← Chapters

အခန်း (၇၃-၇၄)

Vol. 4 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 4 Ch. 73-74

အခန်း (၇၃)

ယနေ့ကား လေပြေကလေးသည် ညင်ညင်သာသာ တိုက်ခတ်နေပြီး နေသာသော နေ့တစ်နေ့ ဖြစ်သည်။ ဝူယွင်ဂိုဏ်း၏ ပြင်ပ ကောင်းကင်တွင် စူးရှသော လင်းယုန်ငှက် အော်သံများ ပဲ့တင်ထပ်နေပြီး လင်ယုန်စိမ်း ငါးကောင်သည် ကောင်းကင်ကို ဖြတ်သန်း ပျံသန်းလာကြသည်။ လွန်ခဲ့သော ခြောက်လခန့်က နန်ဒုတောင် သို့ သွားရောက်ခဲ့သော တပည့်များ နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်သည်။ အတွင်းစည်း တပည့်များ၏ ရင်ထဲတွင် မျှော်လင့်ချက်များ ရှိနေပြီး ဂိုဏ်းအကြီးအကဲများ၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ ရှိနေသည်။

လင်ယုန်စိမ်းများသည် ဂိုဏ်းချုပ် ခန်းမဆောင်၏ ရှေ့တွင် ဆင်းသက်လိုက်ကြသည်။ ယခုနှစ်တွင် လူတစ်ရာခန့်သာ အသက်ရှင် ကျန်ရစ်ခဲ့ရာ အလွန်အမင်း ဆုံးရှုံးမှု ကြီးမားသည်ဟု ဆိုရမည်။ သို့သော် ဝိညာဉ်ဆေးပင် ရရှိမှုမှာမူ အလွန် များပြားလှသည်။

ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် အားပေးစကား ပြောကြားကြသည်။ ကျန်ရစ်ခဲ့သော တပည့်များကလည်း တိတ်ဆိတ်စွာဖြင့် လျှောက်လှမ်းလာကြသည်။ လူအများစု၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေပြီး မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ရံဖန်ရံခါ လက်ခနဲ ဖြစ်ပေါ်နေသည်။

သူတို့သည် အကြီးအကဲများ၏ နောက်သို့လိုက်ပါကာ တောင်အောက်သို့ ဆင်းလာကြပြီး စကားတစ်ခွန်းမျှ မပြောကြပေ။ ယခုနှစ် တိုက်ပွဲမှာ အလွန် ပြင်းထန်လွန်းလှသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ တပည့်အချို့သည် အဝါရောင်အဆင့် အထက်တန်းစား လက်နက်များကိုပင် ထုတ်သုံးခဲ့ကြရာ မည်သူမျှ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

ဂိုဏ်းချုပ် တောင်ထိပ်၏ အောက်ခြေတွင် လူတစ်ယောက်သည် နွားနက်ကြီးတစ်ကောင်ကို ဆွဲလျက် တောင်ပေါ်လမ်းကို အဝေးမှ လှမ်းမျှော်ကြည့်နေသည်။ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ ရှိသည်။

တပည့် တစ်ယောက်ပြီး တစ်ယောက် တောင်အောက်သို့ ရောက်လာပြီးနောက် ဓားပျံစီးကာ ပျံသန်းသွားကြသည်။ အရပ်မျက်နှာ အသီးသီးသို့ ထွက်ခွာသွားကြသော်လည်း သူတို့ စောင့်နေသူကိုမူ မတွေ့ရသေးပေ။ နွားနက်ကြီးသည် နှာမှုတ်သံ ပြင်းပြင်းများကို အဆက်မပြတ် ပြုလုပ်နေသည်။ တောင်အောက်သို့ ဆင်းလာသော တပည့်များ နည်းသထက် နည်းလာပြီ ဖြစ်သည်။ ဘာဖြစ်လို့ ထိုလူကို မတွေ့ရသေးတာလဲ။

ချန်ရွှင်သည် လက်သီးကို တင်းတင်း ဆုပ်ထားပြီး ထိုအရပ်မျက်နှာကို စူးစိုက်ကြည့်နေသည်။ သူ၏ မျက်လုံးထောင့်စွန်းမှ အကြည့်များသည် တပည့်များအပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားသော်လည်း သူတို့မျှော်နေသည့်သူကိုတော့ လုံး၀ မတွေ့ရပေ။

“မွန်း မွန်း”

နွားနက်ကြီးက ချန်ရွှင်ကို ကြည့်ကာ အလွန်အမင်း စိုးရိမ်တကြီး မေးလိုက်သည်။ တပည့်များ ကျဲပါးသွားပြီး လူကုန်လုနီးပါး ဖြစ်နေပြီ။

“နွားကြီး... ငါ ဂျိခွန် ကို အခြေခံတည်ဆောက်ခြင်းအဆင့် ဆေး တန်းပြီး ပေးဖို့ မရဲဘူး မဟုတ်ရင် သူ့အတွက်ရော ငါတို့အတွက်ပါ ကြီးမားတဲ့ ဘေးဒုက္ခ ကျရောက်လာလိမ့်မယ်”

ချန်ရွှင်၏ အသံတွင် တုန်ရီမှု အနည်းငယ် ပါဝင်နေသည်။ ဂျိခွန်စီနီယာအစ်ကိုကြီး တကယ်ပဲ ပြန်မလာတော့ဘူးလား...

“မွန်း...” နွားနက်ကြီးက ခပ်တိုးတိုး အော်လိုက်သည်။ အဝေးတွင် မည်သူမျှ ဆင်းမလာတော့ပေ။

“ဟဲဟဲ... နွားကြီး... သွားစို့ ငါတို့ တကယ် အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီပဲ”

ချန်ရွှင်သည် အားယူပြုံးလိုက်ပြီး နွားခေါင်းကို လက်တစ်ဖက်ဖြင့် ဖက်လိုက်လေသည်။

“ကံစီမံရာပဲပေါ့ ဘယ်တတ်နိုင်ပါ့မလဲ စီနီယာအစ်ကိုဂျိခွန်က အနည်းဆုံးတော့ ကြိုးစားခဲ့ပြီးပြီပဲ သူ နောင်တမရဘူး ဆိုရင် ငါတို့လည်း နောင်တမရဘူးပေါ့...”

“မွန်း...” နွားနက်ကြီးက ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။ သူ စိတ်ဓာတ်ကျနေသည်။

သစ်ရွက်ကြွေများ တဖြုတ်ဖြုတ် ကျဆင်းနေသည်။ သူတို့ လှည့်ထွက်သွားကြသည်။ ကျောပြင်များတွင် အဆုံးမဲ့သော အထီးကျန်ဆန်မှုများ ပါဝင်နေသည်။ နေမင်းကြီးသည် ဂိုဏ်းချုပ် တောင်ထိပ်၏ အထက်တွင် တစ်ချက်မျှ ဝဲပျံပြီးနောက် ဖြည်းညှင်းစွာ ဝင်ရောက်သွားသည်။ ကောင်းကင် အစွန်းရှိ တိမ်ဖြူအချို့ လွင့်ပြယ်သွားကာ အရောင်စုံ လှပသော ဆည်းဆာရောင်အဖြစ် ပြောင်းလဲသွားသည်။

တောင်အောက်ခြေတွင် နေဝင်ဆည်းဆာ၏ အလင်းရောင်သည် အလျင်အမြန် လျှောက်လှမ်းလာသော လူရိပ်တစ်ခုအပေါ် ကျရောက်သွားသည်။ သူသည် ပထမဆု ရရှိခဲ့သဖြင့် ဂိုဏ်းချုပ်က သီးသန့် ချီးကျူးစကား ပြောကြားရန် ခေါ်ထားသဖြင့် နောက်ကျသွားခြင်း ဖြစ်သည်။ ရုတ်တရက် ထိုလူရိပ်သည် ခြေလှမ်းတုံ့သွားပြီး တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံးရှိ အားအင်များကို စုစည်းကာ တစ်ဖက်သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဂိုဏ်းတူဦးလေးချန်... ဂျူနီယာညီလေးနွား”

ရင်းနှီးနေသော အသံတစ်ခု အဝေးမှ ထွက်ပေါ်လာရာ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဓာတ်လိုက်သကဲ့သို့ဖြစ်ကာ ခန္ဓာကိုယ်များ တုန်ခါသွားသည်။ ခြေလှမ်းများ တပြိုင်နက် ရပ်တန့်သွားပြီး အလွန်အံ့အားသင့်သွားကြ၏။

ချန်ရွှင်သည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ အဝေးတစ်နေရာ တောင်အောက်ခြေတွင် လူတစ်ယောက် မတ်တပ်ရပ်နေသည်။ ထိုသူမှာ ဂျိခွန် ပင် ဖြစ်လေသည်။ ဂျိခွန်၏ လည်ချောင်းထဲတွင် စကားလုံးပေါင်းများစွာ တစ်ဆို့နေသကဲ့သို့ ဖြစ်နေသည်။ သူ၏ မျက်ဝန်းများသည် နီရဲနေပြီး စိတ်ဓာတ်ခွန်အားများ ပြည့်ဝနေသည်။ ကိုယ်ပေါ်ရှိ ဒဏ်ရာများက သူ့အား ယောက်ျားပီသသော အရှိန်အဝါကို ပိုမို တိုးပွားစေသည်။

သူ၏ ယခင်က ပုံစံ ပြန်လည် ဖြစ်ပေါ်လာသကဲ့သို့ ရှိသည်။ ဆံပင်ဖြူများ ရှိနေသော်လည်း အိုမင်းသော ပုံစံ လုံးဝ မပေါက်ပေ။

ဂျိခွန်သည် နောက်ဆုံးတွင် စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ ချန်ရွှင်ကို ကြည့်ကာ ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည်။

“မွန်း မွန်း မွန်း”

နွားနက်ကြီးသည် စိတ်လှုပ်ရှားလွန်းသဖြင့် ခုန်ပေါက်နေပြီး ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။ လေအရှိန်ကြောင့် မြေကြီးပေါ်ရှိ သစ်ရွက်ကြွေများ လွင့်ပျံကုန်သည်။ ချန်ရွှင်၏ မျက်လုံးများ လေးနက်သွားပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဂျိခွန်ကို ကြည့်ကာ သူလည်း ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည်။

သူသည် နွားနက်ကြီးကို ဆွဲလျက် ထွက်ခွာသွားသည်။ သူတို့နှစ်ဦးသည် အစမှ အဆုံးထိ စကားတစ်ခွန်းမျှ မပြောခဲ့ကြပေ။

ဂျိခွန်သည် သူတို့၏ ကျောပြင်ကို ကြည့်ကာ လေးနက်စွာ လက်သီးဆုပ်ဦးညွှတ်လိုက်သည်။ အကြည့်ကို ဖြည်းညှင်းစွာ ရွှေ့ကာ မိမိ၏ သိုလှောင်အိတ်ကို ကြည့်လိုက်သည်။ ဤ အဝါရောင်အဆင့် အထက်တန်းစား လက်နက်ကို လဲလှယ်ရန်အတွက် အနည်းဆုံး ဂိုဏ်းအမှတ် သုံးထောင် လိုအပ်သည်။ ထို့အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ လဲလှယ်ခွင့် ရှိသည်။ သူ ခရီးမထွက်ခွာမီ လွန်ခဲ့သော လအနည်းငယ်က စုံစမ်းခဲ့ပြီး ဖြစ်သည်။ ချန်ရွှင်က သူ့ကို လိမ်ညာခဲ့သည်။ ကျေးဇူးတရားက ကြီးမားလွန်းသဖြင့် ကျေးဇူးတင်စကား ပြောနေစရာ မလိုတော့ပေ။ တစ်သက်လုံး မှတ်သားထားရန် လုံလောက်နေပြီ ဖြစ်သည်။

ဂျိခွန်သည် လက်ကို နောက်ပစ်လျက် မတ်တပ်ရပ်ကာ ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသည်။ ကျင့်ကြံခြင်း လမ်းစဉ်သည် လှည့်စားခြင်း အကောက်ကြံခြင်းတို့ဖြင့် ပြည့်နှက်နေသော်လည်း ဤကဲ့သို့သော မိတ်ဆွေမျိုးကို တွေ့ရသည်မှာ အလွန်ကောင်းလှပါတကား။

...

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရေပူစမ်းဆေးဥယျဉ်သို့ ပြန်ရောက်သောအခါ စိတ်အားတက်ကြွနေကြသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နားလည်မှုရှိသော အပြုံးတစ်ခု ပြုံးလိုက်ကြသည်။ ထို့နောက် ယခုနှစ်အတွက် ရရှိသော သက်တမ်းအမှတ် များကို 'ချီစွမ်းအား' တွင် ပေါင်းထည့်လိုက်သည်။

“နွားကြီး... ငါ စီနီယာအစ်ကိုဂျိခွန်အတွက် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေး ဖော်ပေးမလို့ ဒါပေမဲ့ ငါတို့ အသုံးပြုခဲ့တဲ့ ဟာမျိုးတော့ မဟုတ်ဘူး မဟုတ်ရင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ ကျရှုံးသွားလိမ့်မယ်”

ချန်ရွှင်သည် လေးနက်စွာ ပြောလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“ဂိုဏ်းက ပေးမယ့် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးက ပြဿနာ နည်းနည်း ရှိလောက်တယ် အဲဒီအချိန်ကျရင် ငါ ကိုယ်တိုင် ဆေးသွားပို့ပေးမယ်လို့ ပြောပြီး လဲလှယ်လိုက်ရင် ရပြီ”

“မွန်း မွန်း” နွားနက်ကြီးက စိုးရိမ်တကြီး မေးလိုက်သည်။ သူက ဆေးဖော်ခြင်း ပညာကို နားမလည်ပေ။

“အဆင့်နိမ့်ပစ္စည်း ဖြစ်လောက်တယ်... ဘယ်လိုပဲဖြစ်ဖြစ် အထက်တန်းစား ဆေးတော့ မဟုတ်တာ သေချာတယ်”

ချန်ရွှင်က လေးနက်သော အသံဖြင့် ပြောလိုက်ပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။

“ဒါပေမဲ့ ဒါက ငါ့ရဲ့ ကိုယ်ပိုင် ထင်မြင်ချက်ပဲ အဆင့်နိမ့် ဟုတ်ဟုတ် မဟုတ်ဟုတ် ငါကတော့ လဲပေးရမှာပဲ စီနီယာအစ်ကိုဂျိခွန်မှာ ဒီနောက်ဆုံး အခွင့်အရေး တစ်ကြိမ်ပဲ ရှိတော့တာ”

သူသည် ဆေးဋ္ဌာနသို့ အလကား သွားနေခြင်း မဟုတ်ပေ။ ဆေးပညာကို သူ အများကြီး သင်ယူခဲ့ရသည်။ ဥပမာအားဖြင့် ဆေးများတွင်လည်း အဆင့် (၄) ဆင့် ရှိသည်။ အနိမ့်စား ၊ အလယ်အလတ် ၊ အထက်တန်း နှင့် အကောင်းဆုံးအဆင့် တို့ ဖြစ်ကြသည်။

ဆေးကြိုး နှင့် ပတ်သက်သော သတင်းများကိုမူ သူ တစ်ခါမှ မကြားဖူးသေးသလို ထိတွေ့ခွင့်လည်း မရှိသေးပေ။ ဆေးစစ်ဆေးခြင်းနှင့် ပတ်သက်၍လည်း သူသည် ဖြည်းဖြည်းချင်း စမ်းသပ်လေ့လာနေသည်။ ယခုအခါ ချီသန့်စင်ခြင်းအဆင့်တွင် သုံးသော ဆေးများကို အကြမ်းဖျင်း ခန့်မှန်းနိုင်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးကိုမူ မကြည့်တတ်သေးပေ။

“မွန်း” နွားနက်ကြီးက ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ ကိစ္စတိုင်းကို သတိထားပြီး လုပ်ဆောင်ခြင်းက အမှားမရှိနိုင်ပေ။

“ဒီ မဟာအစီအရင်ရဲ့ ထောက်လှမ်းမှု ပုံစံကို ငါတို့ နားလည်သွားပြီ နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်နှစ်ခုကို ရှောင်လိုက်ရင် ငါတို့ ဘာလုပ်နေလဲဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး”

ချန်ရွှင်သည် မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ပြီး ကောင်းကင် အောက်တွင် ရံဖန်ရံခါ ဖြတ်သန်းသွားသော အလင်းတန်းများကို ကြည့်လိုက်သည်။ အကယ်၍ မူလစွမ်းအင် ၏ သတိပေးခြင်းနှင့် ဖုံးကွယ်ပေးခြင်းသာ မရှိခဲ့လျှင် သူတို့ အစောကြီးကတည်းက အစီအရင်၏အာရုံခံခြင်းကိုခံနေရလောက်ပြီ ဖြစ်ပြီး ထိုအကြောင်းကိုလည်း နကန်းတစ်လုံးမှပင် သိဦးမည်မဟုတ်ပေ။

“မွန်း” နွားနက်ကြီးကလည်း ကောင်းကင်ကို လေးနက်စွာ မော့ကြည့်လိုက်သည်။ ဤနေရာတွင် တိတ်တဆိတ်ထောက်လှမ်းနေသောအရာများစွာရှိသည်။ စိတ်ကူးထဲကကဲ့သို့ မဟုတ်ပေ။

“နွားကြီး... အလုပ်စမယ်” ချန်ရွှင် ပြုံးလိုက်သည်။ ယခုအခါ မူလစွမ်းအင် အကူအညီဖြင့် သူတို့သည် တစ်လလျှင် နှစ် (၁၂၀) သက်တမ်းရှိ ဆေးပင်တစ်ပင်ကို ပျိုးထောင်နိုင်နေပြီ ဖြစ်သည်။

“မွန်း” နွားနက်ကြီးသည် အလျင်အမြန် ပြေးသွားပြီး တောင်ကုန်းအောက်ခြေတွင် သူတို့ တူးဖော်ထားသော ဂူထဲသို့ ဝင်သွားလေသည်။ သူ၏ ဗိုက်ထဲရှိ သိုလှောင်အိတ်ထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် လိုအပ်သော ဝိညာဉ်ဆေးပင်များစွာ ပါရှိသည်။

သူတို့သည် ရဲရဲတင်းတင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ဖူးသည်။ ဆေးဥယျာဉ်ထဲမှ ဝိညာဉ်ဆေးပင် တစ်ပင်ကို အမြစ်ပါမကျန် နုတ်ယူလိုက်သော်လည်း မဟာအစီအရင်က တုန့်ပြန်မှု မရှိပေ။ ပေါက်ရောက်ရာ နေရာ ပြောင်းရွှေ့ခြင်းသည် ပုံမှန် ကိစ္စတစ်ခုသာ ဖြစ်သည်။ အပြင်သို့ ယူမသွားသရွေ့ သို့မဟုတ် မဖျက်ဆီးသရွေ့ အားလုံး အဆင်ပြေသည်။ သို့သော် ဝိညာဉ်ဆေးပင်၏ သက်တမ်း မှားယွင်းနေပါက ဆေးဋ္ဌာနမှ ဆေးခူးသူများ၏ တာဝန်သာ ဖြစ်သွားသည်။ မဟာအစီအရင်တွင် ထိုကဲ့သို့သော ထောက်လှမ်းနိုင်သည့် စွမ်းရည် မရှိပေ။

သူတို့သည် သာမန် ဝိညာဉ်ဆေးပင် အချို့ကိုလည်း စမ်းသပ် စိုက်ပျိုးကြည့်ဖူးရာ မဟာအစီအရင်က တုန့်ပြန်မှု မရှိသည်ကိုတွေ့ရသည်။ စာရင်းသွင်းထားသော ဆေးပင်များကိုသာ တုန့်ပြန်ပုံ ရသည်။ သူတို့တွင် လျှို့ဝှက်ချက်များ များပြားလွန်းသဖြင့် အလွန်အမင်း သတိထားရမည် ဖြစ်သည်။

ဂူအတွင်း၌...

ချန်ရွှင်သည် ဆေးမီးဖိုကို ဖွင့်ကာ ဆေးစတင်ဖော်စပ်လိုက်သည်။ ဆေးမီးတောက်ကို ပုံမှန်အတိုင်း ထိန်းချုပ်ထားသည်။ ယခုတစ်ကြိမ်တွင် သူသည် ဆေးပင်အားလုံးကို တစ်ပြိုင်နက်တည်း ပေါင်းစပ်ခြင်း မပြုဘဲ ဆေးရည်များကို ခွဲခြားထားလိုက်သည်။ နွားနက်ကြီးသည် ဘေးနားတွင် ဆေးပင်များကို ဆက်လက် ပျိုးထောင်နေသည်။ အားလပ်ချိန်တွင် စာအုပ်ဖတ်ပြီး ချန်ရွှင်ကို ရှောင်တိမ်းရမည့် အချိန်များကို သတိပေးနေသည်။ အချိန်များသည် ချန်ရွှင်၏ ဆေးဖော်ခြင်းနှင့်အတူ ကုန်ဆုံးသွားသည်။

သူသည် နေ့စဉ် အဆက်မပြတ် စမ်းသပ်နေသည်။ ဆေးရည်၏ အာနိသင်အပေါ် မူတည်ပြီး ဆေး၏ အရည်အသွေးများလည်း ကွဲပြားခြားနားသွားသည်။ သို့သော် သူတို့ ရရှိခဲ့သကဲ့သို့သော ဆေးကြိုး ပါသည့် ဆေးမျိုး နောက်ထပ် မထွက်ပေါ်လာတော့ပေ။

ယခုအခါ နတ်အသိ ရှိနေပြီဖြစ်သဖြင့် ဆေးအောင်မြင်မှု နှုန်းထားသည် အဆမတန် မြင့်တက်လာသည်။ ဆေးမီးဖိုအတွင်းရှိ ဝိညာဉ်ဆေးပင်များကို တိကျစွာ ထိန်းချုပ်နိုင်သည်။ အမှန်တကယ်တွင် သူ၏ ဆေးဖော်နည်း အဓိကလျို့ဝှက်ချက်များနှင့် ဆေးမီးတောက်၏ ပံ့ပိုးမှုတို့ ပေါင်းစပ်လိုက်သောအခါ အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အခန်း (၇၄)

ခြောက်လကျော် ကြာမြင့်ပြီးနောက် ဆေးဋ္ဌာနအတွင်းမှ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးများ ထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံးသည် ကြယ်ကိုးလုံးတောင်ကြားမှ အတူတူလာခဲ့ကြသူများ ဖြစ်သဖြင့် ဂျိခွန်အား ကိုယ်တိုင်သွားရောက်ပေးလိုသည်ဟု အကြောင်းပြကာ ချန်ရွှင်သည် မိမိဆန္ဒအလျောက် ဂျိခွန်ထံ ဆေးသွားပို့ရန် တောင်းဆိုလိုက်သည်။

အကြီးအကဲများကလည်း သဘောတူညီကြသည်။ ဤကဲ့သို့ စောင့်ရှောက်ခြင်းမျိုးသည် ပြုလုပ်သင့်ပေသည်။ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးအား အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး သွားရောက်ပို့ဆောင်ပေးခြင်းမှာ အကျိုးအမြတ် မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် လူအများစုသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရာတွင် ကျရှုံးတတ်ကြပြီး ထိုကိစ္စကြောင့် ဂိုဏ်းအတွင်း၌ အငြိုးအတေးများပင် ဖြစ်ပေါ်ခဲ့ဖူးသည်။

သူတို့သည် ချန်ရွှင်အား ကျောက်စိမ်းပုလင်းတစ်လုံး ပေးအပ်လိုက်၏။ အတွင်း၌ မည်းနက်ပြောင်လက်နေသော အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံး ပါရှိသည်။ ဝူယွင်ဂိုဏ်းသည် စည်းကမ်းတင်းကျပ်ပြီး အဂတိလိုက်စားမှုကို ပြင်းထန်စွာ စစ်ဆေးတတ်သည်။ အကယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးသည် တပည့်လက်ထဲသို့ မရောက်ရှိကြောင်း တွေ့ရှိပါက သက်ညှာလျှင် တရားစီရင်ရေး ခန်းမဆောင်၌ အပြစ်ပေးခံရမည် ဖြစ်ပြီး ပြင်းထန်လျှင် ကျင့်ကြံမှုကို ဖျက်ဆီးကာ ဂိုဏ်းမှ ထုတ်ပယ်ခံရမည် ဖြစ်သည်။

ဤကဲ့သို့သော အလေ့ာထဆိုးများ ပေါ်ပေါက်လာပါက မည်သူကမျှ ဂိုဏ်းအတွက် အသက်ပေး တာဝန်ထမ်းလိုတော့မည် မဟုတ်ဘဲ မျိုးဆက်ပြတ်သွားမည့် အခြေအနေမျိုး ဆိုက်ရောက်သွားနိုင်သည်။ လူတိုင်းသည် ပါရမီတစ်ခုတည်းကို အားကိုးလျက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ကြသည် မဟုတ်ပေ။

ချန်ရွှင်သည် နွားနက်ကြီးနှင့်အတူ ဓားပျံစီးကာ ထွက်ခွာလာခဲ့သည်။ ပုလင်းထဲရှိ ဆေးလုံးကို သူ လဲလှယ်လိုက်ပြီ ဖြစ်သည်။ ၎င်းသည် အဖြူရောင် တောက်ပနေပြီး ဆေးကြိုးများ မပါရှိဘဲ ဆေးရည်တစ်မျိုးဖြင့် သူက အမည်းရောင် သုတ်လိမ်းထားသည့်ဆေး ဖြစ်သည်။

ဟောင်းနွမ်းနေသော အိမ်အိုလေး၌ ဂျိခွန်သည် စူးရှသော မျက်လုံးများဖြင့် နေ့စဉ်ရက်ဆက် ချန်ရွှင် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

ရွှီး...

ဓားပျံအလင်းတန်း တစ်ခုသည် အဝေးမှ ကောင်းကင်ကို ဖြတ်သန်းရောက်ရှိလာရာ ဂျိခွန် ပြုံးလိုက်သည်။ ထို မည်းမည်းလုံးလုံး အရာကြီးမှာ ချန်ရွှင်၏ နောက်တော်ပါး၏ အမြဲပါလေ့ရှိသော ဂျူနီယာညီလေး နွား သေချာပေါက် ဖြစ်ပေလိမ့်မည်။

"ဂျိခွန်"

ချန်ရွှင်သည် အိမ်ရှေ့ရှိ ပုံရိပ်ကို မြင်လိုက်ရသောအခါ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဂိုဏ်းတူဦးလေး ချန်"

ဂျိခွန်သည် ခါးကို ကိုင်းညွတ်လျက် လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ ဂိုဏ်းတူဦးလေး ချန် ဟူသော ခေါ်ဝေါ်မှုတွင် သူ၏ ခံစားချက်များစွာ ပါဝင်နေသည်။ လောကဓံကို ကြံ့ကြံ့ခံနိုင်မှုများ၊ စိတ်သက်သာရာရမှုများ၊ မျှော်လင့်ချက်များနှင့် နက်ရှိုင်းသော ကျေးဇူးတရားများ ပါဝင်နေသည်။

"ငါတို့ မင်းဆီကို အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး လာပို့တာ"

"မွန်း မွန်း"

သူတို့သည် ဓားပျံပေါ်မှ ဆင်းသက်လိုက်ကြသည်။ မျက်ဝန်းထဲတွင် ဝမ်းသာမှုများ ပြည့်နှက်နေပြီး ကျောက်စိမ်းပုလင်းကို ထုတ်ကာ ဂျိခွန်အား ပေးရန် ပြင်လိုက်သည်။

သို့သော် ဂျိခွန်မှာမူ ခါးကိုင်းထားရာမှ ပြန်မတ်မလာပေ။ ယခုအချိန်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးသည် သူ့အတွက် သိပ်အရေးမကြီးတော့ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်ရှိလျှင်ပင် ချန်ရွှင်ကဲ့သို့ မိတ်ဆွေမျိုး ပိုင်ဆိုင်ထားရသဖြင့် ဤဘဝအတွက် နောင်တရစရာ မရှိပါ။

"မြန်မြန် ယူလိုက်စမ်းပါ"

ချန်ရွှင်သည် ဝိညာဉ်စွမ်းအားဖြင့် သူ့ကို ပင့်မလိုက်သည်။ သို့သော် ရုတ်တရက် သူနှင့် နွားနက်ကြီးတို့ ထိတ်လန့်သွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။

ဂျိခွန်သည် ရှိုက်ကြီးတငင် ငိုကြွေးနေပြီး မျက်ရည်များ၊ နှပ်များ စီးကျနေသော်လည်း အသံတစ်ချက်မျှ မထွက်ပေ။ နှပ်ချေးများသည် ပူပေါင်းများကဲ့သို့ ထွက်ပေါ်လာပြီး သူ ဝင်သက်ရှိုက်လိုက်သည့်အခါ ဖောက်ခနဲ ပေါက်ကွဲသွားသည်။ ထိုမြင်ကွင်းကိုကြည့်ကာ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရယ်မောချင်စိတ်ကို ထိန်းချုပ်နေရသည်။ သို့သော် ဂျိခွန်အပေါ် ထားရှိသော လေးစားမှုနှင့် ဆင်ခြင်တုံတရားကြောင့် အသံထွက်အောင် မရယ်မောမိကြပေ။

"မြန်မြန် ယူထားလိုက်စမ်းပါ မင်း ငါ့ကို ဂိုဏ်းအကျိုးပြုအမှတ် နှစ်ထောင် ပေးဖို့ ကျန်သေးတယ်ဆိုတာ မမေ့နဲ့နော်"

ချန်ရွှင်က ရယ်မောလျက် ပြောလိုက်ပြီး သိုလှောင်အိတ်ထဲမှ ပိုးအိတ်ကလေး တစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

"အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်မှ ဒါကို ဖွင့်ကြည့် ကြည့်ပြီးရင် ဖျက်ဆီးပစ်လိုက်"

"ဟုတ်ကဲ့ပါ ဂိုဏ်းတူဦးလေး ချန်"

ဂျိခွန်သည် ဘာမှ မမေးမြန်းဘဲ ဂရုတစိုက် လှမ်းယူလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ ဝိညာဉ်လက်နက် တစ်ခုကို ထုတ်ယူလိုက်သည်။

"ဂိုဏ်းတူဦးလေး ချန် ဒါ ဦးလေးရဲ့ ပစ္စည်းပါ ဒါပေမဲ့ ဟို ဂိုဏ်းအကျိုးပြုအမှတ် ထောင်ဂဏန်းကိုတော့ ကျွန်တော် လုံးဝ ပြန်ဆပ်ပါ့မယ်"

" ငါတို့က ရေပူစမ်းဆေးဥယျာဉ်ထဲမှာ ဝိညာဉ်လက်နက်ကို ဘာလုပ်ရမှာလဲ အချိန်တန်မှ အမှတ်တွေ ပြန်ပေးရင် ရပြီ"

"မွန်း မွန်း"

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ခေါင်းခါလျက် လုံးဝ ဂရုမစိုက်ကြောင်း ပြသလိုက်သည်။

ဂျိခွန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီနေ့တော့ ဒီလက်နက်ကို ချန်ရွှင်လက်ထဲ မဖြစ်မနေ ထည့်ပေးလိုက်မှ ဖြစ်မည်။ သို့သော် မထင်မှတ်ဘဲ ချန်ရွှင်က စူးရှစွာ အော်ဟစ်လိုက်သည်။

"နွားကြီး ဓားထုတ် ပြေးဟေ့"

"မွန်း..."

ရွှီး... ရွှီး...

ဖုန်မှုန့်များ တထောင်းထောင်းထသွားပြီး ဂျိခွန်တစ်ယောက် ဖုန်လုံးကြီးများကြား ကျန်ရစ်ခဲ့သည်။ သူသည် နေရာမှာပင် ကြောင်အမ်းအမ်း ရပ်နေမိပြီး ကောင်းကင်အဆုံးသို့ ပျောက်ကွယ်သွားသော ချန်ရွှင်နှင့် နွားနက်ကြီးကို ကြည့်ကာ ဆွံ့အသွားမိသည်။

"ဂိုဏ်းတူဦးလေး ချန် ဂျူနီယာညီလေး နွား မင်းတို့က ဘယ်လိုလူတွေများလဲ..."

ဂျိခွန်သည် ကောင်းကင်ကို မော့ကြည့်ရင်း ဖျော့တော့စွာ ပြုံးလိုက်သည်။ ရင်ထဲတွင် နွေးထွေးမှုများ စီးဆင်းသွားသည်။

......

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ရေပူစမ်းဆေးဥယျဉ်သို့ ပြန်မသွားဘဲ ဆေးဋ္ဌာနသို့ သွားရောက်ကြသည်။ စီနီယာအစ်မ ကျိုး သည် ယနေ့တွင် ဤနေရာ၌ ရှိနေသည်ဟု ကြားသိရသည်။ သူမသည် ဆေးပညာတွင် ကျွမ်းကျင်သူဖြစ်ပြီး အတွင်းစည်း တပည့်များ၏ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး အများအပြားသည် သူမ၏ လက်ရာများ ဖြစ်ကြသည်။

"နွားကြီး ခံစားချက်လေး နည်းနည်း ထပ်ထည့် ဟုတ်ပြီ နည်းနည်း ပိုပြီး ဝမ်းနည်းပက်လက် ဖြစ်အောင် လုပ်စမ်း"

ချန်ရွှင်သည် နွားခေါင်းကို ကိုင်လျက် အနေအထား ပြင်ပေးနေသည်။ နွားနက်ကြီးသည် ခေါင်းကို ငိုက်စိုက်ချထားပြီး မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေကာ တိုးညှင်းစွာ အော်မြည်နေသည်။

"ရှယ်ပဲကွာ အဲဒီအတိုင်းပဲနေနော်"

ချန်ရွှင် ချောင်းတစ်ချက် ဟန့်လိုက်သည်။ ပြောပြီးသည်နှင့် ချက်ချင်း မျက်နှာပြောင်းသွားပြီး အိမ်၌ နွားသေသွားသကဲ့သို့ နွားနက်ကြီးကို ဆွဲလျက် ခန်းမဆောင်ကြီး အတွင်းသို့ ငိုမဲ့မဲ့ဖြင့် ဝင်ရောက်သွားသည်။ ဆွေးမြေ့ဖွယ်ရာ ဝမ်းနည်းပူဆွေးမှုများသည် သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ လမ်းသွားလမ်းလာ တပည့်များ အံ့သြသွားကြသည်။ ဂိုဏ်းတူဦးလေးနှင့် သူ့ဝိညာဉ်သားရဲ ဘာဖြစ်ကြတာလဲ။

ကျိုးယီယင် သည် ချန်ရွှင် လာရောက်တွေ့ဆုံကြောင်း ကြားသိရပြီးနောက် သူတို့၏ ပုံစံကို မြင်လိုက်ရသောအခါ အံ့သြသွားသည်။ ရေပူစမ်းဆေးဥယျဉ် ပျက်စီးသွားပြီလား။

သို့သော် မထင်မှတ်ဘဲ ချန်ရွှင်က ပြောဆိုလိုက်သည်။

"စီနီယာအစ်မ ကျိုး ဒီကိစ္စက တကယ် မတတ်သာလို့ပါဗျာ ဂိုဏ်းအကျိုးပြု ခန်းမဆောင်ထဲက ကျင့်စဉ်တွေက ဈေးကြီးလွန်းတယ် ပြီးတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်နဲ့လည်း မကိုက်ညီဘူး ဘယ်သူမှ မလိုချင်တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်စဉ် အစုတ်လေးဘာလေးများ မရှိဘူးလားဗျာ..."

ကျိုးယီယင် ကြားလိုက်ရသောအခါ အံ့သြသွားပြီးနောက် ချန်ရွှင်ကိုကြည့်ကာ ရယ်မောလိုက်မိသည်။ သူမ၏ မျက်ဝန်းများသည်တလက်လက်တောက်ပနေပြီး နှုတ်ခမ်းထောင့်စွန်းများ လှပစွာ ကွေးညွတ်သွားသည်။

"အစတုန်းက ဂိုဏ်းဝင်ခွင့် ပြုလုပ်တုန်းက ငါ သတိမထားမိလိုက်ဘူး အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နိုင်တဲ့ ဓာတ်ငါးပါး ဝိညာဉ်အမြစ် ပိုင်ရှင်တွေက ရှားလွန်းတော့ ဂိုဏ်းချုပ် ခန်းမဆောင်ကြီးမှာ အဲဒီလို ကျင့်စဉ်မျိုး ပြင်ဆင်မထားမိဘူး"

"ဟဲဟဲ ဟဲဟဲ"

ချန်ရွှင်သည် ရှက်ကိုးရှက်ကန်းဖြင့် လက်သီးဆုပ်လိုက်သည်။ ဤကဲ့သို့ ကျင့်စဉ်မျိုးက အဆင့်နိမ့်လွန်းသဖြင့် ဂိုဏ်းချုပ် ခန်းမဆောင်ကြီး၏ စင်မြင့်ပေါ်သို့ မရောက်ရှိနိုင်ကြောင်း သူ နားလည်ပါသည်။

"ဂျူနီယာမောင်လေး ခဏလောက် စောင့်ဦး"

ကျိုးယီယင် တိုးညှင်းစွာ ပြောလိုက်ပြီးနောက် ပန်းရနံ့သင်းသော လေပြေတစ်ခု တိုက်ခတ်သွားကာ မျက်စိတစ်မှိတ်အတွင်း ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ မျက်လုံးများ ပြူးကျယ်သွားသည်။ ဒါ ကိုယ်ဖော့ပညာ လား။ သူတို့သည် မိမိတို့၏ ခွန်အားနှင့် အမြန်နှုန်းကို အခြေခံတည်ဆောက်ခြင်းအဆင့် ဂါထာမန္တန်များတွင် ပေါင်းစပ်လိုကြသော်လည်း ယခုထက်ထိ နည်းလမ်းမတွေ့ရှိသေးပေ။

မကြာမီ ကျိုးယီယင် ပြန်ရောက်လာသည်။ သူမသည် ကျင့်စဉ်စာအုပ် တစ်အုပ်ကို ကိုင်ဆောင်ထားသည်။

"ဂျူနီယာမောင်လေး ချန် ဒီ သတ္တုတစ်ရာ သွန်းလုပ်ခြင်း ဓာတ်ငါးပါး ကျင့်စဉ် ကို မောင်လေးကို လက်ဆောင် ပေးလိုက်မယ်"

"အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်စဉ်တွေမှာ ထူးခြားတဲ့ ဂါထာမန္တန်တွေ ပါလေ့ရှိတယ် ဒီကျင့်စဉ်မှာတော့ ထူးထူးခြားခြား မပါပေမဲ့ သူ့မှာ ကိုယ်ဖော့ပညာ အသေးစားလေး တစ်ခု ပါတယ် နာမည်က ဓာတ်ငါးပါးအရိပ်သိုင်း တဲ့….မောင်လေး ချန် လို ဆေးပင်စိုက်ပျိုးတဲ့သူနဲ့ အတော်လေး ကိုက်ညီမယ်လို့ ငါ ထင်တယ် မင်းတို့က တိုက်ခိုက်တာ မကျွမ်းကျင်ပေမဲ့ တောင်အောက်ဆင်းတဲ့အခါ ကိုယ်ဖော့ပညာ ရှိထားရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တာပေါ့"

သူမ လက်ကို မြှောက်လိုက်ရာ ကျင့်စဉ်စာအုပ်သည် လေထဲတွင် ဝဲပျံလာပြီး ချန်ရွှင်၏ လက်ထဲသို့ ကွက်တိ ကျရောက်လာသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရင်ထဲတွင် အလွန် ထိခိုက်ခံစားသွားရသည်။ သူ လေးလေးနက်နက် ပြောလိုက်သည်။

"ကျင့်စဉ် လက်ဆောင်ပေးတဲ့ စီနီယာအစ်မ ကျိုး ကို ကျေးဇူးကို အထူးတင်ရှိပါတယ်ဗျာ"

မိန်းမများသည် သူတို့၏ ကျင့်ကြံခြင်း တိုးတက်မှုကို ထိခိုက်စေနိုင်သော်လည်း မမကြီးများ(ရှုးဂါးမာမီ)ကတော့ ထိခိုက်စေမည် မဟုတ်ပေ။

"မွန်း မွန်း"

နွားနက်ကြီးလည်း ခေါင်းကို ငုံ့လိုက်ပြီး စီနီယာအစ်မ ကျိုး အား အဆက်မပြတ် ကျေးဇူးတင်လိုက်သည်။

"ဒါက ဂျူနီယာမောင်လေး ချန် ရထိုက်တဲ့ အရာပါ ဒီကျင့်စဉ်က သိပ်ပြီး တန်ဖိုးမကြီးပါဘူး သွားကြတော့"

ကျိုးယီယင် ပြုံးလိုက်သည်။ ဤကဲ့သို့ ကျင့်စဉ်မျိုးက များပြားလှသည်။ ဓာတ်ငါးပါး ဝိညာဉ်အမြစ် ကျင့်စဉ်များကို လူအများစုက စွန့်ပယ်လာကြပြီ ဖြစ်သည်။ ကျင့်ကြံခြင်းလောက ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရင်းမြစ်များ တဖြည်းဖြည်း ကုန်ခမ်းလာရာ လွန်ခဲ့သော နှစ်သောင်းချီက ခေတ်ကာလနှင့် မတူတော့ပေ။ ဝိညာဉ်ဆေးပင် အများအပြား မျိုးတုန်းပျောက်ကွယ်သွားခဲ့ပြီး ဓာတ်ငါးပါး ဝိညာဉ်အမြစ် ပိုင်ရှင်များသည် ယခုအခါ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန်ပင် ခဲယဉ်းနေပြီ ဖြစ်သည်။

ချင်နိုင်ငံ ၏ ထိပ်တန်းကျင့်ကြံသူများကလည်းတူညီသော ကောက်ချက်တစ်ခုကို ချမှတ်ခဲ့ကြသည်။ ရှေးခေတ်ကာလက ကျင့်ကြံခြင်း ရင်းမြစ် အမြောက်အမြား ကုန်ဆုံးသွားရခြင်းမှာ ဓာတ်ငါးပါး အဆင့်နိမ့်အမြစ် ပိုင်ရှင် ကျင့်ကြံသူများကြောင့် ဖြစ်သည်။ သူတို့က ရင်းမြစ်များကို အလွန်အမင်း ဖြုန်းတီးကြပြီး လူဦးရေလည်း များပြားလွန်းသည်။

ရှေးယခင်က ကျန်ရစ်ခဲ့သော ဓာတ်ငါးပါး ဝိညာဉ်အမြစ် ကျင့်စဉ်များကို ကြည့်ခြင်းအားဖြင့် သူတို့၏ ထင်မြင်ယူဆချက်သည် အခြေအမြစ်မရှိ ပြောဆိုခြင်း မဟုတ်ကြောင်း သိနိုင်သည်။ ထိုကျင့်စဉ်များသည် သာမန်ဖြစ်ရုံသာမက အသုံးမဝင်သလောက်ပင် ဖြစ်သည်။ သို့သော် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ရတနာသိုက် တွေ့ရှိလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ လမ်းတစ်လျှောက်တွင် ဤလောက၌ လူကောင်းများ များပြားကြောင်း၊ ဤကျေးဇူးကို မှတ်သားထားမည် ဖြစ်ကြောင်း တဖွဖွ ပြောဆိုနေကြသည်။

"နွားကြီး ဘာလို့ ငါတို့က ဒုတိယ တောင်ပိုင် ဖြစ်မလာဘဲ ငါ့ရဲ့ စီနီယာအစ်မ ကျိုး က ဖြစ်လာရတာလဲဆိုတာ သိလား"

"မွန်း"

"သဘောထားကြီးလို့လေကွာ ဆေးဋ္ဌာနမှာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်လောက် လိုနေလို့လား မဟုတ်ပါဘူး ဒါပေမဲ့ ငါ့ရဲ့ စီနီယာအစ်မ ကျိုး တစ်ယောက်တည်းပဲ တာဝန်ယူနိုင်တာ တကယ်လို့ မဲပေးရွေးချယ်ရမယ် ဆိုရင် ငါ ပထမဆုံး မဲပေးမှာက စီနီယာအစ်မ ကျိုး ပဲ"

"မွန်း မွန်း"

နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်အားထက်သန်လာသည်။ ချန်ရွှင်ကို အဆက်မပြတ် ဝှေ့နေသည်။ သူလည်း စီနီယာအစ်မ ကျိုး ကို မဲပေးမည်။

"ဟားဟားဟား..."

လမ်းတစ်လျှောက်တွင် ရယ်မောသံများ ထွက်ပေါ်လာသည်။ ရင်ထဲမှ အလုံးကြီး ကျသွားပြီ ဖြစ်သည်။ နောက်ဆုံးတော့ ကျင့်စဉ်ပြဿနာ ဖြေရှင်းနိုင်ခဲ့ပြီ။ သူတို့သည် ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် ရေပူစမ်းဆေးဥယျဉ်ဆီသို့ ဦးတည်သွားကြလေသည်။

All Chapters