← Chapters

အခန်း (၆၉-၇၀)

Vol. 4 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 4 Ch. 69-70

အခန်း (၆၉)

ဆေးဥယျာဉ် တစ်ခုကို ထိန်းသိမ်းရသည်မှာ အကျိုးပြုအမှတ် အများကြီး ရသလို နှစ်ခု ထိန်းသိမ်းလျှင်လည်း အတူတူသာဖြစ်သောကြောင့် ဘယ်သူမှ ဒုက္ခမခံချင်ကြတာ သဘာဝပင်ဖြစ်သည်။

ဤနေရာက ရှားပါးဆေးပင်တွေကို ချန်ရွှင် အကုန်သိသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်အရန်ဆေးပင် နှစ်ပင်ကိုတောင် တွေ့လိုက်ရသေးသည်။

ချန်ရွှင် တောင်ဖြိုပုဆိန်ကို ကိုင်ရင်း သက်ပြင်းချလိုက်သည်။ ‘ဒီနေရာက ဆေးပင်တွေက ရေပူစမ်းဆေးဥယျာဉ်လောက်တောင် မများဘူးပဲ…. အလုပ်က သက်သာတယ် အကျိုးပြုအမှတ်က များတယ်’ သူ တိတ်တဆိတ် ဝမ်းသာနေမိသည်။

“နွားကြီး... ဆေးပင်တွေကို မင်း တာဝန်ယူလိုက်”

ချန်ရွှင် လှမ်းအော်လိုက်ပြီး စာအုပ်လေးကို ထုတ်လိုက်သည်။ “ငါတို့အတွက် ကျင့်ကြံရေး အစီအစဉ် ရေးဆွဲရမယ် ပညာသင်စရာတွေ အများကြီးပဲ ဟားဟား”

အခြေခံ ဂါထာမန္တန်များ၊ အစီအရင်နှင့် အဆောင်လက်ဖွဲ့ ရေးဆွဲနည်းများ သူတို့ မစရသေးပေ။ အရေးအကြီးဆုံးက သူတို့မှာ ကျင့်စဉ် မရှိတော့ခြင်းဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်စဉ် တစ်ခုခု သွားရှာရပေဦးမည်။

“မွန်း မွန်း” နွားနက်ကြီး ဂရုမစိုက်သလို ပြန်ထူးလိုက်သည်။ အေးဆေးပါ။

ချန်ရွှင်သည် တံဆိပ်ပြားကို စုံစည်းရာစမ်းချောင်း ဝင်ပေါက်တွင် မြှုပ်နှံလိုက်သည်။ စောင့်ကြည့်နိုင်သည့်အစီအရင်များ ပါလာမည်ကို စိုးရိမ်၍ သတိထားခြင်း ဖြစ်သည်။

“ဒါပေမဲ့ ငါတို့ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးက ကျင့်ကြံမှုအဆင့်ကိုပါ တိုးတက်စေနိုင်တာ တကယ် အံ့သြစရာပဲ သင့်တော်တဲ့ ကျင့်စဉ်မရှိလို့သာပေါ့ မဟုတ်ရင် ငါနဲ့ နွားကြီးရှယ်ဖြစ်ပြီပဲ”

“ ဒီဆေးကို လျှောက်စားလို့ မဖြစ်ဘူး မှန်ကန်တဲ့ ကျင့်စဉ်လမ်းကြောင်း မရှိဘဲ သောက်ရင် သွေးကြောတွေ ပေါက်ပြဲကုန်လိမ့်မယ်”

“ခံစစ်စွမ်းရည် ပေါင်းထည့်ထားလို့သာ တော်သေးတာ နောက်ဆို ဒီလို လျှောက်မလုပ်ရဘူး ငါတို့က ကိုယ်ပိုင်ကျင့်စဉ် ဖန်တီးနိုင်တဲ့ အဆင့်ထိ မရောက်သေးဘူး...”

ချန်ရွှင် စိတ်ထဲတွင် တွေးတောနေမိသည်။ သူတို့၏ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးသည် သာမန် ဆေးများထက် အဆပေါင်းများစွာ သာလွန်နေသည်။ “အဆင့်ဘယ်လောက်ထိ တိုးတက်နိုင်မလဲ ဆိုတာတော့ မသိဘူး အမြဲတမ်း တိုးတက်နေရင် ကောင်းမှာပဲ...”

သူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အစီအရင်ကြီးက လည်ပတ်နေဆဲ ဖြစ်သည်။ သူတို့ကို ထပ်မံ စောင့်ကြည့်ခြင်း မရှိတော့သော်လည်း သူ စိတ်မချသေးပေ။

“အလျင်မလိုပါဘူး တချို့အရာတွေကို ဒီနေရာမှာ အလွယ်တကူ ထုတ်မပြတာ ကောင်းမယ် ဖြည်းဖြည်းချင်း လေ့လာစောင့်ကြည့်ရမယ်”

ချန်ရွှင် နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသည်။ စာအုပ်လေးကို ပြန်ကြည့်လိုက်ရာ အခြေခံ ဓာတ်ငါးပါး ကိုယ်ဖော့ပညာ ကို စိတ်ဝင်စားမိသွားသည်။

ဤရှားပါး ဆေးပင်များသည် နေ့စဉ် ရေဝိဉာဉ်ပညာဖြင့် ပြုစုပျိုးထောင်စရာ မလိုသော်လည်း အသုံးပြုရသည့် ပမာဏက အလွန် များပြားသည်။ ဆေးပင် ရာဂဏန်းလောက်ကို တစ်ခါ ပြုစုပျိုးထောင်လိုက်လျှင် သူတို့၏ ဝိညာဉ်စွမ်းအား အနည်းငယ် ကုန်ဆုံးသွားသည်။ သို့သော် နှစ်အနည်းငယ်လောက် ပစ်ထားလို့ ရသည်။

ဒါက သူတို့ ထိန်းချုပ်ထားသော ရေဝိဉာဉ်ပညာ သာ ဖြစ်သည်။ အကယ်၍ စွမ်းအားကုန်အသုံးပြုမည်ဆိုပါက ရေထဲပါသော ထူးခြားသည့် ဝိညာဉ်စွမ်းအင်များကြောင့် ဤဆေးပင်များ (၁၀) နှစ်လောက် ကောင်းကောင်း ကြီးထွားနိုင်သည်။

နွားနက်ကြီးက ရေဝိဉာဉ်ပညာ ပထမအဆင့်နဲ့ စမ်းသပ်ကြည့်ဖူးသည်။ ဆေးပင်တွေက ဘာမှ မထူးခြားပေ။ ရိုးရိုးရေလောင်းသလိုပဲ ဖြစ်နေသည်။ ကြာလာပါက ဆေးစွမ်းအင်များ ပျောက်ဆုံးပြီး ညှိုးနွမ်းသွားလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာက သူတို့ အမှန်တကယ် လိုအပ်သော ပတ်ဝန်းကျင် မဟုတ်သောကြောင့် ဖြစ်သည်။

သို့သော် ရေဝိဉာဉ်ပညာ ထဲက ထူးခြားသော ဝိညာဉ်စွမ်းအင်သည် သဘာဝ ဝိညာဉ်စွမ်းအင်များနှင့် မတူညီပေ။ ချန်ရွှင်သည် ဂါထာမန္တန်များ အပေါ် အလွန် အာရုံခံစားလွယ်သော်လည်း ယခုအချိန်သည် သုတေသန လုပ်ရမည့် အချိန် မဟုတ်သေးပေ။

သူတို့လည်း အလုပ်များလာကြသည်။ စုံစည်းရာဆေးဥယျာဉ်ကို သေသေချာချာ ပြုပြင်မွမ်းမံရမည်။ နောင်နှစ်ပေါင်း (၁၀၀) နေထိုင်ရမည့် နေရာ ဖြစ်သဖြင့် ပေါ့ဆ၍ မဖြစ်ပေ။

......

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားရာ တစ်လ ကြာမြင့်သွားခဲ့ပြီ။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ဆေးဥယျာဉ်မှ ထွက်လာသည်။ စောင့်ကြည့်မှုများ ရောက်ရှိလာပြန်သည်။ သို့သော် အစီအရင် အပြင်ဘက် ရောက်သည်နှင့် ဂိုဏ်းတူအစ်ကို နှစ်ယောက်က သူ့ကို ဆက်လက် စောင့်ကြည့်ခြင်း မရှိတော့ပေ။ အနှစ် (၂၀) တစ်ကြိမ် ကျင်းပသော နန်ဒုတောင် ခရီးစဉ် စတင်တော့မည် ဖြစ်သည်။ ဝူယွင်ဂိုဏ်းသို့ နှစ်တိုင်း တပည့်သစ်များ ရောက်လာကြသလို လူဟောင်းများလည်း တိတ်ဆိတ်စွာ တောင်အောက် ဆင်းသွားကြသည်။

သူတို့သည် မတော်တဆ အကြည့်ချင်း ဆုံမိတတ်ကြသည်။ တစ်ဖက်က တက်ကြွလန်းဆန်းနေပြီး တစ်ဖက်က ဆွေးမြေ့အိုမင်းနေသည်။ လူကြီးများက တစ်ချိန်က ကိုယ့်ပုံရိပ်ကို မြင်တွေ့လိုက်ရသလို လူငယ်များကလည်း သူတို့အိုလာလျှင် ဤကဲ့သို့ ဘယ်တော့မှ အဖြစ်မခံဟု စိတ်အားထက်သန်လာကြသည်။ တောင်တန်းများကြားတွင် ဂူများနှင့် ချီသန့်စင်ခြင်းအဆင့် တပည့်များ နေထိုင်သော သစ်သားအိမ်လေးများ ရှိကြသည်။ အသက် (၆၀) ကျော်နေပြီ ဖြစ်သော အဘိုးအို တစ်ဦးသည် အိမ်ထဲတွင် ထိုင်လျက် ခရီးဆောင်အိတ်ကို ပြင်ဆင်နေသည်။

သူ့၏ဆံပင်များ ဖြူစပြုနေပြီ ဖြစ်သည်။ ခန္ဓာကိုယ်မှာတော့ ကျန်းမာသန်စွမ်းပြီး မျက်လုံးများက တောက်ပနေသည်။ မျက်နှာပေါ်တွင် အရေးအကြောင်းများ ရှိနေသော်လည်း ငယ်ရွယ်စဉ်က ရုပ်ရည်ချောမည့်သူ ဖြစ်ကြောင်း သိသာလှသည်။ ထိုသူကား ဂျိခွန် ပင် ဖြစ်သည်။ ချီသန့်စင်ခြင်း (၁၀) ဆင့် ရောက်ရှိသူ အများစုသည် အသက် (၁၀၀) အထိ နေနိုင်ကြသည်။ သာမန်လူများနှင့် ကွာခြားမှု ရှိသေးသည်။ သူ လက်မလျှော့ချင်သေးပေ။ ဒီနှစ် နန်ဒုတောင် ခရီးစဉ်ကို သူ သွားချင်သေးသည်။

ဂိုဏ်းကလည်း ယခုကဲ့သို့ အတွေ့အကြုံရှိသည့် တပည့်များအတွက် စည်းကမ်းလျှော့ပေါ့ပေးထားရာ ဂျိခွန် ပါဝင်ခွင့် စာရင်းထဲတွင် ပါဝင်လာခဲ့သည်။

ဒေါက်... ဒေါက်...

အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။ ဂျိခွန် မျက်မှောင်ကြုတ်လိုက်သည်။ စိတ်ထဲတွင် သတိထားလိုက်မိသည်။ နန်ဒုတောင် ခရီးစဉ် နီးကပ်လာပြီမို့ ပြဿနာ မဖြစ်ချင်ပေ။

သူ ဖြည်းညှင်းစွာ ထရပ်ပြီး တံခါးသွားဖွင့်လိုက်သည်။ တံခါးရှေ့မှ လူကို မြင်လိုက်ရသောအခါ သူသည်ကျောက်ရုပ်တစ်ခုလို တောင့်တင်းသွားသည်။

သူ့မျက်လုံးထဲတွင် အပြုံးတစ်ခုကို မြင်လိုက်ရသည်။ လွန်ခဲ့သော နှစ်များစွာက လှေပျံလှေပေါ်တွင် တွေ့ခဲ့ရသော အပြုံးနှင့် တစ်ပုံစံတည်းပင်။ လုံးဝ မပြောင်းလဲပေ။

“ဂိုဏ်းတူဦးလေး ချန်”

ဂျိခွန် ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ လက်သီးဆုပ်လိုက်သည်။ ရုပ်ရည်က ဒီလောက် နုပျိုနေသေးရင် သေချာပေါက် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သွားပြီပဲ။

အဆင့်တက်သွားလျှင် သက်တမ်းရှည်လာလျှင် ပြန်လည် နုပျိုလာတတ်သည် သို့တည်းမဟုတ် မူလရုပ်ရည်ကို ထိန်းထားနိုင်သည် ဆိုသည်ကို သူ ကြားဖူးသည်။ ရုပ်ရည်ဆိုသည်မှာ စိတ်နှလုံးက ဖြစ်တည်လာခြင်းပင်။

အချိန်ကာလများ ကုန်ဆုံးသွားခဲ့ပြီ။ ချန် ဂျူနီယာညီလေး အဆင်ပြေနေသည်ကိုတွေ့ရတော့ ဘာပဲပြောပြော သူမုဒိတာပွားရပါသည်။

ပြန်တွေးချင်စရာမကောင်းသော အတိတ်ကအမှတ်ရစရာများ ရင်ထဲ စီးဆင်းလာသည်။ ကိုယ်တိုင် ကျရှုံးတာ ဝမ်းနည်းစရာ ကောင်းသော်လည်း သူတစ်ပါး အောင်မြင်သွားတာက ပိုပြီး ရင်နာစရာ ကောင်းသည်။ ဂျိခွန် ခါးကို ပိုပြီး ကိုင်းညွတ်လိုက်မိသည်။

သူတို့ ဝေးကွာသွားခဲ့ကြပြီ။ ယခုဆိုလျှင် သူစိမ်းတွေလို ဖြစ်နေကြပြီ။

အဝေးမှ တောင်တန်းများ မှုန်ဝါးနေသည်။ တောင်ကြားများထဲတွင် ဖလံကောင်လေးများ ပျံသန်းနေသကဲ့သို့ နှင်းပွင့်များ ကျဆင်းလာသည်။ ကမ္ဘာကြီး တစ်ခုလုံး မီးခိုးရောင် ပြောင်းလဲသွားသည်။ ကျောက်စိမ်းဝါးတောင်တန်း၏ ပထမဆုံး နှင်းများ တိတ်တဆိတ် ကျဆင်းလာသည်။

“ဂျိခွန်...” ချန်ရွှင် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ သူ့နာမည်ကို ခေါ်လိုက်သည်။

“ဟဲဟဲ... ချန် ဂိုဏ်းတူဦးလေး ကျွန်တော့်တဲအိုလေးကို ကြွရောက်လာတာ ဂုဏ်ယူစရာပါပဲ”

ဂျိခွန် က ပြုံးကာ ပြောလိုက်သည်။ သူ့တွင် ယခင်ကရှိခဲ့သော ထက်မြက်မှုတို့ပျောက်ဆုံးကုန်ကြလေပြီ။

“ဂိုဏ်းတူဦးလေး... အထဲ ဝင်ပါဦး”

လေအေးများ တိုက်ခတ်လာရာ ပျက်စီးလုနီးပါး တံခါးရွက်ကလေး ယိမ်းခါသွားပြီး အသံမြည်နေသည်။ ချန်ရွှင် ခေါင်းညိတ်လိုက်ပြီး ဝင်သွားလိုက်သည်။

အိမ်ထဲတွင် ဘာမှ မရှိသလောက်ပင်။ ကုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးသာ ရှိပြီး အားလုံးက ဂျိခွန်လိုပင် ဟောင်းနွမ်းနေသည်။

“ဂိုဏ်းတူဦးလေး... ဘာကိစ္စများ...”

ဂျိခွန် လက်သီးဆုပ်ဦးညွှတ်ကာ ရိုသေစွာ မေးလိုက်သည်။ စကားမဆုံးသေးပေ။ သူ့ခေါင်းပေါ်ရှိ ဆံပင်ဖြူများကို လေတိုးသဖြင့် လွင့်ပျံနေသည်။ ဒီအိမ်က လေလုံအောင်တောင် မကာကွယ်နိုင်ပါလား။

“အရင်တုန်းက မိတ်ဆွေဟောင်းကို လာကြည့်တာပါ” ချန်ရွှင် တည်ငြိမ်စွာ ပြောလိုက်သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်နေပြီး ဂျိခွန်ကို မကြည့်ပေ။

ဂျိခွန် ကြားလိုက်ရသောအခါ ရင်ထဲ တုန်လှုပ်သွားမိသည်။ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းတူဦးလေးနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရတာ ဂျိခွန်ဂုဏ်ယူပါတယ်”

ချန်ရွှင် ဖြည်းညှင်းစွာ ဂျိခွန်ကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ မျက်နှာပေါ်တွင် ဟန်လုပ်အပြုံးနှင့် မျက်လုံးများက ရှောင်ဖယ်နေသော ဂျိခွန်ကို တွေ့လိုက်ရသည်။

“ဒီနှစ်တွေထဲမှာ... အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာန မှာ သိပ်အဆင်မပြေဘူးလို့ ကြားတယ်”

“နှစ်တွေ အများကြီး ကြာပြီးခဲ့ပါပြီ” ဂျိခွန် ခေါင်းငုံ့ကာ ပြောလိုက်သည်။ သူ့ဝတ်ထားသော မီးခိုးရောင် ဝတ်စုံက ယခုအချိန်တွင် မျက်စိစပါးမွှေး စူးစရာ ကောင်းနေသည်။

“ငါ့ကို လာရှာဖို့ မစဉ်းစားမိဘူးလား”

“ကျွန်တော့် အရည်အချင်းက နိမ့်ပါးလွန်းလို့ ဂိုဏ်းတူဦးလေးကို ဒုက္ခမပေးချင်...”

“ဂျိခွန်…… “ ချန်ရွှင် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ အပြင်ဘက်က နွားနက်ကြီးတောင် လန့်ပြီး တုန်သွားသည်။

ဂျိခွန်ကတော့ နေရာမှာတင် သနားစဖွယ်အပြုံးမျိုးပြုံးနေသည်။ မျက်လုံးထောင့်စွန်းများတွင် အရေးအကြောင်းများ ပေါ်နေသည်။ အိမ်ထဲသို့ ဝင်လာသော နှင်းလေအေးများက သူ့မျက်နှာကို ရိုက်ခတ်နေသည်။

“ဂျိခွန်... မင်း အခု ဒီလောက်တောင် စိတ်ဓာတ်ကျနေပြီလား”

ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ဒေါသ ထွက်လာသည်။

“မင်းရဲ့ အရင်ကမာကျောတဲ့စိတ်တွေ ဘယ်ရောက်သွားလဲ ငါ မင်းကို ပြောလိုက်မယ်... တကယ်တော့ ဟိုတုန်းက လင်ယုန်ငှက် ပေါ်မှာကတည်းက ငါ မင်းကို ကြည့်မရတာ “

“မွန်း” နွားနက်ကြီးလည်း အနောက်ကနေ အော်လိုက်သည်။ ဟိုတုန်းက လင်ယုန်ငှက်ပေါ်မှာ သူတို့ကို ဂရုမစိုက်ခဲ့ဘူး။

ဂျိခွန် ကြားလိုက်ရသောအခါ ရင်ထဲ ပိုပြီး နာကျင်သွားသည်။ တကယ်ပဲ သူ့ကို လာပြီး အရှက်ခွဲတာပဲ။ “ဂိုဏ်းတူဦးလေး... ခွင့်လွှတ်ပါ ကျွန်တော်...”

“မင်း... မင်း ဘာပြောချင်တာလဲ “ ချန်ရွှင် ဒေါသထွက်နေသည်။ ဝတ်ရုံများ လေမတိုက်ဘဲ လွင့်ပျံနေသည်။ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး သစ်သားအိမ်အိုလေးပင် ပြိုကျမတတ် တုန်ခါသွားသည်။

ဂျိခွန် လေပြင်းကြောင့် နောက်သို့ ဆုတ်သွားရသည်။ ဆံပင်များ ဖရိုဖရဲ ဖြစ်ကုန်သည်။ နံရံနှင့် ဝင်တိုက်မိပြီး ညည်းညူသံ ထွက်လာသည်။

သူအနည်းငယ် ဒေါသထွက်လာသည်။ “ဂိုဏ်းတူဦးလေး... ဘာလို့ ကျွန်တော့်ကို အရှက်ခွဲနေတာလဲ ကျွန်တော် အခု ဒီပုံစံ ဖြစ်နေပြီ ခင်ဗျား ဘာလိုချင်သေးတာလဲ “

ဝှစ်….

ချန်ရွှင် ပိုပြီး ဒေါသထွက်လာသည်။ ဖြတ်ခနဲ ၎င်း၏အနီးသို့ ရွေ့လျားလိုက်ပြီး ဂျိခွန်၏ အင်္ကျီစကို ဆွဲကိုင်လိုက်သည်။

“ငါသိခဲ့တဲ့ စီနီယာဂျိ ဆိုတာ ဒီလိုလူမျိုး မဟုတ်ဘူးကွ အစ်ကိုကြီး တစ်ယောက်လို လူမျိုးကွ မင်းလို စိတ်ပျော့တဲ့ ကောင်မျိုး မဟုတ်ဘူး “

နွားနက်ကြီး မျက်လုံးများ မှေးကျဉ်းသွားသည်။ နှစ်တွေ အများကြီး ကြာခဲ့ပြီ။ ချန်ရွှင် သည်မျှ ဒေါသထွက်တာကို သူ တစ်ခါမှ မမြင်ဖူးပေ။

“ဟားဟားဟား...”

ဂျိခွန် တဟားဟား ရယ်မောလိုက်သည်။ မျက်ရည်များ ဝဲလာသည်အထိ ရယ်မောနေသည်။ ဝမ်းနည်းပက်လက် ရယ်မောနေသည်။

အခန်း (၇၀)

“မင်း ဘာလို့ဒီလောက်ရယ်နေတာလဲ...”

ဝုန်း...

ချန်ရွှင်သည် ဂျိခွန်ကို ထိုးလိုက်ခြင်း မဟုတ်ဘဲ ဂျိခွန်၏ ဘေးနားရှိ နံရံကို လက်သီးဖြင့် ထိုးချလိုက်ခြင်း ဖြစ်သည်။ အနောက်ဘက် နံရံတွင် ကြီးမားသော အပေါက်ကြီး တစ်ခု ပွင့်သွားပြီး လေအေးများ တဝေါဝေါ တိုးဝင်လာသည်။

ဂျိခွန် တစ်ကိုယ်လုံး ချွေးစေးများ ပြန်သွားပြီး နောက်ဆုံးတော့ ငြိမ်ကျသွားသည်။ ကျောပြင်မှ ဝင်ရောက်လာသော လေအေးများကြောင့် တစ်ကိုယ်လုံး အေးစက်သွားပြီး စောစောက သေမင်းနှင့် မျက်နှာချင်းဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ချန်ရွှင်သည် လက်သီးကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြန်သည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေပြီး ဂျိခွန်ကို တစ်ချက်တည်းနှင့် အသေသတ်မည့်ဟန် ရှိနေသည်။

သူ့မျက်လုံးများသည် စူးရှသွားပြီး ပြင်းထန်စွာထိုးချလိုက်သည်။

“မွန်း...”

“ချန်ရွှင်...”

ပြင်းထန်သော လေခွင်းအားက ဂျိခွန်၏ မျက်လုံးရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။ ဂျိခွန်၏ ဖြူစွတ်နေသော ဆံပင်များသည် လေအားကြောင့် နောက်သို့ လွင့်ပျံသွားသည်။ သို့သော် ဂျိခွန် မျက်တောင်တစ်ချက်မျှ မခတ်ပေ။ သူ ချန်ရွှင်ကို စိုက်ကြည့်နေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဂိုဏ်းတူဦးလေး... လက်ကို အရင် ဖယ်ပါဦး”

ချန်ရွှင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး လက်ကို ချလိုက်သည်။ မျက်ဝန်းထဲတွင်တော့ အေးစက်မှုများ ရှိနေဆဲပင်။

“နန်ဒုတောင် လျှို့ဝှက်နယ်မြေကို ကျွန်တော် သွားမယ်”

“ငါ သိတယ်”

“ဟိုတုန်းက နန်ဒုတောင် လျှို့ဝှက်နယ်မြေထဲမှာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ် ကျွန်တော် ခင်ဗျားတို့ကို ကျွန်တော့်အရှုပ်ထုတ်ထဲဝင်မပါစေချင်ခဲ့ဘူး”

“ပြေလည်သွားပြီလား”

“ပြေလည်သွားပါပြီ ဒါပေမဲ့ ကျွန်တော် အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာနမှာ ဆက်နေလို့ မရတော့ဘူး”

ဂျိခွန်၏ မျက်နှာ တည်ငြိမ်သွားပြီး အိုစာသော အရိပ်အယောင်များ ပေါ်နေသည်။ သူ ချန်ရွှင်ကို ကြည့်သော အကြည့်များ ပြောင်းလဲသွားပြီး စိတ်ပေါ့ပါးသွားပုံ ရသည်။

“မထင်ထားဘူး... ခင်ဗျား ကျွန်တော့်ကို မှတ်မိနေသေးတယ်လို့... အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သွားတာ ဂုဏ်ပြုပါတယ် ဂိုဏ်းတူဦးလေး... ထိုင်ပါဦး”

ဝူး... ဝူး... ဝူး...

နံရံပေါက်ကြီးထဲမှ လေတိုးသံများ ဆက်တိုက် ထွက်ပေါ်နေသော်လည်း သူတို့နှစ်ဦးသည် သစ်သားစားပွဲတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ နွားနက်ကြီးကတော့ တံခါးဝမှ ခေါင်းပြူရုံသာ ပြူကြည့်ရဲသည်။ ယနေ့ ချန်ရွှင် ဒေါသထွက်တာကို သူ ကြောက်သွားသည်။

သူတို့နှစ်ဦး ဘာမှ မဖြစ်ခဲ့သလို စကားစမြည် ပြောဆိုနေကြသည်။

ဖြစ်စဉ်မှာ ထိုစဉ်က ဂျိခွန်နှင့် ဂျူနီယာညီမလေးတို့ ထွက်ခွာသွားပြီးနောက် ထွက်ပြေးသွားသော အဖွဲ့သားကို ပြန်ရှာတွေ့ခဲ့သည်။ ဂျိခွန်က ဆေးပင်များကို သူ့လက်ထဲ အပ်နှံရန် ပြောဆိုခဲ့သည်။ ထိုသူက လက်မခံသဖြင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။ ဂျူနီယာညီမလေးကလည်း ဂျိခွန်ဘက်မှ ဝင်ပါပြီး ထိုသူကို နန်ဒုတောင်ထဲမှာပင် သတ်ဖြတ်လိုက်ကြသည်။

ထိုသူသည် အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာနမှ သူတို့၏ လုပ်ဖော်ကိုင်ဖက် ဖြစ်ရုံသာမက အကြီးအကဲ တစ်ဦး၏ ဆွေမျိုးတော်စပ်သူလည်း ဖြစ်နေသည်။ ဂိုဏ်းသို့ ပြန်ရောက်သောအခါ ဂျူနီယာညီမလေးက ရုတ်တရက် သစ္စာဖောက်ပြီး ဂျိခွန်သည် ဂိုဏ်းတူချင်း သတ်ဖြတ်သူ ဖြစ်ကြောင်း စွပ်စွဲလိုက်သည်။ သူမက ဂျပိုးကိုလိပ်ဖြစ်အောင် ပြောဆိုခဲ့သည်။ သူမနှင့် ထိုသူ ဆေးပင် ရှာတွေ့ခဲ့သော်လည်း ဂျိခွန်က မနာလို၍ နောက်ကျောကို ဓားနှင့်ထိုးကာ လုပ်ကြံခဲ့ကြောင်း သူမ အနေဖြင့် အသက်ဘေးမှ လွတ်မြောက်ရန် ဂျိခွန်၏ အလိုကျ နေပေးခဲ့ရကြောင်း ပြောဆိုခဲ့သည်။

ဂျိခွန်သည် ချန်ရွှင်လောက် စေ့စပ်သေချာသူ မဟုတ်ပေ။ သူသည် သေဆုံးသူ၏ ပစ္စည်းများကို ယူဆောင်ထားမိသဖြင့် သက်သေအထောက်အထား ခိုင်လုံနေခဲ့သည်။ တော်သေးသည်က သူသည် အခြားဂိုဏ်းမှ လူများ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း အသေငြင်းခဲ့သဖြင့် အခြေအနေ ပိုမဆိုးသွားခြင်း ဖြစ်သည်။

ဝူယွင်ဂိုဏ်း သာမက အခြားဂိုဏ်းများတွင်လည်း ဂိုဏ်းတူချင်း သတ်ဖြတ်ခြင်းကို တားမြစ်ထားသည်။ သို့သော် ထိုအကြီးအကဲ၏ စနက်ကြောင့် ဂျိခွန် ရရှိခဲ့သော ဆေးပင်များနှင့် ဂိုဏ်းအကျိုးပြုအမှတ်များကို ထိုမိန်းကလေး နာမည်ဖြင့် စာရင်းသွင်းလိုက်ကြသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲများသည် အများအားဖြင့် သွေးအေးကြသည်။ သွေးသားတော်စပ်သူ မဟုတ်လျှင် သိပ်ဂရုမစိုက်ကြပေ။ ဂျိခွန်ကဲ့သို့ မထင်မရှားတစ်ယောက်ကို ထိုကျွေးခြင်းအားဖြင့် သူတို့သည် သူတို့၏ သိက္ခာကို ပြန်ဆယ်ခဲ့ကြ၏။ ထိုနှစ်များအတွင်း ဂျိခွန် အတော်လေး ဒုက္ခရောက်ခဲ့သည်။ ဂိုဏ်း၏ ကာကွယ်မှု ရှိနေ၍သာ အသက်ရှင် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဂိုဏ်းတူချင်း သတ်ဖြတ်သူ ဟူသော နာမည်ဆိုးကမူ သူ့ကို အရိပ်လိုခြောက်လှန့်နေခဲ့သည်။ သူငယ်ချင်း မိတ်ဆွေများက သူ့ကို ရှောင်ဖယ်သွားကြပြီး ဂိုဏ်းထဲတွင် အလုပ်တစ်ခု ရဖို့ပင် ခက်ခဲလာခဲ့သည်။

ဤကဲ့သို့အခြေအနေမျိုးတွင် သူသည် ချန်ရွှင်ဆီကို မသွားချင်ပေ။ နွားကြီးတစ်ကောင်နှင့်ရိုးသားသော ဂျူနီယာညီလေးအား သူဒုက္ခမပေးချင်။

သူသည် သည်းခံရင်းနှင့်ပင် နောက်ထပ် နှစ် (၂၀) အကြာ နန်ဒုတောင် ခရီးစဉ်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးအကြိမ် စွန့်စားရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

“ဂျီ အစ်ကိုကြီး... ခင်ဗျားသာ နန်ဒုတောင်ကနေ အသက်ရှင်လျက် ပြန်လာနိုင်ရင် ခင်ဗျားက ကျွန်တော့်ရဲ့ အစ်ကိုကြီး ဖြစ်နေတုန်းပါပဲ”

“ဂိုဏ်းတူဦးလေး... ဒါ...”

“ကျွန်တော် ပြောတာ အရင် နားထောင်ပါ”

ချန်ရွှင်က ဂျိခွန်၏ စကားကို ဖြတ်ပြောလိုက်သည်။ သူသည် လေးနက်သော မျက်နှာဖြင့် သိုလှောင်အိတ်ထဲမှ စာအုပ်လေး တစ်အုပ်နှင့် လက်နက်တစ်ခုကို ထုတ်လိုက်သည်။

“ဒါက အဝါရောင်အဆင့် အထက်တန်း လက်နက်ပါ ဂိုဏ်းအကျိုးပြုအမှတ် (၂၀၀၀) တန်တယ် ဒီစာအုပ်ထဲမှာ ကျွန်တော် နန်ဒုတောင်ကို သွားတုန်းက ရခဲ့တဲ့ အတွေ့အကြုံတွေ ရေးထားတယ် ခင်ဗျား အဓိကဆေးပင် သုံးပင် ရဖို့ အထောက်အကူ ဖြစ်လိမ့်မယ်”

ဂျိခွန် အံ့သြတကြီး ဖြစ်သွားပြီး ဝုန်းခနဲ ထရပ်လိုက်သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ချန်ရွှင်... မင်း ငါ့အပေါ် ဘာအကြွေးမှ မရှိဘူး”

“ဒီ အမှတ် (၂၀၀၀) က ခင်ဗျား ကျွန်တော့်ကို ပေးဆပ်ရမယ့် အကြွေးပဲ အကယ်၍ ခင်ဗျား အသက်ရှင်လျက် ပြန်လာပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးပင်တွေ ရခဲ့ရင် ကျွန်တော် တောင်အောက်မှာ လာစောင့်နေမယ် ပြီးရင် ခင်ဗျားအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ကို ကိုယ်တိုင် လာပို့ပေးမယ်”

ချန်ရွှင်က တစ်လုံးချင်း ပြောလိုက်သည်။ သူ ခေါင်းမော့ပြီး ဂျိခွန်ကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။

“ကျွန်တော်တို့က ကြယ်ကိုးလုံးတောင်ကြား ကနေ အတူတူ လာခဲ့ကြတာလေ... အချင်းချင်း စောင့်ရှောက်ရမှာပေါ့”

ရင်းနှီးနေသော ဤစကားလုံးများသည် ဂျိခွန်၏ ခေါင်းထဲတွင် ပဲ့တင်ထပ်သွားသည်။ ဒါက သူတို့ ဝူယွင်ဂိုဏ်းကို စရောက်တုန်းက သူ ချန်ရွှင်ကို ပြောခဲ့ဖူးသော စကားများ မဟုတ်ပါလား။ မထင်မှတ်ဘဲ ချန်ရွှင်က ဒီလောက်နှစ်တွေ ကြာတဲ့အထိ မှတ်မိနေခဲ့တာပဲ။

ဂျိခွန် စိတ်မထိန်းနိုင်တော့ပေ။ သူ တစ်ကိုယ်လုံး တုန်ရီနေသည်။ ဘဝ၏ အတက်အကျ နိမ့်မြင့်များကို ဖြတ်သန်းပြီးနောက် အဆုံးသတ်ကျမှ မည်သူက မိတ်ဆွေစစ်ဖြစ်သည် ဆိုသည်ကို သူ သိမြင်လိုက်ရသည်။ သူ ခေါင်းငုံ့လိုက်ရာ မျက်ရည်စက်များသည် အိုဟောင်းနေပြီဖြစ်သည့်ကြမ်းပြင်ပေါ်ကို လွင့်စင်ကျသွားသည်။ ထို့နောက် သူ ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ ချန်ရွှင်နှင့် အကြည့်ချင်း ဆုံမိကြသည်။ သူ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ဟန်ဆောင် ငြင်းဆန်မနေတော့ပေ။

“အဲဒီ မိန်းမ နာမည် ဘယ်သူလဲ”

“စူးရယ်ထုန်”

“တကယ်လို့ ဂျီ အစ်ကိုကြီး ပြန်မလာနိုင်ခဲ့ရင် အဲဒီမိန်းမကို ကျွန်တော် ကလဲ့စားချေမယ် လူမသိ၊သူမသိ ပျောက်ကွယ်သွားစေရမယ် ဂိုဏ်းက ဘယ်လိုမှ ခြေရာခံလို့ မရစေရဘူး”

“မင်း...”

“ဂျီ အစ်ကိုကြီးက ကျွန်တော် ချန်ရွှင်ကို သူတော်ကောင်းလို့ ထင်နေတာလား”

ချန်ရွှင် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ ဂျိခွန် တစ်ခါမှ မမြင်ဖူးသော အေးစက်တည်ငြိမ်သည့် မျက်နှာထားက အလွန်ကြောက်စရာကောင်းနေသည်။

“တကယ်လို့ ဂျီ အစ်ကိုကြီး ပြန်လာနိုင်ခဲ့ရင်တော့ ခင်ဗျားတို့ နှစ်ယောက်ကြားက ကိစ္စကို ကျွန်တော် လုံးဝ ဝင်မပါဘူး”

ဂျိခွန် အသက်ပြင်းပြင်း ရှူလိုက်သည်။ ဤနေ့မှ ချန်ရွှင်ကို အသစ်တစ်ဖန် ပြန်လည် သိရှိလိုက်ရသလိုပင်။

“ငါ သိပြီ”

တစ်ခါတစ်ရံ ယောကျာ်းချင်းကြားက သံယောဇဉ် ဆိုသည်မှာ စကားပေါင်းများစွာ ပြောစရာ မလိုအပ်ပါချေ။

ချန်ရွှင် ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားသည်။ သို့သော် တံခါးဝ ရောက်သောအခါ ခြေလှမ်းရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

“ဂျီ အစ်ကိုကြီး... ကျွန်တော် အဲဒီ တောင်ခြေမှာ စောင့်နေမယ်”

“မင်း စိတ်ပျက်စေရမှာ မဟုတ်ဘူး” ဂျိခွန်၏ မျက်လုံးများ ရုတ်တရက် စူးရှလာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ပြောမပြတတ်သော စွမ်းအားတစ်မျိုး စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။

“ဟဲဟဲ... ဒါမှ ကျွန်တော်သိတဲ့ ဂျီအစ်ကိုကြီး”

တီးတိုး ရေရွတ်သံလေး တစ်ခု ထွက်ပေါ်လာပြီး ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ထွက်ခွာသွားပြီ ဖြစ်သည်။ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားသည်။

“ဂျီ အစ်ကိုကြီး... အိမ်ကို ခဏနေမှ လာပြင်ပေးမယ် ကျွန်တော်နဲ့ နွားကြီး သစ်ပင် သွားခုတ်လိုက်ဦးမယ်”

“မွန်း”

အဝေးမှ အသံနှစ်သံ ထွက်ပေါ်လာသည်။ နှင်းမုန်တိုင်းကြားတွင် ပုံရိပ်နှစ်ခုသည် ခိုင်မာပြတ်သားစွာ လျှောက်လှမ်းသွားကြသည်။

ဂျိခွန် လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။ အဝေးကို လှမ်းမျှော်ကြည့်လိုက်သည်။ လက်နှင့် ခေါင်းပေါ်မှ သွေးကြောများ ထောင်ထလာသည်။ သည်တစ်ကြိမ်တော့ သူ မဖြစ်မနေ နိုင်မှ ရမည်။

သူတို့ကို ဘယ်တော့မှ စိတ်ပျက်စေလို့ မဖြစ်ပေ...

......

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားရာ ငါးလ ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ ဝူယွင်ဂိုဏ်း၏ နေရာအနှံ့မှ ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။ လင်းယုန်ငှက် ကြီး ငါးကောင်၏ စူးရှသော အော်မြည်သံများနှင့်အတူ ကောင်းကင်တွင် ပေါ်ထွက်လာသည်။ ၎င်းတို့သည် ကောင်းကင်တွင် ဝဲပျံနေပြီး အေးစက်သော မျက်လုံးများဖြင့် မြေပြင်ကို ကြည့်ရှုနေကြသည်။ ထို့နောက် ဂိုဏ်းချုပ်တောင်ထွတ်ဆီသို့ ပျံသန်းသွားကြသည်။

အနှစ် (၂၀) တစ်ကြိမ် ကျင်းပသော နန်ဒုတောင် ခရီးစဉ်ကြီး စတင်လေပြီ။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် တောင်ခြေတွင် ရပ်နေပြီး ကောင်းကင်ကို တည်ငြိမ်စွာ မော့ကြည့်နေသည်။

“နွားကြီး... သွားစို့”

“မွန်း”

သူတို့သည် တောင်တန်းအပြင်ဘက်သို့ ဦးတည် ထွက်ခွာသွားကြသည်။ ဂိုဏ်းပိုင် ဈေးတန်းတစ်ခုသို့ သွားရောက်ပြီး အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးနှင့် သွားရောက် တွေ့ဆုံရန် ရှိသည်။ ဝူယွင်ဂိုဏ်း၏ နေရာအနှံ့တွင် ချီသန့်စင်ခြင်းအဆင့် တပည့်များ ရပ်တန့်ပြီး ကောင်းကင်ကို မော့ကြည့်နေကြသည်။ ပါးစပ်မှလည်း နန်ဒုတောင် ခရီးစဉ်အကြောင်း ပြောဆိုနေကြသည်။

သူတို့၏ ဘေးမှ ဂိုဏ်းတူဦးလေး တစ်ယောက်သည် နွားနက်ကြီး တစ်ကောင်ကို ဆွဲပြီး ဖြတ်သန်းသွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။

minko

All Chapters