အခန်း (၄၁-၄၂)
Vol. 3 Ch. 41-42
အခန်း (၄၁)
"ဂိုဏ်းတူအစ်မ ဂယ်ရွှမ်"
"ဂိုဏ်းတူအစ်မ ဂယ်ရွှမ်"
...
အခြား စင်မြင့်တစ်ခု ဘေးတွင်လည်း အမျိုးသား တပည့်အများအပြား ဝိုင်းရံနေသည်။ သူတို့က ဘေးကနေ အော်ဟစ် အားပေးနေကြသည်။ စင်မြင့်ပေါ်တွင် မိန်းမပျိုတစ်ဦး ရှိနေသည်။ သူမ၏ မျက်နှာမှာ အေးစက်နေပြီး ကိုယ်လုံးကိုယ်ပေါက် လှပသည်။ လက်ထဲမှ ဓားသည် အေးစက်သော အလင်းရောင်များ တောက်ပနေသည်။
"ဓားက ကတာနဲ့ တူနေတယ် လိုက်ဖ်လွှင့်ပြီး ကနေသလိုပဲ ကြည့်လို့တော့ ကောင်းသား"
ချန်ရွှင် တဟဲဟဲ ရယ်လိုက်ပြီး ဂယ်ရွှမ် ရှိရာဘက်သို့ ကြည့်လိုက်သည်။ လာရကျိုးနပ်သည်။ "နွားကြီး... လှလား"
"မွန်း"
နွားနက်ကြီး ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ လှတယ် လှတယ်။ ခေါင်းပင်ပြန် လှည့်မလာပေ။ ချန်ရွှင်ကို သူ့အား မနှောင့်ယှက်ရန် ပြောနေသကဲ့သို့ပင်ထင်ရသည်။
"ဟာ... ဘယ်လိုဖြစ်ပြီး ရှုံးသွားတာလဲ ငါ သူ့ကို အထင်ကြီးနေတာ"
"မွန်း"
"နွားကြီး ဟို ကောင်မလေးကို ကြည့်ပါဦး ငိုနေပြီ ဟားဟား..."
"မွန်း မွန်း မွန်း"
"ဟေး... ဟို ဂျပုက ဘာလို့ ဆရာကြီးဖမ်းနေတာလဲ တလောကလုံးကို တင်ကျွေးထားရတဲ့ရုပ်နဲ့"
"မွန်း"
"နွားကြီး... မြန်မြန်ကြည့် ဝိညာဉ်သားရဲ ဟေ့ မိုက်တယ် မိုက်တယ်"
"မွန်း"
...
သစ်ပင်ရိပ်အောက်တွင် လူတစ်ယောက်နှင့် နွားတစ်ကောင် တစ်ခါတလေ ရယ်မောလိုက် တစ်ခါတလေ ဆဲဆိုလိုက် လုပ်နေကြသည်။ ရုတ်တရက် ချန်ရွှင် မျက်နှာအမူအရာ ပြောင်းသွားပြီး မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
"မွန်း" နွားနက်ကြီး လန့်သွားသည်။ ချန်ရွှင် ဘာဖြစ်သွားတာလဲ။
"နွားကြီး... မင်း တစ်ခုခု လိုနေသလို မခံစားရဘူးလား"
"မွန်း... မွန်း" နွားနက်ကြီး ခေါင်းခါလိုက်ပြီး ပြီးမှ ခေါင်းပြန်ညိတ်လိုက်သည်။ တစ်ခုခု လိုနေသလို ခံစားရသည်။ နည်းနည်း ဟာတာတာ ဖြစ်နေသည်။
"နေကြာစေ့ လေကွာ" ချန်ရွှင် နွားနက်ကြီးကို ရိုက်လိုက်သည်။ သည်လောက် အရေးကြီးတဲ့ ပစ္စည်းကို မည်သို့မေ့သွားရသနည်း။
"မွန်း မွန်း"
နွားနက်ကြီးလည်း ချန်ရွှင်ကို ပြန်ကန်လိုက်သည်။ မင်းကရော ဘာလို့ မယူလာတာလဲ။ ဒါကြောင့် ဟာတာတာ ဖြစ်နေတာကိုး။
"ထားလိုက်တော့" ချန်ရွှင် နောင်တရစွာ ပြောလိုက်သည်။ "သည်နှစ် ငါတို့ နေကြာပင် စိုက်မယ် ငါ ကိုယ်တိုင် လှော်မယ် လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ဦးမယ်"
"မွန်း မွန်း" နွားနက်ကြီး ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။
ဂိုဏ်းပြိုင်ပွဲတွင် ပထမပွဲ ပြီးပါက ဆက်လက် ယှဉ်ပြိုင်လိုလျှင်လည်း ရသည်၊ သို့မဟုတ် တစ်ရက် နားပြီးမှ ယှဉ်ပြိုင်လိုလျှင်လည်း ရသည်။ အနိုင်ရရှိမှု အရေအတွက်ကို ရေတွက်ခြင်း ဖြစ်သည်။ သို့သော် မိမိစွမ်းရည်ကို မယုံကြည်သော တပည့်များကတော့ ဆက်လက် ယှဉ်ပြိုင်ချင်ကြသည်။ ဒုတိယနေ့တွင် ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။ စွမ်းအားကြီးသူများကတော့ မလောကြပေ။ တစ်ပွဲပြီးပါက ဝိညာဉ်စွမ်းအား ပြန်ဖြည့်ပြီး အကောင်းဆုံး အခြေအနေ ရောက်မှ ပြန်တိုက်ကြသည်။ အနည်းငယ်မျှ ပေါ့ဆ၍ မရပေ။
ဂိုဏ်းပြိုင်ပွဲသည် တဖြည်းဖြည်း ပြင်းထန်လာသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့လည်း အနီးကပ် သွားရောက် ကြည့်ရှုကြသည်။
၅ ရက်မြောက်နေ့တွင် အတွင်းစည်း တပည့်များ တရားဝင် ဝင်ရောက် ယှဉ်ပြိုင်လာကြသည်။ ဂိုဏ်းပြိုင်ပွဲ၏ အမြင့်ဆုံး အရှိန်အဟုန်သို့ ရောက်ရှိသွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးလည်း အော်ဟစ် အားပေးသော လူအုပ်ထဲသို့ ဝင်ရောက်လာကြသည်။
"အပြင်စည်း တပည့်တွေထဲမှာ ငါတို့ကလွဲရင် ဘယ်သူရှိဦးမှာလဲ ပိုင်ဆစ် အစ်ကိုကြီး မိုက်တယ်… အတော်ဆုံးပဲ"
ချန်ရွှင် သစ်သားဆိုင်းဘုတ် တစ်ခုကို ကိုင်မြှောက်ပြီး အသံကုန် အော်ဟစ်လိုက်သည်။ တပည့် အများအပြား လှည့်ကြည့်လာကြပြီး လက်မထောင်ပြကြသည်။
"ညီလေး... ဂယ်ရွှမ် အစ်မကြီးကရော ငါတို့ အပြင်စည်း တပည့် မဟုတ်တော့ဘူးလား"
လူအချို့ ဒေါသတကြီး လျှောက်လာကြသည်။ ဂယ်ရွှမ် အစ်မကြီးရဲ့ အရှိန်အဝါ ကျဆင်းသွားသလို ခံစားလိုက်ရသည်။
"ဟာသပဲ" ချန်ရွှင် မထီမဲ့မြင် ကြည့်လိုက်ပြီး နွားနက်ကြီးကို ပုတ်လိုက်သည်။
နွားနက်ကြီး သဘောပေါက်လိုက်သည်။ သစ်သားဆိုင်းဘုတ် တစ်ခု ဖြည်းညှင်းစွာ မြှောက်တက်လာသည်။ စာရေးထားသည်မှာ -
"ဂယ်ရွှမ် အစ်မကြီး အရမ်းမိုက်တယ် ဝူယွင် မှာ ထွန်းတောက်အောင်မြင်ပါစေ"
ထိုလူများ လန့်သွားကြသည်။ ကြက်သီးမွေးညှင်းများ ထလာသည်။ လက်မများ အလိုလို ထောင်ပြမိလိုက်ကြသည်။ ချန်ရွှင် အေးစက်စွာ ပြုံးလိုက်သည်။ နွားနက်ကြီးနှင့်အတူ လည်ပင်းကြောကြီးများ ထောင်လာသည်အထိ ဆက်လက် အော်ဟစ် အားပေးနေသည်။ အရှိန်အဟုန်က အမြင့်ဆုံး ရောက်နေပြီ ဖြစ်သည်။ စင်မြင့်အသီးသီးတွင် အဖြူရောင်ဝတ် အတွင်းစည်း တပည့်များ ပေါ့ပါးစွာ ခုန်တက်လာကြသည်။ ဝတ်ရုံ လက်စများကို ခါလိုက်ကြသည်။ သူတို့၏ မျက်နှာမှာ အေးစက်နေပြီး မျက်မှောင်ကြုတ်လျက် ပြိုင်ဘက်များကို ကြည့်ရှုနေကြသည်။
စင်မြင့်အသီးသီးတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပျံ့လွင့်နေသည်။ ပတ်ဝန်းကျင်ရှိ ရှေးဟောင်း သစ်ပင်ကြီးများသည် လေပြင်းတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ် လှုပ်ရှားနေကြပြီး ရော်ရွက်ဝါများ ဖြည်းညှင်းစွာ ကြွေကျလာသည်။ စင်မြင့်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ စင်မြင့်ပေါ်မှ အကြီးအကဲများလည်း မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။
တပည့် အများအပြား ပင့်သက်များရှိုက်လိုက်ကြသည်။ သည်လူများကမှ ၀ူယွင်ဂိုဏ်း၏ စစ်မှန်သော အနာဂတ်များဖြစ်ကြသည်။ စင်မြင့်အောက်က တပည့်များပင် မျက်နှာများ လေးနက် သွားကြသည်။ ဖိအားက တော်တော် များတာပဲ။
"မိုက်တယ်"
"မွန်း"
ချန်ရွှင် တိုးတိုးလေး ပြောလိုက်သည်။ သူ စိတ်လှုပ်ရှားနေသည်။ နွားနက်ကြီးလည်း လိုက်အော်လိုက်သည်။ ကြည့်ကောင်းလိုက်တာ။
သို့သော် ချန်ရွှင် မျက်လုံးထဲတွင် စိတ်ပျက်မှု အနည်းငယ် ပါဝင်နေသည်။ ဘာလို့ စကားမပြောဘဲ ဆရာကြီး ဖမ်းနေကြတာလဲ။ သူက စကားနိုင်လုပွဲတွေ စိန်ခေါ်စကား ပြောတာတွေ ကြည့်ချင်တာဖြစ်သည်။
ခေါင်းလောင်းသံ တစ်ချက် တောင်ထိပ်ပေါ်တွင် ပဲ့တင်ထပ်သွားသည်။ ဗိုလ်လုပွဲ တရားဝင် စတင်လေပြီ။
ဝှစ်...
ဝှစ်...
...
စူးရှသော လေခွင်းသံများ ထွက်ပေါ်လာပြီး စင်မြင့်ပေါ်ရှိ လူအားလုံး၏ မျက်ဝန်းများစူးရှသွားကြသည်။ လက်ထဲမှ လက်နက်များနှင့် ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများ ဖြာထွက်နေသည်။
ဝုန်း...
ဝုန်း...
...
စင်မြင့်တိုင်းတွင် တိုက်ပွဲကြီးများ စတင် ဖြစ်ပွားနေသည်။ အချို့က ကောင်းကင်အပြည့် ဓားပျံများ လွှတ်တင်လိုက်ရာ စင်မြင့်တစ်ခုလုံး ဖုန်များတထောင်းထောင်း ထသွားသည်။ အချို့က မြူခိုးပုံစံ အစီအရင်များကို ထုတ်သုံးလိုက်ရာ စင်မြင့် အတွင်းပိုင်း အခြေအနေကို လုံးဝ မမြင်ရတော့ပေ။ သံချင်းထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်နေမှသာ တိုက်ပွဲ ပြင်းထန်ကြောင်း သိရသည်။ အချို့ တပည့်များက ရုပ်သေးရုပ်များကို ထုတ်လွှတ်ကာ နောက်ဘက်မှ ထိုင်လျက် တိုက်ပွဲကို ထိန်းချုပ်နေကြသည်။ နေရာအနှံ့ ဓားအလင်းရောင်များ ဝိညာဉ်စွမ်းအား လှိုင်းများ ရိုက်ခတ်နေသည်။ အားလုံးက အစွမ်းကုန် ထုတ်သုံးနေကြသည်။
ပြင်းထန်သော လေမုန်တိုင်းများ နေရာအနှံ့ တိုက်ခတ်နေပြီး အနီးနားရှိ တပည့်များဆိုလျှင် ဝိညာဉ်စွမ်းအား အကာအကွယ်ဖြင့် ခုခံထားရသည်။
ချန်ရွှင် မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းကို အဆက်မပြတ် ခါရမ်းနေသည်။ ကြောက်ဖို့ ကောင်းလိုက်တဲ့ ချီသန့်စင်ခြင်း အဆင့် တပည့်တွေ။
"မွန်း မွန်း" နွားနက်ကြီးလည်း ချန်ရွှင်လိုပင် ခေါင်းခါနေသည်။
ဗိုလ်လုပွဲကြီးသည် ၂ ရက် ၂ ညတိုင်တိုင် ကြာမြင့်ခဲ့သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ မြေကြီးပေါ် ထိုင်လျက် မျက်တောင်မခတ်တမ်း ကြည့်ရှုနေကြသည်။ ဗိုက်ဆာရင် ခေါက်ဆွဲခြောက် စားကြသည်။ ပိုင်ဆစ် နှင့် ဂယ်ရွှမ် တို့သည် အဆင့် (၁၀၀) အတွင်းတွင် ရပ်တန့်သွားခဲ့သည်။ အပြင်စည်း တပည့်များ သက်ပြင်းချလိုက်ကြသည်။ အတွင်းစည်း တပည့်များ၏ အခြေခံ အုတ်မြစ်ကို အပြင်စည်း တပည့်များ မယှဉ်နိုင်ပေ။
နောက်ဆုံးတွင် ဂိုဏ်းအကြီးအကဲများက ဆုလက်ဆောင်များ ချီးမြှင့်ပြီး တပည့်များကို အားပေးစကား ပြောကြားသော အချိန် ရောက်ရှိလာသည်။ အချို့သော အနှစ်သာရမရှိသည့် စကားများကို ပြောဆိုကြသည်။ ဝူယွင်ဂိုဏ်း ၏ အကြီးအကဲများနှင့် ခေါင်းဆောင်များ ထွက်ခွာသွားပြီးနောက် ယခုနှစ် ဂိုဏ်းပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
တောင်အောက်သို့ ဆင်းရာလမ်းတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့ တဟားဟား ရယ်မောနေကြသည်။ ရယ်သံက မဟုတ်တာတစ်ခုခု ကြံနေသလို ဖြစ်နေသည်။
"နွားကြီး... ဟို အတွင်းစည်း တပည့်က နည်းနည်း ယုတ်မာတယ်ကွ ဘာလို့ လူရဲ့ အသက်အန္တရာယ် ရှိတဲ့ နေရာ (ပေါင်ကြား) ကို တိုက်ခိုက်ရတာလဲ"
ချန်ရွှင် နွားနက်ကြီး၏ ဖင်ကို ကြည့်ပြီး ထပ်မံ ရယ်မောလိုက်သည်။ ထိုပြိုင်ဘက်တွင် တစ်ဘက်ကျင့်ကြံသူမှာ ဖင်ကွဲသွားခဲ့သည်။
"မွန်း မွန်း" နွားနက်ကြီးလည်း ရယ်နေသည်။ ကြည့်လို့ အလွန်ကောင်းသည်။
"နောက်နှစ်ကျရင် ငါတို့လည်း ဝင်ပြိုင်ကြမယ် ဂိုဏ်းအဆင့် ၅၀၀ အတွင်း ဝင်အောင်လုပ်ပြီး ကူညီထောက်ပံ့မှုအမှတ်တွေ ယူကြမယ်"
"မွန်း"
"သွားမယ် သွားမယ် နေကြာ အရင် ပြန်စိုက်ကြမယ်"
"မွန်း"
လူတစ်ယောက်နှင့် နွားတစ်ကောင် အပြေးအလွှား သွားနေကြသည်။ တောင်ကြားထဲတွင် တဟားဟား ရယ်မောသံများ ပျံ့လွင့်နေသည်။
ဆေးဥယျာဉ် တောင်ကြားထဲ ပြန်ရောက်သောအခါ သူတို့ အရင်ဆုံး ဆေးခင်းများကို ပြုပြင်လိုက်ကြသည်။ ပြီးတော့ အစာရှောင်ဆေး အတွက် လိုအပ်သော ဆေးပင် အချို့ကို တိတ်တဆိတ် ခူးယူလိုက်သည်။ မျိုးစေ့များ ပြန်လည် ပျိုးထောင်ပြီးမှ နေရာတကျ ပြန်ထားလိုက်သည်။
"နွားကြီး... ဆေးပင်တွေကို မင်း တာဝန်ယူလိုက် ငါ ဓားထိမ်းချုပ်ခြင်းပညာ ကို သွားလေ့လာလိုက်ဦးမယ်"
"မွန်း" နွားနက်ကြီး ချန်ရွှင်ကို ခပ်ကြမ်းကြမ်း တစ်ချက် ဝှေ့လိုက်သည်။
ချန်ရွှင် ခေါင်းညိတ်လိုက်ပြီး ဂူထဲသို့ ဝင်သွားလိုက်သည်။ ဓားထိမ်းချုပ်ခြင်းပညာ စာအုပ်ကို ဖွင့်လိုက်ပြီး သိုလှောင်အိတ် ထဲမှ ဓားကို ထုတ်ယူလိုက်သည်။ သူ့မျက်လုံးများက အရောင်တောက်နေသည်။ ချန်ရွှင် စိတ်ကို တည်ငြိမ်အောင် ထားပြီး စတင် ကျင့်ကြံတော့သည်။
တစ်လအကြာ နံနက်ခင်း….
ဆေးဥယျာဉ် တောင်ကြားထဲတွင် ငှက်ကလေးများ တေးဆိုနေပြီး ပန်းရနံ့များ သင်းပျံ့နေသည်။ အေးချမ်းသာယာနေသည်။
ချန်ရွှင်နှင့် နွားနက်ကြီး စင်မြင့်တစ်ခုတွင် ရပ်နေကြသည်။ သူတို့ရှေ့တွင် ဓားတစ်လက် ချထားသည်။ ကျောပေါ်တွင် အိတ်တစ်လုံးစီ လွယ်ထား၏။ မတော်တဆ ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက အသုံးပြုရန် ချန်ရွှင် ကိုယ်တိုင် ပြုလုပ်ထားသော လေထီး နှစ်ခု ဖြစ်သည်။ ဘေးကင်းရေးက ပထမမဟုတ်ပါလား။
"ဓားစီးပြီး လေဟုန်ခွင်း မိုးမြေအနှံ့သွားကြမယ်"
ချန်ရွှင် ထူးဆန်းသော လက်ဟန်အမူအရာ တစ်ခု ပြုလုပ်လိုက်သည်။ ရှုပ်ထွေးသော ဝိညာဉ်စွမ်းအား တစ်ခု ဓားထဲသို့ ဝင်ရောက်သွားသည်။ "ထစမ်း"
မြေကြီးပေါ်မှ ဓားသည် ဖြည်းညှင်းစွာ မြောက်တက်လာသည်။ မြေကြီးနှင့် ပေဝက်ခန့် ကွာသွားသည်။ ဖုန်မှုန့်များ လွင့်စင်သွား၏။
"မွန်း မွန်း" နွားနက်ကြီး စိတ်လှုပ်ရှားလွန်းသဖြင့် ခုန်ပေါက်နေသည်။ ပါးစပ်မှ တမွန်းမွန်း အော်နေသည်။
"နွားကြီး... တက်... ကားပေါ်တက် ဪ... မဟုတ်ပါဘူး... ဓားပေါ်တက်"
ချန်ရွှင် အသံများ တုန်ရီနေသည်။ နှလုံးခုန်သံများ အလွန် မြန်ဆန်နေသည်။ ဓားစီးပြီး ပျံသန်းကာ လှပသော တောင်ရေမြေတောများကို ဖြတ်သန်းသွားလာရမည့် မြင်စင်မြင့်ကို မျက်လုံးထဲတွင် စိတ်ကူးယဉ်နေမိသည်။
အခန်း (၄၂)
"မွန်း" နွားနက်ကြီး မတ်တပ်ရပ်လိုက်သည်။ မျက်နှာတွင် စိုးရိမ်မှုများ ရှိနေသည်။ သူက ချန်ရွှင်၏ ကျောပေါ်တွင် မှီလိုက်ပြီး လက် နှစ်ဖက်ဖြင့် ချန်ရွှင်၏ ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူတို့ ဓားပျံပေါ်သို့ ငြိမ်သက်စွာ တက်လိုက်ကြသည်။ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။ ချန်ရွှင် လည်ပင်းကြောများ ထောင်လာပြီး လက်နှစ်ချောင်းကို ထောင်လျက် အပေါ်သို့ ညွှန်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ပျံစမ်း"
"မွန်း"
ဝှစ်...
လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဓားပျံသည် ဟူးခနဲ ပြေးထွက်သွားသည်။ အရှိန်ပြင်းလွန်းသဖြင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
ဘုန်း... ဘုန်း...
လူရိပ်နှစ်ခု အောက်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားပြီး မြေကြီးပေါ်တွင် ဦးခေါင်းများစိုက်ကာ ဖင်ဘူးထောင်ထောင်နေကြသည်။
"ဓားပျံရော... ငါ့ဓားရော"
ချန်ရွှင် အော်ဟစ်လိုက်ပြီး ပါးစပ်ထဲမှ မြေကြီးများကို ထွေးထုတ်လိုက်သည်။
"မွန်း" နွားနက်ကြီးလည်း ခေါင်းမူးသွားသည်။ မျက်လုံးဖြင့် လှမ်းကြည့်လိုက်ရာ အဝေးတစ်နေရာရှိ ကျောက်နံရံတွင် စိုက်ဝင်နေသော ဓားပျံကို တွေ့လိုက်ရသည်။ မကြာမီ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဓားပျံကို ပြန်ရှာတွေ့ခဲ့ကြသည်။
"နွားကြီး... ငါတို့ရဲ့ ဂါထာတွေက အားဖြည့်ခံထားရတာဆိုတော့ နည်းနည်း ကွာခြားနေတယ်" ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"မွန်း" နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ ဓားပျံ၏အရှိန်ကမြန်လွန်းသည်။
"ကိစ္စမရှိပါဘူး ဖြည်းဖြည်းချင်း ကျင့်သားရအောင် လုပ်မယ် ဖြည်းဖြည်းချင်း လေ့ကျင့်မယ်"
"မွန်း"
နွားနက်ကြီး ဓားပျံကို ပါးစပ်ဖြင့် ကိုက်ပြီး ရေတံခွန်ဘက်သို့ တန်းသွားသည်။ ချန်ရွှင်ကို ခေါင်းခါပြလိုက်သည်။
"နွားကြီး... ဉာဏ်ကောင်းသားပဲ" ချန်ရွှင် အံ့သြသွားသည်။ ရေထဲမှာဆိုရင် ခုခံအား များတာမို့ လေ့ကျင့်ဖို့ အတော်ပင်ဖြစ်သည်။
"စမယ်... စမယ်"
...
နောက်ထပ် တစ်လ ကြာသောအခါ ချန်ရွှင် ဓားထိမ်းချုပ်ခြင်း လျှို့ဝှက်ချက်များကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။
နောက်ထပ် နံနက်ခင်း နေရာဟောင်းတွင်ပင်…….
" ဓားစီးပြီး လေဟုန်ခွင်း မိုးမြေအနှံ့သွားကြမယ်"
ချန်ရွှင် ပါးစပ်မှ ရွတ်ဆိုလိုက်သည်။ ဝိညာဉ်စွမ်းအား ကို ထည့်သွင်းလိုက်ရာ ဓားပျံ ဖြည်းညှင်းစွာ မြင့်တက်လာသည်။ သူ ခြေတစ်လှမ်းတည်းဖြင့် တက်လိုက်သည်။
"နွားကြီး... ရှင်းပြဖို့ အချိန်မရှိတော့ဘူး... မြန်မြန်"
"မွန်း မွန်း" နွားနက်ကြီး မတ်တပ်ရပ်ပြီး ခုန်တက်လိုက်သည်။ ဓားပျံပေါ်တွင် ငြိမ်သက်စွာ ရပ်လိုက်ပြီး ချန်ရွှင်၏ ကျောပေါ်တွင် မှီလိုက်သည်။ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ပါဝင်နေသည်။
"ပျံစမ်း"
"မွန်း"
ဝှစ်... ဝှစ်... ဝှစ်...
ပြင်းထန်သော လေတိုးသံများ ထွက်ပေါ်လာပြီး ဓားပျံသည် ကောင်းကင်သို့ ပျံတက်သွားသည်။ လေပြင်းများ ချန်ရွှင်၏ မျက်နှာကို လာရိုက်ခတ်နေသည်။ မြေပြင်နှင့် ဝေးသထက် ဝေးကွာသွားသည်။ နှလုံးသည် လည်ချောင်းဝ ရောက်လုမတတ် ခုန်နေ၏။ နွားနက်ကြီး ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။ ပတ်ဝန်းကျင် ရှုခင်းများ လုံးဝ ပြောင်းလဲသွားပြီ။ သူ အောက်ဘက်သို့ ဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်သည်။ မျက်လုံးများ မှေးကျဉ်းသွား၏
"မွန်း..."
"နွားကြီး... နွားကြီး... လခွမ်း"
ချန်ရွှင် လန့်သွားသည်။ နွားကြီး မေ့လဲသွားပြီ။ သူ လက်တစ်ဖက်ဖြင့် နွားနက်ကြီးကို အမြန် တွဲထားလိုက်သည်။ ဓားပျံကို လေထဲတွင် ရပ်တန့်လိုက်သည်။ မျက်လုံးများပင် မဖွင့်နိုင်တော့ပေ။ သူလည်း ဆေးဥယျာဉ် တောင်ကြား အောက်ဘက်သို့ ဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်သည်။ မြေပြင်နှင့် ပေ (၁၀၀) ကျော် မြင့်နေပြီ။ အသက်ရှူသံများ မြန်ဆန်လာသည်။
သည်လို ကိုယ်တိုင် ဓားစီးပြီး ပျံသန်းခြင်းနှင့် လှေပျံ စီးခြင်းက လုံးဝ မတူညီသော ခံစားမှုမျိုး ဖြစ်သည်။ သူ အခု လေထဲမှာ ခြေကုပ်မရသလို ခံစားနေရပြီး ပြုတ်ကျတော့မလို ဖြစ်နေသည်။
ဝူး... ဝူး... ဝူး...
နားထဲတွင် လေတိုးသံများ အဆက်မပြတ် ကြားနေရသည်။ နွားနက်ကြီးလည်း ပြန်သတိရလာသည်။ အောက်ဘက်ကို ကြည့်ပြီး ခြေထောက်များ ပျော့ခွေသွားသည်။
"မွန်း"
"ကိစ္စမရှိပါဘူး နွားကြီး ဓားပျံက ငါတို့ ခြေထောက်အောက်မှာ ကော်နဲ့ကပ်သလို ကပ်နေတာ….ခုနက မတော်တဆ ဖြစ်သွားတာပါ"
ချန်ရွှင် နှစ်သိမ့်လိုက်သည်။ သို့သော် နွားနက်ကြီးက ပိုပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သို့သော် မျက်လုံးထဲတွင် ပျော်ရွှင်မြူးထူးမှုများ ပါဝင်နေသည်။ သူတို့ တကယ် ပျံသန်းနေကြပြီ။ ဝိညာဉ်စွမ်းအားဖြင့် အတားအဆီးတစ်ခုကို ဖွင့်လိုက်ရာ လေတိုးသံများ မကြားရတော့ပေ။ နားထဲတွင် တိတ်ဆိတ်သွားသည်။
"နွားကြီး... ဖြည်းဖြည်းချင်း ကျင့်သားရအောင် လုပ်မယ် မလောနဲ့"
ချန်ရွှင် ပြုံးလိုက်သည်။ ဓားစီးပြီး ထပ်မံ ပျံသန်းလိုက်သည်။ သို့သော် သည်တစ်ခါတော့ အရှိန်လျှော့လိုက်သည်။ တဖြည်းဖြည်းနှင့် လက်ရည် တက်လာသည်။
"မွန်း" နွားနက်ကြီးလည်း တဖြည်းဖြည်း သက်သောင့်သက်သာ ဖြစ်လာသည်။ သိပ်မကြောက်တော့ပေ။
သို့သော် ချန်ရွှင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ အတားအဆီး ဖွင့်ထားခြင်းက အနည်းငယ်အဆင်မပြေ။ လေဟုန်စီးသည့် ခံစားချက် မရချေ။ သူစိတ်ကူးတစ်ခု ရုတ်တရက် ပေါ်လာသည်။
"သွားမယ်"
ချန်ရွှင် အော်ဟစ်လိုက်ပြီး တောင်ကြား အပေါ်ဘက်တွင် ဝဲပျံလိုက်သည်။ လေထဲတွင် ချန်ရွှင်၏ အော်ဟစ်သံများနှင့် နွားနက်ကြီး၏ သနားစရာ အော်သံများ ထွက်ပေါ်နေသည်။ သို့သော် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ နွားနက်ကြီး က ပျော်ရွှင်နေသည်။ နာရီဝက်လောက် ကစားပြီးနောက် ချန်ရွှင် ပိုပြီး အဆင်မပြေ ဖြစ်လာသည်။ သူ့စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်ရတော့မည်။
"နွားကြီး... ငါ အလုပ်သွားလုပ်လိုက်ဦးမယ် ပစ္စည်း တချို့ပါ ရှာလိုက်ဦးမယ်" ချန်ရွှင် တောင်ဖြိုပုဆိန် ကို ကိုင်ပြီး ဂူထဲသို့ ဝင်သွားသည်။
"မွန်း" နွားနက်ကြီး ရေကန်ထဲတွင် မလှုပ်မယှက် လဲလျောင်းနေသည်။ အကြာကြီး နေမှသူ ပြန်သက်သာလာသည်။
...
နောက်ထပ် တစ်လ ကြာပြီးနောက်။ နေမင်းသည် အဝေးမှ တောင်တန်းအမည်းကြီးများကြားတွင် ဝပ်ဆင်းနေသည်။ တိမ်တိုက်များ နီရဲနေပြီး ကောင်းကင် တစ်ခုလုံး လင်းထိန်နေသည်။ ဆေးဥယျာဉ် တောင်ကြား ဂူထဲမှ ထူးဆန်းသော ရယ်သံကြီး ထွက်ပေါ်လာသည်။ ငါ အောင်မြင်ပြီ ငါ အောင်မြင်ပြီ ဆိုသော အော်ဟစ်သံများ ထွက်ပေါ်နေသည်။
"မွန်း မွန်း"
နွားနက်ကြီး ကောင်းကင်ကို ကြည့်လိုက်သည်။ ချန်ရွှင် ပြောသည့် လေဟုန်စီး အချိန် ရောက်နေပြီ။ သူ ဂူဝတွင် အဆက်မပြတ် အော်ဟစ်နေသည်။
"နွားကြီး"
ချန်ရွှင် အမှောင်ထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။ နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားသည်။ ဒါ ဘာပုံစံကြီးလဲ။
ချန်ရွှင်သည် ကြီးမားသော လေကာမျက်မှန်ကြီး(လေထီးခုန်သူများအသုံးပြုသော လေကာမှန်) တစ်ခုကို ဝတ်ဆင်ထားသည်။ လက်ထဲတွင်လည်း နောက်တစ်ခုကို ကိုင်ထားသည်။ နေရောင်အောက်တွင် လက်လက်ထနေသည်။
"မွန်း မွန်း" နွားနက်ကြီး အမြန် ပြေးသွားသည်။ ဒါက ဘာကြီးလဲဟု မေးလိုက်သည်။ ချန်ရွှင်၏ မျက်လုံးများက အကြီးကြီးများဖြစ်နေသည်။
"နွားကြီး... ငါတို့က သဘာဝတရားကို ခံစားရမယ် လေဟုန်စီးတဲ့ အရသာ အစစ်အမှန်ကို ခံစားရမယ် ဝိညာဉ်စွမ်းအား နဲ့ အတားအဆီး လုပ်ထားရင် ဘာသုံးစားလို့ ရမှာလဲ"
ချန်ရွှင် တဟားဟား ရယ်မောလိုက်ပြီး နွားနက်ကြီးကိုလည်း တပ်ပေးလိုက်သည်။ ဒါက သူ့အတွက် သီးသန့် လုပ်ပေးထားခြင်းဖြစ်သည်။
"မွန်း" နွားနက်ကြီး ခေါင်းကို ဘယ်ညာ ယမ်းလိုက်ပြီး ခုန်ပေါက်လိုက်သည်။ အတော်ထူးခြားသည့် ခံစားမှုဖြစ်သည်။
"ဒါရှိရင် ငါတို့ မျက်လုံးထဲ ဖုန်ဝင်မှာ မကြောက်ရတော့ဘူး ဟားဟား"
ချန်ရွှင် ဂုဏ်ယူစွာ ရယ်မောလိုက်ပြီး အော်ဟစ်လိုက်သည်။ "နွားကြီး... လေဟုန်စီးမယ်"
"မွန်း မွန်း" နွားနက်ကြီး စိတ်လှုပ်ရှားလာသည်။ သူ အခု အကြိုက်ဆုံး အစီအစဉ်က နေဝင်ချိန် လေဟုန်စီးခြင်းပင်ဖြစ်သည်။
ဝှစ်...
ဝှစ်...
ဓားပျံက ပျံတက်သွားသည်။ ဆေးဥယျာဉ် တောင်ကြား၏ အစီအရင် ပွင့်သွားသည်။ ချန်ရွှင် အမြင့်သို့ ချက်ချင်း ပျံတက်လိုက်သည်။ ဧရာမ တောင်တန်းကြီးများ မြင်စင်မြင့်ထဲ ဝင်လာသည်။ သူ ကောင်းကင်ကို မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။ "အဲဖို့စ်ဝမ်း... ချန်ရွှင်... အဆင်သင့် ဖြစ်ပြီ"
"မွန်း မွန်း မွန်း"
နွားနက်ကြီးလည်း လိုက်အော်လိုက်သည်။ မျက်မှန်ကြီး တပ်ပြီး ချန်ရွှင် ကျောပေါ် မှီလိုက်သည်။ လေပြင်းများ သူတို့ မျက်နှာကို လာရိုက်ခတ်နေသော်လည်း မျက်လုံးထဲသို့ မဝင်တော့ပေ။ သူတို့ နေဝင်ရာ အရပ်သို့ ဦးတည် သွားလိုက်သည်။ ရှေးဟောင်း သစ်ပင်ကြီးများ တောင်တန်းကြီးများ နောက်တွင် ကျန်ရစ်ခဲ့သည်။ မြေကြီးပေါ်တွင် သားရဲကောင်များ ပြေးလွှားနေသည်ကိုလည်း မြင်နေရသည်။ သားကောင်နောက်ကို လိုက်နေကြသည်။
နေလုံးနီနီသည် ကောင်းကင်တွင် ချိတ်ဆွဲထားသည်။ အနိမ့်ပိုင်း နေရာအနှံ့တွင် ဓားစီးပြီး ပျံသန်းနေသော တပည့်များ ရှိသော်လည်း အရှိန်က သူတို့ထက် အများကြီး နှေးကွေးသည်။
ဒါက ဖာရာရီ နဲ့ လျှပ်စစ်စက်ဘီး ယှဉ်ပြိုင်သလို ဖြစ်နေမလား။ ချန်ရွှင် စိတ်ထဲတွင် တွေးလိုက်မိသည်။
သူတို့ ရှေ့တွင် ချီသန့်စင်ခြင်း အဆင့်ငါး ရှိသော ဂျူနီယာမိန်းမပျိုလေး တစ်ယောက် ဓားစီးပြီး ပျံသန်းနေသည်။ လမ်းကြောင်းက တူနေသည်။
ဝှစ်...
ထို မိန်းမပျိုလေး သည် ကျစ်ဆံမြီး နှစ်ဖက် ကျစ်ထားသည်။ သူမ လန့်သွားသည်။ ဘေးနားမှာ လူတစ်ယောက်နဲ့... နွားတစ်ကောင် ဓားပေါ်ရပ်ပြီး သူ့ကို ကြည့်နေပါလား။ သူတို့ မျက်နှာမှာ အမည်မသိ ပစ္စည်းတွေ တပ်ထားသေးသည်။
"စီနီယာအစ်ကိုကြီး..." မိန်းမပျိုလေးက ကြောက်ကြောက်ရွံ့ရွံ့ ပြောလိုက်သည်။ သို့သော် စကားမဆုံးသေးခင် သူမ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ မျက်နှာတွင် အံ့သြမှုများ ပိုများလာသည်။ လူတစ်ယောက်နဲ့ နွားတစ်ကောင်က လက်နှစ်ချောင်းနဲ့ နွားလက်ကို နဖူးပေါ် တင်လိုက်ပြီး သူ့ကို အလေးပြုသလို လုပ်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတွေက တွန့်ကွေး သွားသေးသည်။
သူတို့ ဓားပျံ ရုတ်တရက် အရှိန်မြှင့်တင်လိုက်ပြီး နေဝင်ရာ အရပ်သို့ ဦးတည်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။
သောက်ကျိုးနဲ...
မိန်းမပျိုလေး ကြောင်သွားသည်။ ယခုခေတ် နွားတွေတောင် သည်လောက် မိုက်နေပြီလား။ သို့သော် ဓားပျံ၏ အလျင်ကအလွန်မြန်သည်။ မည်သည့်အဆင့်လက်နက်ဆိုသည်ကို မသိရပေ။
တပည့် အများအပြား အံ့သြသွားကြသည်။ အလန်းစား ဓားထိန်းချုပ်ခြင်းပညာနှင့်အမိုက်စား ဖက်ရှင်များကို ကြည့်ကာ အားကျကုန်ကြသည်။
"နွားကြီး... တွေ့လား ဘာကို ကျင့်ကြံခြင်း လို့ ခေါ်လဲ ဘာကို ဘဝ လို့ ခေါ်လဲ ဆိုတာ"
"မွန်း မွန်း" နွားနက်ကြီး ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ ခြေထောက်အောက်က ရှုခင်းများကို ကြည့်ရှုနေသည်။ လေဟုန်စီးရတဲ့ ပျော်ရွှင်မှုကို ခံစားနေသည်။
"ဝေးဟေး..."
ကောင်းကင်တွင် ပျော်ရွှင်စွာ အော်ဟစ်သံကြီးနှင့် နွားအော်သံများ ပဲ့တင်ထပ်သွားသည်။