အခန်း (၅၃-၅၄)
Vol. 3 Ch. 53-54
အခန်း (၅၃)
ခဏကြာတော့ တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသလို ခံစားရသည်။ ပါးစပ်ထဲလည်း ဆေးတစ်လုံး ထည့်ပေးလိုက်သည်။
"လု စီနီယာအစ်ကိုကြီး လု စီနီယာအစ်ကိုကြီး ဘာဖြစ်သွားတာလဲ"
"လု စီနီယာအစ်ကိုကြီး ကြိုင်လှိုင်သင်း မြက် တွေရော"
......
(၄) ယောက်သား သူ့ကို ဝိုင်းခေါ်နေကြသည်။ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများအထင်သားပေါ်နေကြသည်။ သူ့ကိုယ်ပေါ်က သိုလှောင်အိတ် ပါ ပျောက်သွားပြီ။ ဘာတွေဖြစ်ကုန်သနည်း။
"ကြိုင်လှိုင်သင်း မြက် တွေရော"
လု စီနီယာအစ်ကိုကြီး မျက်လုံးထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ ပါးစပ်ကလည်း တဖွဖွ ရေရွတ်နေသည်။
ခေါင်းထဲတွင် အလင်းတန်း တစ်ချက် ဖြတ်ခနဲလက်သွားသည်။ သူ ရုတ်တရက် သတိရသွားသည်။ လု စီနီယာအစ်ကိုကြီး မျက်လုံးများ နီရဲလာပြီး ထရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"တစ်ယောက်ယောက် ငါ့ကို အလစ်တိုက်သွားတယ်"
"လု စီနီယာအစ်ကိုကြီး... ဘယ်သူ တိုက်သွားတာလဲ"
(၄) ယောက်က မေးလိုက်သည်။ ရန်သူကို ရင်ဆိုင်ဖို့ သူတို့ အသင့်ဖြစ်နေသည်။
လု စီနီယာအစ်ကိုကြီးက လူ ၄ ယောက်ကို ကြည့်လိုက်သည်။ သူ မျက်နှာများဆိုးဆိုးရွားရွားပျက်နေပြီး ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
"မသိဘူး..."
လူ(၄) ယောက် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ လု စီနီယာအစ်ကိုကြီးက အမြဲတမ်း အလုပ်ကို သေသေချာချာ လုပ်တတ်သူဖြစ်သည်။ ပုန်းအောင်းတိုက်ခိုက်တာတွေမှာ ဆရာကျတဲ့သူဖြစ်၏။
......
အခြား တစ်နေရာတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့ တောင်ကြားထဲတွင် ဧရာမ မြွေကြီး တစ်ကောင်ကို ဆုံးမ နေကြသည်။ မြွေကြီးက တိုးညှင်းစွာ ညည်းတွားနေသည်။ အပ်ဖျားခန့် ကျဉ်းမြောင်းနေသော မျက်လုံးထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသည်။
"မင်းက ဘာကောင်မို့လို့လဲကွ အလစ်တိုက်ရဲတယ်ပေါ့ ချီသန့်စင်ခြင်း အဆင့် (၁၀) ဆိုပြီး သိပ်ဘဝင်မြင့်နေတာလား"
"မွန်း"
"သည်နေရာမှာ ခုန်မင်နွယ် တွေ သည်လောက် အများကြီး ရှိတာကို ငါတို့က နည်းနည်းလေး ယူတာလေ မင်းကို လုပ်သွားလို့လား…ဒါတွေကို မင်း အဖေ စိုက်ထားတာမို့လို့လား"
"မွန်း"
မြွေကြီး၏ ခေါင်းကို ချန်ရွှင်က ဖမ်းထားသည်။ အမြီးကို နွားနက်ကြီးက ဆွဲထားသည်။ သူတို့က ဆဲဆိုရင်း လေထဲ ဝှေ့ယမ်းပြီး မြေကြီးပေါ် အားကုန် ရိုက်ချလိုက်သည်။ မြွေကြီးမှာ ကလီစာများပင် ကွဲကြေမတတ် ဖြစ်သွားသည်။
ရှူး ရှူး ရှူး
မြွေကြီး ပါးစပ်မှ တောင်းပန်သံများ ထွက်ပေါ်နေသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ချီသန့်စင်ခြင်း အဆင့် လူသားမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။ လက်သီးတစ်ချက်တည်းနဲ့ သူ့ကို သေလုမျောပါး ဖြစ်သွားစေသည်။
"နွားကြီး... ပစ္စည်းယူ"
ဘုန်း
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ မြေကြီးများ အက်ကွဲသွားသည်။ ချန်ရွှင်က လက်တစ်ဖက်တည်းဖြင့် မြွေကြီးကို မြေကြီးထဲ ထိုးထည့်ပစ်လိုက်၏။ ဖုန်မှုန့်များတထောင်းထောင်း ထသွားသည်။ မြေကြီးပေါ်တွင် သွေးကွက်ကြီးများ ပြည့်နှက်နေသည်။ မြွေကြီး မခုခံရဲတော့ပေ။
"မွန်း"
နွားနက်ကြီး ခြေကုန်သုတ် ပြေးသွားသည်။ ခုန်မင်နွယ် တွေကို အမြန် သွားခူးလိုက်သည်။
ချန်ရွှင် နှာခေါင်းရှုံ့ကာ လက်ခုပ်တီးလိုက်သည်။ ထို့နောက် နွားနက်ကြီးနှင့်အတူ တောင်ကြားအပြင်ဘက်သို့ ထွက်သွားသည်။ မြူခိုးတောင်ကြား ထဲက လိုချင်တဲ့ ဆေးပင်တွေ ရပြီ။ နောက်ထပ် ပစ်မှတ်ဆီ ဆက်သွားကြမည်။
တစ်ရက် ကြာပြီးနောက်…..
ထိုနေရာကို နောက်ထပ် လူအချို့ ရောက်လာကြသည်။ မြင်ကွင်းကို မြင်တော့ သူတို့ ဝမ်းသာသွားကြသည်။
"ငွေမြွေဟောက် ဒဏ်ရာရနေတယ် မြန်မြန်သွား ခုန်မင်နွယ် တွေ ခူးကြမယ်"
"ဒါ ဘယ်သူ့လက်ချက်လဲ သည်လောက်တောင် ဒဏ်ရာ ပြင်းထန်အောင် လုပ်သွားတာ"
တချို့လူတွေကတော့ မျက်နှာပျက်သွားကြသည်။ သူတို့က ပိုပြီး တည်ငြိမ်ကြသည်။ ပတ်ဝန်းကျင်မှာ ငွေမြွေဟောက် ထက် ပိုကြောက်မက်ဖွယ်ကောင်းသည့် အကောင် ရှိနေတာလား။ ခြေလှမ်းတွေ ရပ်တန့်သွားကြသည်။ သူတို့ ဂိုဏ်းကနေ ထွက်မလာခင်တုန်းက သတိပေးထားသည့်အရာတစ်ခုရှိသည်။ ဤမြွေသည် အလွန်ရက်စက်ပြီးသွေးဆာသည်။ ပြီးခဲ့တဲ့ နန်ဒုတောင် ခရီးစဉ်တုန်းက ကျင့်ကြံသူ အများကြီး သည်မြွေလက်ချက်နဲ့ သေဆုံးခဲ့ရခြင်းဖြစ်သည်။
ရှူး ရှူး
ငွေမြွေဟောက် ဒေါသထွက်သွားသည်။ ခေါင်းကြီးက မြေကြီးထဲကနေ ဝုန်းခနဲ ထွက်လာသည်။ ဓားပြမျက်နှာဖုံးနှင့် လူတစ်ယောက်နှင့်နွားတစ်ကောင်ကိုတော့သူကြောက်သည်။ သို့သော် ဤကောင်များကိုတော့မကြောက်ပေ။
"သူ သေချင်ယောင် ဆောင်နေတာ"
"ဂျူနီယာညီမလေး... အကို့ နောက်မှာ ပုန်းနေ"
......
လူအုပ်ကြီး ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ လက်နက်အသီးသီး ထုတ်လိုက်ကာ နောက်ကို အလျင်အမြန် ဆုတ်ခွာသွားကြသည်။ အားလုံး မျက်နှာတွေ ပျက်နေကြသည်။
ရှူး
ငွေမြွေဟောက် ကိုယ်လုံးကြီး လျှောတိုက်လာသည်။ အရှိန်က မြန်လွန်းသဖြင့် လေတိုးသံများပင် ကြားနေရသည်။ ကျင့်ကြံသူများကလည်း အဆောင်များပစ်လွှတ်ကာ တိုက်ခိုက်ကြ၏။ တောင်ကြားထဲတွင် တိုက်ပွဲကြီးတစ်ခုဖြစ်ပွားလာသည်။
......
တစ်လ ကြာပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီးတို့ နန်ဒုတောင် လျှို့ဝှက်နယ်မြေကို ရောက်နေသည်မှာ (၂) လ ရှိပြီဖြစ်သည်။ သူတို့ ပိုပြီး နယ်မြေကျွမ်းကျင်လာကြသည်။ လက်မည်းကြီး ဆိုသည့် ဂုဏ်ပုဒ်နဲ့ ထိုက်တန်အောင် အကောင်းဆုံး လုပ်ဆောင်နေကြသည်။
ဂိုဏ်းပေါင်းစုံက တပည့် အများအပြား ကံဆိုးမိုးမှောင် ကျခဲ့ကြရသည်။ မျက်စိရှေ့ ရောက်နေသည့် ဆေးပင်တွေ အတောင်ပံပေါက်ပြီး ပျံသန်းသွားသလို ပျောက်ချင်းမလှ ပျောက်သွားကြသည်။ တိတ်တဆိတ် ကင်းပုန်းဝပ်နေတုန်း ခြေချော်လဲပြီး မေ့ကုန်ကြသည်များလည်းရှိ၏။ ပြန်သတိရလာတော့ ဘာဖြစ်သွားမှန်းမသိ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့ကြသည်။ မိစ္ဆာကောင်များ ဝိညာဉ်သားရဲများမှာ ညဘက်ဆို အလွန်ကြောက်နေကြရသည်။ မြက်ပုံကြီများ သစ်ရွက်ပုံများ မြင်လျှင် စူးစူးဝါးဝါးအော်ကာ ထွက်ပြေးကုန်ကြကာ အချို့ ဝိဉာဉ်သားရဲများမှာ အကြီးအကျယ်စိတ်ဒဏ်ရာရကုန်ကြသည်။ အားလုံးမှာ လုပ်ခဲ့သမျှ အမှားတွေကို ပြန်လည် သုံးသပ်ပြီး နောင်တရနေကြရသည်။
"မွန်း"
သစ်ရွက်စိမ်းပုံ နှစ်ပုံက ရှေးဟောင်း သစ်ပင်ကြီးရဲ့ အလယ်မှာ ရပ်နေသည်။ ၎င်းတို့မှာပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်လုနီးပါးဖြစ်နေကြသည်။ သစ်ရွက်ပုံထဲက သက်ပြင်းချသံ သဲ့သဲ့လေး ထွက်ပေါ်လာသည်။ နွားနက်ကြီး မျက်နှာမှာ ပျော်ရွှင်မှုတွေ အပြည့်ဖြစ်နေပြီး ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်နေသည်။ သူတို့ ဆေးပင်တွေ အများကြီး ရခဲ့သည်။ အကုန်လုံးက ဆေးဥယျာဉ်ထဲမှာ မမြင်ဖူးတဲ့ ဆေးပင်တွေချည်းဖြစ်သည်။ ကြောက်ရင်လွဲ၊ ရဲမင်းဖြစ် ဆိုသည့်စကားက တစ်ကယ်မှန်သည်။
"နွားကြီး... စိတ်ထိန်း မင်းရဲ့ ပုံစံကြီးကို ကြည့်စမ်းပါဦး"
ချန်ရွှင် က သူ့၏ စာအုပ်လေးကို ထုတ်လိုက်ပြီး တွေ့ကြုံခဲ့ရသမျှ အတွေ့အကြုံတွေကို မှတ်သားလိုက်သည်။ ဒါတွေက အတွေ့အကြုံများပင်။ သူနဲ့ နွားနက်ကြီးရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံများဖြစ်သည်။
"မွန်း"
နွားနက်ကြီး ရယ်လိုက်သည်။ နန်ဒုတောင် ခရီးစဉ်က တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ။
"အခု ငါတို့ စစ်မြေပြင် အစစ်ကို သွားကြတော့မယ် ရှေးဟောင်း ခန်းမဆောင် (၃) ခု အဲသည်ထဲမှာ အရန်ဆေးပင် အနည်းငယ် ရှိသေးတယ်"
ချန်ရွှင် လေးနက်စွာ ပြောလိုက်ပြီး မြေပုံကို ထုတ်လိုက်သည်။ ထို့နောက် အနီရောင် အစက်ကြီး (၃) စက်ကို လက်ညှိုးထိုးပြလိုက်သည်။
"အခြေခံတည်ဆောက်ခြင်း အဓိက ဆေးပင် (၃) မျိုးကလည်း အဲသည်ထဲမှာ ရှိတယ်"
"မွန်း"
နွားနက်ကြီးလည်း အလေးအနက် နားထောင်နေသည်။ ထိုနေရာတွင် ချီသန့်စင်ခြင်း အဆင့် (၁၀) ထက် သာလွန်တဲ့ စွမ်းအားကြီးသော မိစ္ဆာကောင်များ၊ ဝိညာဉ်သားရဲများရှိသည်။
"သူတို့ကို မမြင်ဖူးပေမယ့်လည်း အခြေခံတည်ဆောက်ခြင်း အဆင့်ရဲ့ စွမ်းရည် တချို့ကို ပိုင်ဆိုင်ထားနိုင်တယ် မပေါ့ဆနဲ့"
ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်သည်။ အခြေခံတည်ဆောက်ခြင်း အဆင့် ဆိုသည်မှာ အဆင့်အတန်း တစ်ခု မြင့်တက်သွားခြင်းဖြစ်ကာ ချီသန့်စင်ခြင်း အဆင့်နဲ့ ယှဉ်လျှင် နောက်ထပ် ကမ္ဘာတစ်ခုလို ကွာခြားသွားပြီဖြစ်သည်။
"မွန်း မွန်း"
နွားနက်ကြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်နေသည်။
"သွားမယ်"
ချန်ရွှင် ပြုံးလိုက်ပြီးခေါင်းကို ပုတ်လိုက်သည်။
သူတို့၏ ပုံရိပ်များက ရှေးဟောင်း သစ်ပင်ပေါ်ကနေ ချက်ချင်း ပျောက်ကွယ်သွားသည်။ ရှေးဟောင်း ခန်းမဆောင် (၃) ခုထဲက တစ်ခုဖြစ်တဲ့ မွန်းတည့်တောင်ခန်းမ ဆီသို့ ဦးတည်သွားလိုက်သည်။ ထိုနေရာ၌ ယန်ဂျင်ဆင်းကြာပွင့် ရှိသည်။
......
မွန်းတည့်တောင်ခန်းမ….
ရှေးကျသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ တောတစ်ခု၏ အလယ်တွင် တည်ရှိသည်။ ဘယ်ကနေ စတင်ပေါ်ပေါက်လာမှန်း မသိရပေ။ သို့သော် ချင်တိုင်းပြည် မှာ မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ယန်ဂျင်ဆင်းကြာပွင့် အများစုက သည်နေရာမှာပဲ ရှိသည်။ ခန်းမဆောင်ကြီးက ကြီးကျယ်ခမ်းနားပြီး ရှေးဆန်သည်။ အဝေးက ကြည့်ပါက ပျက်စီးယိုယွင်းနေသော ခန်းမဆောင်ကြီး တစ်ခုလိုပင်ဖြစ်သည်။ နှစ်ကာလများစွာ၏ ဝမ်းနည်းဖွယ်ရာ အငွေ့အသက်များ လွှမ်းခြုံထားသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး အတွက် လိုအပ်တဲ့ ဆေးပင်တွေကို ပျိုးထောင်တဲ့ နည်းလမ်း ရှိသော်လည်း လုံလောက်မှု မရှိပေ။ အထူးသဖြင့် အဓိက ဆေးပင် (၃) မျိုးက ပတ်ဝန်းကျင် အခြေအနေကို တောင်းဆိုမှု အလွန် မြင့်မားလွန်းသဖြင့် သူတို့လည်း များစွာ မပျိုးထောင်နိုင်ကြချေ။
ခန်းမဆောင် အပြင်ဘက်တွင် သွေးကွက်များ ပြည့်နှက်နေသည်။ နေရာအနှံ့တွင် ကိုယ်လက်အင်္ဂါ အပိုင်းအစများ ရှိနေသည်။ ဂိုဏ်းတူချင်း သတ်ဖြတ်ထားခြင်းများပင် ရှိသေးသည်။ အလောင်းတွေက ရောထွေးနေပြီး မျက်လုံးများပွင့်နေကြ၏။ ခန်းမဆောင် အတွင်းတွင် သတ်ဖြတ်သံများ ဆူညံနေသည်။ ဂါထာများဖြင့် တိုက်ခတ်နေသည်။ အခြေအနေက အလွန် ရှုပ်ထွေးနေသည်။
ကုန်းမြင့်တစ်ခုပေါ်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့ အဝေးမှ လှမ်းကြည့်နေကြသည်။ နှစ်ယောက်လုံး မျက်မှောင်ကြုတ်နေကြသည်။
“ နွားကြီး အခြေအနေက ငါတို့ အလစ်ဝင်လုလို့ မရတော့ဘူး”
ချန်ရွှင် ပင့်သက်တစ်ချက်ရှိုက်လိုက်၏။
"ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက တပည့်တွေ အများကြီးပဲ"
"မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ ခန်းမဆောင် အပြင်ဘက် လူများ ရောက်လာနေတုန်းပင်ဖြစ်သည်။ သတ်ဖြတ်မှုများက ပြင်းထန်နေ၏။ သူတို့လို အဝေးကနေ အခြေအနေ စောင့်ကြည့်နေတဲ့ ကျင့်ကြံသူတွေလည်း ရှိသေးသည်။
"နွားကြီး... မလောနဲ့ အခြေအနေ အရင် ကြည့်မယ်"
"မွန်း"
လူတစ်ယောက်နှင့် နွားတစ်ကောင် အဝေးမှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ မွန်းတည့်တောင်ခန်းမ ကို မလှုပ်မယှက် ကြည့်နေသည်။
(၃) ရက် ကြာပြီးနောက်……
ရှေးဟောင်း ခန်းမဆောင် အတွင်းမှ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
ဂါး
ဂါး
......
အသံကြီးက အရှိန်အဝါ ကြီးမားလှသည်။ တောင်အော်သံကဲ့သို့ ပတ်ဝန်းကျင်အနှံ့အပြားကို ပဲ့တင်ထပ်သွားသည်။ မိုင်ပေါင်းများစွာ အထိ တုန်ခါသွားစေသည်။ အဝေးက ချန်ရွှင်နှင့် နွားနက်ကြီးပင် နားများအူသွားပြီး တုန်လှုပ်သွားကြသည်။
အခန်း (၅၄)
"ကျားသစ်ဖြူ သူ ထွက်လာပြီ အရင် ဆုတ်"
"မြန်မြန်ပြေး ဒီဝိညာဉ်သားရဲကို ထိန်းထားမှ ရမယ်"
"တောက်…. နည်းနည်းလေး လိုတော့တာကို"
......
ခန်းမဆောင် အပြင်ဘက်သို့ တပည့်အများအပြား ပြေးထွက်လာကြသည်။ သူတို့၏ အသံများတွင် ကြောက်လန့်မှု၊ ဒေါသထွက်မှုများ ပါဝင်နေသည်။ ထိုအချိန်တွင် သူတို့ အနောက်မှ တစ်ကိုယ်လုံး ဖြူဖွေးနေပြီး မျက်လုံးထဲတွင် သွေးဆာသော အရိပ်အယောင်များ တောက်ပနေသော ဝိညာဉ်သားရဲကြီး တစ်ကောင် ပြေးထွက်လာသည်။ သူ့အရှိန်အဝါက ကြမ်းရှလှသည်။ အဖြူရောင် အမွေးများက လေထဲတွင် လွင့်ပျံနေသည်။ ခန္ဓာကိုယ်ကြီးက ၁မီတာ ကျော် ရှည်သည်။ ရဲတောက်နေသော ပါးစပ်ကြီးကို ဟထားပြီး ကျူးကျော်သူများကို အပေါ်စီးမှ စီးမိုးကြည့်ရှုနေသည်။ ကျားသစ်ဖြူ ၏ အလွန်ထက်သော လက်သည်းများတွင် သွေးများ စိုရွှဲနေသည်။ သူ့အကြည့်က စူးရှနေပြီး ကျင့်ကြံသူများ၏ လှုပ်ရှားမှုကို ကြိုတင် ခန့်မှန်းနိုင်သကဲ့သို့ ရှိသည်။ သူ့အနောက်တွင် တစ်စစီပြတ်ထွက်နေသော အလောင်းအများအပြား ရှိနေသည်။ ထိုအလောင်းများ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေသေးသည်။ တစ်ခဏချင်းအတွင်း သေဆုံးသွားခဲ့ကြပုံ ရသည်။
ဂါး ဂါး
၎င်းက နောက်ထပ် အော်သံ တစ်ချက် ပေးလိုက်သည်။ တောင်ကုန်းတစ်ခုလုံး ဖုန်များတလိပ်လိပ် ထသွားသည်။ ကျားသစ်ဖြူ က ခန်းမဆောင် တံခါးဝတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ အရပ်လေးမျက်နှာကို ကြည့်နေသည်။ ခန္ဓာကိုယ်အနီးတွင်လည်း သတ်ဖြတ်ခြင်းအသိများရစ်သိုင်းနေ၏။
"သည် ရှေးဟောင်း ခန်းမဆောင်ကြီးက တကယ် ကြီးတာပဲ"
ချန်ရွှင် စိတ်ထဲတွင် အံ့သြနေသည်။ ထို ကျားသစ်ဖြူ ၏ ဖိအားက အလွန်ကြောက်စရာကောင်း သည်။ သူ့စိတ်ထဲတွင်ပင် မရေမရာ ဖြစ်နေသည်။ သို့သော်လည်း ယခုအချိန်က အကောင်းဆုံး အခွင့်အရေး ဖြစ်ပုံ ရသည်။ ဂိုဏ်းအသီးသီးမှ တပည့်များလည်း နေရာအနှံ့ စုရုံးနေကြပြီး မဟာဗျူဟာ ချမှတ်နေကြသည်။ အတင်းဝင်တိုက်လို့ မရပေ။ သူ့အာရုံကို လွှဲမှ ရမည်။
မွန်းတည့်တောင်ခန်းမ တိတ်ဆိတ်သွားသလို ရှိသည်။ ကျားသစ်ဖြူ ၏ အော်ဟစ်သံများသာ ရံဖန်ရံခါ ထွက်ပေါ်နေသည်။ အဝေးက ကျုးကျော်သူများကို ဖိအားပေးနေသည်။ နေဝင်ချိန် ရောက်လာသည်။ မည်သူမျှ ရှေးဟောင်း ခန်းမဆောင်ကို ထပ်မဝင်ရဲကြတော့ပေ။ လူတိုင်းမှာ အသက်တစ်ချောင်းသာ ရှိပြီး မည်သူ အရင် သွားသေမည်ကို ကြည့်နေကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဖြည်းညှင်းစွာ နောက်ဆုတ်လိုက်သည်။ သူတို့လက်လျော့ပြီး ပြန်လှည့်လာခဲ့ကြသည်။ ထို့နောက် တောအုပ်ထဲ ပြန်ဝင်သွားသည်။
"နွားကြီး... မြေလှိုဏ်ခေါင်း တူးကြစို့..."
ချန်ရွှင် မတတ်သာဘဲ ပြောလိုက်သည်။ သူတို့ရဲ့ အားသာချက်က ခွန်အားကြီးခြင်း၊ သက်လုံကောင်းခြင်းပင်။
"ငါ ပစ္စည်းတွေ ယူလာတယ် ရှေးဟောင်း ခန်းမဆောင် အောက်ခြေအထိ တူးသွားမယ်"
"မွန်း"
နွားနက်ကြီး အံ့သြသွားသည်။ သူတို့သာ ဆိုလျှင်... တကယ် ဖြစ်နိုင်လောက်သည်။ သူတို့ နင်ယွင်တောင်တန်း မှာ နေတုန်းက မြေကျင်းတွေ အမြဲ တူးနေကျမဟုတ်ပါလား။ ဒါက မိရိုးဖလာ လုပ်ငန်းပင် ဖြစ်သည်။
"ငါ နေရာ သွားကြည့်လိုက်ဦးမယ် အကွာအဝေး တွက်လိုက်ဦးမယ်"
ချန်ရွှင် ချောင်းတစ်ချက် ဟန့်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ မြေကြီးတစ်ဆုပ်ကို ကောက်ယူ ကြည့်ရှုကာ တွေးတောနေသည်။
"နွားကြီး... စမယ် ဖြစ်တယ်"
"မွန်း"
လူတစ်ယောက်နှင့် နွားတစ်ကောင် ရှေးဟောင်း သစ်ပင်ကြီး အောက်တွင် မြေလှိုဏ်ခေါင်း တူးကြတော့သည်။ အလျင်မှာ မြန်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်သည်။ သည်တစ်လအတွင်း စုဆောင်းထားတဲ့ သိုလှောင်အိတ် များကိုပင် မြေကြီး သယ်ထုတ်ဖို့ သုံးလိုက်ရသည်။
"နွားကြီး... ဝင်ပေါက်ကို မင်း တာဝန်ယူလိုက် ငါ ဆက်တူးမယ်"
"မွန်း"
နွားနက်ကြီး အမြန် ပြေးထွက်သွားပြီး ဝင်ပေါက်ကို ဖုံးအုပ်လိုက်သည်။ သည်အလုပ်တွေက သူ ကျွမ်းကျင်ပြီးသား။ ဘာနည်းစနစ်မှ မလိုပေ။ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေချည်းပင် ဖြစ်သည်။ ရက်တွေ ကုန်ဆုံးသွားသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း ဦးဆောင်မှုဖြင့် ခန်းမဆောင် အပြင်ဘက်တွင် တိုက်ပွဲများ ပြန်စနေသည်။ ကျားသစ်ဖြူ ကို ထိန်းထားမှ ရမည်။ သို့မှသာ တခြားလူများ ဝင်ပြီး ဆေးခူးလို့ ရမည်ဖြစ်သည်။
သို့သော်လည်း ကျားသစ်ဖြူ က လူသားများ၏ အကြံအစည်ကိုမည်သို့မသိဘဲနေမည်နည်း။ သူက ခန်းမဆောင် တံခါးဝမှာ အသေ စောင့်ကြပ်နေသည်။ ဝင်ချင်သည်သူသည် ကိုယ့်သေတွင်းကိုယ်တူးသူသာဖြစ်မည်။ လူအများအပြား ကြောက်လန့်ပြီး နောက်ဆုတ်သွားကြသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းနှင့် တခြား ဂိုဏ်းများကလည်း အပေါ်ယံ၌ ရင်းနှီးသယောင်ဟန်ပြနေရသော်လည်း မည်သူမျှ အားကုန် မထုတ်ရဲကြပေ။ အချင်းချင်း သတိထားနေကြသည်။
ထိုအချိန်တွင် မည်သူမျှ မသိလိုက်တာကတော့ သူတို့ရဲ့ ခြေထောက်အောက် တည့်တည့်မှာ လူတစ်ယောက်နဲ့ နွားတစ်ကောင်က မြေလှိုဏ်ခေါင်း တူးနေကြသည် ဆိုတာကိုပဲဖြစ်သည်။ သို့သော် မြေပြင်နှင့် အလှမ်းဝေးကွာလွန်းသဖြင့် ဘာကိုမျှ မသိလိုက်ကြရပေ။
(၁၀) ရက် ကြာပြီးနောက် မြေလှိုဏ်ခေါင်း အတွင်းတွင်….
"နွားကြီး... နည်းနည်း တူးမရတော့ဘူးကွ ငါ အကွာအဝေး သွားတိုင်းလိုက်ဦးမယ် စောင့်နေ"
"မွန်း"
နွားနက်ကြီး မြေပုံပေါ် ထိုင်နေသည်။ နှာမှုတ်သံကြီး ထွက်ပေါ်နေသည်။ ပထမဆုံး အကြိမ်အဖြစ် မြေတူးရတာ ပင်ပန်းတယ်လို့ ခံစားလိုက်ရသည်။
ချန်ရွှင် သိုလှောင်အိတ် ထဲမှ ဓားပျံကို ထုတ်လိုက်သည်။ ထို့နောက် ဓားစီးပြီး ပျံသန်းသွားသည်။ (၉) နှစ်တာ မသင်မနေရ ပညာရေး ၏ အကျိုးကျေးဇူးကြောင့် အချိန်နဲ့ အမြန်နှုန်းကို မြှောက်ပြီး အကွာအဝေး တွက်ချက်တာ လောလောဆယ်တော့ ပြဿနာ သိပ်မရှိပါပေ။ သူ ဝင်ပေါက်ဝကို သွားလိုက်သည်။ ခေါက်တုံ့ခေါက်ပြန် (၂) ခါလောက် တွက်ချက်လိုက်ပြီး နွားနက်ကြီးကို လှမ်းအော်လိုက်သည်။
"နွားကြီး... အပေါ်မှာပဲ ထိုး"
"မွန်း"
နွားနက်ကြီး မတ်တပ်ရပ်လိုက်သည်။ ကြွက်သားများ ဖောင်းကြွလာသည်။ လက်ဖြင့် အပေါ်မြေပြင်(မြေအမိုးခုံး)ကို ထိုးလိုက်သည်။ ကျောက်တုံးကြီးတွေ ပြုတ်ကျလာသည်။ ချန်ရွှင်လည်း အားကုန် ထုတ်ကာ လက်သီးနဲ့ တစ်ချက်ပြီး တစ်ချက် ထိုးလိုက်သည်။ သူတို့၏ ချုံခိုဝတ်ရုံ များမှာပင် မြေမှုန့်တွေ ပေကျံကုန်သည်။ နာရီဝက်လောက် ထိုးပြီးတော့မှ နောက်ဆုံးတော့ အပေါ်မြေပြင်ကပွင့်ထွက်သွား၏။
အလင်းရောင် တစ်ချက် ဝင်လာသည်။ ရှေးဟောင်း ခန်းမဆောင်ရဲ့ မျက်နှာကြက်ကို မြင်နေရပြီ။ ဦးခေါင်းနှစ်လုံး ကြောက်ကြောက်ရွံ့ရွံ့နဲ့ ပြူထွက်လာသည်။
"တကယ် မာတာပဲ ဒီမြေကြီးက ငါတို့တောင် နာရီဝက်လောက် ထုရတယ် တကယ်လို့သာ မိစ္ဆာကောင်ကို သည်လို ဝိုင်းထုရင် သေတာ ကြာလှပြီ"
ချန်ရွှင် တိုးတိုးလေး ပြောလိုက်သည်။ မျက်လုံးက ပတ်ဝန်းကျင်ကို ကြည့်နေသည်။ အလောင်းတွေ အများကြီးပင် ဖြစ်သည်။
"နွားကြီး... တက်"
ချန်ရွှင် မြေကြီးအောက်ကနေ တွားတက်လာသည်။ နွားနက်ကြီးကိုလည်း ဆွဲတင်လိုက်သည်။ သူတို့ မျက်လုံးထဲတွင် အလွန် ပျော်ရွှင်မှုများ ပါဝင်နေသည်။
"မွန်း"
နွားနက်ကြီး ခုန်ပေါက်လိုက်ပြီး ခန်းမဆောင် အတွင်းပိုင်းကို ကြည့်လိုက်သည်။ ရေကန်တစ်ခု ရှိနေသည်။ ရေများက အတော်လေး ပျစ်ချွဲနေပုံ ရသည်။ ယန်ဂျင်ဆင်းကြာပွင့် (၁၀) ပွင့်ကျော်လောက် အထဲတွင် ပေါက်ရောက်နေသည်။ ဘေးမှာ တခြား ရှားပါး ဆေးပင်တွေလည်း ရှိသေးသည်။ ထူးဆန်းပေ၏။
ထိုအချိန်၌ အပြင်ဘက်မှာ တိုက်ပွဲဖြစ်နေတုန်းပင်ဖြစ်သည်။ ကျင့်ကြံသူများက ကျားသစ်ဖြူ ကို အလှည့်ကျတိုက်ခိုက်နေကြသည်။ နှစ်ဖက်စလုံး ခြေကုန်လက်ပန်းကျလာကြပြီဖြစ်သည်။ ချန်ရွှင် အပြင်ဘက် အခြေအနေကို တစ်ချက် ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
"နွားကြီး... (၂) ပင်ပဲ ယူမယ် မျိုးသုဉ်းအောင်တော့မလုပ်နဲ့ ယုတ်မာရာကျတယ်"
"မွန်းမွန်း"
နွားနက်ကြီးက ရေကန်နား အမြန် ပြေးသွားကာ ဆေးသေတ္တာ ထုတ်လိုက်သည်။ အခြေခံတည်ဆောက်ခြင်း အဓိကဆေးပင် နဲ့ အရန်ဆေးပင်တွေကို ခူးယူလိုက်သည်။ ချန်ရွှင်ကတော့ အနောက်ကနေ စောင့်ကြည့်ပေးနေသည်။ မမျှော်မှန်းထားသည့်ကိစ္စများ မဖြစ်ရအောင် ကာကွယ်ပေးရခြင်းဖြစ်သည်။
"မွန်း"
"ပြေးပြေးပြေး"
ချန်ရွှင် လှမ်း အော်ဟစ်လိုက်သည်။ နွားနက်ကြီးကို ဆွဲပြီး မြေလှိုဏ်ခေါင်းထဲ ချက်ချင်း ခုန်ချလိုက်ပြီးနောက် ဓားပျံစီးကာ ပြေးပြီ နွားနက်ကြီးက အနောက်ကနေ သိုလှောင်အိတ် ထဲက မြေကြီးတွေကို ပြန်ပစ်ထည့်နေသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင် အလွန်လျင်မြန်စွာ ထွက်ခွာသွားကြသည်။ သူတို့ ညင်သာစွာ ရောက်လာသလို ညင်သာစွာ ပြန်ထွက်သွားကြသည်။ မွန်းတည့်တောင်ခန်းမ အတွင်း ကျားသစ်ဖြူ တစ်စုံတစ်ရာကို ရုတ်တရက် အာရုံခံမိလိုက်သလို ဖြစ်သွားသည်။ လက်ကိုတစ်ချက်ဝေ့ယမ်းကာ ကျင့်ကြံသူများကို အားနှင့်ဖိတိုက်လိုက်ပြီးနောက် ၎င်းတို့ခေတ္တပြန်လန်သွားချိန်တွင် ခန်းမဆောင်ထဲ အမြန် ပြေးဝင်သွားသည်။ သို့သော် အထဲသို့ရောက်သည့်အခါ သူ အံ့အားသင့်သွား၏။
ဂါး
ဂါး
ကျားသစ်ဖြူ ဆွေ့ဆွေ့ခုန်သွား၏။ မျက်လုံးထဲက သွေးဆာမှုတွေ ပိုပြင်းထန်လာသည်။ သူ အနောက်က လူသားတွေကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ သည်နေ့ အကုန် သေရမည်။
"ဘာဖြစ်တာလဲ"
"ကျားသစ်ဖြူ ရူးသွားပြီ"
"မြန်မြန်ဆုတ် မြန်မြန်ဆုတ်"
......
အော်ဟစ်သံများ၊ ဒေါသတကြီး အော်သံများ ထွက်ပေါ်လာသည်။ ဝိဉာဉ်သားရဲတစ်ကောင်ဒေါသအလွန်ထွက်သွားပါက သူသေ ကိုယ်သေ တိုက်ခိုက်တတ်သည်။ တချို့လူများမှာ စိတ်ထဲတွင် ကျိန်ဆဲနေကြသည်။ သည်တစ်ခေါက် နန်ဒုတောင် ခရီးစဉ်က ဘာလို့ သည်လောက် ခက်ခဲနေရတာလဲ။ ပြီးခဲ့တဲ့ အခေါက်တုန်းက ဝိညာဉ်သားရဲ ရူးသွပ်သွားသည်ဆိုတာကို သူတို့ မကြားဖူးပေ။ မွန်းတည့်တောင်ခန်းမ အပြင်ဘက်တွင် သွေးချောင်းစီး တိုက်ပွဲကြီး ပြန်လည်စတင်နေသည်။ အခွင့်ကောင်း စောင့်ပြီး ဝင်နှိုက်ချင်တဲ့ လူများကလည်း လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ အချိန်တန်ပြီ သည်ဝိညာဉ်သားရဲ စိတ်လွတ်သွားပြီ။
......
ချီလော်ခန်းမ……
ရှေးဟောင်း သစ်တောအုပ်ကြီး တစ်ခုထဲတွင် တည်ရှိသည်။ ပတ်ဝန်းကျင်တွင် မိစ္ဆာကောင်များ များပြားလှသည်။ တိုက်ခိုက်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ လေထဲတွင် သွေးညှီနံ့များ ပျံ့လွင့်နေသည်။
ထိုနေရာတွင် ပြင်ပလောကမှာ မျိုးသုဉ်းလုနီးပါး ဖြစ်နေတဲ့ နန်မူပင် ပေါက်ရောက်နေသည်။ ခန်းမဆောင် တံခါးဝတွင် အလောင်းများ ပိတ်ဆို့လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အပြင်ဘက်တွင် ချီသန့်စင်ခြင်း အဆင့် (၁၀) မိစ္ဆာကောင် (၃) ကောင် ရပ်နေသည်။ ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည်။ သူတို့ အနောက်တွင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင် တစ်ကောင် ရှိနေသေးသည်။ ပြောရမည်ဆိုလျှင် အနှစ် (၂၀) တစ်ခါ နန်ဒုတောင် ခရီးစဉ် ဆိုသည်မှာ လူအသက်တွေနဲ့ ပုံပြီး လဲယူရခြင်းမျိုးဖြစ်သည်။ သည် မိစ္ဆာကောင်တွေ အားကုန်သွားတဲ့အထိ တိုက်ခိုက်ရခြင်းဖြစ်၏။
အခြေအနေမကောင်းသဖြင့် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဝင်မတိုက်ကြပေ။ သို့သော် မြေလှိုဏ်ခေါင်းထဲမှာတော့ သူတို့နေ၍ရသည်။ ဤသို့ဖြင့် လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ယခင်နည်းအတိုင်း လှိုဏ်ဂူတူးဖော်ရေးကိုပြန်လည်စတင်လိုက်ကြသည်။