← Chapters

အခန်း (၅၇-၅၈)

Vol. 3 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 3 Ch. 57-58

အခန်း (၅၇)

ချန်ရွှင်သည် ငါးရက်ဆက်တိုက် ဝိဉာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းကာ အားအင်မွေးမြူနေခဲ့ရသည်။ ဤတစ်ကြိမ်တွင် ဝိဉာဉ်စွမ်းအားများစွာ ကုန်ခမ်းသွားခဲ့သဖြင့် ယခုမှပင် ပြန်လည်သက်သာလာခြင်းဖြစ်သည်။

“နွားကြီးရေ”

ချန်ရွှင်သည် မျက်လုံးကိုဖွင့်လျက် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်ကာ အနည်းငယ် ပြုံးလိုက်သည်။

“မွန်း...”

နွားနက်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်အုပ်လိုက်ရာ ချန်ရွှင်တစ်ယောက် အသက်ရှူများကြပ်သည်။

“ဟေ့ကောင် နွားကြီး... မင်းက ငါသေတော့မယ်”

“မွန်း...”

နွားနက်ကြီးသည် ရယ်မောလိုက်ပြီး အလျင်အမြန်ပင် နောက်သို့ ဆုတ်လိုက်သည်။

“ဒီနေရာက မလုံခြုံဘူး ဗဟိုဧရိယာနဲ့ နီးလွန်းတယ် ကျင့်ကြံသူတွေ များတယ် အပြင်ဘက်ကို ပြေးကြစို့”

“မွန်း”

ရိပ်ခနဲ အသံနှင့်အတူ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ပြေးထွက်သွားကြလေသည်။ သူတို့၏ လက်ထဲတွင် တန်ဖိုးကြီးမားသော ပစ္စည်းဥစ္စာများကို ပိုင်ဆိုင်ထားသော်လည်း မျက်လုံးများထဲတွင် မာန်တက်နေခြင်း အလျဉ်းမရှိပေ။ သတိဝီရိယ ပိုမိုကြီးမားလာကြပြီး သစ်ပင်ကြီးများကြားတွင် လျင်မြန်စွာ ဖြတ်သန်းသွားလာလျက် ဗဟိုဧရိယာနှင့် ဝေးသထက် ဝေးရာသို့ ပြေးလွှားသွားကြလေသည်။

သူတို့သည် ရက်ပေါင်းများစွာ ဆက်တိုက် ပြေးလွှားခဲ့ကြသည်။ တောင်ကြားပိတ်ရန် တစ်လခန့် လိုသေးသော်လည်း သူတို့သည် တိုက်ခိုက်ခြင်းနှင့် ဆူညံသံများနှင့် ဝေးရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“နွားကြီး... ဒီသိုလှောင်အိတ်ကို မင်းလက်ထဲ အပ်လိုက်မယ်”

ချန်ရွှင်သည် လက်ထဲမှ သိုလှောင်အိတ်ကို စူးစိုက်ကြည့်ရှုရင်း မျက်လုံးများ အရောင်တောက်နေသည်။

“ဒီထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ဖော်စပ်ဖို့ လိုအပ်တဲ့ ဝိဉာဉ်ဆေးပင်တွေ အကုန်ပါတယ်ကွ”

“မွန်း”

နွားနက်ကြီးသည် လေးနက်စွာဖြင့် လှမ်းယူလိုက်ပြီး မျိုချလိုက်လေသည်။

“ငါတို့ ပြန်ရောက်မှ ဖြည်းဖြည်းချင်း စိုက်ပျိုးကြတာပေါ့”

ချန်ရွှင်က လေသံနှိမ့်လျက် ပြောလိုက်သည်။

“သေချာမှတ်ထား တည်ငြိမ်ရမယ် အနည်းဆုံး နှစ်နှစ်လောက်ကြာမှ ပြန်စမယ် ငါတို့မှာ အချိန်တွေ အများကြီး ရှိပါတယ်”

“မွန်း...”

နွားနက်ကြီးက ခေါင်းညိတ်လိုက်သည်။ သူ နားလည်ပါသည်။ သူ့ရင်ထဲတွင် စိုးရိမ်ပူပန်မှု အလျဉ်းမရှိပေ။

“ဒီသိုလှောင်အိတ်ကိုတော့ ဂိုဏ်းကို အပ်လိုက်မယ်”

ချန်ရွှင်သည် လက်ထဲရှိ အခြားသိုလှောင်အိတ်တစ်ခုကို ကြည့်လိုက်သည်။ ထိုအထဲတွင် အဓိကဆေးပင် သုံးပင်နှင့် အခြားဆေးပင် ဆယ်ဂဏန်းခန့် ပါဝင်သည်။

“ကြားတာတော့ ထိပ်သီးဂိုဏ်းကြီး (၁၀) ဂိုဏ်းက (၇၀) ရာခိုင်နှုန်းပဲ အပ်ရတယ်တဲ့”

“မွန်း”

နွားနက်ကြီးသည် သိထားသော်လည်း သိပ်နားမလည်ပေ။ အဘယ့်ကြောင့် သူတို့ဂိုဏ်းက အကုန်သိမ်းယူရသနည်း။ ထို့အပြင် အဓိကဆေးပင် သုံးပင် မပြည့်ပါက အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံးမှ ရရှိမည် မဟုတ်ပေ။

“နွားကြီးရာ... ငါတို့က ထိုးကျွေးခံတွေပဲလေ ထိပ်သီးဂိုဏ်းကြီးတွေက တပည့်တွေလို ဘယ်တန်ဖိုးရှိပါ့မလဲ”

ချန်ရွှင်က ဂရုမစိုက်သလို ရယ်မောလိုက်သည်။

“ဒါပေမဲ့ ဂိုဏ်းအပေါ်မှာတော့ ညိုညင်မှုမရှိပါနဲ့…..ဒါက ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပဲ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး”

“မွန်း...”

နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ မှန်ပေသည်။ ဝူယွင်ဂိုဏ်းသာ မရှိလျှင် သူတို့ ဤနေရာသို့ လာရောက်ရန် အခွင့်အရေးပင် ရရှိမည် မဟုတ်ပေ။

“ငါတို့ ဒီနေရာမှာပဲ အစီအရင်အသက်ဝင်မယ့်အချိန်ကို စောင့်ကြတာပေါ့”

ချန်ရွှင်က အနည်းငယ် ပြုံးလိုက်သည်။ ဤခရီးစဉ်ကား အမှန်တကယ်ပင် အကျိုးအမြတ် များပြားလှပေသည်။

“အချိန်တန်ရင် ဟင်းလင်းပြင် စွမ်းအားသက်ရောက်လာလိမ့်မယ် နေရာအတိအကျ သွားနေစရာ မလိုဘူး”

“မွန်း”

နွားနက်ကြီးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ အလွန် အစွမ်းထက်လှသော အစီအရင်ပင်။ နောက်နောင်ကျရင် သူတို့လည်း သေချာပေါက် သင်ယူရမည်။

“နွားကြီး... လာ ငါတို့ ရှေ့ဆက်မယ့် အစီအစဉ်တွေ ရေးဆွဲကြမယ် အလုပ်တွေ များဦးမှာ”

ချန်ရွှင်က နွားနက်ကြီးကို ပုတ်လိုက်သည်။ ထာဝရအသက်ရှင်သည် ဆိုသော်ငြား ဘာဖြစ်သနည်း။ ဘဝကို အရှုံးပေးရမည်လား။ ပျင်းရိနေရမည်လား။ ဘဝကို စိတ်ကုန်နေရမည်လား။ လောက၏ ဒုက္ခတွေကို ခံစားနေရမည်လား။ ထိုအရာများ မရှိပေ။ ထာဝရအသက်ရှင်သူများသည် အလွန် အလုပ်များကြပြီး ရည်မှန်းချက်နှင့် မျှော်လင့်ချက်များလည်း ရှိကြသည်။

နောင်တများနှင့် သေကွဲရှင်၊ ကွဲများကို မြင်တွေ့ခဲ့ရဖူးသဖြင့် သူတို့သည် ဘဝအပေါ် ပိုမို၍ စိတ်အားထက်သန်ကြပြီး အချိန်၏ တန်ဖိုးကို ပိုမို နားလည်ကာ လက်ရှိဘဝကို တန်ဖိုးထားတတ်ကြသည်။

“မွန်း မွန်း...”

နွားနက်ကြီးသည် အလျင်အမြန်ပင် ချန်ရွှင်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။ နန်ဒုတောင် ခရီးစဉ်ကြောင့် သူ ယခုအခါ အရာများစွာကို သင်ယူချင်စိတ် ဖြစ်ပေါ်နေသည်။

ချန်ရွှင်၏ ချုံခိုဝတ်စုံ ပဲ ဖြစ်ဖြစ် သူတို့၏ တွင်းတူးခြင်းပဲ ဖြစ်ဖြစ် ဓားပျံစီးပြီး ထွက်ပြေးသည့် နည်းစနစ်ပဲ ဖြစ်ဖြစ် အားလုံးသည် နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော အတွေ့အကြုံများနှင့် အရှိတရား၏ သင်ကြားပေးမှုများသာ ဖြစ်သည်။ လက်တွေ့တိုက်ပွဲတွင် ဤအတွေ့အကြုံများကိုအသုံးချကြရမည်။

သူတို့၏ ခြေလှမ်းတိုင်းသည် ခိုင်မာပြီး ပြည့်စုံလှသည်။

အချိန်များသည် ချန်ရွှင်၏ နေ့စဉ် မှတ်တမ်းရေးသားခြင်းဖြင့် ကုန်ဆုံးသွားပြီး နွားနက်ကြီးသည်လည်း နေ့စဉ် စိတ်အားထက်သန်စွာဖြင့် နားထောင်နေတတ်သည်။ သူတို့၏ ခရီးစဉ်သည် ယခုမှ စတင်ခြင်း ဖြစ်သည်။

ထိုနေ့တွင်...

နန်ဒုတောင်သည် ငလျင်လှုပ်သကဲ့သို့ ရုတ်တရက် တုန်ခါသွားလေသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ချုံခိုဝတ်စုံများ ပျက်စီးသွားပြီ ဖြစ်သည်။ ဆေးဂိုဏ်း၏ မြေပုံနှင့် အခြားပစ္စည်းများကို တစ်ခုမျှ မယူဆောင်တော့ဘဲ ဒဏ်ရာအပြင်းအထန် ရရှိထားသကဲ့သို့ တစ်ယောက်ကိုတစ်ယောက် တွဲကူလျက် သေလုမျောပါး ပုံစံ ဖမ်းထားလိုက်ကြသည်။

“နွားကြီး... သွားမယ် အိမ်ပြန်ကြစို့”

“မွန်း...”

ချန်ရွှင်သည် နွားနက်ကြီးကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ အလင်းတန်းများစွာသည် အရပ်မျက်နှာ အသီးသီးသို့ ကျဆင်းလာပြီး ချန်ရွှင်နှင့် နွားနက်ကြီးကို လွှမ်းခြုံသွားလေသည်။ သူတို့၏ မျက်နှာတွင် နာကျင်သော အမူအရာများ ပေါ်လာပြီး ဟင်းလင်းပြင် စွမ်းအားတစ်ခု ရောက်ရှိလာကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုနေရာမှ ပျောက်ကွယ်သွားကြလေသည်။

နန်ဒုတောင် ခရီးစဉ်သည် ဤနေရာ၌ပင် အပြီးတိုင် ပြီးဆုံးသွားခဲ့လေပြီ။

......

ဂိုဏ်းအသီးသီး၏ စုရပ်နေရာများသို့ တပည့်များ ဆက်တိုက် ရောက်ရှိလာကြသည်။ အချို့က ဝမ်းသာအားရ ဖြစ်နေကြပြီး အချို့က ဒေါသထွက်နေကြသည်။ အချို့မှာ စိတ်ဓာတ်ကျနေကြပြီး အချို့မှာ ဒဏ်ရာအပြင်းအထန် ရရှိကာ ကိုယ်လက်အင်္ဂါများ ပျက်စီးနေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ စုရပ်အသီးသီးမှ ငိုကြွေးသံများ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လွန်ခဲ့သော ခြောက်လခန့်က စိတ်အားထက်သန်ခဲ့သော ပုံရိပ်များ မရှိတော့ဘဲ ဘေးဒုက္ခမှ လွတ်မြောက်လာခြင်းအတွက် ဝမ်းသာနေကြခြင်းသာ အများစု ရှိတော့သည်။

ဤတစ်ကြိမ် နန်ဒုတောင် ခရီးစဉ်တွင် ထိပ်သီးဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် အကြီးအကျယ် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး နှစ်ကာလများစွာအတွင်း အဆိုးရွားဆုံးဟု ဆိုရပေမည်။ နန်ဒုတောင် အတွင်း၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်ဟု ကြားသိရသည်။ ဝေဆန်းသည် ဝူယွင်ဂိုဏ်း၏ စုရပ်တွင် ရပ်လျက် လူအရေအတွက်ကို ရေတွက်နေသည်။ ဤတစ်ကြိမ်တွင် လူတစ်ရာကျော် အသက်ရှင် ကျန်ရစ်ခဲ့သည်မှာ သူမျှော်လင့်ထားသည်ထက် များပြားနေပေသည်။ ကွင်းပြင်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဒဏ်ရာဗရပွဖြင့် တစ်ယောက်ကိုတစ်ယောက် မှီထိုင်နေကြသည်။ သွေးများ စီးကျနေဆဲ ဖြစ်သည်။ သူသည် တစ်နေရာသို့ လှမ်းကြည့်လိုက်ရာ ဂျိခွန် အသက်ရှင်လျက် ပြန်ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် မျက်ဝန်းထဲတွင် စိတ်သက်သာရာရသွားသော အရိပ်အယောင်များ ပေါ်လာလေသည်။

သို့သော် ဂျိခွန်၏ မျက်နှာမှာ ညှိုးငယ်နေပြီး ချန်ရွှင်ကို တစ်ချက်သာ ကြည့်ကာ အဝေးသို့ ငေးငိုင်နေလေသည်။ စိတ်ထဲတွင် လေးလံသော ကိစ္စများ ရှိနေပုံရသည်။

“ဒီနေရာက ကြာကြာနေလို့ မကောင်းဘူး လင်ယုန်စိမ်းပေါ်မှာပဲ ဒဏ်ရာ ကုသကြတော့”

ဝေဆန်းသည် ဆေးပုလင်းအချို့ ထုတ်ယူကာ ဒဏ်ရာရ တပည့်များကို ဝေငှပေးလိုက်သည်။ ချန်ရွှင်ပင်လျှင် ဆေးတစ်လုံး ရရှိလိုက်သည်။

ဆေးရရှိပြီးနောက် သူ၏ မျက်ဝန်းထဲတွင် ဂိုဏ်းအတွက် အသက်ပေးလှူရန် ဝန်မလေးသော သစ္စာရှိမှုများ ပြည့်နှက်နေသဖြင့် ဝေဆန်းပင်လျှင် ချန်ရွှင်ကို နှစ်ခါပြန် ကြည့်လိုက်မိသည်။ ဝေဆန်းသည် တပည့်များကို ယခုချက်ချင်း ဆေးပင်ထုတ်ခိုင်းပြီး အနီးနားရှိ ဂိုဏ်းများနှင့် ယှဉ်ပြိုင်ကာ ကြွားလုံးထုတ်မည့်သူ မဟုတ်ပေ။ ဤသည်မှာ စွန့်လွှတ်အနစ်နာခံခဲ့ကြသော တပည့်များအတွက် သူပေးနိုင်သည့် တစ်ခုတည်းသော လေးစားမှု ဖြစ်သည်။

ဝူယွင်ဂိုဏ်း သာမက ထိပ်သီးဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ ရွှေအမြူတေအဆင့် ကျင့်ကြံသူများပင်လျှင် ဆေးပင် အရေအတွက်ကို စိတ်မဝင်စားကြဘဲ မိမိတို့ ဂိုဏ်းသားများ၏ ထိခိုက်သေဆုံးမှုကိုသာ စိတ်ပူနေကြသည်။ ဝူယွင်ဂိုဏ်း စုရပ်အတွင်းရှိ အားလုံးသည် ဝိညာဉ်လက်နက်များကို နင်းလျက် လင်ယုန်စိမ်းပေါ်သို့ တိတ်ဆိတ်စွာ တက်ရောက်လိုက်ကြသည်။

မည်သူမျှ စကားမပြောကြပေ။ သူတို့၏ ခန္ဓာကိုယ်များတွင် သတ်ဖြတ်ခြင်းအရှိန်အဝါများ ပိုမို များပြားလာပြီး မျက်ဝန်းများထဲတွင် စိမ်းကားမှုနှင့် သတိထားမှုများ ပါဝင်နေသည်။ နန်ဒုတောင်၏ အဖြစ်အပျက်များမှ ရုန်းမထွက်နိုင်ကြသေးသည့်အလား သူတို့ ထိုင်နေသော နေရာများသည် တစ်ယောက်နှင့်တစ်ယောက် အလွန် ဝေးကွာနေကြသည်။

လင်ယုန်စိမ်းသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဝူယွင်ဂိုဏ်း ရှိရာအရပ်သို့ ဦးတည်ကာ ပျံသန်းသွားလေသည်။

လာစဉ်က လင်ယုန်စိမ်း ငါးကောင်နှင့် လူအပြည့်ပါလာခဲ့ပြီး အားလုံးသည် ရည်မှန်းချက် ကြီးမားကာ တက်ကြွပျော်ရွှင်စွာ စကားပြောဆိုခဲ့ကြသည်။ သို့သော် ယခုအခါ လင်ယုန်စိမ်း တစ်ကောင်တည်းနှင့်ပင် ပြန်ခေါ်ရန် လုံလောက်နေသကဲ့သို့ ရှိသည်။ သူတို့ ရင်းနှီးခဲ့သော မျက်နှာများ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ မိစ္ဆာသားရဲများ (သို့မဟုတ်) အခြားဂိုဏ်းမှ တပည့်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသည်။ လင်ယုန်စိမ်းပေါ်တွင် လေးလံထိုင်းမှိုင်းသော အခြေအနေက လွှမ်းခြုံထားသည်။

ချန်ရွှင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ရင်ထဲမှ ပျော်ရွှင်မှုများ လုံးဝ ပျောက်ကွယ်သွားသည်။ သူသည် သံဝေဂ မယူချင်ပေ။ အဘယ်ကြောင့်ဆိုသော် မည်မျှပင် သံဝေဂရရ ဤရက်စက်သော အမှန်တရားကို ပြောင်းလဲနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

“မွန်း...”

နွားနက်ကြီးသည် တိုးညှင်းစွာ အော်မြည်ရင်း ချန်ရွှင်၏ ကိုယ်ပေါ်သို့ မှီတွယ်လိုက်သည်။

ချန်ရွှင်သည် နွားနက်ကြီး၏ ဦးခေါင်းကို ဖက်ထားပြီး တိုးတိုးလေး နှစ်သိမ့်ပေးနေလိုက်သည်။

“ဝိညာဉ်ဆေးပင်တွေကို အားလုံးရှေ့မှာ ထုတ်ထားပေးကြပါ ငါ စားရင်းသွင်းရဦးမယ်”

ဝေဆန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ အနှစ် (၂၀) တိုင်း ပြန်လာသော တပည့်များ၏ ထက်ဝက်သည် သုံးစားမရ ဖြစ်သွားတတ်ပြီး ကျန်ထက်ဝက်သည် ဤအတွေ့အကြုံကြောင့် တိုးတက်လာတတ်ကြသည်။

“ဟုတ်ကဲ့ပါ တောင်ပိုင်”

အားလုံးက ပြန်ထူးလိုက်ကြပြီး သိုလှောင်အိတ်များကို ပုတ်လိုက်ကြသည်။ ဂိုဏ်းက ဝိညာဉ်ဆေးပင်များကိုသာ လိုချင်ပြီး ကျန်ပစ္စည်းများကို မိမိဘာသာ ယူဆောင်ခွင့် ရှိသည်။

“အကယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးအတွက် အဓိကဆေးပင်သုံးမျိုးကို ရှာတွေ့ခဲ့မယ်ဆိုရင် ဂိုဏ်းအကျိုးပြုအမှတ်အပြင် နောက်တစ်သုတ်ထုတ်မယ့် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံးကို အပိုဆုအဖြစ် ရရှိလိမ့်မယ် စည်းကမ်းတွေကို မင်းတို့ သိပြီးသား နေမှာပါ ဒီကိစ္စကို ငါ အာမခံတယ်”

ဝေဆန်း၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူတို့ကို စစ်ဆေးမည့် ပုံစံ လုံးဝ မပြပေ။ မျက်ဝန်းထဲတွင် ယုံကြည်မှုများ အပြည့်ရှိနေသည်။

စကားဆုံးသည်နှင့် လူအချို့က အဓိကဆေးပင် သုံးပင်ကို ထုတ်လိုက်ကြရာ ချန်ရွှင် အပါအဝင် အားလုံးအံ့ဩသွားကြသည်။ တော်လိုက်ကြတာ။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ အကြည့်ချင်း ဆုံလိုက်ကြသည်။ အဓိကဆေးပင်များသည် ရှေးဟောင်းခန်းမဆောင် သုံးခုတည်းတွင် ရှိသည် မဟုတ်ဘဲ အခြားနေရာများတွင်လည်း ရှိပုံရသည်။ သို့သော် သူတို့ကတော့ အခက်ခဲဆုံးငရဲခန်းအဆင့်ဖြစ်သည့် အလုံခြုံဆုံးနေရာကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ဂျိခွန်၏ မျက်နှာမှာ နာကျင်နေသည်။ သူသည် အဓိကဆေးပင် တစ်ပင်တည်းသာ ထုတ်ပေးနိုင်ခဲ့သည်။ ထို့နေ့က ထိုသူသာ ကယ်တင်မပေးခဲ့လျှင် သူ နန်ဒုတောင်တွင် အသက်ပျောက်ခဲ့ရပြီ ဖြစ်သည်။

အခန်း (၅၈)

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည်လည်း သိုလှောင်အိတ်ထဲမှ ဝိညာဉ်ဆေးပင် အားလုံးကို ထုတ်ပေးလိုက်ကြသည်။ အနည်းငယ်မျှပင် ချန်လှပ်ထားခြင်း မရှိပေ။

“အဓိကဆေးပင် သုံးပင် မပြည့်ခဲ့ရင်လည်း စိတ်ဓာတ်မကျကြနဲ့ နောက်တစ်ကြိမ်အတွက် စုဆောင်းထားလို့ ရတယ် ဂိုဏ်းအကျိုးပြုအမှတ်လည်း ရဦးမှာပဲ”

ဝေဆန်းသည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး မျက်လုံးများ အရောင်တောက်သွားကာ လူအုပ်ကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်သည်။

“ငါ အားလုံးကို မှတ်တမ်းတင်ထားမယ် ဂိုဏ်းက မင်းတို့ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး”

“ဂိုဏ်းက မင်းတို့ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး” ဆိုသော စကားတစ်ခွန်းကြောင့် လူအများအပြား၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ ပြန်လည် တောက်လောင်လာပြီး စိတ်လှုပ်ရှားသွားကြသည်။ ဤတစ်ကြိမ်တွင် သူတို့ အတွေ့အကြုံ ရရှိခဲ့ပြီ ဖြစ်ရာ နောက်ထပ် အနှစ် (၂၀) ကြာလျှင် အခွင့်အရေး ရှိလာဦးမည် ဖြစ်သည်။

သို့သော် ချန်ရွှင်နှင့် နွားနက်ကြီးတို့မှာမူ တစ်ကိုယ်လုံး တုန်ရီသွားကြသည်။ ဤတောင်ပိုင်ဝေဆန်းက ပါးစပ်ကသာ မစစ်ဆေးဘူး ပြောနေသော်လည်း မူလစွမ်းအင် ၏ အာရုံခံနိုင်စွမ်းအရ စောစောက သူတို့ကို တစ်ကိုယ်လုံး နှံ့စပ်အောင် စစ်ဆေးသွားကြောင်း သိလိုက်ရသည်။ တော်သေးသည်က မည်သူမျှ မခိုးဝှက်ရဲကြဘဲ ရိုးသားနေကြခြင်းပင်။

သူနှင့် နွားနက်ကြီးက အရိုးသားဆုံး ဖြစ်ပြီး ဂိုဏ်းအတွက် အများဆုံး ပံ့ပိုးပေးခဲ့ကြသည်။ အခြားသူများကမူ ထိုစစ်ဆေးမှုကို သတိမထားမိကြဘဲ ဝေဆန်း၏ စကားကိုသာ အသေအချာ နားထောင်နေကြသည်။

“မင်းတို့ရဲ့ အမှတ်သွင်းတံဆိပ်ပြား တွေကို ထုတ်လိုက်ကြ”

ဝေဆန်းသည် တည်ငြိမ်စွာပင် လက်ချောင်းများမှ ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ မြေပြင်ပေါ်ရှိ အားလုံး၏ ဝိညာဉ်ဆေးပင်များသည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်သွားလေသည်။

“ဂိုဏ်းက အတည်ပြုပြီးတာနဲ့ အကျိုးပြုအမှတ်တွေက အစစ်အမှန် ဖြစ်လာလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

အားလုံး လက်သီးဆုပ်ဦးညွှတ်ကာ အရိုအသေပြုလိုက်ကြပြီး တံဆိပ်များပြားကို ထုတ်လိုက်ကြသည်။

ဝေဆန်းသည် လူတိုင်း၏ ဆေးပင် အမျိုးအစားနှင့် သက်တမ်းအပေါ် မူတည်ပြီး ခန့်မှန်းတန်ဖိုးများကို တွက်ချက်ထားပြီး ဖြစ်သည်။

လူတစ်ရာကျော်သည် မိမိတို့၏ တံဆိပ်ပြားများပေါ်တွင် ဂဏန်းများ ပေါ်လာသည်ကို တွေ့လိုက်ကြရသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။ အကျိုးပြုအမှတ်က ၆၆၆၆ ဖြစ်နေသည်။

သို့သော် သူတို့ ခူးယူခဲ့သော ဆေးပင် အများစုမှာ ဆေးဖော်ရန် လိုအပ်သည့် သက်တမ်း အတိအကျလောက်သာ ရှိပြီး နှစ် (၃၀၀) အောက်များသာ ဖြစ်သည်။ သို့မဟုတ်လျှင် ဤထက် ပိုရနိုင်ပေသည်။

[ တင်... စွမ်းရည်မှတ် ပေါင်းထည့်နိုင်ပါသည် ]

လင်ယုန်စိမ်းပေါ်တွင် ရှိနေစဉ် ချန်ရွှင်၏ ခေါင်းထဲ၌ စနစ်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ကျယ်လောင်စူးရှသော လင်းယုန်အော်သံများ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ ချန်ရွှင်သည် ဝိညာဉ်စွမ်းအား ကဏ္ဍတွင် အမှတ်ဆက်ထည့်လိုက်သည်။ သူတို့သည် ဝူယွင်ဂိုဏ်း ရှိရာသို့ ဦးတည်ပျံသန်းရင်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြလေသည်။

နောက်ထပ် လဝက်ခန့် ကြာပြီးနောက်...

လူတစ်စုသည် ဖုန်မှုန့်များ ပေကျံလျက် ဝူယွင်ဂိုဏ်းသို့ ပြန်လည် ရောက်ရှိလာကြသည်။ လူအများအပြား၏ မျက်ဝန်းထဲတွင် စိတ်သက်သာရာရသွားသော အရိပ်အယောင်များ ပေါ်လာသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဖက်ထားရင်း အောက်ဘက်ရှိ ကြီးကျယ်ခမ်းနားသော တောင်တန်းကြီးများကို ကြည့်ကာ မျက်ဝန်းထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသည်။ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ။

ဂိုဏ်းချုပ် ခန်းမဆောင်ကြီး၏ ရှေ့တွင် လူအချို့ စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ သူတို့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

လင်ယုန်စိမ်း မြေပြင်သို့ သက်ဆင်းပြီးနောက် လူများကို အားပေးစကား အနည်းငယ် ပြောကြားပြီး ဝေဆန်းနှင့် အခြားသူများ ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့ကို အထူးတလည် ဂရုစိုက်ခြင်း မရှိပေ။

အားလုံး၏ ရင်ထဲတွင် ဟာတာတာ ဖြစ်သွားကြသည်။ မိမိတို့သည် သိပ်အရေးမပါပါလားဟု တွေးမိကြသည်။ ဂိုဏ်းတူဦးလေးများ၏ ဦးဆောင်မှုဖြင့် တောင်အောက်သို့ ဆင်းလာခဲ့ကြသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နောက်ဆုံးမှ လိုက်ပါလာပြီး ဂိုဏ်းချုပ်တောင်ထိပ်၏ ရှုခင်းများကို လိုက်လံကြည့်ရှုကာ ချီးကျူးအံ့သြနေကြသည်။ အာရုံတစ်ခုလုံး ရှုခင်းအပေါ် ရောက်နေသဖြင့် အခြားအရာများကို မတွေးမိကြပေ။

သို့သော် ဂျိခွန် ပြန်ရောက်လာပြီးနောက် စိတ်နေသဘောထား အကြီးအကျယ် ပြောင်းလဲသွားပုံရသည်။ ချန်ရွှင်နှင့်လည်း အတော်လေး ခပ်တန်းတန်းဖြစ်သွားသည်။ ချန်ရွှင်ကလည်း သွားရောက်မနှောင့်ယှက်တော့ပေ။ လူတိုင်းတွင် ကိုယ်ပိုင် လျှောက်လှမ်းရမည့် လမ်းစဉ် ရှိကြသည် မဟုတ်ပါလား။

တောင်အောက်သို့ ရောက်သောအခါ အားလုံး ဓားပျံစီးကာ မိမိတို့ နေအိမ် အသီးသီးသို့ ထွက်ခွာသွားကြသည်။ စကားတစ်ခွန်းမျှ မပြောကြတော့ပေ။

“နွားကြီး... သွားစို့”

ချန်ရွှင် ပြုံးလိုက်ပြီး သိုလှောင်အိတ်ထဲမှ ဓားပျံကို ထုတ်ကာ နွားနက်ကြီးကို တင်ဆောင်လျက် ရေပူစမ်းဆေးဥယျာဉ်သို့ ထွက်ခွာလာခဲ့သည်။

......

ရေပူစမ်းဆေးဥယျာဉ်ထဲတွင် အလွန်ချောမောလှပသော မိန်းမပျိုလေး တစ်ဦးသည် ဝိညာဉ်ဆေးပင်များကို ဂရုတစိုက် ပြုစုပျိုးထောင်နေသည်။ သူမသည် အသက် (၁၆) (၁၇) နှစ်အရွယ်ခန့် ရှိပြီး အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ပန်းပွင့်လေးပမာ ပြုံးရွှင်နေသည်။

သူမသည် နှုတ်ခမ်းကို စေ့ထားပြီး မျက်ခုံးမွှေးများမှာ မင်နှင့်ရေးဆွဲထားသကဲ့သို့ လှပကာ မျက်ဝန်းများမှာ ကြည်လင်တောက်ပလျှက်ရှိသည်။ တောင်ကြားထဲရှိ လိပ်ပြာများကို ပြုံးရွှင်စွာ ကြည့်ရှုနေပြီး မျက်ဝန်းထဲတွင် နူးညံ့သိမ်မွေ့မှုနှင့် ဖြူစင်မှုများ ပြည့်နှက်နေသည်။

သူမအမည်မှာ လျိုယွမ် ဖြစ်သည်။ ဆေးဋ္ဌာနမှ တပည့်တစ်ဦး ဖြစ်ပြီး ငယ်စဉ်ကတည်းက ဝူယွင်ဂိုဏ်းသို့ ရောက်ရှိလာကာ ဆေးပင်များကို တာဝန်ယူ စောင့်ရှောက်ရသူ ဖြစ်သည်။ ယခုအခါ ချီသန့်စင်ခြင်း (၇) ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ဂျူနီယာညီမလေး လျိုယွမ်ရေ... ငါတို့ ပြန်ရောက်ပြီဟေ့... ဟားဟား...”

နားကွဲမတတ် ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာသည်။ လျိုယွမ် ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။

“စီနီယာအစ်ကို ချန်ရွှင် နွားနက်ကြီး... ပြန်ရောက်လာကြပြီပဲ”

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ခေါင်းမော့ကာ သွားဖုံးများ ပေါ်သည်အထိ ရယ်မောလျက် တစ်လှမ်းချင်း လျှောက်လှမ်းလာကြသည်။

“ဂျူနီယာညီမလေး လျိုယွမ်... ဒီခြောက်လအတွင်း ပင်ပန်းသွားပြီ ဒါပေမဲ့ ငါတို့ ပြောထားတဲ့အတိုင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀) နော်”

ချန်ရွှင်က လေးနက်စွာ ပြောလိုက်သည်။ လျိုယွမ်သည် လွန်ခဲ့သော နှစ်နှစ်က ရေပူစမ်းဆေးဥယျာဉ်ရှိ ဆေးပင်အရေအတွက်ကို လာရောက်စစ်ဆေးစဉ်က ခင်မင်ခဲ့သူ ဖြစ်သည်။ ဆေးပင်များနှင့် ပတ်သက်၍ ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်။ သူတို့ကလည်း ဤနေရာကို စွန့်လွှတ်ချင်စိတ် မရှိသဖြင့် လျိုယွမ်ကို စောင့်ရှောက်ခိုင်းထားခြင်း ဖြစ်သည်။ ဆေးပင်များ၏ ကြီးထွားမှုကို ကြည့်ခြင်းအားဖြင့် သူတို့ကို စိတ်ပျက်စေခြင်း မရှိခဲ့ပေ။

“စီနီယာအစ်ကို... အစ်ကိုက ရေပူစမ်းဆေးဥယျာဉ်ကို သိပ်ကောင်းကောင်း ပြုပြင်ထားတာ ညီမက ဘာမှ သိပ်လုပ်ရတာ မဟုတ်ပါဘူး (၁၀)... (၁၀) တုံး ပေးရင် ရပါပြီ”

လျိုယွမ်၏ မျက်နှာလေး ရဲတက်လာသည်။ သူမက ဤမျှ အများကြီး မယူရဲပေ။ အစတုန်းက ချန်ရွှင် စနောက်ပြီး ပြောသည်ဟုသာ ထင်မှတ်ခဲ့သည်။

“မွန်း...”

နွားနက်ကြီးက သူမဘေးသို့ လျှောက်သွားပြီး လျိုယွမ်၏ လက်ကို ပွတ်သီးပွတ်သပ် လုပ်ကာ ယူလိုက်ပါဟု ပြောနေသည်။

“ညီမလေး... အချိန်တွေက ကုန်လွယ်တယ် ခြောက်လအတွက် ဝိညာဉ်ကျောက်တုံး (၃၀) ဆိုတာ ငါ မရှုံးပါဘူး”

ချန်ရွှင်က လေးနက်စွာ ပြောလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀) ကို ထုတ်ပေးလိုက်သည်။

လျိုယွမ် မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး လက်သီးဆုပ်ထားသည်။ သူမက နေ့တိုင်း လာကြည့်ပြီး ရေဝိဉာဉ်ပညာလေး သုံးပေးရုံသာ ရှိသည်။ ဤမျှ ငွေပမာဏ များပြားလွန်းသဖြင့် မယူထိုက်ဟု ထင်နေသည်။ ဤနေရာ၏ အခြေခံက သိပ်ကောင်းလွန်းနေသည်။

“စီနီယာအစ်ကို ချန်ရွှင်...”

“နောက်တစ်ခါ ငါတို့ ခရီးထွက်ရင် ညီမလေးပဲ လာဦးမလား ဒီတစ်ခါတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ခံပေးပါနော်”

“ဟုတ်ကဲ့”

လျိုယွမ် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ နောက်တစ်ကြိမ်ကျရင်တော့ စီနီယာအစ်ကိုနဲ့ ဝိညာဉ်ကျောက်တုံး ကိစ္စ မပြောတော့ဘူးဟု စိတ်ထဲတွင် တွေးလိုက်သည်။

“ညီမလေး... မြန်မြန်သွားပြီး အလုပ်လုပ်ချေ ငါတို့ ပစ္စည်းတွေ သိမ်းဆည်းလိုက်ဦးမယ်”

ချန်ရွှင်က ပြုံးလျက် ပြောလိုက်သည်။ ရေပူစမ်းဆေးဥယျာဉ် (ဆေးပင်တောင်ကြားကို အမည်ပြောင်းထားပါသည်ခင်ဗျာ) ကို ကြည့်ကာ စိတ်ချမ်းသာနေသည်။

“ဟုတ်ကဲ့ ဒါဆို ညီမ သွားတော့မယ်နော်”

လျိုယွမ်၏ ငွေဆည်းလည်းကလေးများကဲ့သို့ ကြည်လင်သော ရယ်သံလေး ထွက်ပေါ်လာသည်။ ရေပူစမ်းဆေးဥယျာဉ်၏ အရန်ကျောက်စိမ်းတံဆိပ်ပြားကို ပြန်ပေးလိုက်ပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီးကို လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

“ဟူး... လုံခြုံသွားပြီ”

ချန်ရွှင် လက်နောက်ပစ်ကာ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

“နွားကြီး... ငါတို့လည်း အလုပ်စကြစို့”

“မွန်း မွန်း...”

နွားနက်ကြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ သူတို့ ယခုနှစ်အတွက် ရေပူစမ်းဆေးဥယျာဉ် အကျိုးပြုအမှတ်ကို မအပ်ရသေးပေ။ အကျိုးပြုအမှတ် ခြောက်ထောင် ရထားသော်လည်း အလဟဿ အဖြစ်မခံနိုင်ပေ။

ဝုန်း... ဝုန်း...

ချန်ရွှင် ဓားပျံစီးကာ ရေတံခွန် ဗဟိုဧရိယာသို့ ပျံသန်းသွားသည်။ ရေစီးကြောင်းကြီးက အဆက်မပြတ် ရိုက်ခတ်နေသော်လည်း ဝိဉာဉ်စွမ်းအား အကာအကွယ်ကြောင့် ဘေးသို့ ကွဲထွက်သွားသည်။

“တော်တော် ပြင်းထန်တာပဲ”

ချန်ရွှင် ခေါင်းမော့ကာ အပေါ်သို့ ကြည့်လိုက်သည်။ ရေစီးကြောင်းသည် တန်ချိန်ထောင်ချီ လေးလံသကဲ့သို့ အကာအကွယ်ကို ရိုက်ခတ်နေသဖြင့် ခန္ဓာကိုယ်ထဲမှ ဝိဉာဉ်စွမ်းအားများ အဆက်မပြတ် ကုန်ဆုံးနေသည်။

ဒေါင်... ဒေါင်...

ချန်ရွှင် ခါးကြားမှ တောင်ဖြိုပုဆိန်ကို ထုတ်လိုက်သည်။ စည်းချက်ကျသော ထိုးခုတ်သံများ ထွက်ပေါ်လာသော်လည်း အဝေးရှိ နွားနက်ကြီးမှာမူ လုံးဝ မကြားရပေ။ ရေတံခွန် ကျဆင်းသံများက ဖုံးလွှမ်းထားသောကြောင့် ဖြစ်သည်။ နွားနက်ကြီးသည် ဂူအတွင်းအပြင် လျှောက်ပြေးကာ ပစ္စည်းများ သိမ်းဆည်းနေသည်။ သိမ်းဆည်းပြီးနောက် ဆေးပင်များကို စစ်ဆေးကာ ယခုနှစ် အပ်နှံရမည့် ပမာဏကို ပြင်ဆင်လိုက်သည်။ ထို့နောက် သူ့အတွက် ထောင်ချောက်ငယ်လေးများကို သွားရောက် ပြင်ဆင်လေတော့သည်။

ငါးရက် ကြာပြီးနောက်...

ချန်ရွှင်၏ အမှတ်သွင်းတံဆိပ်ပြားသည် နောက်ဆုံးတွင် အစစ်အမှန် ဖြစ်လာပြီး (၆၆၆၆) အမှတ် တိတိ ရရှိလေသည်။ သူသည် နွားနက်ကြီးကို ခေါ်ဆောင်ကာ ဂိုဏ်းချုပ်ခန်းမဆောင်သို့ သွားရောက်ပြီး ဆေးပင်များ အပ်နှံကာ အမှတ် (၂၀၀) ရယူလိုက်သည်။

“နွားကြီး... အဲဒီနေရာက တော်တော် ခုတ်ရခက်တယ် ငါ့ရဲ့ တောင်ဖြိုပုဆိန် နှစ်လက်တောင် ကျိုးသွားပြီ”

ချန်ရွှင်၏ မျက်နှာမှာ အတော်လေး ဆိုးရွားနေသည်။ အကယ်၍ လက်သီးဖြင့် ထိုးခွဲမည် ဆိုပါက အခြားသူများသိသွားနိုင်သည်။

“မွန်း... မွန်း မွန်း...”

“လက်နက်ပြုလုပ်ခြင်းပညာကို သွားသင်မှ ရမယ် ငါတို့ဆီမှာ အကျိုးပြုအမှတ်တွေ များတယ်လေ ကုန်ကြမ်းပစ္စည်းတွေ သွားလဲကြမယ် သံအဆီအနှစ် ဆိုတာ အဝါရောင်အဆင့် လက်နက်တွေ လုပ်တဲ့ ကုန်ကြမ်းပဲ”

ချန်ရွှင် လမ်းလျှောက်ရင်း စိတ်လေးနေသည်။ လမ်းပြပေးမည့် ဆရာမရှိသဖြင့် လက်နက်ပြုလုပ်ခြင်းပညာ စာအုပ်များကို ဖတ်ရှုကာ ကိုယ့်ဘာသာ လေ့လာရပေမည်။ ကုန်ကြမ်းပစ္စည်းများကို မဖြုန်းတီးမိပါစေနဲ့ဟုသာ ဆုတောင်းရမည်။

“မွန်း...”

နွားနက်ကြီး ခေါင်းညိတ်လိုက်ပြီး ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။ သူတို့မှာ သင်ယူဖို့ အချိန်မရှိတာ မဟုတ်ဘဲ သင်စရာ ပညာမရှိမှာကိုသာ ကြောက်ရသည်။

ချန်ရွှင် အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

“နွားကြီး... တကယ်လို့ ငါ ကုန်ကြမ်းတွေ ဖြုန်းတီးမိပြီး ငါတို့ အကျိုးပြုအမှတ်တွေ အကုန်ပါသွားရင် မင်း ငါ့ကို အပြစ်မတင်နဲ့နော်”

နွားနက်ကြီးက ချန်ရွှင်ကို အထင်းသေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဘာကြောက်စရာ ရှိလို့လဲ။

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဂိုဏ်းအကျိုးပြု ခန်းမဆောင်သို့ သွားရောက်ကြသည်။ ဝင်သွားစဉ်က ပြုံးရွှင်နေကြသည်။ အကျိုးပြုအမှတ် (၇၀၀၀) နီးပါး ရှိနေသည် မဟုတ်ပါလား။ ဤလောကတွင် မရနိုင်သော အရာ မရှိတော့ပေ။

ပြန်ထွက်လာသောအခါ အပြုံးများ ပျောက်ဆုံးသွားကြသည်။ ပျော်ရွှင်မှုဆိုသည်မှာ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းသွားခြင်းသာ ဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ဂိုဏ်းတူဦးလေး၏ မျက်နှာပေါ်သို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။

“အင်း... မဆိုးဘူး အကျိုးပြုအမှတ် တစ်ထောင်တောင် ရှိတာပဲ”

“ဟေ... ကောင်လေး မင်းက တော်တော် တော်တာပဲ အကျိုးပြုအမှတ် သုံးထောင်တောင် ရှိတယ်ဟေ့”

“ဟာ... နောင်လာမယ့် လူငယ်လေးတွေက ကြောက်စရာ ကောင်းလိုက်တာ အကျိုးပြုအမှတ် ငါးထောင်တောင် ရှိတယ် ဟားဟား...”

ချန်ရွှင် ခေါင်းတစ်ခုလုံး မူးဝေနေသည်။ ဂိုဏ်းတူဦးလေး၏ ချီးကျူးစကားများကြားတွင် မိမိကိုယ်မိမိ ပျောက်ဆုံးသွားပြီး ပစ္စည်းအမြောက်အမြား လဲလှယ်မိလိုက်သည်။

နွားနက်ကြီး နှာမှုတ်သံ နှစ်ချက် ပြင်းပြင်းထန်ထန် ပြုလိုက်သည်။ ချန်ရွှင်ကို သူဆွဲ၍မရတော့။ ငွေကိုရေလိုသုံးနေသည်။ သူသာ အနောက်ကနေ ခေါင်းနဲ့ အတင်း မဝှေ့ခဲ့လျှင် အကုန် သုံးပစ်တော့မည့် ပုံပင်ရှိသည်။

All Chapters