← Chapters

အခန်း (၅၉-၆၀)

Vol. 3 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 3 Ch. 59-60

အခန်း (၅၉) အေးချမ်းသော ဘဝနေထိုင်မှု

“နွားကြီး... မင်းက ဘာလောနေတာလဲ ငါ မင်းအတွက် အခြေခံ အစီအရင် ပေါင်းချုပ်ကျမ်း လဲပေးခဲ့တယ်လေ”

ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲထားရင်း ခေါင်းကို ခပ်ဆတ်ဆတ်လေး ရိုက်ထည့်လိုက်သည်။ အစောပိုင်းက အဝှေ့ခံလိုက်ရသည်မှာ ယခုထိ အောင့်နေတုန်းပင်။

“မွန်း... မွန်း မွန်း...”

နွားနက်ကြီးသည် ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်ရင်း မျက်လုံးထဲတွင် ဝမ်းသာမှုများဖြစ် ပေါ်လာသည်။

“အခြေခံ လက်နက်ပြုလုပ်ခြင်းပညာ၊ အခြေခံ ဓာတ်ငါးပါး ကိုယ်ဖော့ပညာ၊ အခြေခံ အစီအရင် ပေါင်းချုပ်ကျမ်း၊ အခြေခံ အဆောင်ရေးဆွဲခြင်း ပေါင်းချုပ်ကျမ်း၊အခြေခံရတနာ ပေါင်းချုပ်ကျမ်း...”

ချန်ရွှင် ရယ်မောလိုက်သည်။ ဤအရာများသည် အခြေခံဖြစ်သော်လည်း အပြင်လောကတွင် ဝယ်ယူ၍ မရနိုင်ပေ။ အင်အားစုများ၏ လျှို့ဝှက်ချက်များ အမွေအနှစ်များ ဖြစ်ကြသည်။ ဂိုဏ်းကသာ တပည့်များကို လဲလှယ်ခွင့် ပေးခြင်း ဖြစ်သည်။ ထို့အပြင် သံအဆီအနှစ် လေးတုံး၊ အဝါရောင်အဆင့် အလယ်အလတ် လက်နက်လုပ်သည့် မီးဖို၊ အဆောင်ရေးဆွဲရန် မင် ၊ စက္ကူ ၊ စုတ်တံ စသည်တို့ကိုလည်း ရရှိခဲ့သည်။

နွားနက်ကြီးကလည်း စိတ်ကူးယဉ်နေသည်။ အစီအရင် ပညာတတ်မြောက်ပြီးနောက် ထိပ်သီးကျင့်ကြံသူများကဲ့သို့ အစီအရင် တစ်ခုတည်းနှင့် တောင်တစ်ခုလုံးကို ဆီးလ်ခတ်ပစ်မည်။ ဟားဟား...

သူတို့ စိတ်ကူးယဉ်နေကြစဉ်...

ဘုန်း... ဘုန်း...

အသံခပ်အုပ်အုပ် နှစ်ချက် ထွက်ပေါ်လာသည်။ သစ်ပင်ကြီးတစ်ပင် ယိမ်းထိုးသွားပြီး သစ်ရွက်များ တဖွဲဖွဲ ကြွေကျလာသည်။

“အား... နာလိုက်တာ ဒီသစ်ပင်က ဘာဖြစ်တာလဲ လမ်းလယ်ခေါင်မှာ လာပေါက်နေတာလား”

“မွန်း မွန်း...”

“နွားကြီး... ထားလိုက်ပါတော့ကွာ ငါတို့ သူ့ကို အပြစ်မယူတော့ပါဘူး အိမ်ပြန်ကြစို့”

“မွန်း...”

လမ်းမပေါ်တွင် ဆဲရေးသံများ ထွက်ပေါ်လာသည်။ ယနေ့ သူတို့ စိတ်အခြေအနေ ကောင်းနေသဖြင့် ယာယီ ခွင့်လွှတ်လိုက်ခြင်း ဖြစ်သည်။

ရေပူစမ်းဆေးဥယျာဉ်သို့ ပြန်ရောက်သောအခါ နွားနက်ကြီးသည် အခြေခံ အစီအရင် ပေါင်းချုပ်ကျမ်ူ ကို ကိုင်လျက် လေ့လာရန် ထွက်ခွာသွားသည်။ ချန်ရွှင်ကမူ အခြေခံ လက်နက်ပြုလုပ်ခြင်းပညာ ကို ထုတ်ယူကာ လေ့လာလေတော့သည်။

ဆေးဖော်စပ်ခြင်းနှင့် လက်နက်ပြုလုပ်ခြင်းပညာတို့သည် သဘောတရားချင်း ဆင်တူသော်လည်း ပန်းပဲထုခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။

နွားနက်ကြီးသည် ချန်ရွှင်နှင့် အဝေးသို့ သွားနေပြီး ပါးစပ်မှ တမွန်းမွန်း အော်မြည်နေသည်။ ဤစာလုံးများကို သူ အကုန် သိသည်။ သူ အလွန် သေချာ ဂရုတစိုက် ဖတ်ရှုနေသည်။ အခြေခံ ဖြစ်သော်လည်း ကျယ်ပြန့်နက်ရှိုင်းလှသည်။

ရှူး...

ရှူး...

ချန်ရွှင် ပါးစပ်မှ တရွှီးရွှီးအသံများ ထွက်ပေါ်နေပြီး နေကြာစေ့များကို စားနေသည်။ ဤလက်နက်ပြုလုပ်ခြင်းပညာ ပညာသည် သူ၏ နှစ်ပေါင်းများစွာ ပန်းပဲထုခဲ့သော အသိပညာများကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ဝိညာဉ်စွမ်းအားကို အဓိကထား အသုံးပြုရပြီး ခန္ဓာကိုယ်ခွန်အားကို လျစ်လျူရှုထားသည်။ ကုန်ကြမ်းပစ္စည်းအပေါ် လိုအပ်ချက် အလွန် မြင့်မားသည်။

သူသည် ရှေ့မှ အစိမ်းရောင် လက်ကိုင်းကွင်းနှစ်ခုပါ မီးဖိုကြီးကို ကြည့်ကာ လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ငါ့ရဲ့ တောင်ဖြိုပုဆိန် ကျင့်ကြံခြင်းလောကမှာ ပြန်လည် ပေါ်ပေါက်လာနိုင်မလား ဆိုတာ မင်းအပေါ်မှာပဲ မူတည်တော့တယ် အချစ်ကလေး”

“မွန်း...”

နွားနက်ကြီး မတ်တပ်ရပ်လျက် ပြေးလာပြီး မျက်လုံးထဲတွင် စိုးရိမ်မှုများ ပါဝင်နေသည်။ ခွာဖြင့် စာအုပ်ထဲမှ အလံတိုင် ပုံများကို ထောက်ပြနေသည်။

“မင်း အစီအရင်အလံ လိုချင်တာလား”

“မွန်း...”

“မင်း တတ်မြောက်သွားရင် ဝယ်ပေးမယ် အခြေခံကို အရင် တတ်အောင် လုပ်”

ချန်ရွှင် ခေါင်းတိုးကြည့်လိုက်ပြီး လက်ဝါးဖြန့်လိုက်သည်။

“နေကြာစေ့ တစ်ဆုပ်လောက် ယူသွားလိုက်”

“မွန်း မွန်း...”

နွားနက်ကြီး ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပြီး နေကြာစေ့ တစ်ဆုပ် ယူကာ ထောင့်တစ်နေရာသို့ ပြေးသွားလေသည်။ မျက်ဝန်းထဲတွင် လေးနက်မှုနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အေးချမ်းသော ဘဝသို့ ပြန်လည် ရောက်ရှိသွားကြသည်။ ဆေးဋ္ဌာနဘက်မှ သူတို့၏ ရေပူစမ်းဆေးဥယျာဉ်ကို အလွန် သဘောကျနေသည်ဟု ကြားရသည်။ ဤကောင်လေးသည် ဆေးပင်စိုက်ပျိုးသူ ဖြစ်မည့် ပါရမီရှိပြီး အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိသည်ဟု ဆိုကြသည်။ အခြားသူများကိုလည်း သူ့ကို သွားရောက် မနှောင့်ယှက်ရန် ပြောထားသည်။ ဆေးပင်များကို စိတ်ငြိမ်ငြိမ်ဖြင့် စိုက်ပျိုးနေခြင်းသည် ဂိုဏ်းအတွက် အကြီးမားဆုံး အကျိုးပြုမှု ဖြစ်သည်ဟု ဆိုသည်။

......

အချိန်ကာလသည် လေပြင်းကြီးတစ်ခုလို အရာအားလုံး၏ လတ်ဆတ်မှုကို တိုက်ခတ် ယူဆောင်သွားသည်။ သို့သော် ထိုလေပြင်းနှင့်အတူ လိုက်ပါသွားခြင်းဖြင့် အိုမင်းသွားသည့်တိုင် နောင်တရစရာတော့မရှိပါချေ။

မသိလိုက်မဘာသာဖြင့် တစ်နှစ် ကုန်ဆုံးသွားခဲ့ပြီ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အချိန်ကုန်ဆုံးသွားသည်ကို သတိမထားမိကြပေ။ လုပ်စရာများက များပြားလွန်းလှသည်။ သက်တမ်းအမှတ်များကို ဝိဉာဉ်စွမ်းအား ကဏ္ဍတွင် ဆက်လက် ပေါင်းထည့်လိုက်သည်။

လွန်ခဲ့သော ခြောက်လက ဆေးဋ္ဌာနမှ ဂိုဏ်းတူဦးလေး တစ်ဦး ကိုယ်တိုင်လာရောက်ပြီး မည်းနက်ပြောင်လက်နေသော အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံး ပေးအပ်ခဲ့သည်။ ချန်ရွှင်ကိုလည်း ချီးကျူးစကား ပြောကြားခဲ့သည်။ ရေပူစမ်းဆေးဥယျာဉ်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ဆိုသည်။

စကား၏ အဓိပ္ပာယ်မှာ ဤနေရာတွင် သေသည်အထိ လုပ်သွားပါ ဂိုဏ်းက မင်းလို ရိုးသားကြိုးစားပြီး အထီးကျန်တာ ခံနိုင်တဲ့လူမျိုးကို လိုအပ်နေတာ ဟူ၍ ဖြစ်သည်။

ချန်ရွှင်သည် ဆေးကို လက်ခံယူစဉ် ဝမ်းနည်းဝမ်းသာ မျက်ရည်တစ်စက် ကျပြလိုက်ပြီး ဂိုဏ်းသည် ကျွန်တော့်အိမ်ပါ ဂိုဏ်းရဲ့ မျှော်လင့်ချက်ကို အပျက်မခံပါဘူးဟု ပြောလိုက်သည်။

ထိုဦးလေးမှာလည်း အလွန် ကျေနပ်သွားပြီး ချန်ရွှင်ကို ဆေးပင်စိုက်ပျိုးနည်း အချို့ သင်ကြားပေးခဲ့သည်။

ထို့အပြင် မျှော်လင့်ချက်များလည်း ပေးခဲ့သည်။ အကယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပါက ဂိုဏ်း၏ စစ်မှန်သော ဆေးဥယျာဉ်သို့ ဝင်ရောက်နိုင်မည် ဖြစ်ပြီး ကမ္ဘာသစ် တစ်ခု ဖြစ်သည်ဟု ဆိုသည်။ ချန်ရွှင် ကျေးဇူးတင်လွန်းမက ကျေးဇူးတင်နေပြီး သူ၏ လက်စွဲတော် နှဲကိုပင် ထုတ်ကာ ဦးလေးကို တောင်ကြားအပြင်သို့ လိုက်ပါပို့ဆောင် နှုတ်ဆက်လိုက်သည်။

ဝူယွင်ဂိုဏ်းတွင် တပည့်များ၏ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးကို လာဘ်စားသော ဖြစ်ရပ်မျိုး မရှိခဲ့ဖူးသဖြင့် ချန်ရွှင် စိတ်ချသွားသည်။

သူတို့သည် ယခုနှစ်အတွက် ရေပူစမ်းဆေးဥယျာဉ် အကျိုးပြုအမှတ် ရရှိပြီးနောက် အကျိုးပြု ခန်းမဆောင်သို့ မသွားကြတော့ပေ။ အမှတ်နှစ်ထောင် ကျန်နေသေးသဖြင့် အရေးပေါ် အသုံးပြုရန် သိမ်းထားလိုက်သည်။

ယခုအချိန်တွင် ဂိုဏ်းချုပ် ကိုယ်တိုင်လာပြီး မြှောက်ပင့်ပြောဆိုလျှင်ပင် ထိုအမှတ်များကို သုံးမည် မဟုတ်တော့ပေ။ သူ ချန်ရွှင်သည် သံမဏိလို စိတ်ဓာတ်ခိုင်မာသူ ဖြစ်သည်။ ချိုသာသော စကားများအောက်တွင် ပျော်ဝင်သွားမည့်သူ မဟုတ်ပေ။

“အကျိုးပြု ခန်းမဆောင်ကို သွားမယ် ”

ချန်ရွှင် သည်းမခံနိုင်တော့ပေ။ ပြင်ပလောက၏ မြှူဆွယ်မှုများကို တွန်းလှန်နိုင်သော်လည်း နွားနက်ကြီး၏ အဆက်မပြတ် တောင်းဆိုမှုကိုတော့ မလွန်ဆန်နိုင်ပေ။

“မွန်း... မွန်း...”

နွားနက်ကြီးက ရယ်မောလိုက်ပြီး အမြီးကို တရမ်းရမ်း လုပ်နေသည်။

“နွားကြီး... ဒီနေ့ မင်း ကြိုက်သလောက် သုံး ငါတို့မှာ အမှတ် နှစ်ထောင် ရှိတယ် အစီအရင်အလံ လေးငါးခုလောက်ကတော့ ပါးပါးလေးပဲ”

“မွန်း...”

“မင်း လိုချင်တာ ရှိရင် ထပ်ကြည့်လိုက် တစ်ခါတည်း အကုန်လဲခဲ့”

ချန်ရွှင်က စဉ်းစားပြီး ပြောလိုက်သည်။

“ငါက လောလောဆယ် အစီအရင်ပညာ လေ့လာဖို့ အချိန်မရှိသေးဘူး ကြားတာတော့ အစီအရင် ခင်းကျင်းဖို့ ကုန်ကြမ်းတွေ အများကြီး လိုတယ်တဲ့”

“မွန်း မွန်း...”

နွားနက်ကြီးသည် ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်ရင်း မျက်လုံးများ လခြမ်းကွေးလေးများ ဖြစ်သွားသည်။

“ငါတို့ ညီအစ်ကို တွေပဲကွာ…. အားနာမနေပါနဲ့ သွားကြစို့ သွားကြစို့”

ချန်ရွှင်က နွားနက်ကြီးကို ဆွဲပြီး အကျိုးပြု ခန်းမဆောင်သို့ ပြေးသွားလေသည်။

အစီအရင်အလံများ ၊ အစီအရင်ကျောက်တုံးများနှင့် အခြေခံ ပစ္စည်းများစွာ လဲလှယ်လိုက်သည်။ သိပ်မဈေးကြီးလှပေ။ အမှတ် တစ်ထောင်သာ ကုန်ကျသည်။

ယခုနှစ်တွင် သူ ဂိုဏ်းတွင်း ပြိုင်ပွဲကို သွားရောက် မယှဉ်ပြိုင်တော့ပေ။ ဂျူနီယာ ညီလေး၊ ညီမလေးများကို အမြဲတမ်း နှိပ်စက်နေခြင်းက မကောင်းပေ။ မည်သို့ပင်ဆိုစေ သူတို့၏ ရည်ရွယ်ချက် ပြည့်မြောက်သွားပြီ ဖြစ်သည်။ အကယ်၍ တပည့် အများအပြား မကျေမနပ် ဖြစ်လာလျှင် တစ်ရွာလုံးနှင့်တစ်ယောက် ဖြစ်သွားနိုင်သည်။

ရေပူစမ်းဆေးဥယျာဉ်သို့ ပြန်ရောက်သောအခါ...

“နွားကြီး... ဒီပစ္စည်းတွေကို ကြည့်ပါဦး သာမန်လောကက ပစ္စည်းတွေနဲ့ မတူဘူး”

ချန်ရွှင် မျက်လုံးကို အနည်းငယ် မှေးစင်းကာ မြေကြီးပေါ်ရှိ ပစ္စည်းများကို ကြည့်လိုက်သည်။

“အကုန်လုံးမှာ ဝိညာဉ်စွမ်းအင်တွေ ပါနေတယ် နောက်ကျရင် ငါတို့ တွေ့ရင် လက်လွတ်မခံနဲ့”

“မွန်း...”

နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ အစီအရင်ပညာ လေ့လာပြီးလျှင် အခြေခံ ရတနာ ပေါင်းချုပ်ကျမ်းကိုလည်း ဖတ်ရှုရမည်။

“နွားကြီး... မင်း သွားလုပ်စရာ ရှိတာ လုပ်ချေ ငါ လက်နက် ဆက်လုပ်လိုက်ဦးမယ်”

“မွန်း”

နွားနက်ကြီးက ပြန်ထူးလိုက်ပြီး မြေကြီးပေါ်မှ ပစ္စည်းများကို ယူဆောင်ကာ ပြေးသွားလေသည်။

“လက်နက်ပြုလုပ်ခြင်းပညာ ပညာက ကျယ်ပြန့်နက်ရှိုင်းတယ် ကုန်ကြမ်းပစ္စည်း အရည်ကျိုတဲ့ အဆင့်မှာတင် ပြဿနာတွေ အများကြီး ရှိနေသေးတယ်”

ချန်ရွှင်သည် စာအုပ်အသစ် တစ်အုပ်ကို ထုတ်ကာ ရေးမှတ်နေသည်။ ဤတစ်နှစ်အတွင်း ရေပူစမ်းဆေးဥယျာဉ်ရှိ ကျောက်တုံးအများအပြားကို ယူဆောင်ကာ လက်နက်လုပ်ရာတွင် အသုံးပြုခဲ့သည်။ သံအဆီအနှစ်ကိုတော့ မသုံးရဲသေးပေ။

သူသည် ဇွဲရှိလျှင် ဘာမဆို ဖြစ်မြောက်နိုင်ကြောင်း လက်တွေ့ သက်သေပြခဲ့သည်။ အချိန်များလျှင် တကယ်ကို လုပ်ချင်ရာ လုပ်လို့ ရပါလား။

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ရေပူစမ်းဆေးဥယျာဉ်ထဲတွင် ပြန်လည် အလုပ်ရှုပ်လာကြသည်။ နေ့စဉ် ချန်ရွှင်သည် ကျောက်တုံးအချို့ကို ခွဲကာ ဂူထဲသို့ ယူဆောင်ပြီး လက်နက်လုပ်သည်။ နွားနက်ကြီးမှာ ဆေးပင်များကို ပြုစုစောင့်ရှောက်ရင်း အစီအရင်ပညာကို ကျင့်ကြံနေသည်။

သို့သော် အစီအရင်နှင့် လက်နက်ပြုလုပ်ခြင်းပညာ ပညာသည် ဂါထာမန္တန် ရွတ်ရုံနှင့် မရပေ။ သူတို့တွင် ပါရမီ မရှိသဖြင့် နေ့စဉ်ရက်ဆက် ကြိုးစားပမ်းစား လေ့လာနေကြရသည်။

သို့သော် နေ့စဉ် နေဝင်ချိန်တွင် လေညှင်းခံ ထွက်ခြင်း အစီအစဉ်ကတော့ မပျက်မကွက် ရှိနေသည်။ မိုးရွာရွာ၊ နေပူပူ မပျက်ကွက်ပေ။

ချန်ရွှင်သည် ပျံသန်းမှု အမြင့်နှင့် အရှိန်ကို ထိန်းချုပ်ကာ နွားနက်ကြီးနှင့်အတူ ကောင်းကင်တွင် ပျံသန်းရင်း သဘာဝအလှတရားကို ခံစားကြသည်။ ရင်ထဲတွင် ပေါ့ပါးလန်းဆန်းနေသည်။

သို့သော် တစ်နေ့တွင် တရားစီရင်ရေး ခန်းမဆောင်မှ စီနီယာအစ်ကို လဲ့ဖုန်း နှင့် တိုးသွားပြီး ဖမ်းဆီးခံလိုက်ရသည်။ ဓားပျံကို သိမ်းဆည်းခံလိုက်ရပြီး တောအုပ်ထဲတွင် ကောင်းကောင်းကြီး ဆုံးမခံလိုက်ရသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့မှာ ခေါင်းငုံ့ကာ ဒူးထောက်နေရုံသာ တတ်နိုင်တော့သည်။ တော်သေးသည်က ချန်ရွှင် အမှားကို ဝန်ခံပြီး စိတ်သဘောထား ကောင်းမွန်သဖြင့် လွတ်ငြိမ်းခွင့် ရသွားသည်။ အချိန်ဖြုန်းနေသည်မှာ မှားယွင်းကြောင်း အော်ဟစ် ဝန်ခံလိုက်မှ လဲ့ဖုန်းက ဓားပျံကို ပြန်ပေးလေသည်။

သူ့ပါးစပ်မှလည်း ကျင့်ကြံခြင်းနှင့် ပတ်သက်ပြီး ပြဿနာရှိရင် လာမေးနိုင်ကြောင်း သူက စီနီယာအစ်ကို ဖြစ်သဖြင့် ညွှန်ပြပေးနိုင်ကြောင်း ပြောဆိုသွားသည်။ ချန်ရွှင်ကလည်း လက်နက်ပြုလုပ်ခြင်းပညာနှင့် ပတ်သက်သော မေးခွန်းအချို့ မေးမြန်းလိုက်ရာ လဲ့ဖုန်းက ဖြေကြားပေးခဲ့သည်။ သူ့အမြင်တွင် အလွန် အခြေခံကျသော မေးခွန်းများ ဖြစ်သဖြင့် လက်နက်ပြုလုပ်ခြင်းပညာ၌ အချိန်ဖြုန်းမနေရန် ထပ်မံ ဆုံးမပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ခေါင်းကိုက်သွားကြသည်။ ကျွန်တော်တို့ မှားပါပြီဟု အော်ဟစ်လိုက်မှ လဲ့ဖုန်းက လက်ချာရိုက်ခြင်းကိုရပ်လိုက်၏။ ဤတစ်နှစ်တွင် လူတစ်ယောက်နှင့် နွားတစ်ကောင်သည် စီနီယာအစ်ကို လဲ့ဖုန်း၏ အရိပ်မည်းအောက်တွင် ဖြတ်သန်းခဲ့ကြရသည်။ သက်တမ်းအမှတ်များကို ဝိဉာဉ်စွမ်းအား ကဏ္ဍတွင် ဆက်လက် ပေါင်းထည့်ပြီး အကျိုးပြုအမှတ် (၂၀၀) ကို ပုံမှန် သွားရောက် ထုတ်ယူကြလေသည်။

အခန်း (၆၀)

ရေပူစမ်းဆေးဥယျာဉ် အတွင်း၌ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မြေကျင်းတစ်ခုကို ဝိုင်းဖွဲ့လျက် ကျင်းထဲတွင် တဖျပ်ဖျပ် တောက်လောင်နေသော မီးတောက်ကို စူးစိုက်ကြည့်ရှုနေကြသည်။ ဂူအတွင်း၌ လေမတိုက်ခတ်သော်လည်း ဤနေရာ၌မူ လေပြေလေညှင်းလေးများ တိုက်ခတ်နေသည်မှာ ထူးဆန်းလှပေသည်။

“နွားကြီး... မင်းက ဧကရာဇ်အဆင့် ပါရမီရှင်ပဲကွ နွားဧကရာဇ်သာ မပေါ်ထွန်းခဲ့ရင် အစီအရင်လောကကြီးက အမှောင်အတိ ကျနေမှာပဲ”

ချန်ရွှင်သည် ခေါင်းခါလျက် အံ့သြတကြီး ချီးကျူးလိုက်ပြီး ဂူထောင့်သုံးနေရာရှိ အစီအရင်ကျောက်တုံးများကို ကြည့်လိုက်သည်။

“ဒီအစီအရင်က တကယ် ဆန်းကြယ်တာပဲ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး သဘာဝတရားနဲ့ ပဲ့တင်ထပ်စေပြီး အကျိုးသက်ရောက်မှု အမျိုးမျိုး ဖြစ်ပေါ်စေနိုင်ပါလား”

အချိန် တစ်နှစ်တည်းနှင့် အသေးစား အစီအရင်တစ်ခုကို ခင်းကျင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အခြား အစီအရင် ပညာရှင်များ အနေဖြင့် ရက်ပိုင်းအတွင်း တတ်မြောက်နိုင်သော်လည်း ချန်ရွှင်၏ စိတ်ထဲတွင်မူ နွားနက်ကြီးက အတော်ဆုံး ဖြစ်သည်။ ပါရမီရှင် တစ်သောင်း လာပြိုင်လျှင်ပင် နွားနက်ကြီး၏ ခြေဖျားကို မမီနိုင်ဟု ယူဆထားသည်။

မွန်း……

နွားနက်ကြီး၏ အမြီးသည် ကောင်းကင်သို့ ထောင်တက်လုမတတ် လှုပ်ရှားနေသည်။ အစီအရင် ခင်းကျင်းရာတွင် ဝိညာဉ်စွမ်းအား ပေါင်းစပ်လိုက်ပါက ပိုမို အစွမ်းထက်လာနိုင်သဖြင့် သူ၏ မျက်လုံးများ စူးရှသွားကာ ပါးစပ်မှ ဝိညာဉ်စွမ်းအားများကို မှုတ်ထုတ်လိုက်သည်။

မွန်း….

ဝေါ... ဝေါ... ဝေါ...

ရုတ်တရက် ဂူအတွင်း၌ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး ဒယ်အိုး ပန်းကန်ခွက်ယောက်များ လေထဲသို့ လွင့်စင်ကုန်ကြသည်။

“ဟေ့ကောင် နွားကြီး... သေတော့မှာပဲ….မြန်မြန်လုပ်ဦးဟ မြန်မြန်လုပ်”

ဂူအပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ ချန်ရွှင်သည် လက်ပိုက်ထားလျက်သားပင် လေပြင်းနှင့်အတူ လွင့်ပါသွားပြီး အသံများ တဖြည်းဖြည်း ဝေးကွာသွားလေသည်။

မွန်း...

နွားနက်ကြီး မျက်လုံးပြူးသွားပြီး အစီအရင်ကို အလျင်အမြန် ရပ်တန့်ကာ အပြင်သို့ ပြေးထွက်လိုက်သည်။ သူကိုယ်တိုင်သာ အစီအရင်၏ တိုက်ခိုက်မှုကို မခံရခြင်း ဖြစ်ကြောင်း မေ့လျော့သွားခဲ့သည်။ ခဏကြာသောအခါ ချန်ရွှင်သည် မြေပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်တန့်နေသော်လည်း သေသပ်စွာ စည်းနှောင်ထားသော ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီ ဖြစ်သည်။ သူ မျက်ခုံးပင့်လိုက်ပြီး တောင်ဖြိုသိုင်းကွက်ကိုသုံးကာ...

“မွန်း”

နွားနက်ကြီးအား ရေကန်ထဲသို့ ပစ်ချလိုက်လေသည်။

“ဟားဟားဟား...”

ရေကူးကန်ထဲတွင် ကူးခတ်နေသော နွားနက်ကြီးကို ကြည့်ကာ ချန်ရွှင် ကျေနပ်သွားသည်။

“မွန်း”

နွားနက်ကြီးသည် ရေထဲမှ အရှိန်ဖြင့် ပြေးတက်လာပြီး ကိုယ်ခါလိုက်ရာ ချန်ရွှင်တစ်ကိုယ်လုံး ရေများ စိုရွှဲကုန်တော့သည်။

“မြန်မြန် ပြန်သွားပြီး ရှင်းလင်းရေး လုပ်…… ငါလည်း လက်နက် စလုပ်တော့မယ်”

ချန်ရွှင်သည် ကိုယ်ပေါ်မှ ရေများကို ခါထုတ်လိုက်ပြီး ခေါင်းခါလျက် ရယ်မောလိုက်သည်။

“မွန်း”

“အချိန်တန်ပြီ ရိုးရှင်းတဲ့ တောင်ဖြိုပုဆိန် တစ်လက် လုပ်ဖို့အတွက် သိပ်ပြီး ရှုပ်ထွေးတဲ့ နည်းစနစ်တွေ မလိုပါဘူး”

“မွန်း”

“ပြီးရင် ရေတံခွန် နောက်က ဂူကို တူးဖော်ကြမယ် နှစ်နှစ်တောင် ရှိပြီဆိုတော့ ငါတို့ကို ဘယ်သူမှ သတိမထားမိကြတော့ဘူး ငါတို့ရဲ့ စီမံကိန်းကြီးကို စတင်လို့ ရပြီ”

ချန်ရွှင်သည် လျှို့ဝှက်သော လေသံဖြင့် ပြောလိုက်ပြီး မျက်ခုံးပင့်ပြလိုက်သည်။ အရာရာကို အောက်ခြေသိမ်း လုပ်ဆောင်ခြင်းက ဘယ်တော့မှ မမှားနိုင်ပေ။

“မွန်း”

နွားနက်ကြီးသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်ပြီး ရှေ့မှ ဦးဆောင်ကာ ပြေးထွက်သွားသည်။ သူ ဂူထဲတွင် အမြန်ဆုံး ရှင်းလင်းရေး လုပ်ရမည်။

“ဒါပေမဲ့ အစီအရင် ပညာက တကယ် ဆန်းကြယ်တာပဲ”

ချန်ရွှင် ချီးကျူးလိုက်မိသည်။ လေပြင်းတိုက်ခတ်ခြင်း၊ မီးတောက်စေခြင်း စသည့် အစီအရင် အသေးစားလေးများ ဖြစ်ပြီး အခြားသူများ အမြင်တွင် အချိန်ဖြုန်းခြင်းဟု ထင်မှတ်ကြလိမ့်မည်။ မိမိ၏ ကိုယ်ပိုင် ဂါထာမန္တန်လောက် အစွမ်းမထက်ဟု ယူဆကြမည်။ သို့သော် သူတို့အတွက်မူ ဤပညာရပ်သည် ကျယ်ပြန့်နက်ရှိုင်းသော ပညာရပ်ကြီး တစ်ခု ဖြစ်ပြီး ယခုမှ လမ်းစနင်းကာ တတ်မြောက်စ ပြုလာခြင်း ဖြစ်သဖြင့် ဝမ်းသာပီတိ ဖြစ်နေကြခြင်း ဖြစ်သည်။

အကျိုးစီးပွား လိုလားသော စိတ်သည် ထာဝရအသက်ရှင်သူများ အတွက် သိပ်ပြီး အရေးမပါတော့ပေ။ သူတို့သည် လူရှေ့သူရှေ့တွင် ဟိတ်ဟန်ထုတ်ချင်စိတ် မရှိကြဘဲ နေရာတိုင်းတွင် အံ့သြချီးကျူးသံများ (သို့မဟုတ်) ကဲ့ရဲ့ရှုတ်ချသံများဖြင့်သာ ကြုံတွေ့နေရတတ်သည်။

ဝူယွင်ဂိုဏ်းတွင် လူမသိသူမသိ နေထိုင်ရခြင်းသည် ကောင်းမွန်လှသည်။ မည်သူမျှ အာရုံမစိုက်သလို ပြဿနာများလည်း မရှိပေ။

ရေပူစမ်းဆေးဥယျာဉ်ရှိ ဂူအတွင်း၌ ချန်ရွှင်သည် မီးဖိုကို တရားဝင် ဖွင့်လှစ်လိုက်သည်။ နွားနက်ကြီးမှာ ဘေးနားတွင် ပန်းပွင့်များ ကြဲဖြန့်ရင်း အားပေးနေသည်။

“အကျွန်ုပ် ဒီနေ့ လက်နက် စတင် လုပ်မည်ဖြစ်ပါတယ်… နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါကုန်လော့”

“မွန်း မွန်း မွန်း”

ချန်ရွှင် လက်ဝါးဖြန့်လိုက်ရာ ငွေရောင် တောက်ပနေသော သံအဆီအနှစ် တစ်တုံး သိုလှောင်အိတ်ထဲမှ ထွက်ပေါ်လာသည်။ မျက်နှာပြင်မှာ မညီညာဘဲ ဘဲဥပုံသဏ္ဌာန် ရှိကာ လက်သီးဆုပ်ခန့် ပမာဏ ရှိသည်။

“သွားစမ်း”

သူ လက်နှစ်ဖက်ဖြင့် လက်ဟန်တစ်ခုပြုလုပ်လိုက်ရာ လက်နက်လုပ်သည့် မီးဖိုမှ အသံအုပ်အုပ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် ဆေးမီးတောက်များ တဟုန်းဟုန်း တောက်လောင်လာသည်။ အခြေအနေ အရ ရှိသမျှနှင့် ရောင့်ရဲရပေမည်။ ချန်ရွှင်၏ မျက်လုံးများ အရောင်တောက်လာသည်။ သူ စမ်းသပ်ပြီးပြီ ဖြစ်သည်။ သူ၏ ဆေးမီးတောက်သည် ဝိညာဉ်စွမ်းအား ပံ့ပိုးမှုဖြင့် အရှိန်ပြင်းထန်လာနိုင်ရာ ဤမီးအားနှင့်ဆိုလျှင် သေချာပေါက် အောင်မြင်မည် ဖြစ်သည်။

“မွန်း...”

နွားနက်ကြီးသည် ဘေးမှ ကြည့်ရင်း စိတ်လှုပ်ရှားနေသည်။ ဤကဲ့သို့ သိမ်မွေ့သော အလုပ်မျိုးကို သူ မလုပ်နိုင်သဖြင့် ချန်ရွှင်ကိုသာ ဦးဆောင်ခိုင်းထားရသည်။

ချန်ရွှင် လက်ချောင်းများ လှုပ်ရှားလိုက်ရာ သံအဆီအနှစ်သည် မီးဖိုထဲသို့ ဝင်ရောက်သွားသည်။ ချန်ရွှင် မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။ ဆေးမီးတောက်သည် သက်ရှိသတ္တဝါ တစ်ကောင်ကဲ့သို့ မီးဖိုထဲတွင် ကခုန်နေသည်။ ဆေးမီးဖိုနှင့် လက်နက်လုပ်သည့် မီးဖိုသည် လုံးဝ မတူညီပေ။ အကယ်၍ ဝိညာဉ်စွမ်းအား ပံ့ပိုးမှုသာ မရှိလျှင် ဆေးမီးတောက် သက်သက်ဖြင့် ကုန်ကြမ်းပစ္စည်းများကို အရည်ပျော်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

မီးဖိုအတွင်းမှ တဖျပ်ဖျပ် ပေါက်ကွဲသံ သဲ့သဲ့ ထွက်ပေါ်နေသည်။ ချန်ရွှင်သည် ဝိညာဉ်စွမ်းအား တစ်ချက် ထပ်မံ ပစ်လွှတ်လိုက်ပြီး မီးဖိုကို လုံးဝ ပိတ်ဆို့လိုက်သည်။ ဤအဆင့်သည် အလွန် ခက်ခဲသော လုပ်ငန်းစဉ် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံမှုဖြင့် မီးဖိုအတွင်းရှိ သိမ်မွေ့သော အပြောင်းအလဲများကို အာရုံမခံနိုင်ဘဲ ခံစားချက်ဖြင့်သာ မှန်းဆ လုပ်ဆောင်နေရသောကြောင့် ဖြစ်သည်။

“နွားကြီး... မီးထိုး”

“မွန်း”

နွားနက်ကြီးသည် စိတ်ကို စုစည်းလိုက်ပြီး ဆေးမီးတောက်ကို ထုတ်လွှတ်လိုက်ရာ မီးဖိုကြီး တစ်ခုလုံး နီရဲသွားပြီး အတွင်းမှ ပေါက်ကွဲသံများ ပိုမို ကျယ်လောင်လာသည်။

ချန်ရွှင် မျက်နှာ ဖြူဖျော့သွားပြီး အသက်ရှူသံများ ပြင်းထန်လာသည်။ သံအဆီအနှစ် တစ်တုံးကို အရည်ကျိုဖို့အရေး နှစ်နှစ်လုံးလုံး အချိန်ပေး ပြင်ဆင်ခဲ့ရသည် ဆိုလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။ အသက်ရှည်လွန်းလို့ အားနေတာလားဟု မေးကြပေလိမ့်မည်။

“မီးဖို ဖွင့်မယ်” ချန်ရွှင် အော်ဟစ်လိုက်သည်။

“မွန်း”

မီးဖိုအဖုံး ပွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ ကျရောက်သွားသည်။ မီးဖိုထဲတွင် ပြဒါးကဲ့သို့ အရည်ပျော်နေသော သံရည်ပူလုံးကြီး တစ်ခုသည် ဝိညာဉ်စွမ်းအားဖြင့် မီးဖိုအလယ်တွင် ဝဲပျံနေသည်။

“နွားကြီး... မင်း ဆေးမီးတောက် ဆက်လွှတ်ထား”

ချန်ရွှင် လျင်မြန်စွာ ပြောလိုက်ပြီး လက်ထဲမှ အစီအရင်များကို အဆက်မပြတ် ပစ်လွှတ်လိုက်ရာ သံရည်ပူလုံးကြီးသည် ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲသွားသည်။ ချန်ရွှင်၏ မျက်နှာမှာ ဖြူဖျော့ရာမှ နီရဲလာသည်။ သူ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ပြဒါးကဲ့သို့ အရည်ပျော်နေခြင်းသည် ကုန်ကြမ်းပစ္စည်း မပျက်စီးဘဲ အောင်မြင်စွာ အရည်ကျိုနိုင်ခဲ့ကြောင်း သက်သေပြနေသည်။

တစ်နာရီခန့် ကြာပြီးနောက်...

အောင်မြင်သွားခဲ့လေပြီ။

“နွားကြီး... တောင်ဖြိုပုဆိန် ပေါ်ထွက်လာပြီဟေ့... ဟားဟားဟား...”

ချန်ရွှင်၏ လက်တွင် သွေးကြောစိမ်းများ ထောင်ထနေပြီး လက်ထဲတွင် ငွေရောင် တောက်ပနေသော ပုံပျက်ပန်းပျက် တောင်ဖြိုပုဆိန် တစ်လက်ကို ကိုင်ဆောင်ထားသည်။ ပုဆိန်သွားသည် ထက်မြက်လှပြီး သံအဆီအနှစ် သက်သက်ဖြင့် ပြုလုပ်ထားသဖြင့် တောင်များကို ဖြိုခွင်းရန်အတွက်သာ ရည်ရွယ်သည်။

“မွန်း “

နွားနက်ကြီးသည် ဘေးနားတွင် ဝမ်းသာအားရ ခုန်ပေါက်နေသည်။

“သွားစို့... လျှို့ဝှက်စခန်း ဖွင့်ကြမယ်”

ချန်ရွှင်၏ မျက်နှာမှာ နီမြန်းနေပြီး လက်ထဲမှ တောင်ဖြိုပုဆိန်ကို မချတမ်း ကိုင်ဆောင်ကြည့်ရှုနေသည်။

“ဘာပဲဖြစ်ဖြစ် ဝိညာဉ်လက်နက် တစ်ခုလို့တော့ သတ်မှတ်လို့ ရတာပဲ”

နွားနက်ကြီးက ချန်ရွှင်ကို ဝှေ့လိုက်သည်။ ကောင်းကင်အဆင့် ထိပ်တန်း လက်နက်ကြီး ပါဟု ပြောနေသကဲ့သို့ ရှိရာ ချန်ရွှင် တဟားဟား ရယ်မောလိုက်လေသည်။

သူတို့သည် ဓားပျံစီးကာ ရေတံခွန် ဗဟိုဧရိယာသို့ ရောက်ရှိသွားကြသည်။ ချန်ရွှင်သည် အားကုန်ထုတ်ကာ ပုဆိန်ဖြင့် ခုတ်ပိုင်းချလိုက်သည်။

“တောင်ဖြိုပုဆိန်ကွ”

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကျောက်စများ လွင့်စင်ကာ ဝိညာဉ်စွမ်းအား အကာအကွယ်ကို လာရောက် ရိုက်ခတ်ကြသည်။ မာကျောသော ကျောက်နံရံကြီးတွင် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားသည်။

“မွန်း”

နွားနက်ကြီး အော်ဟစ်လိုက်သည်။ သူ ချန်ရွှင်၏ အနောက်တွင် ရပ်နေပြီး တောင်ဖြိုပုဆိန်၏ စွမ်းအားကြောင့် လန့်ဖျပ်သွားသည်။ သာမန် သံထည်များနှင့် တကယ်ကို မတူပါလား။

“နွားကြီး... မြင်လား” ချန်ရွှင် လှည့်ကြည့်လိုက်သည်။ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

“ငါတို့ရဲ့ လျှို့ဝှက်စခန်းကြီး သေချာပေါက် အောင်မြင်မှာပဲ”

နွားနက်ကြီး . ရယ်မောလိုက်ပြီး ချန်ရွှင်ကို ပုတ်လိုက်သည်။ သူ့ရင်ထဲတွင်လည်း စိတ်လှုပ်ရှားနေသည်။ အနာဂတ် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး အတွက် လိုအပ်သော ဆေးပင်များ သည်နေရာမှာ ရှိလာတော့မည်။

“နောက်ထပ် နှစ်လက်လောက် ထပ်လုပ်ကြမယ် သံအဆီအနှစ် သုံးတုံး ကျန်သေးတယ်လေ ဒီနေရာကို ပေါက်ထွက်သွားအောင် တူးပစ်မယ်”

“မွန်း”

သူတို့သည် မြေပြင်ပေါ်ရှိ ဂူထဲသို့ ပြန်လာကြပြီး ဝိညာဉ်စွမ်းအားများ ပြန်လည် ဖြည့်တင်းကာ လက်နက် ဆက်လုပ်ကြသည်။

နောက်ပိုင်း ရက်များတွင် ချန်ရွှင်သည် ရေတံခွန် ဗဟိုဧရိယာ၌ နေ့စဉ် ဂူတူးဖော်နေပြီး နွားနက်ကြီးမှာ ဆေးပင်များကို စောင့်ရှောက်ရင်း အစီအရင် ပညာကို လေ့ကျင့်နေသည်။

သူသည် ချန်ရွှင် ပေးထားသော တောင်ဖြိုပုဆိန်ကို ကိုင်ဆောင်လျက် ကျောက်တုံးကြီး တစ်တုံးကို ပုံဖော်နေသည်။ လျှို့ဝှက်စခန်း ပြီးစီးပါက ဂူဝကို ထိုကျောက်တုံးကြီးဖြင့် ပိတ်ဆို့ထားမည် ဖြစ်သည်။

တစ်လ ကြာပြီးနောက်... ဂူတူးဖော်ခြင်း လုပ်ငန်း ပြီးစီးသွားခဲ့သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မှောင်မိုက်နေသော ဂူထဲတွင် ထိုင်လျက် အပြင်ဘက်မှ ရေတံခွန် ကျဆင်းသံကို နားထောင်ရင်း ကျေနပ်ပီတိ ဖြစ်နေကြသည်။

“နွားကြီး... ထုတ်လိုက်တော့” ချန်ရွှင် ပြုံးလိုက်သည်။ နောက်ဆုံးတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးပင်များကို စတင် စိုက်ပျိုးနိုင်တော့မည်။

“မွန်း”

နွားနက်ကြီးသည် နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလိုက်ပြီး ပါးစပ်ထဲမှ သိုလှောင်အိတ်ကို ထွေးထုတ်လိုက်သည်။ အတွင်းထဲတွင် ဆေးသေတ္တာများ ပြည့်နှက်နေသည်။

သူတို့နှစ်ဦးသည်၏ နှလုံးခုန်သံများ မြန်ဆန်လာကြသည်။ ဂူထဲတွင် နောက်ထပ် ဂူပေါက်ငယ် တစ်ခု ရှိသေးသည်။ ထိုနေရာတွင် မြေဆီလွှာများ ခင်းကျင်းထားပြီး မျိုးစေ့များ ပျိုးထောင်ရန် သီးသန့် ပြင်ဆင်ထားခြင်း ဖြစ်သည်။ မူလစွမ်းအင် မှ ရရှိသော အစိမ်းရောင် အရည်စက်များကြောင့် သူတို့သည် ပတ်ဝန်းကျင် အခြေအနေကို ဂရုစိုက်စရာ မလိုဘဲ ဆေးပင်များကို စိုက်ပျိုးနိုင်သည်။ ယခုအခါ တစ်လလျှင် နှစ်တစ်ရာ သက်တမ်းရှိ ဆေးပင် တစ်ပင်ကို ပျိုးထောင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“နွားကြီး... ငါတို့ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် မဟာစီမံကိန်းကြီး စတင်ပြီ”

All Chapters