အခန်း (၄၅-၄၆)
Vol. 3 Ch. 45-46
အခန်း (၄၅)
"နွားကြီး... အဆင့် ၄၇၈ သေချာသွားပြီ အမှတ် ၅၀၀ နှစ်ရက်တည်းနဲ့ ငါတို့ နှစ်နှစ် လုပ်တာထက် ပိုရတယ်"
ချန်ရွှင် နွားနက်ကြီး ကျောပေါ်တွင် အိပ်လျက် လက်ထဲမှ အဆောင်ဝါလေးကို ကြည့်နေသည်။ ပြိုင်ပွဲပြီးသည်နှင့် ဂိုဏ်းခန်းမဆောင်ကို သွားပြီး အမှတ် လဲလို့ရပြီဖြစ်သည်။
"မွန်း"
နွားနက်ကြီး ဦးခေါင်းလှည့်လာသည်။ ချန်ရွှင်ကို သနားသည့် မျက်လုံးဖြင့် ကြည့်နေသည်။
"နွားကြီး... ဒါ ဘာပြောပလောက်လို့လဲ ငါတို့ ဖန်နင်းမြို့ မှာတုန်းက ဘယ်သူက လွယ်လွယ်ကူကူ နေခဲ့ရလို့လဲ အကုန်လုံး ရှင်သန်ဖို့ရုန်းကန်ခဲ့ရတာပဲ မဟုတ်ဘူးလား"
ချန်ရွှင် ဂရုမစိုက်စွာ ပြောလိုက်သည်။ ပြုံးလိုက်သည်။
"ဒဏ်ရာ နည်းနည်းလောက် ရရုံနဲ့ သည်လောက် အမှတ်တွေ အများကြီး ရတာ ငါတို့က မြတ်တောင် မြတ်သေးတယ် ဂိုဏ်းက ငါတို့ကို အခွင့်အရေး ပေးတာ ကျေးဇူးတင်ရဦးမယ်"
"မွန်း မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ စိတ်ထဲတွင်တော့ သူသာ ချန်ရွှင်အစား ဝင်ခံပေးလို့ရလျှင် ကောင်းမှာပဲဟု တွေးနေသည်။ သူက မည်သို့ပင်ဖြစ်စေ အရည်ထူသည်။ ဆေးဥယျာဉ် တောင်ကြားထဲ ပြန်ရောက်သောအခါ ချန်ရွှင် အားတက်လာသည်။ ခန္ဓာကိုယ် အနှံ့အပြားတွင် ဆေးများ လိမ်းကျံလိုက်သည်။ နွားနက်ကြီးလည်း သူ့ဘေးတွင် စောင့်နေသည်။
"အစာရှောင်ဆေး ဆိုတာက အရေးပေါ် အနေနဲ့ သုံးဖို့ပဲ ကောင်းတယ် ငါတို့က ထမင်းစားချိန်လေးတောင် မရှိလောက်အောင် အလုပ်ရှုပ်နေတာမှ မဟုတ်တာ"
ချန်ရွှင် မြေကြီးရောင် ဆေးတစ်လုံး ထုတ်လိုက်သည်။ မနှစ်ကလည်း ဆေးတစ်ခါ ဖော်ဖူးသည်။ စားပြီးနောက် ဗိုက်မဆာတာတော့ ဟုတ်သည်။ သို့သော် ဗိုက်ဝသည့် ခံစားချက် မရပေ။ အရသာ မရှိပေ။
"မွန်း မွန်း"
နွားနက်ကြီးလည်း ထောက်ခံသည်။ ဤ အစာရှောင်ဆေး က တောင်ပေါ်က တောကောင်သားလောက် မည်သို့စားကောင်းမည်နည်း။ မြက်ခြောက်များ ဝါးရသလိုသာဖြစ်သည်။
"နွားကြီး အလုပ်လုပ်တော့ ဆေးဥယျာဉ်ကို ပြုပြင်တော့"
ချန်ရွှင် ကိုယ်ပေါ်တွင် ဆေးများ လိမ်းကျံထားပြီး ပြုံးကာ ပြောလိုက်သည်။
"သူတို့က ငါ့ကို ဘယ်လိုလုပ် တကယ် ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ ဒါတွေက ငါ တမင်တကာ မရှောင်ဘဲ ခံလိုက်တာပါ"
"မွန်း မွန်း"
နွားနက်ကြီး ခြေလှမ်းသုံးလှမ်း လှမ်းလိုက် တစ်ချက် ပြန်လှည့်ကြည့်လိုက်နှင့် ဖြစ်နေသည်။ ဆေးဥယျာဉ်ကိုလည်း နှစ်ရက်လောက် ပစ်ထားမိပြီဖြစ်သည်။ သူ သွားကြည့်လိုက်ဦးမည်။ နွားနက်ကြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့်
"အား"
ချန်ရွှင် နာကျင်လွန်းသဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။ အတွင်းဒဏ်ရာ မရသော်လည်း ဤအပေါ်ယံ ဒဏ်ရာများက တကယ် နာကျင်သည်။ ရက်အနည်းငယ် ကြာပြီးနောက် ဂိုဏ်းပြိုင်ပွဲ ပြီးဆုံးသွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဂိုဏ်းခန်းမဆောင်သို့ အပြေးအလွှား သွားကြသည်။ အဆောင်ဝါလေးကိုတော့ ဂိုဏ်းက ပြန်မသိမ်းပေ။ တပည့်များအတွက် အမှတ်တရ အနေဖြင့် ပေးထားလိုက်သည်။
"ချန်ညီလေး"
ရင်းနှီးသော အသံတစ်သံ ချန်ရွှင် အနောက်မှ ထွက်ပေါ်လာသည်။ သူ ဝမ်းသာသွားသည်။
"မထင်မှတ်ဘဲ တွေ့ရတာပဲ"
"ကျိအကိုကြီး"
ချန်ရွှင်လည်း ဝမ်းသာသွားသည်။ ကျိခွန် ကို ကြည့်လိုက်သည်။ မျက်နှာက ပိုပြီး တည်ငြိမ်ခိုင်မာလာသည်။ သို့သော် မျောက်တစ်ကောင်လို ပိန်နေတုန်းပင် ဖြစ်သည်။ ချန်ရွှင် စိတ်ထဲတွင် ခံစားလိုက်ရသည်။ ဂိုဏ်းတစ်ခုတည်းမှာ နေတာတောင် မတော်တဆ ပြန်ဆုံရန် ၂ နှစ်တောင် ကြာခဲ့ပါပကော။
"ချန်ညီလေးက အပြင်စည်း တာဝန်ခံဌာနကို မလာဘူးလား"
"ကျွန်တော် ဆေးဥယျာဉ်ကို သွားလိုက်တယ် ကျွန်တော့်အိမ်က အရင်က သည်အလုပ် လုပ်တာလေ"
သူတို့ လူရှင်းသော သစ်ပင်ရိပ် အောက်သို့ လျှောက်သွားကြသည်။ အတိတ်အကြောင်းများ ပြောဆိုကြသည်။ နွားနက်ကြီးက အနောက်မှ လိုက်လာသည်။ သူတို့ ခြေလှမ်း ရပ်လိုက်သည်ကို မြင်တော့ မြေကြီးပေါ် ဝပ်လိုက်သည်။
"ချန်ညီလေး... သည်ဆေးဥယျာဉ်က ကောင်းတဲ့နေရာ မဟုတ်ဘူး သူများတွေက အဲသည်နေရာကို ရည်မှန်းချက် ပျောက်ဆုံးရာ အရပ် လို့ ခေါ်ကြတယ်"
ကျိခွန် မခံမရပ်နိုင် ဖြစ်နေသည်။
"အဲမှာ ရှိတဲ့လူတွေက ဂိုဏ်းက လူဟောင်းတွေ ဒီတစ်သက် အခြေခံတည်ဆောက်ခြင်း အဆင့် မရောက်နိုင်တော့ဘူးလို့ ခံယူထားတဲ့လူတွေ သွားကြတာ….ငါတို့မှာ အကောင်းဆုံးအလားအလာတွေ ရှိသေးတယ် စိတ်ဓာတ်မကျပါနဲ့ ချန်ညီလေး"
"ကျိအကိုကြီးရဲ့ စေတနာကို နားလည်ပါတယ် သို့သော် ကျွန်တော်က သတ်ဖြတ်တိုက်ခိုက်တာကို တကယ် မကြိုက်လို့ပါ"
ချန်ရွှင် မျက်နှာတွင် အခက်အခဲ ဖြစ်နေပုံ ပေါ်သည်။ ကျိခွန်၏ ဆိုလိုရင်းကို သူ နားလည်သည်။ အပြင်စည်း တာဝန်ခံဌာနက အခွင့်အရေး များသည်။ စွမ်းရည်တိုးတက်ရန်အတွက် အလွန် ကောင်းသည်။
"ဟူး... ချန်ညီလေး မင်း မသိလို့ပါ ဂိုဏ်းထဲက တပည့်တွေက ငါတို့လို တစ်ကိုယ်တော် ကျင့်ကြံသူ တပည့်တွေကို ဘယ်လို မြင်ကြလဲ သိလား"
ကျိခွန် မျက်နှာတွင် မကျေနပ်မှုများ ပေါ်လာသည်။ လက်တစ်ဖက်ကို နောက်ပစ်လိုက်ပြီး ကျန်လက်တစ်ဖက်က လက်သီးကို တင်းကျပ်စွာ ဆုပ်ထားသည်။
"ဒီအကြောင်းတော့ မသိဘူး"
ချန်ရွှင် ခေါင်းခါလိုက်သည်။ သူ ခံစားရသလောက်တော့ သည် ဂိုဏ်းတူအစ်ကို ညီမများက သဘောကောင်းကြပါသည်။ ခွဲခြားဆက်ဆံတာမျိုး မကြုံဖူးပေ။
"သူတို့က ငါတို့ကို... ခြေနင်းတုံး တွေလို့ ပြောကြတယ် အခြေခံတည်ဆောက်ခြင်း အဆင့် အကြီးအကဲတွေတောင် ငါတို့ကို အထင်မကြီးကြဘူး"
ကျိခွန်သည် ၂ နှစ်လုံး အပြင်စည်း တာဝန်ခံဌာနမှာ နေခဲ့ရသည်။ ထိုနေရာ၌ အဖွဲ့အစည်းများ များသည်။ အကောက်ကြံမှုများ များသည်။ တစ်ခါတလေ ကူညီထောက်ပံ့မှုအမှတ်များပင် အဖြတ်ခံရသည်။
"ကျိအကိုကြီး... ဒါ ဘာသဘောလဲ"
ချန်ရွှင် တည်ငြိမ်စွာ မေးလိုက်သည်။ အရင်တုန်းကဆိုလျှင် သူ ပုဆိန် ၃လက်ထုတ်ပြီး ပြဿနာ သွားရှာပြီဖြစ်သည်။
"နောက် ၃ နှစ်နေရင် နန်ဒုတောင် လျှို့ဝှက်နယ်မြေ ပွင့်တော့မယ် သို့သော် သွားရမယ့် လူအများစုက တစ်ကိုယ်တော် ကျင့်ကြံသူတွေပဲ"
"အင်း... ဒါကို ကျွန်တော် သိတယ် မဟုတ်ရင် ကျွန်တော်တို့ ဘယ်လိုလုပ် ဂိုဏ်းဝင်ခွင့် ရမှာလဲ"
"ချန်ညီလေး သိလား အနှစ် ၂၀ တစ်ခါ လူဘယ်နှစ်ယောက် သွားပြီး ဘယ်နှစ်ယောက် အသက်ရှင်ရက် ပြန်လာလဲဆိုတာ"
ကျိခွန် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"လူ ၇၀၀ သွားတယ် ပြန်လာတာ ၁၀၀ မပြည့်ဘူး တကယ်လို့ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး အတွက် လိုအပ်တဲ့ ဆေးပင် မခူးနိုင်ခဲ့ရင် ဘာမှ မရဘူး"
"သည်လောက်တောင် ဆိုးတာလား"
ချန်ရွှင် လန့်သွားသည်။ သူတို့က အလုပ်ကြမ်းသမား ထိုးကျွေးခံများအဖြစ် သွားရမည်ဆိုသည်ကို သိထားသော်လည်း သည်လောက်ထိ ဆိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဒါပေါ့ ငါတို့က ထိပ်သီး ဂိုဏ်းကြီး ၁၀ ဂိုဏ်းက စစ်ထုတ်ပြီး ကျန်ခဲ့တဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေလေ အပေါ်ယံ ကြည့်ရင်တော့ တန်းတူအခွင့်အရေး ပေးထားသလိုပဲ သို့သော် ဘယ်အကြီးအကဲက ငါတို့ကို အထင်ကြီးမှာလဲ"
ကျိခွန် မျက်လုံးထဲတွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်လာသည်။ သည် ၂ နှစ်အတွင်း စိတ်ကူးယဉ် အိပ်မက်များ အများကြီး ပျက်စီးခဲ့ရပြီဖြစ်သည်။ လူက ပိုပြီး တည်ငြိမ်ရင့်ကျက်လာသည်။ အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်နိုင်သည့် ပါရမီရှင် တစ်ကိုယ်တော် ကျင့်ကြံသူများကို ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ခေါ်သွားပြီးဖြစ်သည်။ သူတို့ အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်ချင်လျှင် ထို သွေးစွန်းသော လမ်းကို လျှောက်မှ ရမည်ဖြစ်သည်။
"ကျိအကိုကြီး ဆိုလိုတာက နန်ဒုတောင် လျှို့ဝှက်နယ်မြေကို သွားမလို့လား"
ချန်ရွှင် သူ့ကို အကဲခတ်ကြည့်လိုက်သည်။ အခုထိ ချီသန့်စင်ခြင်း အဆင့်ရှစ်သာ ရှိသေးသည်။
"ဟုတ်တယ်"
ကျိခွန် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။
"ငါ့မှာ အမှတ်တွေ လုံလောက်နေပြီ ကြိုးစားကျင့်ကြံတော့မယ် တကယ်လို့ ချီသန့်စင်ခြင်း အဆင့်ကိုး ရောက်သွားရင် အသက်ရှင်နိုင်မယ့် အခွင့်အရေး ပိုများသွားမှာ"
"ကျိအကိုကြီး... နောက်ထပ် အနှစ် ၂၀ စောင့်လိုက်ပါလား အစ်ကိုကြီးက ငယ်ပါသေးတယ် စွမ်းရည် အရင် မြှင့်တင်လိုက်ပါလား"
"ချန်ညီလေး... ၂၃ နှစ် ကြာရင် ငါ့ရဲ့ သွေးစွမ်းအင်တွေ အားနည်းသွားပြီ စွမ်းရည်တွေ ကျဆင်းသွားပြီ ဘာနဲ့ သွားယှဉ်ရမှာလဲ"
ကျိခွန် လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ မျက်လုံးထဲတွင် မကျေနပ်မှုများ ပါဝင်နေသည်။ သူ တကယ် မကျေနပ်ပေ။ သည်စကားက ချန်ရွှင်၏ ရင်ကို လှုပ်ခတ်သွားစေသည်။ ဟုတ်ပေသည်။ ချီသန့်စင်ခြင်း အဆင့်ဆိုသည်မှာ နှစ် ၁၀၀ သာ နေရသည်။ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမည်ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်မှာ အနှစ် ၂၀ ဘယ်နှခါ ရှိမည်နည်း။
"ချန်ညီလေး... သည်နေ့ နေသာတယ် နှုတ်ဆက်ဖို့ ကောင်းတဲ့ နေ့တစ်နေ့ပဲ"
ကျိခွန် အေးချမ်းစွာ ပြုံးလိုက်သည်။ သူ ချန်ရွှင်ကို သဘောကျသည်။ သူနှင့် အတူတူ နေရသည်မှာ အမြဲတမ်း ပေါ့ပါးသည်။ အပြင်စည်း တာဝန်ခံဌာနမှာ ၂ နှစ်လောက် လုပ်ပြီးနောက် ချန်ရွှင်လို သူငယ်ချင်းမျိုးက ပိုပြီး တန်ဖိုးရှိမှန်း သိလာရသည်။ ဆေးဥယျာဉ်ကို သွားခြင်းမှာ မှန်ကောင်း မှန်နိုင်သည်။
"ကျိအကိုကြီး... ခဏလေး"
ချန်ရွှင် သိုလှောင်အိတ် ကို အလျင်အမြန် ဖွင့်လိုက်သည်။ အတွင်းမှ တောင်ပံဆေး ၂လုံးနှင့် အစာရှောင်ဆေး တစ်ပုလင်းကို ထုတ်လိုက်သည်။
"ကျိအကိုကြီး... သည် တောင်ပံဆေး က ကျွန်တော် ကြယ်ကိုးလုံးတောင်ကြား မှာတုန်းက ဝယ်ထားတာ ၂ လုံး ကျန်သေးတယ် ဆေးအာနိသင် မပျက်သေးဘူး"
"တောင်ပံဆေး ပါလား"
ကျိခွန် အံ့သြသွားသည်။ ဒါက ချီသန့်စင်ခြင်း အဆင့်အတွက် ရတနာ ဆေးဖြစ်သည်။ ဈေးအရမ်းကြီးသည်။
"ချန်ညီလေး... ငါ့မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး ပြန်သိမ်းထားပါ မင်းလည်း လိုအပ်မှာပါ"
"ကျိအကိုကြီး... ယူထားပါ အစ်ကိုကြီးက ကျွန်တော့်ထက် ပိုလိုအပ်တယ် ကျွန်တော်တို့ အခု ဆေးဥယျာဉ်ကို ကောင်းကောင်း စီမံခန့်ခွဲနေတာ နှစ်တိုင်း အမှတ်တွေ အများကြီး ရတယ်"
ချန်ရွှင် ရိုးသားစွာ ပြုံးလိုက်သည်။ ဆေးများကို ကျိခွန်လက်ထဲ အတင်း ထည့်ပေးလိုက်သည်။
"စေတနာကို တော့ကျေးဇူးတကယ်တင်ပါတယ်ညီလေး သို့သော် ငါ တောင်ပံဆေး တစ်လုံးပဲ ယူမယ် ကျန်တာတွေ မင်း ပြန်သိမ်းထား"
ကျိခွန် လေးနက်စွာ ပြောလိုက်သည်။
"ဟူး... ကောင်းပါပြီ"
ချန်ရွှင် သက်ပြင်းချလိုက်သည်။ ကျန်သည့် ပစ္စည်းများကို သိုလှောင်အိတ် ထဲ ပြန်ထည့်လိုက်သည်။
"ချန်ညီလေး…..နွားညီလေး... ဒါဆို ငါ သွားတော့မယ် မင်းတို့လည်း ဂရုစိုက်ကြနော်"
ကျိခွန် လက်သီးဆုပ်လိုက်သည်။ ပြီးတော့ နွားနက်ကြီးကို ကြည့်လိုက်သည်။ နွားနက်ကြီး ခြေလေးချောင်းထောက် မတ်တပ်ရပ်လိုက်ပြီး မွန်းခနဲ အော်လိုက်သည်။
သစ်ပင်အောက်တွင် ကျိခွန် ထွက်ခွာသွားပြီ ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဝေးကွာသွားသော ကျောပြင်ကို ကြည့်နေကြသည်။
"ကျိအကိုကြီး သေချာပေါက် အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်မှာပါ နွားကြီး... မင်း ဘယ်လိုထင်လဲ"
ချန်ရွှင် ရေရွတ်လိုက်သည်။
"မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ သည်ဂိုဏ်းထဲမှာ ကျိခွန်တစ်ယောက်သာ သူ့ကို ညီလေးဟု ခေါ်ခြင်းဖြစ်သည်။
"သွား... နွားကြီး ငါတို့လည်း ပြန်ကြစို့ ကောက်ရိုးဦးထုပ် မရက်ရသေးဘူး"
"မွန်း"
လူတစ်ယောက်နှင့် နွားတစ်ကောင် ဆေးဥယျာဉ်ဘက်သို့ ထွက်ခွာသွားကြသည်။ လေပြည်တစ်ချက် တိုက်ခတ်သွားပြီး သစ်ပင်အောက်မှ သစ်ရွက်ကြွေများ လွင့်ပျံသွားကြ၏။
အခန်း (၄၆)
အချိန် ယန္တရား ကြီး၏လည်ပတ်မှုအောက်တွင် မျက်စိတစ်မှိတ်အတွင်း ၃ နှစ်တာ ကာလ ကုန်ဆုံးသွားပြန်သည်။ ဂိုဏ်းအတွင်းသို့ တပည့်သစ်များ ရောက်ရှိလာကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အနာဂတ်အတွက် စိတ်အားထက်သန်မှုများနှင့် စိတ်ကူးယဉ်မှုများ ပြည့်နှက်နေကြသည်။
ဂိုဏ်းပြိုင်ပွဲ တွင်လည်း ဖျက်မြင်းများ ပေါ်ထွက်လာကြပြီး နာမည်ကျော်ကြားလာကြသည်။ သို့သော် တပည့်တစ်ဦး ရှိသည်။ သူသည် တပည့်အများအပြားအတွက် အိပ်မက်ဆိုးကြီး ဖြစ်လာခဲ့သည်။ ထိုသူသည် ကောက်ရိုးဦးထုပ် ဆောင်းထားပြီး နွားနက်ကြီးတစ်ကောင်ကို ဆွဲကာ လာတတ်သည်။ သူ့ကို ဂိုဏ်းပြိုင်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းသော လူသတ်သမား ဟု တင်စားကြသည်။
အကယ်၍ ထိုသူနှင့် တွေ့ပါက တစ်ချက်တည်းဖြင့် အနိုင်မတိုက်နိုင်လျှင် တစ်နာရီကြာအောင် တိုက်ခိုက်ရမည့် ဒုက္ခအတွက် ကြိုတင် ပြင်ဆင်ထားကြရသည်။ တိုက်ပွဲကို ကြည့်ရှုသော တပည့်အချို့ဆိုလျှင် ညဘက် အိပ်မက်ထဲတွင် စောင်ပုံထဲ၌ ကောက်ရိုးဦးထုပ်များ ပြည့်နှက်နေသည်အထိ အိပ်မက်ဆိုး မက်ကြရသည်။
သူနှင့် ယှဉ်ပြိုင်ရသော ပြိုင်ဘက်များမှာလည်း ညည်းတွားကြရသည်။ ချီသန့်စင်ခြင်း အဆင့်ကိုး စီနီယာအစ်ကိုကြီး အချို့ဆိုလျှင် တိုက်ပွဲမစခင်ကတည်းက တိုက်ရိုက် အရှုံးပေးသွားကြသည် အထိပင်ဖြစ်သည်။ သည်လူက သိပ်ရက်စက်သည်။ သို့သော် သူ၏ တိုက်ခိုက်ချိန် ကြာမြင့်လွန်းမှုကြောင့် ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်ကာ နှစ်တိုင်း အဆင့် (၅၀၀) အတွင်းတွင်သာ ရပ်တန့်သွားလေ့ ရှိသည်။ ဒါက လူအများ နှမြောတသ ဖြစ်ရသော အချက်ပင်ဖြစ်သည်။ သို့သော် ဒါက အဆင့်နိမ့် တပည့်များကြားမှ ဟာသတစ်ခုသာ ဖြစ်သည်။ နှစ်တိုင်း ဂိုဏ်းအဆင့် ၁၀၀ ဝင်သူများကသာ ရေပန်းအစားဆုံး ဖြစ်သည်။
ဤသည်မှာ ဝူယွင်ဂိုဏ်း ၏ ရည်ရွယ်ချက် အစစ်အမှန် ဖြစ်သည်။ အတွင်းစည်း တပည့်များကို အသုံးပြုပြီး အပြင်စည်း တပည့်များ၏ ကြိုးစားလိုစိတ်ကို လှုံ့ဆော်ပေးခြင်း ဖြစ်သည်။ ကျောက်စိမ်းဝါးတောင်တန်း ၏ အနိမ့်ပိုင်း ကောင်းကင် တစ်နေရာတွင် လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဓားပြများကဲ့သို့ ခိုးချောင်ခိုးဝှက်ဖြင့် ဂိုဏ်းခန်းမဆောင်ဘက်သို့ ဓားစီးကာ ပျံသန်းသွားနေကြသည်။ အရှိန်က မနှေးမမြန် ဖြစ်သည်။
"နွားကြီး... စုစုပေါင်း ကူညီထောက်ပံ့မှုအမှတ် ၃၀၀၀ တောင် ရှိတယ်ကွ"
ချန်ရွှင် နှုတ်ခမ်းကို သပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"မွန်း"
နွားနက်ကြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေသည်။ သည်အမှတ်များနှင့်ဆိုလျှင် ပစ္စည်းကောင်းများ အများကြီး လဲလို့ ရနိုင်ပြီဖြစ်သည်။ သို့သော် မျက်လုံးထဲတွင် အနည်းငယ် ဝမ်းနည်းရိပ် သန်းနေသည်။ သည်အမှတ်များ အများစုက ချန်ရွှင် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် ရင်းပြီး ရှာထားရခြင်း ဖြစ်သည်။
"ဘာတွေ တွေးနေတာလဲ နွားကြီး... ငါတို့ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ဖော်နည်း သွားလဲကြမယ်"
"မွန်း"
ဓားပျံသည် လေတိုးသံများနှင့်အတူ ဖြတ်သန်းသွားသည်။ သူတို့က သိပ်အမြင့်ကြီး မပျံရဲပေ။ အကယ်၍ အကြီးအကဲ တစ်ယောက်ယောက်နှင့် တွေ့လျှင် ပြဿနာ တက်နိုင်သည် မဟုတ်ပါလော။ ချန်ရွှင်က ဘေးကင်းသော ပျံသန်းမှု အမြင့်ပေကိုပင် တွက်ချက်ထားပြီး ဖြစ်သည်။ ဂိုဏ်းခန်းမဆောင် အတွင်းတွင် လူရှင်းသော စင်မြင့်တစ်ခု ရှိသည်။ ထိုနေရာသည် အခြေခံတည်ဆောက်ခြင်း အဆင့် အကြီးအကဲများအတွက် ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ဖော်နည်းလည်း ထိုနေရာတွင် ရှိသည်။
"ဂိုဏ်းတူဦးလေး... တပည့် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ဖော်နည်း လာလဲတာပါ"
ချန်ရွှင် ခေါင်းငုံ့ လက်သီးဆုပ်ပြီး ပြောလိုက်သည်။ ရှစ်ထောင့်အမှတ်တံဆိပ်ပြား ကို စင်မြင့်ပေါ်က လူပိန်ပိန်ပါးပါး အကြီးအကဲဆီ ပေးလိုက်သည်။ ထိုအကြီးအကဲ၏ မျက်နှာသည် အရိုးများ ငေါထွက်နေပြီး ဇွန်ဘီ တစ်ကောင်လို ဖြစ်နေသည်။ သူက အေးစက်သော မျက်နှာဖြင့် ချန်ရွှင်ကို စိုက်ကြည့်လိုက်သည်။ ချီသန့်စင်ခြင်း အဆင့်ရှစ် တပည့်တစ်ယောက် အမှတ် ၃၀၀၀ တောင် ရှိနေပါလား။
"သည်ဆေးဖော်နည်းက အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်မှ အသုံးဝင်တာ မင်း ယူသွားပြီး ဘာလုပ်မှာလဲ ဂိုဏ်းထဲမှာလည်း လဲစရာ အခြေခံတည်ဆောက်ခြင်း အဆင့် ဆေးပင်တွေ မရှိဘူး"
လူပိန်အကြီးအကဲက မေးခွန်းထုတ်လိုက်သည်။ မျက်လုံးများက လူကို ဖောက်ထွင်းမြင်နိုင်မတတ် စူးရှနေသည်။
"ချီသန့်စင်ခြင်း အဆင့်နဲ့က သည်ဆေးကို ဖော်လို့ မရဘူး မင်း ငါ့ကို အကြောင်းပြချက် တစ်ခု ပေး"
သည်ဆေးဖော်နည်း ဆိုသည်မှာ ဂိုဏ်းကနေပြီး ချီသန့်စင်ခြင်း အဆင့် တပည့်များကို စိတ်ကူးယဉ် မျှော်လင့်ချက် ပေးထားရုံ သက်သက်သာ ဖြစ်သည်။ ဆန်မရှိဘဲ ထမင်းချက်၍ မရသလိုမျိုး ဖြစ်သည်။
"ကိုယ့်ကိုယ်ကိုယ် အားပေးဖို့ပါ တပည့် နန်ဒုတောင် ခရီးစဉ်ကို သွားချင်လို့ပါ"
"ဒါဆို မင်းက ပိုတောင် မလဲသင့်ဘူး အသုံးမဝင်တဲ့ အရာကို အမှတ်တွေနဲ့ လဲနေတယ်"
"ဂိုဏ်းတူဦးလေး မသိလို့ပါ ကျွန်တော်က တစ်ကိုယ်တော် ကျင့်ကြံသူ ဘဝကနေ လာခဲ့တာပါ သည်ပစ္စည်းက တပည့်ရဲ့ စွဲလမ်းမှုပါ ဒါကို မြင်လိုက်ရရင် အခြေခံတည်ဆောက်ခြင်း အဆင့်က မျက်စိရှေ့ ရောက်နေသလို ခံစားရလို့ပါ"
ချန်ရွှင် အသံများ တုန်ရီလာသည်။ ခေါင်းကို ပိုမို ငုံ့ထားလိုက်သည်။ စုတ်ပြဲနေသော ကောက်ရိုးဦးထုပ်က မမျှတသော ကံတရားကို ညည်းတွားနေသကဲ့သို့ပင် ထင်ရသည်။
"ကောင်းပြီလေ"
အကြီးအကဲ ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ထပ်ပြောသည်။
"သေချာ စဉ်းစားပါ နောက် ၆ လနေရင် စမယ့် နန်ဒုတောင် ခရီးစဉ်က လွယ်ကူမှာ မဟုတ်ဘူး"
ချန်ရွှင် မျက်လုံးထဲတွင် အံ့သြမှုများ ဖြစ်ပေါ်လာသည်။ သည် ဇွန်ဘီလို အကြီးအကဲက မျက်နှာသာ အေးစက်သော်လည်း စိတ်ထားက နွေးထွေးသူ ဖြစ်သည်။ သူ လေးလေးနက်နက် ပြောလိုက်သည်။
"တပည့် ဘယ်တော့မှ နောင်တမရပါဘူး"
အကြီးအကဲက ချန်ရွှင်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်သည်။ ဆေးဖော်နည်း စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ အမှတ်တံဆိပ်ပြားထဲမှ အမှတ်များလည်း ပြောင်သလင်းခါသွားသည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေး"
ချန်ရွှင် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ ပြီးနောက် နွားနက်ကြီးကို ဆွဲပြီး ထွက်ခွာသွားသည်။ သူတို့ ဓားပျံစီးကာ ဆေးဥယျာဉ် တောင်ကြားသို့ အမြန် ပြန်လာကြသည်။ နွားနက်ကြီးက နေရာအနှံ့တွင် ထောင်ချောက်များ ယန္တရားများ ဆင်ထားလိုက်သည်။ သူခိုးဝင်လာပါက အသေးစိတ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေအောင် စီစဉ်ထားခြင်း ဖြစ်သည်။
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို အော်လိုက်သည်။ ဘယ်သူမှ လာမသွားပေ။
"သွားမယ်"
ချန်ရွှင် မျက်လုံးများ အရောင်တောက်လာသည်။ ဂူထဲသို့ ပြေးဝင်သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ဖော်နည်းကို ထုတ်လိုက်သည်။
"သက်တံ့သစ်သီး လသစ်သီး ခါခရာပန်း ရေခဲမန်ဒရင်းမြက် ရေခဲဝိညာဉ်မြက်..."
ချန်ရွှင် တိုးတိုးလေး ရေရွတ်နေသည်။ မျက်လုံးများ ပြူးကျယ်လာသည်။ မကြားဖူးပေ။ မမြင်ဖူးပေ။ ဆေးပင် အနည်းငယ်လောက်သာ ကြားဖူးသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး မှာ အရန်ဆေးပင် ၂၇ မျိုးနှင့် အဓိကဆေးပင် ၃ မျိုး ပါဝင်သည်။ မြေဝိဉာဉ်နွယ်၊ ယန်ဂျင်ဆင်းကြာပွင့်၊ နန်မူအရွက်တို့ ဖြစ်သည်။
"မွန်း"
နွားနက်ကြီးလည်း ခေါင်းကို ထိုးပြီး သေချာ ကြည့်နေသည်။ သို့သော် သည်ထဲက ဆေးပင်တွေက သူတို့ ဆေးဥယျာဉ်ထဲမှာ တစ်ပင်မှ မရှိပေ။
"အခြေခံတည်ဆောက်ခြင်း အဆင့် ဒန်တျန် က အရည်အဖြစ် ပြောင်းလဲမယ် ၊ နတ်အသိ တွေ ပေါ်ပေါက်လာမယ် ပြောမပြနိုင်လောက်အောင် ထူးခြားဆန်းကြယ်တယ်"
ချန်ရွှင် သက်ပြင်းချလိုက်သည်။ သူ အားကျမိသည်။ နတ်အသိ ဆိုသည်မှာ မည်သို့မျိုးဖြစ်သနည်းဆိုသည်ကို ခံစားကြည့်ချင်သည်။ အာရုံငါးပါးထက် ပိုမိုက်သည်ဟု ပြောကြသည်။
"မွန်း"
"တကယ်လို့ နှစ်တစ်ရာလောက် အချိန်ဖြုန်းပြီး အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်အောင် လုပ်မယ်ဆိုရင် ဝူယွင်ဂိုဏ်း မှာ ငါတို့ နေစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး"
ချန်ရွှင် တစ်လုံးချင်း ပြောလိုက်သည်။ နွားနက်ကြီးကို ကြည့်လိုက်သည်။ မျက်လုံးများ စူးရှသွားသည်။
"နောက် ၆ လနေရင် နန်ဒုတောင် လျှို့ဝှက်နယ်မြေကို ငါတို့ သွားမယ်"
"မွန်း"
နွားနက်ကြီး ဝုန်းခနဲ မတ်တပ်ရပ်လိုက်သည်။ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည်။ ချင်တိုင်းပြည်တစ်ခုလုံးက ဂိုဏ်းတွေ အကုန်လုံး တပည့်များကိုစေ လွှတ်ကြမှာ ဖြစ်သည်။ အဲဒါကမှ စစ်မြေပြင် အစစ်ဖြစ်သည်။
"နေ့တိုင်း အပြင်ထွက်ပြီး သတင်းစုံစမ်းမယ် ငါတို့လည်း ပြင်ဆင်မှုတွေ စလုပ်ရမယ်"
ချန်ရွှင် ပြောလိုက်သည်။ သူတို့က နန်ဒုတောင် အကြောင်း ဘာမှ မသိသေးပေ။ မည်သည့်နေရာမှာ ရှိလဲဆိုတာတောင် မသိပေ။ လူတစ်ယောက်နှင့် နွားတစ်ကောင် ဂူအပြင်ဘက်သို့ ဖြည်းညှင်းစွာ လှမ်းကြည့်လိုက်သည်။ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သည်တစ်ခါတော့ တကယ် တကယ် လှုပ်ရှားရတော့မည် ဖြစ်သည်။
......
၆ လ ကြာပြီးနောက်။
ဝူယွင်ဂိုဏ်း တွင် ခေါင်းလောင်းသံများ ဆက်တိုက် မြည်ဟည်းနေသည်။ တောင်ထိပ် အသီးသီးမှ လူရိပ်များ ဓားစီးကာ ပျံသန်းထွက်ခွာလာကြသည်။ သူတို့၏ မျက်နှာများမှာ အေးစက်နေပြီး မလျော့သော ဇွဲလုံ့လများနှင့်အတူ ဂိုဏ်းချုပ်ရှိရာ တောင်ထိပ်သို့ ဦးတည် သွားနေကြသည်။ ချင်တိုင်းပြည် ၏ အနှစ် ၂၀တွင် တစ်ကြိမ် ကျင်းပသော နန်ဒုတောင် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တော့မည် ဖြစ်သည်။ တောင်ထိပ် အသီးသီးမှ အကြီးအကဲများနှင့် တပည့်များသည် မျှော်လင့်ချက်များ ရှိနေကြသည်။ အကယ်၍ အကျိုးအမြတ် ကောင်းမွန်ပါက ဂိုဏ်း၏ အဆင့်အတန်း မြင့်တက်လာနိုင်သည်။ ဂိုဏ်းငယ်လေး အများအပြားသည် နန်ဒုတောင် ခရီးစဉ်ကြောင့် ကြီးပွားချမ်းသာလာခဲ့ကြဖူးသည်။
သည်နှစ် လျှောက်ထားသူ အလွန် များပြားသည်။ ထောင်ချီ ရှိသည်။ သို့သော် ဂိုဏ်းပြိုင်ပွဲ အဆင့်အတိုင်း ဦးစားပေး ရွေးချယ်သည်။ ပုံမှန်အားဖြင့် အဆင့် ၂၀၀၀ အတွင်း ဝင်သူများ မျှော်လင့်ချက် ရှိသည်။ သက်ကြီးရွယ်အို တပည့်အများအပြား မျက်နှာညှိုးငယ်သွားကြသည်။ မျှော်လင့်ချက် မရှိတော့ပေ။ သူတို့သည် ပစ္စည်းများကို သိမ်းဆည်းပြီး တောင်အောက်သို့ ဖြည်းညှင်းစွာ ဆင်းသွားကြသည်။ ဂိုဏ်းတံခါးဝတွင် ဈေးဆိုင်တန်း အများအပြား ရှိသည်။ ထိုနေရာတွင်သာ တစ်သက်လုံး အချိန်ကုန်ဆုံးသွားကြတော့မည် ဖြစ်သည်။
ဝူယွင်ဂိုဏ်း ၏ ဆေးဥယျာဉ် တောင်ကြား ဂူတစ်ခုတွင် ကျောက်နံရံများတွင် အက်ကွဲကြောင်းများ ရှိနေသည်။ မြေကြီးပေါ်တွင် မြေကျင်းတစ်ခု တူးထားပြီး မည်းနက်နေသော ဒယ်အိုးကြီး တစ်လုံး တင်ထားသည်။ အဖြူရောင် အငွေ့များ ထွက်နေပြီး ဆေးနံ့များ လှိုင်နေသည်။ မြေကျင်းထဲတွင် မီးသွေးခဲများ ကျန်ရှိနေသေးပြီး တဖျစ်ဖျစ် မြည်နေသည်။ သို့သော် ဂူထဲတွင် လူမရှိတော့ပေ။ သည်နေ့ ရာသီဥတု သာယာသည်။ ကောင်းကင်ကြီးကပြာလဲ့နေပြီး တိမ်ကင်းစင်နေသည်။ တောင်တန်းများ စိမ်းလန်းနေပြီး လေပြည်နွေးနွေးလေးက တိုက်ခတ်နေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ခံစားချက်ကင်းမဲ့သောမျက်နှာများနှင့် ဆေးဥယျာဉ် တောင်ကြားထဲမှ ထွက်လာကြသည်။ သူတို့ ဓားပျံကိုစီးကာ ပျံသန်းသွားသည်။ ဦးတည်ရာက ဂိုဏ်းချုပ် တောင်ထိပ်ဆီသို့ ဖြစ်သည်။