ကြက်သွေးရောင်အနှစ်သာရဆေးပင်
Vol. 49 Ch. 679
“တာအိုသခင်ကောင်းကင်သလင်းက ယဉ်ကျေးလွန်းနေပြီ။ ဒါပေမဲ့ ကျုပ်က အတော်လေး စိတ်မရှည် ဖြစ်လာပြီဆိုတော့ ကျုပ်ပဲ အရင်စလိုက်ရင် ကောင်းမလား…”
ပိုးထည်ဝတ်စုံနှင့်ကျင့်ကြံသူတစ်ယောက်က ပြုံး၍ ပြောသည်။
“ဟားဟား…ရောင်းရင်းသဘောပါပဲ…”
တာအိုသခင်ကောင်းကင်သလင်းသည် ပြုံးပြီး မလှမ်းမကမ်းသို့ ဆုတ်ကာ ပိုးထည်ဝတ်စုံနှင့်ကျင့်ကြံသူကို ရှေ့သို့ တက်လာရန် ဖိတ်ခေါ်သည်။
ဤအရောင်းအဝယ်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များ မချမှတ်ထားပေ။ သည်မှာရှိနေသော ကျင့်ကြံသူအားလုံးမှာ အတွေ့အကြုံများသူများ ဖြစ်နေသည် မဟုတ်လား။
“ဟဲဟဲ… အစ်ကိုတော်ကောင်းကင်သလင်း သဘောတူမှတော့ ဒီအဘိုးအိုလည်း ငြင်းမနေတော့ပါဘူး…” ပိုးထည်ဝတ်စုံနှင့်ကျင့်ကြံသူက ရဲရဲတင်းတင်း မတ်တတ်ထရပ်ကာ အခန်းထဲရှိ ကျင့်ကြံသူများကို လောကွက်ပြု နှုတ်ဆက်သည်။ ထို့နောက် သူက ခါးမှ သိုလှောင်အိတ်ကို ခပ်ဖွဖွရိုက်လိုက်ရာ သူ့လက်ထဲသို့ လက်ဖဝါးအရွယ်အစားခန့် သစ်သားသေတ္တာတစ်လုံး အနီရောင်အလင်းတန်းတစ်ခုနှင့်အတူ ပေါ်လာသည်။
၎င်းသစ်သားသေတ္တာမှာ တစ်စုံတစ်ရာ ထူးခြားသည့်သစ်သားဖြင့် သန့်စင်ထားခြင်းပင်။ ၎င်း၏နက်မှောင်စိမ်းလဲ့နေသောကိုယ်ထည်ပေါ်မှ အနီရောင်မီးလျှံများ တလက်လက်နှင့် တောက်ပနေ၏။ ရွှေရောင်နှင့်ငွေရောင် ရောယှက်ထားသည့် အဆောင်သင်္ကေတနှစ်ခုကလည်း ၎င်းပေါ်တွင် ရှိနေသည်။
ဤထူးဆန်းသည့်သေတ္တာက အခန်းတွင်းရှိလူများ၏ အကြည့်များကို ဆွဲဆောင်သွား၏။ ဤနေရာတွင် ရှိနေသူများမှာ အတွေ့အကြုံကြွယ်ဝသူများ ဖြစ်သောကြောင့် သေတ္တာထဲ၌ အဖိုးတန်ပစ္စည်းတစ်ခု ရှိနေရော့မည်မှန်း သိကြ၏။ အရောင်းအဝယ်ပွဲစသည်နှင့် ကျင့်ကြံသူတစ်ယောက်က ဤကဲ့သို့ ရတနာကို ထုတ်ပြလာခြင်းသည် လူတိုင်းကို စိတ်လှုပ်ရှားမိစေ၏။
ပိုးထည်ဝတ်စုံနှင့်လူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် လူအုပ်ထဲသို့ ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ ထို့နောက် သေတ္တာပေါ်ရှိ အဆောင်သင်္ကေတနှစ်ခုထံ လက်ညွှန်လိုက်၏။ အဆောင်သင်္ကေတများ ပျက်ပြယ်သွားချိန်၌ သေတ္တာက သူ့အလိုလို ပွင့်သွား၏။ ရုတ်တရက် တောက်ပနီရဲနေသည့် စိတ်ဝိညာဉ်မှိုတစ်မျိုးသည် သေတ္တာအတွင်းမှ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
သည်မှိုက လက်မအနည်းငယ်သာ ရှိ၏။ သို့ပေမည့် ၎င်းထံမှ ထုတ်လွှတ်သည့် ပူပြင်းသောအပူရှိန်နှင့် တောက်ပနေသောပြင်ပအသွင်က ထူးကဲသော နတ်ဘုရားပစ္စည်းတစ်ခုမှန်း သိသာစေသည်။ မှို၏ပတ်ပတ်လည်၌ အနီရောင်မြူတို့က ရစ်သိုင်းလျက်ရှိနေ၏။
ထိုမြင်ကွင်းကိုကြည့်ကာ ဟန်လိသည် အံ့အားတသင့် ဖြစ်နေမိသည်။ ထိုစဉ် အခြားသူများက ၎င်းမှို၏အမည်ကို ကျယ်ကျယ်လောင်လောင် ထုတ်ပြောလာကြလေပြီ။
အနက်ရောင်ဝတ်စုံနှင့်လူက သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်၏။
“ကြက်သွေးရောင်စိတ်ဝိညာဉ်မှို…နှစ်သုံးထောင် သက်တမ်းရှိတဲ့ ကြက်သွေးရောင်စိတ်ဝိညာဉ်မှို… ဒီမှိုဟာ ချောရည်ပူတွေစီးနေတဲ့နေရာမှာပဲ ပေါက်တယ်။ ဒါကို ရဖို့နေနေသာသာ ပုံမှန်ဆို မြင်ရဖို့တောင် မလွယ်ဘူး။ ရောင်းရင်းက အတော်လေးကို ထက်မြက်သူပဲ ဖြစ်ရမယ်…”
သူ့လေသံအရ တစ်ဖက်လူအပေါ် အထင်ကြီးတာလား၊ မနာလိုဖြစ်နေတာလားကို မသိရနိုင်ပေ။
ကျင့်ကြံသူများကြား ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် တီးတိုးစကား ပြောဆိုလာကြ၏။
“ကြက်သွေးရောင်စိတ်ဝိညာဉ်မှိုလား… ဒါက ရေခဲနဲ့မီးဓာတ် နှစ်မျိုးလုံးပါဝင်တဲ့ စိတ်ဝိညာဉ်မှိုတွေထဲက တစ်ခုပဲ။ ဒီမှိုကနေ ထုတ်လွှတ်နေတဲ့ မီးစိတ်ဝိညာဉ်ချီဓာတ်ကို ကြည့်တာနဲ့တင် ဂုဏ်သတင်းနဲ့ ထိုက်တန်မှန်း သိနိုင်တယ်…”
ပိုးထည်ဝတ်စုံနှင့်လူက တစ်ဖက်လူသည် ၎င်း၏အမည်ကို ပြောသည်ကို ကြားသည့်အခါ သူ့မျက်လုံးထဲ၌ အံ့အားသင့်ဟန် ဖြစ်ပေါ်သွားသည်။ သို့သော် သူက ချက်ခြင်းပင် ပုံမှန်အတိုင်းပြန်ဖြစ်လာပြီး ပြောသည်။
“ရောင်းရင်းက ဒီပစ္စည်းကို မှတ်မိနေမှတော့ ကျုပ် ထပ်ပြောနေစရာ မလိုတော့ဘူးပေါ့။ ဒါက နှစ်သုံးထောင်သက်တမ်းရှိပြီဖြစ်တဲ့ ကြက်သွေးရောင်စိတ်ဝိညာဉ်မှို၊ မီးဓာတ်အသားပေး ဆေးလုံးတွေအတွက် ထိပ်တန်းအဆင့် ပစ္စည်းပဲ။ ကျုပ်က ဒါကို စိတ်ဝိညာဉ်ကျောက်တုံးတုံးတစ်သိန်း ဒါမှမဟုတ် မြေဓာတ်အသားပေးပစ္စည်းတွေနဲ့ လဲလှယ်မယ်…”
“စိတ်ဝိညာဉ်ကျောက်တုံးတုံးတစ်သိန်းတဲ့လား…”
ဟန်လိသည် အံ့ဩသွား၏။ သူ့ရင်ထဲ လှုပ်ခတ်သွားသည်။ ဤဈေးနှုန်းက ဟန်လိ မျှော်မှန်းထားသည်ထက် အများကြီး နည်းပါးနေသည်။ ဤမှိုသည် အဆင့်မြင့်သားရဲအမြုတေများနှင့် နှိုင်းယှဉ်နိုင်သည့်အရာမျိုး မဟုတ်။ ၎င်းသည် ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်းပင်နှင့် အဆင့်တူတူလောက်ပင်။
သူ့တွင်ရှိသည့် အဖိုးတန်ရတနာများစွာကို ထည့်မတွက်ဘူးဆိုရင်တောင် ဟန်လိသည် သူ လုယက်သိမ်းယူထားသော သိုလှောင်အိတ်များမှ စိတ်ဝိညာဉ်ကျောက်တုံး သိန်းပေါင်းများစွာကို ရရှိထား၏။ အထူးသဖြင့် လက်နက်သူတော်စင်၏တပည့်ဖြစ်သူ ပိုင်ဆိုင်သော အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင်က ဟန်လိကို အတော်လေး ကြွယ်ဝစေခဲ့သည်။ ၎င်းသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများစွာ၏ စုစုပေါင်းကြွယ်ဝမှုနှင့် နှိုင်းယှဉ်နိုင်သည်။
တကယ်တော့ ဤစိတ်ဝိညာဉ်ကျောက်တုံးများသည် စိတ်ဝိညာဉ်ပစ္စည်းများ၊ မှော်ရတနာများ၊ ရှေးဟောင်းရတနာများထက် တန်ဖိုးအားဖြင့် အများကြီး နိမ့်ကျနေသည်။ မည်သို့ပင်ဆိုစေ ဝယ်ယူ၍မရသည့် အဖိုးတန်ပစ္စည်းများစွာ ရှိသည် မဟုတ်လား။ သူ့ပန်းခြင်းတောင်းနှင့် ခေါင်းလောင်းငယ်တို့ကဲ့သို့သော အလားတူ ရှေးဟောင်းရတနာများဝယ်ရန် သူ၏စိတ်ဝိညာဉ်ကျောက်တုံးအားလုံးကို သုံးစွဲရမည်ဆိုလျှင်ပင် ဟန်လိသည် နှစ်ခါစဉ်းစားမနေဘဲ သုံးစွဲပစ်လိုက်ပေမည်။
ဟန်လိ စဉ်းစားနေချိန်မှာပင် တခြားကျင့်ကြံသူများကလည်း ဤမှိုကြောင့် စိတ်ဝင်တစား ဖြစ်နေကြသည်။ ကျင့်ကြံသူများစွာသည် ချက်ခြင်း ရှေ့သို့ထွက်လာပြီး ပိုးထည်ဝတ်စုံနှင့်ကျင့်ကြံသူထံ အသံပို့လွှတ်ကာ စကားပြော၏။ ထို့နောက် သူတို့က ထိုကျင့်ကြံသူကို ပြသရန် ပစ္စည်းအချို့ကို ထုတ်ယူလိုက်ကြသည်။
တခြားသူများက ဤပစ္စည်းများကို ရှင်းလင်းစွာ မမြင်နိုင်သော်ငြား ပိုးထည်ဝတ်စုံနှင့်ကျင့်ကြံသူက တစ်ချက်ကြည့်ရုံဖြင့် သူတို့ကို ငြင်းဆန်ပစ်လိုက်သည်။ ထို့ကြောင့် သူတို့က မကျေမချမ်းနှင့် ဆုတ်ခွာသွားရတော့၏။
“တခြားလူ ရှိဦးမလား။ ဒီနှစ်သုံးထောင်သက်တမ်းရှိတဲ့ ကြက်သွေးရောင်စိတ်ဝိညာဉ်မှိုကို ခြောက်နှစ်ကြာ အကြီးအကျယ် အပင်ပန်းခံပြီးမှ ရလာတာ။ ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းနဲ့ ရောင်းတာဟာ ဈေးမများလွန်းဘူး။ ဒါပေမဲ့ ဒီပစ္စည်းကို သင့်တော်တဲ့မြေဓာတ်အသားပေးပစ္စည်းတွေနဲ့ လဲလှယ်ချင်တယ်။ တန်ဖိုးက အနည်းငယ် နိမ့်နေရင်တောင် ကျုပ် လက်ခံပါ့မယ်။ ဒါပေမဲ့ တန်ဖိုးက အများကြီး ကွာခြားနေပြီး ကျုပ်အပေါ် အမြတ်ထုတ်ချင်တာဆိုရင်တော့ ကျုပ်ရဲ့အချိန်ကို လာမဖြုန်းပါနဲ့…”
သူ့လက်ထဲမှမှိုကို အမှန်တကယ် ရောင်းဝယ်ချင်နေသည်ဖြစ်သောကြောင့် မည်သူမျှ ရှေ့တက်မလာတာ မြင်ရသောအခါ သူ စိတ်မရှည် ဖြစ်လာသည်။
ဟန်လိသည် တခြားကျင့်ကြံသူများကို လှမ်းကြည့်ရာ သူတို့ထဲ၌ လောဘရိပ်သန်းနေသောသူများကို သတိထားမိသည်။ သို့သော် သူတို့ထဲမှ တစ်ယောက်ကမျှ ရှေ့သို့ မတိုးလာကြပေ။ ကြည့်ရသည်မှာ သူတို့က ဈေးနှုန်းမကြီးဘူးဟု ထင်နေကြသော်ငြား လဲလှယ်ဖို့ရန် သင့်တော်သော ပစ္စည်းမရှိကြဟန်တူသည်။
မီးနဂါးကောင်လေးသည်ပင် သူ့မျက်နှာထက်တွင် မချင့်မရဲဖြစ်ဟန် ပေါ်နေသည်။ သူက စစ်မှန်သော မီးဓာတ်အသားပေး ကျင့်ကြံခြင်းပညာကို ကျင့်ကြံသူဖြစ်၍ ဤမှိုသည် သူ့အတွက် အံ့ဩလောက်ဖွယ်ရာ အသုံးဝင်လိမ့်မည်။
ထပ်မံ၍ ကမ်းလှမ်းသူများ မရှိတော့သည်ကို မြင်သောအခါ သူသည် စိတ်ပျက်စွာဖြင့် သစ်သားသေတ္တာ၏အဖုံးကို ဖမ်းကိုင်လိုက်သည်။ သူ ပိတ်တော့မည့်အခါ ဟန်လိက သူ့ထံ အသံပို့လွှတ်လိုက်၏။
“ရောင်းရင်း… အဲ့လောက် အလျင်မလိုပါနဲ့။ မြေဓာတ်အသားပေး သားရဲအမြုတေနဲ့ လဲလှယ်မယ်ဆို စိတ်ဝင်စားမလား…”
ဟန်လိ၏ စကားသံကို ကြားသည့်အခါ ပိုးထည်ဝတ်စုံနှင့်လူက ရပ်တန့်သွားသည်။ အနည်းငယ် အံ့ဩသွားဟန်ဖြင့် ဟန်လိကို အသံပို့လွှတ်ကာ ပြန်ဖြေသည်။
“ခင်ဗျားမှာ သားရဲအမြုတေတွေ ရှိသလား။ ဒါပေမဲ့ ကျုပ်ရဲ့ ကြက်သွေးရောင်စိတ်ဝိညာဉ်မှိုကို အဆင့်ခုနစ် သားရဲအမြုတေတစ်ခု ဒါမှမဟုတ် အနည်းဆုံး အဆင့်ခြောက် သားရဲအမြုတေ များစွာနဲ့ လဲလှယ်မှ ရမှာနော်…”
ဟန်လိသည် သူ့အဖြေကို လက်ခံရရှိပြီးနောက် စဉ်းစားခန်း ဝင်သွား၏။ သူ ဆေးလုံးများ သန့်စင်ရာမှ ကျန်ရှိနေသည့် မိစ္ဆာသားရဲအမြုတေအချို့ ရှိနေသေးသည်။ ၎င်းတို့သည် ရှားပါးသော မိစ္ဆာသားရဲများမှ ရရှိလာသောကြောင့် ယခုကဲ့သို့ အခြားအသုံးပြုစရာများ ရှိနိုင်မလားဟု သူ သိမ်းထားခဲ့ခြင်းပင်။
ဤစိတ်ဝိညာဉ်မှိုကို သူ၏အစိမ်းရောင်အရည် အသုံးပြု၍ ပိုမိုကြီးထွားအောင် လုပ်နိုင်သော်ငြား သားရဲအမြုတေများကိုတော့ ထိုသို့ လုပ်မရပေ။ ၎င်းတို့၏ ဈေးနှုန်းများအတွက်တော့ ပြောဖို့ ခက်ခဲ၏။ ပြန့်ကျဲကြယ်ပင်လယ်တွင် အဆင့်ခုနစ်သားရဲအမြုတေများသည် အလွန်အဖိုးတန်သော်ငြား ကြက်သွေးရောင်စိတ်ဝိညာဉ်မှိုထက်တော့ တန်ဖိုး အများကြီး နိမ့်ကျနေ၏။
သို့သော် ဤအချက်သည် ကောင်းကင်တောင်ပိုင်းဒေသတွင်မူ ကွဲပြားသွားပေပြီ။ ကောင်းကင်တောင်ပိုင်းဒေသ၌ အဆင့်ခြောက် သားရဲအမြုတေများကို မပြောနှင့်၊ အဆင့်ငါး သားရဲအမြုတေများသည်ပင် ရှားရှားပါးပါး မြင်ရသည့်ပစ္စည်းများ ဖြစ်၏။ ကောင်းကင်တောင်ပိုင်းတွင် အဆင့်မြင့် မိစ္ဆာသားရဲများ နေထိုင်ရာနေရာ နည်းပါး၏။ ဤအခြေအနေတွင် အဆင့်ခုနစ် သားရဲအမြုတေတစ်ခုသည် နှစ်သုံးထောင်သက်တမ်းရှိသော ကြက်သွေးရောင်စိတ်ဝိညာဉ်မှိုအတွက် မျှတသောလဲလှယ်မှုဖြစ်၏။
ဆုံးဖြတ်ချက်ချပြီးသည့်နောက် ဟန်လိသည် ထရပ်ကာ ပိုးထည်ဝတ်စုံနှင့်ကျင့်ကြံသူထံ လျှောက်သွားသည်။
ဤအပြုအမူက မီးနဂါးကောင်လေးနှင့်လုလောတို့ကို အံ့အားသင့်စေ၏။ သူတို့က သူ့ကို အံ့ဩတကြီး လှမ်းကြည့်နေကြသည်။
ဟန်လိသည် ပိုးထည်ဝတ်စုံနှင့်ကျင့်ကြံသူထံ ခြေလှမ်းအနည်းငယ် လှမ်းသွားပြီးနောက် လက်ကို ဝေ့ယမ်းကာ ကျောက်စိမ်းသေတ္တာတစ်လုံး ဆင့်ခေါ်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှ မဆိုဘဲ ထိုကျင့်ကြံသူထံ ပစ်ပေးလိုက်သည်။
ပိုးထည်ဝတ်စုံနှင့်ကျင့်ကြံသူသည် တည်ငြိမ်စွာဖြင့် သေတ္တာကို ဖမ်းယူကာ ဖွင့်ကြည့်၏။ အချိန်အတော်ကြာအောင် ဂရုတစိုက်စစ်ဆေးပြီးနောက် သူ့မျက်လုံးများထဲ၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားဟန် အထင်းသား မြင်ရ၏။
“အရောင်းအဝယ်…တည့်သွားပြီ…ရောင်းရင်း”
သူသည် သေတ္တာအထက်၌ လွင့်မြောရစ်သိုင်းနေသောမှိုထံ လက်ယက်ကာ ဆင့်ခေါ်ပြီး သေတ္တာထဲထည့်ပိတ်ကာ ဟန်လိထံ လွှဲပြောင်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကျောက်စိမ်းသေတ္တာကို သူ၏သိုလှောင်အိတ်ထဲသို့ အလျှင်အမြန် ထည့်သွင်းလိုက်၏။
ဟန်လိက ခေါင်းညိတ်ပြပြီး သစ်သားသေတ္တာကို သူ၏သိုလှောင်အိတ်ထဲ ထည့်ကာ မူလနေရာသို့ ပြန်လှည့်လာသည်။
လုလောနှင့် မီးနဂါးကောင်လေးတို့သည် အံ့အားသင့်နေကြသော်ငြား နှစ်ဦးသားက ဟန်လိကို ထွေလီကာလီမေးအနေဘဲ ဂုဏ်ယူကြောင်း စကားအနည်းငယ်ကိုသာ အသံပို့လွှတ်ပြောဆိုကြသည်။ ဟန်လိက ၎င်းတို့၏စကားကို တည်ငြိမ်သောအမူအရာဖြင့် တုံ့ပြန်လိုက်သည်။
သို့သော် ထိုင်နေသောကျင့်ကြံသူများ၏ စူးစမ်းသည့်အကြည့်များစွာက သူ့ကို ထပ်မံ၍ စစ်ဆေးနေတာမျိုး ဟန်လိ ခံစားနေရ၏။ သိသာသည်မှာ ကြက်သွေးရောင်စိတ်ဝိညာဉ်မှိုကို ဝယ်ယူနိုင်ခြင်းက များစွာသောစိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပုံပင်။
မည်သို့ပင်ဖြစ်စေ ဟန်လိသည် ပူပန်မနေပေ။ သူ၏လက်ရှိစွမ်းရည်များဖြင့် သူသည် စဦးစိတ်ဝိညာဉ်နောက်ပိုင်းအဆင့်ကျင့်ကြံသူ မဟုတ်လျှင် မည်သူ့ထံမှမဆို အခက်အခဲမရှိဘဲ လွတ်မြောက်နိုင်စွမ်း ရှိနေသည်။
“ကောင်းပါပြီ… ဒီတာအိုရောင်းရင်း ရောင်းဝယ်ပြီးသွားပြီဆိုတော့ နောက်တစ်ယောက် တက်လာပါတော့…”
တာအိုသခင်ကောင်းကင်သလင်းသည် ပိုးထည်ဝတ်စုံနှင့်လူအနီးရှိ အမျိုးသမီးကျင့်ကြံသူတစ်ဦးကို ပြုံးကြည့်ကာ အကြံပြုသည်။
“ခင်ဗျားဆိုရင်ရော ဘယ်လိုလဲ…”
အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ကျက်သရေရှိစွာဖြင့် ပြန်ဖြေသည်။
“ဖြစ်တာပေါ့ရှင်… ကျွန်မရဲ့ ရတနာတွေကို နောက်တစ်လှည့်အနေနဲ့ ပြသပါမယ်…”
သူမက မတ်တတ်ရပ်ကာ ဖြည်းညှင်းစွာ ပြောသည်။
“ကျွန်မက စောစောက ရောင်းရင်းလောက် ရှားပါးတဲ့ ရတနာမျိုး ရဖို့ အခွင့်အရေး မရှိပါဘူး။ ဒါပေမဲ့ ကျွန်မက လက်နက်ကိရိယာသန့်စင်ခြင်းပညာရပ်မှာ ကျွမ်းကျင်တဲ့အတွက် ပိုင်ရှင်မရှိသေးတဲ့ အင်မောတယ်နှောင်ကြိုးကွင်းတစ်ကွင်းကို သန့်စင်ထားပါတယ်။ ဘယ်သူမဆို ဒီရတနာဟာ ကိုယ့်ကိုသခင်အဖြစ် လက်ခံစေဖို့ ထုံးတမ်းစဉ်လာအတိုင်း မန္တာန်ရွတ်တာမျိုး လုပ်ဆောင်လိုက်ရုံနဲ့ သူ့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ အသုံးပြုနိုင်ပါလိမ့်မယ်။
ကျွန်မကိုယ်ကျွန်မ ဝင့်ကြွားပြီး ပြောတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရတနာကို သာမန်ပစ္စည်းတွေနဲ့ ဖန်တီးထားတာဖြစ်ပေမဲ့ သူ့ရဲ့စွမ်းအားက တော်တော်လေးကို အစွမ်းထက်ပါတယ်။ ရန်သူတွေကို ချုပ်နှောင်ရာမှာရော၊ အသုံးပြုသူကို ကာကွယ်ပေးရာမှာပါ အံ့ဩစရာကောင်းလောက်အောင် ထိရောက်ပါတယ်…”
သူမက လက်ဝှေ့ယမ်းလိုက်ရာ သိမ်မွေ့သော အဖြူရောင်ကွင်းတစ်ခု ပျံထွက်လာပြီး ၎င်းမှာ အရွယ်အစား ပြောင်းလဲကာ အလင်းရောင်များ တဖျတ်ဖျတ် လင်းလက်နေ၏။
မည်သည့်အပိုစကားမျှ ဆိုမနေတော့ဘဲ သူမက ကွင်းကို လက်ညွှန်လိုက်ရာ ၎င်းက ရုတ်တရက် တုန်ခါသွားပြီး အရှည် သုံးမီတာအထိ ကျယ်ပြန့်သွား၏။ ကွင်း၏နံရံများသည် လက်မောင်းအရွယ်အစားလောက် ထူထဲပြီး ငွေရောင်အဆောင်သင်္ကေတများနှင့်အတူ အံ့ဩဖွယ်ကောင်းသော စိတ်ဝိညာဉ်ချီများကို ထုတ်လွှတ်နေတော့သည်။