← Chapters

အခန်း (၆၃-၆၄)

Vol. 4 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 4 Ch. 63-64

အခန်း (၆၃)

“ငါ အရင် စမ်းကြည့်မယ် အန္တရာယ် ရှိရင် မင်းကို ကြိုပြောလို့ ရတာပေါ့”

“မွန်း”

“ဒီတစ်ခါ ငါ့စကား နားထောင် ငါတို့မှာ ဆရာမရှိဘူး မြေစမ်းခရမ်းပျိုးလုပ်ရမှာ အန္တရာယ်များတယ်”

“မွန်း”

နွားနက်ကြီး ခေါင်းငိုက်စိုက်ကျသွားပြီး ချန်ရွှင်ကို လျှာဖြင့် ရက်လိုက်သည်။ ထို့နောက် အဝေးသို့ ထွက်ခွာသွားသည်။ ချန်ရွှင်၏ လေးနက်သော မျက်နှာနှင့် စကားသံကြောင့် ငြင်းဆန်၍ မရမှန်း သိသည်။ ချန်ရွှင် စိတ်ကို ငြိမ်အောင် ထားလိုက်ပြီး လက်ကို မြှောက်ကာ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံးကို မျိုချလိုက်သည်။ ပြင်းထန်သော ဆေးစွမ်းအင်များ ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားရာ ချန်ရွှင် မျက်လုံး ပြူးကျယ်သွားပြီး ညည်းညူသံ တစ်ချက် ထွက်ပေါ်လာသည်။

နွားနက်ကြီး မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ ခြေလှမ်းလှမ်းရန် ပြင်လိုက်သော်လည်း အသံမထွက်ရဲဘဲ နေရာမှာပင် ရပ်နေလိုက်သည်။ အဆင့်တက်ရောက်နေချိန်တွင် နှောင့်ယှက်ခြင်းသည် အဆိုးရွားဆုံး ဖြစ်သည်။ ချန်ရွှင်၏ ချွေးပေါက်များ ပွင့်လာပြီး ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။ အညစ်အကြေး များ ထွက်လာပြီး မျက်နှာအမူအရာမှာ တစ်ခါတစ်ရံ နာကျင်သည့်ဟန်ဖြင့် ရှုံ့မဲ့သွားလိုက် တစ်ခါတစ်ရံ ပြန်သက်သာသွားဟန်ဖြင့် ဝင်းပလာလိုက် ဖြစ်နေသည်။ တဖြည်းဖြည်း သူ မျက်လုံးများ မှိတ်သွားသည်။

ခန္ဓာကိုယ် အတွင်းရှိ သံမဏိ တံတိုင်းကြီး တစ်ခုသည် ဆေးစွမ်းအင်ကြောင့် အရည်ပျော်ကျလာသည်။ ဒန်တန် အတွင်း ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး ဆေးစွမ်းအင်များ အဆက်မပြတ် တိုးဝင်တိုက်ခိုက်နေသည်။

တစ်ရက်နှင့် တစ်ည ကြာပြီးနောက်...

ချန်ရွှင် တကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ နွားနက်ကြီးကို အံ့သြတကြီး ကြည့်လိုက်သည်။

“မွန်း “ နွားနက်ကြီး အော်ဟစ်လိုက်သည်။ ဘာကြောင့် အဆင့်တက်တာ ဒီလို ဖြစ်နေရတာလဲ။

“နွားကြီး... ငါ ဘာမှ မဖြစ်ဘူး မင်း သိတယ်မလား... အခြေခံတည်ဆောက်ခြင်းအဆင့် ဆိုတာ ဒန်တန် ပျော်ကျပြီး နီဝမ်မှာ နတ်အသိ ပေါ်လာတာကို ခေါ်တာ”

ချန်ရွှင် တုန်လှုပ်စွာ ပြောလိုက်သည်။ တစ်စုံတစ်ခုကြောင့် လန့်သွားပုံရသည်။

“ငါ အဆင့်တက်တာ ကျရှုံးသွားတယ်... ဒါပေမဲ့ လုံးဝ ကျရှုံးတာတော့ မဟုတ်ဘူး”

“မွန်း “ နွားနက်ကြီး စိုးရိမ်တကြီး ခုန်ပေါက်နေသည်။ သူ ဒါတွေကို စိတ်မဝင်စားပါ ချန်ရွှင် ကိုသာစိတ်ပူသည်။

“ဒီဆေးက ငါ့ရဲ့ ဒန်တန်ကို ချဲ့ပေးလိုက်တာ...” ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်သည်။ “ရိုးရိုး ပြောရရင် သူများတွေရဲ့ ဝိညာဉ်စွမ်းအား သိုလှောင်နိုင်စွမ်းက (၁) ဆိုရင် ငါက (၂) ဖြစ်သွားတာ...”

“မွန်း” နွားနက်ကြီး အံ့သြသွားသည်။ ကျင့်ကြံခြင်းလောက၏ အသိပညာ အရ ဒန်တန်ကို ချဲ့ထွင်၍ မရနိုင်ပေ။ ကျင့်စဉ်များကလည်း ကျင့်ကြံမှုအဆင့်ကိုသာ တိုးတက်စေနိုင်သည်။ ကွာခြားချက်က ကိုယ့် ခန္ဓာကိုယ်နှင့် ကိုက်ညီမှု ရှိမရှိ ဆိုသည့် အချက်ပေါ်သာ မူတည်သည်။

ဥပမာ - ရေဓာတ် ကောင်းကင် ဝိညာဉ်အမြစ် ပိုင်ရှင်က ရေဓာတ် ကျင့်စဉ်ကို ကျင့်ကြံလျှင် ကျားကို အတောင်ပံ တပ်ပေးသလို ဖြစ်မည်။ မီးဓာတ် ကျင့်စဉ်ကို ကျင့်ကြံလျှင် ထင်သလောက် ခရီးပေါက်မည် မဟုတ်ပေ။

သူတို့ ကျင့်ကြံသော ကျင့်စဉ်များမှာ သာမန် ကျင့်စဉ်များ ဖြစ်သည်။ ဓာတ်ငါးပါး အဆင့်နိမ့် အမြစ် ပိုင်ရှင်များ ဖြစ်သဖြင့် ကြိုက်တာ ကျင့်ကြံ၍ ရသော်လည်း ခန္ဓာကိုယ်နှင့် ဂါထာမန္တန်များ အပေါ် အထောက်အကူ မပြုပေ။ တိုက်ခိုက်ရာတွင် နောက်ပိုင်း အဆင့်များ ကွာခြားလာသည်နှင့်အမျှ ကွာဟချက် ကြီးမားလာလိမ့်မည်။ ဓာတ်ငါးပါး အဆင့်နိမ့် အမြစ် ပိုင်ရှင်များသည် ရှုပ်ထွေးသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူရသဖြင့် အညစ်အကြေး သန့်စင်ရန် အချိန်များစွာ ပေးရသည်။ ကောင်းကင် ဝိညာဉ်အမြစ် ပိုင်ရှင်များမှာမူ တဟုန်ထိုး တက်သွားနိုင်သည်။ ကိုက်ညီသော ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက် စုပ်ယူနိုင်သဖြင့် အချိန်ကုန် သက်သာသည်။

ဒါတွေက သူတို့ လက်ရှိ သိထားသော အမြင်များသာ ဖြစ်သည်။ အများစုက သူများ ပြောတာ ကြားဖူးရုံသာ။

“နွားကြီး... ဆေးပင် ပြင်ဆင်တော့” ချန်ရွှင် မျက်လုံး အရောင်တောက်သွားသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး (၅) လုံးက မလုံလောက်တော့ပေ။ နွားကြီး အတွက်ပါ ထည့်တွက်ရဦးမည်။

“မွန်း” နွားနက်ကြီး အနောက်ဘက်သို့ အမြန်ပြေးသွားသည်။ အချိန်မဆွဲရဲပေ။

ပထမလတွင် ချန်ရွှင်သည် ဆေးပင်များကို သန့်စင်ရင်း အဆင့်တက်ရန် ကြိုးစားသည်။ ခန္ဓာကိုယ်မှ အညစ်အကြေး များ ပိုမို များပြားလာသည်။

......

ဒုတိယလတွင် နောက်ထပ် ဆေးတစ်ဖို ထွက်လာသည်။ သာမန် ဆေးများနှင့် မတူဘဲ ထူးခြားနေဆဲပင်။

......

တစ်နှစ်တာ အချိန်ကာလသည် အဆင့်တက်ရန် ကြိုးစားခြင်းနှင့် ဆေးပင် ပြုစုပျိုးထောင်ခြင်းတို့ဖြင့် ကုန်ဆုံးသွားခဲ့သည်။ ရေပူစမ်းဆေးဥယျာဉ် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ကြက်တွန်သံနှင့် ရေတံခွန် ရေကျဆင်းသံများသာ ရှိသည်။

ယနေ့တွင် ရာသီဥတု သာယာပြီး ကောင်းကင်က ပြာလဲ့နေသည်။ ရေပူစမ်းဆေးဥယျာဉ် အတွင်း၌မူ လေးလံထိုင်းမှိုင်းမှုများကလွှမ်းခြုံထားသည်။

ဆေးခင်းအချို့ရှိ ဆေးပင်များသည် လေမတိုက်ဘဲ လှုပ်ရှားနေကြသည်။ လျှို့ဝှက်စခန်း အပြင်ဘက်ရှိ ရေတံခွန် ရေစီးကြောင်း ပြတ်တောက်သွားသည်။ ခါးလယ်က ဖြတ်ချလိုက်သကဲ့သို့ ရပ်တန့်သွားပြီး ဂူပေါက်ဝတစ်ခု ပေါ်လာသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် မျက်လုံးများ အရောင်တောက်လျက် အတွင်းမှ ဖြည်းညှင်းစွာ ထွက်လာကြသည်။

သူတို့ထံမှ အခြေခံတည်ဆောက်ခြင်းအဆင့်၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။ နတ်အသိ များကို နေရာအနှံ့ ဖြန့်ကျက်လိုက်ရာ နတ်ဘုရားတစ်ပါး၏၏ အမြင်အာရုံကို ရရှိလိုက်သကဲ့သို့ တောင်ကြား တစ်ခုလုံးကို အပေါ်စီးမှ မြင်လိုက်ရသည်။ လေတိုက်ခြင်း မြက်ပင်လှုပ်ရှားခြင်း အားလုံးကို မြင်နေရသည်။

“ဟဲဟဲ... ဒါ အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ အမြင်ပဲလား” ချန်ရွှင် လက်နောက်ပစ်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။

“မွန်း” နွားနက်ကြီးသည် ချန်ရွှင်နှင့် ယှဉ်ရပ်နေသည်။ ခန္ဓာကိုယ် အနှံ့ ကြွက်သားများ ဖောင်းကြွလာပြီး ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်နေသည်။ သက်တမ်းအမှတ် (၂၀) အကန့်အသတ်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ဆက်လက် ပေါင်းထည့်နိုင်တော့မည်။

သူတို့ ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။ လက်နောက်ပစ်လျက် လောကကြီးကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ နှုတ်ခမ်းများ တွန့်ကွေးသွားကြသည်။

“၀ူးထွားဟားဟား... နွားကြီး... ငါတို့ နောက်ဆုံးတော့ အဆင့်တက်နိုင်ခဲ့ပြီကွ “

“မွန်း “

ကျယ်လောင်သော အော်ဟစ်သံ နှစ်ခုသည် နှစ်ပေါင်းများစွာ စုဆောင်းထားသော ခံစားချက်များကို ပေါက်ကွဲပစ်လိုက်သကဲ့သို့ ထွက်ပေါ်လာသည်။ ရေကန်တစ်ခုလုံး လှိုင်းဂယက်များ ထကာ တုန်ခါသွားသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်ကို ကနဦးအဆင့်၊ အလယ်အဆင့်၊ အထွတ်အထိပ်အဆင့် ဟူ၍ ခွဲခြားထားသည်။ နောက်ဆုံးအဆင့်က ရွှေအမြူတေ ဖွဲ့စည်းခြင်း ဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့လျှင် အစာစားစရာမလိုတော့ခြင်း၊ ကောင်းကင်၌ပျံသန်းနိုင်ခြင်း ၊ ဝိညာဉ်စွမ်းအား တိုးပွားခြင်းနှင့် အသက် တစ်ထောင်ရှည်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်။

သို့သော် ရွှေအမြူတေအဆင့်က ဝေးလွန်းသေးသည်။ သူတို့ စိတ်မကူးရဲသေးပေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သည်ကိုပင် ကျေနပ်နေပြီ ဖြစ်သည်။

“နွားကြီး... အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုရင် အသက် (၄၀၀) ရှည်တယ် ငါတို့ ဂိုဏ်းထဲမှာ ဆက်နေလို့ ရပြီ နေရာအနှံ့ လျှောက်သွားပြီး မသေချာမရေရာတဲ့ ဘဝမျိုး နေစရာ မလိုတော့ဘူး”

ချန်ရွှင် စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး လက်တစ်ဖက်ဖြင့် နွားခေါင်းကို ဖက်လိုက်သည်။ “ငါတို့အတွက် လုံခြုံစိတ်ချရတဲ့ အိမ်လေး တစ်လုံး ရှိလာပြီ...”

“မွန်း “ နွားနက်ကြီး ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်ရင်း မျက်ဝန်းထဲတွင် ဝမ်းနည်းဝမ်းသာ ဖြစ်နေသည်။ တကယ်တော့ သူတို့က တည်ငြိမ်မှုကို နှစ်သက်ကြသည်။ အနည်းဆုံးတော့ ပင်ပန်းနွမ်းနယ်နေချိန်တွင် နားခိုစရာ နေရာလေး တစ်ခု ရှိနေသည် မဟုတ်ပါလား။

“နွားကြီး... အသားကင်ကြစို့ တကမ္ဘာလုံး အောင်ပွဲခံမယ် ငါတို့အတွက် ဂုဏ်ပြုကြမယ်”

“မွန်း “

သူတို့ ခုန်ချလိုက်သည်။ ဓားပျံမသုံးဘဲ ရေကန်ထဲသို့ တန်းခုန်ချလိုက်သည်။ ဝုန်း...

ရေပွက်ကြီး နှစ်ခု ထွက်ပေါ်လာသည်။ ချန်ရွှင် နှုတ်ခမ်းများ တုန်ရီနေပြီး ရေထဲသို့ ငုပ်လိုက် ပေါ်လိုက် ဖြစ်နေသည်။ သူနှင့် နွားနက်ကြီး နှစ်ယောက်လုံး သိကြသည်။ သူတို့ကို စိတ်လှုပ်ရှားစေသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခြင်း တစ်ခုတည်း မဟုတ်ပေ။

ညဘက်တွင် ကောင်းကင်ယံ၌ ကြယ်များ စုံလင်စွာ တောက်ပနေသည်။

ညအမှောင်အောက်တွင် ချန်ရွှင်သည် သီချင်းဆိုရင်း အသားကင်နေသည်။ မီးပုံပွဲလေး တစ်ခု ပြုလုပ်ထားသည်။ နွားနက်ကြီးသည် ဘေးနားတွင် ပတ်ပြေးနေပြီး ခေါင်းလောင်းသံလေးများက ချန်ရွှင်၏ သီချင်းသံနှင့် စည်းချက် ညီနေသည်။

“ကံ့ကော်ပင်တွေအောက်မှာ... လျှောက်ဖူးခဲ့ပါသည်...”

ချန်ရွှင် ခေါင်းတငြိမ့်ငြိမ့်ဖြင့် သီချင်းဆိုနေသည်။ လက်ထဲမှ အသားကင်က ဆီသံ တစီစီ မြည်နေသည်။ မျက်ဝန်းထဲတွင် အပြုံးများဖြင့် နွားနက်ကြီးကို ကြည့်နေသည်။

သူ့အသံ ပိုမို ကျယ်လောင်လာပြီး အော်ဟစ်သီဆိုလိုက်သည်။ “လက်ခံထားတဲ့သူတွေကို တရားဆွဲဆိုမည်…. “

“မွန်း”

......

“ငိုလိုက် ရယ်လိုက်နဲ့... သာမန်ဘဝလေးပါပဲ”

“မွန်း”

......

“ဟားဟားဟား...”

“မွန်း “

ချန်ရွှင်နှင့် နွားနက်ကြီးတို့ အားရပါးရ ရယ်မောလိုက်ကြသည်။ မီးပုံဘေးတွင် ပျော်ရွှင်နေသော မျက်နှာနှစ်ခုကို မီးရောင်က ထိုးဟပ်ထားသည်။

ညဉ့်နက်သန်းခေါင် အချိန်တွင်... လူတစ်ယောက်နှင့် နွားတစ်ကောင် မှီထိုင်လျက် ကြယ်များကို ငေးကြည့်နေကြသည်။

သူတို့ သေသေချာချာ စဉ်းစားပြီးနောက် သက်တမ်းအမှတ်များကို ဝိညာဉ်စွမ်းအား တွင်သာ ပေါင်းထည့်ရန် ဆုံးမဖြတ်လိုက်သည်။ လောလောဆယ်တွင် ဤအရာက စွမ်းအား အတိုးတက်ဆုံး ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်၏ အကန့်အသတ်က ဘယ်လောက်လဲ ထပ်ပြီး တန့်သွားဦးမလား ဆိုတာလည်း စမ်းသပ်ကြည့်ရမည်။

ယခု သူတို့၏ စွမ်းရည်အမှတ်များ - ခွန်အား ၂၁ အမြန်နှုန်း ၂၁ မူလစွမ်းအင် ၂၀ ဝိညာဉ်စွမ်းအား ၂၁ ခံစစ်စွမ်းရည် ၁၁။

......

......

နောက်တစ်နေ့ နံနက်ခင်းတွင်... နေရောင်ခြည် နုနုလေးများ ဖြာကျလာပြီး အေးမြမှုနှင့် နွေးထွေးမှုကို ပေးစွမ်းနေသည်။

ချန်ရွှင်သည် မိမိကိုယ်ကိုယ်နှင့် နွားနက်ကြီးကို သန့်ရှင်းရေး ဂါထာ အသုံးပြုကာ ကိုယ်၊လက်သန့်စင်လိုက်ကြ၏။ ပြီးလျှင် ပြုံးရွှင်စွာဖြင့် ရေပူစမ်းဆေးဥယျာဉ် အပြင်ဘက်တွင် ရပ်လျက် ခရီးစတင်လိုက်ကြသည်။

ဝူယွင်ဂိုဏ်း၏ စည်းကမ်းအရ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပါက သက်ဆိုင်ရာ ခန်းမဆောင်တွင် စာရင်းသွင်းရမည်။ သူတို့က ဆေးဋ္ဌာန လက်အောက် ဖြစ်သဖြင့် ထိုနေရာသို့ သွားရောက် မှတ်ပုံတင်ရမည်။ သို့သော် နွားနက်ကြီးကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် စွမ်းအားကို ဖုံးကွယ်ထားပြီး ချီသန့်စင်ခြင်း (၇) ဟု ဟန်ဆောင်ထားသည်။ ဝိညာဉ်သားရဲများသည် သာမန် ကျင့်ကြံသူများထက် သက်တမ်း ပိုရှည်သဖြင့် နွားနက်ကြီး အသက်မည်မျှရှိပြီ ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

ဆေးဋ္ဌာနသည် တိမ်ခိုးများ ဖုံးလွှမ်းနေသော တောင်မကြီး တစ်ခုပေါ်တွင် တည်ရှိသည်။ စိမ်းလန်းစိုပြေသော တောတောင်များနှင့် ရှေးဟောင်း အဆောက်အအုံများ ရှိနေသည်။ လေထုထဲတွင် ဆေးရနံ့များ ပျံ့လွင့်နေသဖြင့် တပည့်များ၏ ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ အလျင်မလိုဘဲ ရှုခင်းများကို ကြည့်ရှုရင်း လျှောက်လှမ်းလာကြသည်။ ဝူယွင်ဂိုဏ်း၏ တောင်မကြီး (၁၀) လုံးကို သူတို့ သိပ်မရောက်ဖူးသေးပေ။

အခန်း (၆၄)

“စီနီယာအစ်ကို ချန်ရွှင်”

“စီနီယာအစ်ကို ချန်ရွှင်”

အသံနှစ်သံသည် ကျောဘက်မှ ထွက်ပေါ်လာသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး(ပြန်ရလွယ်စေရန် အမျိုးသား၊အမျိုးသမီးဟုသာသုံးနှုန်းသွားပါမည်ခင်ဗျာ) ဖြစ်သည်။ ချန်ရွှင်သည် ပြုံးလျှက် လှည့်ကြည့်လိုက်သည်။

“လျိုယွမ်၊ ရှီကျင်း ပါလား”

ရှီကျင်းသည် နက်မှောင်ဖြောင့်စင်းသော ဆံကေသာကို ပိုင်ဆိုင်ထားပြီး စူးရှသောမျက်ဝန်းများ၊ ဖြောင့်စင်းသော မျက်ခုံးများနှင့်အတူ သူရဲကောင်းတစ်ဦး၏ ကျက်သရေ ရှိနေသည်။ သူသည် အတွင်းစည်း တပည့်များ ဝတ်ဆင်သော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သခင်လေးတစ်ဦး၏ ပုံစံမျိုး ပေါက်နေသည်။ သူ၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။ စီနီယာအစ်ကို ချန်ရွှင် ဖြစ်နေသည်။ ဤဂိုဏ်းထဲတွင် နွားနက်ကြီး တစ်ကောင်ကို ဆွဲပြီး သွားလာနေသူမှာ သူတစ်ယောက်တည်းသာ ရှိသည်။

လျိုယွမ်သည်လည်း လှပကျော့ရှင်းစွာ ကြီးပြင်းလာပြီ ဖြစ်သည်။ သို့သော် ဂိုဏ်းအတွင်း၌သာ နှစ်ရှည်လများ နေထိုင်ခဲ့ရသဖြင့် မိန်းမပျိုလေး တစ်ဦး၏ ရှက်သွေးဖြာသော အမူအရာလေးများ ရှိနေဆဲ ဖြစ်သည်။

“စီနီယာအစ်ကို ချန်ရွှင်... ဆေးဋ္ဌာနကို ဘာကိစ္စနဲ့ ရောက်လာတာလဲ”

ရှီကျင်းက ပြုံးရွှင်စွာ မေးလိုက်သည်။ သူသည် စီနီယာအစ်ကို ချန်ရွှင်ကို အလွန် သဘောကျသည်။ ဆေးပင်များ လာရောက် စစ်ဆေးတိုင်း ချန်ရွှင် ပြောဆိုသော စကားများသည် တစ်ဖက်လူကိုအလွန် နွေးထွေးလန်းဆန်းစေသည်။

လျိုယွမ်သည်လည်း ချန်ရွှင်ကို ငေးမော ကြည့်ရှုနေသည်။ သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းများ ပြူးကျယ်သွားသည်။ စီနီယာအစ်ကို ချန်ရွှင်၏ လက်ရှိ အရှိန်အဝါသည် ယခင်နှင့် မတူ ကွဲပြားနေသလို သူ၏ မျက်နှာသွင်ပြင်သည်လည်း အိုမင်းသွားခြင်း အလျဉ်းမရှိပေ။

“မင်းတို့က အခုဆို အတွင်းစည်း တပည့်တွေ ဖြစ်နေကြပြီပဲ ငါကတောင် မင်းတို့ကို စီနီယာအစ်ကို စီနီယာအစ်မ လို့ ပြန်ခေါ်ရတော့မယ် ထင်တယ်”

ချန်ရွှင်က သူတို့နှစ်ဦးကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“အဲ့ဒိလိုမဟုတ်ပါဘူးဗျာ”

ရှီကျင်းက ခေါင်းကို မွှတ်နေအောင်ခါပြီး ငြင်းဆန်လိုက်သည်။

“စီနီယာအစ်ကို ချန်ရွှင်... ဆေးဋ္ဌာနမှာ အရေးကြီးကိစ္စ ရှိလို့လား ကျွန်တော်တို့ လမ်းပြပေးပါ့မယ်”

လျိုယွမ်၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူမသည် ချန်ရွှင်၏ ကျင့်ကြံမှုအဆင့်ကို တိတ်တဆိတ် အာရုံခံ ကြည့်လိုက်ရာ မည်သို့မျှ အာရုံခံ၍ မရသည်ကို တွေ့လိုက်ရသည်။

သူမ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး ဝမ်းသာအားရ ခုန်ပေါက်ကာ အော်ဟစ်လိုက်သည်။

“စီနီယာအစ်ကို ချန်ရွှင်... အစ်ကို... အဆင့်တက်သွားပြီပဲ ”

“ဟင်...”

ရှီကျင်း ကြောင်သွားသည်။ သူက ချန်ရွှင်၏ ကျင့်ကြံမှုအဆင့်ကို အာရုံမစိုက်မိသလို လျိုယွမ်လောက်လည်း အသေးစိတ်ကိုသတိမထားမိသဖြင့် ချန်ရွှင် နုပျိုနေသည်ကို သတိမထားမိခဲ့ပေ။ သူ အာရုံခံ ကြည့်လိုက်ရာ ရုတ်တရက် ဓာတ်လိုက်သွားသကဲ့သို့ နေရာတွင်ပင် တောင့်တင်းသွားပြီး မျက်လုံးများ ပြူးကျယ်လျက် ချန်ရွှင်ကို ကြည့်လိုက်မိသည်။

“ဂိုဏ်းတူဦးလေးကို ဂါရဝပြုပါတယ်”

“ဂိုဏ်းတူဦးလေးကို ဂါရဝပြုပါတယ်”

သူတို့နှစ်ဦးသည် ဝမ်းသာအားရ ခေါင်းငုံ့ကာ လက်သီးဆုပ်ဦးညွှတ်လျက် အရိုအသေ ပြုလိုက်ကြသည်။ သူတို့၏ ရင်ထဲတွင် ချန်ရွှင်အတွက် ဝမ်းသာပီတိ ဖြစ်နေကြသည်။

“အဆင့်တက်သွားလို့ ဆေးဋ္ဌာနမှာ လာပြီး စာရင်းသွင်းတာပါ”

ချန်ရွှင်က ဘာမှ မဖြစ်သလို အေးဆေးစွာ ပြုံးလိုက်ပြီး ဝိညာဉ်စွမ်းအား တစ်ခုဖြင့် သူတို့ကို ပင့်မလိုက်သည်။ ဤမြင်ကွင်းသည် သူ့ရင်ထဲတွင် လွမ်းဆွတ်မှုများကို ဖြစ်ပေါ်စေသည်။ ဟိုအရင်တုန်းက သူကိုယ်တိုင်လည်း တောင်ပိုင်ဝေဆန်း၏ ယခုလိုဆက်ဆံမှုအား ခံခဲ့ရဖူးသည် မဟုတ်ပါလား။

“ဒါဆိုရင် ဂိုဏ်းတူဦးလေးကို မနှောင့်ယှက်တော့ပါဘူး”

“ဟုတ်ပါတယ် ဂိုဏ်းတူဦးလေး ချန်ရွှင်... ဒါ တကယ့်ကို ဝမ်းသာစရာ သတင်းကောင်းပဲ”

သူတို့နှစ်ဦးသည် ပျော်ရွှင်စွာ ပြောဆိုလိုက်ကြသည်။ ချန်ရွှင် အဆင့်တက်သွားခြင်းသည် သူတို့ကိုယ်တိုင် အဆင့်တက်သွားသကဲ့သို့ ပျော်ရွှင်နေကြပြီး မည်သည့် မကောင်းသော စိတ်ထားမျှ မရှိကြပေ။

“ငါ့ဆီမှာ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံစဉ်က ရေးမှတ်ထားတဲ့ မှတ်စုတချို့ ရှိတယ် သိပ်ပြီး တန်ဖိုးမရှိပေမဲ့ လက်ဆောင် အနေနဲ့ ပေးပါရစေ”

ချန်ရွှင်က ပြုံးလျက် သိုလှောင်အိတ်ထဲမှ စာအုပ်လေး နှစ်အုပ်ကို ထုတ်ပေးလိုက်သည်။ ဤသည်မှာ သူတို့ ကျင့်ကြံစဉ်က ရရှိခဲ့သော အတွေ့အကြုံများ ဖြစ်သည်။ သူနှင့် နွားနက်ကြီးသည် အဆင့်တက်တိုင်း အလွန် တည်ငြိမ်ပြီး နှေးကွေးစွာ လုပ်ဆောင်ခဲ့ကြသဖြင့် ပြဿနာ အချို့ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဤကျင့်ကြံခြင်းလောကမှ လူအများစုသည် အောင်မြင်မှုကို အလျင်စလို လိုချင်ကြသူများ ဖြစ်သည်။ အကယ်၍ အထောက်အကူပြု ဆေးဝါးများ ရှိလျှင် တစ်ခါတည်းနှင့် အကုန် မျိုချချင်ကြသူများ ဖြစ်သည်။ သူတို့ကဲ့သို့ စိတ်ငြိမ်ငြိမ်ထားပြီး ဖြည်းဖြည်းချင်း ကျင့်ကြံကာ အခြေခံခိုင်အောင် လုပ်ဆောင်နိုင်သည့် စိတ်ဓာတ်မျိုး မရှိကြပေ။

“ဂိုဏ်းတူဦးလေး... အကျိုးအကြောင်း မရှိဘဲ လက်ဆောင်မယူသင့်ပါဘူး ကျွန်မတို့ ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ကို မယူရဲပါဘူး”

လျိုယွမ် လန့်ဖျပ်ပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ ပထမဆုံး ငြင်းဆန်လိုက်သည်။

“ဂိုဏ်းတူဦးလေး ချန်ရွှင်... ဒါက လက်ရင်းတပည့်တွေမှ ရနိုင်တဲ့ အခွင့်အရေးမျိုးပါ ကျွန်တော်တို့ တကယ် မယူထိုက်ပါဘူး ကျေးဇူးပြုပြီး ပြန်သိမ်းပေးပါ”

ရှီကျင်းက လေးလေးနက်နက် လက်သီးဆုပ်ဦးညွှတ်ကာ ပြောလိုက်သည်။

ချန်ရွှင်သည် ချမ်းသာကြွယ်ဝသူ မဟုတ်ကြောင်း ကျင့်ကြံခြင်း ပါရမီလည်း သူတို့လောက် မကောင်းကြောင်း သိထားသော်လည်း ဤမှတ်စုကို အထင်သေးခြင်း မရှိကြပေ။

“မွန်း မွန်း”

နွားနက်ကြီး ချက်ချင်း မကျေမနပ် ဖြစ်သွားသည်။ ဒီထဲမှာ သူ့ရဲ့ မှတ်စုတွေလည်း ပါတယ် ယူကိုယူရမယ်။

“ငါ စဉ်းစားတာ နည်းနည်း လိုသွားတယ် မင်းတို့ကို အခက်တွေ့စေမိပြီ”

ချန်ရွှင် ခေါင်းခါလျက် ပြုံးလိုက်ပြီး မှတ်စုများကို ပြန်သိမ်းလိုက်သည်။ ဝူယွင်ဂိုဏ်း၌ နှစ်ရှည်လများ နေထိုင်ခဲ့သော တပည့်များသည် စည်းမျဉ်းစည်းကမ်းများကို အလွန် အလေးထားကြပြီး တစ်ကိုယ်တော် ကျင့်ကြံသူများကဲ့သို့ လွတ်လပ်ပေါ့ပါးခြင်း မရှိကြပေ ထို့အပြင် ဤအတွင်းစည်း တပည့်များတွင် လက်ဦးဆရာကိုယ်စီရှိကြရာ သူက ကြားဝင်ပြီး ခြေရှုပ်လိုက်လျှင် သူတို့အတွက် အနှောင့်အယှက် ဖြစ်သွားစေနိုင်သည်။

“ဂိုဏ်းတူဦးလေး... အဲ့ဒိလိုတော့မပြောပါနဲ့ဗျာ”

ချန်ရွှင် ပြန်သိမ်းလိုက်သည်ကို မြင်မှ သူတို့နှစ်ဦး စိတ်သက်သာရာ ရသွားကြသည်။

“မင်းတို့ သွားစရာ ရှိတာ သွားကြပါ ငါနဲ့ နွားကြီးလည်း လမ်းလျှောက်ရင်း တောင်ပေါ် တက်လိုက်ဦးမယ် မင်းတို့ကို ငါ့ကြောင့် မနှောင့်နှေးစေချင်ဘူး”

ချန်ရွှင်က အဝေးမှ ရှုခင်းများကို ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။ သူ၏ လေသံတွင် အမြဲတမ်း တည်ငြိမ်အေးချမ်းမှုများ ပါဝင်နေသည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းတူဦးလေး”

“ဟုတ်ကဲ့ပါ ဂိုဏ်းတူဦးလေး”

သူတို့နှစ်ဦးသည် လက်သီးဆုပ်ဦးညွှတ် နှုတ်ဆက်လိုက်ကြပြီး နွားနက်ကြီးကိုပါ ခေါင်းညိတ်ပြကာ ထွက်ခွာသွားကြသည်။

“မွန်း”

“သွားစို့ နွားကြီး... ငါ နေရာကောင်းလေး တစ်ခု တွေ့ထားတယ်”

“မွန်း”

“ဟိုကုန်းမြင့်လေးကို ကြည့်စမ်း အဲဒီကနေ ကြည့်ရင် ဒီလွင်ပြင်ရဲ့ ရှုခင်းကို ကောင်းကောင်း ခံစားလို့ ရတယ် မြန်မြန်သွားရအောင်”

“မွန်း”

သူတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး ခြေလှမ်းများ မြန်ဆန်လာကာ ထိုကုန်းမြင့်ဆီသို့ ဦးတည်သွားကြသည်။ စာရင်းသွင်းသည့် ကိစ္စကပင် ရှုခင်းကြည့်သလောက် အရေးမကြီးတော့ပေ။

......

လမ်းတွင် လျိုယွမ်နှင့် ရှီကျင်းတို့ ယှဉ်တွဲလျက် သူတို့၏ ဆရာဂူသင်္ချိုင်း ရှိရာသို့ သွားနေကြသည်။

“အစ်ကိုရှီ... စီနီယာအစ်ကို ချန်ရွှင်... ဪ... မဟုတ်ဘူး... ဂိုဏ်းတူဦးလေး ချန်ရွှင်က ဘယ်လို လူစားမျိုးလို့ ထင်လဲ” လျိုယွမ်က ပေါ့ပါးစွာ မေးလိုက်သည်။

“ဂိုဏ်းတူဦးလေး ချန်ရွှင်လား...”

ရှီကျင်း ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“ဖော်ရွေတယ် သဘောထားကြီးတယ်... ဟုတ်တယ်”

သူ ပြောပြီးနောက် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ စဉ်းစားလေလေ မှန်ကန်လေလေ ဖြစ်နေသည်။

“ညီမ ထင်တာကတော့ ဂိုဏ်းတူဦးလေး ချန်ရွှင်က ကျော်ကြားလိုစိတ် မရှိတဲ့သူလို့ ထင်တယ် ညီမနဲ့ တခြားညီမလေးတွေ ရေပူစမ်းဆေးဥယျာဉ်ကို သွားစစ်ဆေးတိုင်း သူက စာဖတ်နေတာချည်းပဲ”

လျိုယွမ်၏ အသံလေးသည် တောအုပ်ထဲမှ ငှက်ကလေးများ တွန်မြည်သံကဲ့သို့ ကြည်လင်ပြတ်သားနေသည်။

ရှီကျင်း ကြောင်သွားပြီး ခေါင်းခါလိုက်သည်။

“အကိုနဲ့ ဂျူနီယာညီမလေးတွေ သွားတုန်းကတော့ ဂိုဏ်းတူဦးလေး ချန်ရွှင်က နွားနက်ကြီးနဲ့အတူ ကြက်ဖမ်းနေတာ တွေ့ခဲ့တယ် ငါတို့ကို ဟင်းကောင်းတစ်ခွက် ချက်ကျွေးမယ် ဆိုပြီးတော့လေ...”

“ဟယ်... ခစ်ခစ်ခစ်...”

လျိုယွမ် ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်သည်။

“ဂိုဏ်းတူဦးလေး ချန်ရွှင်က အမြဲတမ်း ရယ်စရာ ကောင်းတယ် စိတ်သဘောထားလည်း မဆိုးဘူး”

“အေး... ဟုတ်တယ်”

ရှီကျင်း သက်ပြင်းချလိုက်သည်။ ဂိုဏ်းထဲရှိ အခြား ဂိုဏ်းတူဦးလေးများနှင့် အကြီးအကဲများသည် အသက်ရှည်လွန်းသဖြင့် စိတ်နေသဘောထား ထူးဆန်းကြပြီး အနည်းငယ် အမှားပါရုံနှင့် ဒုက္ခရောက်တတ်သည်။

“နင်တို့နှစ်ကောင် ဒီမှာ ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေကြတာလဲ”

မျက်နှာထားတင်းမာသော အမျိုးသမီး တစ်ဦးသည် သူတို့ အနောက်တွင် အသံမပေးဘဲ ရုတ်တရက် ပေါ်လာသည်။

သူတို့နှစ်ဦးသည် လန့်ဖျပ်သွားပြီး ကြောက်လန့်တကြား ရပ်တန့်သွားကြသည်။ ကျောပြင်တွင် ချွေးစေးများ ပြန်လာသည်။ သွားပြီ။

“ဟဲဟဲ... ဆရာ ဆရာက ဘယ်လိုလုပ် အပြင်ထွက်လာတာလဲ တပည့်တို့ ကြိုမဆိုလိုက်ရ...”

“ကြိုဆိုတာတွေ ထားလိုက်စမ်း ရှီကျင်း... နင်သာ ငါးနှစ်အတွင်း အခြေခံတည်ဆောက်ခြင်းအဆင့် မရောက်ရင် ဝူယွင်ဂိုဏ်းရဲ့ ထမင်းချက် ရာထူးမှာ နင့်အတွက် နေရာတစ်နေရာ ရှိနေပြီလို့ မှတ်ထား”

အမျိုးသမီးသည် ရှီကျင်းကို နားရွက်မှဆွဲကာ ဂူသင်္ချိုင်းဆီသို့ ဆွဲခေါ်သွားလေသည်။

“လျိုယွမ်... နင်လည်း လိုက်ခဲ့ နင်လည်း သိပ်မထူးဘူး မိန်းကလေး ဖြစ်ပြီး နွဲ့နွဲ့နှောင်းနှောင်း(ကျင့်ကြံသူများမှာ သာမာန်လူများနင့်မတူပါ)နဲ့ ယောက်ျားယူချင်နေတာလား”

“ရှင်...”

လျိုယွမ် မျက်နှာလေး ရဲပဒေါင်းခတ်သွားပြီး စကားတစ်ခွန်းမျှ မပြောရဲတော့ဘဲ အနောက်မှ ကပ်လိုက်ပါသွားသည်။

“ဟာ... ဆရာ ဒီလိုတော့မလုပ်ပါနဲ့ ဒီမှာ လူတွေ အများကြီးနဲ့လေ”

ရှီကျင်း မျက်လုံးပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။ နေ့ခင်းကြောင်တောင်ကြီး နားရွက်ဆွဲခံရသည်မှာ သိက္ခာကျစရာ ကောင်းလွန်းလှသည်။ သည်လိုပုံစံနှင်္င့ ဝူယွင်ဂိုဏ်းမှာ ဘယ်လို ဆက်နေရမလဲ။

“ဟမ့်... ဒါက အားနည်းသူတွေရဲ့ ရလဒ်ပဲ မျက်နှာထောက်ထားတယ် ဆိုတာ အားကြီးသူတွေအတွက်ပဲ ရှိတယ်”

အမျိုးသမီးသည် ခြေလှမ်းကို နှေးလိုက်ပြီး ရှီကျင်းကို ကိုင်ထားသော ဖြူဖွေးသော လက်ကို ပို၍ မြှင့်လိုက်သည်။

“အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ရင် နင့်ကို ခဏ လွှတ်ပေးထားမယ်”

“အား...”

ရှီကျင်း သနားစရာကောင်းအောင် အော်ဟစ်နေသည်။ ဘေးပတ်ဝန်းကျင်မှ ထူးဆန်းသော အကြည့်များကို မြင်လိုက်ရသောအခါ သူ့ရင်ထဲတွင် မီးများ တောက်လောင်လာသည်။ သူ အဆင့်တက်ရမယ် မဖြစ်မနေ အဆင့်တက်မှ ရမယ်။

သူတို့သုံးဦးသည် နှေးကွေးစွာ လျှောက်လှမ်းသွားကြပြီး ရှီကျင်း၏ သနားစရာကောင်းသော အော်ဟစ်သံများက နောက်ကနေ လိုက်ပါသွားသည်။ လျိုယွမ်မှာလည်း ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ သူမလည်း ထိုကဲ့သို့ နားရွက်ဆွဲခံရမည်ကိုကြောက်သည်။

......

ဆေးဋ္ဌာန အတွင်း၌ ချန်ရွှင်၏ ဘေးတွင် အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲ အချို့ ဝိုင်းအုံနေကြသည်။ သူသည် ပြုံးရွှင်စွာဖြင့် လက်သီးဆုပ်ဦးညွှတ်ကာ မိမိကိုယ်ကို မိတ်ဆက်နေသည်။

“ချန်ရွှင် ဂျူနီယာညီလေးက ကံကောင်းလိုက်တာ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံးတည်းနဲ့ အဆင့်တက်နိုင်တယ် ဆိုတာ ဝူယွင်ဂိုဏ်းအတွက် ကံကောင်းတာပဲ”

“ကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ ကံတရားနဲ့လည်း ဆိုင်တာပဲ ကျင်ဟွမ် အဘိုးကြီး... ခင်ဗျား ဆိုလိုတာက ဂျူနီယာညီလေး ချန်ရွှင်က ဆေးတစ်လုံးတည်းနဲ့ အဆင့်မတက်သင့်ဘူးလို့ ပြောချင်တာလား”

“ဟမ့်... ငါက ဘယ်တုန်းက အဲဒီလို ပြောလို့လဲ ဂျူနီယာညီလေး ချန်ရွှင်... ဒီ ရွမ်ကျန့် အဘိုးကြီး ပြောတာ နားမထောင်နဲ့ ဒီကောင်က ဆေးဖော်ရင်း စိတ်ဖောက်ပြန်နေတာ...”

“ဟေ့ကောင် ကျင်ဟွမ် အဘိုးကြီး... မင်းက ဂျူနီယာညီလေး အသစ်ရှေ့မှာ ငါ့ကို သိက္ခာချရဲတယ်ပေါ့ လာစမ်း... စင်မြင့်ကို သွားမယ်”

“လာလေ... ဘယ်သူက ကြောက်နေလို့လဲ”

ခန်းမဆောင် အတွင်းရှိ အခြေအနေသည် မူလက သာယာနေသော်လည်း ရုတ်တရက် တင်းမာလာသည်။ ချန်ရွှင် ချွေးစေးများ ပြန်လာသည်။ သူနှင့် အခြား အကြီးအကဲ အချို့ ဝိုင်းဆွဲမှ ပြေလည်သွားကြသည်။

နွားနက်ကြီးလည်း ရင်ထဲတွင် ထိတ်လန့်နေပြီး ခေါင်းကို ဟိုဘက်ဒီဘက် လှည့်ကာ ကြည့်နေသည်။ ဘာလို့ စကားပြောရင်း ရန်ဖြစ်ကုန်ကြတာလဲ။

“တိတ်စမ်း”

အေးစက်သော မျက်နှာနှင့် အမျိုးသမီး တစ်ဦးသည် ခန်းမဆောင်၏ မြင့်မားသော စင်မြင့်ပေါ်တွင် ရုတ်တရက် ပေါ်လာပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူမ၏ အရှိန်အဝါသည် ခန်းမဆောင် တစ်ခုလုံးကို လွှမ်းမိုးသွားသည်။

All Chapters