အခန်း (၆၇-၆၈)
Vol. 4 Ch. 67-68
အခန်း (၆၇)
“ဟားဟား... စီနီယာအစ်ကိုရွမ် ပြောတာ ဟုတ်တာပေါ့ဗျာ၊ ဘာလုပ်ပေးရမလဲဆိုတာ ပြောပြပါလား” ချန်ရွှင်သည် လက်သီးဆုပ်ကာ ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်သည်။
ရွမ်ကျန့်သည် အကြည့်လွှဲမသွားသော်လည်း သူ၏ နတ်အသိကမူ ကျိုးရီယင် ထွက်ခွာသွားပြီဖြစ်ကြောင်း အာရုံခံမိသည်။ သူသည် ရုတ်တရက် စိတ်ဝင်စားမှု လျော့နည်းသွားသလို ခံစားလိုက်ရ၏။ မူလကမူ အခွင့်အရေးကောင်း တစ်ခု ရရှိပြီဟု အထင်ဖြင့် ဤ တစ်ကိုယ်တော်ကျင့်ကြံသူ ဂျူနီယာညီလေးအသစ်အား သူ၏ လက်တိုလက်တောင်းအဖြစ် ခိုင်းရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် နတ်အသိ ဖြစ်ပေါ်လာရုံသာမက ဒန်တန် စွမ်းအားလည်း များစွာ တိုးပွားလာရာ ဆေးဖော်စပ်ရာတွင် အထောက်အကူပြု ဆေးများကို သန့်စင်ပေးနိုင်သဖြင့် သူ၏ အချိန်ကို များစွာ သက်သာစေနိုင်ပေသည်။ ချီသန့်စင်ခြင်းအဆင့် တပည့်များထက် များစွာ ပိုမိုအသုံးဝင်သည်။
ထို့အပြင် ဤ ညီလေး ချန်ရွှင်သည် ဂိုဏ်းအတွင်း၌ မည်သည့် ကျောထောက်နောက်ခံမျှ မရှိသည်မှာ အထင်းသား ပေါ်လွင်နေရာ သူ့ကို စကားဖြင့် လှည့်စားလိုက်ရုံဖြင့် သူ၏ရုပ်သေးရုပ် ဖြစ်လာပေလိမ့်မည်။ ကျေးဇူးတင်ရှိကြောင်းပင် ပြောလာဦးမည် ဖြစ်သည်။ ထိုအခါကျမှ ချန်ရွှင်ကို ဟိုနည်းနည်း၊ သည်နည်းနည်း လမ်းညွှန်ပြသပေးပြီး သူ့ဘေးနားတွင် အသုံးချစရာ လူတစ်ယောက်အဖြစ် ထားရှိလိုက်ရလျှင် အလွန် ကောင်းမွန်မည် မဟုတ်ပါလော။ ဤအချက်က သူတို့ ချန်ရွှင်ကို စကားကြောင်းနေရသည့် အဓိက အကြောင်းရင်းပင် ဖြစ်သည်။ သို့သော် သူတို့၏ အကြံအစည် ပျက်ယွင်းသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဝိညာဉ်ဆေးဥယျာဉ်က နှစ်တိုင်း ဆေးပင်တွေ ပေးသွင်းစရာ မလိုပါဘူးကွာ၊ လိုအပ်ရင် လူလွှတ်ပြီး လာခူးပါလိမ့်မယ်၊ ဆယ်နှစ်နေမှ တစ်ခါ လာချင်လာမယ်၊ ဆယ်စုနှစ်အနည်းငယ်ကြာမှ လာချင်လည်း လာမှာပါ”
“ဝိညာဉ်ဆေးဥယျာဉ်ကို နှစ် ၂၀ ကြာတိုင်း ဂိုဏ်းအကြီးအကဲတွေ လာစစ်ဆေးလိမ့်မယ်၊ တကယ်လို့ ဂိုဏ်းရဲ့ တန်ဖိုးရှိတဲ့ ဝိညာဉ်ဆေးပင်တွေ ပျက်စီးသွားရင်တော့ ညီလေးချန်ရွှင်အတွက် မကောင်းဘူးပေါ့ကွာ၊ ဂရုစိုက်မှ ဖြစ်မယ်”
ရွမ်ကျန့်၏ မျက်ဝန်းထဲတွင် စိတ်မရှည်သော အရိပ်အယောင်များ ဖြတ်သန်းသွားပြီး ရုတ်တရက် ယခုမှသတိရသွားဟန် ဆောင်လိုက်သည်။ “ညီလေးရေ... ငါ့ရဲ့ ဂူထဲမှာ ဆေးတစ်ဖို ဖော်ထားတာ မေ့ကျန်ခဲ့တယ်ကွ၊ သွားလိုက်ပါဦးမယ်”
“ကိစ္စမရှိပါဘူးဗျာ၊ စီနီယာအစ်ကိုရွမ်ရဲ့ အရေးကြီးကိစ္စတွေ ကျွန်တော့်ကြောင့် မနှောင့်နှေးပါစေနဲ့” ချန်ရွှင်သည် လက်သီးဆုပ်ကာအသာအယာ ပြုံးပြလိုက်ပြီး နွားနက်ကြီးကို ဆွဲလျက် ဘေးတစ်ဖက်သို့ ကပ်ရပ်လိုက်သည်။
ရွမ်ကျန့်သည် ခေါင်းကို အနည်းငယ် ညိတ်ပြပြီးနောက် ဓားပျံစီးကာ ထွက်ခွာသွားလေသည်။ သူ၏ ထွက်ခွာသွားပုံမှာ အလွန်တရာ လျင်မြန်လှပြီး ထွက်ပြေးသွားသည်နှင့်ပင်ပိုတူနေသေးသည်။
သူတို့သည် ရွမ်ကျန့် ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရှုရင်း အူကြောင်ကြောင်ဖြစ်နေမိကြသည်။ ထို့နောက် ဆေးပင်များ ရှိရာ တောင်ကြားဆီသို့ ဦးတည်သွားကြပြီး ဝန်စည်စလယ်များ စတင် သိမ်းဆည်းကြလေသည်။ လမ်းတစ်လျှောက်တွင် အခြားသော တပည့်များနှင့် ဆုံတွေ့ရပြီး ချန်ရွှင်က ပြုံးပြကာ နှုတ်ဆက်လေသည်။
...
ဆေးပင်များ ရှိရာ တောင်ကြားအတွင်း၌ တေးသီငှက်ကလေးများသည် ကျီကျီကျာကျာအော်မြည်ကြကာ၊ ပန်းရနံ့များ သင်းပျံ့နေပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ရေတံခွန်ရှေ့၌ ထိုင်ကာ စိတ်များအေးချမ်းနေကြသည်။
“မွန်း...”
“ကိစ္စမရှိပါဘူးကွာ၊ လူတစ်ယောက်က တန်ဖိုးမရှိတော့ရင် ဒီလောကကြီးမှာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”
ချန်ရွှင်သည် ရေကန်ကို နက်ရှိုင်းစွာ စိုက်ကြည့်ရင်း ဖျော့တော့စွာ ပြုံးလိုက်သည်။ “နွားကြီးရေ... သိပ်ပြီး တွေးမနေပါနဲ့၊ ဂိုဏ်းက ငါတို့အပေါ် ကျေးဇူးကြီးမားပါတယ်၊ ဒီအချက်တစ်ချက်တည်းနဲ့တင် လုံလောက်ပါပြီ”
“မွန်း... မွန်း...”
နွားနက်ကြီးက ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်နေသည်။ အမှန်တကယ်ပင် ဖြစ်သည်။ သူတို့အချင်းချင်းသည် ခရီးသွားများသာ ဖြစ်ကြရာ အရာရာကို အဆိုးမြင်စိတ်ဖြင့် တွေးတောနေရန် မလိုအပ်ပေ။
“သူတစ်ပါးကို ဒုက္ခပေးလိုစိတ် မရှိရပေမယ့် ကိုယ့်ကို ဒုက္ခပေးမယ့်သူကိုတော့ သတိထားရမယ်၊ ဂိုဏ်းရဲ့ အဓိကဝိညာဉ်ဆေးဥယျာဉ်ကို သေသေချာချာ လေ့လာရဦးမယ်၊ စည်းကမ်းဟောင်း အတိုင်းပဲလုပ်ကြတာပေါ့”
“မွန်း... မွန်း...” နွားကြီးက ကျယ်လောင်စွာ အော်မြည်လိုက်ပြီး မျက်လုံးကြီးများဖြင့် ချန်ရွှင်ကို စူးစိုက်ကြည့်နေသည်။
“ကိုယ့်မှာရှိတဲ့စွမ်းအားထက် ဆယ်ပုံတစ်ပုံကိုပဲအပြင်ကိုထုတ်ပြမယ်…. ကောင်းကောင်းမွန်မွန် နေကြမယ်”
ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီးပြီး နွားနက်ကြီးကို ကြည့်လိုက်ရာ နွားကြီးကလည်း ခေါင်းကို လေးလေးနက်နက် ညိတ်ပြလေသည်။ သူတို့ မသွားရသေးသော နေရာများ၊ မသင်ယူရသေးသော အရာများစွာ ကျန်ရှိနေသေးသည်။
“ငါတို့အတွက် ကျင့်ကြံခြင်း အစီအစဉ်တစ်ခု ရေးဆွဲဖို့ ပြင်ထားတယ်၊ နှစ်ပေါင်း သုံးရာကျော် ကြာမယ့် အချိန်ကာလမှာ ငါတို့ သင်ယူစရာတွေ အများကြီး ရှိလာမှာပါ၊ ဟားဟား”
“မွန်း... မွန်း...”
“နွားကြီး... နေရာအနှံ့ လိုက်ရှင်းမယ်၊ အိမ်ပြောင်းမယ်ဟေ့”
“မွန်း...”
နွားနက်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်ပြီး နှာတစ်ချက်မှုတ်ကာ နေရာအနှံ့ရှိ အစီအရင်အလံများနှင့် အစီအရင်ကျောက်တုံးများကို စတင် သိမ်းဆည်းလေတော့သည်။ ချန်ရွှင်ကလည်း မြေအောက်ဂူထဲသို့ ဝင်ရောက်သွားပြီး ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များနှင့် သူတို့၏ သစ်သားရုပ်များ အပါအဝင် ပစ္စည်းပစ္စယများကို စတင် သိမ်းဆည်းကာ အလုပ်များနေလေသည်။
ဂူအတွင်း၌ ချန်ရွှင်သည် အနည်းငယ် ဆွေးမြေ့နေပြီဖြစ်သော သစ်သားရုပ်တစ်ခုကို ကောက်ယူလိုက်သည်။ ထုဆစ်ထားမှု မှားယွင်းသွားသဖြင့် ပျက်စီးနေသော အမြီးပိုင်းသည် အနည်းငယ် မည်းနက်နေပြီ ဖြစ်သည်။ သူသည် သက်ပြင်းတစ်ချက် ဖွဖွမှုတ်ချလိုက်ပြီး ဂရုတစိုက် သိမ်းဆည်းလိုက်လေသည်။
“ဒါက ဆိုင်ရှင်က ငါတို့ကို လက်ဆောင်ပေးလိုက်တာလေးပဲ၊ ဒီကျင့်ကြံခြင်းလောကကို ရောက်လာတာ ဒီလောက်ကြာပြီ၊ အဲဒီဆိုင်ရှင်လို လူမျိုး နောက်ထပ် မတွေ့ရတော့ဘူး”
ဂူအတွင်း၌ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာပြီး ဂူတစ်ခုလုံးကိုလည်း ပြောင်စင်နေအောင် ရှင်းလင်းထားလိုက်သည်။ နောက်ထပ် ရောက်လာမည့် တပည့်အတွက် အဆင်ပြေစေရန် ဖြစ်သည်။
တောင်ကြားအတွင်း၌ ချန်ရွှင်၏ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
“နွားကြီးရေ... ကြက်ပေါက်လေးတွေကို ညှာညှာတာတာ ကိုင်ပါကွ၊ ဟိတ်ကောင်... မင်း နည်းနည်းလောက် ဖြည်းဖြည်းလုပ်ပါဟ.. ငါတို့ အကုန် သယ်သွားရမှာ”
“မွန်း... မွန်း...”
“နွားကြီး... ခြေထောက်တွေကို ကြိုးနဲ့ ချည်ထားလိုက်ရင် ရပြီ၊ ငါတို့ရဲ့ တောဝက်တွေကို သွားခေါ်လိုက်ဦးမယ်၊ ဒါတွေက လွန်ခဲ့တဲ့နှစ်က တောင်တန်းထဲမှာ ခက်ခက်ခဲခဲ ဖမ်းထားရတာ၊ သူတို့တောင် ဝက်ကလေးတွေ မွေးနေပြီ…..ပေါ့ဆလို့ မဖြစ်ဘူး”
“မွန်း... မွန်း...”
လူတစ်ယောက်နှင့် နွားတစ်ကောင်တို့သည် ဟိုပြေး၊ သည်ပြေး နှင့် တောင်ကြားအတွင်း၌ အဆက်မပြတ် ပြေးလွှားနေကြသည်။ ရေတံခွန် နောက်ကျောဘက်ရှိ ဂူကိုလည်း ဖျက်ဆီးလိုက်ပြီး ကျောက်တုံးကျောက်ခဲ အကျိုးအပဲ့များဖြင့် ဖုံးလွှမ်းသွားလေသည်။
...
အတွင်းရှိ ဝိညာဉ်ဆေးပင်များကို ခူးဆွတ်ပြီး ဆေးသေတ္တာများထဲသို့ ထည့်လိုက်သည်။ နွားနက်ကြီးသည် သူ၏ သိုလှောင်အိတ်ဖြင့် သိမ်းဆည်းလိုက်ပြီး တန်းကာ မျိုချလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ချန်ရွှင်တစ်ယောက် အဆက်မပြတ် အံ့သြနေမိပြီး သီချင်းပင် ဆိုလိုက်မိသည်။ “နားထောင်ပါဦး၊ ကျေးဇူးတင်ပါတယ်၊ မင်းရှိနေလို့...”
နွားနက်ကြီးမှာ ကြက်သီးမွေးညှင်းများ ထလာပြီး ချွေးစေးများ ပြန်လာသည်။ နွားနားရွက်များ အဆက်မပြတ် လှုပ်ရှားနေ၏။ ချန်ရွှင် သီချင်းဆိုသည်မှာ နားထောင်ရ ခက်လွန်းလှသည်။ သံချောင်းကို သံပြားနှင့်ခြစ်နေသလိုအသံမျိုးဖြစ်ကြောင်း နောက်ကြုံမှ သူ့ကို ပြောပြရပေဦးမည်။
နောက်တစ်နေ့၌ နေရောင်ခြည်များ တောက်ပနေသည်။ သူတို့သည် ရေကန်ဘေးသို့ ရောက်ရှိလာကြပြီး မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အနည်းငယ် ပေါ်နေသည်။
“နွားကြီး... လှုပ်ရှားတော့၊ ငါ့ရဲ့ နတ်အသိကို ဖြန့်ကျက်ထားပြီးပြီ၊ အားလုံးကို ထိန်းချုပ်ထားတယ်” ချန်ရွှင်က ပြောဆိုပြီးနောက် အဝေးသို့ လျှောက်သွားလိုက်သည်။
“မွန်း...” နွားနက်ကြီးက အော်မြည်လိုက်ပြီး ကိုယ်တွင်းမှ စွမ်းအားများကို စုစည်းကာ ခွာများဖြင့် ဝှေ့ယမ်းလိုက်သည်။
ရေပြင်မှ ပူပေါင်းများ ပလုံစီကာ ထွက်ပေါ်လာပြီး အစီအရင်အလံနှစ်ခု ရေအောက်မှ ရုတ်တရက် ထိုးတက်လာသည်။ မရေမတွက်နိုင်သော ကျောက်တုံးကြီးများသည် ရေအောက်တွင် တိတ်တဆိတ် ပေါ်လာကြသည်။
အခြေခံ ပုံရိပ်ယောင် အစီအရင် ဖြစ်ပေသည်။ ကျောက်တုံးအနည်းငယ်ကို ဖုံးကွယ်ထားနိုင်ပြီး စွမ်းအားဖြည့်စွက်လိုက်ပါက ကျောက်တုံးအများအပြားကို ဖုံးကွယ်ထားနိုင်ပေသည်။
“မွန်း...” နွားနက်ကြီးက နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်ပြီး မျက်နှာမှာ အလွန် လေးနက်နေသည်။
သာမန်ဟု ထင်ရသော ကျောက်တုံးသုံးတုံးသည် ရုတ်တရက် လှုပ်ရှားသွားသည်။ ၎င်းတို့သည် အစီအရင်ကျောက်တုံးများ ဖြစ်ကြောင်း မည်သူမျှ ရိပ်မိမည် မဟုတ်ပေ။ ရေကန်၏ အခြားတစ်ဖက်မှ ပူပေါင်းများ ထွက်ပေါ်လာပြီး ရွှံ့နွံများထဲတွင် အလင်းရောင်ဖျော့ဖျော့များ လက်ခနဲ ဖြစ်သွားသည်။
ရေဝဲကတော့ငယ်တစ်ခု ပေါ်လာသည်။ နွားနက်ကြီးသည် လျင်မြန်ဖြတ်လတ်စွာဖြင့် ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားလေသည်။
ရွှံ့နွံများအောက်တွင် ဆေးသေတ္တာတစ်လုံး ဝှက်ထားပြီး အတွင်း၌ သာမန် နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင် တစ်ပင် ရှိနေသည်။ သို့သော် နွားနက်ကြီးသည် ၎င်းကို ညင်သာစွာ ကောက်ယူလိုက်ပြီး ရေထဲ၌ ဂါထာမန္တန် တစ်ခု ရွတ်ဖတ်လိုက်ရာ ဖုံးကွယ်ထားသော အစီအရင်အလံ သုံးခုသည် ရွှံ့နွံထဲမှ ပေါ်ထွက်လာသည်။
ရေထဲရှိ ပူပေါင်းများသည် ပိုမိုမြန်ဆန်စွာ ထွက်ပေါ်လာပြီး ရွှံ့နွံများသည် ရေထဲ၌ အလိပ်လိုက် အလိပ်လိုက် ပျံ့လွင့်လာကာ ရေများ နောက်ကျိသွားလေသည်။
နွားနက်ကြီးသည် ပြုံးလိုက်ပြီး ခွာကို ဆန့်ထုတ်လျက် အစီအရင်ဖြင့် ကာကွယ်ထားသော ဝိညာဉ်ဆေးပင်မျိုးစေ့ တစ်အိတ်ကို ယူလိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရေကန်ထဲမှ ပြေးထွက်လာပြီး ဝိညာဉ်ဆေးပင်မျိုးစေ့များကို ဗိုက်ထဲသို့ အမြန် မျိုချလိုက်လေသည်။
“မွန်း...”
နွားနက်ကြီးသည် ချန်ရွှင်ကို လှမ်းအော်လိုက်သည်။ သူသည် ရေကန်ဘေးတွင် ထိုင်လျက် ဝမ်းသာအားရ ဖြစ်နေသည်။ ဤအရာများသည် အခြေခံတည်ဆောက်ခြင်းဆေး အတွက် လိုအပ်သော ဝိညာဉ်ဆေးပင်မျိုးစေ့များ ဖြစ်ကြသည်။
“နွားကြီး... သွားကြစို့”
ချန်ရွှင်သည် လက်ကို နောက်ပစ်လျက် အဝေးမှနေ၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“မွန်း...” နွားနက်ကြီးသည် ချက်ချင်းပင် ဒုန်းစိုင်းပြေးထွက်သွားလေသည်။
...
ယနေ့တွင် ဝူယွင်ဂိုဏ်း ၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးသည် တောဝက်ကြီး နှစ်ကောင်ကို ဆွဲလျက်၊ နောက်မှ တောဝက်ငယ်လေးများ တစ်သိုက်နှင့်အတူ၊ ကျောပေါ်တွင် အော်မြည်နေသော ကြက်ပေါက်လေးများ ထည့်ထားသည့် ခြင်းတောင်းကို လွယ်ကာ လမ်းပေါ်၌ သွားနေခြင်း ဖြစ်သည်။
သူ့ဘေးနားရှိ အနက်ရောင်နွားကြီး၏ ဘေးနှစ်ဖက်တွင် ခြေထောက်များကို ကြိုးတုပ်ထားသော တောကြက်များကို အပြည့် ချိတ်ဆွဲထားသည်။ ၎င်းတို့၏ မျက်လုံးများမှာ ဘဝကို စိတ်ကုန်နေသည့်အလား မည်သည့် အလုပ်ကိုမျှ မပြုလုပ်တော့ဘဲ ကောင်းကင်ကြီးကိုသာ ငေးမောကြည့်ရှုနေကြသည်။ နွားနက်ကြီး၏ ဦးချိုတစ်စုံပေါ်တွင် ကြက်ဥခြင်းတောင်း နှစ်ခုကို ချိတ်ဆွဲထားသေးသည်။ တောင်ပေါ်လမ်းမှာ ကြမ်းတမ်းသော်လည်း သူ၏ ခြေလှမ်းများမှာမူ အလွန် တည်ငြိမ်ခိုင်မာလှပေသည်။
“ဒီ စီနီယာဦးလေးက တောင်အောက်ဆင်းပြီး... ဈေးသွားရောင်းမလို့လား”
“မဟုတ်ဘူး၊ ငါ ထင်တာကတော့ သူ ဂါထာမန္တန်တစ်ခုခုကို ကျင့်ကြံဖို့အတွက် ဒါတွေကို လိုအပ်လို့ နေမှာပါ”
“စီနီယာဦးလေးကို လျှောက်ပြီး မှန်းဆလို့ မဖြစ်ဘူးလေ၊ အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ စွမ်းအားကို ငါတို့လို ချီသန့်စင်ခြင်းအဆင့် တပည့်တွေ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ”
“ဟုတ်တယ်၊ ဟုတ်တယ်”
...
လမ်းဘေးရှိ တပည့်များ၏ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသော်လည်း မျက်ဝန်းများထဲတွင်မူ လေးစားမှုများ ပါဝင်နေသည်။ ဤသည်မှာ စီနီယာတစ်ဦး၏ စွမ်းဆောင်ရည်ပင် ဖြစ်သည်။ ဘာလုပ်လုပ် အမှန်တရားပင် ဖြစ်နေတတ်သည်။ လမ်းဘေးတွင် ချီးပါနေလျှင်ပင် အကြောင်းပြချက် တစ်ခုခုပေးကာ ကောင်းမွန်သည့်အရာ ဖြစ်အောင် ပြောပေးကြပေလိမ့်မည်။
အခန်း (၆၈)
ဂိုဏ်း၏ အစစ်အမှန် ဆေးဥယျာဉ်သည် လူသူအရောက်အပေါက် နည်းပါးသော နေရာတွင် တည်ရှိသည်။ ယင်းသည် တောင်တန်းများကြားရှိ တောနက်ကြီး တစ်ခုတွင် ဖြစ်ပြီး နေရာအနှံ့တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ စောင့်ကြပ်နေသဖြင့် လုံခြုံရေး တင်းကျပ်လှသည်။
“ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းလိုက်တာ ကျောက်စိမ်းဝါးတောင်တန်း ရဲ့ အစစ်အမှန် ဝိညာဉ်သွေးကြော တည်ရှိရာ နေရာပဲ”
မဝင်ရောက်မီ ကတည်းက ချန်ရွှင် ရင်ထဲ လှုပ်ရှားသွားသည်။ အရပ်လေးမျက်နှာတွင် ဂူသင်္ချိုင်းများနှင့် အစီအရင်များ ရှိနေပြီး ရံဖန်ရံခါ အလင်းတန်းများ လက်ခနဲ ဖြစ်သွားတတ်သည်။
“မွန်း”
နွားနက်ကြီး တိုးတိုးလေး အော်လိုက်သည်။ စိတ်ထဲတွင် အနည်းငယ် လန့်နေသည်။ ဤနေရာသည် ဝူယွင်ဂိုဏ်း၏ အန္တရာယ်အများဆုံး နေရာ ဖြစ်သလို အလုံခြုံဆုံး နေရာလည်း ဖြစ်သည်။
“ကွိ... ကွိ...”
သူတို့ ခေါ်လာသော တောဝက်များနှင့် ကြက်များမှာ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေကြသည်။ ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုကြောင့် အော်ဟစ်နေကြခြင်း ဖြစ်သည်။
“ပါးစပ်ပိတ်ထား” ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။
သူ့စကားသံ အဆုံးတွင် တောဝက်များနှင့် ကြက်များ ချက်ချင်း ငြိမ်ကျသွားသည်။ ချွေးစေးများ ပြန်နေကြသည်။ သည်သခင်က ပိုကြောက်ဖို့ ကောင်းသည်။
“နွားကြီး... ကြည့်စမ်း ရောင်ပြန်မဟာအစီအရင်“
“မွန်း ”
သူတို့ ကောင်းကင်ကို မော့ကြည့်လိုက်ရာ အံ့သြမင်သက်သွားကြသည်။ ဥရုအလင်းတန်း(မြောက်ဘက်အလင်းတန်း) များကဲ့သို့ ထူးဆန်းသော အလင်းတန်းကြီး တစ်ခုသည် ကောင်းကင်ယံတွင် တောက်ပနေသည်။ လှပသော တိုင်လုံးကြီးများအဖြစ် ထောင်တက်နေသလို ရုတ်တရက် လိုက်ကာကြီး တစ်ခု ဖွင့်လိုက်သလိုမျိုးလည်း ဖြစ်သွားတတ်သည်။
ထိုအစီအရင်သည် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို လွှမ်းခြုံထားသည်။ လှပသလောက် နက်ရှိုင်းပြီး ကြောက်ရွံ့ဖွယ်ရာ ကောင်းလှသည်။
နွားနက်ကြီး၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ စိတ်လှုပ်ရှားနေသည်။ မျက်လုံးများ ပြူးကျယ်နေသည်။ ယင်းမှာ ဒဏ္ဍာရီလာအစီအရင်ကြီးဖြစ်သည်။ နောင်ကျလျှင် သူသည် ထို့ထက်ပိုမိုခမ်းနားသော အစီအရင်ကြီးတစ်ခုကိုပြလုပ်ဦးမည်။
ရုတ်တရက် နတ်အသိ အချို့ ဖြတ်သန်းသွားကြသည်။ ချန်ရွှင် မျက်လုံးများ မှေးကျဉ်းသွားပြီး တံဆိပ်ပြားကို ကိုင်လျက် ပြောလိုက်သည်။ “နွားကြီး... သွားမယ်”
အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ နှစ်ဦးသည် အစီအရင် ရှေ့တွင် ဘယ်တစ်ယောက်၊ ညာတစ်ယောက် တင်ပျဉ်ခွေ ထိုင်နေကြသည်။ သူတို့ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး ရှေ့မှ လူအုပ်စု (တိရစ္ဆာန်အုပ်စု) ကို စိုက်ကြည့်လိုက်ရာ အံ့သြသွားကြသည်။
ထူးဆန်းသောလူတစ်ယောက်ပင်…..
“ဂိုဏ်းတူအစ်ကို နှစ်ယောက်ကို ဂါရဝပြုပါတယ် ကျွန်တော်က ဆေးပင်စိုက်ဖို့ လာတာပါ ဂိုဏ်းချုပ်ခန်းမဆောင်မှာ စာရင်းသွင်းပြီးပါပြီ” ချန်ရွှင်က ပြုံးလျက် တံဆိပ်ပြားကို ပေးလိုက်သည်။
“ဆေးဋ္ဌာနက ဂျူနီယာညီလေး ပါလား” သူတို့နှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ပြီး တံဆိပ်ပြားကို သတိထား၍ ယူကာ စစ်ဆေးလိုက်သည်။
“ပြဿနာ မရှိဘူး၊ ညီလေး သွားရမယ့် နေရာက စုံစည်းရာဆေးဥယျဉ် ပဲ”
တစ်ယောက်က တံဆိပ်ပြားကို ချန်ရွှင်လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
“ဆေးဥယျာဉ်ထဲမှာ လျှောက်သွားလို့ မရဘူး တံဆိပ်ပြား တစ်ခုက နေရာတစ်နေရာကိုပဲ ဖွင့်လို့ ရတယ်”
“ကျေးဇူးတင်ပါတယ် အစ်ကိုတို့”
ချန်ရွှင် လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ အကယ်၍ ထိုသူနှစ်ယောက်သာ အေးစက်စက် မနေလျှင် သူ တောကြက်တစ်ကောင်လောက် လက်ဆောင်ပေးလိုက်မိမည်ဖြစ်သည်။
“ဂရုစိုက်ပါ... ဂျူနီယာညီလေး ချန်” သူတို့နှစ်ဦးသည် တည်ငြိမ်စွာ ပြောလိုက်ပြီး ပြန်လည် ငြိမ်သက်သွားကြသည်။
ချန်ရွှင် မျက်လုံး မှေးသွားသည်။
‘ငါ့နာမည်ကိုတောင် သိနေတာပဲ…. ကြည့်ရတာ ဒီတံဆိပ်ပြားက သာမန် မဟုတ်ဘူး…. သူတို့က ငါ့ကို သတိပေးနေတာပဲ ဥယျာဉ်ထဲမှာ ပေါက်ကရတွေ မလုပ်နဲ့လို့ ပြောချင်တာ နေမှာ…’
သူ ဘာမှ မဖြစ်သလို နွားနက်ကြီးနှင့် အကောင်ပလောင်များကို ခေါ်ဆောင်ကာ အစီအရင်ထဲသို့ ဝင်ရောက်သွားသည်။ ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။
“နွားကြီး... စိတ်ငြိမ်ငြိမ်ထား”
“မွန်း”
ချန်ရွှင်နှင့် နွားနက်ကြီး ဝင်လိုက်သည်နှင့် တပြိုင်နက် ထူးခြားမှုများ ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော စောင့်ကြည့်မှုများ ရောက်ရှိလာသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင် က သတိပေးချက်များ ပို့လွှတ်နေသည်။ တစ်နာရီခန့် ကြာမှသာ ထိုစောင့်ကြည့်မှုများ ပျောက်ကွယ်သွားသည်။
ချန်ရွှင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရောင်စုံအလင်းတန်းများ တောက်ပနေပြီး ဖန်ပေါင်းချောင်ကြီး တစ်ခုထဲတွင် ရောက်နေသကဲ့သို့ ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်နေသည်။ အပြင်ဘက်မှ လူများက အတွင်းထဲကို လုံးဝ မမြင်နိုင်ပေ။ ပတ်ဝန်းကျင်တွင် ထူထဲသော မြူခိုးများ ဖုံးလွှမ်းနေပြီး နတ်အသိကိုပင် ဝေးဝေးလံလံ ဖြန့်ကျက်၍ မရပေ။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ဝိညာဉ်စွမ်းအင်များကတော့ လတ်ဆတ်လွန်းလှသည်။
“ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းလိုက်တာ တကယ့် ဝိညာဉ်သွေးကြော နေရာပဲ”
ချန်ရွှင် နွားနက်ကြီးကို ကြည့်ကာ ဝမ်းသာအားရ ပြောလိုက်သည်။ သူတို့ ဝိညာဉ်သွေးကြောနှင့် ပထမဆုံး အကြိမ် ထိတွေ့ဖူးခြင်း ဖြစ်သည်။ “ဒါပေမဲ့ အဆင့်ဘယ်လောက်ရှိတဲ့ ဝိညာဉ်သွေးကြောလဲတော့ မသိဘူး”
ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်သွေးကြောကို အဆင့် (၉) ဆင့် ခွဲခြားထားသည်။ (၁) မှ (၉) အထိ ဖြစ်ပြီး (၁) က အကောင်းဆုံး ဖြစ်သည်။ ဝိညာဉ်သွေးကြော ရှိလျှင် ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများပင် ဖြစ်ပေါ်လာနိုင်သည်။
ဒဏ္ဍာရီများ အရ အဆင့် (၁) ထက် မြင့်မားသော ဝိညာဉ်သွေးကြောများ ရှိသည်ဟု ဆိုကြသော်လည်း မည်သူမျှ မမြင်ဖူးကြပေ။ အဆင့် (၁) ကိုပင် ရှာဖွေရန် ခက်ခဲနေပြီ ဖြစ်သည်။
“မွန်း မွန်း မွန်း” နွားနက်ကြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ အဆင့်ဘယ်လောက် ဖြစ်ဖြစ် သူတို့ အမြတ်ထွက်တာတော့ သေချာသည်။
“ဟဲဟဲ... နွားကြီး ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ် အဆင့် (၅) ဝိညာဉ်သွေးကြော ပေါ်ထွက်လာရင်တောင် ကျင့်ကြံခြင်းလောကမှာ စစ်ပွဲတွေ ဖြစ်နိုင်တယ်တဲ့”
ချန်ရွှင် တည်ငြိမ်စွာ ပြောလိုက်သည်။ အမှန်တကယ် ဟုတ်မဟုတ်တော့ မသိပေ။
“နောက်ကျရင် ဝိညာဉ်သွေးကြော အကြောင်း လေ့လာရမယ် တော်ကြာ ငါတို့ လျှောက်သွားရင်း အဆင့် (၁) ဝိညာဉ်သွေးကြော တွေ့ရင် ဘယ်လိုလုပ်မလဲ ဟဲဟဲ”
“မွန်း မွန်း” နွားနက်ကြီး ချန်ရွှင်ကို ဝှေ့လိုက်သည်။ ခေါင်းမော့လိုက်သည်။ ‘သေချာတာပေါ့’
ဝိညာဉ်သွေးကြောသည် ကျင့်ကြံမှုနှုန်းကို မြန်ဆန်စေရုံသာမက ဝိညာဉ်စွမ်းအင် သန့်စင်မှုလည်း ရှိသဖြင့် အဆင့်တက်ရာတွင် အထောက်အကူ ပြုသည်။ ကျင့်ကြံသူများ အသည်းအသန် လိုချင်ကြသော အရာဖြစ်ပြီး စစ်ပွဲများ၏ အဓိက တရားခံလည်း ဖြစ်သည်။
“နွားကြီး... သွားစို့ စုံစည်းရာစမ်းချောင်းမှာ... စခန်းဖွင့်မယ် “
“မွန်း “
ချန်ရွှင် ဝိညာဉ်စွမ်းအင် = တံဆိပ်ပြားထဲသို့ လွှတ်လိုက်သည်။ ပတ်ဝန်းကျင်မှ မြူခိုးများ တဖြည်းဖြည်း ကွဲာသွားပြီး ကျဉ်းမြောင်းသော လမ်းကလေး တစ်လမ်း ပေါ်လာသည်။ အဆုံးကို မမြင်ရပေ။
သူတို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကြသည်။ ပါးစပ်မှ ထူးဆန်းသော ရယ်သံများ ပြုလုပ်ရင်း နောက်မှ ပါလာသော တောဝက်များကို ခြောက်လှန့်နေကြသည်။
စုံစည်းရာဆေးဥယျဉ်သည် အစီအရင်၏ အရှေ့အရပ်တွင် တည်ရှိသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ဖြူဖွေးသော မြူခိုးများ ဖုံးလွှမ်းနေပြီး ဘာကိုမှ မမြင်ရပေ။ သူတို့ လျှောက်လာသော လမ်းကိုပင် မြူခိုးများက ပြန်ဖုံးလွှမ်းသွားသည်။
“မွန်း”
နွားနက်ကြီး သတိထားပြီး ချန်ရွှင်ကို တွန်းလိုက်သည်။ အရပ်မျက်နှာ ပြောင်းလဲနေကြောင်း သူ ခံစားမိသည်။ အကယ်၍ မူလလမ်းအတိုင်း ပြန်လှည့်သွားလျှင် သေချာပေါက် လမ်းမှားသွားလိမ့်မည်။
“ကိစ္စမရှိပါဘူး ငါတို့က မကောင်းတာ လုပ်ဖို့လာတာမှ မဟုတ်တာ စိတ်လျော့ထား”
ချန်ရွှင် ပြုံးလျက် နွားနက်ကြီးကို ပုတ်လိုက်သည်။
“မွန်း” နွားနက်ကြီး . ရယ်လိုက်သည်။ ‘ဟုတ်သားပဲ သူတို့က လူကောင်းတွေပဲဟာ’
တံဆိပ်ပြားသည် လေပေါ်တွင် ဝဲပျံနေပြီး ပါးလွှာသော အလွှာ တစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။ စုံစည်းရာစမ်းချောင်း၏ ကျယ်ပြောသော ရှုခင်းများ ချန်ရွှင်နှင့် နွားနက်ကြီး၏ မျက်စိရှေ့တွင် ပေါ်လာသည်။
“မိုက်တယ်...”
“မွန်း...”
“ကွိ...”
သူတို့အားလုံး ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်သွားကြသည်။ ဝက်ပေါက်စလေးများပင် မျက်လုံး ပြူးကျယ်သွားကြသည်။ အံ့သြစရာ ကောင်းလိုက်တဲ့ မြင်ကွင်းပါလား။
နံနက်ခင်း လေပြေတစ်ခုကို သယ်ဆောင်ပြီး လှပသော နေရောင်ခြည်နှင့်အတူ စိတ်နှလုံး၏ နေရာတိုင်းဆီကို လျှောက်လှမ်းသွားသကဲ့သို့... မှောင်မိုက်သော နေရာများပင် နွေးထွေးသော အလင်းရောင်များ လွှမ်းခြုံသွားသကဲ့သို့...
ဆေးဥယျာဉ် အတွင်း၌ ထူးဆန်းသော ဆေးပင်များ ပြန့်ကျဲစွာ ပေါက်ရောက်နေသည်။ တသွင်သွင် စီးဆင်းနေသော စမ်းချောင်းလေး ဘေးတွင်လည်းကောင်း ဆေးခင်းများ ထဲတွင်လည်းကောင်း ရှိနေသည်။ သူတို့သည် စိမ်းလန်းစိုပြေသော မြက်ခင်းပြင်ပေါ်တွင် နင်းလျှောက်လိုက်ရာ ကျယ်ပြောသော အစိမ်းရောင် သမုဒ္ဒရာကြီးထဲ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
အစီအရင် ဖုံးလွှမ်းထားသော်လည်း လတ်ဆတ်သော လေပြေလေညှင်းများ တိုက်ခတ်နေသည်။ ချန်ရွှင် မြက်ခင်းပေါ်သို့ ပစ်လှဲချလိုက်သည်။ ကောင်းကင်ပြာနှင့် တိမ်ဖြူဖြူများကို ငေးမောကြည့်ရှုရင်း အနားယူလိုက်တော့မည်။ ဝက်ပေါက်စလေးများ ပျော်ရွှင်စွာ ပြေးလွှားနေကြသည်။ မြက်ခင်းထဲသို့ တိုးဝင်သွားလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။ တစ်ခါတစ်ရံ ရပ်တန့်ပြီး ပျော်ရွှင်မှုကို ခံစားနေကြသည်။
နွားနက်ကြီးလည်းကပြေးလွှားနေသည်။ မြက်ပင်များကိုပင် စားသောက်နေသေးသည်။ ဘေးနားမှ တောကြက်များလည်း စိတ်မရှည်စွာ အော်မြည်နေကြသည်။ အစ်ကိုကြီး... ကျွန်တော်တို့ကိုလည်း ပေးပြေးပါဦး။
ဆေးဥယျာဉ်သည် မျက်စိတစ်ဆုံး စိမ်းလန်းနေသည်။ ကုန်းမြင့်ငယ်လေးများ ရှိပြီး အားလုံး အစိမ်းရောင်များ ဖြစ်ကြသည်။
ပန်းချီကားချပ်ကြီး တစ်ခုကို ကောင်းကင်နှင့် မြေကြီးကြား ဖြန့်ခင်းထားသကဲ့သို့ စိမ်းလန်းမှုက သန့်စင်လွန်းလှသည်။ အဆုံးအစ မမြင်ရအောင် ကျယ်ပြောလှပြီး ရင်ထဲတွင် ဗလာဟင်းလင်း ဖြစ်သွားသလို ခံစားရသည်။ တိတ်ဆိတ်ငြိမ်သက်နေသော သမုဒ္ဒရာကြီး တစ်ခုကဲ့သို့ပင်ဖြစ်သည်။ ကုန်းမြင့်ပေါ်တွင် ငွေရောင် ပန်းပွင့်ကြီး အချို့ ပွင့်နေပြီး အလင်းရောင်များ ဖြာထွက်နေသည်။ နေရာတိုင်းတွင် စိမ်းလန်းစိုပြေမှုများ ရှိနေပြီး တိမ်တိုက်များထဲသို့ စီးဝင်သွားမတတ် ရှိသည်။
ဆေးဥယျာဉ် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လေပြေ တိုက်ခတ်လိုက်တိုင်း မြက်ခင်းများ လှိုင်းထသွားသည်မှာ ကြည့်လို့ ကောင်းလှသည်။
ချန်ရွှင် မြက်ခင်းပေါ်တွင် ပက်လက်လှန်ကာ ပြုံးလိုက်သည်။ အဝေးမှ စမ်းချောင်းလေး ဖြတ်သန်းစီးဆင်းသွားသည်ကို ကြည့်နေသည်။
“နွားကြီး... အိပ်ဖို့ အကောင်းဆုံး နေရာ... အဲ... မဟုတ်ဘူး... ကျင့်ကြံဖို့ အကောင်းဆုံး နေရာပဲ” ချန်ရွှင် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လေပူတတစ်ချက်မှုတ်ထုတ်လိုက်မိ၏။
“မွန်း” နွားနက်ကြီး အဝေးတွင် ခေါင်းမော့အော်လိုက်သည်။ ပါးစပ်ထဲတွင် မြက်ပင်များ ကိုက်ထားသည်။
“နွားကြီး... စမယ် ကြက်ခြံနဲ့ ဝက်ခြံ ဆောက်မယ် ဒါ အရေးကြီးတယ်”
“မွန်း”
သူတို့ သစ်ပင် ခုတ်လှဲကြသည်။ ရှေးဟောင်း သစ်ပင်ကြီးများ ဖြစ်သော်လည်း ချန်ရွှင်၏ တောင်ဖြိုပုဆိန်ချက်အောက်တွင် ထက်ပိုင်းပြတ်ကုန်ကြသည်။ နွားနက်ကြီးက သစ်တုံးများကို ဆွဲပြီး နေရာကောင်း လိုက်ရှာနေသည်။
တောင်နံရံများတွင် ဂူပေါက်အချို့ ရှိပြီး ကျင့်ကြံခဲ့ဖူးသော ခြေရာလက်ရာများ ကျန်ရှိနေသည်။ ကြည့်ရသည်မှာ လွန်ခဲ့သည့် ရက်ပိုင်းကမှ ထွက်သွားကြပုံရသည်။