← Chapters

အခန်း (၆၁-၆၂)

Vol. 4 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 4 Ch. 61-62

အခန်း (၆၁)

သူ့ထံတွင် ရှိသော အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးကို မသုံးစွဲရသေးပေ။ အဘယ်ကြောင့်ဆိုသော် ပါရမီမရှိသော သူများအတွက် ဆေးတစ်လုံးတည်းဖြင့် အောင်မြင်ရန် အခွင့်အလမ်း နည်းပါးပြီး ကျရှုံးနိုင်ခြေ များပြားသောကြောင့် ဖြစ်သည်။

“မွန်း”

နွားနက်ကြီး ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ ဤနေ့ရက်ကို သူ မျှော်လင့်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ သိုလှောင်အိတ်ကို ပါးစပ်ဖြင့် ကိုက်ချီလျက် အခြား ဂူပေါက်ဝ တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။

ချန်ရွှင် မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ပြီး ဓားပျံစီးကာ ရေတံခွန် အပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။ သူ အပြင်ဘက်တွင် ကင်းစောင့်နေပြီး မမျှော်လင့်သော အခြေအနေများကို တုံ့ပြန်ရန် ပြင်ဆင်ထားရမည်။

သူတို့သည် နေ့စဉ်ရက်ဆက် အလုပ်များနေကြသည်။ ချန်ရွှင်သည် နေ့စဉ် ဆေးပညာကို လေ့လာပြီး ဆေးမီးတောက်ကို ထိန်းချုပ်ရန် ကျင့်ကြံနေသည်။ အားလုံးသိသည့် အကြောင်းအရာ တစ်ခုမှာ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် နှစ်ရာချီ သက်တမ်းရှိသော ဆေးပင်များကို သန့်စင်နိုင်စွမ်း မရှိခြင်းပင် ဖြစ်သည်။

ယင်းသို့ဖြစ်ရခြင်းတွင် ပထမအချက်မှာ ဆေးမီးတောက်၏ သန့်စင်မှု မလုံလောက်ခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ ဆေးပင်များ ရှားပါးသဖြင့် ရာချီသက်တမ်းရှိ ဆေးပင်များကို စမ်းသပ်သုံးစွဲရန် မဖြစ်နိုင်ခြင်းကြောင့် ဖြစ်သည်။ နှစ်ပေါင်းတစ်ရာ အတွင်း ဆေးပညာသည် တစ်သက်လုံး လေ့လာရမည့် ပညာရပ် ဖြစ်သဖြင့် ချီသန့်စင်ခြင်းအဆင့်တွင် ဤအရာကို လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။

......

အချိန်ကာလဆိုသည့်ဓားသည်ရက်စက်လှချေသည်။ ဓားချက်တိုင်းသည် လူကို အိုမင်းစေသည်။ နေ့ရက်များ ပြောင်းလဲကုန်ဆုံးသွားရာ ခြောက်နှစ်ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းအတွင်း၌ သတင်းကောင်းများစွာ ထွက်ပေါ်လာသည်။ အတွင်းစည်း တပည့်အချို့သည် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးကို သုံးစွဲပြီး အဆင့်တက်ရောက် အောင်မြင်သွားကြသည်။ အချို့သော ပါရမီရှင်များ ဆိုလျှင် ဆေးမလိုဘဲ ချီသန့်စင်ခြင်း (၁၀) ဆင့်ကို ရောက်ရှိကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။

ကြားသိရသည်မှာ တောင်ပိုင်တစ်ဦးသည် ခရီးထွက်နေစဉ် ကောင်းကင် ဝိညာဉ်အမြစ် ပိုင်ဆိုင်သော မိန်းမပျိုလေး တစ်ဦးကို တွေ့ရှိခဲ့ပြီး တပည့်အဖြစ် လက်ခံလိုက်သည်ဟု ဆိုသည်။ ဝူယွင်ဂိုဏ်း တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အကြီးအကဲများ အားလုံး တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာကာ ကိုယ်တိုင် ကြိုဆိုကြသည်။

ထိုမိန်းမပျိုလေး အတွက် ကြီးကျယ်ခမ်းနားသော ဂိုဏ်းဝင်ခွင့် အခမ်းအနားကိုပင် ပြင်ဆင်ပေးခဲ့ကြသည်။ သို့သော် သူတို့ကဲ့သို့ အပြင်စည်း တပည့်များမှာမူ မြင်ခွင့်မရကြဘဲ စိတ်ထဲမှသာ တိတ်တဆိတ် အားကျနေရသည်။

ကောင်းကင် ဝိညာဉ်အမြစ် ပိုင်ရှင်များသည် ရွှေအမြူတေအဆင့်သို့ တက်လှမ်းရန် လမ်းကြောင်း ဖြောင့်ဖြူးနေသူများ ဖြစ်ပြီး အနာဂတ်တွင် အကန့်အသတ်မရှိ တိုးတက်နိုင်သူများ ဖြစ်ကြသည်။ ဝူယွင်ဂိုဏ်း၏ ရတနာ ဖြစ်သဖြင့် အကြီးအကဲများနှင့် တောင်ပိုင်များက ကောင်းစွာ ကာကွယ်ထားပြီး လူရှေ့သူရှေ့သို့ ထုတ်မပြကြပေ။

လူအများစုမှာ သူမ၏ ရုပ်ရည်ကိုပင် မမြင်ဖူးကြပေ။ ရွှေအမြူတေအဆင့်ထိ ရောက်ရှိထားသော အဆင့်မြင့်ကျင့်ကြံသူများ အနေဖြင့် မည်သူမျှ မအကြပေ။

သို့သော် ဤသတင်းများသည် တပည့်အများအပြားကို စိတ်အားတက်ကြွစေခဲ့သည်။ ဝူယွင်ဂိုဏ်း၏ အနာဂတ်သည် တောက်ပနေပြီး ဂိုဏ်းအပေါ် ထားရှိသော သံယောဇဉ်များ ပိုမို ခိုင်မာလာကြသည်။ ဤနေရာသည် သူတို့၏ စစ်မှန်သော အိမ်ဖြစ်သည်။

ရေပူစမ်းဆေးဥယျာဉ် အတွင်း၌ လူတစ်ယောက်နှင့် နွားတစ်ကောင် ရှိနေသည်။ သူတို့သည် ဝူယွင်ဂိုဏ်း၏ နောက်ကွယ်က ယန္တယားများ ဖြစ်ကြပြီး ဂိုဏ်းအတွက် တိတ်တဆိတ် အကျိုးပြုကာ မည်သူနှင့်မျှ မယှဉ်ပြိုင်ဘဲ နေထိုင်ကြသည်။

“ကွိ... ကွိ... ကွိ...”

ရေပူစမ်းဆေးဥယျာဉ် အတွင်းရှိ ရေတံခွန် အနောက်ဘက်တွင် ကြက်ခြံတစ်ခု ရှိသည်။ ချန်ရွှင်သည် အစာကျွေးနေပြီး နွားနက်ကြီးမှာ ဘေးနားတွင် အစာပုံးကို ကိုက်ချီထားသည်။

ထိုနေရာတွင် တောကြက် အကောင် (၂၀) ကျော်နှင့် ကြက်ပေါက်စလေးများစွာ ရှိနေသည်။ အားလုံးမှာ အစာဝပြီး တုတ်တစ်နေကြသည်။ ကြက်ဥများမှာ အမြဲတမ်း အနှစ်နှစ်လုံးပါလေ့ရှိပြီး အရသာ ရှိလှသည်။

ချန်ရွှင်၏ စကားအရ ဆိုလျှင် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။ နေ့တိုင်း အမဲလိုက်ထွက်နေလျှင် တစ်နေ့ကျရင် တောင်တန်းထဲက သားရဲကောင်တွေ မျိုးတုန်းကုန်လိမ့်မည်။ သဘာ၀ပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်အတွက် ကိုယ့်ဘာသာ မွေးမြူစားသောက်တာက ပိုကောင်းသည်။

“နွားကြီး... ငါတို့ ဝူယွင်ဂိုဏ်းက ပိုအင်အားကြီးလာပြီ ရွှေရောင်နေ့ရက်တွေရောက်လာတော့မှာပဲ”

ချန်ရွှင် ဝမ်းသာအားရ ပြောလိုက်ပြီး လက်ထဲမှ အစာများကို ကြဲပက်လိုက်သည်။

“ကောင်းကင် ဝိညာဉ်အမြစ်တဲ့ကွာ... ဒါကိုတောင် တောင်ပိုင်က တွေ့အောင် ရှာနိုင်သေးတယ် နှစ်နည်းနည်းလောက် နေရင် ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူ ဖြစ်လာတော့မှာ”

“မွန်း...”

နွားနက်ကြီးလည်း ပျော်ရွှင်စွာ အမြီးတနှံ့နှံ့ လုပ်နေသည်။ ကောင်းကင် ဝိညာဉ်အမြစ် ပိုင်ရှင်တွေ အကုန်လုံး ဝူယွင်ဂိုဏ်းကို ရောက်လာပါစေဟု ဆုတောင်းနေသည်။ ဂုဏ်ယူစရာပင်။ သူတို့ တောင်ပေါ်ရွာလေးမှာ နေတုန်းကဆိုလျှင် တစ်ချို့လူတွေက လမ်းဆုံးအထိ ရောက်နေကြလောက်ပြီ။ ဟိုလူနဲ့ယှဉ် ဒီလူနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲခံနေမလား။ ထို့ကြောင့်သူတို့သည် မည်သူနှင့်မျှလိုက်နှိုင်းယှဉ်နေစရာအကြောင်းမရှိပေ။ ဤဂိုဏ်းကို ရောက်လာခဲ့ခြင်းကပင် မဟာဆုလာဘ်ကြီးတစ်ခုဖြစ်နေပြီဖြစ်သည်။

“ဒါပေမဲ့ စွမ်းဆောင်ရည် ကြီးမားလေ တာဝန်ကြီးမားလေပဲ ဒီ စီနီယာကြီးတွေလည်း ဖိအားတွေ အများကြီး ခံစားနေရမှာ ငါတို့ ဝူယွင်ဂိုဏ်းအတွက် ဝန်တွေကို ထမ်းထားရတာ”

ချန်ရွှင် အေးဆေးစွာ ပြောလိုက်သည်။ အစာကျွေးလို့ ပြီးသွားပြီ။

“ဒီနှစ်တွေထဲမှာ ဂိုဏ်းငယ်လေးတွေ အများကြီး အတိုက်ခံရတယ် ကြားတယ် ဂိုဏ်းတည်နေရာတောင် ပြောင်သွားတယ်တဲ့ ငါတို့ဂိုဏ်းက လူတွေ အများကြီးလွှတ်ပြီး စုံစမ်းခိုင်းနေတုန်းပဲ”

“မွန်း”

နွားနက်ကြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ လူ့လောက သာမက ကျင့်ကြံခြင်းလောကသည်လည်း နေရာတိုင်း တိုက်ပွဲတွေ ရှိနေသည်။ အပြင်စည်း တပည့်တွေ နှစ်တိုင်း အများကြီး သေဆုံးနေရသည်။

“ငါတို့က အစွမ်းအစ နည်းတယ် ပြီးတော့ ဟိတ်ဟန်ထုတ်ရတာလည်း မကြိုက်ဘူး အေးအေးဆေးဆေးပဲ ဆေးပင်စိုက်ပြီး ဂိုဏ်းအတွက် တတ်နိုင်သလောက် အကျိုးပြုကြတာပေါ့”

ချန်ရွှင် ရယ်မောကာ ပြောလိုက်သည်။ ယခုအခါ သူ၏ စိတ်နေသဘောထားမှာ အတော်လေး တည်ငြိမ်အေးဆေးလာပြီ ဖြစ်သည်။ သွေးဆူလွယ်သော လူငယ်လေး တစ်ယောက် မဟုတ်တော့ပေ။

“သွားမယ် နွားကြီး... ငါ ဒီနေ့ ဆေးမီးဖို ဖွင့်ပြီး ဆေးဖော်တော့မယ် ဘယ်သူက ငါ့ကို အထင်သေးရဲမလဲ ကြည့်ရသေးတာပေါ့”

သူတို့၏ ဟန်ပန်မှာ ထက်မြက်နေသည်။ နွားနက်ကြီးက အစာပုံးကို ဘုန်းခနဲ ချလိုက်ရာ ကြက်ခြံထဲမှ တောကြက်များ လန့်ဖျပ်ပြီး ထွက်ပြေးကုန်ကြသည်။ ကံထူးရှင် တစ်ကောင်ကို ရွေးထုတ်တော့မလို့လား။

ဤခြောက်နှစ် အတွင်း သူတို့သည် သက်တမ်းအမှတ်များကို အသုံးပြုပြီး ဝိညာဉ်စွမ်းအားကို အပြည့်အ၀ဖြည်းဆည်းထားခဲ့ပြီး ဖြစ်သည်။ ယခုအခါ အမှတ် (၂၀) ရှိနေပြီ ဖြစ်ရာ ဂါထာမန္တန်များကို အသုံးပြုရာတွင် အလွန် အစွမ်းထက်လာသည်။ သူတို့ စမ်းသပ်ကြည့်ဖူးသည်။ အကယ်၍ ဆေးမီးတောက်ကို စွမ်းအအားကုန်သုံးလိုက်လျှင် လက်နက်လုပ်သည့် မီးဖိုကြီးပင် အရည်ပျော်သွားနိုင်သည်။

ထို့အပြင် မူလ ချီသန့်စင်ခြင်းအဆင့် ဆေးမီးတောက်သည် အနီရောင် မီးတောက်ငယ်လေး သာ ဖြစ်သော်လည်း သူတို့၏ ဆေးမီးတောက်မှာမူ စွမ်းအားကုန်အသုံးပြုပါက အဖြူရောင်သန်းလာပြီး အလွန် အေးစက်လာကာ အရည်အသွေး ပြောင်းလဲလာသည်။ မီးလုံး ပစ်လွှတ်ခြင်း ပညာ ဆိုလျှင် ပိုဆိုးသည်။ မနှစ်က စမ်းသပ်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးလုံးများသည် ဥက္ကာခဲများကဲ့သို့ ကျဆင်းလာသည်။ အချိန်မီ မရပ်တန့်လိုက်လျှင် ရေပူစမ်းဆေးဥယျာဉ်၏ အစီအရင်ပင် ပျက်စီးသွားလောက်သည်။

“နွားကြီး... ငါတို့ရဲ့ ခံစစ်စွမ်းရည်ကို စမ်းသပ်လို့ ရပြီ”

“မွန်း”

“ဟဲဟဲ... အဲဒီကျရင် ငါတို့က ဓားပြီး လှံပြီး ဖြစ်သွားမှာ ရင်ဘတ်ပေါ်မှာ ကျောက်တုံးခွဲပြရင်တောင် လောကမှာ အတော်ဆုံး မျက်လှည့်ဆရာ ဖြစ်လာနိုင်တယ်... ဟားဟား...”

“မွန်း”

ရေပူစမ်းဆေးဥယျာဉ်၏ ကောင်းကင်၌ ရယ်မောသံကြီး ထွက်ပေါ်လာပြီးနောက် ရေတံခွန်ထဲသို့ တိုးဝင်ကာ သူတို့၏ လျှို့ဝှက်စခန်းထဲသို့ ဝင်ရောက်သွားကြသည်။ အတွင်းဘက်ရှိ အခြား ဂူပေါက်တစ်ခုထဲတွင် နွားနက်ကြီး စီစဉ်ထားသော အစီအရင်များ ပြည့်နှက်နေသည်။ အကယ်၍ မတော်တဆမှု တစ်ခုခု ဖြစ်ပွားခဲ့လျှင် သူ အဝေးမှနေ၍ ထိန်းချုပ်ကာ အတွင်းရှိ ဆေးပင်များကို ဖျက်ဆီးပစ်လိုက်နိုင်ပြီး သဲလွန်စ မကျန်အောင် လုပ်ဆောင်နိုင်သည်။

ထို့အပြင် သူတို့သည် မည်သူမျှ ထင်မှတ်မထားသော လျှို့ဝှက်နေရာ တစ်ခုတွင် ပျိုးထောင်ထားသော ဆေးပင် မျိုးစေ့များကို မြှုပ်နှံထားလိုက်သေးသည်။ အရန်အစီအစဉ် အနေဖြင့် ဖြစ်သည်။

“မွန်း” နွားနက်ကြီး တိုးတိုးလေး အော်လိုက်ပြီး ကိုယ်ကို မတ်လိုက်သည်။ ရှေ့ခြေထောက်နှစ်ချောင်းဖြင့် ထူးဆန်းသော လက်ဟန်များ လုပ်လိုက်ရာ ဂူပေါက်ဝ ပွင့်လာသည်။ အတွင်းထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးပင်များ အပြည့်ရှိနေသည်။ ပမာဏက အလွန့်အလွန် များပြားလှသည်။

ချန်ရွှင်သည် အဝေးတွင် ရပ်နေပြီး အပြင်ဘက်ကို အဆက်မပြတ် ကြည့်ရှုနေသည်။ နွားနက်ကြီး၏ အစီအရင်များကို သူ နည်းနည်း လန့်နေသည်။

ဤနွားကြီးက အပေါ်ယံကြည့်လျှင် အူကြောင်ကြောင်ပုံ ပေါက်နေသော်လည်း ဉာဏ်နီဉာဏ်နက် များပြားရာတွင် သူ့ခြေရာကို နင်းနိုင်သူ ဖြစ်သည်။ ရေပူစမ်းဆေးဥယျာဉ် အတွင်း နေရာအနှံ့အပြားတွင် အစီအရင်များ ခင်းကျင်းထားသဖြင့် သူ မကြာခဏ ဒုက္ခရောက်ဖူးသည်။

“မွန်း”

“လာပြီ”

ချန်ရွှင်၏ မျက်လုံးများ လျှပ်စီးကဲ့သို့ တဖျတ်ဖျတ်လက်သွားသည်။ ဂူအတွင်းရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးပင်များကို ကြည့်လိုက်သည်။ အဓိက ဆေးပင်များသည် အားလုံး နှစ် (၃၀၀) ကျော် သက်တမ်း ရှိကြပြီး ကြည်လင်တောက်ပကာ ဝိညာဉ်အငွေ့အသက်များ ထုတ်လွှတ်နေကြသည်။

“နွားကြီး... မင်း သွားကြည့်ထား မင်း ဓားပျံစီးတတ်နေပြီပဲ ငါ တစ်ခုခု ဖြစ်ရင် အာရုံခံ အစီအရင်ကို အသက်သွင်းလိုက်မယ်”

“မွန်း” နွားနက်ကြီး ခေါင်းညိတ်လိုက်ပြီး သိုလှောင်အိတ်ကို ပုတ်ကာ ဓားပျံတစ်လက် ထုတ်လိုက်သည်။ ဤဓားပျံသည် ချန်ရွှင် သူ့အတွက် လဲလှယ်ပေးထားခြင်း ဖြစ်သဖြင့် အလွန် တန်ဖိုးထားသည်။ သူ ဓားပျံစီးကာ ထွက်ခွာသွားသည်။

ဆေးမီးဖို တစ်ခု လေထဲတွင် ဝဲပျံနေသည်။ ချန်ရွှင်သည် ပစ္စည်းထိန်းချုပ်ခြင်း ပညာကို အသုံးပြုနေခြင်း ဖြစ်သည်။ အခြား ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် ပစ္စည်းတစ်ခုကိုသာ ထိန်းချုပ်နိုင်သော်လည်း သူကမူ ပစ္စည်းရာပေါင်းများစွာကို တပြိုင်နက် ထိန်းချုပ်နိုင်ပြီး ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုမှာလည်း အလွန် နည်းပါးသည်။

“သက်တံ့သစ်သီး၊ လသစ်သီး”

ချန်ရွှင် ရေရွတ်လိုက်သည်။ လက်ထဲမှ ဆေးမီးတောက် တစ်ခု ထွက်ပေါ်လာပြီး ငါးခုအဖြစ် ကွဲထွက်သွားသည်။ အခြားသူများသာ မြင်လျှင် မျက်လုံးများ ပြူးကုန်ကြလိမ့်မည်။ ဆေးမီးတောက်က ကွဲထွက်လို့ ရသေးတာလား။ ဒီလို လုပ်လို့ ရတာလား။

“ဆေးပင် တစ်ပင်ချင်းစီရဲ့ ဂုဏ်သတ္တိက မတူဘူး အသုံးပြုရမယ့် မီးအပူချိန်နဲ့ နည်းစနစ်ကလည်း ကွာခြားတယ် ငါ့မှာ သင်ပေးမယ့် ဆရာမရှိတော့ ကိုယ့်ဘာသာ စမ်းသပ်ရတော့တာပေါ့”

ချန်ရွှင် လက်ချောင်းများ လှုပ်ရှားလိုက်ရာ သက်တံ့သစ်သီးသည် လေပေါ်သို့ ပျံတက်သွားပြီး ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားသည်။ တစ်နာရီခန့် ကြာသောအခါ မျှော်လင့်ထားသည့်အတိုင်း အသုံးမဝင်သော ဆေးရည်များ အဖြစ် ပြောင်းလဲသွားသည်။

သူ မျက်နှာ ရှုံ့မဲ့သွားပြီး နှမြောတသ ဖြစ်သွားသည်။ သို့သော် ချက်ချင်းပင် စာအုပ်လေးကို ယူကာ အစောပိုင်းက ခံစားချက်များကို မှတ်တမ်းတင်လိုက်သည်။ ပြန်လည် ပြင်ဆင်ပြီး စိတ်မလောဘဲ ဆက်လုပ်သည်။

အခန်း (၆၂)

နာရီအနည်းငယ် ကြာပြီးနောက်... ဆေးမီးဖိုထဲတွင် ပျက်စီးသွားသော ဆေးရည်များသာ ရှိနေသည်။ တစ်ကြိမ်မှ မအောင်မြင်သေးပေ။ ချန်ရွှင်သည် စိတ်မလောဘဲ ဆက်လက်၍ သုံးသပ်နေသည်။

“ဒီ ဝိညာဉ်ဆေးပင်တွေက တကယ် ထူးဆန်းတာပဲ သက်တမ်း မတူတာနဲ့ ကွာခြားချက်က ဒီလောက် ကြီးမားနေတာလား”

ချန်ရွှင် စိတ်ထဲတွင် တွေးလိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးအတွက် အရန်ဆေးပင် တစ်ပင်တည်း ဖြစ်သော်လည်း သက်တမ်း (၁၀) နှစ်လောက် ကွာခြားရုံဖြင့် မီးအပူချိန်နှင့် နည်းစနစ်ကို ပြောင်းလဲပေးရသည်။

ဤအချက်သည် သူ ယခင်က ဖော်စပ်ခဲ့သော တောင်ပံဆေး ၊ ချီအားဖြည့်ဆေးများနှင့် လုံးဝ မတူညီပေ။ မီးအပူချိန် ထိန်းချုပ်မှုသည် သက်တမ်း အတိအကျအထိ တိကျရမည်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ မဖော်စပ်နိုင်သည်မှာ မဆန်းပေ။

ဤဆေးပင်မျိုးကို ဖော်စပ်ရန်အတွက် ဒဏ္ဍာရီလာ နတ်အသိ လိုအပ်မည်ဟု ခန့်မှန်းရသည်။ သို့မှသာ ဆေးအောင်မြင်မှု နှုန်းထား မြင့်မားလာမည် ဖြစ်သည်။

“ဒါပေမဲ့ ငါ့မှာ အပေါဆုံးက ဆေးပင်နဲ့ အချိန်ပဲ” ချန်ရွှင် အနည်းငယ် ပြုံးလိုက်သည်။ စိတ်ဝင်စားစရာ ကောင်းနေသည်။ ကျရှုံးခြင်းအတွက် စိတ်ဓာတ်ကျခြင်း လုံးဝ မရှိပေ။

ချန်ရွှင်သည် နေ့စဉ် ဆေးဖော်စပ်ခြင်းဖြင့် အချိန်ကုန်ဆုံးနေသည်။ တစ်လလျှင် (၅) ပင်ထက် ပိုမဖော်စပ်ပေ။ ကျရှုံးလျှင် အတွေ့အကြုံနှင့် ခံစားချက်များကို မှတ်တမ်းတင်ပြီး ပြန်လည် သုံးသပ်သည်။

......

ဆောင်းကုန်၍ နွေကူးခဲ့သည်မှာ တစ်နှစ်ပင် ရှိခဲ့ပြီ။ ရေပူစမ်းဆေးဥယျာဉ် အတွင်း၌ ရာသီဥတု သာယာနေသည်။

လျှို့ဝှက်စခန်း အတွင်း၌ နွားနက်ကြီးသည် ချန်ရွှင်၏ ဆေးမီးဖိုကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ဆေးရနံ့များ ပျံ့လွင့်လာရာ နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်နေသည်။

“မွန်း” နွားနက်ကြီး ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ သည်တစ်နှစ်အတွင်း ချန်ရွှင် အလွန် ပင်ပန်းခဲ့ရသည်။ သူက ဘာမှ ဝင်မကူညီနိုင်ဘဲ ဘေးနားကနေ ဆေးပင်များ ပြင်ဆင်ပေးရုံသာ တတ်နိုင်ခဲ့သည်။

နောက်ဆုံးတွင် ဆေးတစ်ဖုံကို ချန်ရွှင် အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ သို့သော် သူ၏ မျက်ဝန်းထဲတွင် တည်ငြိမ်မှုသာ ရှိပြီး ဝမ်းသာအားရ ဖြစ်မနေပေ။

“အရာအားလုံး ငါ့ထိန်းချုပ်မှုအောက်မှာပဲ” ချန်ရွှင်၏ မျက်ဝန်းများ ငြိမ်သက်နေသော်လည်း နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။ “အခြေခံတည်ဆောက်ခြင်းအဆင့် ဆေး... ဒီလောက်ပါပဲကွာ... အေးဆေးပါပဲ”

“မွန်း မွန်း” နွားနက်ကြီးသည် ချန်ရွှင်ကို ပတ်ပြေးကာ အော်ဟစ်နေသည်။

“ခံစားချက်က မှန်ကန်သွားပြီ”

ချန်ရွှင် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်၏။ “နွားကြီး... ငါတို့ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ဖို့ မျှော်လင့်ချက် ရှိပြီ”

“မွန်း” နွားနက်ကြီး စိတ်လှုပ်ရှားစွာဖြင့် ချန်ရွှင်ကို ခုန်အုပ်လိုက်သည်။ ချန်ရွှင်လည်း တဟားဟား ရယ်မောလိုက်လေသည်။

အစကခက်သော်လည်း ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ။

[ တင်... စွမ်းရည်မှတ် ပေါင်းထည့်နိုင်ပါသည် ]

“နွားကြီး... အမှတ်ပေါင်းလို့ ရပြီ အမှတ်ပေါင်းလို့ ရပြီ” ချန်ရွှင် နွားနက်ကြီး၏ခေါင်းကို ပုတ်လိုက်သည်။ “နောက်ဆုံးတော့ ခံစစ်စွမ်းရည်ကို စမ်းသပ်လို့ ရပြီ”

“မွန်း” နွားနက်ကြီး ဘေးနားတွင် ရပ်လျက် ချန်ရွှင်ကို စိုက်ကြည့်နေသည်။ သူ အဆင်သင့် ဖြစ်နေပြီ။

အမှတ် စတင် ပေါင်းထည့်လိုက်သည်။ ခံစစ်စွမ်းရည် တွင် တိုက်ရိုက် ပေါင်းထည့်လိုက်သည်။ ပြင်းထန်သော စွမ်းအားတစ်ခု ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ကိုယ်ခန္ဓာတစ်ခုလုံး တင်းကျပ်သွားသလို ခံစားလိုက်ရသည်။

“မဆိုးပါလား” ချန်ရွှင် မျက်ခုံးပင့်လိုက်သည်။ လက်မောင်းကို ကြည့်လိုက်ရာ အပြင်ပန်းတွင် ဘာမှ မပြောင်းလဲသော်လည်း သိသိသာသာ မာကျောလာကြောင်း ခံစားလိုက်ရသည်။

“မွန်း” နွားနက်ကြီး ဘယ်ပြန်ကြည့် ညာပြန်ကြည့် လုပ်နေသည်။ သံသယ ဖြစ်နေပုံရသည်။

“နွားကြီး... ကိုယ့်ဘာသာ ဒဏ်ရာရအောင် မလုပ်နဲ့ သဘာဝအတိုင်း ထားလိုက်” ချန်ရွှင် လန့်သွားသည်။

“မွန်း” နွားနက်ကြီး ရယ်လိုက်သည်။ သူ့မှာ အကြံ ရှိပါသည်။

“သွားစို့... ဂိုဏ်းချုပ်ခန်းမဆောင်မှာ အကျိုးပြုအမှတ် (၂၀၀) သွားယူမယ် ပြီးရင် ဂိုဏ်းတွင်းပြိုင်ပွဲ သွားကြည့်မယ် ဂျူနီယာညီလေး၊ ညီမလေးတွေ အများကြီး ထွက်ပေါ်လာတယ် ကြားတယ် ပြန်ရောက်မှ ဆေးဆက်ဖော်မယ်”

“မွန်း”

လူတစ်ယောက်နှင့် နွားတစ်ကောင် ဓားပျံစီးကာ ရေတံခွန်အောက်သို့ ဆင်းလာသည်။ ထို့နောက် ဂူထဲမှ လှော်ထားသော နေကြာစေ့ အများအပြား ယူဆောင်ကာ ရေပူစမ်းဆေးဥယျာဉ် အပြင်ဘက်သို့ ထွက်ခွာသွားကြသည်။ နောက်ပိုင်း နှစ်များတွင် နှစ်စဉ်နှစ်တိုင်း ကောက်ရိုးခမောက် ဆောင်းထားသော လူတစ်ယောက်သည် ကောက်ရိုးခမောက် ဆောင်းထားသော နွားနက်ကြီးကို ဆွဲလျက် ပြိုင်ပွဲကွင်းသို့ ရောက်လာလေ့ ရှိသည်။ သူတို့သည် ပြိုင်ပွဲ မဝင်ကြဘဲ လူရှင်းသော သစ်ပင်ရိပ်အောက်တွင် ထိုင်ကာ နေကြာစေ့ စားနေတတ်သည်။

သူတို့သည် အလွန် ပျော်ရွှင်နေပုံရသည်။ အဆင့် တိုးတက်မှုကို စိတ်မဝင်စားတော့သကဲ့သို့ ပြိုင်ပွဲဝင်များကို အော်ဟစ် အားပေးနေတတ်သည်။ ပြိုင်ပွဲပြီးလျှင် တိတ်ဆိတ်စွာ ပြန်ဆင်းသွားကြသည်။ လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံသည်။

သူတို့ကို ကြည့်မိသူတိုင်း ပြန်လည် ပြုံးပြတတ်ပြီး လမ်းလျှောက်လျှင်လည်း သူများသွားဖို့ လမ်းဖယ်ပေးတတ်သဖြင့် လူအများက သဘောကျကြသည်။

မည်သူမျှ သူ့နာမည်ကို မသိကြပေ။ သူကလည်း ပေါင်းသင်းဆက်ဆံရေး ကောင်းပုံမရ။ ဂိုဏ်းထဲတွင် မိတ်ဆွေ သူငယ်ချင်း မရှိသလောက်ပင်။ အမြဲတမ်း နွားနက်ကြီး တစ်ကောင်ကို ဆွဲပြီး တစ်ယောက်တည်း သွားလာနေတတ်သည်။

အချိန်ကာလများသည် လျင်မြန်စွာ ကုန်ဆုံးသွားပြန်သည်။ အတိတ်ကို ပြန်ကြည့်လျှင် အခက်အခဲများနှင့် ပျော်ရွှင်မှုများ ရောထွေးနေသည်။ (၁၀) နှစ်တာ ကာလသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့ပြီ။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဝူယွင်ဂိုဏ်းသို့ ရောက်ရှိသည်မှာ အနှစ် (၂၀) ကျော်ပြီ ဖြစ်သည်။ ဂိုဏ်းထဲတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ချင်နိုင်ငံ ၏ ဂိုဏ်းများနှင့် ဝူနိုင်ငံ ၏ ဂိုဏ်းများကြား ပဋိပက္ခများ ပိုမို ပြင်းထန်လာသည်။

ကျင့်ကြံခြင်း လမ်းစဉ်သည် ရေဆန်လမ်းကို လှေလှော်ရသကဲ့သို့ပင်။ ရှေ့မရောက်လျှင် နောက်ဆုတ်သွားမည်။ ချင်နိုင်ငံတွင် ဝူနိုင်ငံ ကျင့်ကြံသူများ လိုအပ်သော ရင်းမြစ်များ ရှိသလို ဝူနိုင်ငံတွင်လည်း ချင်နိုင်ငံ ကျင့်ကြံသူများ လိုအပ်သော ရင်းမြစ်များ ရှိနေသည်။

ရေပူစမ်းဆေးဥယျာဉ် အတွင်းရှိ ရေတံခွန်နောက်ဘက် ဂူထဲ၌...

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သာမန် သက်ရှိများသာ ဖြစ်ကြပြီး ခေတ်ရေစီးကြောင်းကို မပြောင်းလဲနိုင်ကြပေ။ ရေလိုက်ငါးလိုက် နေထိုင်ရင်း (၁၀) နှစ်တာ သက်တမ်းအမှတ်များကို ခံစစ်စွမ်းရည် တွင် ပေါင်းထည့်ခဲ့ကြသည်။

ပဋိပက္ခများမှာ စကားဖြင့်စစ်ထိုးနေကြရုံသာရှိကြသေးပြီး လက်တွေ့ တိုက်ခိုက်ခြင်း မရှိသေးဟု ကြားရသည်။ သို့သော် အောက်ခြေ တပည့်များကမူ ထိုသို့ မယူဆကြပေ။ ကောလာဟလများ နေရာအနှံ့ ပျံ့နှံ့နေသည်။

“နွားကြီး... ကြည့်ရတာ တိုက်ပွဲ ဖြစ်တော့မယ့်ပုံပဲ” ချန်ရွှင် မျက်မှောင်အနည်းငယ် ကြုတ်ကာ နွားနက်ကြီးကို ကြည့်လိုက်သည်။ “တကယ်လို့ ဝူယွင်ဂိုဏ်းထိ ရောက်လာရင် ငါတို့ ဘယ်လိုလုပ်မလဲ...”

“မွန်း” နွားနက်ကြီး စိတ်လှုပ်ရှားသွားသည်။ အောက်ခြေ တပည့်များက နေ့တိုင်း ကောလာဟလ ဖြန့်နေကြသည်။ အနှစ်တစ်ထောင် အတွင်း ကျင့်ကြံသူများ စစ်ပွဲကြီး ဖြစ်ပွားလေ့ရှိသည်ဟု ဆိုကြသည်။

“လခွမ်းမှပဲ” ချန်ရွှင် တိုးတိုးလေး ဆဲလိုက်သည်။ ရင်းမြစ် လုယူခြင်း ဆိုသည်မှာ ဘယ်ကမ္ဘာမှာမဆို ရှိနေသည်ပင်။ အဓိကက သူတို့လို သာမန် လူများ မည်သို့လုပ်ကြရမည်နည်း။

နိုင်ရင်လည်း ဘာအကျိုးမှ မရ ၊ ရှုံးရင်လည်း ဂိုဏ်းပါ ပျောက်သွားနိုင်သည်။ ပြီးတော့ သူတို့လို အောက်ခြေ တပည့်များက နိုင်ငံနှစ်ခုရဲ့ ဂိုဏ်းများ အင်အားမည်မျှကြီးမားကြသည်ဆိုသည်ကို မည်သို့သိနိုင်မည်နည်း။

“မွန်း... “ နွားနက်ကြီးက ချန်ရွှင်ကို ဝှေ့လိုက်ပြီး ခေါင်းကို အဝေးသို့ လှည့်ပြလိုက်သည်။

“ထွက်ပြေးမလို့လား မဖြစ်ဘူး... အနည်းဆုံးတော့ ဂိုဏ်းအတွက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ (၁၀) ၊ (၂၀) လောက်တော့ သတ်ပေးရမှာပေါ့”

ချန်ရွှင် ခေါင်းကို တွင်တွင် ခါလိုက်သည်။ “ဝူယွင်ဂိုဏ်း တကယ် မတောင့်ခံနိုင်တော့မှပဲ ပြေးမယ် မဟုတ်ရင် ဝူနိုင်ငံနဲ့ အသေခံ တိုက်မယ်ကွာ”

သူ့မျက်လုံးများ ရုတ်တရက် စူးရှသွားသည်။ ဝူယွင်ဂိုဏ်းသည် သူတို့၏ အိမ်ဖြစ်နေပြီ။ ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူ (၁၀၀) လောက် လာဝိုင်းတာမျိုး မဟုတ်ရင်တော့ သူတို့တာဝန်ယူနိုင်သည်။

“မွန်း “ နွားနက်ကြီး ခြေဆောင့်ပြီး အော်လိုက်သည်။ သူ ဆိုလိုနေသည်မှာ ထိုသို့မဟုတ်ပေ။ ခေါင်းကို တွင်တွင်ခါပြီး ကျောက်ခဲလေး ယူကာ စာရေးပြလိုက်သည်။

ချန်ရွှင် မျက်လုံး မှေးသွားပြီး ခေါင်းကို ရိုက်လိုက်မိသည်။ သူ အတွေးလွန်သွားတာပဲ။ နွားနက်ကြီး ဆိုလိုတာက - အဝေးက အကြီးအကဲတွေတောင် မတိုက်ရသေးတာ ငါတို့က ဘာလို့ ကြိုပူနေရတာလဲ။

“ဟီး... ဟုတ်သားပဲ တိုက်ရင်တောင် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက အရင် ခံရမှာ ငါတို့ ဝူယွင်ဂိုဏ်းက အခုထိ ဘာသတင်းမှ မကြားရသေးဘူး ဟားဟား... ဟားဟားဟား...”

ချန်ရွှင် ရုတ်တရက် ရယ်မောလိုက်သည်။ စိတ်ထဲ ပေါ့ပါးသွားသည်။

နွားနက်ကြီးက ချန်ရွှင်ကို ကြည့်ကာ စိတ်ညစ်သွား၏။

“ဒါပေမဲ့ နွားကြီး... ငါတို့လည်း ကြိုတင် ပြင်ဆင်ထားရမယ်” ချန်ရွှင် ချောင်းတစ်ချက် ဟန့်လိုက်သည်။ “ဂိုဏ်းအတွက် ဘယ်လောက်ပဲ အကျိုးပြုနိုင်နိုင် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် အင်အား ရှိရမယ် မဟုတ်လား”

“မွန်း” နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ အကြည့်များက လေးနက်သွားသည်။ နိုင်ရာတာဝန်ကိုယ်စီ ထမ်းကြရမည်ဆိုရာဝယ် မိမိတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မလာစေရန်လည်းအရေးကြီးပါသည်။

ချန်ရွှင် ပြုံးလိုက်သည်။ သူတို့၏ အကြည့်များ အောက်သို့ ရောက်သွားသည်။ ဆေးမီးဖိုထဲတွင် ဖြူဖွေးတောက်ပနေသော ဆေးလုံး (၅) လုံး ရှိနေသည်။ အပေါ်တွင် သစ်ရွက်စိမ်း ပုံသဏ္ဌာန် ဆေးကြိုး များပင် ပါရှိသေးသည်။ (၁၀) နှစ် အချိန်ပေးပြီးနောက် ချန်ရွှင်သည် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ဖော်စပ်ရန် လိုအပ်သော ဆေးပင်များ အားလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ သို့သော် အရေးအကြီးဆုံးမှာ ကျွမ်းကျင်ပိုင်နိုင်သော ဆေးဖော်စပ်မှု နည်းစနစ် ဖြစ်ပြီး ရလဒ်က သိပ်အရေးမကြီးတော့။

ဆေးကြိုး ဆိုတာ ဘာလဲ သူတို့ နားမလည်ပေ။ ပြီးတော့ အကြီးအကဲ ပေးထားသော အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးနှင့်လည်း လုံးဝ မတူပေ။ ဘာကြောင့်လဲ ဆိုတာလည်း မသိကြ။

“နွားကြီး... အခြေခံတည်ဆောက်ခြင်းအဆင့် တက်လှမ်းဖို့ ပြင်ဆင်တော့”

“မွန်း”

All Chapters