နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး
Vol. 49 Ch. 680
“ဒီကွင်းက ခုထိ ပိုင်ရှင်သခင် မရှိသေးတာမို့ သူ့ရဲ့စွမ်းရည်အပြည့်အဝကို ကျွန်မ ပြသနိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ သူ့တန်ဖိုးက အတော်လေး ကြီးတယ်ဆိုတာတော့ ရှင်တို့ အားလုံး သိသင့်ပါတယ်။ ဒီ အင်မောတယ်နှောင်ကြိုးကွင်းကို စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေအတွက် ဖော်စပ်ထားတဲ့ ဆေးလုံးတစ်ပုလင်းနဲ့ လဲလှယ်ချင်ပါတယ်။ ကမ်းလှမ်းဖို့ စိတ်ဝင်စားရင် ကျွန်မ လက်ခံကြည့်ရှုပေးပါ့မယ်…”
ပွဲတက်ရောက်လာသည့် ကျင့်ကြံသူတိုင်းတွင် ကိုယ်ပိုင် မှော်ရတနာများ ရှိကြသော်ငြား မတူညီသည့်စွမ်းရည်ရှိသော မှော်ရတနာများစွာကို ပျိုးထောင်ထားခြင်းသည် မကြားဖူးသည့်ကိစ္စ မဟုတ်ပေ။ ထို့အပြင် ဤမှော်ရတနာသည် သခင်မဲ့ဖြစ်နေသောကြောင့် တပည့်များကိုလည်း ပေးနိုင်သေးသည်။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများ ဖန်တီးထားသည့် မှော်ရတနာများသည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများ ဖန်တီးထားသည့်အရာများထက် အဆများစွာ ပိုမိုအားကောင်း၏။
ကျင့်ကြံသူအများစုသည် လက်နက်ကိရိယာသန့်စင်ခြင်း၌ ကျွမ်းကျင်သူများ မဟုတ်ကြပေ။ အထူးသဖြင့် စဦးစိတ်ဝိညာဉ် ကျင့်ကြံသူများ၌လည်း ထိုသို့ပင်။ ထို့ကြောင့် ကျွမ်းကျင်စွာ သန့်စင်ထားသည့် ရတနာတစ်ခုက သူတို့ရှေ့ ရောက်လာသည့်အခါ များစွာသောသူတို့က စိတ်ဝင်စားလာပြီး လဲလှယ်ချင်လာကြသည်။ အမျိုးသမီးက သူမအား ကမ်းလှမ်းလာသည့် ဆေးလုံးပုလင်းများထဲမှ တစ်ခုကို ရွေးချယ်ပြီး အရောင်းအဝယ်ကို အဆင်ပြေပြေ နိဂုံးချုပ်လိုက်သည်။
ဤအင်မောတယ်နှောင်ကြိုးကွင်းသည် ကြက်သွေးရောင်စိတ်ဝိညာဉ်မှိုထက် တန်ဖိုးများစွာ နည်းပါးသော်ငြား အရောင်းအဝယ်လုပ်ရာတွင်မူ ပိုမိုလွယ်ကူခဲ့၏။
နောက်ကျင့်ကြံသူတစ်ယောက်က တာအိုသခင်ကောင်းကင်သလင်း မခေါ်မီပင် ထရပ်ကာ ပြောသည်။ “ကျုပ်က ကြယ်သံမဏိသဲ ကို လဲလှယ်ဖို့ ကမ်းလှမ်းပါတယ်။ ဒါကို အသုံးပြုနိုင်တဲ့ နေရာတွေကတော့…”
အရောင်းအဝယ်ပွဲသည် အဆင်ပြေပြေနှင့် ဆက်ကျင်းပနေ၏။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်စီက သူတို့၏ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ပြကြရာ တစ်ခုချင်းစီမှာ အလွန်ရှားပါးသည့်ပစ္စည်းများသာ ဖြစ်သည်။ ၎င်းတို့သည် ဟန်လိ စျေးကွက်များတွင် တွေ့ဖူးသည့် ပစ္စည်းများထက် အဆများစွာ သာလွန်နေပြီး သာမန်အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး၏ စုစုပေါင်းကြွယ်ဝမှုဖြင့်ပင် ၎င်းတို့ကို ဝယ်ယူရန် တတ်နိုင်မည်မဟုတ်ပေ။
ကျင့်ကြံသူတစ်ယောက်၏ အလှည့်ရောက်လာတိုင်း သူတို့၏အဆင့်နှင့် သင့်တော်သည့်ပစ္စည်းတစ်ခုကို ထုတ်ပြကြသည်ပင်။
သို့သော် လူတိုင်းကတော့ အောင်မြင်စွာ ရောင်းဝယ်ဖောက်ကားနိုင်ခြင်း မရှိကြပေ။ သိပ်မရင်းနှီးသည့် ပစ္စည်းအချို့ရှိနေသကဲ့သို့ လိုချင်စရာကောင်းသော်ငြား လဲလှယ်ဖို့ရန် မတတ်နိုင်သည့် ဈေးနှုန်းမြင့်သည့် ပစ္စည်းများလည်း ရှိနေသည်။ မည်သို့ပင်ဆိုစေ ဤစဦးစိတ်ဝိညာဉ်ကျင့်ကြံသူတိုင်းက အတွေ့အကြုံများစွာ ကြွယ်ဝနေကြ၏။ သည့်အတွက်ကြောင့် တန်ဖိုးကွာခြားချက် ကြီးမားသည့် အရောင်းအဝယ်များ ဖြစ်ပေါ်လာဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
မီးနဂါးကောင်လေးနှင့်လုလောတို့သည် ဟန်လိ၏ရှေ့တွင် ရှိနေကြပြီး သူတို့ကိုယ်ပိုင်ပစ္စည်းများကို အရင်ထုတ်ပြကြသည်။
မီးနဂါးကောင်လေးသည် ဆေးလုံးသန့်စင်ခြင်းအတွက် ပါဝင်ပစ္စည်းတစ်ခုဖြစ်သည့် ဇလုံတစ်လုံးအရွယ်အစားလောက်ရှိမည့် သုံးရောင်ခြယ်ပန်းတစ်ပွင့်ကို ထုတ်ပြခဲ့သည်။ ၎င်းသည် ကြက်သွေးရောင်စိတ်ဝိညာဉ်မှိုနှင့် နှိုင်းယှဉ်၍မရနိုင်သော်ငြား ရှားပါးသည့်ပစ္စည်းတစ်ခုတော့ ဖြစ်နေသေးသည်။ သို့သော် သူရှာဖွေနေသည့် အဆိပ်အမှတ်သစ်သားကို ပိုင်ဆိုင်သူ မရှိသောကြောင့် စိတ်ပျက်စွာဖြင့် ပြန်ထိုင်လိုက်ရသည်။
လုလောအတွက်မူ အောင်မြင်သော အရောင်းအဝယ်တစ်ခု ဖြစ်ခဲ့၏။ သူသည် ဟန်လိ တစ်ခါမျှ မကြားဖူးသေးသော စိတ်ဝိညာဉ်ဆေးပင်အဆီအနှစ် ပုလင်းတစ်ပုလင်းကို သခင်မဲ့ဖြစ်နေသည့် မီးရောင်ဓားမြှောင်ငယ်တစ်ခုနှင့် လဲလှယ်လိုက်သည်။ သူ့အသက်အရွယ်နှင့် သူကိုယ်တိုင် သန့်စင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သောကြောင့် မည်သူ့ကို ပေးဖို့လဲဆိုသည်ကို မသိရပေ။
လုလော၏ အောင်မြင်သော အရောင်းအဝယ်နောက် ဟန်လိ၏အလှည့် ရောက်လာ၏။ သူသည် အစောပိုင်းတွင် ပိုးထည်ဝတ်စုံနှင့်ကျင့်ကြံသူ၏ ကြက်သွေးရောင်စိတ်ဝိညာဉ်မှို ကို အောင်မြင်စွာ လဲလှယ်နိုင်ခဲ့သောကြောင့် လူများစွာက သူ့အပေါ် အထူးအာရုံစိုက်နေကြသည်။
ဟန်လိသည် တည်ငြိမ်စွာ မတ်တတ်ရပ်ကာ သူ အရင်ကတည်းက ပြင်ဆင်ထားသော အဖြူရောင်ကျောက်စိမ်းသေတ္တာနှစ်ခုကို ထုတ်လိုက်၏။
“ကျုပ်မှာ အဆင့်ခြောက် ရေဓာတ်အသားပေး သားရဲအမြုတေနဲ့ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင်နှစ်ပင် ရှိပါတယ်။ ဒါတွေကို ရွှေအနှစ်သာရ တစ်ခုနဲ့ လဲလှယ်ပါမယ်။ မရနိုင်ဘူးဆိုရင်တော့ သေတ္တာတစ်လုံးကို ရွှေအနှစ်သာရ ဘယ်မှာရှိတယ်ဆိုတဲ့ သတင်းအချက်အလက်နဲ့ပါ လဲလှယ်ပါမယ်…”
ဟန်လိ ဤသို့ပြောပြီးသည်နှင့် သူ၏လက်များ တုန်ခါသွားကာ မိုးပြာရောင်အလင်း တဖျတ်ဖျတ် လင်းလက်သွား၏။ ကျောက်စိမ်းသေတ္တာနှစ်ခုသည် တစ်ချိန်တည်းမှာ ပွင့်သွားသည်။ အနီရောင်နှင့် အပြာရောင်ရှိသော သားရဲအမြုတေနှစ်ခုနှင့် တောက်ပနေသည့် ကျောက်စိမ်းစိမ်းရောင် ဆေးပင်နှစ်ပင်ကို ဖော်ထုတ်ပြသလိုက်၏။
‘ရွှေအနှစ်သာရလား…’ ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူအားလုံး၏ မျက်နှာတွင် ထူးခြားသည့်အမူအရာများ ပေါ်လာသည်။ ဤသားရဲအမြုတေများနှင့် နှစ်တစ်ထောင်သက်တမ်းရှိ ဆေးပင်များသည် အဖိုးတန်သော်ငြား ၎င်းတို့နှင့် ရွှေအနှစ်သာရ အကြား တန်ဖိုးကွာခြားချက် ကြီးမားလွန်းသည်။
သူသာ တကယ်လဲလှယ်ရမည်ဆိုလျှင် ထိုတန်ဖိုး၏ အနည်းငယ်မျှသာ ပေးနိုင်လိမ့်မည်။ မလုံလောက်ပေ။ သို့သော် ရွှေအနှစ်သာရ ဘယ်မှာရှိသည်ဆိုသည့် သတင်းအချက်အလက်သပ်သပ်အတွက်ဆိုလျှင်မူ အဆင့်ခြောက် သားရဲအမြုတေတစ်ခု သို့မဟုတ် နှစ်တစ်ထောင်သက်တမ်းရှိ ဆေးပင်တစ်ပင်သည် အတော်လေး ရက်ရောသည်ဟု ဆိုနိုင်သည်။
မည်သို့ပင်ဆိုစေ သတင်းအချက်အလက်တစ်ခုတည်းက ပစ္စည်းကိုယ်တိုင် လက်ထဲတွင် ရှိနေခြင်းလောက် တန်ဖိုးမရှိမှန်း လူတိုင်း သိကြသည်။ ရှေးဟောင်းကျင့်ကြံသူများ၏ အပျက်အစီးနေရာများနှင့် တန်ဖိုးရှိသောနေရာများကို လူများစွာက သိရှိကြသော်ငြား ထိုနေရာများသည် အလွန်အမင်း အန္တရာယ်များသောကြောင့် အစွမ်းထက်လှသောကျင့်ကြံသူများပင် ဒဏ်ရာအပြင်းအထန်အရခံပြီး ကြိုးစားလျှင်တောင် လွတ်မြောက်ရန် ခက်ခဲလိမ့်မည်။
ဤ၏ အထင်ရှားဆုံးဥပမာတစ်ခုမှာ ကောင်းကင်တောင်ပိုင်းကုန်းမြေ၏ ဗဟိုချက်၌ရှိသော နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ပင်ဖြစ်သည်။
ဒဏ္ဍာရီများအရ ၎င်းသည် ရှေးခေတ်ကာလကတည်းက နတ်ဆိုးကျင့်ကြံသူများ ချမှတ်ထားသည့် ခန့်မှန်းမရနိုင်သောအတားအဆီးများစွာရှိသော ရှေးဟောင်း စစ်မြေပြင်တစ်ခု ဖြစ်သည်ဟု ဆိုသည်။ တိုက်ပွဲ၏ အထွတ်အထိပ်မှ ပြင်းထန်သောပျက်စီးမှုများကြောင့် ၎င်းတွင် လေဟာနယ်အက်ကွဲကြောင်းများ ရှိနေပြီး ချောက်ကမ်းပါးတစ်ခုလုံးကို မတည်မငြိမ် ဖြစ်စေခဲ့သည်။ ရလဒ်အနေဖြင့် ရှေးဟောင်းတိုက်ပွဲသည် အပြန်အလှန် ပျက်စီးခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။
လေဟာနယ်အက်ကွဲကြောင်းများနှင့်ရှေးဟောင်းအတားအဆီးများကြောင့် ရှေးဟောင်းစစ်မြေပြင်သည် အလွန်အမင်း အန္တရာယ်များခဲ့၏။ နှစ်ပေါင်းများစွာအတွင်း ရတနာများကိုရှာဖွေရင်း ထိုအပျက်အစီးများထဲသို့ ဝင်ရောက်ခဲ့သော ယုံကြည်မှုလွန်ကဲကြသော ကျင့်ကြံသူ မည်မျှများများ ပြန်လမ်းမရှိခဲ့သည်ကို မသိနိုင်ပေ။
ဤကျင့်ကြံသူများ ရယူကောင်းရယူနိုင်ခဲ့သည့် ရတနာများသည် အနှီချောက်ကမ်းပါးထဲတွင်သာ ကျန်ခဲ့ကြသည်ပင်။ နောင်နှစ်ပေါင်းတစ်သောင်းလောက်ထိ တခြားကျင့်ကြံသူများက ကံကိုယုံ၍ စူးပုံနင်းဝံ့လောက်သည့်ထိ မရဲ့ရင်နိုင်တော့ဘဲ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါးသည် ကောင်းကင်တောင်ပိုင်းဒေသကြီး၏ အသေအပျောက် အများဆုံး ဒေသဟူသည့် ဂုဏ်ပုဒ်တစ်ခု ရရှိခဲ့သည်။ ချောက်ကမ်းပါး၏ အတွင်းနက်ပိုင်းနေရာတွင် ရတနာများစွာ ရှိနေကြောင်း သိရှိရသော်လည်း မည်သူမျှ သွားရောက်ရှာဖွေရန် မရဲသောကြောင့် ၎င်းတို့သည် အိပ်မက်များထဲ၌သာ တည်ရှိနေကြတော့သည်။
မည်သို့ပင်ဆိုစေ ရွှေအနှစ်သာရဆိုသည်မှာ လူသိများသည့် အရာတစ်ခုတော့ မဟုတ်ပေ။ ထို့ကြောင့် ကျင့်ကြံသူတစ်ဦးစီက သူ့ကို အသံပို့လွှတ်ခြင်း မရှိဘဲ တစ်ချက်သာ လှမ်းကြည့်ကြသည်။
ဤသို့မြင်သောအခါ ဟန်လိသည် အနည်းငယ် စိတ်ပျက်လာ၏။ သူ၏ကြွယ်ဝမှုကို ဖုံးကွယ်ရန် သူသည် ပို၍အဖိုးတန်သည့် ပစ္စည်းများကို မထုတ်ပြခဲ့ပေ။ ထို့ကြောင့် သူ လိုအပ်သည့် အရာကို မလဲလှယ်နိုင်ဘဲ ဖြစ်ရလေ၏။ မည်သို့ပင်ဆိုစေ ဤနေရာ၌ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများစွာ တက်ရောက်နေသည်ကြားမှ မည်သူမျှ ဆက်စပ်သတင်းအချက်အလက်ကို မသိရှိခြင်းအတွက် သူ အတော်လေး စိတ်ပျက်မိသည်။
သူသည် စိတ်ထဲမှ သက်ပြင်းချကာ ကျင့်ကြံသူအုပ်စုကို လှမ်းကြည့်သည်။ သူသည် မသိလိုက်မသိမသာ မျက်မှောင်ကြုတ်လိုက်မိ၏။ သည့်နောက်မှာ သူ့မျက်လုံးထဲ၌ အမူအရာတစ်မျိုး ဖြတ်ပြေးသွားပြီး ပြန်ထိုင်လိုက်၏။
နောက်ထပ်ကျင့်ကြံသူတစ်ဦးက အနက်ရောင်သတ္တုသန့်စင်ခြင်းပစ္စည်းများကို ချက်ခြင်းထုတ်ယူ၍ မိတ်ဆက်လာသည်။
ဟန်လိသည် ထိုကျင့်ကြံသူ မိတ်ဆက်နေသည်ကို စိတ်ဝင်စားမှု သိပ်မရှိဘဲ နားထောင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
ဟန်လိ အထင်မမှားဘူးဆိုလျှင် တာအိုသခင်ကောင်းကင်သလင်းသည် သူ၏တည်ငြိမ်သည့်အမူအရာကြားမှပင် သူ့မျက်လုံးများက တုံ့ဆိုင်းနေဟန်ကို ထုတ်ဖော်ခဲ့သည်။ တာအိုသခင်ကောင်းကင်သလင်းတွင် ရွှေအနှစ်သာရ ရှိချင်မှ ရှိမည်ဖြစ်သော်ငြား ၎င်းကို ရနိုင်သည့်နေရာနှင့်ပတ်သက်သော သတင်းအချက်အလက်များ ရှိဟန်တူသည်။
များစွာ မစဉ်းစားဘဲ ဟန်လိသည် ချက်ခြင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သို့သော် စိတ်ရှည်သည်းခံတတ်သူဖြစ်၍ သူသည် ထိုကိစ္စကို ယခုလောလောဆယ်၌ ထားထားပြီး မသိချင်ယောင်သာ ဆောင်လိုက်သည်။ ဤသဲလွန်စတစ်ခုတည်းဖြင့်ပင် သူ လိုအပ်သော သတင်းအချက်အလက်ကို ရယူနိုင်မည့် အခွင့်အရေးတစ်ခု ပေါ်လာလိမ့်မည်ဟု ယုံကြည်နေသည်။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးကျင့်ကြံသူသည် သူတို့ လိုအပ်သော ပစ္စည်းများအတွက် လဲလှယ်ခြင်း ပြီးဆုံးသွားခဲ့သည်။
တာအိုသခင်ကောင်းကင်သလင်းသည် အခန်းအလယ်သို့ လျှောက်လာပြီး ပြုံး၍ ပြောသည်။ “ရောင်းရင်းတို့… ခင်ဗျားတို့ အများစုက လိုအပ်တဲ့ ပစ္စည်းတွေအတွက် လဲလှယ်နိုင်ခဲ့ကြပြီလို့ ထင်ပါတယ်။ မရခဲ့ရင်တောင် စိတ်မပူပါနဲ့။ ကျုပ်တို့ရဲ့ ဒီလိုအစုအဝေးပွဲလေးမှာ မြို့ကို ရောက်လာတဲ့ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတွေရဲ့ ဆယ်ပုံတစ်ပုံသာ ရှိသေးတာပါ။ ရှေ့မှာ အခွင့်အလမ်းတွေ အများကြီး ရှိပါသေးတယ်။ တခြားသူတွေအတွက်တော့ မပြောနိုင်ပေမဲ့ ကျုပ်ကတော့ ပိုပြီး ကြီးမားတဲ့ အရောင်းအဝယ်ပွဲကို ကျင်းပဦးမှာပါ။ ရောင်းရင်းတို့ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ ပွဲမပိတ်ခင် ကျုပ်မှာလည်း လဲလှယ်ချင်တဲ့ ပစ္စည်းအချို့ ရှိပါသေးတယ်…”
ထိုသို့ပြောပြီးသည့်အခါ သူ၏လက်များ တောက်ပလာပြီး သူ့သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ဆင့်ခေါ်လိုက်ကာ စားပွဲပေါ်၌ ပြည့်နေစေ၏။
တခြားကျင့်ကြံသူများက စားပွဲပေါ်ရှိ ပစ္စည်းများကို မြင်ရသောအခါ အံ့အားသင့်သွားကြသည်။ ဟန်လိ ထိုပစ္စည်းများကို မြင်သောအခါ သူ့အမူအရာမှာလည်း ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။
ကွဲပြားသည့် မိစ္ဆာသားရဲရုပ်သေးရှစ်ခုကို စားပွဲပေါ်၌ စီစဉ်ထားရာတွင် အဖြူရောင်ဝံပုလွေ၊ မိုးပြာရောင် စပါးအုံးမြွေများနှင့် အနီရောင်နွားတို့လည်း ပါဝင်သည်။
၎င်းတို့သည် လုံးဝ ငြိမ်သက်နေသော်ငြား ၎င်းတို့တွင် အစောပိုင်း အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများနှင့် ညီမျှသော အံ့အားသင့်ဖွယ် စိတ်ဝိညာဉ်ချီများ ပါဝင်နေသည်။ ၎င်းတို့သည် ဟန်လိ ပိုင်ဆိုင်သည့် ဧရာမမျောက်ရုပ်သေးများထက် များစွာ ပိုမိုအားကောင်းသော်ငြား ၎င်းတို့နှင့်ပတ်သက်သည့်အချက်အလက်များကို ဟန်လိ၏ ရုပ်သေးကျမ်းဂန်များ၌လည်း မှတ်တမ်းတင်ထားခြင်း မရှိသောကြောင့် သူ့ကို အံ့အားသင့်စေခဲ့သည်။
ဤလူက ဝါးတစ်ထောင်ကျောင်းတော်မှ ကျင့်ကြံသူများလား။ သို့သော် ဝါးတစ်ထောင်ကျောင်းတော်၌ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ မရှိသင့်ပေ။ ကိုယ်ပိုင်ပုံစံ ရုပ်သေးများကို ကျင့်ကြံသည့် တခြားအဖွဲ့တစ်ခုကများလား။
ဟန်လိ၏ စိတ်ထဲ လှုပ်ခတ်နေချိန်တွင် သူသည် ထိုရုပ်သေးများကို စိုက်ကြည့်ကာ ထူးခြားချက်များကို သိရှိရန် မျှော်လင့်မိသည်။
သို့သော် သူ ထိုသို့ မလုပ်နိုင်မီ သဟဇာတအနှောင့်အဖွဲ့ဂိုဏ်းမှ လူဝကြီးက ပြုံးရယ်ကာ ပြောလိုက်၏။ “ရောင်းရင်းကောင်းကင်သလင်း… ခင်ဗျား ဘယ်တုန်းကတည်းက ရုပ်သေးပညာရပ်တွေကို စကျင့်ကြံခဲ့တာလဲ။ ခင်ဗျားရဲ့ သလင်းအလင်းပညာရပ်ကို စွန့်လွှတ်ဖို့ စီစဉ်ထားတာလား။ တကယ်လို့ အဲ့လိုဆိုရင် ခင်ဗျားကို ကျုပ် အကြွင်းမဲ့ လေးစားမိပါတယ်…”
တာအိုသခင်ကောင်းကင်သလင်းသည် ပြုံးလိုက်၏။ “အစ်ကိုကျူက စနောက်နေပြန်ပြီ။ ကျွန်တော့်ရဲ့ အားနည်းတဲ့ခန္ဓာကိုယ်နဲ့ ကျုပ်ရဲ့ကျင့်ကြံခြင်းပညာရပ်ကို ဘယ်လိုလုပ် ပြောင်းနိုင်မှာလဲ။ ဒီရုပ်သေးတွေက တခြားရောင်းရင်းအချို့နဲ့အတူ အပျက်အစီးနေရာအချို့မှာ ကျုပ် ရှာတွေ့ခဲ့တဲ့ ပစ္စည်းတွေပဲ။ ရှက်ရှက်နဲ့ဝန်ခံရရင် လောလောဆယ် ငွေကြေး ချို့တဲ့နေတာကြောင့် လဲလှယ်ဖို့အတွက် ဒါတွေကို အသုံးပြုရတာပါပဲ။ ဒီရုပ်သေးတွေရဲ့စွမ်းအားက မကြီးမားဘူးဆိုရင်တောင် အချို့အခြေအနေတွေမှာ ထူးကဲတဲ့အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်…”