အခန်း (၅၅-၅၆)
Vol. 3 Ch. 55-56
အခန်း (၅၅)
နောက်ထပ် လဝက်ခန့် ကြာသောအခါ...
မြေလှိုဏ်ခေါင်း အတွင်းမှ မြေကြီးများ တုန်ခါသွားပြီး ခေါင်းနှစ်လုံး ပြူထွက်လာသည်။ သူတို့၏ မျက်လုံးများထဲတွင် မောပန်းနွမ်းနယ်မှုများ ရှိနေသည်။
"နွားကြီး... ဆေးပင်ယူ မြန်မြန်"
"မွန်း"
နွားနက်ကြီး မြေလှိုဏ်ခေါင်းထဲမှ ဝုန်းခနဲ ခုန်ထွက်လိုက်ပြီး နန်မူအရွက် ရှိရာသို့ အမြန် ပြေးသွားလိုက်သည်။
ဂါး ဂါး
ချီလော်ခန်းမကို စောင့်ကြပ်နေသော မိစ္ဆာကောင်ကြီးက ကျားသစ်ဖြူ ထက် တုံ့ပြန်မှု ပိုမြန်သည်။ နန်မူအရွက် ကို တစ်စုံတစ်ယောက် လာထိသည်နှင့် ချက်ချင်း အာရုံခံမိပြီး ခန်းမဆောင်ထဲသို့ ပြန်လှည့်လာသည်။
"မီးလုံးပစ်လွှတ်ခြင်း"
ချန်ရွှင် လန့်သွားသည်။ မျက်လုံးထဲတွင် လေးနက်မှုများဖြစ် ပေါ်လာသည်။ ဧရာမ မီးလုံးကြီးများ ပစ်လွှတ်လိုက်ပြီး မီးတံတိုင်းကြီး တစ်ခု ဖန်တီးကာ ထိုမိစ္ဆာကောင်ကို တားဆီးလိုက်သည်။ မိစ္ဆာကောင်ကြီး နာကျင်စွာ အော်ဟစ်လိုက်သော်လည်း မျက်လုံးများက သွေးရောင်လွှမ်းလာသည်။ ထူးဆန်းသော အကာအကွယ် တစ်ခု ထွက်ပေါ်လာပြီး မီးပင်လယ်ကို ဖြည်းညှင်းစွာ တွန်းဖယ်လိုက်သည်။
"ငလိုး..."
ချန်ရွှင် မျက်လုံး ပြူးသွားသည်။ လက်ထဲက အဆောင်များကို ဆက်တိုက် ပစ်လွှတ်လိုက်ပြီး ဘေးဘက်ကို လှည့်အော်လိုက်သည်။
"နွားကြီး... ရပြီလား"
"မွန်း"
ဂါး ဂါး
မိစ္ဆာကောင်ကြီး မီးပင်လယ်ထဲမှ ရုတ်တရက် ပြေးထွက်လာသည်။ ပါးစပ်ကြီး ဖြဲထားပြီး ချန်ရွှင်ဆီသို့ အရှိန်ပြင်းစွာဖြင့် ဝင်တိုက်လိုက်သည်။ ဧရာမ လက်သည်းကြီးဖြင့် ချန်ရွှင်ကို ရိုက်ချရန် ရွယ်လိုက်သည်။ ရုတ်တရက် ဧရာမ အရိပ်မည်းကြီး တစ်ခု ဘေးမှ ပြေးထွက်လာပြီး ချန်ရွှင်ကို ဝင်တိုက်ကာ မြေလှိုဏ်ခေါင်းထဲသို့ အတူတူ ခုန်ဆင်းလိုက်သည်။
ဘုန်း….. ဂါး…..
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မြေလှိုဏ်ခေါင်း တစ်ခုလုံး သိ့မ်ခနဲ တုန်ခါသွားသည်။ မိစ္ဆာကောင်ကြီး၏ ဒေါသတကြီး အော်သံများ ထွက်ပေါ်နေသည်။
"မြန်မြန်ပြေး... နွားကြီး"
"မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ မြေလှိုဏ်ခေါင်းထဲတွင် ဓားပျံစီးပြီး ထွက်ပြေးကြသည်။ အနောက်ဘက်တွင် လှိုဏ်ခေါင်းများက တ၀ုန်း၀ုန်း ပြိုကျနေသည်။ မိစ္ဆာကောင်ကြီး၏ ခွန်အားက အရမ်း ကြောက်စရာ ကောင်းသည် မဟုတ်ပါလား။ သူတို့ မြေပြင်ပေါ် ပြန်ရောက်ပြီး ဘေးကင်းသော နေရာတစ်ခု ရောက်မှ ရပ်တန့်လိုက်ကြသည်။ ချန်ရွှင် မကျေမနပ် ဖြစ်နေသည်။
"တောက်... အပြင်ဘက်မှာ လူတွေ အများကြီး ရှိမနေရင် သည်ကောင့်ကို ငါ ကောင်းကောင်း ပညာပေးလိုက်ပြီ"
"မွန်း"
နွားနက်ကြီး ရယ်လိုက်ပြီး ချန်ရွှင်ကို ပုတ်လိုက်သည်။ ဘေးကင်းရေးက ပထမပင် ဖြစ်သည်။
......
သူတို့ နန်ဒုတောင် လျှို့ဝှက်နယ်မြေထဲ ရောက်နေသည်မှာ (၄) လ ရှိပြီဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ သစ်ပင်ပေါ်တွင် နားနေကြသည်။ ရုတ်တရက် ခြေသံများ ကြားလိုက်ရပြီး လူအများအပြား ပြေးလာနေကြသည်။ လူနှစ်ယောက် မှာ ရှေ့ကနေ ခြေကုန်သုတ် ထွက်ပြေးနေကြသည်။ မျက်လုံးထဲတွင် မကျေနပ်မှုများ၊ နာကျည်းမှုများ ရှိနေကြ၏။
"ရပ်လိုက်စမ်း မင်းတို့ ထပ်ပြေးရင် ဒီမိန်းမ အသက်ရှင်မှာ မဟုတ်ဘူး မင်းတို့ ဂျူနီယာညီမလေး သေတာကို လက်ပိုက်ကြည့်နေကြမှာလား ဟားဟားဟား..."
အနောက်ဘက်မှ လှောင်ပြောင် ရယ်မောသံများ ထွက်ပေါ်လာသည်။ သူတို့ကို ကြောင်က ကြွက်ကို ကစားသလို ကစားနေသည်။ ထွက်ပြေးနေသော နှစ်ယောက်ထဲမှ တစ်ယောက် ခြေလှမ်း တန့်သွားသည်။ သူ တွန့်ဆုတ်နေသည်။ နောက်တစ်ယောက်ကတော့ သူ့ကို တစ်ချက်ကြည့်ပြီး ဆက်ပြေးသွားသည်။ မိမိ၏အသက်က အရေးကြီးဆုံးမဟုတ်ပါလား။
"ကျိအကိုကြီး... တောင်း... တောင်းပန်ပါတယ်..."
မိန်းမပျိုတစ်ယောက် အားနည်းစွာ ပြောလိုက်သည်။ သူမကို ငွေရောင် ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ထားသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး ချက်ချင်း လှမ်းကြည့်လိုက်သည်။ ၀ူယွင်ဂိုဏ်းက တပည့်များပင် ဖြစ်သည်။ ပြီးတော့ ကျိခွန်။
"မိုးကြိုးလျှပ်စီးဂိုဏ်း... ခင်ဗျားတို့က ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း ဖြစ်ပြီးတော့ သည်လို အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးတယ်ပေါ့"
ကျိခွန် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ သည်လူတွေထဲမှာ ချီသန့်စင်ခြင်း အဆင့် (၁၀) တွေ အများကြီး ပါသည်။ သူ မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
"ဆေးပင်တွေ ပေးမယ်... လူကို အရင် လွှတ်ပေး"
"ကျင့်ကြံခြင်းလောက ဆိုတာ အားကြီးသူက အနိုင်ပဲ ဂိုဏ်းအသေးလေးတွေက ဂိုဏ်းအသေးလေးတွေပါပဲ သည်လောက် ရိုးရှင်းတဲ့ သဘောတရားတောင် နားမလည်ဘူးလား"
"ဟားဟားဟား..."
မိုးကြိုးလျှပ်စီးဂိုဏ်း မှ လူများ ရယ်မောလိုက်ကြသည်။ ချောင်ချန် ဆိုသူက ရှေ့ထွက်လာသည်။ အရှိန်အဝါ ပြင်းထန်လှသည်။ သူက အေးစက်စွာ ပြောလိုက်သည်။
"ယန်ဂျင်ဆင်းကြာပွင့် ကို ထုတ်ပေး ငါတို့ မျက်စိရှေ့က ပစ္စည်းကို လုရဲတယ်ပေါ့ သတ္တိ ကောင်းလှချည်လား"
"လူကို လွှတ်ပေး"
"ကျိအကိုကြီး... ကျွန်မကို ဂရုမစိုက်ပါနဲ့တော့"
ထိုမိန်းမပျိုက ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။
ဖြန်း
ပါးရိုက်သံ တစ်ချက် ထွက်ပေါ်လာသည်။ သူမ ပါးစပ်မှ သွေးများ စီးကျလာသည်။ ဆံပင်များ ဖရိုဖရဲ ဖြစ်ကုန်သည်။ ကျိခွန် လက်ထဲတွင် ယန်ဂျင်ဆင်းကြာပွင့် ကို ကိုင်ထားသည်။ မျက်နှာက အေးစက်နေသည်။ သူ တစ်လုံးချင်း ပြောလိုက်သည်။
"လူကို လွှတ်ပေး မဟုတ်ရင် ခင်ဗျားတို့ ဘာမှ ရမှာ မဟုတ်ဘူး ကျုပ် ဒါကို ချက်ချင်း ဖျက်ဆီးပစ်လိုက်မယ်"
"ငါတို့ကို ခြိမ်းခြောက်နေတာလား"
ချောင်ချန် မျက်လုံး မှေးကျဉ်းသွားသည်။ လက်ထဲတွင် ဝိညာဉ်စွမ်းအားများ စုစည်းလိုက်သည်။
"မင်းမှာ အသက် ဘယ်နှချောင်း ရှိလို့လဲ..."
ရုတ်တရက် ထူးခြားမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဝှစ် ဝှစ်
လေခွင်းသံကြီး နှစ်ခု ထွက်ပေါ်လာသည်။ မိုးကြိုးလျှပ်စီးဂိုဏ်း မှ လူများ လန့်ဖျပ်သွားသည်။ ကြက်သီးမွေးညှင်းများ ထလာသည်။ ဘာကြီးလဲ….။
ချောင်ချန် မျက်နှာ ပျက်သွားသည်။ မြက်ပုံကြီး တစ်ပုံ သူ့ရှေ့တည့်တည့် ရောက်လာသည်။ နှစ်ယောက်သား မျက်နှာချင်း ထိလုနီးပါး ဖြစ်သွားသည်။ ထိုလူက ခေါင်းစွပ် အနက်ရောင်ကို စည်းထားသည်။ သို့သော် သူ့မျက်လုံးတွေက... အရမ်း အေးစက်လွန်းသည်။
ဘုန်း ဘုန်း ဘုန်း
ကြီးမားသော လက်ဝါးကြီး တစ်ဖက် အပေါ်မှ ဖိချလိုက်သည်။ ချောင်ချန် သွေးတစ်ပွက် အန်ထွက်သွားသည်။ သူ့လည်ပင်းကို မြေကြီးထဲ ရောက်သည်အထိ ဖိချခံလိုက်ရသည်။ မြေကြီးများ အက်ကွဲကုန်ကာကျောက်ခဲများ လွင့်စင်ကုန်သည်။
"အား"
ချောင်ချန် ၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ မျက်လုံးအိမ်များ ပေါက်ထွက်မတတ် ဖြစ်သွားသည်။ ကလီစာတွေ ကွဲကြေကုန်သလို ခံစားလိုက်ရသည်။ ဒွာရကိုးပေါက်ကနေ သွေးများ စီးကျလာသည်။ ပြင်းထန်သော မီးတံတိုင်းကြီး တစ်ခု ထွက်ပေါ်လာပြီး ကျိခွန်နှင့် မိုးကြိုးလျှပ်စီးဂိုဏ်း လူများကို ပိုင်းခြားပစ်လိုက်၏။ မီးတံတိုင်း ဖြစ်ပေါ်လာချိန်တွင် ထိုအမျိုးသမီးကလည်း ကျိခွန်ဘက်သို့ လွင့်စင်လာသည်။
"အစ်ကိုကြီး"
"ညီမလေး"
ကျိခွန် သူမကို လှမ်းဖမ်းလိုက်သည်။ သူမက ကျိခွန်ရင်ခွင်ထဲတွင် ငိုကြွေးနေသည်။ သို့သော် ကျိခွန်ကတော့ သူမကို နှစ်သိမ့်ဖို့ သတိမရတော့ပေ။ မီးပင်လယ်၏ ဟိုဘက်ခြမ်းကို သူ ဘာမှ မမြင်ရတော့ပေ။ ကျိခွန် မျက်လုံးထဲတွင် တုန်လှုပ်မှုများ ဖြစ်ပေါ်နေသည်။ ချီသန့်စင်ခြင်း အဆင့်မှာ သည်လောက် အင်အားကြီးတဲ့ လူ ရှိသေးတာလား။ ဘယ်သူလဲ...
မီးတံတိုင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ တစ်ဖက်ခြမ်းမှ အခြေအနေကို မြင်ရပြီ။ ကျိခွန် မျက်လုံးများ ပြူးကျယ်သွားသည်။ ရင်ထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။ ထိုအမျိုးသမီးလည်း အငို ရပ်သွားပြီး မြေကြီးပေါ် ပုံလျက်သား လဲကျသွားသည်။
သူတို့ အလွန်ကြောက်လန့်သွားရခြင်းမှာ တိုက်ပွဲ အခြေအနေ ကြောက်မက်ဖွယ်ကောင်းလွန်း၍ မဟုတ်ပေ။ အလွန်ကို ငြိမ်သက်လွန်း၍ ဖြစ်သည်။ မြေကြီး အက်ကွဲကြောင်းများကလွဲပါက တိုက်ခိုက်ထားသည့် အစအန ဘာမှ မကျန်ခဲ့ပေ။ အလောင်းများပင် မကျန်ခဲ့ပေ။
"တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား... ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက တပည့်တွေက လူနှစ်ယောက်ရဲ့ လက်ချက်နဲ့ တစ်ချက်တည်း အသတ်ခံလိုက်ရတာလား"
ကျိခွန် အသက်ကိုပြင်းပြင်း ရှူလိုက်သည်။
"ညီမလေး... သွားကြစို့"
"အစ်ကိုကြီး... သူတို့က ဘယ်သူတွေလဲ"
မိန်းမပျိုလေးက စကားမဆုံးခင် မေးလိုက်သည်။ သူတို့က လာကယ်တာ မဟုတ်ဘူးလား။
"မသိဘူး ညီမလေး…သည်တစ်ခါ အကိုတို့ ကံကောင်းသွားတာ"
ကျိခွန် ခေါင်းခါလိုက်သည်။ သည်လို စွမ်းအားအလွန်ကြီးသည့်သူမျိုးကို သူတို့အဆင့်နှင့်မည်သို့သိကျွမ်းနိုင်စွမ်းရှိမည်နည်း ။ သူတို့နှစ်ဦးသည် တွဲထူပြီး ထွက်ခွာသွားကြသည်။ ဝိညာဉ်စွမ်းအား ပြန်စုစည်းရန် နေရာရှာရဦးမည်။
အခန်း (၅၆)
ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်ပေါ်တွင်...
"ဒီ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ကောင်တွေက တကယ့် အမှိုက်တွေပဲ တွေ့သမျှလူကို ငါက မင်းတို့ အဖေ ဆိုတဲ့ ပုံစံ ဖမ်းနေကြတာ"
ချန်ရွှင် သစ်ကိုင်းပေါ် မှီထိုင်ရင်း ပြောလိုက်သည်။
"ငါ ထင်တာတော့ ငါတို့ ဝူယွင်ဂိုဏ်း က ပိုကောင်းတယ်လို့ ထင်တယ် ဘယ်လိုလဲ နွားကြီး"
"မွန်း"
နွားနက်ကြီး ပြန်ထူးလိုက်သည်။ သည်ဂိုဏ်းကြီးက တပည့်တွေက တစ်ယောက်ထက် တစ်ယောက် ပိုမာနကြီးကြသည်။ အကယ်၍သာ သူတို့ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းကို သွားခဲ့လျှင် အနိုင်ကျင့်ခံရမယ့် ပုံပင် ဖြစ်သည်။
"ကံကောင်းလို့ ငါတို့ အဲဒီ ဂိုဏ်းကြီးတွေ မသွားခဲ့မိတာ ငါတို့လို ဓာတ်ငါးပါးအဆင့်နိမ့်အမြစ် နဲ့သာ သွားရင် နွားကြီး... ဂိုဏ်းတွင်းအကြမ်းဖက်မှု ဆိုတာ ကြားဖူးလား"
"မွန်း"
"အမြဲတမ်း လှောင်ပြောင်ခံရမယ် ပြီးရင် ငါတို့က ပြန်ပညာပြမယ် ပြီးရင် ထပ်လှောင်ခံရမယ် အဆုံးမရှိ သံသရာလည်နေမှာ လမ်းဘေးက ခွေးတောင် ငါတို့ကို မြင်ရင် ဟောင်ဦးမယ်"
"မွန်း"
နွားနက်ကြီး လန့်သွားသည်။ ဒါဆို သူတို့ ဘဝပျက်ပြီပေါ့။
"ပြီးတော့ ငါတို့က အရမ်းစွမ်းအားကြီးမားကြတော့ ရန်ငြိုးတွေ ဖွဲ့မိမယ် လုပ်ကြံမှုတွေ ကြုံရမယ် မင်း စဉ်းစားကြည့် ငါတို့ရဲ့ ထာဝရအသက်ရှင်ခြင်း (Eternal Life) ကို သည်လို အဓိပ္ပာယ်မရှိတဲ့ နေရာတွေမှာ ဖြုန်းတီးပစ်လိုက်ရမှာလား"
"မွန်း"
နွားနက်ကြီး မျက်ရည်များ ဝဲလာသည်။ သဘောပေါက်ပြီ။ အစ်ကိုကြီး ရွှင် ပြောတာ အမှန်ဆုံးပင် ဖြစ်သည်။
ချန်ရွှင် နှုတ်ခမ်းမဲ့လိုက်သည်။ လက်နှစ်ဖက်ကို ခေါင်းအောက် ခုပြီး အိပ်လိုက်သည်။ ကိစ္စပြီးရင် ကိုယ်ရောင်ဖျောက်မည်၊ သိုသိုသိပ်သိပ်နေမည်။
"နွားကြီး... ငါတို့ ရက်နည်းနည်းလောက် နားကြစို့ လှိုဏ်ခေါင်း တူးရတာ ပင်ပန်းတယ်"
"မွန်း"
လူတစ်ယောက်နှင့် နွားတစ်ကောင် အိပ်မောကျသွားကြသည်။ သည် နန်ဒုတောင် လျှို့ဝှက်နယ်မြေ၏ အခြေအနေနှင့် လုံးဝ မသက်ဆိုင်သလို ဖြစ်နေသည်။ သို့သော် သူတို့ကို ဘယ်သူမှ ဒုက္ခမပေးနိုင်ကြတာတော့ အမှန်ပင် ဖြစ်သည်။
......
တစ်လ ကြာပြီးနောက်။
နန်ဒုတောင် ကောင်းကင်တွင် ခရမ်းရောင် လျှပ်စီးများ လက်နေသည်။ မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ တိမ်မည်းကြီးများ အုပ်ဆိုင်းနေပြီး တောင်တစ်ခုလုံး ဖိအားများ ပြည့်နှက်နေသည်။ မြေဝိဉာဉ်နွယ် သည် ဇီပန်ခန်းမ တွင် ပေါက်ရောက်သည်။ သို့သော် ၎င်းသည် ရယူရန် အခက်ခဲဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခန်းမဆောင်သည် ရှင်ယွမ်ရေကန် အလယ်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ဤရေကန်တွင် သထ္ထုစွမ်းအင် များ ပြည့်နှက်နေသည်။ ဇီပန်ခန်းမ သို့ တက်ရောက်လိုလျှင် ထိုစွမ်းအင်ကို ဖောက်ထွင်းနိုင်မှ ရမည်။ ထို့အပြင် ခန်းမဆောင်ထဲတွင် စောင့်ကြပ်နေသော ဝိညာဉ်သားရဲလည်း ရှိသေးသည်။ ခြေလှမ်းတိုင်းက သေလမ်း ဖြစ်နေသည်။
ဝုန်း... ဒိန်း...
မိုးခြိမ်းသံများ ထပ်မံ ထွက်ပေါ်လာသည်။ စုစည်းနေသော တိမ်မည်းကြီးများ အလုပ်လုပ်တော့မည်။ မိုးဖွဲလေးများ စတင် ကျဆင်းလာပြီး ခဏကြာတော့ မိုးသည်းကြီးမည်းကြီး ရွာသွန်းတော့သည်။ ရှင်ယွမ်ရေကန် ဘေးတွင် လူရိပ်များစွာ ရှိနေသည်။ သူတို့ မျက်နှာများ ပျက်နေကြသည်။ ရေကန်ထဲတွင် အလောင်းများ ပေါလောပေါ်နေသည်။ ခန္ဓာကိုယ်များ မှာ အပိုင်းပိုင်းပြတ်ထွက်နေကြ၏။ သေပုံသေနည်းက အလွန် ဆိုးရွားလှသည်။ အားလုံးမှာ နောက်ဆုတ်ဖို့ ကြံရွယ်နေကြသည်။ မြေဝိဉာဉ်နွယ် ကို မယူတော့ပေ။ သည် နန်ဒုတောင် မှာ တခြားဆေးပင်တွေ အများကြီး ရှိသေးတာပဲ။ အသက်နဲ့ရင်းပြီး မစွန့်စားချင်တော့ပေ။
အခြေခံတည်ဆောက်ခြင်း အဓိကဆေးပင် (၃) မျိုးက သည်ခန်းမဆောင် (၃) ခုထဲမှာပဲ ရှိတာ မဟုတ်။ ကံကောင်းလျှင် အခြားနေရာမှာလည်း တွေ့နိုင်သေးသည်။
အားလုံး စိတ်ဓာတ်ကျနေချိန်တွင် ကောင်းကင်မှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီး ကမ္ဘာမြေတစ်ခုလုံး ဖြူဖွေးလင်းလက်သွားသည်။ လျှပ်စီးရောင်ကြောင့် ကမ်းပါးယံ တစ်ခုပေါ်တွင် ရပ်နေသော လူရိပ်နှစ်ခုကို မြင်လိုက်ရသည်။ သူတို့က အဝေးမှ ရှင်ယွမ်ရေကန် ကို တည်ငြိမ်စွာ ကြည့်နေကြသည်။ မိုးရေများ သူတို့ကိုယ်ပေါ် ကျရောက်နေသော်လည်း လုံးဝ ဂရုမစိုက်ပေ။
"နွားကြီး... ယုံကြည်မှု ရှိလား"
"မွန်း မွန်း"
သူတို့ သည်နေရာမှာ ပုန်းအောင်း စောင့်ကြည့်နေတာ လဝက် ရှိပြီ။ လူအများအပြား ဇီပန်ခန်းမ ထဲ ဝင်ရောက်ဖို့ ကြိုးစားကြပြီး သထ္ထုစွမ်းအင် များကြောင့် သေဆုံးကုန်ကြတာတွေကို မြင်တွေ့ခဲ့ရသည်။ သို့သော် ရှင်ယွမ်ရေကန် တွင် ကြီးမားသော အားနည်းချက် တစ်ခု ရှိသည်။ ယင်းက ပျံသန်းမှု အမြင့်နဲ့ အရှိန်ပင် ဖြစ်သည်။ ထိုနှစ်ချက် ပြည့်စုံပါက သထ္ထုစွမ်းအင်များကို ပြီးပြည့်စုံစွာ ရှောင်ရှားနိုင်သည်။ သို့သော် သည်နှစ်ချက်လုံး တစ်ပြိုင်နက်တည်း ပြည့်စုံဖို့ ဆိုတာ အရမ်း ခက်ခဲသည်။
"ဟုတ်ပြီ... အစစ်အမှန် စွမ်းရည်တွေကိုထုတ်ပြဖို့ အချိန်ရောက်ပြီ"
ချန်ရွှင် ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ မိုးရေတွေ နှာခေါင်းထဲ ဝင်ကုန်၍ ချောင်းများတဟွတ်ဟွတ်ဆိုးသွား၏။
ဓားပျံတစ်လက် ကမ်းပါးယံ အစွန်းတွင် ရပ်တန့်နေသည်။ ချန်ရွှင် တည်ငြိမ်စွာ ပြောလိုက်သည်။
"နွားကြီး... သည်တစ်ခါတော့ မြန်မြန်မှန်မှန်လုပ်မှရမယ် …. ငါတို့ရဲ့ အနာဂတ်က မင်းလက်ထဲမှာ ရှိတယ်"
"မွန်း မွန်းမွန်းမွန်း"
နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။ ထို့နောက် လက်သီးလက်မောင်း တန်းလိုက်သည်။ သူ အဆင်သင့် ဖြစ်ပြီ။
ဝူး ဝူး ဝူး
လေပြင်းများ တိုက်ခတ်နေသည်။ မိုးများက ပိုသည်းလာသည်။ ဝိညာဉ်စွမ်းအား အကာအကွယ် တစ်ခု ထွက်ပေါ်လာပြီး ဓားပျံမှ အလင်းရောင် ဖျော့ဖျော့လေး ထွက်ပေါ်လာသည်။
"လေတပ်အမှတ် (၁)... ချန်ရွှင်..."
တိုးညှင်းသော အသံလေး တစ်သံ ထွက်ပေါ်လာသည်။ မျက်နှာပေါ်မှ သွေးကြောများ ထောင်ထလာပြီး အော်ဟစ်လိုက်သည်။
"အဆင်သင့် ဖြစ်ပြီ"
"မွန်းမွန်းမွန်း"
ဝှစ်
ဝှစ်
ဝှစ်
......
စူးရှသော လေခွင်းသံကြီး ထွက်ပေါ်လာသည်။ ဓားပျံတစ်လက်သည် လူတစ်ယောက်နှင့် နွားတစ်ကောင်ကို တင်ဆောင်လျက် ဇီပန်ခန်းမ ဆီသို့ ဒုံးပျံလို ထိုးဆင်းသွားသည်။ ရင်တုန်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းသည်။ ဓားအလင်းတန်း တစ်ခု ကောင်းကင်ကို ခွင်းသွားသည်။ ဇီပန်ခန်းမ ဆီသို့ အရှိန်ပြင်းပြင်း ဝင်ရောက်သွားသည်။ အရှိန်က မြန်လွန်းသဖြင့် အားလုံး၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။
"ကြည့်စမ်း... ဒီအချိန်ကြီးမှာ ဓားစီးပြီး ပျံသန်းနေတဲ့သူ ရှိတယ်"
"မြန်လိုက်တဲ့ အလျှင်... ဘယ်သူလဲ"
"ဟင်… သထ္ထုစွမ်းအင် တွေကို ရှောင်သွားနိုင်တယ်"
......
ရေကန်ဘေးမှ လူများ အော်ဟစ်လိုက်ကြသည်။ ထိုဓားပျံ၏ အရှိန်က မြန်လွန်းသဖြင့် သထ္ထုစွမ်းအင် များ၏ တိုက်ခိုက်မှုကို လိမ်ဖယ် ရှောင်တိမ်းသွားနိုင်ခဲ့သည်။ သထ္ထုစွမ်းအင်များကပင် သူတို့နောက်ကနေ လိုက်ရသည်။
ဘုရားရေ……
သူတို့ ကြောင်သွားကြသည်။ ယင်းသည် မည်သို့သော နတ်စွမ်းရည်မျိုးဖြစ်သနည်း။ မျက်စိတစ်မှိတ်အတွင်းမှာတင် ထိုဓားပျံက ဇီပန်ခန်းမ ထဲသို့ ဝင်ရောက်သွားသည်။ ခန်းမဆောင်ထဲမှ ဒေါသတကြီး အော်ဟစ်သံများနှင့် လူရာချီ၏ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
မိုးများသည်းထန်စွာ ရွာနေသည် ညမို့ အပေါ်က လူကို များစွာကွဲကွဲပြားပြား မြင်ရပေ။ မြင်ရရင်လျှင်ပင် သစ်ရွက်ပုံ နှစ်ပုံသာမြင်ရမည်ဖြစ်သည်။ သစ်ရွက်ပုံတွေကို သေချာ ကြည့်လျှင်ပင် အမည်းရောင် ခေါင်းစွပ် နှစ်ခုပဲ မြင်ရမည်။
"ဘယ်က ခွေးသူခိုးလဲ ငါ မင်းတို့တစ်မိသားစုလုံးကို သတ်ပစ်မယ်"
"သတ္တိရှိရင် နာမည်ပြောစမ်း"
"မေဘေးတွေ... မင်းတို့ အမေ!@#$%ဖြစ်လို့... ပြေးတာလား"
"ခွေးသူခိုး"
ဂါး ဂါး ဂါး
......
ဇီပန်ခန်းမ အတွင်းမှ လူအားလုံးနှင့် ဝိညာဉ်သားရဲများ ပြေးထွက်လာကြသည်။ သူတို့အားလုံး လက်နက်များ စီးနင်းပြီး ကောင်းကင်သို့ ပျံတက်လိုက်ကြသည်။ မျက်နှာများက ဒေါသကြောင့် နီရဲနေကြသည်။ ဤလူနှစ်ယောက်မှာ အားလုံး၏အကြည့်အောက်မှာတင် ခန်းမဆောင်ထဲ ပေါ်တင် ဝင်လာသည်။ ထို့နောက် ဗြောင်ပင် မြေဝိဉာဉ်နွယ် နှစ်ပင်ကို ယူကာ ဓားပျံစီးပြီး ထွက်ပြေးသွားသည်။ စကားတစ်ခွန်းပင် မပြောခဲ့ပေ။
"ရပ်လိုက်စမ်း"
"ဘယ်ဂိုဏ်းက တိရစ္ဆာန်တွေလဲ... မျက်နှာဖုံးစွပ်ထားတယ်... ငါတို့ စုံစမ်းလို့ မရဘူးများ မှတ်နေလား"
"ပြေးတာ မြန်ရင် ပြီးရောလား"
......
သူတို့ အနောက်မှ အော်ဟစ်သံများ၊ မိန်းကလေးများ၏ ဆဲဆိုသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ သူတို့ သည်လောက် အရှက်ကွဲတာမျိုး တစ်ခါမှ မကြုံဖူးပေ။ ဒါက သူတို့ ခေါင်းပေါ် တက်ပြီး ချီးတက်ပါသွားခြင်းဖြစ်သည်။ ပြီးတော့ ချီးကုန်စက္ကူကိုပါ ယူသွားသေးသည်။
ဝေးကွာသွားသော ဂိုဏ်းအသီးသီးမှ တပည့်များကို ကြည့်ပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။ ဆောရီးပဲ... အရှိန်မြန်ရင် တကယ် ကြိုက်သလို လုပ်လို့ ရတယ်။
ဝှစ်
ထို့နောက် ဓားပျံသည် တောအုပ်အနက်ပိုင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
ထိုနေ့ကစကာ သူတို့မှာ နောက်ထပ် နာမည်ပြောင် တစ်ခု ရလာသည်။ ရှင်ယွမ်ရေကန် က ဓားနတ်ဘုရား ဟုဖြစ်သည်။ သို့သော် မည်သူမှန်းတော့ စုံစမ်းလို့ မရပေ။ ထို ဓားပျံကလည်း လမ်းဘေးဆိုင်တွေမှာ ပေါပေါများများ ရနိုင်သည့် အပေါစားဓားဖြစ်နေသည်။ လူလောကမှ အငွေ့ပျံပျောက်သွားသလို မည်သူမျှ သူ့ကို ခြေရာခံ၍မရကြပေ။ ထိုအချိန်မှစကာသူတို့သည် ဂိုဏ်းအသီးသီးမှ အဆင့်နိမ့် တပည့်တွေကြားမှာ ထူးဆန်းသည့် ဒဏ္ဍာရီ တစ်ခု ဖြစ်လာခဲ့သည်။ သူတို့ကို လူသားများမဖြစ်နိုင်ဟု ပြောကြသည်။ သို့သော် ဤစကား၏ တစ်ဝက်လောက်ကတော့ မှန်သည်ဟု ပြောရမည်။
"နွားကြီး... မရတော့ဘူး... မြန်မြန်... ဝိညာဉ်စွမ်းအား ပြန်စုစည်းဖို့ နေရာရှာ"
"မွန်း"
နွားနက်ကြီးက ချန်ရွှင်ကို ကျောပိုးထားသည်။ သူက လူသူလေးပါးကင်းရှင်းသော နေရာတစ်ခုကို လိုက်ရှာနေသည်။ နောက်ဆုံးတော့ နွားနက်ကြီး မျက်လုံး အရောင်တောက်သွားသည်။ တွေ့ပြီ။ ချန်ရွှင် ချွေးများတစ်ကိုယ်လုံး ရွှဲနစ်လျှက်ရှိကာ ဝိညာဉ်စွမ်းအားများ ကုန်ခမ်းနေသည်။ သူ နှမြောတသစွာဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အချို့ကို ထုတ်လိုက်ကာ အားယူပြုံးလိုက်သည်။
"ငါ့ဟာလေးတွေတော့ ကုန်ပါပြီ"
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေသည်။ သူ စိတ်ပူနေသည်။
"နွားကြီး... မင်း ပတ်ဝန်းကျင်ကို သတိထားကြည့်နေ ငါ ဘာမှ မဖြစ်ဘူး"
ချန်ရွှင် တင်ပျဉ်ခွေ ထိုင်ကာ စိတ်ကို ငြိမ်အောင် ထားလိုက်သည်။ လက်ထဲမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ တဖြည်းဖြည်း ကွဲအက်သွားသည်။ ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ကုန်ခမ်းနေသော ဝိညာဉ်စွမ်းအားများကို ဖြည်းဖြည်းချင်း ပြန်လည် ဖြည့်တင်းပေးနေသည်။
"မွန်း"
နွားနက်ကြီး ပြန်ထူးလိုက်သည်။ ခေါင်းကို အပြင်ထွက်ပြီး အရှိန်အဝါပုံဖျက်ခြင်းအတတ် ကို အသုံးပြုကာ မလှုပ်မယှက် စောင့်ကြည့်နေသည်။ သည်တိုက်ပွဲက အလွန် စိတ်လှုပ်ရှားစရာ ကောင်းလွန်းသည်။ မိစ္ဆာကောင်ကြီး၏ တိုက်ခိုက်မှုက သူတို့ကို ထိခါနီးလေး ကပ်ကာလွဲသွားခဲ့ခြင်းဖြစ်သည်။ ချန်ရွှင်က လှည့်ပတ်ရှောင်တိမ်းလိုက်လို့သာ လွတ်သွားခြင်း ဖြစ်သည်။
နွားနက်ကြီးက မျက်လုံးမှိတ်ထားသော ချန်ရွှင်ကို ပြန်လှည့်ကြည့်လိုက်သည်။ မျက်လုံးထဲတွင် လေးစားမှုများ ပြည့်နှက်နေသည်။ သည်နေ့မှပဲ သူသည် သတ္တိရှိသော၊ စေ့စပ်သေချာသော၊ အရေးကြီးချိန်တွင် အလွန်တည်ငြိမ်သော သူတစ်ယောက်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရခြင်းဖြစ်ပေသည်။