← Chapters

အခန်း (၇၁-၇၂)

Vol. 4 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 4 Ch. 71-72

အခန်း (၇၁)

ရွှမ်ကျူဈေးတန်းသည် ကျောက်စိမ်းဝါးတောင်တန်း၏ အပြင်ဘက်တွင် တည်ရှိပြီး ဝူယွင်ဂိုဏ်း၏ ပြင်ပဈေးတန်းတစ်ခု ဖြစ်လေသည်။ ထိုနေရာသည် မရေမတွက်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် အရပ်ရပ်မှ ဂိုဏ်းပေါင်းစုံ ကျင့်ကြံသူများ ဝင်ထွက်သွားလာရာ နေရာတစ်ခုလည်း ဖြစ်၏။ သို့သော် ထိုဈေးတန်းသို့ ဝင်ရောက်ရန်အတွက် မြင့်မားဖြောင့်တန်းသော ဝါးရုံတောကြီးတစ်ခုကို ဖြတ်သန်းသွားရမည် ဖြစ်ရာ သာမန်လူများ မှားယွင်းဝင်ရောက်မိပါက လမ်းပျောက်သွားနိုင်ပေသည်။

လေပြည်အဝှေ့တွင် ဝါးတောကြီးသည် ညင်သာစွာ ယိမ်းနွဲ့လှုပ်ရှားလျက် စည်းချက်ကျသော မြည်သံများ ထွက်ပေါ်နေရာ သာယာနာပျော်ဖွယ် တေးသွားတစ်ပုဒ် ပျံ့လွင့်လာသကဲ့သို့ ရှိလေ၏။

တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများသည် လူရိပ်တစ်ခုကို မြင်လိုက်ရသောအခါ မျက်နှာများတွင် အံ့သြထိတ်လန့်ရိပ်များ ပေါ်လာကြပြီး အလျင်အမြန် လက်သီးဆုပ်ကာ လမ်းဖယ်ပေးလိုက်ကြသည်။ သို့သော် ထိုလူသည် အလွန် ဖော်ရွေစွာဖြင့် ပြုံးပြနှုတ်ဆက်လေ၏။ သူ၏ လက်ထဲတွင် နွားနက်ကြီးတစ်ကောင်ကိုလည်း ဆွဲထားသေးသည်။

ထိုသူသည် ဝူယွင်ဂိုဏ်း၏ စိမ်းပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားရာ ဝူယွင်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်မည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

ဝါးတောကို ဖြတ်သန်းလိုက်သည်နှင့် မြင်ကွင်းသည် ရုတ်တရက် ရှင်းလင်းသွားကာ ထပ်စီနေသော အထပ်မြင့် အဆောက်အအုံ များစွာသည် မျက်စိရှေ့တွင် ပေါ်လာလေတော့သည်။ ဈေးတန်းသည် အလွန် စည်ကားသိုက်မြိုက်နေပြီး ရံဖန်ရံခါတွင် အသေးစား လေလံပွဲများပင် ကျင်းပလေ့ရှိသည်။

တစ်ကိုယ်တော်ကျင့်ကြံသူများ၏ မျက်လုံးများထဲတွင် သတိထားစောင့်ကြည့်နေသော အရိပ်အယောင်များ ပါရှိနေသည်။ ဈေးတန်းအတွင်းတွင် ဘေးကင်းလုံခြုံသော်လည်း အပြင်ဘက်တွင်မူ ပြော၍မရနိုင်ပေ။ ထို့ကြောင့် လူတိုင်းသည် သွားသုတ်သုတ် လာသုတ်သုတ်ဖြင့် အလုပ်ရှုပ်နေကြသည်။

ချန်ရွှင်သည် အတိတ်က မိမိကိုယ်ကို ပြန်မြင်ယောင်မိသကဲ့သို့ ခပ်ဖွဖွ ပြုံးလိုက်မိသည်။ သူတို့ကလည်း ယခင်က ဤကဲ့သို့ မရေရာသော ဘဝမျိုးဖြင့် ဖြတ်သန်းခဲ့ရသည် မဟုတ်ပါလား။

“မွန်း...”

နွားနက်ကြီးသည် ဘေးဘီဝဲယာကို လှမ်းကြည့်လိုက်သည်။ ယခုအခါ သူတို့ကလည်း အစ်ကိုကြီး နေရာသို့ ရောက်ရှိနေပြီဖြစ်ရာ ခံစားချက်များသည် ကွာခြားနေပြီဖြစ်သည်။ မည်သူကမျှ သူတို့ကို ထူးဆန်းသော အကြည့်များဖြင့် မကြည့်ရဲကြတော့ဘဲ မျက်နှာများတွင် လေးစားမှုများ ပါဝင်နေကြသည်။ နွားနက်ကြီးသည် အမြီးကို ယမ်းလိုက်မိသည်။

“နွားကြီး... သွားစို့ သူက ဂိုဏ်းပိုင် အဆောင်ဆိုင်ထဲမှာ ရှိတယ်”

“မွန်း”

နွားနက်ကြီးသည် ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။ သူတို့သည် ဂိုဏ်းပိုင် ဈေးတန်းထဲတွင် အေးအေးဆေးဆေးလျှောက်လာခဲ့ကြသည်။

'သီဖုန်း' အဆောင်ဆိုင်တွင် လူများ ဝင်ထွက်သွားလာနေကြပြီး စီးပွားရေး အတော်ကောင်းမွန်နေသည်။

သို့သော် အဆောက်အအုံ၏ အပြင်ဘက် ထောင့်စွန်းတစ်နေရာတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တပည့်အချို့ကို ဆူပူကြိမ်းမောင်းနေလေသည်။ ပါးစပ်မှလည်း မရပ်မနား ပြောဆိုနေသဖြင့် ထိုတပည့်များ၏ မျက်နှာတွင် စိတ်မရှည်သော အရိပ်အယောင်များ ပေါ်လာကြသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် အသက် ငါးဆယ်ကျော်ခန့် ရှိပုံရပြီး ချီသန့်စင်ခြင်း (၁၀) ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မျက်နှာ တည်ကြည်ဖြောင့်မတ်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသော်လည်း စကားပြောရာတွင်မူ မိဘက သားသမီးကို မဆုံးမနိုင်၍ စိတ်ပျက်ရသကဲ့သို့သော လေသံမျိုး အမြဲပါဝင်နေတတ်သည်။

အချိန်အနည်းငယ် ကြာသောအခါမှ ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ဆူပူဆုံးမခြင်းကို ရပ်တန့်လိုက်သည်။ ဝူယွင်ဂိုဏ်းမှ တပည့်အချို့သည် ထထွက်ပြေးမတတ်ခြေလှမ်းများဖြင့် ထွက်ခွာသွားကြပြီး ပါးစပ်မှလည်း ကံဆိုးလိုက်တာဟု တီးတိုး ရေရွတ်သွားကြသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်ကို နောက်ပစ်လျက် ခေါင်းခါကာ ပြောလိုက်လေသည်။

“အချိန်ဆိုတာ ကုန်ဆုံးလွယ်တယ်ကွ... အခုထိ ကျင့်ကြံခြင်းကို အားမစိုက်ကြသေးဘူး အသက်ကြီးသွားရင် အခွင့်အရေး မရှိတော့ဘူး”

“လဲ့ဖုန်း”

ချန်ရွှင်သည် ပြုံးကာ လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လန့်ဖျပ်သွားပြီး လမ်းတစ်ဖက်တွင် ရပ်နေသော ချန်ရွှင်ကို ကြည့်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

“ချန်ရွှင်... ဂိုဏ်းတူဦးလေး”

ဤမြင်ကွင်းသည် အတော်လေး ထူးဆန်းနေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အလွန် ငယ်ရွယ်နုပျိုသော လူငယ်တစ်ဦးကို ဦးလေးဟု ခေါ်ဝေါ်နေခြင်း ဖြစ်သည်။

“လာပါ... လာပါ ဂိုဏ်းတူဦးလေး အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်သွားလိမ့်မယ်လို့ မထင်ထားမိဘူး ဝမ်းသာစရာ ကောင်းလိုက်တာဗျာ”

လဲ့ဖုန်း၏ မျက်နှာသည် ပြုံးရွှင်သွားပြီး အလျင်အမြန် လျှောက်လာကာ ချန်ရွှင်၏ လက်နှင့် နွားနက်ကြီး၏ ကြိုးကို ဆွဲလိုက်လေသည်။

“ဂိုဏ်းတူဦးလေး... နွားကြီး... အထဲ မြန်မြန် ဝင်ကြ”

“ဟေး... ဖြည်းဖြည်း... ဖြည်းဖြည်းလုပ်ပါ”

“မွန်း”

သူတို့သည် ဝူယွင်ဂိုဏ်းသို့ စတင်ရောက်ရှိခဲ့သော နေ့ရက်ကကဲ့သို့ပင် လဲ့ဖုန်း၏ အတင်းအဓမ္မ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြန်သည်။ ဤစီနီယာအစ်ကိုကြီးသည် အမြဲတမ်း ထိုကဲ့သို့ စိတ်အားထက်သန်လေ့ ရှိသည်။

နောက်ဖေးခြံဝင်းအတွင်း၌ ချန်ရွှင်သည် ကျောက်ခုံပေါ်တွင် ထိုင်နေသော်လည်း လဲ့ဖုန်းမှာမူ ဘေးတွင် လက်သီးဆုပ်ကာ မတ်တပ်ရပ်နေပြီး ထိုင်ရန် မဝံ့မရဲ ဖြစ်နေသည်။

“လဲ့ဖုန်း... ထိုင်ပါကွာ”

“ဟုတ်ကဲ့... ဂိုဏ်းတူဦးလေး”

လဲ့ဖုန်း၏ အသံသည် အနည်းငယ် အက်ရှရှ ဖြစ်နေသည်။

နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီး မျက်နှာများတွင် လွမ်းဆွတ်မှုနှင့် ဝမ်းသာမှုများ ရောယှက်နေကြသည်။

“လဲ့ဖုန်း... ဘာလို့ ဒီလောက်စောပြီး တောင်အောက် ဆင်းလာရတာလဲ ခင်ဗျားမှာ အချိန်ကောင်းတွေ ကျန်သေးတာပဲ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိပါသေးတယ်”

ချန်ရွှင်သည် နားမလည်နိုင်စွာ မေးလိုက်သည်။ လဲ့ဖုန်းတွင် စိတ်ဓာတ်ကျသည့် အပြုအမူမျိုး သူ မတွေ့ခဲ့ရပေ။

“ဂိုဏ်းတူဦးလေး မသိလို့ပါ တရားစီရင်ရေးဋ္ဌာန က ချီသန့်စင်ခြင်းအဆင့် တပည့်တွေကို အသက် (၅၀) ထက် မကျော်ရဘူးလို့ သတ်မှတ်ထားလို့ပါ”

“ဒါဆိုရင် တခြားဋ္ဌနတွေမှာ ဆက်ပြီး ကျင့်ကြံလို့ ရတာပဲ”

“ဟဲဟဲ... ဂိုဏ်းတူဦးလေး ကျွန်တော့် ရည်မှန်းချက်က အဲဒါ မဟုတ်ပါဘူး”

လဲ့ဖုန်းသည် ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။

“ကျွန်တော်က ဓာတ်လေးပါး အဆင့်နိမ့် ဝိညာဉ်အမြစ်ပဲ ရှိတာပါ ဆရာသခင်က တောင်အောက်မှာ ကောက်ယူခဲ့လို့ ဝူယွင်ဂိုဏ်းက ကျွေးမွေးစောင့်ရှောက်ပြီး ကြီးပြင်းလာခဲ့ရတာပါ…ကျွန်တော်က တိုက်ခိုက်ရေးမှာ မတော်ပါဘူး ဂိုဏ်းတွင်းပြိုင်ပွဲမှာ အဆင့် (၅၀၀၀) အတွင်းတောင် မဝင်နိုင်ဘူး ဂိုဏ်းထဲမှာ ဆက်နေနေရင် ကျင့်ကြံခြင်း ရင်းမြစ်တွေကို ဖြုန်းတီးရာပဲ ကျမှာပေါ့…အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့လည်း ကျွန်တော် တစ်ခါမှ မစဉ်းစားဖူးပါဘူး ဂျူနီယာညီလေး၊ ညီမလေးတွေကို ကောင်းကောင်း ကျင့်ကြံဖို့ တိုက်တွန်းပေးနိုင်ရင်ပဲ... အဲဒါ ကျွန်တော့်ရဲ့ အကြီးမားဆုံး ဆန္ဒပါပဲ”

လဲ့ဖုန်းသည် ပေါ့ပါးစွာ ရယ်မောလိုက်ပြီး ချန်ရွှင်ကို ကြည့်ကာ ကျေနပ်အားရနေသည့် မျက်လုံးများဖြင့် ပြောလိုက်သည်။

“အရင်တုန်းက ဂျူနီယာညီလေးချန်ရွှင် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သွားတာကို မြင်ရတာနဲ့တင် ကျွန်တော် ကျေနပ်နေပါပြီ”

ချန်ရွှင်၏ စကားလုံးများသည် လည်ချောင်းဝတွင် တစ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယခုအချိန်တွင် ဘာစကားပဲ ပြောပြော အရာမရောက်တော့သလို ခံစားနေရသည်။ လဲ့ဖုန်းကဲ့သို့ လူမျိုးသည် တကယ်ပင် ထူးခြားလွန်းလှသည်။

“ကျွန်တော်ကမှ အဆင့်အတန်း ခွဲခြားမိသလို ဖြစ်သွားတယ် စီနီယာအစ်ကိုလဲ့ဖုန်းရဲ့ ဒီလို စိတ်ထားမျိုးကို မြင်ရတော့မှပဲ ကျွန်တော် စိတ်ချသွားတော့တယ်”

ချန်ရွှင်သည် ဖော်ရွေစွာ ပြုံးလိုက်လေသည်။

“ဂိုဏ်းတူဦးလေး စိတ်မပူပါနဲ့ ကျင့်ကြံသူတိုင်းက ထာဝရအသက်ရှင်ဖို့အတွက် ကျင့်ကြံနေကြတာ မဟုတ်ပါဘူး ကျွန်တော့်မှာလည်း ဘာနောင်တမှ မရှိပါဘူး”

“ဟဲဟဲ... လူတစ်ယောက်ရဲ့ ဘဝမှာ လူအမျိုးမျိုးနဲ့ ကြုံရနိုင်သလို ကိစ္စအမျိုးမျိုးနဲ့လည်း ကြုံရနိုင်ပါတယ် ဒါပေမဲ့ အဲဒီအရာတွေထဲကနေ ဉာဏ်ပညာ အနည်းငယ်လောက် ထုတ်ယူရရှိနိုင်ရင်ပဲ လုံလောက်ပါပြီ”

ချန်ရွှင်သည် ရုတ်တရက် ဂုဏ်ပြုသည့်အနေဖြင့် လက်သီးဆုပ်ကာဦးညွှတ်လိုက်လေသည်။

“ကြည့်ရတာ စီနီယာအစ်ကိုလဲ့ဖုန်း ရှာတွေ့သွားပြီ ထင်တယ် ဂုဏ်ပြုပါတယ်ဗျာ”

“ဟားဟားဟား...”

နှစ်ဦးသား သဘောကျစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ကြရာ ဘေးနားမှ နွားနက်ကြီးမှာ နားမလည်နိုင် ဖြစ်နေသည်။

သူတို့နှစ်ဦးသည် နောက်ဖေးခြံဝင်းအတွင်း၌ ဖြည်းညှင်းစွာ လျှောက်ရင်း အတိတ်က အကြောင်းအရာများကို ပြောဆိုနေကြရာ စိတ်နှလုံးများ ပေါ့ပါးလန်းဆန်းလာကြသည်။ ချန်ရွှင်သည် ယခုတစ်ကြိမ်တွင် အလွန် စိတ်ရှည်သည်းခံပြီး လဲ့ဖုန်း၏ ပွစိပွစိ ပြောဆိုမှုများကို နားထောင်ပေးနေသည်။ နေ့ဝက်ခန့် ကြာသောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့ နှုတ်ဆက် ထွက်ခွာလာကြသည်။

“ဂိုဏ်းတူဦးလေး... နွားကြီး... အချိန်ဆိုတာ ကုန်ဆုံးလွယ်တယ်နော် အခြားအရာတွေပေါ်မှာပဲ သိပ်ပြီး အာရုံမရောက်ကြပါနဲ့”

လဲ့ဖုန်းသည် သူတို့၏ ကျောပြင်ကို လှမ်းအော်ပြောလိုက်ရာ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အနည်းငယ်ပင် ရှိနေသေးသည်။

ချန်ရွှင်သည် လွတ်လပ်ပေါ့ပါးစွာ လှည့်ကြည့်လိုက်ပြီး လက်သီးဆုပ် ကျယ်လောင်စွာ ရယ်မော၍ ပြန်ပြောလိုက်သည်။

“ချန်ရွှင် မှတ်သားထားပါ့မယ်”

“မွန်း...”

နွားနက်ကြီးကလည်း လှည့်ကြည့်ပြီး အော်မြည်လိုက်သည်။ သူလည်း မှတ်မိသွားပါပြီ။

သူတို့နှစ်ဦး ဈေးတန်းမှ ထွက်ခွာသွားကြသည်။ လဲ့ဖုန်းသည် ပျောက်ကွယ်သွားသော ကျောပြင်နှစ်ခုကို အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုနေပြီးနောက် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ဖွဖွချလိုက်လေသည်။ ထို့နောက် အဆောင်ဆိုင်ထဲသို့ ပြန်ဝင်ကာ ကံကောင်းမည့် တပည့်တစ်ယောက်ယောက်ကို ရွေးချယ်ရန် ပြင်ဆင်လိုက်ပြန်သည်။

ယခုအခါ ဂိုဏ်းတူဦးလေးချန်ရွှင်ကို စံပြအနေဖြင့် ထားရှိနိုင်ပြီဖြစ်ရာ မည်သည့် ကောင်စုတ်လေးကများ အချိန်ကို တန်ဖိုးမထားဘဲ ကောင်းကောင်း မကျင့်ကြံဘဲ နေရဲဦးမည်နည်းဟု သူ ကြည့်ရပေမည်။

...

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ရေပူစမ်းဆေးဥယျဉ်သို့ ပြန်ရောက်လာကြပြီး ဝိညာဉ်ဆေးပင်များကို ဝီရိယရှိရှိ စိုက်ပျိုးကြပြန်သည်။ နေ့စဉ် သူတို့ အများဆုံး လေ့လာကြည့်ရှုသည်မှာ ရောင်ပြန်မဟာအစီအရင် ပင် ဖြစ်ပြီး အခြား မလိုအပ်သော အလုပ်များကို လုံးဝ မလုပ်ကြပေ။

တောကြက် တောဝက်များကို မွေးမြူရင်း မိုးမြေရတနာ စွယ်စုံကျမ်း ကို ဖတ်ရှုကြသည်။ နေ့တိုင်း ထိုစာအုပ်ကို ကြည့်ပြီး သွားရည်ကျနေကြသည်။ ထိုအထဲတွင် ပစ္စည်းကောင်းများချည်း ပါဝင်သည် မဟုတ်ပါလား။ ကန်းသတ္တု ဆိုလျှင် လက်နက်လုပ်ရာတွင် လက်နက်၏ ထက်ရှမှုကို တိုးမြှင့်ပေးနိုင်သည်။ ရတနာရှစ်ပါး သွေးသတ္တု ဆိုလျှင် ကိုယ်တွင်း စွမ်းအားနှင့် လက်နက်၏ လိုက်လျောညီထွေရှိမှုကို တိုးမြှင့်ပေးနိုင်ပြီး လက်နက်၏ စွမ်းအားကို အဆမတန် မြင့်တက်စေနိုင်သည်။

ထို့အပြင် ရွှမ်ပင်း ရေစင် ဆိုလျှင် မျက်လုံးစွမ်းအားကို ကျင့်ကြံရာတွင် အသုံးပြုနိုင်ပြီး ဖောက်ထွင်းမြင်နိုင်သည့် အစွမ်းသတ္တိ ရှိသဖြင့် အစီအရင် အတားအဆီး အချို့ကိုပင် တန်းပြီး မြင်နိုင်သည်ဟု ဆိုသည်။ နောက်ထပ် ပစ္စည်းတစ်ခုမှာ မှော်ကျောက်နို့ရည် ဟု ခေါ်ပြီး နွားနက်ကြီးမှာ ကြည့်ရင်း သွားရည်များ တောက်တောက် ကျနေသည်။ ထိုအရာသည် ခန္ဓာကိုယ်ကို သန်မာစေနိုင်သဖြင့် သူ၏ ဦးချိုကိုသာ လုပ်လိုက်ရလျှင် မည်သူမျှ ချိုး၍ရတော့မည် မဟုတ်ဟု တွေးနေမိသည်။

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဆေးဥယျာဉ်ရှိ တောင်ကုန်းလေးပေါ်တွင် ထိုင်လျက် မြက်ခင်းပြင်ကို ငေးကြည့်နေကြသည်။

“နွားကြီးရေ... တကယ် မိုက်တယ်ကွာ ဗဟုသုတတွေ အများကြီး တိုးလာတယ် ဒီကျင့်ကြံခြင်း လောကမှာ ဒီလို ဆန်းပြားတဲ့ ပစ္စည်းတွေ အများကြီး ရှိသေးတာပဲ”

ချန်ရွှင်သည် တက်တက်ခေါက်ခေါက်ဖြင့် အံ့သြတကြီး ရေရွတ်နေပြီး စာအုပ်ထဲမှ ပစ္စည်းများကို လက်ညှိုးထိုးပြနေသည်။ နွားနက်ကြီးကလည်း စိတ်ဝင်တစား ကြည့်ရှုနေသည်။ ဤအရာများသည် အခြေခံ အကျဆုံး အရာများသာ ရှိသေးသည်။

သံသတ္တု အဆီအနှစ်သည် လက်နက်လုပ်ရာတွင် အနိမ့်ဆုံး အဆင့်ရှိသော ပစ္စည်းသာ ဖြစ်ကြောင်း ချန်ရွှင် နောက်ဆုံးတွင် နားလည်သွားသည်။ သူ၏ တောင်ဖြိုပုဆိန်အတွက် ခရီးလမ်းမှာ ဝေးကွာနေသေးသည်။ သူတို့သည် စိတ်ကူးယဉ် ကမ္ဘာထဲတွင် ဈာန်ဝင်နေကြသည်။ တခါတရံတွင် ထိုပစ္စည်းများ မိမိတို့တွင်မရှိသဖြင့် ဝမ်းနည်းပက်လက် ဖြစ်ကာ တခါတရံတွင် နောင်တစ်ချိန် ကောက်ရနိုင်သည်ဟု တွေးကာ တဟားဟား ရယ်မောကြပြန်သည်။

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ကြည့်လေ စိတ်လှုပ်ရှားလေ ဖြစ်လာပြီး ဆေးဥယျာဉ်ထဲတွင် တောင်အော်၊ မြောက်အော် လျှောက်အော်နေကြသောကြောင့် တောကြက်နှင့် တောဝက်များမှာ အလွန် ကြောက်လန့်နေကြသည်။

ထာဝရအသက်ရှင်ခြင်း လမ်းခရီးသည် ရှည်လျားလွန်းလှရာ အနာဂတ် ခရီးလမ်းသည် သူတို့အတွက် မသိနားမလည်နိုင်မှုများနှင့် စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေပေတော့သည်။

အခန်း (၇၂)

“နွားကြီး... သွားစို့ ဆေးဋ္ဌာန ဘက် သွားကြည့်ရအောင် အဲဒီက အကြီးအကဲတွေက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ သူတို့ကို ဝိုင်းကူပေးဖို့ လိုနေပုံရတယ်”

ချန်ရွှင်သည် နွားနက်ကြီးကို ကြည့်ကာ ပြုံးလိုက်သည်။

“ငါတို့က ဘာအကျိုးအမြတ်မှ မမျှော်လင့်ပါဘူး စီနီယာအစ်ကိုတွေ နောက်လိုက်ပြီး ဆေးဖော်တဲ့ အခြေခံ ဗဟုသုတလေးတွေ လေ့လာရရင် ပြီးတာပါပဲ”

“မွန်း မွန်း”

နွားနက်ကြီးသည် ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။ ရေပူစမ်းဆေးဥယျဉ်တွင်လည်း သူတို့ လုပ်စရာ အလုပ်များ ရှိနေသေးရာ ထိုအကြီးအကဲများက သူတို့ကို အကြာကြီး ခေါ်ထားနိုင်မည် မဟုတ်ပေ။ ချန်ရွှင်သည် အနည်းငယ် ပြင်ဆင်ပြီးနောက် နွားနက်ကြီးကို ဆွဲလျက် ဆေးဋ္ဌာန ဘက်သို့ ထွက်ခွာလာခဲ့သည်။ မဟာအစီအရင် အပြင်ဘက်တွင် စောင့်ကြပ်နေသူများကလည်း သိပ်ပြီး ဂရုမစိုက်ကြပေ။ ခရီးဝေး သွားခြင်း မဟုတ်သရွေ့ ကိစ္စမရှိပေ။ ဤနေရာသည် ထောင်မှ မဟုတ်ဘဲ။

ချန်ရွှင်သည် ဆေးဋ္ဌာန အတွင်းရှိ အကြီးအကဲ ကျင်းဟွမ်ကို သွားရောက်တွေ့ဆုံကာ အခကြေးငွေ မယူဘဲ ဆေးဖော်ရာတွင် ကူညီပေးလိုကြောင်း ပညာအနည်းငယ် သင်ကြားခွင့် ရလျှင်ပင် လုံလောက်ကြောင်း ပြောဆိုလိုက်သည်။ ကျင်းဟွမ်မှာ ဝမ်းသာလုံးစို့ သွားသည်။ မုတ်ဆိတ်မွေးများကို အဆက်မပြတ် ပွတ်သပ်ရင်း ချန်ရွှင်၏ စိတ်နေသဘောထားနှင့် ဆိုလျှင် ရွှေအမြူတေအဆင့်ကို မလွဲမသွေ ရောက်ရှိနိုင်မည်ဟု ချီးကျူးလေတော့သည်။

ဤသည်မှာ ရေငတ်တုန်းရေတွင်းထဲကျခြင်း ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် ချီသန့်စင်ခြင်းအဆင့် တပည့်များထက်ပင် အလုပ်ပိုများကြပြီး အားလုံးမှာ အလွန်မောက်မာကြသူများ ဖြစ်သည်။ ထို့အပြင် အခမဲ့ ကူညီပေးမည် ဆိုသည်မှာ ပို၍ပင် ရှားပါးလှသည်။ ယခု ချန်ရွှင် မှာ အသုံးပြုလိုက်သော စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန်အတွက် ဝိညာဉ်ကျောက်တုံး ပေးစရာပင် မလိုဟုဆိုနေသည်။

အရေးအကြီးဆုံး အချက်မှာ ချန်ရွှင်၏ နတ်အသိ ကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ဤအရာသည် သူ၏ တပည့်များထက် အများကြီး ပိုမို အသုံးဝင်ပြီး ဆေးအောင်မြင်မှု နှုန်းထားကို သေချာပေါက် မြင့်တက်စေမည် ဖြစ်သည်။ သို့သော် ချန်ရွှင်သည် အချက် သုံးခုကို ကြိုတင် သဘောတူညီမှု ယူထားသည်။ သူ့တွင် ဆေးဥယျာဉ်ကိစ္စများ ရှိသေးသဖြင့် မကြာခဏ လာရောက်နိုင်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။ ကျင်းဟွမ်ကလည်း အတော်လေး ရိုးဖြောင့်သူ ဖြစ်သည်။ သူတို့အားလုံးသည် ဆေးဋ္ဌာနမှ ဂိုဏ်းတူ ညီအစ်ကိုများ ဖြစ်ကြရာ ဤကဲ့သို့ ပြောဆိုနေခြင်းသည် စိမ်းကားရာ ရောက်သည်ဟု ဆိုကာ ချန်ရွှင်ကို ဘာမှ အတင်းအကျပ် ခိုင်းစေမည် မဟုတ်ကြောင်း ကတိပေးလေသည်။

ချန်ရွှင်လည်း အလွန် ဝမ်းသာသွားသည်။ ဌာနတစ်ခုတည်းတွင် ရှိနေခြင်းက စကားပြောရ ဆိုရ အဆင်ပြေလှသည်။ အကယ်၍ သူသာ လက်နက်ဋ္ဌာန သို့ သွားရောက်ခဲ့လျှင် မောင်းထုတ်ခံရနိုင်ခြေ ရှိပေသည်။ ဝူယွင်ဂိုဏ်း၏ စည်းကမ်းများမှာ တင်းကျပ်လှသည်။ တောင်ပေါ်ရွာလေးတွင် နေသကဲ့သို့ လျှောက်သွား၍ မရပေ။

လဝက်ခန့် ဆက်တိုက် ချန်ရွှင်သည် အခန်း တစ်ခုတွင် နေထိုင်ခဲ့ပြီး နွားနက်ကြီးမှာ ဘေးနားတွင် စာအုပ်ထိုင်ဖတ်နေသည်။ ကျင်းဟွမ်သည် သူ့အား အဆင့်နိမ့် ဝိညာဉ်ဆေးပင်များစွာ ပေးအပ်ကာ ဆေးရည်ကျိုချက်စေသည်။ ထွက်ရှိလာသော ဆေးရည် အရည်အသွေးကို ကျင်းဟွမ် အလွန် သဘောကျသွားသည်။ သူ၏ တပည့်များထက် ပိုမို ကောင်းမွန်နေသည် မဟုတ်ပါလား။

သို့သော် သူသည် ချန်ရွှင်အား ဆေးဖော်နည်း အဓိကလျို့ဝှက်ချက်များကို တစ်ခါမှ သင်မပေးခဲ့ပေ။ ဤအရာသည် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော ပညာရပ် ဖြစ်သည်။ သူသည် ဆေးဖော်ခြင်းနှင့် ပတ်သက်သော အခြေခံ ဗဟုသုတ အချို့ကိုသာ လမ်းညွှန်ပြသပေးသည်။ ချန်ရွှင်လည်း လောဘမကြီးဘဲ ဤမျှလောက်နှင့်ပင် လုံလောက်ပြီဟု ခံစားမိသည်။

ဥပမာအားဖြင့် ယနေ့တွင် သူတို့သည် ကျင်းဟွမ်၏ ဂူ(နေအိမ်) တွင် လက်ဖက်ရည် သောက်နေကြသည်။ ချန်ရွှင်၏ စွမ်းအားများ ကုန်ခမ်းနေသဖြင့် ပြန်လည် ပြည့်ဝလာစေရန် အချိန်ယူ အနားယူရမည် ဖြစ်သည်။ ကျင်းဟွမ်သည် ပထမဆုံး အကြိမ်အဖြစ် ချန်ရွှင်ကို သူ၏ နေအိမ်သို့ ဖိတ်ခေါ်ခြင်း ဖြစ်သည်။

“စီနီယာအစ်ကိုကျင်း... ဒီ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးရဲ့ အဓိက ဆေးပင်က အခြေခံတည်ဆောက်ခြင်းအဆင့် ဆေး တစ်လုံးမက ဖော်စပ်နိုင်တာလား”

“ရတာပေါ့”

ချန်ရွှင်သည် မျက်နှာပျက်သွားပြီး ကျင်းဟွမ်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်လေသည်။

“ဒါဆိုရင် ဝိညာဉ်ဆေးပင် အများစုက ဆေးအရေအတွက် အများကြီး ဖော်စပ်လို့ ရတာပေါ့”

ကျင်းဟွမ်သည် ခေါင်းခါလျက် တဟားဟား ရယ်မောလိုက်သည်။ ဤ ညီလေးချန်ရွှင်သည် ဘာမှ မသိနားမလည်သူ တစ်ယောက်ကဲ့သို့ ဖြစ်နေပါလား။

“ဒါပေါ့... ဝိညာဉ်ဆေးပင်ရဲ့ ဆေးအာနိသင်က ပြင်းထန်လွန်းရင် ဆေး ဖြစ်ပေါ်မှုကို အများကြီး ထိခိုက်စေနိုင်တယ် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးက အဲဒီအထဲက တစ်ခုပဲ….ဥပမာ ပြောရရင်... ဝိညာဉ်ဆေးပင် တစ်ပင်က နှစ် (၃၀) သက်တမ်း ရှိရင် ဆေးတစ်လုံး ဖော်လို့ ရပြီ ဒါပေမဲ့ မင်းက နှစ် (၃၀၀) သက်တမ်း ရှိတဲ့ ဆေးပင်ကို ယူပြီး အဲဒီဆေးကိုပဲ ဖော်မယ်ဆိုရင်... ရလဒ်က ဘယ်လို ဖြစ်လာမယ်လို့ ထင်လဲ”

“အင်း... ဆေးအာနိသင် ပိုကောင်းလာမလား”

ချန်ရွှင် စဉ်းစားပြီး ပြောလိုက်သည်။ သူ့တွင် အတွေ့အကြုံ အနည်းငယ် ရှိသည်။ ဥပမာအားဖြင့် သူသည် ထိုကဲ့သို့သော ငွေကိုမီးရှို့သည့် အလုပ်မျိုးကို လုပ်ဖူးသည်။

“ဟားဟား... ညီလေးချန်ရွှင် တွေးတာ လွန်သွားပြီ အဲဒါက ဆေးကို ပျက်စီးသွားစေရုံပဲ ရှိမှာ ဆေးက ဒီလောက်များတဲ့ ဆေးအာနိသင်ကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး”

ကျင်းဟွမ်သည် လက်ဖက်ရည် သောက်ရင်း ရယ်မောလိုက်သည်။ ဤ ညီလေးချန်ရွှင်သည် တကယ် စိတ်ဝင်စားစရာ ကောင်းလှသည်။

“ရေပြည့်လျှင် လျှံသည် လပြည့်လျှင် ကွယ်သည် အစွန်းရောက်လျှင် ဆန့်ကျင်ဘက် ဖြစ်သွားတတ်သည် ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ဆေးပင်များကလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည် လို့ ဆေးကျမ်းမှာဆိုတယ်….”

“ဪ... အဲဒီလိုကိုး ညီလေး မှတ်သားထားပါ့မယ် စီနီယာအစ်ကိုကျင်းသာ မပြောပြရင် ညီလေး တစ်သက်လုံး အမှောင်ထဲစမ်းတဝါးဝါးလမ်းပျောက်နေဦးမှာပဲ”

ချန်ရွှင်သည် ချွေးစေးများ ပြန်လာသည်။ တွေးလေ နေရခက်လေ ဖြစ်လာသည်။ သူသည် လမ်းလွဲများစွာ လျှောက်ခဲ့မိပါလား။

“ကျွန်တော် စဉ်းစားနေတာ ကြာပြီ ဘာလို့ ဆေးဥယျာဉ်ထဲက ဝိညာဉ်ဆေးပင်တွေကို သက်တမ်း အများကြီး ရှည်လာအောင် မထားတာလဲလို့ အကြောင်းရင်းက ဒီနေရာမှာ ရှိနေတာကိုး”

ကျင်းဟွမ်သည် အနည်းငယ် ပြုံးလိုက်ပြီး ချန်ရွှင်၏ ရှေ့မှ ခွက်ထဲသို့ ဝိညာဉ်လက်ဖက်ရည် ဖြည့်ပေးလိုက်သည်။ သူ့တွင် လုပ်စရာ ကိစ္စအချို့ ရှိသေးသည်။ ယနေ့ ချန်ရွှင်ကို အိမ်သို့ ဖိတ်ခေါ်ခြင်းကလည်း ကျေးဇူးတင်ကြောင်း ပြသရန် ဖြစ်သည်။

“စီနီယာအစ်ကိုကျင်း... ဒါဆို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး”

ချန်ရွှင်သည် မတ်တပ်ထရပ်ကာ လက်သီးကိုဆုပ်လိုက်သည်။ လက်ဖက်ရည် ပြည့်လျှင် ဧည့်သည် ပြန်ရသည် မဟုတ်ပါလား(ရိုးရာဓလေ့တစ်ခုဖြစ်ပါသည်)။

“ကောင်းပြီ... ဒါဆို ညီလေးကို ဆွဲမထားတော့ဘူး နားမလည်တာ ရှိရင်လည်း အိမ်ကို လာမေးလို့ ရပါတယ်”

ကျင်းဟွမ်သည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ ဤ ညီလေးချန်ရွှင်သည် အနေအထိုင် တတ်ပြီး အလိုက်ကမ်းဆိုး သိသည်။ ဆေးဖော်ခြင်း ပညာရပ်နှင့် ပတ်သက်၍ ဘယ်တော့မှ အလွန်အကျွံ မမေးမြန်းပေ။ မေးသမျှကလည်း အသေးအဖွဲ ကိစ္စများသာ ဖြစ်သည်။

ချန်ရွှင်သည် အနည်းငယ် ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။ ဂူအပြင်ဘက်ရှိ နွားနက်ကြီးကို လှမ်းကြည့်လိုက်ရာ သစ်တုံးပုံကြီး တစ်ပုံ၏ ရှေ့တွင် ဝိုင်းပတ်ကြည့်ရှုနေပြီး စဉ်းစားခန်း ဝင်နေသည်ကို တွေ့လိုက်ရသည်။

သူ ခြေလှမ်း တုံ့သွားပြီး နောက်လှည့်ကာ မေးလိုက်သည်။

“စီနီယာအစ်ကိုကျင်း”

“ညီလေး... ဘာကိစ္စလဲ”

“ဒီ အပြင်ဘက်က သစ်သားတွေက ဘာသစ်သားတွေလဲဗျ စီနီယာအစ်ကို အတော်များများရဲ့ ဂူရှေ့မှာ တွေ့ဖူးလို့ပါ”

“ဟဲဟဲ... အဲဒါက ကြိုးကြာဖြူ အသားတွေလေ ဆေးသေတ္တာ လုပ်ဖို့ ဒါမှမဟုတ် ဆေးတွေ သိမ်းဆည်းဖို့ သုံးကြတာ ကျောက်စိမ်းဝါးတောင်တန်း နေရာအနှံ့မှာ ပေါပေါများများ ရှိပါတယ်”

“ဗျာ......”

ချန်ရွှင် မျက်လုံးများ ရုတ်တရက်ပြူးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ သူသည် ဤမျှ နှစ်ပေါင်းများစွာ ဂျင်းမိနေခဲ့ပါလား။

ချန်ရွှင် ရုတ်တရက် တခွီးခွီးတက်ကာ အမြှုပ်များထွက်လာပြီး မြေပြင်ပေါ်ဗိုင်းခနဲ ပစ်လဲကျသွားသည်။

“ညီလေးချန်”

“မွန်း”

...

လမ်းပေါ်တွင်...

နွားနက်ကြီးသည် ချန်ရွှင်ကို ကျောပေါ်တင်လျက် လျှောက်လှမ်းနေသည်။ ချန်ရွှင်သည် ကောင်းကင်ကြီးကို မျှော်လင့်ချက်မဲ့သော မျက်လုံးများဖြင့် ငေးမောနေသည်။ သူ့တစ်ကိုယ်လုံး ပုရွက်ဆိတ် ကိုက်သကဲ့သို့ ယားယံနေပြီး ရင်ထဲတွင် ဒေါသများ တဖြည်းဖြည်း စုပုံလာသည်။ ခါးကြားမှ တောင်ဖြိုပုဆိန်သည် အေးစက်သော အလင်းရောင်များ တောက်ပလာသည်။

နွားနက်ကြီးကလည်း နောက်သို့ မကြာခဏ လှည့်ကြည့်နေသည်။ ဤတစ်ကြိမ်တွင်တော့ သူတို့ အရှုံးကြီးရှုံးခဲ့ရပြီ။ ဟိုတုန်းက သူတို့ မည်မျှ ဆင်းရဲခဲ့ရသနည်း။ ဝိညာဉ်ဆေးပင် တစ်ပင် ရောင်းပြီးတိုင်း ဆေးသေတ္တာကို ပြန်တောင်းခဲ့ရသည်။ သို့သော် ထိုသစ်ပင်သည် ဝိညာဉ်စွမ်းအင် စုဝေးရာ နေရာတိုင်းတွင် တွေ့မြင်နိုင်ပြီး ပေါများလှသည်ဟု ပြောဆိုလိုက်ရာ သူတို့နှစ်ဦး ရင်ထဲတွင် ခံစားရသော ခံစားချက်သည် ပြောမပြတတ်အောင် ကြီးမားလွန်းလှသည်။ သူတို့သည် ဆင်းရဲဒုက္ခ ခံခဲ့ရသူများ မဟုတ်ပါလား။

“နွားကြီး” ချန်ရွှင်သည် နွားကျောပေါ်မှ ရုတ်တရက် အော်ဟစ်လိုက်သည်။

“သစ်ပင် သွားခုတ်မယ်... တောက်... နောက်ဆိုရင် ငါတို့ရဲ့ ပန်းကန်လုံးတွေ ဇွန်းတွေ ဝက်ခြံတွေ ကြက်ခြံတွေ ပြီးတော့ အရာအားလုံး အကုန်လုံးကို ဒီ ကြိုးကြာဖြူသစ်ပင် နဲ့ လုပ်ပစ်မယ် မဟုတ်ရင် ငါ ဒီစိတ်နဲ့ သေလိမ့်မယ်….ဆက်ပြီး ကျင့်ကြံလို့ရမှာမဟုတ်တော့ဘူး… ဒီလို ဆက်နေလို့ မဖြစ်တော့ဘူး”

“မွန်း မွန်း”

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဒေါသတကြီးဖြင့် တောင်တန်းများထဲသို့ တိုးဝင်သွားကြသည်။ ကြိုးကြာဖြူသစ်ပင် တွေ့သည်နှင့် တောင်ဖြိုပုဆိန်ဖြင့် ခုတ်ပိုင်းပစ်လိုက်သည်။ နွားနက်ကြီးကလည်း ပြင်းထန်စွာ ဝင်ဆောင့်လိုက်ရာ တောင်တန်းများထဲတွင် ဝုန်းခနဲ လဲကျသံများ ဆက်တိုက် ထွက်ပေါ်နေသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဧရာမ သစ်တုံးပုံကြီးများကို ထမ်းလျက် ရေပူစမ်းဆေးဥယျဉ်ဘက်သို့ ဦးတည်လာကြသည်။ လမ်းသွားလမ်းလာ တပည့်များသည် သူတို့ကို ကြည့်ပြီး မျက်လုံးများတွင် အံ့သြရိပ်များ ဖြတ်သန်းသွားကြသည်။ ဤ ဂိုဏ်းတူဦးလေးသည် သစ်သားဓာတ် ဂါထာမန္တန် တစ်ခုခုကို ကျင့်ကြံတော့မည် ဖြစ်လောက်သည်။

ဆေးဥယျာဉ် အပြင်ဘက်တွင် စောင့်ကြပ်နေသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် လန့်ဖျပ်သွားကြသည်။ ဒါ ဘာပုံစံကြီးလဲ။

လူတစ်ယောက်သည် ပခုံးပေါ်တွင် ဧရာမ သစ်တုံးကြီး (၁၀) တုံးကျော်ခန့်ကို ထမ်းထားပြီး နွားနက်ကြီး၏ ကျောပေါ်တွင်လည်း (၆) တုံး (၇) တုံးခန့် ပါရှိသည်။ အကယ်၍ အဝေးက လှမ်းကြည့်ပါက သစ်တုံးကြီး နှစ်ပုံ လမ်းလျှောက်လာသည်ဟု ထင်မှတ်မှားစရာပင်။

“ညီလေး... ဒါ ဘာလုပ်မလို့လဲ” တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။

“စီနီယာအစ်ကို... ကျွန်တော်တို့ ဘာမှ မဖြစ်ပါဘူး သစ်ခုတ်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်ကို ကြည်လင်စေလို့ပါ”

ချန်ရွှင်၏ နဖူးပေါ်တွင် အကြောများ ထောင်ထလာပြီး ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“နွားကြီး... သွားစို့”

“မွန်း” နွားနက်ကြီးကလည်း လိုက်အော်လိုက်သည်။

စောင့်ကြပ်နေသူ နှစ်ဦးသည် ချန်ရွှင်၏ ပုံစံကို ကြည့်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်ကြသည်။ ရေဝိညာဉ်ပညာ ကို ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်သူများသည် တကယ်ပင် ထူးဆန်းသော စရိုက်ရှိကြသည်ကိုး။

နောက်ပိုင်း နေ့ရက်များတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ အပန်းဖြေစရာ အားကစား တစ်ခု တိုးလာခဲ့သည်။ ထိုအရာမှာ တောင်ပေါ်တက် သစ်ခုတ်ခြင်းပင် ဖြစ်သည်။ သူတို့၏ ဆေးဥယျာဉ်ထဲတွင် ကြိုးကြာဖြူသစ်တုံးများ ပြည့်နှက်နေပြီး တဖြည်းဖြည်း မြင့်မားလာသည်။ ရင်ထဲမှ ဒေါသများလည်း တဖြည်းဖြည်း လျော့နည်းလာသည်။ သူတို့သည် ကိရိယာ တန်ဆာပလာ မျိုးစုံကို စတင် ပြုလုပ်ကြရာ ဒုန်းဒုန်းဒိုင်းဒိုင်း အသံများမှာ ရေပူစမ်း ဆေးဥယျာဉ် တစ်ခုလုံး ပဲ့တင်ထပ်နေလေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အစီအရင်ထဲမှ ထောက်လှမ်းနေသော စွမ်းအားကို နောက်ထပ် မခံစားရတော့ပေ။ သို့သော် သူတို့သည် မပေါ့ဆရဲဘဲ မိမိတို့၏ မူလ အလုပ်တာဝန်များကိုသာ တိတ်ဆိတ်စွာ ဆက်လက် လုပ်ဆောင်နေကြလေသည်။

All Chapters