အခန်း (၄၃-၄၄)
Vol. 3 Ch. 43-44
အခန်း (၄၃)
နှစ်ကို လစား လကို ရက်စား ဖြင့် နှစ်တစ်နှစ်၏ နှစ်ကုန်ချိန်သို့ ရောက်ရှိလာပြန်သည်။ သက်တမ်းအမှတ် များကို ဝိညာဉ်စွမ်းအား တွင် ထပ်မံ ပေါင်းထည့်လိုက်သည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ဝိညာဉ်ဆေးပင်များကို ယူဆောင်ကာ ဂိုဏ်းခန်းမဆောင်သို့ သွားရောက်ပြီး ကူညီထောက်ပံ့မှုအမှတ် ၂၀၀ ကို တည်ငြိမ်စွာ ရယူလိုက်သည်။
"နွားကြီး... စုထားမယ် မသုံးတော့ဘူး ဂိုဏ်းပြိုင်ပွဲ သွားပြိုင်မယ်"
ချန်ရွှင်က ရှစ်ထောင့်အမှတ်တံဆိပ်ပြား ကို သိုလှောင်အိတ် ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
"မွန်း"
နွားနက်ကြီး ဝမ်းသာအားရ ဖြစ်နေသည်။ ချန်ရွှင်သည် နွားနက်ကြီးနှင့်အတူ စာရင်းသွားသွင်းလိုက်သည်။ လက်ထဲတွင် အဆောင်တစ်ခု ရောက်လာသည်။ အချိန်ကျပါက မည်သည့်စင်မြင့်တွင် ပြိုင်ရမည်ဆိုသည်ကို သည်အဆောင်က ပြောပြမည်ဖြစ်သည်။ ရက်အနည်းငယ် ကြာပြီးနောက် ခေါင်းလောင်းသံများ မြည်ဟည်းလာသည်။ ပြိုင်ပွဲကျင်းပရာ တောင်ထိပ်ပေါ်တွင် လူများ ပြည့်ကျပ်နေသည်။ ယခင်နှစ်များအတိုင်း စည်ကားသိုက်မြိုက်နေသည်။ သို့သော် သည်နှစ်တွင် ဂယ်ရွှမ် နှင့် ပိုင်ဆစ် တို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိကြတော့ပေ။ သူတို့သည် အကြီးအကဲများ၏ တပည့်အဖြစ် ရွေးချယ်ခံလိုက်ရပြီး အတွင်းစည်း တပည့်များ ဖြစ်သွားကြပြီဟု သတင်းထွက်နေသည်။
"ဂိုဏ်းပြိုင်ပွဲ တရားဝင် စတင်ပြီ"
ခမ်းနားသော အသံသည် နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။ ချန်ရွှင် လက်ထဲမှ အဆောင် လင်းလက်လာသည်။ သူသည် သက်ဆိုင်ရာ ပြိုင်ပွဲစင်မြင့်ရှိရာသို့ နွားနက်ကြီးကို ဆွဲပြီး ထွက်သွားလိုက်သည်။ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ပြင်းပြနေသည်။ ပြိုင်ပွဲစင်မြင့်ပေါ်တွင် ပြိုင်ဘက်မှာ ကျန်းဆုန်း ဟု ခေါ်သော ချီသန့်စင်ခြင်း အဆင့်ရှစ် တပည့်တစ်ဦး ဖြစ်သည်။ သူက ပြိုင်ဘက်လည်း ချီသန့်စင်ခြင်း အဆင့်ရှစ် ဖြစ်နေပြီး ဝိညာဉ်သားရဲပါ ပါလာသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ ပွဲကြမ်းပြီဖြစ်သည်။
" စီနီယာအစ်ကိုကြီး... သက်ညှာပေးပါ ကျွန်တော်က အခုမှ ချီသန့်စင်ခြင်း အဆင့်ရှစ်ကို ရောက်တာပါ"
ချန်ရွှင် တဟီးဟီး ရယ်လိုက်သည်။ မျက်လုံးထဲတွင်တော့ သတိထားနေသည်။ သည်တပည့်များတွင် နည်းလမ်းပေါင်းစုံ ရှိကြသည်။ ပြီးခဲ့သည့်နှစ်က သူ သေချာ လေ့လာထားပြီးပြီဖြစ်သည်။ အဆင့် ၅၀၀ အတွင်း ဝင်ရန်ဆိုလျှင် ချီသန့်စင်ခြင်း အဆင့်ရှစ်လောက် ထုတ်ပြလျှင် လုံလောက်ပြီဖြစ်သည်။ လူလည်း သိပ်သတိမထားမိနိုင်ပေ။
"ဂိုဏ်းပြိုင်ပွဲ ဆိုတာ အမှတ်တရ ယှဉ်ပြိုင်ကြတာပါ ညီလေးရဲ့ အသက်အန္တရာယ်ကို မထိခိုက်စေရပါဘူး"
ကျန်းဆုန်း မျက်နှာ တစ်မျိုး ဖြစ်နေသည်။ သည်လူနှင့် နွားက ကောက်ရိုးဦးထုပ်များ ဆောင်းထားပြီး ပုံစံက ရယ်စရာ ကောင်းနေသည်။ ထူးဆန်းလှသည်။
"စီနီယာအစ်ကိုကြီး... စလိုက်ကြရအောင်"
"အင်း..."
ကျန်းဆုန်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ပြိုင်ဘက် ခါးမှာ ချိတ်ထားသည့် ပုဆိန် ၃ လက်က သာမန် သံများဖြင့် လုပ်ထားခြင်းဖြစ်သည်။ အဆင့်နိမ့် လက်နက်ပင် မဟုတ်ပေ။ သို့သော် မပေါ့ဆရဲပေ။ သူ့မျက်လုံးများ စူးရှသွားသည်။ လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ရေငွေ့များ စုစည်းလာပြီး ရေခဲတုံးများအဖြစ် ပြောင်းလဲသွားသည်။ လှုပ်ရှားမှုက ချောမွေ့လွန်းပြီး အရိပ်များပင် တထပ်ထပ် ထွက်ပေါ်နေသည်။ ရေခဲမြှားများ ချန်ရွှင်ဆီသို့ ပျံသန်းသွားသည်။ သူ့ရည်ရွယ်ချက်က သခင်ကို အရင် တိုက်ခိုက်ရန် ဖြစ်သည်။ ဟိုနွားနက်ကြီးက ချီသန့်စင်ခြင်း အဆင့်သုံးခန့်သာ ရှိခြင်းဖြစ်သည်။
"အား... ကြောက်စရာကြီး"
ချန်ရွှင် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ ရှောင်တိမ်းလိုက်သည်။
"စီနီယာအစ်ကိုကြီးက တကယ် တော်တာပဲ"
ရေခဲမြှားများသည် ချန်ရွှင်ကို ထိလုနီးပါး ဖြစ်နေသော်လည်း သူ ခြေလှမ်းရွှေ့လိုက်တိုင်း ကပ်ပြီး လွဲချော်သွားသည်။ ဝိညာဉ်သားရဲ နွားနက်ကြီးလည်း ထွက်ပြေးနေသည်။
"ညီလေး... မင်း မရှောင်ဘဲ နေလို့ မရဘူးလား"
ကျန်းဆုန်း ငြိမ်သက်စွာ ရပ်နေသော်လည်း လက်ချောင်းများက ပိုမြန်လာသည်။ ရေခဲမြှားများက ထောင့်ပေါင်းစုံမှ ဝင်ရောက်လာသည်။ ချန်ရွှင် တောင်ဖြိုပုဆိန် တစ်လက်ကို ဆွဲထုတ်လိုက်သည်။ ပုဆိန်တစ်ချက် ဝှေ့ယမ်းလိုက် ရှောင်တိမ်းလိုက်နှင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်။ မျက်လုံးထဲတွင် ထိတ်လန့်နေပုံ များပေါ်နေ သည်။
"ညီလေး... မင်း ဘယ်အချိန်ထိ ရှောင်နေမှာလဲ"
ကျန်းဆုန်း စိတ်မရှည်တော့ပေ။ အဘယ်ကြောင့် လုံးဝ မထိရသနည်း။ ဝိဉာဉ်စွမ်းအားများလည်း ကုန်ခမ်းနေပြီဖြစ်သည်။
"ငါ မသက်ညှာတော့ဘူးနော်"
စကားဆုံးသည်နှင့် ကျန်းဆုန်း နဖူးတွင် သွေးကြောများ ထောင်လာသည်။ လက်နှစ်ဖက် ဖတ်ခနဲရိုက်လိုက်သည်။ မျက်လုံးထဲတွင် အလင်းတန်းများ တောက်ပလာသည်။ ရေခဲဓား အချို့ လေထဲတွင် ရုတ်တရက် ပေါ်လာပြီး ရုတ်ချည်း ချန်ရွှင်ဆီသို့ ခုတ်ပိုင်းလာသည်။ ကျန်းဆုန်း ကိုယ်တိုင်လည်း ဓားကိုင်ပြီး ရေခဲဓားများ နောက်မှ လိုက်ပါလာသည်။ ချန်ရွှင်၏ ထွက်လမ်းများ အားလုံးကို ပိတ်ဆို့လိုက်သည်။
"ကြောက်ဖို့ ကောင်းလိုက်တာ"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ ကိုယ်ကို ကျုံ့လိုက်ပြီး နေရာမှ ပျောက်ကွယ်သွားကြသည်။ ကျန်းဆုန်း မျက်လုံး ပြူးသွားသည်။ သူရော သူ့အဆောင်များပါ အားလုံး လွဲချော်သွားသည်။
"မီးလုံးပစ်လွှတ်ခြင်း"
ချန်ရွှင် အော်ဟစ်လိုက်သည်။ မီးလုံးလေး အချို့ ပျံသန်းလာသည်။ ကျန်းဆုန်း မျက်လုံးများမှေးကျဉ်းသွားပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲတုံးကြီး တစ်ခု ပေါ်လာသည်။ စင်မြင့် အလယ်တွင် ရေခဲများ အရည်ပျော်ကျလာသည်။ ကျန်းဆုန်း သိလိုက်၏။ သည်လူကို သာမန် အဆောင်များဖြင့်အနိုင်ယူရန် ခက်လိမ့်မည်။ နှစ်ယောက်သား စင်မြင့်ပေါ်တွင် ပြေးလွှား ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ ကျန်းဆုန်း ရင်ထဲတွင် မီးလောင်သလို ပူလောင်နေသည်။ အဘယ်ကြောင့် မထိသနည်း။ နွားနက်ကြီးက ဘေးတစ်ဖက်တွင် ရပ်ကြည့်နေသည်။ ပါးစပ်မှ တမွန်းမွန်း အော်ပြီး အားပေးနေသည်။ အခြား စင်မြင့်များတွင် ၂ ပွဲ ၃ ပွဲခန့် ပြီးသွားကြပြီဖြစ်သည်။
နာရီဝက်ခန့် ကြာသောအခါ ကျန်းဆုန်း ချွေးတလုံးလုံး ဖြစ်လာသည်။ ချန်ရွှင်လည်း မြေကြီးပေါ် ထိုင်ချလိုက်ပြီး အသက်လုရှူနေသည်။ နောက်တစ်စက္ကန့်လောက်ဆိုလျှင် မေ့လဲတော့မည့်ပုံ ပေါက်နေသည်။
"ငါ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးမှ ရတော့မယ် ပထမပွဲမှာတင် သည်လောက် ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ တွေ့ရမယ်လို့ မထင်ထားဘူး"
ကျန်းဆုန်း မျက်နှာတွင် နှမြောတသ ဖြစ်နေသော်လည်း အချိန်ထပ်မဖြုန်းချင်တော့ပေ။ သိုလှောင်အိတ် ကို ပုတ်လိုက်ရာ အလံလေးအချို့ ထွက်ပေါ်လာပြီး လေးဘက်လေးတန်တွင် စိုက်ဝင်သွားသည်။ ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ ကျန်းဆုန်း ဘာမှ မလုပ်ရသေးခင် သူ့အလံနှစ်တိုင် နုတ်ယူခြင်းခံလိုက်ရသည်။
ဟင်... ချောင်းတိုက်ခံရတာလား
အရိပ်မည်းတစ်ခု ဝင်ရောက်လာသည်။ နွားနက်ကြီး အားကုန် ဝင်ဆောင့်လိုက်ရာ ကျန်းဆုန်း လေထဲသို့ ဖုန်းခနဲ မြောက်တက်သွား၏။ သူ့မျက်နှာတွင် ဝေခွဲရခက်ဟန်များအထင်ထား ဖြစ်နေသည်။ သူသည် စင်မြင့်အောက်သို့ အရှိန်ပြင်းစွာ ဖုန်းခနဲ ခွေးကျ ကျ သွားသည်။
"ငါ ဘယ်သူလဲ... ငါ ဘယ်ရောက်နေတာလဲ... ခုနက ဘာဖြစ်သွားတာလင်"
ကျန်းဆုန်း နာကျင်စွာ ညည်းတွားလိုက်သည်။ မျက်လုံးထဲတွင် မေးခွန်းပေါင်းစုံ ပြည့်နှက်နေပြီး ချန်ရွှင်ကို မော့ကြည့်လိုက်သည်။
"စီနီယာအစ်ကိုကြီး... သက်ညှာပေးလို့ကျေးဇူးအများကြီးတင်ပါတယ်"
ချန်ရွှင် ယိုင်နဲ့နဲ့ဖြင့် အောက် ဆင်းလာသည်။ အလံတိုင်များကို ပြန်ပေးလိုက်သည်။ မျက်နှာတွင် အားနာသော အပြုံးလေးဖြင့် ဖြစ်သည်။
"ညီလေး... မင်းက တကယ် မြန်တာပဲ"
ကျန်းဆုန်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ အလံတိုင်များကို လှမ်းယူလိုက်ပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသည်။ သည်အမြန်နှုန်းက အဆောင်ကိုပင် ဖြတ်တောက်နိုင်သည်။
"ကံကောင်းသွားတာပါ စင်မြင့် အကန့်အသတ်မရှိရင် ကျွန်တော် ဘယ်လိုလုပ် စီနီယာအစ်ကိုကြီးကို ယှဉ်နိုင်မှာလဲ"
"ဟဲဟဲ... ညီလေး နှိမ့်ချလွန်းနေပါပြီ"
ကျန်းဆုန်း ခေါင်းခါလိုက်သည်။ သည်လို ထူးဆန်းသည့် အဖြစ်အပျက်မျိုး ကြုံရလိမ့်မည်ဟု မထင်ထားပေ။ ချန်ရွှင် ယိုင်နဲ့နဲ့ဖြင့် ဒိုင်လူကြီးထံ လျှောက်သွားလိုက်သည်။
"ဂိုဏ်းတူဦးလေး... တပည့် ဆက်ပြိုင်ချင်ပါသေးတယ်"
"အင်း"
ဒိုင်လူကြီးက ပေါ့ပါးစွာ ပြောလိုက်သည်။ ချန်ရွှင်၏ အဆောင်ထဲသို့ ဝိညာဉ်စွမ်းအား တစ်ခု ထည့်ပေးလိုက်သည်။ ဒုတိယပွဲစဉ်။ ပြိုင်ဘက်က လျိုထောင် ဖြစ်သည်။ မျက်နှာထား အေးစက်သော တပည့်တစ်ဦး ဖြစ်သည်။ သူက ချီသန့်စင်ခြင်း အဆင့်ကိုး ရောက်နေပြီဖြစ်သည်။
"ဂျူနီယာညီလေး... အခု အရှုံးပေးလိုက်ရင် အချိန်မီသေးတယ် အသားနာ သက်သာတာပေါ့"
လျိုထောင် ခံစားချက်ကင်းမဲ့သောမျက်နှာနှင့် ချန်ရွှင်နှင့် နွားနက်ကြီးကို ကြည့်လိုက်သည်။ ပြိုင်ဘက်၏ အခြေအနေက ကြည့်ရသည်မှာ သိပ်မကောင်းပေ။
"စီနီယာအစ်ကိုကြီး... သင်ကြားပြသပေးပါဦး"
ချန်ရွှင် အားယူ ပြုံးလိုက်သည်။ မြေကြီးပေါ် ထိုင်ချလိုက်ပြီး ဝိညာဉ်စွမ်းအား ပြန်ဖြည့်နေသကဲ့သို့ လုပ်လိုက်သည်။
"အသားနာချင်တဲ့ကောင်ပဲ"
လျိုထောင် လက်ဝှေ့ယမ်းလိုက်ရာ အမည်းရောင် အလင်းစင်မြင့်ကြီး တစ်စင်မြင့် ထွက်ပေါ်လာသည်။ ၎င်းသည် သေးရာမှ ကြီးလာပြီး လေထဲတွင် လည်ပတ်နေသည်။ အနက်ရောင် အခိုးအငွေ့များ လွင့်ပျံနေပြီး ချန်ရွှင်ကိုချိန်ရွယ်ထား သည်။ အနက်ရောင် အလင်းစင်မြင့်ကြီး လှုပ်ခါသွားပြီး ချန်ရွှင်ဆီသို့ တည့်တည့် ဝင်လာသည်။ အဝါရောင်အဆင့် အလယ်အလတ် တိုက်ခိုက်ရေး လက်နက်ဖြစ်သည်။
ချန်ရွှင် မျက်လုံးများအေးစက်သွားသည်။ သူသည် ဖြတ်ခနဲအရိပ်တစ်ခုလို လှုပ်ရှားလိုက်သည်။ သို့သော် အလင်းစင်မြင့်ကြီးက ပစ်မှတ်ကို ခြေရာခံနိုင်စွမ်း ရှိသကဲ့သို့ ချန်ရွှင်နောက်သို့ လိုက်ပါလာသည်။
"ညီလေး... မင်း မခံနိုင်ရင် အခု အရှုံးပေးလို့ ရတယ်နော်"
လျိုထောင် အေးစက်စွာ ပြုံးလိုက်သည်။ ချန်ရွှင် သနားစရာကောင်းလောက်အောင် ပြေးလွှားနေရသည်ကို ကြည့်ပြီး လက်နက်ကို ဆက်လက် ထိန်းချုပ်နေသည်။ သူ ညာလက်ကို မြှောက်လိုက်ရာ အလင်းစင်မြင့်ကြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ပိုမို ကြီးမားလာသည်။ ၎င်းက ချန်ရွှင်ကို အပေါ်ကနေ ဖိချလိုက်သည်။
"ချီသန့်စင်ခြင်း အဆင့်ကိုး စီနီယာအစ်ကိုကြီးက တကယ် တော်တာပဲ"
ချန်ရွှင် ချီးကျူးလိုက်ပြီး ရုတ်တရက် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ အလင်းစင်မြင့်ကြီးကို အားကုန် ထိုးချလိုက်သည်။ ထိုအချိန်တွင် မမျှော်လင့်ထားသော အဖြစ်အပျက် ဖြစ်ပွားလာသည်။
ဒေါင်...
ပြင်းထန်သော ရိုက်ခတ်သံကြီး ထွက်ပေါ်လာသည်။ အလင်းစင်မြင့်ကြီး၏ ရွှေရောင်အလင်းတန်းများ မှိန်ဖျော့သွားသည်။ ချန်ရွှင်ကတော့ ထိုအချိန်လေးကို အခွင့်ကောင်းယူပြီး ထပ်မံ ထွက်ပြေးသွားသည်။ လျိုထောင် မျက်နှာ ပျက်သွားသည်။ မျက်လုံးထဲတွင် မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားသည်။ အခြားသူများ အမြင်တွင် လက်နက်က ဘာမှ မဖြစ်သလို ထင်ရသော်လည်း သူကတော့ အတွင်းပိုင်း တုန်ခါသွားသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူ့မျက်နှာ လေးနက်သွားသည်။ ဤဂျူနီယာညီလေး ကား အပြင်ပန်းပုံစံကို ကြည့်၍ အထင်သေး၍ မဖြစ်မှန်းသဘောပေါက်သွားသည်။
"မီးလုံးပစ်လွှတ်ခြင်း"
ချန်ရွှင် လက်ချောင်းများ လှုပ်ရှားလိုက်သည်။ မီးလုံးလေး အချို့ လျိုထောင် ဆီသို့ ပျံသန်းသွားသည်။ လျိုထောင်က လှောင်ပြုံး ပြုံးလိုက်သည်။ သည်လို အဆင့်နိမ့် အစီအရင်မျိုးနှင့် လာစမ်းနေသည်လား။
"မီးလျှံပညာ"
စင်မြင့်ပေါ်တွင် မီးတောက်များ ထွက်ပေါ်လာပြီး မီးလုံးလေးများကို ချက်ချင်း ဝါးမြိုလိုက်သည်။ ချန်ရွှင် မီးပင်လယ်ထဲမှ ရုတ်တရက် ပြေးထွက်လာသည်။ လက်ထဲတွင် ပုဆိန်တစ်လက် ကိုင်ထားပြီး လျိုထောင် ကို ခုတ်ပိုင်းလိုက်သည်။ လျိုထောင် နှာခေါင်းရှုံ့လိုက်သည်။ ဓားတစ်လက် ထုတ်လိုက်သည်။ စင်မြင့်ပေါ်တွင် တိုက်ပွဲ ပြင်းထန်လာသည်။ လျိုထောင် က တစ်ဆင့်ပြီးတစ်ဆင့် ဖိအားပေးလာပြီး ချန်ရွှင် နောက်တဆုတ်တည်းဆုတ်နေရသည်။ နာရီဝက်ခန့် ကြာသောအခါ လျိုထောင် ခေါင်းတစ်ခုလုံး ချွေးများ ရွှဲနစ်နေသည်။ ဝိညာဉ်စွမ်းအား အသုံးပြုရသည်မှာ အားနည်းလာသည်။ သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဂျူနီယာညီလေး... မင်း တကယ်ပဲ တောင့်ခံနိုင်သေးရဲ့လား"
"ရ... ရပါသေးတယ်"
ချန်ရွှင် အားနည်းစွာ ပြောလိုက်သည်။ နောက်တစ်စက္ကန့်လောက်ဆိုလျှင် လဲကျတော့မည့် ပုံစံမျိုးဖြစ်နေသည်။ လျိုထောင်မှာ ဝိညာဉ်စွမ်းအား ကုန်ခမ်းနေပြီဖြစ်သည်။ မျက်လုံးများ ပြူးကျယ်နေသည်။ အဘယ်ကြောင့် သည်ကောင်က သူ့ထက် အမြဲတမ်း ခြေတစ်လှမ်း ပိုမြန်နေရသနည်း။ သူ့စိတ်ဓာတ်များ ကျဆင်းလာသည်။
အခန်း (၄၄)
နောက်ဆုံးတွင် သူတို့ ထိပ်တိုက်တွေ့သည့် အချိန်တွင် သူ မေ့လျော့ထားသော ဝိညာဉ်သားရဲ က လှုပ်ရှားလာသည်။
"မွန်း"
အလစ်တိုက်ပြီဖြစ်သည်။ အရိပ်မည်းတစ်ခု ဘေးမှလှစ်ခနဲ ပြေးဝင်လာသည်။ အရှိန်က မြန်လွန်းပြီး သူက ချန်ရွှင်နှင့် တိုက်ခိုက်နေရသဖြင့် တုံ့ပြန်ချိန် လုံးဝ မရလိုက်ပေ။
"အား... မတရားဘူး"
လျိုထောင် ဝမ်းနည်းပက်လက် အော်ဟစ်လိုက်သည်။ သူ နွားနက်ကြီး၏ ဦးခေါင်းနှင့် အဆောင့်ခံလိုက်ရပြီး စင်မြင့်အောက်သို့ ဖုန်းခနဲ ကားယားကြီး ခွေးကျ ကျသွားသည်။ ချန်ရွှင်လည်း မခံနိုင်တော့သည့်အလား နွားနက်ကြီး ကိုယ်ပေါ်သို့ လဲကျသွားသည်။ လျိုထောင် စင်မြင့်အောက်မှ မြင်လိုက်ရသောအခါ ကြောင်သွားသည်။ ရင်ထဲတွင် လေးစားမှုများ ဖြစ်ပေါ်လာသည်။ သိပ်ကို ဇွဲကောင်းသည့် လူပင် ဖြစ်သည်။
"စီနီယာအစ်ကိုကြီး... သက်ညှာပေးလို့ကျေးဇူးအများကြီးတင်ပါတယ်"
ချန်ရွှင် မျက်လုံးကို အားယူဖွင့်လိုက်ပြီး ဖျော့တော့စွာ ပြုံးပြလိုက်သည်။
"ဂျူနီယာညီလေး အရင်ဆုံး ဒဏ်ရာကို ကုသလိုက်ပါဦး နောက်နှစ်မှ ပြန်ပြိုင်ကြတာပေါ့"
လျိုထောင် လက်သီးဆုပ်လိုက်သည်။ သည်လူကို သူ အသိအမှတ် ပြုလိုက်ပြီဖြစ်သည်။ သည်ပွဲက တကယ့်ကို အားရစရာ ကောင်းလှသည်။ စိတ်ထဲတွင် တစ်ခုခု နားလည်သဘောပေါက်သွားသလိုပင် ဖြစ်သည်။
"ကောင်းပါပြီ"
ချန်ရွှင် မနိုင်တနိုင် လက်သီးပြန်ဆုပ်လိုက်သည်။ နွားနက်ကြီးက သူ့ကို စင်မြင့်အောက်သို့ တွဲခေါ်သွားသည်။ လျိုထောင် က ရှေ့တိုးလာပြီး ဒဏ်ရာကုဆေး တစ်လုံးပင် ပေးလိုက်သေးသည်။ ချန်ရွှင် မျက်ရည်များ စီးကျလာပြီး ငိုကြွေးလိုက်သည်။ စိတ်လှုပ်ရှားစွာဖြင့် လျို စီနီယာအစ်ကိုကြီး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ လျိုထောင် လန့်သွားပြီး မျက်လုံးထဲတွင် အားနာမှုများ ဖြစ်ပေါ်လာသည်။ ငါ လက်လွန်သွားတာများလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်မိသည်။ ဘေးမှ တပည့်အချို့က လျိုထောင် ကို အံ့အားသင့်သည့်အကြည့်များဖြင့် ကြည့်နေကြသည်။ ရှုံးနိမ့်သူမှာ ချန်ရွှင်များလားဟု ထင်ရလောက်အောင်ပင်ဖြစ်သည်။ လျိုထောင် ကြောက်လန့်ပြီး ထွက်ပြေးသွားသည်။ လမ်းတွင် ခေါင်းတခါခါ လုပ်သွားသည်။
နာရီဝက် ကြာပြီးနောက် ချန်ရွှင်သည် နွားနက်ကြီးကို တွဲလျက် စင်မြင့်တာဝန်ခံ အကြီးအကဲ ရှေ့သို့ ရောက်လာသည်။ သူ လက်သီးဆုပ်ပြီး ပြောလိုက်သည်။
"အကြီးအကဲ... တပည့် ဆက်ပြိုင်ချင်ပါသေးတယ်"
"မင်းရဲ့ အခု အခြေအနေနဲ့... ယှဉ်ပြိုင်နိုင်ဦးမှာလား"
အကြီးအကဲ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သည်တပည့်က ဖွာရရာကျဲနေသည့် ကောက်ရိုးဦးထုပ် ကို ဆောင်းထားသည်။ ကောက်ရိုးဦးထုပ်မှာ အချို့နေရာများတွင် အပေါက်အပြဲများဖြစ်နေသည်။ ဆံပင်များက ဖွာလန်ကြဲနေသည်။ ဖုန်မှုန့်များ ပေကျံနေပြီး လက်ပေါ်မှာ သွေးစို့ရာများလည်း ရှိနေသည်။
"ရပါတယ်"
ချန်ရွှင် ခေါင်းငုံ့ကာ ပြုံးလိုက်သည်။ မျက်လုံးထဲတွင် ခေါင်းမာမှုများ ပြည့်နှက်နေသည်။
"မင်း သည်လောက်တောင် ဇွဲကောင်းမှတော့ ငါလည်း မတားတော့ပါဘူး"
အကြီးအကဲ ခေါင်းညိတ်လိုက်သည်။ သည်လို တပည့်မျိုး နှစ်တိုင်း တွေ့ရစမြဲပင်။ ခေါင်းမာလွန်းသည်။ သို့သော် နောက်ဆုံး ရှုံးနိမ့်သူက မိမိသာ ဖြစ်သွားတတ်သည်။ ဝိညာဉ်စွမ်းအား တစ်ခု ချန်ရွှင်၏ အဆောင်ပေါ်သို့ ကျရောက်သွားသည်။ အလင်းရောင်များလင်း လက်သွားသည်။ ချန်ရွှင် နောက်စင်မြင့်တစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။ ဒုတိယနိုင်ပွဲ ရရှိထားသော ပြိုင်ဘက်ဖြစ်သည်။ ချန်ရွှင် ယိုင်နဲ့နဲ့ဖြင့် စင်မြင့်ပေါ် တက်သွားသည်။ ချီသန့်စင်ခြင်း အဆင့်ရှစ် ပြိုင်ဘက်က လန့်သွားသည်။ ငါများ လက်လွန်ပြီး ရိုက်သတ်မိသွားမလားဟု တွေးလိုက်မိသည်။
တစ်နာရီ ကြာပြီးနောက်……
စင်မြင့်ပေါ်မှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ဂျူနီယာညီလေး... မင်း တကယ်ပဲ တောင့်ခံနိုင်သေးရဲ့လား"
"စီနီယာအစ်ကိုကြီး... လာပါ"
ချန်ရွှင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ခြေလှမ်းများက ယိုင်နဲ့နေသည်။ ကောက်ရိုးဦးထုပ်ပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်နေပြီး မီးခိုးများ အူထွက်နေသည်။ ချီသန့်စင်ခြင်း အဆင့်ရှစ် တပည့် မျက်နှာ ပျက်နေပြီဖြစ်သည်။ မည်သည့် ချီသန့်စင်ခြင်း အဆင့် တိုက်ပွဲက တစ်နာရီခန့် ကြာဖူးသနည်း။ မည်သူ့ ဝိညာဉ်စွမ်းအားက သည်လောက် များသနည်း။
"မွန်း"
နွားနက်ကြီး အခွင့်ကောင်း စောင့်နေသည်မှာ ကြာပြီဖြစ်သည်။ မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်များသန်းနေသည်။ နွားနက်ကြီး ဝင်တိုက်ခိုက်ပြီဖြစ်သည်။
"ဟင်... အလစ်တိုက်ခိုက်တယ်"
ထိုသူ စူးရှစွာ အော်ဟစ်လိုက်သည်။ လေထဲတွင် လှပစွာ ကွေ့၀ိုက်ကာ စင်မြင့်အပြင်ဘက်သို့ ဖုန်းခနဲ ခွေးကျကျသွား၏။ ချန်ရွှင် တတိယမြောက် နိုင်ပွဲ ရသွားပြီဖြစ်သည်။ ချန်ရွှင်ကို နွားနက်ကြီးက ကျောပိုးပြီး အဝေးတစ်နေရာရှိ သစ်ပင်ရိပ်အောက်သို့ ခေါ်သွားသည်။ ချန်ရွှင်းက ဒဏ်ရာပြင်းထန်ပြီး သေလုမျောပါး ဖြစ်နေသည့် ပုံစံမျိုးဖြစ်နေသည်။ သစ်ပင်ရိပ်အောက်တွင် ချန်ရွှင် ပြန်သတိရလာသည်။ ယိမ်းထိုးပြီး သစ်ပင်ကို မှီလိုက်သည်။ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"မွန်း"
နွားနက်ကြီးလည်း သူ့ဘေးတွင် ဝပ်လိုက်သည်။ ပါးစပ်က တဆတ်ဆတ် တုန်နေသည်။
"ပါပါတယ်... ပါပါတယ်... မလောပါနဲ့"
ချန်ရွှင် ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်သည်။ ဆံပင်များက ပေါက်ကွဲထားသလို ဖြစ်နေသည်။ ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ အများကြီးဖြစ်သည်။
နွားနက်ကြီးက ချန်ရွှင်၏ ဒဏ်ရာများကို လျှာဖြင့် လိုက်လျက်ပေးနေသည်။ ချန်ရွှင်က ခေါင်းကို ပုတ်လိုက်ပြီး သိုလှောင်အိတ် ထဲမှ ဒဏ်ရာကုဆေး ကို ထုတ်လိုက်သည်။
"အပေါ်ယံ ဒဏ်ရာတွေပါ ကိစ္စမရှိပါဘူး"
"မွန်း"
နွားနက်ကြီး စိုးရိမ်တကြီး ကြည့်နေသည်။ သူတို့ တောင်ပေါ်ရွာလေးမှာတုန်းက မကြာခဏ ဒဏ်ရာရဖူးသော်လည်း ဒါက တိုက်ပွဲဖြစ်သည်။ မတော်တဆဆိုလျှင် အသက်ပါ ပါသွားနိုင်သည်။
"ဟဲဟဲ... ငါ ဆရာနင်း ဆီမှာ ဆေးပညာတွေ အများကြီး သင်ထားတာ သည်လောက် ဒဏ်ရာလောက်က ဘာမှ မဟုတ်ဘူး"
ချန်ရွှင် ဂရုမစိုက်စွာ ပြောလိုက်သည်။ အတွင်းဒဏ်ရာ မရသရွေ့ ဆေးလိမ်းလိုက်လျှင် ရက်ပိုင်းအတွင်း ပျောက်ကင်းသွားမည်ဖြစ်သည်။ အမာရွတ်ပင် ကျန်မည် မဟုတ်ပေ။
"သူတို့ ဝိညာဉ်စွမ်းအားက အကန့်အသတ် ရှိတယ် ငါတို့နဲ့ ယှဉ်လို့ မရဘူး တကယ်လို့ ငါတို့သာ အစီအရင် အစစ်တွေ ထုတ် သုံးလိုက်ရင် သူတို့ အသက်ရှင်မှာ မဟုတ်တော့ဘူး"
ချန်ရွှင် ပြုံးလိုက်သည်။
"မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ တကယ်လည်းဟုတ်သည်။ သူတို့၏ အစီအရင်များက အလွန် ကြောက်စရာ ကောင်းသည်။ အမှန်တကယ် ထုတ်သုံးလိုက်လျှင် သေဆုံးခြင်း ဒဏ်ရာရခြင်းများ ဖြစ်ကုန်လိမ့်မည်။
"နိုင်ပွဲ ၆ ပွဲလောက်ဆို ရပြီ မနက်ဖြန် ၃ ပွဲ ထပ်နိုင်ရင် ငါတို့ ကူညီထောက်ပံ့မှုအမှတ် ၅၀၀ ရပြီ"
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။ မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ပါဝင်နေသည်။ ချန်ရွှင် သိုလှောင်အိတ် ထဲမှ နေကြာစေ့ ထုတ်ပြီးနွားနက်ကြီးနှင့်အတူ စားလိုက်သည်။ သူ ပြိုင်ပွဲစင်မြင့်များကို လှမ်းကြည့်လိုက်သည်။ လူများ ပြည့်ကျပ်နေသည်။ တိုက်ခိုက်သံများ ဆူညံနေသည်။
ဒုတိယနေ့…..
ချန်ရွှင် စိတ်ဓာတ်များ တက်ကြွနေသည်။ ပြိုင်ဘက်များလည်း ပိုကြမ်းလာသည်။ သို့သော် မည်မျှပင် အစီအရင်များ ကောင်းနေပါစေ ဝိညာဉ်စွမ်းအား ရှိမှ ရမည်ဖြစ်သည်။ ချန်ရွှင် သူ့၏ အမှည့်ချွေ လမ်းစဉ်ကို စတင်လိုက်သည်။ စင်မြင့်ပေါ်တက်ပြီဆိုလျှင် တစ်နာရီကတော့ အနည်းဆုံးဖြစ်သည်။ ဘယ်သူလာလာ သည်အတိုင်းချည်းဖြစ်သည်။ ဘေးက ကြည့်နေသည့် တပည့်များပင် အိပ်ချင်လာကြသည်။ အခြား စင်မြင့်များသို့ သွားကြည့်ကုန်ကြသည်။ ထိုစင်မြင့်များက သည်နေရာထက် ပိုကြည့်ကောင်းသေးသည်။
"ဂျူနီယာညီလေး... ငါ မရတော့ဘူးကွာ"
သနားစရာ အော်သံတစ်ခု ထွက်ပေါ်လာသည်။ သူ့မျက်နှာက ရှုံ့မဲ့နေပြီး ချန်ရွှင်ကို ကြောက်ရွံ့သလို ကြည့်နေသည်။
"စီနီယာအစ်ကိုကြီး... တောင့်ထားပါဦး... ကျွန်တော် ရပါသေးတယ်"
ချန်ရွှင် အော်ဟစ်ပြီး အားပေးလိုက်သည်။
"မွန်း"
နွားနက်ကြီး က အလစ်ဝင်ပြီး ဦးချိုကြီးဖြင့်ဆောင့်လိုက်သည်။
"ဟင် နင့်မေဟာကြီးကွာ" သူယောင်ကာ လွှတ်ခနဲအော်လိုက်မိသည်။
ထိုသူ ဖုန်းခနဲလေထဲသို့ မြောက်တက်သွား စင်မြင့်အောက် ကားခနဲ ခွေးကျ ကျသွား၏။ ချန်ရွှင် စတုတ္ထမြောက် နိုင်ပွဲ ရသွားပြီဖြစ်သည်။
......
တစ်နာရီ ကြာပြီးနောက်။
"ဂျူနီယာညီလေး... ငါ မင်းကို တောင်းပန်ပါတယ် ဆက်မလုပ်ပါနဲ့တော့ အရှုံးပေးလိုက်ပါတော့ကွာ"
"မဖြစ်နိုင်ဘူး... ကျတော်တို့ ကျင့်ကြံသူတွေမှာ မာနရှိပါတယ်…. စီနီယာအစ်ကိုကြီး... နောက်ထပ် တစ်ရက်လောက် ထပ်တိုက်ကြစို့"
"မွန်း"
နွားနက်ကြီး အလစ်တိုက်ပြန်သည်။ နွားနက်ကြီး အမြီးရိုက်ချက်မှာ စီနီယာအစ်ကိုကြီး ဘဝပျက်သွားသည်။ မျက်လုံးများ မိုးမျှော်သွား၏။ ချန်ရွှင် ပဉ္စမမြောက် နိုင်ပွဲ ရသွားပြီဖြစ်သည်။
......
နောက်ထပ် တစ်နာရီ ကြာပြီးနောက်….
"ဂျူနီယာညီလေး... ငါ့မှာ မသုံးရသေးတဲ့ အဆောင်တွေ အများကြီး ကျန်သေးတယ် မင်း ယှဉ်နိုင်မှာ မဟုတ်ဘူး"
"စီနီယာအစ်ကိုကြီး... စိတ်ရှိသလိုသာတိုက်ခိုက်ပါ"
နာရီဝက် ကြာပြီးနောက်…
စီနီယာအစ်ကိုကြီး တုန်ရီနေသည်။ သူ့အဆောင်များ အကုန် ကုန်သွားပြီဖြစ်သည်။
"မွန်း"
နွားနက်ကြီး ချိုဖြင့် ဝင်ဆောင့်လိုက်ပြန်သည်။
"အား..."
စီနီယာအစ်ကိုကြီး စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး လေထဲသို့ မြောက်တက်သွားသည်။ မျက်ရည်များပင် စီးကျလာသည်။ ချန်ရွှင် ဆဋ္ဌမမြောက် နိုင်ပွဲ ရသွားပြီဖြစ်သည်။ သို့သော် သူလည်း ခြေထောက်များ တုန်နေပြီဖြစ်သည်။ နောက်တစ်ပွဲကို နွားနက်ကြီး တွဲပြီး တက်သွားရသည်။
ချန်ရွှင်ပုံစံက လဲကျတော့မတတ်ဖြစ်နေသော်လည်း မလျော့သော ဇွဲလုံ့လက အခြေခံတည်ဆောက်ခြင်း အဆင့် အကြီးအကဲ အချို့ကိုပင် တုန်လှုပ်သွားစေသည်။ သူတို့ ချန်ရွှင်၏ စင်မြင့်ကို လှမ်းကြည့်လိုက်ကြသည်။
"ဂျူနီယာညီလေး..."
စီနီယာအစ်ကိုကြီးက မတ်တပ်မရပ်နိုင် ဖြစ်နေသော ချန်ရွှင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဤကဲ့သို့ အခြေအနေနှင့် မည်သို့ တိုက်မည်နည်း။ ချန်ရွှင် ဆံပင်များ ဖွာလန်ကြဲနေသည်။ မျက်လုံးထဲတွင် သွေးကြောများ ယှက်သန်းနေသည်။ သူ ကိုယ်ကို ကိုင်းလိုက်သည်။ လက်နှစ်ဖက်ကို ဒူးခေါင်းပေါ် ထောက်လိုက်သည်။ ဖြည်းညှင်းစွာ မော့ကြည့်ပြီး ပြောလိုက်သည်။
"စီနီယာအစ်ကိုကြီး... လာပါ"
"ငါ ညီလေးကို သက်ညှာပေးပါ့မယ်"
စီနီယာအစ်ကိုကြီး မျက်နှာ လေးနက်သွားသည်။ ထိုအကြည့်က သူ့ကို တုန်လှုပ်သွားစေသည်။ မိနစ်အနည်းငယ် ကြာသောအခါ။ ချန်ရွှင် အော်ဟစ်လိုက်ပြီး လက်သီးကို ဝှေ့ယမ်းကာ ဟာကွက်ပေါင်းစုံဖြင့် ဝင်တိုက်လိုက်သည်။ စီနီယာအစ်ကိုကြီးက ကိုယ်ကို အနည်းငယ် တိမ်းရှောင်လိုက်သည်။ မျက်လုံးထဲတွင် ဝမ်းနည်းမှုများ ပါဝင်နေသည်။ လေအေးလေးတစ်ချက် တိုက်ခတ်လာသည်။ ချန်ရွှင် ဆက်လက် မတောင့်ခံနိုင်တော့ပေ။ သံတိုင်ကြီး တစ်တိုင် လဲကျသကဲ့သို့ စင်မြင့်ပေါ်ဘုန်း လဲကျသွားသည်။
"ဂျူနီယာညီလေး"
"မွန်း"
သူတို့ အလျင်အမြန် ပြေးလာပြီး ကြည့်ရှုကြသည်။ ကံကောင်းထောက်မစွာ ဘာမှ မဖြစ်ပေ။ အခြေခံတည်ဆောက်ခြင်း အဆင့် အကြီးအကဲ တစ်ဦးလည်း လာရောက် ကြည့်ရှုသည်။
"သူ ဘာမှ မဖြစ်ဘူး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ထားလို့ ပင်ပန်းသွားတာ ပြန်နားလိုက်ရင် သက်သာသွားလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေး"
စီနီယာအစ်ကိုကြီး လက်သီးဆုပ် ပြောလိုက်သည်။ အကြီးအကဲ ခေါင်းညိတ်လိုက်သည်။ မျက်လုံးထဲတွင် အနည်းငယ် ဝမ်းနည်းရိပ် သန်းနေသည်။ သည်လူက တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်လောက်သည်။ သည်လိုလူမျိုးများတွင် သည်လို စိတ်ဓာတ်မျိုး ရှိတတ်ကြသည်။ ကိုယ့်၏ ပါရမီ အရည်အချင်းအပေါ် အားမလိုအားမရ ဖြစ်မှု၊ ကံတရားကို မလွန်ဆန်နိုင်မှု၊ သွေးတစ်စက် ကျန်သည်အထိ တိုက်ခိုက်ပြီး လုံးဝ အရှုံးမပေးလိုသည့် စိတ်ဓာတ်မျိုးဖြစ်သည်။
သို့သော် လက်တွေ့တွင်တော့ ဘယ်အကြီးအကဲမှ လာရောက် မကြည့်ရှုကြပေ။ သည်လိုလူမျိုးက သာမာန်လူမျိုးများဖြစ်နေတတ်သည်မဟုတ်ပါလား။ မလျော့သော ဇွဲလုံ့လ ဆိုသည်မှာ အသုံးမကျသည့် ခံပြင်းမှု သက်သက်သာဖြစ်သည်။ သူ့၏ ကျင့်ကြံခြင်း ပါရမီကို ပြောင်းလဲပေးနိုင်မည်တော့ မဟုတ်ပါပေ။ ချန်ရွှင်ကို နွားနက်ကြီးက ဆွဲပြီး တောင်အောက် ဆင်းသွားသည်။