အခန်း (၄၉-၅၀)
Vol. 3 Ch. 49-50
အခန်း (၄၉)
"နွားကြီး... အဆိပ်ဖြေဆေး နဲ့ ပိုးမွှားနိုင်ဆေး တွေကို စားလိုက်"
ချန်ရွှင် ဆေးနှစ်လုံး ထုတ်ပြီး တစ်လုံးကို ချက်ချင်း မျိုချလိုက်သည်။ ကျန်တစ်လုံးကို နွားနက်ကြီးအား ပေးလိုက်သည်။
"မွန်း"
နွားနက်ကြီး လျှာဖြင့် လှမ်းယူပြီး မျိုချလိုက်သည်။ ဒါတွေက သူတို့ ဂိုဏ်းမှာ ဝိညာဉ်ကျောက်တုံး အကုန်ခံပြီး ဝယ်ထားတာတွေ ဖြစ်သည်။
"ထူးဆန်းတဲ့ နေရာပဲ"
ချန်ရွှင် တိုးတိုးလေး ပြောလိုက်သည်။ သူတို့ အရင် ရောက်ဖူးတဲ့ တောတောင်တွေနဲ့ မတူဘဲ သက်ရှိ အငွေ့အသက် လုံးဝ မရှိသလောက်ပင် ဖြစ်သည်။ အလွန် တိတ်ဆိတ်ငြိမ်သက်နေသည်။ သို့သော် ဝိညာဉ်စွမ်းအင်ကတော့ ပြည့်ဝနေသည်။
"မွန်း"
နွားနက်ကြီး မျက်လုံးပြူးပြီး ပတ်ဝန်းကျင်ကို သတိထား ကြည့်နေသည်။ နှာခေါင်းကလည်း အနံ့ခံနေသည်။
"နွားကြီး... နန်ဒုတောင် လျှို့ဝှက်နယ်မြေက (၆) လ ကြာထိရှိနေမှာ မလောနဲ့ အခြေအနေ အရင် စောင့်ကြည့်မယ်"
ချန်ရွှင် ခေါင်းကို ပုလိုက်ပြီး ရင်ဘတ်ထဲမှ ဓားပြခေါင်းစွပ် ကို ထုတ်လိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာ စည်းနှောင်လိုက်သည်။ ခံစားချက် နှင့် အရှိန်အဝါက ချက်ချင်း ပြောင်းလဲသွားသည်။
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို ပုတ်လိုက်သည်။ ငါ့ခေါင်းစွပ်ရော။
"ပါပါတယ်... ပါပါတယ်..."
ချန်ရွှင် ရယ်လိုက်သည်။ ဒါက သူတို့ အဘိုးကြီးဝမ် တို့ မိသားစုကို သွားရှင်းတုန်းက ဝတ်ရုံပြည့်ပင် ဖြစ်သည်။
"မွန်း"
နွားနက်ကြီး စိတ်လှုပ်ရှားကာ တုန်တုန်ယင်ယင်ဖြစ်သွားသည်။ ထိုအချိန်တုန်းက ခံစားချက်ကို သူပြန်ခံစားရသည်။ ချန်ရွှင်က ဝူယွင်ဂိုဏ်း ဝတ်ရုံကို ဖြည်းညှင်းစွာ ချွတ်လိုက်သည်။ တခြားသူတွေ အမြင်မှာတော့ ဒါက အကာအကွယ် တစ်ခု ဖြစ်သော်လည်း ချန်ရွှင် အမြင်မှာတော့ ဒါက ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်နေသလို ဖြစ်ပြီး နောက်မှ ပြဿနာ တက်နိုင်သည်။ သူ ကိုယ်တိုင် ချုပ်ထားတဲ့ လျှော်တေအင်္ကျီကို ဝတ်လိုက်သည်။ ခန္ဓာကိုယ်က ပေါ့ပါးလွတ်လပ်သွားသည်။ ကိုယ်ပေါ်က သံခြေချင်းတွေ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
"နွားကြီး... ငြိမ်ငြိမ်နေ"
ချန်ရွှင် ခေါင်းကို ဖက်လိုက်သည်။ သူတို့ ရပ်နေတဲ့ နေရာက သစ်ရွက်တွေ ဖုံးလွှမ်းနေပြီး လုံခြုံမှု ရှိသည်။
"မွန်း"
နွားနက်ကြီး ပြန်ထူးလိုက်သည်။ ချန်ရွှင်၏ ဆိုလိုရင်းကို သူ နားလည်သဘောပေါက်ပြီးသား ဖြစ်သည်။ သူ လုံးဝ မလောပေ။
တစ်မိုးချုပ်ကာ နေထွက်ချိန် ရောက်လာသည်။ ဂိုဏ်းအသီးသီးမှ တပည့်များက ဝိညာဉ်ဆေးပင်များကို အသည်းအသန် ရှာဖွေနေချိန်တွင် သည်လူတစ်ယောက်နှင့် နွားတစ်ကောင်ကတော့ သစ်ပင်ပေါ်မှာ ထိုင်လျက် တစ်ရက်လုံး လုံးဝ မလှုပ်ရှားဘဲ နေနေကြသည်။
"နွားကြီး... သည်နေရာက အဆင်ပြေလောက်တယ် ငါတို့ လှုပ်ရှားကြစို့"
"မွန်း"
"ကြည့်နေ... ငါ ဟိုတုန်းက ဒေါ်ကြီးဝမ် ဆီမှာ ပညာသင်ထားတာ ရှိတယ်"
ချန်ရွှင် ပြုံးလိုက်သည်။ ထိုစဉ်က တောင်ပေါ်ရွာလေးကို ပြန်သတိရသွားသည်။ နောက်ကျရင် ပြန်သွားကြည့်ဦးမည်။
"မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ ချန်ရွှင် သစ်ပင်ပေါ်က ဆင်းသွားပြီး သစ်ရွက်ခြောက်တွေ အများကြီး ပိုက်လာသည်။ သူလည်း ကူညီပေးလိုက်သည်။ နေ့ဝက်ခန့် ကြာသောအခါ အောင်မြင်သွားပြီဖြစ်သည်။ ချန်ရွှင်က သစ်ရွက်ခြောက် အများအပြားဖြင့် ပြုလုပ်ထားသော ချုံခိုဝတ်ရုံ(အမေရိကန် မရိန်းတပ်သား စနိုက်ပါများ ရန်သူအားချောင်းမြောင်းရာတွင် ဝတ်ဆင်လေ့ရှိသော မြက်များဖြင့်ပြုလုပ်ထားသည့် ပတ်ဝန်းကျင်နှင့်ရောနှောကာကိုယ်ယောင်ဖျောက်နိုင်သော ဝတ်စုံ) ကို ကြည့်ပြီး ကျေနပ်နေသည်။
"မွန်း"
နွားနက်ကြီး လန့်သွားသည်။ ချန်ရွှင် မြေကြီးပေါ် ဝပ်လိုက်သည်နှင့် ချက်ချင်း ပျောက်သွားသည်။ ဘာကိုမျှ မမြင်ရတော့ပေ။
"ဟားဟား..."
ချန်ရွှင် တိုးတိုးလေး ရယ်မောလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သစ်ရွက်ခြောက်တွေ လှုပ်ရှားသွားသည်။ နောက်ထပ် ဝတ်ရုံတစ်ခုကို နွားနက်ကြီး ကိုယ်ပေါ် လွှမ်းခြုံပေးလိုက်သည်။ မျက်လုံးကလွဲလျှင် ဘာမှ မမြင်ရတော့ပေ။ နွားချိုပါ ဖုံးသွားသည်။
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို ကြည့်လိုက်သည်။
"ဟဲဟဲ... နွားကြီး... လှုပ်ရှားမယ်"
ချန်ရွှင် ရယ်လိုက်သည်။ ခေါင်းစွပ် အောက်မှ ပုံစံက ကြောက်စရာ ကောင်းနေသည်။
"မွန်း"
သစ်ရွက်ခြောက်ပုံ နှစ်ပုံက ရှေးဟောင်း သစ်ပင်ကြီးများကြားတွင် ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။ လှုပ်ရှားမှုက သိပ်မသိသာဘဲ အလွန် လျင်မြန်သည်။ သူတို့ ဆက်သွားနေရင်း လမ်းမှာ ဝိညာဉ်ဆေးပင် အချို့ တွေ့သော်လည်း မခူးယူခဲ့ပေ။ အသုံးမဝင်သည့်အပင်များဖြစ်၍ဖြစ်သည်။ သူတို့ သစ်ပင်ကြီး တစ်ပင်ပေါ်တွင် ရပ်တန့်လိုက်သည်။ ရှေ့တွင် ရေကန်ကြီး တစ်ခု ရှိသည်။ ရေပြင်က ကြည်လင်နေပြီး ဘေးပတ်ဝန်းကျင်တွင် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသည်။ ဝိညာဉ်အငွေ့အသက်များ ပြည့်နှက်နေသည်။ သို့သော် ရေကန်ထဲတွင် အေးစက်သော အငွေ့အသက်များ ရှိနေပြီး ရေပြင်ပေါ်တွင် မြူခိုးများ ရစ်ပတ်နေသည်။ ထူးဆန်းသည်။
"မွန်း"
နွားနက်ကြီး ခွာဖြင့် ချန်ရွှင်ကို တားလိုက်သည်။ သည်ရေကန်ထဲမှာ အန္တရာယ် ရှိသည်။
"နွားကြီး... မင်းက ငါ့ကို လာဆရာလုပ်နေတာလား ရေကန်ဆီကို ဒီအတိုင်းသွားလို့မရတာငါလည်းသိသားပဲ"
ချန်ရွှင် ရယ်ချင်သွားသည်။ သည်နှစ်တွေအတွင်း နွားကြီးရဲ့ စွမ်းရည်တွေ တိုးတက်လာသည် မဟုတ်ပါလော။
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို ဝှေ့လိုက်သည်။ မကျေမနပ် ဖြစ်နေသည်။
"ရေခဲမန်ဒရင်းမြက်…..ရေခဲဝိညာဉ်မြက် ... တကယ် ရှိတာပဲ"
ချန်ရွှင် အဝေးမှ လှမ်းကြည့်နေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး အတွက် လိုအပ်သော အရန်ဆေးပင် နှစ်မျိုး ရှိနေသည်။ သူ သည် (၆) လအတွင်း သတင်းအချက်အလက်တွေ အများကြီး စုဆောင်းထားပြီးပြီ။ စကားမဆုံးသေးခင် တခြား တောအုပ်တစ်ခုထဲမှ အသံများ ထွက်ပေါ်လာသည်။ သုံးယောက်အဖွဲ့လူတစ်စုထွက်လာသည်။ ဘယ်ဂိုဏ်းကမှန်း မသိရပေ။
"နွားကြီး... ကြည့်စမ်း ဦးနှောက်မရှိတဲ့ကောင်တွေ တကယ် လာပြီ"
ချန်ရွှင် ခေါင်းခါလိုက်သည်။
"မွန်း"
နွားနက်ကြီးလည်း ခေါင်းညိတ်လိုက်သည်။ သည်လူတွေက သူ့လောက်တောင် မစဉ်းစားတတ်။ သို့သော် ဇာတ်လမ်းက ထင်ထားသလို ဖြစ်မလာပေ။
"ငလူးမ..."
"မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီး ခေါင်းပြူထွက်လာပြီး တိုးတိုးလေး ရေရွတ်လိုက်ကြသည်။ သူတို့ မယုံကြည်နိုင် ဖြစ်သွားသည်။ ထိုလူသုံးယောက်က အေးအေးဆေးဆေးဖြင့် ဝိညာဉ်ဆေးပင်များကို ခူးယူနေကြသည်။ ရေကန်ထဲမှ မည်သည့်အကောင်မှလည်း ထွက်မလာပေ။
"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"
ချန်ရွှင် သစ်ပင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် သစ်ခေါက်များပင် ကွာကျကုန်သည်။ နွားနက်ကြီးလည်း ခေါင်းခါနေသည်။ မည်သို့ဖြစ်ကုန်သနည်း။ ထိုလူသုံးယောက်က လိုချင်တာ ရပြီးသည်နှင့် မလောဘဲ ချက်ချင်း ထွက်ခွာသွားကြသည်။ ကြည့်ရသည်မှာ ဝါရင့်များဖြစ်မည်။ ထိုအချိန်တွင် ထူးခြားမှု တစ်ခု ဖြစ်ပေါ်လာသည်။ တောအုပ် နှစ်ဖက်လုံးမှ တပည့်များ တစ်ဖွဲ့စီ ပြေးထွက်လာကြသည်။ ဝတ်ရုံများက ဆင်တူနေသည်။ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာပြီး နှစ်ဖက်စလုံး တိုက်ပွဲ ဖြစ်ပွားကုန်ကြသည်။
ချန်ရွှင် မျက်လုံး ပြူးသွားသည်။ အန္တရာယ်က သည်မှာ ရှိနေသည်ကိုး။
"နွားကြီး တွေ့လား... အန္တရာယ်က သားရဲကောင် မဟုတ်ဘူး လူတွေပဲ"
"မွန်း"
နွားနက်ကြီး နားမလည်ပေ။ ရေကန်ဘေးမှာ ဆေးပင်တွေ အများကြီး ရှိနေတာကို အဘယ့်ကြောင့် သူများဆေးပင်ကိုလိုက်လုနေရသနည်း။
"ဒါက ယုတ်မာတာပဲ"
ချန်ရွှင် တက်ခေါက်လိုက်သည်။
"ငါတို့ ဟိုတုန်းက လူသုံးယောက်ရဲ့ အကောက်ကြံ ခံရသလိုမျိုးပေါ့"
"မွန်း"
နွားနက်ကြီး မျက်လုံးများမှေးကျဉ်းသွားသည်။ သဘောပေါက်ပြီ။ သူတို့ ချန်ရွှင်နဲ့ အတူတူ နေလာတာ ကြာပြီ။ မဖြစ်နိုင်တာတွေ အများကြီး ကြုံဖူးသည်။
ရုတ်တရက် ထူးခြားမှု ထပ်ဖြစ်ပြန်သည်။ ရေကန်ထဲမှ ရေပူစီပေါင်းများ ထွက်လာသည်။ ချန်ရွှင်နှင့် နွားနက်ကြီး ခေါင်းရှည်ထွက်လာသည်။ မျက်လုံးများ က ရေကန်ကို စိုက်ကြည့်နေသည်။ ဒဏ္ဍာရီလာ သားရဲကောင်ကြီးထွက် လာတော့မှာလား။ အနက်ရောင်ငါကြီး အချို့ ရေပေါ် ခုန်တက်လာသည်။ ကစားနေသလိုထင်ရသည်။ ပြီးတော့ ပြန်ဆင်းသွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီး အကြည့်ချင်း ဆုံလိုက်မိကြသည်။ မျက်လုံးထဲတွင် ဒေါသများ ပါဝင်နေသည်။ အဝေးက တိုက်ပွဲကိုပဲ ကြည့်နေရတာ ပျင်းစရာ အလွန်ကောင်းသည်။
ရုတ်တရက် ထူးခြားမှု ထပ်ပြီး ဖြစ်ပြန်သည်။ သူတို့ သစ်ပင်အောက်မှ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ လေပြင်းများ တိုက်ခတ်သွားပြီး သူတို့ ချုံခိုဝတ်ရုံ များ တဖျပ်ဖျပ် လွင့်နေကာ ဖုန်မှုန့်များ ဝင်ကုန်သည်။ အနီရောင် အရိပ်တစ်ခု လျင်မြန်စွာ ပြေးထွက်သွားသည်။ အနီရောင် အသားအရေ ရှိသော ခြင်္သေ့တစ်ကောင် ဖြစ်သည်။ ပါးစပ်တွင် ရှည်လျားသော အစွယ်များ ပါရှိပြီး ချွန်မြိနေသည်။ ခန္ဓာကိုယ်က တစ်လံကျော် ရှည်သည်။ ရှေ့လက်သည်းများတွင် အနီရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး တိုက်ခိုက်နေသော လူအုပ်စုထဲသို့ ခုန်ဝင်သွားသည်။
"ချီသန့်စင်ခြင်း အဆင့် (၁၀) မိစ္ဆာကောင်... နည်းနည်း ကြမ်းတယ်"
ချန်ရွှင် ချုံခိုဝတ်ရုံ ကို ပြန်ပြင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မွန်း"
နွားနက်ကြီး စမ်းကြည့်ချင်လာသည်။ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာသည်။
အဝေးမှ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သွေးခြင်္သေ့ က လက်မလျှော့ဘဲ ဆေးပင်ခူးသော တပည့်များကို လိုက်လံ တိုက်ခိုက်နေသည်။ အားလုံး ဖရိုဖရဲ ဖြစ်ကုန်သည်။ နောက်ဆုံး၌ သူတို့ မတတ်သာဘဲ ဆေးပင်များကို ပစ်လိုက်ပြီး ထွက်ပြေးရတော့သည်။
"နွားကြီး... သွားမလား ငါ ဆေးပင် သွားကောက်မယ် အဲသည်ကောင်ကို မင်း တာဝန်ယူလိုက်"
"မွန်း"
သစ်ရွက်ပုံ နှစ်ပုံ သစ်ပင်ပေါ်မှ ညင်သာစွာ ခုန်ဆင်းလိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးများ ရှိနေသည်။ ရေကန်ဘက်သို့ လျှပ်ပြက်သလို ပြေးသွားလိုက်သည်။
ဂါး
သွေးခြင်္သေ့ ဒေါသထွက်သွားသည်။ နောက်ထပ် လူတွေ သူ့နယ်မြေထဲ ကျူးကျော်လာပြန်ပြီ။ ပြီးတော့ အမှိုက်ပုံကြီးနှစ်ပုံလေထဲလွင့်လာသလိုဖြစ်နေသည်။ သူ မျက်လုံးထဲတွင် သံသယ ဖြစ်သွားသည်။
အခန်း (၅၀)
သူက ဆေးပင်ခူးနေသည့် ချန်ရွှင်ကို သွားတားရန် လုပ်လိုက်စဉ်မှာပင် ဧရာမ အကောင်ကြီး တစ်ကောင် သူ့ရှေ့က ပိတ်ရပ်လိုက်သည်။
"မွန်း"
နွားနက်ကြီး နောက်ခြေနှစ်ချောင်းနဲ့ မတ်တပ်ရပ်လိုက်ပြီး ဝုန်းခနဲ ဝင်လုံးလိုက်သည်။ အရှိန်က မြန်လွန်းသောကြောင့် သွေးခြင်္သေ့ လန့်သွားသည်။ မီးပွားများ လွင့်စင်သွားသည်။ သွေးခြင်္သေ့ ၏ တိုက်ခိုက်မှုကို နွားနက်ကြီးက အသာလေး ချေဖျက်လိုက်သည်။ သူ့အစွယ်များကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲထားလိုက်ရာ မည်သို့မျှရုန်းကန်၍မရတော့ပေ။
ဂါး
မွန်း
နွားနက်ကြီး အားကုန် သုံးလိုက်သည်။ သွေးခြင်္သေ့ ကို ကိုင်မြှောက်ပြီး မြေကြီးပေါ် အားကုန် ရိုက်ချလိုက်သည်။ သွေးခြင်္သေ့ မျက်နှာ ရှုံ့မဲ့သွားပြီး မျက်လုံးထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး ခေါင်းပင်ပေါက်ကွဲထွက်တော့မတတ်ခံစားလိုက်ရသည်။
မွန်း
နွားနက်ကြီး နောက်တစ်ကြိမ် ထပ်မြှောက်ပြီး ရိုက်ချလိုက်ပြန်သည်။ သွေးခြင်္သေ့ ဘဝပျက်သွားသည်။ သွေးတစ်ပွက် အန်ချလိုက်၏။ သူသည် ဝိဉာဉ်စွမ်းအင်ကိုပင် ထုတ်သုံးနိုင်ခြင်းမရှိတော့ပေ။
မွန်း
နွားနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဆက်လက် ရိုက်နှက်နေသည်။ သွေးခြင်္သေ့ လျှာထွက်လာသည်။ ပါးစပ်မှ ညည်းတွားသံများ ထွက်ပေါ်လာသည်။
အစ်ကိုကြီး... တောင်းပန်ပါတယ်... ဆက်မရိုက်ပါနဲ့တော့
ချန်ရွှင်က ရေခဲမန်ဒရင်းမြက် နှင့် ရေခဲဝိညာဉ်မြက် နှစ်ပင်စီကို ခူးယူလိုက်သည်။ ၎င်းတို့သည် ဖြူဖွေးနေပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ချန်ရွှင်က ဆေးသေတ္တာထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ ထို့နောက် အခြား ရေကန်ဘက်သို့ လှမ်းအော်လိုက်သည်။
"နွားကြီး... သွားဖို့ ပြင်"
"မွန်း"
နွားနက်ကြီးက သွေးခြင်္သေ့ ကို ဆွဲပြီး ချန်ရွှင်ဆီ ရောက်လာသည်။ မြေကြီးပေါ်တွင် သွေးတန်းအရှည်ကြီး ဖြစ်ကျန်ရစ်ခဲ့သည်။
"နွားကြီး... မင်း တကယ် ကြမ်းတာပဲ ခြင်္သေ့နံပြားဖြစ်နေပြီ"
ချန်ရွှင် အံ့သြသွားသည်။ ခြင်္သေ့မှာ အသက်ကိုဖုတ်လှိုက် ဖုတ်လှိုက်ရှုူနေရသည်။
"မွန်း မွန်း"
နွားနက်ကြီး ရယ်လိုက်၏။
ဝူး...
သွေးခြင်္သေ့ မျက်လုံးများ အသက်မဲ့နေသည်။ သူ လက်မြှောက် အရှုံးပေးလိုက်ပြီ။ တကယ် အရှုံးပေးလိုက်ပြီဖြစ်သည်။
"အင်း... သနားစရာပဲ"
ချန်ရွှင် ခေါင်းခါလိုက်သည်။
"ညီကိုရေ... မင်း ကောင်းကောင်း အနားယူလိုက်ပါ တကယ်လို့ တခြားလူနဲ့ တွေ့ရင် မင်းကို အရေခွံခွာပြီး အရိုးထုတ်သွားမှာ"
ချန်ရွှင် သွေးခြင်္သေ့ ကို ထမ်းလိုက်သည်။ နွားနက်ကြီးနှင့်အတူ တောအုပ်ထဲ ဝင်သွားသည်။ အစာရှောင်ဆေး စားထား၍သာ၊ မဟုတ်ပါက သူတို့ဤနေရာတွင် ခြင်္သေ့ကင်နှင့် ပွဲတော်တည်နေပြီဖြစ်သည်။ သူတို့ သွေးခြင်္သေ့ ကို လျှို့ဝှက်သော နေရာတစ်ခုတွင် ပစ်ထားခဲ့လိုက်သည်။ ကံတရားအတိုင်း ရှင်သန်ပါစေတော့။ ဘာပဲဖြစ်ဖြစ် သည် (၆) လအတွင်းတော့ လှုပ်ရှားနိုင်မှာ မဟုတ်တော့ပေ။
ဝူး...
သွေးခြင်္သေ့ အားနည်းစွာ အော်ဟစ်လိုက်သည်။ အစ်ကိုကြီး... ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်ဗျာ။
"နွားကြီး... ပြေး ပြေး"
ချန်ရွှင်နှင့် နွားနက်ကြီး သစ်ပင်ပေါ် ပြန်တက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ သူတို့ ထွက်သွားကြပြီ။ သို့သော် သည် သွေးခြင်္သေ့ အတွက်တော့ တစ်သက်တာ မမေ့နိုင်သော စိတ်ဒဏ်ရာကြီး ရရှိသွားခဲ့သည်။ နောက်ပိုင်းတွင် ခြင်္သေ့မှာ သစ်ရွက်ခြောက်ပုံ မြင်လိုက်သည်နှင့် ဝပ်ပြီး တစ်ကိုယ်လုံးတုန်သည်အထိဖြစ်သွားခဲ့ရသည်။
"နွားကြီး... မြေပုံ ကြည့်စမ်း"
ရှေးဟောင်း သစ်ပင်ကြီးပေါ်တွင် ချန်ရွှင် မြေပုံကြမ်း တစ်ခုကို ဖြန့်ခင်းလိုက်သည်။ နေရာအများအပြားတွင် အမှတ်အသား မရှိသေးပေ။
"ငါတို့ ခုနက ရေကန်က သည်နေရာ ဖြစ်မယ်"
သည်မြေပုံက ဝူယွင်ဂိုဏ်း မျိုးဆက်ပေါင်းများစွာ အသက်နဲ့ရင်းပြီး ရယူထားခဲ့သော အရာ ဖြစ်သည်။ ချန်ရွှင် အလွန် တန်ဖိုးထားသည်။
"မွန်း"
နွားနက်ကြီး မြေပုံပေါ်က ရေကန်ကြီး အချို့ကို လက်ညှိုးထိုးပြလိုက်သည်။ အကုန်လုံး တူတူပင် ဖြစ်သည်။ ချန်ရွှင်လည်း ခေါင်းရှုပ်သွားသည်။ သည် ပို့ဆောင်ရေးအစီအရင် က သူပို့ချင်သည့်နေရာကိုပို့ခြင်းဖြစ်သည်။နန်ဒုတောင် အစွန်အဖျားကို ရောက်နေတယ် ဆိုသော်လည်း အရမ်း ကြီးမားလွန်းသဖြင့် ဘယ်အရပ်မျက်နှာမှန်း ခွဲမရပေ။
"သွားရင်းလာရင်း ကြည့်ကြတာပေါ့ အချိန်တန်ရင် ဘယ်ရောက်နေလဲ သိလာမှာပါ"
ချန်ရွှင် ဂရုမစိုက်စွာ ပြောလိုက်သည်။
"မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ လက်ဖြင့် ချန်ရွှင်ကို ပုတ်လိုက်သည်။ ချန်ရွှင် ရယ်မောလိုက်သည်။
သူတို့ အတွင်းပိုင်းဘက်သို့ ဆက်သွားကြသည်။ လမ်းတွင် အခြေခံတည်ဆောက်ခြင်း အရန်ဆေးပင် တစ်ပင် ထပ်တွေ့လိုက်ရသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ပျော်လွန်း၍ ကခုန်နေကြသည်။ ဘကြီးစွန်း နှင့် ဆရာနင်း တို့ ကောင်းကင်ကနေ စောင့်ရှောက်နေခြင်း ဖြစ်မည်ဟု ပြောဆိုနေမိကြသည်။
(၃) ရက် ကြာပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီး ကြောင်သွားကြသည်။ သူတို့ လက်တွေ့အခြေအနေကို လက်ခံလိုက်ရသည်။ လမ်းပျောက်သွားလေပြီ။ အရှေ့အနောက်တောင်မြောက် လေးဖက်လုံးက အတူတူဖြစ်နေ၏။ ရှေးဟောင်း သစ်ပင်ကြီးတွေချည်းတွေ့နေရသည်။ သူတို့ တစ်နေရာတည်းမှာ ပတ်နေမိ၊ မနေမိကိုပင် မသေချာတော့။
"နွားကြီး... မင်း ရဲရဲဝံ့ဝံ့ ရှေ့ဆက်လျှောက်ကွာ..."
ချန်ရွှင် နွားနက်ကြီးကို သီချင်းဆိုပြလိုက်သည်။ နွားနက်ကြီး မျက်နှာ ရှုံ့မဲ့နေသည်။ တမွန်းမွန်း အော်ပြီး လက် နှစ်ဖက်ဖြင့် နားရွက်ကို ပိတ်ထားသည်။
တောအုပ်ထဲတွင် မှောင်မည်းနေသည်။ လက်ငါးချောင်း ထောင်ကြည့်ရင်ပင် မမြင်ရပေ။ သစ်ပင်တွေက အရမ်းကြီးမားလွန်းသည်။ လူနှင့်နွား ချောင်ချောင်ချိချိ အိပ်၍ရသည်။ တခါတလေ နေ့လား ညလားပင် မသိရပေ။ ကောင်းကင်တစ်ခုလုံးကို သစ်ရွက်တွေက ဖုံးအုပ်ထားသည်။ ရုတ်တရက် မြွေတစ်ကောင် တိတ်တဆိတ် ထွက်ပေါ်လာသည်။ မျက်လုံးများက တောက်ပနေသည်။ အပူချိန်ကို အာရုံခံမိသည်။ သားကောင်နှစ်ကောင် ကိုသူ သတိထားမိလိုက်၏။ အဆိပ်ငွေ့ မှုတ်ထုတ်ဖို့ ပြင်လိုက်သည်။
ချန်ရွှင် မျက်လုံးထဲတွင် အတွေးလွန်နေသလို ဖြစ်နေပြီး ဘာမှ မသိသလို ဖြစ်နေသည်။ ချက်ချင်းဆိုသလို သူ့လက်သည် အလွန် လျင်မြန်စွာ လှုပ်ရှားသွားပြီး ထိုမြွေကို ဖမ်းဆွဲလိုက်သည်။ လက်နှစ်ဖက်ဖြင့် ရစ်ပတ်ပြီးမြွေကို ချည်လိုက်သည်။ ပြီးတော့ အားကုန် ဆွဲဆန့်ပစ်လိုက်သည်။ မြွေ အရှင်လတ်လတ် ငရဲပြည် ရောက်သွားသည်။
"သေးသေးလေးပါလား"
မီးရောင်ဖျော့ဖျော့လေး လင်းလာသည်။ နွားနက်ကြီး အမြန် ထပြီး ကာကွယ်ပေးလိုက်သည်။ အလင်းရောင်ကို အခြားသူများမြင်၍မရပေ။ မြွေ အသေကောင်က ပြာဖြစ်သွားသည်။ သူတို့ ခဏ နားနေတုန်း ရုတ်တရက် တိုက်ခိုက်သံတွေကြောင့် လန့်နိုးသွားကြသည်။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ သစ်ပင် အောက်တည့်တည့်မှာ တိုက်ပွဲဖြစ်ပွားနေသည်။
ယောကျာ်း တစ်ဖွဲ့၊ မိန်းမ တစ်ဖွဲ့။ အခြေအနေက မိန်းမ (၃) ယောက်က ယောကျာ်း (၃) ယောက်ကို ဝိုင်းထားခြင်းဖြစ်သည်။
ချန်ရွှင်နှင့် နွားနက်ကြီး မလှုပ်မယှက် နေလိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက တပည့်တွေဖြစ်သည်။ ဆေးဂိုဏ်း နှင့် ခရမ်းရောင်တိမ်ဂိုဏ်း က တပည့်များဖြစ်သည်။
"ဟဲဟဲ... မောင်လေးတို့ မပြေးကြပါနဲ့တော့"
ခရမ်းရောင်တိမ်ဂိုဏ်း က မိန်းမပျိုတစ်ဦးက ရယ်မောလိုက်သည်။ မျက်လုံးတွေက ညှိ့ရီရီနှင့်။
"မမ... ကျွန်တော်တို့ ဆေးပင်တွေ ပေးပါ့မယ် ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ"
ဆေးဂိုဏ်း တပည့် (၃) ဦးက အားကုန်နေပြီ။ ပါးစပ်မှ သွေးများ စီးကျနေသည်။ အဝတ်အစားတွေ စုတ်ပြတ်နေသည်။ လမ်းတစ်လျှောက်လုံး အလိုက်ခံလာရခြင်း ဖြစ်သည်။
"ဘယ်ဖြစ်မလဲ"
နောက်ထပ် မိန်းမပျိုတစ်ဦးကလည်း ရယ်မောလိုက်သည်။ သူတို့ကို ကစားနေသလိုပင် ဖြစ်သည်။ ရုတ်တရက် မိန်းမပျိုတစ်ဦး မျက်နှာ ပြောင်းသွားသည်။ လက်ထဲကငှက်က အချက်ပြနေသည်။ ပတ်ဝန်းကျင်မှာ လူရှိသည်။ ခရမ်းရောင်တိမ်ဂိုဏ်း က မိန်းမပျို(၃) ဦးက သည်ငှက်ကို ယုံကြည်သည်။ သည်ငှက်ကြောင့်ပဲ သူတို့ ဆေးဂိုဏ်း တပည့်တွေကို လိုက်မီခဲ့ခြင်း ဖြစ်သည်။ ဆေးဂိုဏ်း တပည့် (၃) ဦးလည်း ဝမ်းသာသွားသည်။ ကယ်တင်ရှင် ရောက်လာပြီ။
"မိတ်ဆွေ... ပုန်းမနေပါနဲ့တော့ ထွက်လာခဲ့ပါ ငါတို့ တွေ့ပြီးပြီ"
မိန်းမပျို(၃) ဦးက အရပ်မျက်နှာ အသီးသီးကို လှမ်းအော်လိုက်သည်။ ငှက်က လူဘယ်နားမှာ ရှိလဲ အတိအကျကိုတော့ မသိနိုင်ပေ။ တော်တော် အပုန်း ကောင်းသည်လူပင် ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီး နှာခေါင်းရှုံ့လိုက်ကြသည်။ သည်လို နည်းလမ်းနဲ့ သူတို့ကိုလာစမ်းနေသည်လား။ သူတို့ ခေါင်းပေါ်မှာတင် မလှုပ်မယှက် နေလိုက်သည်။ ခရမ်းရောင်တိမ်ဂိုဏ်း အမျိုးသမီးများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ပုန်းနေသည့်သူကို ရှာမတွေ့သေးပေ။ ဆေးဂိုဏ်းက တပည့်များကို မြန်မြန်ရှင်းပစ်မှရမည်။ မဟုတ်ပါက အန္တရာယ်ရှိသည်။
"သတ်"
(၃) ယောက်လုံး လက်နက်များ ထုတ်ကာ ဝင်တိုက်လိုက်သည်။
"ညီအကိုတို့... တိုက်ကြ"
ဆေးဂိုဏ်း တပည့်များ ရင်ထဲထိတ်ခနဲဖြစ်ကာ အစွမ်းကုန် တိုက်ခိုက်ကြသည်။
သစ်ပင်အောက်တွင် ဝိညာဉ်စွမ်းအားများ တိုက်ခတ်နေသည်။ ချန်ရွှင်နှင့် နွားနက်ကြီး တည်ငြိမ်စွာ ရှိနေသည်။ တခါတလေ လေပြင်းများ တိုက်ခတ်သွားသည်။ သို့သော် ဆေးဂိုဏ်း တပည့်များက ယှဉ်နိုင်စွမ်း မရှိတော့ပေ။ အားကုန်နေပြီ ဖြစ်သည်။ ဓားအလင်းရောင် အချို့ လက်သွားပြီး သူတို့ ခေါင်းများ ပြတ်ထွက်သွားသည်။ ခေါင်းနဲ့ကိုယ် တခြားစီဖြစ်သွား၏။
"မိန်းမယုတ်တွေ"
ချန်ရွှင်၏ အကြည့်များ လေးနက်သွားပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူတို့က စက်ဝိုင်းပုံစံ ဝိုင်းလိုက်ကာ လက်ထဲတွင် ဝိညာဉ်စွမ်းအားများ စုစည်းထားပြီး အရပ်လေးမျက်နှာကို ကြည့်နေသည်။ သတိကို လုံးဝ မလျှော့ပေ။
ကျိ ကျိ
ငှက် က အပေါ်ဘက်ကို အတင်း ပျံတက်သွားသည်။ နေရာ သိပြီ။
"ဟင်..."
(၃) ယောက်လုံး မယုံကြည်နိုင်အောင် ဖြစ်သွားပြီး ကြက်သီးမွေးညှင်းများ ထလာသည်။ သူတို့ ခေါင်းပေါ်တည့်တည့်မှာ လူရှိနေတာကို သူတို့ လုံးဝ သတိမထားမိခဲ့ပေ။ ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ သည်ငှက်က တော်တော် အနှောင့်အယှက် ပေးတာပဲ။