ်လုံးခန့် အရွယ်အစားရှိရာ တာအိုသခင်ကောင်းကင်သလင်း ထုတ်ပြခဲ့သည့် လက်မအရွယ် ကျောက်မျက်တုံးထက် အဆပေါင်းများစွာ ပိုကြီးမားနေသည်။ ၎င်းထံမှ ထွက်ပေါ်နေသော အေးစက်သည့်ချီစွမ်းအင်များကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်၏။
တာအိုသခင်ကောင်းကင်သလင်းသည် ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားမိသလို တစ်ဖက်မှာလည်း အတော်လေး ဝမ်းသာသွားသည်။
“ရောင်းရင်း… ဒီလောက်အစွမ်းထက်တဲ့ ဝိညာဉ်ကျောက်တုံးမျိုးက တကယ့်ကို ရှားပါတယ်။ ရောင်းရင်းအနေနဲ့ ရုပ်သေးနှစ်ရုပ်လောက် ရွေးမလား။ ခင်ဗျား မနစ်နာစေရဘူးလို့ ကျုပ် အာမခံပါတယ်…”
ဟန်လိက ခပ်ပြုံးပြုံးဖြင့် ခေါင်းခါပြလိုက်၏။
တာအိုသခင်ကောင်းကင်သလင်းသည် အနည်းငယ်မျှ ဒေါသမထွက်ဘဲ ဖော်ရွေစွာ မေးလိုက်သည်။ “ဘာလဲ… ရောင်းရင်းက နည်းနေတယ်လို့ ထင်လို့လား။ ဘယ်နှစ်ရုပ်လောက် လိုချင်လို့လဲ…”
ဟန်လိက တည်ငြိမ်စွာ မေးလိုက်၏။
“ရုပ်သေးတွေအားလုံးနဲ့ဆိုရင်ရော ဘယ်လိုလဲ…”
တာအိုသခင်ကောင်းကင်သလင်းက မျက်မှောင်ကြုတ်သွားပြီး သူ့အသံက မာလာ၏။
“ရုပ်သေးခြောက်ရုပ်လုံးနဲ့လား။ ရောင်းရင်းက လောဘကြီးလွန်းတယ်လို့ မထင်ဘူးလား…”
“ဟဲဟဲ… မဟုတ်ပါဘူး။ ဒီဝိညာဉ်ကျောက်တုံးရဲ့ အရွယ်အစားကိုကြည့်တာနဲ့တင် ခင်ဗျား သိသင့်ပါတယ်။ ဒါ့အပြင် ခင်ဗျားအတွက် ဒီလောက်ကြီးတဲ့ ဝိညာဉ်ကျောက်တုံးက…”
ဟန်လိသည် တာအိုသခင်ကောင်းကင်သလင်းကို စိုက်ကြည့်ရင်း စကားကို ရုတ်တရက် ရပ်လိုက်သည်။
တာအိုသခင်ကောင်းကင်သလင်းသည် ထိုစကားကို ကြားသောအခါ အမူအရာ ပြောင်းလဲသွားပြီး ဟန်လိကို အကဲခတ်သည့်အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်၏။
“ကောင်းပါပြီ။ ဒီလောက်ကြီးမားတဲ့ ဝိညာဉ်ကျောက်တုံးမျိုးက တကယ့်ကို ရှားပါတယ်။ ကျုပ်ကလည်း ဒီပစ္စည်းကို အရေးတကြီး လိုအပ်နေတာဆိုတော့ ရုပ်သေးအားလုံးနဲ့ပဲ လဲလှယ်လိုက်ပါ့မယ်…”
အခန်းထဲရှိ အခြားကျင့်ကြံသူများသည် ထိုစကားကြောင့် အံ့အားသင့်သွားကြပြီး ဟန်လိလက်ထဲရှိ ကြက်ဥအရွယ် ကျောက်မျက်တုံးကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ ရှားပါးပစ္စည်းများစွာကို တစ်ရစပ်တည်း လဲလှယ်နိုင်စွမ်းရှိသည့်သူမှာ သေချာပေါက် သတိထားရမည့်သူပင်။
ဟန်လိသည် တည်ငြိမ်သောအမူအရာဖြင့် ခေါင်းငုံ့ကာ ကျောက်မျက်တုံးကို လွှဲပြောင်းပေးလိုက်ပြီး စားပွဲပေါ်ရှိ ရုပ်သေးများကို သူ၏သိုလှောင်အိတ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်သည်။
သို့သော် ဟန်လိ ခေါင်းငုံ့လိုက်သည့်အခိုက်တွင် သူ၏နှုတ်ခမ်းများ လှုပ်ရှားသွားသည်ကို အခြားကျင့်ကြံသူများ သတိမထားမိလိုက်ကြပေ။ တာအိုသခင်ကောင်းကင်သလင်းသည် တစ်စုံတစ်ခုကို ကြားလိုက်ရဟန်ဖြင့် အံ့ဩသွားပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။ ထိုအချိန်တွင် ဟန်လိသည် ရုပ်သေးများကို ပိုင်ဆိုင်ထားပြီးဖြစ်ကာ မူလနေရာသို့ ပြန်ရောက်နေပြီဖြစ်သည်။
ထို့နောက် တာအိုသခင်ကောင်းကင်သလင်းက အရောင်းအဝယ်ပွဲ ပြီးဆုံးကြောင်း ကြေညာလိုက်ပြီး ကျင့်ကြံသူများစွာသည် စတင်ထွက်ခွာသွားကြသည်။
ဟန်လိတို့အုပ်စု ခန်းမထဲမှ ထွက်လာပြီးနောက် လမ်းနှစ်လမ်းခန့် ရောက်သည်အထိ မည်သူမျှ စကားမပြောကြပေ။ မီးနဂါးကောင်လေးက သက်ကြီးဝါကြီးတစ်ယောက်၏ လေသံမျိုးဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ရောင်းရင်းတို့… ကျုပ်ကတော့ ခင်ဗျားတို့နဲ့ အတူတူမလိုက်နိုင်တော့ဘူး။ ကျုပ်မှာ တခြားချိန်းဆိုထားတာ ရှိသေးလို့…”
လုလောက ပြုံးပြီး ပြောသည်။
“အစ်ကိုလန်မှာ လုပ်စရာရှိရင်လည်း သွားပါဦး။ ကျုပ်တို့နေတဲ့နေရာတွေကလည်း နီးနီးလေးပါပဲ။ နောက်မှ ပြန်ဆုံဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်…”
“အေးဗျာ… ကျုပ် သွားပြီနော်…”
မီးနဂါးကောင်လေးသည် ဝန်လေးမနေဘဲ နှုတ်ဆက်ကာ တခြားလမ်းတစ်ခုသို့ လျှောက်သွားတော့သည်။
ဟန်လိက သူ့ကို လှမ်းကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
“ရောင်းရင်းမီးနဂါးက တကယ့်ကို ထူးခြားတဲ့လူပဲနော်…”
“ရောင်းရင်းလန်က ငယ်ငယ်တုန်းက ထူးဆန်းတဲ့ ဆေးပင်တစ်မျိုးကို မှားစားခဲ့မိလို့ သူ့အသွင်အပြင်က ကလေးတစ်ယောက်လို ဖြစ်နေတာ။ ဒါပေမဲ့ သူက ပွင့်လင်းရိုးသားပြီး ကျုပ်တို့ဂိုဏ်းရဲ့ ပြင်ပမိတ်ဆွေကောင်းတစ်ယောက်ပါ။ သူက ရှေးဟောင်းဓားဂိုဏ်းရဲ့ အကြီးအကဲတွေထဲမှာ ကျုပ်တို့ မျောလွင့်တိမ်ဂိုဏ်းနဲ့ ခင်မင်ရင်းနှီးတဲ့ တစ်ဦးတည်းသောသူပဲ…”
ဟန်လိက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ဆိုလိုတာက ရှေးဟောင်းဓားဂိုဏ်းရဲ့ အကြီးအကဲတွေက မျောလွင့်တိမ်ဂိုဏ်းအပေါ် အထင်မကြီးကြဘူးပေါ့…”
ပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီးနောက် လုလောက ပြောသည်။
“ဟုတ်တယ်။ ညီလေးဟန်… မင်းမှာကော ဘာအစီအစဉ်ရှိလဲ။ အနားယူဖို့ ပြန်မှာလား ဒါမှမဟုတ် တခြားပစ္စည်းတွေ သွားဝယ်ဦးမှာလား…”
ဟန်လိက ပွင့်လင်းစွာပင် ပြန်ဖြေသည်။
“ကျွန်တော် ဝယ်ဖို့လိုအပ်တဲ့ အထူးပစ္စည်းအချို့ ရှိနေသေးတယ်။ မထင်မှတ်တဲ့ ပစ္စည်းကောင်းလေးဘာလေးများ တွေ့ချင်တွေ့ရအောင်လို့ အနီးအနားကဈေးထဲ လှည့်ပတ်ကြည့်ဦးမလားလို့ ကျုပ် စဉ်းစားနေတာပါ…”
ဟန်လိက တစ်ယောက်တည်းသွားချင်ကြောင်း ကြားသောအခါ လုလောက ကန့်ကွက်မနေဘဲ ပြောသည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ… ကျုပ်လည်း ဝယ်စရာလေးတွေ ရှိနေတာနဲ့ အတော်ပဲ။ ဒီမှာတင်ပဲ လမ်းခွဲကြတာပေါ့…”
ထိုသို့ဖြင့် ဟန်လိနှင့် လုလောတို့ ချက်ချင်းပင် လမ်းခွဲလိုက်ကြသည်။
မိုးမျှော်ကောင်းကင်မြို့၏ ဈေးများသည် အိပ်မက်တိမ်တိုက်တောင်တန်းရှိ ဈေးများထက် အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းလှသည်။
ဟန်လိသည် မြို့၏အနောက်ဘက်ဈေးလမ်းအတိုင်း လျှောက်လှမ်းရင်း ဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်များကို စူးစမ်းနေမိသည်။ ဟန်လိ လုလောကို ပြောခဲ့သည့်စကားမှာ မုသားမဟုတ်ပေ။ သူသည် အဆင့်မြင့်အဆောင်အချို့ကို သန့်စင်ရန် ပြင်ဆင်သည့်အနေဖြင့် ရှားပါးသောအဆောင်သန့်စင်ခြင်းပစ္စည်းအချို့ကို ဝယ်ယူရန် စီစဉ်ထားခြင်းပင်။
သူ့တွင် ပြန့်ကျဲကြယ်ပင်လယ်မှ ရရှိခဲ့သော သားရဲအရေပြားများနှင့်သွေးများ ရှိနေသေးသော်လည်း အဆင့်မြင့်အဆောင်စက္ကူနှင့် ဟင်္သာပြဒါးရည်ကဲ့သို့သော နောက်ဆက်တွဲပစ္စည်းများ လိုအပ်နေသည်။ သူသည် စိတ်ဝိညာဉ်နှိပ်ကွပ်အဆောင်ကို သန့်စင်ရန်အတွက် သူ၏စွမ်းရည်များကို နောက်တစ်ဆင့်သို့ မြှင့်တင်ရန် လိုအပ်နေသည်။
သူသည် စိတ်ဝိညာဉ်နှိပ်ကွပ်အဆောင်အကြောင်းကို အသေအချာ သုတေသနမလုပ်ရသေးသော်လည်း ၎င်းကို မှတ်တမ်းတင်ထားသည့် အရိုးပိုင်းတွင်မူ ယင်း၏စွမ်းအားမှာ တကယ့်ကို ကြီးမားကြောင်း ဖော်ပြထားသည်။ အရေးကြီးသည့်အချိန်တွင် အသက်ကယ်ပေးနိုင်မည့်အရာဖြစ်သောကြောင့် ဟန်လိအနေဖြင့် ၎င်းကို လွယ်လွယ်နှင့် လက်လွှတ်မည်မဟုတ်ပေ။
သို့သော် ဤအဆောင်သည် သာမန်ဓာတ်ကြီးလေးပါးအဆောင်များကို သန့်စင်ခြင်းထက် အဆပေါင်းများစွာ ပိုမိုရှုပ်ထွေးပြီး ခက်ခဲလှသည်။ သူ၏အဆောင်သန့်စင်ခြင်းစွမ်းရည်ကို မြှင့်တင်ရုံတင်မကဘဲ အဆောင်စုတ်တံအသစ်တစ်ချောင်းကိုပါ ရယူရန် လိုအပ်သည်။ သူ၏ မူလစုတ်တံမှာ အသုံးမဝင်တော့ပေ။
ကံမကောင်းစွာဖြင့် အဆောင်သန့်စင်ခြင်းပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း စိတ်တိုင်းကျသည့် စုတ်တံတစ်ချောင်းကို ရဖို့မှာမူ ခက်ခဲလှသည်။ သူသည် အဆင့်မြင့်အဆောင်စုတ်တံများ ရောင်းချသည့် ဆိုင်နှစ်ဆိုင်သို့ ရောက်ခဲ့သော်လည်း စစ်ဆေးကြည့်ပြီးနောက် ခေါင်းခါကာ ပြန်ထွက်ခဲ့ရသည်။ ဤစုတ်တံများသည် သာမန်အဆင့်မြင့်အဆောင်များကို သန့်စင်ရန် အသုံးပြုနိုင်သော်လည်း စိတ်ဝိညာဉ်နှိပ်ကွပ်အဆောင်ကဲ့သို့သော လျှို့ဝှက်အဆောင်မျိုးကို သန့်စင်ရန်အတွက်မူ စွမ်းရည်မပြည့်ဝကြပေ။
အဆောင်စုတ်တံများသည် အဆောင်ဆရာများ အသုံးပြုသည့် စိတ်ဝိညာဉ်ပစ္စည်းများသာ ဖြစ်သောကြောင့် အတွေ့ရနည်းလှသည်။ အများစုမှာ အခြေခံ သို့မဟုတ် အလယ်အလတ်အဆင့်များသာ ဖြစ်ကြသည်။ အကယ်၍ အဆောင်ဆရာတစ်ဦးတွင် မှော်စွမ်းအား မလုံလောက်ပါက အဆင့်မြင့်စုတ်တံကို အတင်းအကျပ် အသုံးပြုခြင်းသည် ကျရှုံးမှုနှုန်းကိုသာ ပိုမိုမြင့်မားစေလိမ့်မည်။
ထို့အပြင် အဆောင်ဆရာများသည် သူတို့၏အဆောင်ပညာရပ်များကိုသာ အာရုံစိုက်လွန်းသောကြောင့် သူတို့၏ကျင့်ကြံမှုကို မြှင့်တင်ရန် အချိန်မပေးနိုင်ကြပေ။ ထို့ကြောင့် အဆောင်ကျင့်ကြံသူအများစု၏ကျင့်ကြံမှုအဆင့်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်အောက်တွင်သာ ရှိနေကြသည်။ ကောင်းကင်တောင်ပိုင်းဒေသ တစ်ခုလုံးတွင်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိသည့် အဆောင်သန့်စင်ခြင်းဆရာမှာ လက်ချိုးရေတွက်၍ရလောက်အောင် ရှားပါးလှသည်။
စဦးစိတ်ဝိညာဉ်အဆင့်နှင့် ပတ်သက်၍မူ ဟန်လိ သိသလောက် အဆောင်ပညာရပ်၌ ထူးချွန်လှသည်ဟူသော ထူးဆန်းသည့် ကျင့်ကြံသူမျိုး မရှိပေ။ စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားသော ကျင့်ကြံသူအများစုမှာ အဆောင်သန့်စင်ခြင်းကို အထူးပြုလေ့မရှိကြတော့ပေ။
စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများ၏ အဆောင်သန့်စင်ခြင်းပညာရပ်မှာလည်း အမျိုးမျိုးကွဲပြားကြသည်။ သူတို့ထဲမှ အများစုမှာ ကိုယ်တိုင်အသုံးပြုရန်အတွက် အဆင့်မြင့်အဆောင်တစ်မျိုး သို့မဟုတ် နှစ်မျိုးကိုသာ သန့်စင်နိုင်ကြသော်လည်း အဆင့်မြင့်သားရဲအရေပြားနှင့် သွေးများမှာ ရှားပါးလှသောကြောင့် အမြောက်အမြား မသန့်စင်နိုင်ကြပေ။ အောင်မြင်မှုနှုန်းမှာလည်း စိတ်ကူးနိုင်သည်ထက်ကို ပိုနည်းပါးလှ၏။
ဤသည်မှာ တစ်ခါတစ်ရံတွင် အဆင့်မြင့်အဆောင်တစ်ခုသည် ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုထက်ပင် တန်ဖိုး ပိုမိုကြီးမားနေရခြင်း၏ အကြောင်းရင်း ဖြစ်လေ၏။