အခန်း (၅၁-၅၂)
Vol. 3 Ch. 51-52
အခန်း (၅၁)
"ဘယ်သူလဲ"
မိန်းမပျိုက အော်ဟစ်လိုက်သည်။ ဓားကို စီးနင်းပြီး လေပေါ် ပျံတက်သွားသည်။ ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ သစ်ပင်ပင်စည် ပြတ်ထွက်သွားပြီး ဝုန်းခနဲ လဲကျသွားသည်။ သစ်ရွက်ပုံ နှစ်ပုံ သူတို့ရှေ့သို့ ရုတ်တရက် ကျရောက်လာသည်။ အကောင်အထည်မမြင်ရ၊ ထူးဆန်းသည်။
"ဟမ့်... ချီသန့်စင်ခြင်း အဆင့်ရှစ်လောက်နဲ့ သည်မှာ လာပြီး နတ်ဘုရားလိုလို လာလုပ်နေတယ်"
ခရမ်းရောင်တိမ်ဂိုဏ်း မိန်းမပျိုက အော်ဟစ်လိုက်ပြီး ဓားဖြင့် ချိန်ရွယ်လိုက်သည်။
"မြင်လိုက်ရမှတော့ မင်းတို့ကို အရှင်ထားလို့ မဖြစ်တော့ဘူး"
ချန်ရွှင် တည်ငြိမ်နေသည်။ ဘာစကားမှ ပိုမပြောပေ။ သူ တောင်ပံခတ်နေသော ငှက်ကလေးကို ကြည့်လိုက်သည်။ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းအသိများ ထွက်ပေါ်လာသည်။ ကိုယ်ကို ရုတ်တရက် အရှိန်မြှင့်တင်လိုက်ပြီး ထိုငှက် ကို လက်ဖြင့် ဖမ်းဆုပ်ကာ ညှစ်သတ်လိုက်သည်။ လက်ထဲတွင် သွေးများ ဗြန်းခနဲထွက်လာ၏။ အရှိန်က မြန်လွန်းသဖြင့် (၃) ယောက်လုံး တုံ့ပြန်ချိန် မရလိုက်ပေ။ အားလုံး ဒေါသထွက်သွားကြသည်။ သူတို့ မျက်စိရှေ့မှာတင် ခြေရာကောက်ငှက် ကို သတ်လိုက်သည် မဟုတ်ပါလော။
"ရိုင်းလိုက်တာ"
"သေချင်နေတာလား"
"ဘယ်က ကောင်လဲ"
မိန်းမပျို(၃) ဦး မျက်လုံးများ အေးစက်သွားသည်။ လက်ထဲမှ ဝိညာဉ်စွမ်းအားများ စီးဆင်းလာပြီး အရပ်မျက်နှာသုံးခုမှ ဝင်တိုက်လိုက်သည်။ ချန်ရွှင် အကြည့်များစူးရှသွားသည်။ နွားနက်ကြီးက သူ့ရှေ့တွင် ကာပေးထားသည်။ ငြိမ်သက်စွာ ရပ်နေပြီး လက်တစ်ဖက်ကို တွန်းထုတ်လိုက်သည်။ မီးလျှံစက်ကွင်း တစ်ခု လှိုင်းတစ်ခုကဲ့သို့ ပြန့်နှံ့သွားပြီး ရုတ်တရက် မီးလျှံစက်ကွင်း အများအပြား ဖြစ်ပေါ်လာသည်။
ဝုန်း
ဧရာမ မီးလုံးကြီးများ မီးလျှံစက်ကွင်းထဲမှ ထွက်ပေါ်လာသည်။ ကြမ်းရှသော ဝိညာဉ်စွမ်းအားများနှင့်အတူ အောက်သို့ ကျဆင်းလာသည်။ ချက်ချင်းဆိုသလို မီးပင်လယ်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။ မီးပင်လယ် ဖြစ်ပေါ်လာသည့် အချိန်တွင် သူမတို့ မျက်နှာများ ပျက်သွားသည်။ မယုံနိုင်လောက်အောင် တုန်လှုပ်သွားကြသည်။
"ဒါ... ဒါ ဘာကြီးလဲ"
သေဘေးနှင့်နီးကပ်သည့် ခံစားချက် တစ်ခု ရင်ထဲတွင် ချက်ချင်း ဖြစ်ပေါ်လာပြီး တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ ခေါင်းထဲတွင် ဝီခနဲ မြည်သွားသည်။ မီးပင်လယ်ထဲတွင် မိန်းမပျို(၃) ဦး၏ သနားစရာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မျက်လုံးထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသည်။ သူမတို့၏ ဝိညာဉ်စွမ်းအားများ တိုက်စားခံနေရသည်။ မီးပင်လယ်၏ ဝါးမြိုခြင်းကို ခံနေရပြီး ပြန်လည် ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိတော့ပေ။
"အား"
မီးပင်လယ်ထဲမှ မိန်းမပျို(၃) ဦး၏ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး တဖြည်းဖြည်း အားနည်းသွားကာ နောက်ဆုံးတွင် မီးပင်လယ်ကြီးက သူမတို့၏ နောက်ဆုံး အသံများကိုပါ ဝါးမြိုသွားတော့သည်။
"နွားကြီး... အလုပ်လုပ်မယ်"
ချန်ရွှင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဓားပျံစီးကာလေထဲတွင် ရပ်နေသည်။
"ဒါပေမယ့် သူတို့ သိုလှောင်အိတ် က အရည်အသွေးက သိပ်မကောင်းဘူး"
ဤ သိုလှောင်အိတ် များက သူတို့ ဝိညာဉ်စွမ်းအားကို မခံနိုင်ပေ။ တိုက်ခိုက်တိုင်း ကွဲကြေကုန်ပြီး အတွင်းထဲက ပစ္စည်းတွေပါ ပျောက်ကုန်သည်။ သို့သော် သိုလှောင်အိတ် အထက်မှာ သိုလှောင်လက်စွပ် ဆိုတာ ရှိသေးသည်။ သူ အကြီးအကဲတွေ လက်ညှိုးမှာ ဝတ်ထားတာ တွေ့ဖူးသည်။ သို့သော်လည်း ယခု သူတို့ ထိုသို့ ရတနာမျိုး မကိုင်နိုင်သေးပေ။
"မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်ပြီး လက်ဖြင့် ရေဝိဉာဉ်ပညာ ကို အသုံးပြုလိုက်သည်။ ရေခိုးရေငွေ့များ လေထဲတွင် ပျံ့လွင့်လာပြီး မြူများအဖြစ် ပြောင်းလဲကာ မီးပင်လယ်ကို လျင်မြန်စွာ ငြှိမ်းသတ်လိုက်သည်။ သည်နှစ်တွေအတွင်း သူတို့ ရေဝိဉာဉ်ပညာ ကို တတိယအဆင့် ရောက်အောင် ကျင့်ကြံထားပြီးပြီဖြစ်သည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အလောင်းဖျောက် ခြေရာဖျောက်လိုက်သည်။ ဆေးဂိုဏ်း တပည့် (၃) ယောက်၏ သိုလှောင်အိတ် များကို သိမ်းယူလိုက်ပြီး ချက်ချင်း လှည့်ထွက်သွားသည်။ အချိန်အနည်းငယ်မျှ ဖြုန်းတီးခြင်း မရှိပေ။
"နွားကြီး... မင်း မာန်မတက်နဲ့ ငါတို့က လူနည်းနည်းလောက်ပဲ နိုင်တာ ရာချီ ထောင်ချီတဲ့ ကျင့်ကြံသူတွေကို နိုင်မှာ မဟုတ်ဘူး"
ချန်ရွှင်နှင့် နွားနက်ကြီး ရှေးဟောင်း သစ်ပင်ကြီးများကြားတွင် လျင်မြန်စွာ ဖြတ်သန်းသွားလာနေသည်။ သူ ဆက်ပြောလိုက်သည်။
"ကိစ္စတိုင်းမှာ သတိထားရမယ် လုံးဝ ထင်ပေါ်အောင် မနေနဲ့ လူအများရဲ့ ပစ်မှတ် မဖြစ်စေနဲ့"
"မွန်း"
နွားနက်ကြီး လေးလေးနက်နက် ပြန်ထူးလိုက်သည်။ သူ အနည်းငယ် ဘဝင်မြင့်သွားမိသည်ကအမှန်ပင်ဖြစ်သည်။ သို့သော်လည်း သူက ချန်ရွှင် စကား ကို နားထောင်သည်။ ချက်ချင်း ထိုခံစားချက်များကို ဖိနှိပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လိုက်သည်။ သူတို့ ဧရာမ သစ်ပင်ကြီး တစ်ပင်ပေါ်တွင် ရပ်တန့်လိုက်သည်။ အစောပိုင်း နေရာနဲ့ အတော် ဝေးကွာသွားပြီ။
ပတ်ဝန်းကျင်တွင် သစ်ရွက်များ ထူထပ်နေသည်။ သူတို့ ခေါင်းနဲ့ ထိုးဝင်လိုက်ပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားသည်။ ထို့နောက် ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့်နေသည်။
"မြေပုံ ပါတာပဲ"
ချန်ရွှင် မျက်လုံးများ အရောင်တောက်သွားသည်။ ထို (၃) ယောက်၏ သိုလှောင်အိတ် ထဲမှ တူညီသော မြေပုံ တစ်ချပ်ကို ထုတ်ယူလိုက်သည်။ ဝူယွင်ဂိုဏ်း မြေပုံထက် အများကြီး အသေးစိတ်ကျသည်။ နွားနက်ကြီးလည်း မြေပုံတစ်ချပ် ကိုင်ကြည့်လိုက်သည်။ မျက်လုံးများ ပြူးကျယ်သွားသည်။ အတွင်းထဲတွင် နေရာဒေသ အသီးသီးကို အမှတ်အသား ပြုထားရုံမက ဝိညာဉ်ဆေးပင် ပေါက်ရောက်ရာ နေရာများကိုပါ ထည့်သွင်း ဖော်ပြထားသည်။
"နွားကြီး... ဟိုနေရာက ရှင်ယွမ်ရေကန် ဖြစ်မယ် မြေပုံပေါ်မှာ ပါတယ်"
ချန်ရွှင် သေချာ ကြည့်လိုက်သည်။ ကျင့်ကြံခြင်းရဲ့ အကောင်းဆုံး အချက်က အာရုံငါးပါး စူးရှထက်မြက်ခြင်းပင်။ သည်လောက် မှောင်နေတဲ့ နေရာမှာတောင် ရှင်းရှင်းလင်းလင်း မြင်ရနေရသည်။
"ဒါဆို ငါတို့က သည်နေရာလောက်မှာ ရှိမယ်"
သူ မြေပုံပေါ်တွင် စက်ဝိုင်းလေး ဝိုင်းလိုက်သည်။ သူတို့ အပြင်စည်းမှာပဲ ရှိသေးတာကိုး။ အခြေခံတည်ဆောက်ခြင်း အဓိက ဆေးပင် (၃) မျိုးကိုတော့ နန်ဒုတောင် အတွင်းပိုင်းတွင် အနီရောင် အစက်ကြီးများဖြင့် ပြသထားသည်။
"မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။
"ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက တပည့်တွေ အဲ့နေရာ (၃) နေရာကို သွားနေကြလောက်ပြီ သူတို့က ငါတို့ထက် သေချာပေါက် မြန်မှာ"
ချန်ရွှင် စဉ်းစားလိုက်သည်။
"ငါတို့ ပထမတန်းစား နေရာတွေကို သွားမလုနဲ့ဦး အဲ့မှာ သေချာပေါက် ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ် ငါတို့ အရန်ဆေးပင်တွေကို အရင် စုံအောင် ရှာကြမယ်"
သူ နေရာအသီးသီးကို လက်ညှိုးထိုးပြလိုက်သည်။ ခေါင်းထဲတွင် လမ်းကြောင်းများ ပိုမို ရှင်းလင်းလာသည်။
"မွန်း မွန်း"
နွားနက်ကြီး ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ သည်နေရာက တောင်တွေ ထပ်နေသည်။ သစ်တောတွေ ရှုပ်ထွေးနေသည်။ တစ်လှမ်းမှားတာနဲ့ အများကြီး လွဲသွားနိုင်သည်။
" ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးပင်တွေကို ငါတို့ ယူထားမယ် နောက်ထပ် သိုလှောင်အိတ် တစ်လုံးလည်း ချန်ထားမယ် ကျန်တဲ့ လက်နက်တွေနဲ့ ကျင့်စဉ်တွေကို ဖျက်ဆီးပစ်မယ်"
ချန်ရွှင် ထို (၃) ယောက်၏ သိုလှောင်အိတ် ကို စစ်ဆေးလိုက်သည်။ ခြေစ၊လက်စ အကုန်ဖျောက်မှစိတ်ချရပေမည်။
"မွန်း"
နွားနက်ကြီး ပြန်ထူးလိုက်သည်။ နှမြောစရာ မရှိပေ။ မူလကတည်းက သူတို့ပိုင်သည့်အရာ မဟုတ်ပေ။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၄၀၀) ကျော်တောင် ပါတယ် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက တပည့်တွေက တကယ် ချမ်းသာတာပဲ"
ချန်ရွှင် ချီးကျူးလိုက်သည်။ သူ့ သိုလှောင်အိတ် ထဲ ထည့်လိုက်သည်။
"နွားကြီး... ငါတို့ရဲ့ ပုန်းအောင်းနည်းလမ်းတွေက နည်းလွန်းနေတယ် သူတို့က ရှာဖွေရေး ဝိညာဉ်သားရဲတွေတောင် ပါလာကြတယ် သည်လိုလူတွေ မနည်းလောက်ဘူး"
"မွန်း"
နွားနက်ကြီး က ထောက်ခံသည်။ ဒါက သူတို့ မျှော်လင့်ထားတာထက် ကျော်လွန်နေသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ခါမျှမကြုံဖူး၍ဖြစ်သည်။
"ဟဲဟဲ... နွားကြီး ငါ့မှာ နောက်ထပ် ဝှက်ဖဲ မရှိဘဲ နေမလား"
ချန်ရွှင် အေးစက်စွာ ရယ်မောလိုက်သည်။ ဂိုဏ်းထဲ ဝင်ပြီးကတည်းက မလိုအပ်တော့ဟု သူထင်ထားခြင်းဖြစ်သည်။။ သိုလှောင်အိတ် ကို ပုတ်လိုက်သည်။
"ကြယ်ကိုးလုံးတောင်ကြား က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅) တုံးတန် အရှိန်အဝါပုံဖျက်ခြင်းအတတ်"
နွားနက်ကြီး တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာသည်။ ချန်ရွှင်ကို ငေးမောကြည့်နေသည်။
သူတို့ တွေ့ရှိခဲ့တာက ကျင့်စဉ်တွေကလွဲရင် သည်လို သေးငယ်တဲ့ ဂါထာတွေကို ကျင့်ကြံရတာ သူတို့အတွက် လွယ်ကူလွန်းသည်။
"သက်သေဖျောက်မယ် ထွက်ပြေးမယ် နေရာပြောင်းမယ် ပြီးရင် အရှိန်အဝါပုံဖျက်ခြင်းအတတ် ကို ကျင့်ကြံကြမယ်"
"မွန်း"
နှစ်ယောက်သား လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ နွားနက်ကြီးက သိုလှောင်အိတ် တစ်လုံးကို မျိုချလိုက်သည်။ ကျန်သည့် သိုလှောင်အိတ် နှစ်လုံးကို ဂါထာဖြင့် ဖျက်ဆီးပစ်လိုက်သည်။ ဘာအစအနမှ မကျန်တော့ပေ။ ထို့နောက် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားကြသည်။ သွက်လက်တဲ့ လှုပ်ရှားမှုတွေက အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသလိုပဲဖြစ်သည်။ လဝက်ခန့် ကြာပြီးနောက် ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်၏ သစ်ခေါင်းထဲတွင် လူတစ်ယောက်နှင့် နွားတစ်ကောင် တင်ပျဉ်ခွေ ထိုင်နေကြသည်။ သစ်တုံးကြီးများကဲ့သို့ အသက်ရှူသံပင် မကြားရပေ။ သစ်ရွက်ခြောက်များပေါ်တွင် အဆိပ်ပိုးမွှားများ၊ မြွေများ ဖြတ်သန်းသွားသော်လည်း သက်ရှိနှစ်ကောင် ရှိနေမှန်း လုံးဝ မသိကြပေ။ သူတို့က နန်ဒုတောင် နှင့် တသားတည်း ဖြစ်နေကြသည်။
"နွားကြီး... လှုပ်ရှားမယ်"
"မွန်း"
လူတစ်ယောက်နှင့် နွားတစ်ကောင် ဖြည်းညှင်းစွာ မျက်လုံး ဖွင့်လိုက်ပြီး အသက်ငွေ့ငွေ့လေး ပြန်ရှူလိုက်သည်။ ခန္ဓာကိုယ်ပတ်လည်တွင် မီးပွားများ ထွက်ပေါ်လာပြီး တဖျစ်ဖျစ် မြည်နေသော်လည်း ကိုယ်ပေါ်က သစ်ရွက်ခြောက်များမှာ လုံးဝ မလောင်ကျွမ်းသွားပေ။ သစ်ရွက်ပုံ နှစ်ပုံ သစ်ခေါင်းထဲမှ ပြေးထွက်သွားသည်။ တစ်နေရာသို့ ဦးတည်သွားနေသည်။ သူတို့၏ ရည်ရွယ်ချက်က မြစ်ကြီး တစ်ခု ရှိရာသို့ ဖြစ်သည်။ နေ့ဝက်ခန့် ကြာသောအခါ သူတို့ ရောက်ရှိသွားသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင် နောက်ထပ် ချုံခိုဝတ်ရုံ တစ်စုံ ထုတ်ဝတ်လိုက်ပြန်သည်။
အခန်း (၅၂)
ဤနေရာတွင် သစ်ပင်များ စိမ်းလန်းစိုပြေနေပြီး တောင်ကုန်းများ နိမ့်ချည်မြင့်ခြည်ဖြင့် သွယ်တန်းနေကြသည်။ အဝေးတွင် ရှည်လျားသောမြစ်ကြီး တစ်စင်း က တောင်တန်းများတစ်လျှောက်ရစ်ခွေ စီးဆင်းနေသည်ကို မြင်ရပြီး ရေစီးသံ သဲ့သဲ့ကို ကြားနေရသည်။
မြစ်ကမ်းဘေးတွင် ခါခရာပန်းများ အများအပြား ပေါက်ရောက်နေသည်။ ၎င်းတို့သည် အခြား ပန်းများထက် သိသိသာသာ မြင့်မားပြီး ကြက်သွေးရောင် တောက်ပနေသဖြင့် ကြက်အုပ်ကြားက ဘဲတစ်ကောင်လို ထင်ရှားနေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မြက်ပုံများအဖြစ် အသွင်ယူထားပြီး အရှိန်အဝါပုံဖျက်ခြင်းအတတ် ကို အသုံးပြုကာ မလှုပ်မယှက် ငြိမ်နေကြသည်။ အခြေအနေကို အရင် စောင့်ကြည့်နေခြင်း ဖြစ်သည်။
မြစ်ကမ်းဘေးတွင် ခေါင်း၌ အပေါက်များဖြစ်ကာသေဆုံးနေသော အလောင်းအချို့ ရှိနေသည်။ ပတ်ဝန်းကျင်ရှိ ပန်းမန်များသည် ထိုအလောင်းများမှ အာဟာရကို စုပ်ယူနေသကဲ့သို့ အလောင်းများက ခြောက်သွေ့နေသည်။ မည်သို့ သေသွားမှန်း မသိရပေ။ သူတို့ ဖြည်းညှင်းစွာ တွားသွားပြီး ပိုမို နီးကပ်အောင် သွားလိုက်သည်။ ထိုအချိန်တွင် အနောက်ဘက်မှ လူအုပ်စုကြီး တစ်စု ရောက်လာသည်။ လူ (၁၀) ယောက်ကျော် ရှိသည်။ မြက်ပုံနှစ်ပုံ ချက်ချင်း ငြိမ်သက်သွားသည်။ လေပြည်တိုက်ခတ်လာသောအခါ မြက်ပင်များ ယိမ်းနွဲ့သွားပြီး အရာအားလုံးက သဘာဝအတိုင်း ငြိမ်သက်သွားသည်။
"တု စီနီယာအစ်ကိုကြီး... သည်နေရာပဲ ဟို အမြင့်ဆုံး အနီရောင် ပန်းတွေက ခါခရာပန်း တွေပဲ"
"မပေါ့ဆနဲ့ သည်လို ထူးဆန်းတဲ့ ပန်းတွေ မြက်တွေမှာ ထူးဆန်းတဲ့ နည်းလမ်းတွေ ရှိတတ်တယ် နီးကပ်သွားတာနဲ့ ချက်ချင်း တိုက်ခိုက်တတ်တယ်"
တု စီနီယာအစ်ကိုကြီးက မျက်လုံးကို မှေးစင်းပြီး မြစ်ကမ်းဘေးမှ အလောင်းများကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် သွေးစက် တစ်စက်မှ မရှိပေ။
သူ ရုတ်တရက် ခေါင်းကိုလှည့်လိုက်ပြီး မျက်နှာ ပျက်နေသော ချီသန့်စင်ခြင်း အဆင့်ရှစ် ဂျူနီယာညီလေး တစ်ယောက်ကို ကြည့်လိုက်သည်။
"မင်း သွားစမ်းကြည့်"
ထိုသူက တုန်ရီနေပြီး နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေသည်။ တု စီနီယာအစ်ကိုကြီးကို အသနားခံသော မျက်လုံးများဖြင့် ကြည့်နေသည်။ ဒါက သေခိုင်းတာနဲ့ အတူတူမဟုတ်ပါလား။
"သွားလေ... ဘာလုပ်နေတာလဲ"
"တု စီနီယာအစ်ကိုကြီး စကားကို နားမထောင်တော့ဘူးလား"
လူအုပ်ထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ထိုသူကို အတင်း မောင်းထုတ်နေကြသည်။ ထိုသူ မျက်ရည်ဝဲလာပြီး အော်ဟစ်ကာ ပြေးထွက်သွားသည်။ ပစ်မှတ်က ခါခရာပန်း တစ်ပင်ဆီသို့ ဖြစ်သည်။ သို့သော် ထိုသူ ခါခရာပန်း နှင့် ထိမိသည့် အချိန်တွင် မြေကြီးအောက်မှ နွယ်ပင်များ ရုတ်တရက် ထွက်ပေါ်လာသည်။ နွယ်ပင်များမှ အစူးများ ပစ်လွှတ်လိုက်ရာ သတ်ဖြတ်ခြင်း အရှိန်အဝါများနှင့်အတူ သူ့ဝိညာဉ်စွမ်းအား အကာအကွယ်ကို ချက်ချင်း ဖောက်ထွင်းသွားသည်။
သူ လန့်ဖျပ်ပြီး နောက်ပြန်ဆုတ်ရန် ကြိုးစားသော်လည်း နွယ်ပင်များက ခြေထောက်ကို ရစ်ပတ်ထားလိုက်ပြီ ဖြစ်သည်။ သူ မျက်လုံးများပြူးကျယ်သွားပြီး မျက်စိရှေ့တွင် စူးများ ရောက်လာသည်ကို မြင်လိုက်ရသည်။
ရွှပ် ရွှပ် ရွှပ်
"အား... စီနီယာအစ်ကိုကြီး ကယ်ပါဦး"
"တု စီနီယာအစ်ကိုကြီး"
ထိုသူ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အလွန်အမင်း ကြောက်ရွံ့သွားသည်။ အော်ဟစ်ရုန်းကန်သော်လည်း အချည်းနှီးပင်ဖြစ်သည်။ ခေါင်းကို အစူးများ ဖောက်ထွင်းသွားသော်လည်း သွေးတစ်စက်မှ ထွက်မလာပေ။ နွယ်ပင်များက သူ့အသားထဲသို့ ထိုးဝင်ပြီး သွေးများကို စုပ်ယူလိုက်ရာ မျက်စိရှေ့မှာတင် ခန္ဓာကိုယ်က ခြောက်သွေ့သွားသည်။ ကြောက်မက်ဖွယ် မြင်ကွင်းက အဝေးက ကြည့်နေသူများကို ကျောချမ်းသွားစေသည်။ တု စီနီယာအစ်ကိုကြီးပင် ချွေးစေးများပြန်သွားသည်။ သူက ချီသန့်စင်ခြင်း အဆင့် (၁၀) ရှိသော်လည်း အတော်ပင်ထိတ်လန့်သွားမိ။
"မြေကြီးအောက်က နွယ်ပင်တွေကို ရှင်း မကြောက်နဲ့ အနီးကပ် မတိုက်နဲ့"
တု စီနီယာအစ်ကိုကြီးက အားနည်းချက်ကို ချက်ချင်း မြင်လိုက်သည်။ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးက အကန့်အသတ် ရှိသည်။ လက်ထဲမှ ဂါထာဖြင့် လက်နက်များကို ပစ်လွှတ်လိုက်သည်။
"ဟုတ်ကဲ့ပါ တု စီနီယာအစ်ကိုကြီး"
အားလုံး မျက်လုံးများ အရောင်တောက်လာသည်။ တိုက်ခိုက်မှုက ထိရောက်သည်။ လက်နက်များကြောင့် နွယ်ပင်များ ပြတ်ထွက်ကုန်သည်။ သူတို့ အားတက်သရော အစိအရင်များကို ပစ်လွှတ်ပြီး လူစားသော နွယ်ပင်များကို ခုတ်ထွင်ရှင်းလင်းနေကြသည်။
"ဟမ့်... ဘယ်ဂိုဏ်းက တပည့်တွေလဲ ခါခရာပန်း ကို လာပြီး မျက်စိကျနေတာလား"
တောင်ကုန်းတစ်ခုပေါ်မှ လူ (၁၀) ယောက်ကျော်၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့ တစ်ကိုယ်လုံးတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများ ရှိနေပြီး ဘေးတွင် ဝိညာဉ်သားရဲများ ပါလာကြသည်။ မျက်လုံးများက နီမြန်းနေကြ၏။
"ဟင်"
တု စီနီယာအစ်ကိုကြီး လန့်သွားသည်။ လှည့်ကြည့်လိုက်တော့ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းထဲက တစ်ခုဖြစ်သော သားရဲထိန်းကျောင်းခြင်းဂိုဏ်း က တပည့်များပင် ဖြစ်သည်။
"နန်ဒုတောင် ခရီးစဉ်မှာ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ ခင်ဗျားတို့က သည်မှာ လာပြီး ဆရာလုပ်နေတာလား"
တု စီနီယာအစ်ကိုကြီး မျက်နှာ အေးစက်သွားသည်။ (၁၀) ယောက်လောက်နဲ့ လာပြီး မောက်မာနေတာလား။
"နန်ဒုတောင် က မူလကတည်းက ငါတို့ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း ပိုင်တာ မင်းတို့က ဘာကောင်တွေမို့လို့လဲ"
တောင်ကုန်းပေါ်မှ တစ်ယောက်က ပြောလိုက်သည်။
"(၃) စက္ကန့် အချိန်ပေးမယ် ထွက်သွားမလား အသေခံမလား"
စကားဆုံးသည်နှင့် တု စီနီယာအစ်ကိုကြီး ဘက်က လူများ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူတို့ မျက်နှာတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ လူအများကြီး ရှိသော်လည်း စိတ်ဓာတ်ကျကုန်ကြသည်။
"ဒါဆိုရင်တော့ ခင်ဗျားတို့ရဲ့ ပညာစွမ်းကို မြည်းစမ်းကြည့်ရတာပေါ့"
တု စီနီယာအစ်ကိုကြီး တည်ငြိမ်စွာ ပြောလိုက်သော်လည်း မျက်လုံးထဲတွင် ဒေါသများ ပါဝင်နေသည်။
"သူတို့က (၁၀) ယောက်လောက်ပဲ ရှိတာ အားလုံးက ချီသန့်စင်ခြင်း အဆင့်တွေပဲ ဘာကြောက်စရာ ရှိလဲ"
"သေချင်နေတာပဲ"
တောင်ကုန်းပေါ်မှ လူများ ဒေါသတကြီးဖြင့် ပြေးဆင်းလာကြသည်။
"တိုက်"
တု စီနီယာအစ်ကိုကြီး အော်ဟစ်လိုက်ပြီး ရှေ့ဆုံးမှ ဝင်တိုက်သည်။ နောက်က တပည့်များလည်း လိုက်ပါလာကြသည်။ စိတ်ထဲတွင် မကျေနပ်မှုများ၊ အရှက်ရမှုများကြောင့် သည်နေ့တော့ သူတို့ကို သတ်ရမှ ကျေနပ်မည်။
တိုက်ပွဲ စတင်ပြီ။ လူ (၁၀) ဂဏန်းခန့် တိုက်ခိုက်ကြသည်။ ပေါက်ကွဲသံများ၊ အော်ဟစ်သံများ ဆူညံနေသည်။ မြေကြီးများ လွင့်စင်နေသည်။ မြက်ပုံနှစ်ပုံ ဖြည်းညှင်းစွာ ရွေ့လျားလာသည်ကို မည်သူမှ သတိမထားမိကြပေ။ သူတို့ လက်တစ်ဖက်စီက ခါခရာပန်း တစ်ပင်စီကို ဖမ်းဆွဲလိုက်သည်။ မြေကြီးအောက်က နွယ်ပင်များ ချက်ချင်း တုံ့ပြန်လာသည်။ နွယ်ပင်တွေ မြန်သည်။ သို့သော် ချန်ရွှင်နှင့် နွားနက်ကြီးက ပိုမြန်သည်။
"မီးလုံးပစ်လွှတ်ခြင်း"
နွယ်ပင်များ မီးလောင်ကျွမ်းသွားပြီး အနက်ရောင်မီးခိုးများတလိပ်လိပ် ထွက်ပေါ်လာသည်။
"နွားကြီး... ဓားပေါ်တက်"
"မွန်း"
ဝှစ် ဝှစ်
ဓားပျံက မြေကြီးနဲ့ကပ်ပြီး ပျံသန်းသွားသည်။ အလင်းတန်း တစ်ချက် လက်သွားသလိုပင် ဖြစ်သည်။ ဝှစ်ခနဲ တောအုပ်နက်ထဲသို့ ပျောက်ကွယ်သွားသည်။
"ဘာကောင်လဲ"
"ဘာဖြစ်သွားတာလဲ"
နှစ်ဖက်စလုံးက လူတွေ အံ့သြပြီး အော်ဟစ်လိုက်ကြသည်။ ချက်ချင်း လူခွဲလိုက်ပြီး မြစ်ကမ်းဘေးက မီးရောင်ဖျော့ဖျော့လေးကို ကြည့်နေကြသည်။ ခါခရာပန်း နှစ်ပင် အခိုးခံလိုက်ရပြီ။ အမြစ်ပါ မကျန်အောင် နှုတ်ယူသွားခြင်းဖြစ်သည်။ သို့သော် လူကိုမူမတွေ့ရပေ။ သားရဲထိန်းကျောင်းခြင်းဂိုဏ်း က လူများ ဒေါသထွက်သွားသည်။ သူတို့ ဒေါသကို တု စီနီယာအစ်ကိုကြီးတို့ အဖွဲ့ပေါ် ပုံချလိုက်သည်။ တိုက်ပွဲက ပိုပြင်းထန်လာသည်။
......
တောအုပ်နက်ထဲတွင် လူတစ်ယောက်နှင့် နွားတစ်ကောင်၏ ထူးဆန်းသော ရယ်သံများ ထွက်ပေါ်လာသည်။ နောက်ကွယ်က လက်မည်းကြီး(နွားနက်ကြီး)။
"နွားကြီး... ကျင့်ကြံခြင်းလောကမှာ အန္တရာယ်က နေရာတိုင်းမှာ ရှိနေတာပဲ အပင်တွေကတောင် လူသတ်တတ်တယ် တကယ့်ကို အမြင်ကျယ်စရာပဲ "
သူတို့ သစ်ပင်ပေါ်တွင် ထိုင်နေကြသည်။ ချန်ရွှင် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ ထိုတုန်းကသာ သတိမထားမိလျှင် ယခု သူတို့ လူခြောက်နှင့် အမဲခြောက်ဖြစ်နေလောက်ပြီ။
"မွန်း မွန်း"
နွားနက်ကြီး အော်လိုက်၏။ ယခုတော့ ဘာမဆို သတိထားရတော့မည်။ ဤ ရှေးဟောင်း သစ်ပင်ကြီးကိုတောင် သူတို့ စစ်ဆေးပြီးမှ တက်လာခြင်းဖြစ်သည်။
ချန်ရွှင် မြေပုံကို သေချာ ကြည့်လိုက်ပြီး ရုတ်တရက် တစ်နေရာကို လက်ညှိုးထိုးလိုက်သည်။
"မြူခိုးတောင်ကြား နွားကြီး... ငါတို့ သည်နေရာ သွားမယ် အဲ့မှာ အခြေခံတည်ဆောက်ခြင်း အရန်ဆေးပင် နှစ်မျိုး ရှိတယ်"
"မွန်း"
နွားနက်ကြီး ရယ်လိုက်သည်။
"ပြေး"
အရိပ်နှစ်ခု သစ်ပင်ပေါ်မှ ခုန်ဆင်းပြီး မြူခိုးတောင်ကြား ဘက်သို့ ဦးတည်သွားလိုက်သည်။ ထို ဆေးပင်နှစ်မျိုးက ပုံသေပေါက်ရောက်တဲ့ နေရာ မရှိချေ။ မြူခိုးတောင်ကြား အတွင်းတွင် မြူခိုးများ ဖုံးလွှမ်းနေသည်။ အဆိပ်ငွေ့များ ရှိနေသည်။ လက်ငါးချောင်း ထောင်ကြည့်လျှင်ပင် မမြင်ရအောင်အုံ့မှိုင်းနေသည်။ ထူးဆန်းသော သားရဲဟိန်းသံများ ထွက်ပေါ်နေသည်။ တောင်ကြား အနှံ့အပြားတွင် ရုပ်အလောင်းများ ရှိနေသည်။ တချို့က လူလူချင်းအသတ်ခံရခြင်းဖြစ်ကာ တချို့က ဘာကောင် သတ်မှန်း မသိရဘဲ သေနေကြခြင်းဖြစ်သည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ မြေကြီးပေါ် ဝပ်ပြီး သွားနေကြသည်။ မလောကြပေ။ အရှိန်အဝါပုံဖျက်ခြင်းအတတ် ကို အမြင့်ဆုံး ထုတ်သုံးထားသည်။
ထိုအချိန်တွင် မှုန်မှိုင်းသော အလင်းရောင်အောက်မှ လူ (၅) ယောက် လျှောက်လာသည်။ သူတို့က သတိရှိပုံ ရသည်။ ခြေလှမ်းတွေက ညီညာနေပြီး အသံတစ်ချက်မှ မထွက်ပေ။ ခါးကြားက အမှတ်တံဆိပ်ပြားတွေက အလင်းရောင် မှိန်မှိန်လေး ထွက်နေသည်။ သူတို့ ရှေ့တွင် တိုက်ခိုက်သံများ ကြားနေရသည်။ သို့သော် အဆိပ်ငွေ့တွေကြောင့် ဘာမှ မမြင်ရပေ။ သူတို့ ခြေလှမ်း ရပ်လိုက်သည်။ အကြည့်ချင်း ဖလှယ်လိုက်သည်။ စကားတစ်ခွန်းမှ မပြောပေ။
(၅) ယောက်က နေရာ (၅) ခု ခွဲလိုက်သည်။ တစ်ယောက်က အနောက်ဆုံးမှာ ကျန်နေခဲ့သည်။ လက်ထဲမှ ငွေရောင်ပိုးကြိုးမျှင် အချို့ ထုတ်လွှတ်လိုက်သည်။ မြေကြီးပေါ်တွင် တိုးညှင်းသော အသံလေးများ မြည်သွားသည်။ ရှေ့ဘက် တိုက်ခိုက်နေသော နေရာတွင် အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသော မြက်ပင် (၁၀) ပင်ကျော် ပေါက်ရောက်နေသည်။ သာမန် မြက်ပင်များနှင့် မတူဘဲ အလွန်မာကျောမည့်ပုံ ပေါက်နေသည်။ ဒါက မြူခိုးတောင်ကြား ခရီးစဉ်ရဲ့ ပစ်မှတ်တစ်ခု ဖြစ်တဲ့ ကြိုင်လှိုင်သင်း မြက်များဖြစ်သည်။
ကျန်သည့် (၄) ယောက်က အေးစက်သော အကြည့်များဖြင့် လက်ထဲက အဆောင်ကို အသုံးပြုလိုက်သည်။ တိုက်ပွဲထဲ ဝင်မပါဘဲ အခိုးအငွေ့များအဖြစ် ပြောင်းလဲကာ နေရာမှ ပျောက်ကွယ်သွားသည်။ အနောက်မှာ ကျန်ခဲ့တဲ့လူက မလှုပ်မယှက် နေနေသည်။ လက်ထဲက ပိုးကြိုးမျှင်တွေက ဆက်လက် ရှည်ထွက်နေသည်။ သူတို့ ရည်ရွယ်ချက်က ဆေးပင် ယူဖို့သာဖြစ်ကာ တိုက်ခိုက်ရန်မဟုတ်ပေ။
မကြာမီ ကြိုင်လှိုင်သင်း မြက် (၃) ပင်ကို ပိုးကြိုးမျှင်တွေက ဆွဲယူလာခဲ့သည်။ ကျန်သည့် (၄) ယောက်လည်း ပြန်မရောက်လာသေးပေ။
"ရပြီ"
အနောက်ကလူက ပြုံးလိုက်သည်။
သူက ဆေးပင် (၃) ပင်ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ဆေးသေတ္တာထဲ ထည့်လိုက်ပြီး ကျန်သည့် (၄) ယောက်ကို စောင့်နေလိုက်သည်။ ရုတ်တရက် သူ့ခြေရင်းနားက မြက်ပုံနှစ်ပုံ... လှုပ်ရှားသွားသည်။
"ဟမ် ဘာကောင်လဲ"
ထိုသူ လန့်သွားပြီး လိပ်ပြာလွင့်မတတ်ခံစားလိုက်ရသည်။
"ညီကိုရေ ….. လက်ဆောင်လေးတစ်ခုပေးချင်လို့ လက်ခံပေးပါဦး"
တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။ သဲအိတ်ခန့် ရှိသော လက်သီးနှစ်လုံး သူ့မျက်နှာဆီပစ် ဝင်လာသည်။ တစ်စုံတစ်ခုကလည်း သူ့ပါးစပ်ကိုနောက်ကနေ အတင်းချုပ်ထား၏။ ထိုသူ ဗိုင်းခနဲ သတိလစ်ကာ မြေကြီးပေါ်လဲကျသွားသည်။