အခန်း (၇၅-၇၆)
Vol. 4 Ch. 75-76
အခန်း (၇၅)
ချန်ရွှင်သည် လမ်းတွင် သီချင်းဆိုရန် ပြင်လိုက်စဉ် နွားနက်ကြီးက အီးပါလိုကြောင်း အမူအရာ ပြလုပ်လာသည်။ ချန်ရွှင် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ဘာသဘောလဲ။
သူသည် လမ်းဘေး၌ နွားနက်ကြီးကို စိုက်ကြည့်နေသည်။ နွားနက်ကြီး၏ မျက်နှာမှာ ရှုံ့မဲ့နေပြီး အတော်ကြာအောင် အောင့်ထားရသဖြင့် မည်းနက်သော မျက်နှာကြီးပင် နီရဲနေသည်။ ချန်ရွှင် မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်သည်။ ကြည့်လေလေ မသင်္ကာလေလေပင်။
သူသည် ခြေလှမ်းတစ်လှမ်းချင်း လှမ်းလျက် သစ်ပင်အောက်ရှိ နွားနက်ကြီးထံသို့ တိုးကပ်သွားသည်။ လက်တစ်ဖက်ဖြင့် နွားနားရွက်ကို ဆွဲကိုင်ကာ တိုးညှင်းစွာ သီဆိုလိုက်သည်။
" ချစ်ခဲ့တာ မှားပြီ ငိုကြွေးခဲ့ရတယ် Low key ရင်တစ်ခွင်လုံး မိုးများနဲ့အတူ ကြွေပါစေတော့ မိုးသီး၊ တွယ်တာစရာဘာမှမရှိတဲ့ငါ့ကို အကြိမ်ကြိမ် နင်ရိုက်ချိုးပြီး ဟောဒီရင်တစ်ခွင်လုံးစုတ်ပြတ်သွားအောင် ကြွေပါစေတော့ မိုးသီး..."
"မွန်း..."
နွားနက်ကြီး မျက်နှာ ပျက်သွားသည်။ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ဘူ……ဗွမ်…..ဘုံးးး …..
"အော့... ဝေါ့... အော့... ခွေးကောင်... မဟုတ်ပါဘူး မေနိုးနွား... ရွံစရာကောင်းလိုက်တာ ….. ဒီနေ့ မင်းကို အမဲခြောက်လုပ်မစားရရင် ငါ့နာမည်နောက်ပြန်ရေးပစ်မယ်ကွ"
"မွန်း"
နွားနက်ကြီးသည် အမြီးတန်းနေအောင် ထွက်ပြေးလေသည်။ ပြေးရင်းဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ မျက်လုံးများမှေးကျဉ်းသွားသည်။ ချန်ရွှင်သည် တောင်ဖြိုပုဆိန်ကို ကိုင်လျက် အနောက်မှ လိုက်လံ ခုတ်ပိုင်းနေသည်။ ဖုန်လုံးကြီးများ ထနေပြီး သတ်ဖြတ်ခြင်း အရှိန်အဝါများ လွှမ်းခြုံနေသည်။ တပည့်အများအပြား ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။ ဤဂိုဏ်းတူဦးလေး၏ မျက်နှာတွင် နာကျင်ခံစားနေရသော အမူအရာများ ဖြစ်ပေါ်နေပြီး နဖူးပေါ်တွင် သွေးကြောကြီးများ ထောင်ထနေကာ နွားတစ်ကောင်ကို လိုက်လံ သတ်ဖြတ်နေသည်။
ရေပူစမ်းဆေးဥယျဉ် တံခါးဝ ရောက်မှသာ ရပ်တန့်သွားကြသည်။ ချန်ရွှင်သည် ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ပြုံးလိုက်ပြီး ဘေးနားရှိ ဂိုဏ်းတူအစ်ကို နှစ်ယောက်ကို ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် နွားနက်ကြီးကို ဆွဲလျက် ရေပူစမ်းဆေးဥယျဉ်ထဲသို့ ဝင်ရောက်သွားသည်။
ထိုအချိန်မှ စ၍ ရေပူစမ်းဆေးဥယျဉ် အတွင်းမှ စူးစူးဝါးဝါးအော်ဟစ်သံများ၊ နွားနက်ကြီး၏ နာကျင်စွာ အော်ဟစ်သံများ နေ့စဉ်ရက်ဆက် ထွက်ပေါ်လာသည်။ အသံများက အပြင်းအထန်နှိပ်စက်ခြင်းအားခံနေရသလိုရှိလေသည်။ နောက်ဆုံးတော့ နေ့ရက်များသည် ပြန်လည် ငြိမ်သက်သွားခဲ့၏။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် စတင် ကျင့်ကြံကြလေသည်။ သူတို့၏ ထူးခြားသော အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးကို စားသုံးရင်း ဝိညာဉ်သွေးကြောမှ သန့်စင်သော ဝိညာဉ်စွမ်းအင်များကို စုပ်ယူကြသည်။
ကျင့်ကြံမှု အဆင့်သည် နေ့စဉ် တိုးတက်လာသည်။ နှေးကွေးသော်လည်း အနာဂတ်အတွက် အလားအလာ ကောင်းမွန်သည်။ သူတို့ စိတ်မလောဘဲ ကျင့်ကြံမှု တိုးတက်လာတိုင်း သေချာစွာ အာရုံခံစားပြီး ဆွေးနွေးတိုင်ပင်ကြသည်။ နွားနက်ကြီးသည် ယခုအခါ ပစ္စည်းထိန်းချုပ်ခြင်းပညာကို အသုံးပြုပြီး စာရေးရာတွင် ပိုမို ကျွမ်းကျင်လာသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံး စားသုံးပြီးနောက် နောက်တစ်လုံး စားသုံးရန် တစ်လ သို့မဟုတ် လပေါင်းများစွာ ခြားလေ့ရှိသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်၏ သက်တမ်းကို လိုက်မီရန် အလျင်လိုခြင်း မရှိပေ။
"နွားကြီး လုပ်စရာကိစ္စတွေက များတယ်ကွ ငါတို့ ကျင့်ကြံခြင်း အစီအစဉ်အတိုင်း သွားကြမယ် လုံးဝ ကမောက်ကမ မဖြစ်စေနဲ့"
"မွန်း မွန်း"
သူတို့သည် မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက် မျက်လုံးများကို အနည်းငယ် မှေးမှိတ်ထားကြသည်။ ခန္ဓာကိုယ်မှ နက်ရှိုင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး မျက်ဝန်းထဲတွင် တည်ငြိမ်အေးဆေးမှုများ ရှိနေသည်။ ပတ်ဝန်းကျင်မှ မြက်ပင်များသည် လေမတိုက်ဘဲ ယိမ်းနွဲ့နေကြပြီး စည်းချက်ကျကျ လှုပ်ရှားနေကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကျင့်ကြံခြင်း နေ့ရက်များကို စတင်ခဲ့ကြသည်။ နံနက်ခင်းတွင် ကျင့်စဉ်များ ကျင့်ကြံခြင်း၊ တရားထိုင်ခြင်းတို့ ပြုလုပ်ကြသည်။ ချန်ရွှင်၏ စကားအရ တစ်နေ့တာ အစီအစဉ်သည် နံနက်ခင်းတွင် ရှိပြီး နေရောင်ခြည် ဦးစွာ ကျရောက်ချိန်တွင် ကျက်သရေမင်္ဂလာအပေါင်းတို့သည် အရှေ့အရပ်မှ လာသည်ဟု ဆိုသည်။
နွားနက်ကြီးသည် ချန်ရွှင်၏ စကားကို ယုံမှားသံသယ မရှိပေ။ တစ်ခါတစ်ရံ ချန်ရွှင်ထက်ပင် စောစီးစွာ ထလေ့ရှိသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ပြီးနောက် အားအင်များ တိုးပွားလာပြီး မှတ်ဉာဏ်များလည်း ကောင်းမွန်လာသဖြင့် ယခင်ကကဲ့သို့ အချိန်ကြာမြင့်စွာ အိပ်စက်ခြင်း မရှိတော့ပေ။ ဤထူးခြားဆန်းသစ်သော ခံစားမှုကြောင့် ချန်ရွှင် မကြာခဏ ချီးကျူးမိသည်။ အသက်ဇီဝအဆင့်အတန်း မြင့်တက်လာခြင်းသည် နေရာတိုင်းတွင် ပြည့်စုံလွန်းလှသည်။ မွန်းလွဲပိုင်းတွင် အစီအရင်များ၊ အဆောင်လက်ဖွဲ့များ လေ့ကျင့်ခြင်း သို့မဟုတ် စာဖတ်ခြင်းများ ပြုလုပ်ကြသည်။ ညဘက်တွင် ကိုယ်ဖော့ပညာနှင့် အခြေခံ ဓာတ်ငါးပါး အရိပ်သိုင်း ပညာရပ်များကို လေ့ကျင့်ကြသည်။ ရံဖန်ရံခါ ဝိညာဉ်ဆေးပင်များကို ပြုစုစောင့်ရှောက်ကြပြီး အချိန်ကို စေ့နေအောင် စီစဉ်ထားသည်။
တောဝက်များနှင့် တောကြက်များကိုတော့ သည်အတိုင်း မွေးမြူထားလိုက်သည်။ စားသောက်ရန် အစီအစဉ် မရှိတော့သဖြင့် ရေပူစမ်းဆေးဥယျဉ်သည် သက်ရှိများဖြင့် စည်ကားသိုက်မြိုက်နေသည်။
နွားနက်ကြီးသည်လည်း အလိုအလျောက်ပင် သူတို့၏ အစ်ကိုကြီး ဖြစ်လာသည်။ နေ့စဉ် သူတို့ကို ခေါ်ထုတ်ကာ လေညှင်းခံ ထွက်လေ့ရှိသည်။ တစ်ခါတစ်ရံ စိတ်မရှည်သဖြင့် မွန်းခနဲ အော်ဟစ်လိုက်သည်ကို ကြည့်ပြီး ချန်ရွှင် တဟားဟား ရယ်မောလေ့ရှိသည်။
......
နှစ်ကာလများသည် မကုန်ပါနှင့်ဟု ဆွဲထား၍ မရနိုင်၊ အချိန်များသည် ကုန်ဆုံးလွယ်လှသည်။ မျက်စိတစ်မှိတ် အတွင်း နှစ်နှစ်ခွဲ ကြာမြင့်သွားခဲ့ပြီ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သက်တမ်းအမှတ် သုံးမှတ်ကို ဝိညာဉ်စွမ်းအား တွင် ပေါင်းထည့်လိုက်ကြသည်။
ချင်နိုင်ငံ လူသားကမ္ဘာ၏ စည်းမျဉ်းဥပဒေများသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ ဧကရာဇ်အသစ် နန်းတက်လာပြီးနောက် တိုင်းပြည်ကို အုပ်ချုပ်ကာ နေရာအနှံ့သို့ စစ်တပ်များ စေလွှတ်၍ ဆိုးသွမ်းသူများကို နှိမ်နင်းခဲ့သည်။ လူဆိုးအများအပြားသည် ဈေးလယ်ခေါင်တွင် ခေါင်းဖြတ်သတ်ခြင်း သို့မဟုတ် ကြိုးပေးသတ်ခြင်း ခံခဲ့ရသည်။ ဝူနိုင်ငံ နှင့် ချင်နိုင်ငံ တို့၏ တိုက်ပွဲသည်လည်း ပြီးဆုံးသွားခဲ့ပြီ။ နှစ်ဖက်စလုံး တပ်ဆုတ်သွားကြသော်လည်း နယ်စပ်တွင် ကျဆုံးသူပေါင်းများစွာတို့၏ ရုပ်အလောင်းများသည် ပုံထပ်နေ၏။ တိုင်းပြည်တစ်ဝှမ်း ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းနေသည်။
သို့သော် နိုင်ငံနှစ်ခု၏ စစ်မှန်သော တိုက်ပွဲသည် ယခုမှ စတင်ခြင်း ဖြစ်သည်။ လူသားကမ္ဘာမှ ကျင့်ကြံခြင်းလောကသို့ ကူးပြောင်းသွားခြင်းသာ ဖြစ်သည်။ ချင်နိုင်ငံ၏ ထိပ်သီးဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် ယခုအခါ စိုးရိမ်ထိတ်လန့်နေကြပြီး အပြင်ရောက်နေသော ကျင့်ကြံသူများကို ပြန်လည် ခေါ်ယူနေကြသည်။ မည်သည့်အရာကို ကြံစည်နေကြသည် မသိရပေ။
ဝူယွင်ဂိုဏ်း အတွင်း၌လည်း ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများ မကြာခဏ ကောင်းကင်သို့ ပျံတက်သွားကြသည်။ သူတို့သည် လေပေါ်တွင် လမ်းလျှောက်လျက် မျက်စိတစ်မှိတ်အတွင်း မိုးကုပ်စက်ဝိုင်းအဆုံးသို့ ပျောက်ကွယ်သွားကြသည်။ ဂိုဏ်းတစ်ခုလုံးတွင် မုန်တိုင်းမလာမီ တည်ငြိမ်နေသော အခြေအနေမျိုး ဖြစ်ပေါ်နေသည်။ သို့သော် ဂိုဏ်းအတွင်း၌ သတင်းကောင်း အချို့လည်း ထွက်ပေါ်လာသည်။ ဥပမာ ဂျိခွန် အပါအဝင် လူအချို့ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။ ဂိုဏ်း၏ အမာခံ အင်အားစုတွင် နောက်ထပ် ကျင့်ကြံသူများထပ်မံ တိုးပွားလာခြင်း ဖြစ်သည်။
ယနေ့တွင် အမျိုးသားတစ်ဦးသည် ဂူပေါက်တစ်ခု၏ အပြင်ဘက်တွင် လက်ကို နောက်ပစ်လျက် ရပ်နေသည်။ သူ၏ မျက်နှာသည် သစ်သားရုပ်တုကဲ့သို့ ထင်ရှားပြတ်သားပြီး နက်မှောင်ထူထဲသော ဆံကေသာရှည်များကို ပိုင်ဆိုင်ထားသည်။ ကြည့်လိုက်လျှင် လွတ်လပ်ပေါ့ပါးမည့်ပုံ ပေါက်သော်လည်း မျက်ဝန်းထဲမှ မရည်ရွယ်ဘဲ ထွက်ပေါ်လာသော စူးရှမှုက လူကို အထင်သေး၍ မရကြောင်း ပြသနေသည်။
"ဂျူနီယာညီလေး ချန် ဂျူနီယာညီလေး နွား…. ငါ ဂျိခွန် အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ခဲ့ပြီ တကယ်လို့ ဂိုဏ်းထဲမှာ ဘယ်သူမဆို မင်းတို့ကို အနိုင်ကျင့်ရဲရင် ငါ ဂျိခွန် အဲ့ကောင်ကို အရှင်လတ်လတ်အရေခွံစုတ်မယ်"
ဂျိခွန်၏ အရှိန်အဝါသည် ပြင်းထန်နေပြီး တဖိတ်ဖိတ်တောက်ပနေသော မျက်ဝန်းများက အထူးသဖြင့် ကြောက်မက်ဖွယ်အလွန်ကောင်းလှသည်။ ပတ်ဝန်းကျင်မှ ရှေးဟောင်း သစ်ပင်ကြီးများသည် ထိုအရှိန်အဝါကြောင့် တုန်ခါသွားပြီး သစ်ရွက်စိမ်းများ တဖွဲဖွဲ ကြွေကျလာသည်။
"စူးရယ်ထုန်... ဟဲဟဲ"
ဂျိခွန် ခေါင်းကို အနည်းငယ် မော့လိုက်သည်။ မျက်ဝန်းထဲတွင် အမုန်းတရားများ လက်ခနဲ ဖြတ်သန်းသွားသည်။ ယခုအခါ အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာန တွင် သူ၏ နေရာတစ်နေရာ ရှိလာပြီ ဖြစ်သည်။ သို့သော် ထိုမိန်းမကတော့ ထိုအကြီးအကဲ၏ လက်အောက်တွင် ရှိနေသည်။
ဂျိခွန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူမကို သတ်ဖို့ လွယ်ကူသော်လည်း နောက်ဆက်တွဲ ပြဿနာ မရှိအောင် မည်သို့ ရှင်းလင်းရမည်နည်း ဆိုသည်မှာ ခက်ခဲသည်။ အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာန၏ အဖွဲ့အစည်းက ရှုပ်ထွေးကျယ်ပြန့်လှသည်။ ယခင်ကကဲ့သို့ သူများလက်ထဲ ကျရောက်သွား၍မဖြစ်ပေ။
"ဂျူနီယာညီလေး ချန် ပြောဖူးတယ် ငါ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ရင် ဒါကို ဖွင့်ကြည့်ရမယ်တဲ့"
ဂျိခွန်သည် သိုလှောင်အိတ်ထဲမှ ပိုးအိတ်ကလေး တစ်ခုကို လေးလေးနက်နက် ထုတ်ယူလိုက်သည်။ အတွင်းထဲတွင် စာလုံးများ အပြည့်ရေးထားသော စာရွက်တစ်ရွက် ပါရှိသည်။
"ဂိုဏ်းတူအစ်ကို ဂျိ အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်သွားတာ ဂုဏ်ယူပါတယ်…. ဒါပေမဲ့ ရန်ကို ရန်ခြင်း မတုံ့ပြန်သင့်ပါဘူး….ချီသန့်စင်ခြင်းအဆင့် အမျိုးသမီး တပည့်လေး တစ်ယောက်တည်းအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်မယ့် အရာမျိုးကိုမလုပ်သင့်ပါဘူး အကို ….အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အနေနဲ့ ကျွန်တော်တို့က ဂိုဏ်းရဲ့ စည်းကမ်းတွေကို ပိုပြီး လိုက်နာသင့်ပါတယ်"
ဂျိခွန် ဖတ်ရင်းဖြင့် မျက်ခုံးပင့်လိုက်မိသည်။ ဂျူနီယာညီလေး ချန် က ဟိုတုန်းက ဒီလိုပြောခဲ့တာ မဟုတ်ပါဘူး... ။ သူ့စိတ်ထဲတွင် ဝေခွဲရခက်သွားသည်။ တကယ်ပဲ အမုန်းတရားတွေကို လွှတ်ချလိုက်ရတော့မှာလား...
သူ့စိတ်ထဲတွင် ဗျာများနေသော်လည်း ချန်ရွှင်၏ ဆန္ဒကို မလွန်ဆန်ချင်သဖြင့် ဆက်လက် ဖတ်ရှုလိုက်သည်။
"ဟို အကြီးအကဲကလည်း အဲဒီတုန်းက မိန်းမစကား နားယောင်ပြီး အမှားလုပ်မိတာပါ ဂိုဏ်းတူအစ်ကို ဂျိ အနေနဲ့ လက်ဆောင်ပစ္စည်း တစ်ခုလောက် ပြင်ဆင်ပြီး အဲဒီကိစ္စကို သွားရောက် ရှင်းပြသင့်ပါတယ်….ဂိုဏ်းတူအစ်ကို ဂျိ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သွားပြီ ဆိုတော့ အကြီးအကဲက မျက်နှာသာ ပေးမှာပါ အားလုံးက ဂိုဏ်းတူ မောင်နှမတွေပဲဟာ ပြီးတော့ အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာန မှာ အတူတူ လုပ်ကြရမှာ ဆက်ဆံရေးတွေ တင်းမာနေအောင် လုပ်စရာ မလိုပါဘူး လျှောက်ရမယ့် လမ်းက ရှည်ပါသေးတယ်"
ဂျိခွန် ရင်ထဲ နာကျင်သွားပြီး မျက်မှောင် ပိုမို ကြုတ်လိုက်မိသည်။ စူးရယ်ထုန် ပြီးရင် သူ အမုန်းဆုံးက ထိုလူပင် ဖြစ်သည်။ သူ့ကို သွားပြီး ခေါင်းငုံ့ခိုင်းနေတာလား။
"ဒါပေမဲ့ ဂိုဏ်းတူအစ်ကို ဂျိ က မာနကြီးတယ် ဆိုတာ ညီလေး သိပါတယ် ဒါကြောင့် ဘာကိစ္စပဲ ဖြစ်ဖြစ် အကြီးအကဲရဲ့ ဂူကို ရောက်ရင် မာနကို လျှော့ချပြီး စီနီယာကို မပြစ်မှားမိပါစေနဲ့….နောက်ဆုံး အနေနဲ့ ဂိုဏ်းတူအစ်ကို ဂျိ မူလစိတ်ကို မြဲမြံစွာ ထိန်းသိမ်းပြီး ကျင့်ကြံခြင်း လမ်းခရီးမှာ အောင်မြင်ပါစေဗျာ ဟားဟား"
ဂျိခွန် တစ်လုံးချင်း ဖတ်ရှုပြီးနောက် တိတ်ဆိတ်သွားသည်။ အကြည့်များက ပိုမို လေးနက်လာသည်။ ဂျူနီယာညီလေး ချန် ၏ စာလုံးတိုင်းတွင် သင့်မြတ်လိုစိတ်များ ပြည့်နှက်နေပြီး အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းလှသည်။ သူ့စရိုက်နှင့်လည်း အလွန် ကိုက်ညီသည်။ မည်သူမဆို စာပါ အကြောင်းအရာကို ဖတ်လိုက်လျှင် ဘာပြဿနာမှ မရှိဟု ထင်မြင်ကြလိမ့်မည်။ ဂျိခွန် ကိုယ်တိုင်လည်း ထိုသို့ပင် ခံစားလိုက်ရသည်။ သူ သက်ပြင်းချလိုက်မိသည်။ ဂျူနီယာညီလေး ချန် က သူ့အတွက် စေတနာထားမှန်း သိပါသည်။
ချန်ရွှင်၏ ကျေးဇူးတရား သည် သူ့အပေါ်အလွန်ကြီးမားသည်။ အမုန်းတရားကို လွှတ်ချလိုက်ပြီး အနည်းငယ် အောက်ကျို့ခံလိုက်ရတာ ဘာဖြစ်သွားမှာလဲ။ သူသည် ထိုစာရွက်ကို မီးရှို့ဖျက်ဆီးလိုက်ပြီး တောင်းပန်ရန် လက်ဆောင်ပစ္စည်းများကို စတင် ပြင်ဆင်လေတော့သည်။
အခန်း (၇၆)
နှစ်ရက်ခန့် ကြာမြင့်ပြီးနောက်တွင် ဂျိခွန်သည် အကြီးအကဲ၏ ဂူ(နေအိမ်)အပြင်ဘက်သို့ ကိုယ်တိုင်သွားရောက်ကာ တောင်းပန်စကား ဆိုလေသည်။ သို့သော် အပြင်ဘက်တွင် နှစ်နာရီခန့်ကြာအောင် မတ်တပ်ရပ် စောင့်ဆိုင်းပြီးမှသာ ဝင်ရောက်ခွင့် ရရှိခဲ့၏။ သူ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ အနည်းငယ် ဖြတ်သန်းသွားသော်လည်း ချန်ရွှင်၏ စကားများကို ပြန်လည်အောက်မေ့မိသဖြင့်အားတင်းကားပြုံးလိုက်ရသည်။
ဂူအတွင်းမှ ဆူပူကြိမ်းမောင်းသံများ ထွက်ပေါ်လာသော်လည်း ဂျိခွန်သည် ဒေါသထွက်ချင်လာတိုင်း ချန်ရွှင်ကို သတိရမိသဖြင့် တောင်းပန်စကားဆိုရင်း ပြုံးရယ်ကာ ရှင်းပြနေရတော့သည်။ နောက်ဆုံးတွင် ဆူပူကြိမ်းမောင်းသံများ တဖြည်းဖြည်း တိုးသွားပြီး ရယ်မောသံများ ရံဖန်ရံခါ ထွက်ပေါ်လာတော့သည်။ အကြီးအကဲက အတိတ်ကကိစ္စများ ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ဂျိခွန်၏ စေတနာနှင့် ရိုးသားမှုကို အမှန်တကယ် တွေ့မြင်ရကြောင်း ပြောကြားလေသည်။ ထို ချီသန့်စင်ခြင်းအဆင့် အမျိုးသမီးတပည့်၏ ကိစ္စကိုလည်း ဤနေရာတွင်ပင် အဆုံးသတ်လိုက်ပြီး ထပ်မံ၍ ပြဿနာမဖြစ်စေရန် ဂျိခွန်အား မှာကြားလိုက်သည်။
အကြီးအကဲသည် မိမိမျက်နှာကို မိမိပြန်အိုးမဲသုတ်သကဲ့သို့ မဖြစ်လိုသဖြင့် ဂျိခွန်၏ ရည်ရွယ်ချက်ကို ရိပ်မိသော်လည်း လျစ်လျူရှုထားလိုက်သည်။ ဂျိခွန်ကမူ လုံးဝဂရုမစိုက်သည့်ဟန်ဖြင့် တောင်းပန်ရှင်းပြရန်အတွက်သာ လာရောက်ခြင်းဖြစ်ကြောင်း၊ အခြားရည်ရွယ်ချက် မရှိကြောင်းနှင့် ဂိုဏ်းတူများကို ရန်လိုစိတ်မရှိဘဲ အမုန်းတရားများကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားလေသည်။
အကြီးအကဲသည် ဂျိခွန်၏ စိတ်သဘောထားကို အလွန် ကျေနပ်သွားပြီး မိမိ၏ လက်အောက်သို့ ဝင်ရောက်ရန် စကားလမ်းကြောင်း ခင်းလေသည်။ ဤလူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခါစ ဖြစ်သော်လည်း အလိုက်အထိုက် နေတတ်သူဖြစ်၍ ပျိုးထောင်၍ ရနိုင်သော လူတော်တစ်ယောက် ဖြစ်သည်ဟု ယူဆလေသည်။ ဂျိခွန်သည် ဟိုလိုလိုသည်လိုလိုဖြင့် စဉ်းစားရန် အချိန်လိုအပ်ကြောင်း၊ ဤကိစ္စသည် ကြီးမားပြီး မိမိ၏ အနာဂတ်နှင့် သက်ဆိုင်နေကြောင်း ပြောကြားသော်လည်း ရန်လိုသော သဘောထား လုံးဝမပြခဲ့ပေ။
အကြီးအကဲကလည်း နားလည်ပေးပြီး ပြန်လည်၍ သေချာစွာ စဉ်းစားရန် ပြောကြားကာ အကျိုးခံစားခွင့်များစွာကို ကတိပေးလေသည်။ စကားလုံးတိုင်းတွင် ချီးကျူးထောပနာပြုမှုများ ပါဝင်နေသည်။ ထို့အပြင် နောင်တစ်ချိန်တွင် မည်သူ့ကိုပင် ရွေးချယ်သည်ဖြစ်စေ ယနေ့ လာရောက်တွေ့ဆုံမှုကြောင့် အငြိုးအတေးများ အားလုံးကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ပြောကြားကာ သဘောထားကြီးမားသူတစ်ယောက်အဖြစ် ပြသလေသည်။
ဂျိခွန်သည် ပြန်လမ်းတစ်လျှောက်တွင် လေးနက်သော မျက်နှာဖြင့် ချန်ရွှင်၏ စကားတစ်ခွန်းချင်းစီကို ပြန်လည် ဆင်ခြင်သုံးသပ်နေမိသည်။ သူသည် တစ်စုံတစ်ခုကို ဆုပ်ကိုင်မိသကဲ့သို့ ခံစားရသော်လည်း ရှင်းလင်းစွာ မမြင်ရသေးပေ။ "နောက်ဆုံးမှာတော့... မူလစိတ်ရင်းကို မြဲမြံအောင် ထားရမယ်..." ဟု တီးတိုး ရေရွတ်လိုက်လေသည်။
ယခုအချိန်၌ သူ၏ မူလစိတ်ရင်းမှာ ထိုအမျိုးသမီးကို သတ်ဖြတ်ပြီး အကြီးအကဲ၏ ရန်ဘက်ဖြစ်သော လီအကြီးအကဲ၏ အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။ လီအကြီးအကဲကလည်း အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာနတွင် သြဇာကြီးမားသော အင်အားစုတစ်ခုဖြစ်ရာ အကြီးအကဲကို ကြောက်ရွံ့စရာ မလိုပေ။ သို့သော် အကြီးအကဲပင်လျှင် သူဘာလုပ်မည်ကို ရိပ်မိနေသဖြင့် ထိုအမျိုးသမီးကို သတ်ဖြတ်၍ မဖြစ်နိုင်တော့ပေ။
ရက်အနည်းငယ် ကြာပြီးနောက် ဂျိခွန်သည် လီအကြီးအကဲ၏ လက်အောက်သို့ ဝင်ရောက်ကြောင်း တရားဝင် ကြေညာလိုက်သည်။ အကြီးအကဲသည် ထိုသတင်းကို ကြားလိုက်ရသောအခါ သွေးများ တက်လာပြီး ရက်ပေါင်းများစွာ ကျင့်ကြံ၍ မရနိုင်အောင် ဖြစ်ကာ ဒေါသအလွန် ထွက်လေသည်။ နောက်ပိုင်းရက်များတွင် တစ်ကိုယ်တော်ကျင့်ကြံသူ ဘဝမှ လာသော ဂျိခွန်သည် ရဲရင့်ပြတ်သားစွာ တိုက်ခိုက်ပြီး ဂိုဏ်းသားများထက် သာလွန်သော သတ္တိနှင့် စွမ်းရည်များကို ထုတ်ပြကာ ဂိုဏ်းအတွက် အကျိုးပြုမှုများ ဆက်တိုက် ပြုလုပ်လေသည်။ လီအကြီးအကဲမှာ အလွန် ဝမ်းမြောက်ကျေနပ်လေသည်။
အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာနမှ အကြီးအကဲများ စုဝေးချိန်တွင် လီအကြီးအကဲသည် ဂျိခွန်အကြောင်းကို မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိသည်။ အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာနတွင် ဤကဲ့သို့ ရဲရင့်သောသူမျိုး လိုအပ်ကြောင်း ပြောကြားရာ အခြားအကြီးအကဲများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။ အကြီးအကဲ၏ သွေးများအလွန်တက်လျှက် စိတ်နှလုံး မကြည်မသာ ဖြစ်ကာ ပြောမပြနိုင်သော ဝေဒနာများကို ခံစားနေရသည်။ ဂျိခွန်သည် မိမိ၏ လက်အောက်ငယ်သား ဖြစ်သင့်သူ မဟုတ်ပါလော။
သူသည် ထိုနေ့က ဂျိခွန် လာရောက်တောင်းပန်စဉ်က ပြောခဲ့သော စကားများကို ပြန်လည် သတိရမိသည်။ စကားလုံးတိုင်းသည် ရင်ထဲက လာသော စကားများ ဖြစ်သည်။ လွန်ခဲ့သော နှစ်များက ကိစ္စရပ်များတွင်လည်း သံသယဖြစ်ဖွယ်ရာများစွာ ရှိခဲ့ပြီး ဂိုဏ်း၏ တရားစီရင်ရေး ခန်းမဆောင်ကပင် အဆုံးအဖြတ် မပေးနိုင်ခဲ့ပေ။ အကြီးအကဲသည် မိမိ၏ အမုန်းတရားများကို စူးရယ်ထုန် ဘက်သို့ တဖြည်းဖြည်း ပြောင်းလဲလိုက်သည်။ ထိုအမျိုးသမီးက ကြားထဲမှ သွေးထိုးလှုံ့ဆော်ခဲ့သဖြင့် မိမိအနေဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် လက်အောက်ငယ်သားကောင်း တစ်ယောက်ကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
စူးရယ်ထုန် မှာမူ ညတိုင်း အိပ်မက်ဆိုးများကြောင့် လန့်နိုးနေရသည်။ ဂျိခွန် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ချီသန့်စင်ခြင်း အဆင့် (၁၀) သာ ရှိသော သူမကို သတ်ဖြတ်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။ သို့သော် ဂျိခွန်သည် သူမအား ပြဿနာ လာမရှာသဖြင့် ပိုမို ကြောက်ရွံ့လာရသည်။ ဤသည်မှာ စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းပင် ဖြစ်သည်။ အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာနတွင် ဂျိခွန်၏ ဂုဏ်သတင်း ကျော်ကြားလာလေ သူမ၏ စိုးရိမ်ပူပန်မှုများ တိုးပွားလာလေ ဖြစ်သည်။ တစ်ချက်တည်းနှင့် အသေသတ်လိုက်သည်ကမှ ပိုကောင်းဦးမည်။
သို့သော် သူမသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ အကယ်၍ ဂျိခွန် လာရောက် သတ်ဖြတ်ပါက သူမ သေဆုံးသွားလျှင်ပင် ဂျိခွန် လက်ချက်ဖြစ်ကြောင်း ဂိုဏ်းက သိရှိနိုင်ရန် စီစဉ်ထားသည်။ သို့သော် ဂျိခွန်ဘက်မှ လှုပ်ရှားမှု လုံးဝ မရှိပေ။ ဂျိခွန်၏ ကျော်ကြားမှု မြင့်တက်လာခြင်းသည် သူမကို နေ့ညမပြတ် နှိပ်စက်နေသကဲ့သို့ ဖြစ်နေပြီး စိတ်ဖောက်ပြန်လုနီးပါး ဖြစ်လာသည်။ တစ်ခါတစ်ရံ ဆံပင်များ ဖရိုဖရဲဖြင့် ယောက်ျားတစ်ယောက်ကို တွေ့လျှင်ပင် လန့်အော်တတ်သည်။ သူမသည် ဂျိခွန်က သူမကို သတ်ဖြတ်တော့မည်ဖြစ်ကြောင်း လူတိုင်းကို လိုက်လံ ပြောဆိုနေပြီး နောက်ဆုံးတွင် အကြီးအကဲထံ သွားရောက်ကာ အကာအကွယ် တောင်းခံလေသည်။ အကြီးအကဲသည် ထိုအမျိုးသမီးကို မြင်သောအခါ ပို၍ပင် ဒေါသထွက်လာသည်။ ဂျိခွန်က သူမကို လုံးဝ ဂရုမစိုက်သော်လည်း သူမက နေရာအနှံ့ လျှောက်သွားပြီး အော်ဟစ်သောင်းကျန်းနေပုံမှာ ရုပ်ဆိုးအကျည်းတန်ပြီး ရွံရှာဖွယ် ကောင်းလှသည်။
ထို့နောက် အကြီးအကဲသည် သူမအား အလွန် အန္တရာယ်များသော တာဝန်အချို့ကို စေခိုင်းလိုက်ရာ စူးရယ်ထုန်သည် မတော်တဆမှု တစ်ခုတွင် သေဆုံးသွားခဲ့ရသည်။ သူမ၏ အလောင်းကို မိစ္ဆာကောင်များ ကိုက်ဖြတ်စားသောက်သွားသဖြင့် အရိုးပင် မကျန်တော့ဘဲ အလွန် သနားစရာကောင်းသော ဇာတ်သိမ်းဖြင့် ပြီးဆုံးသွားခဲ့ရသည်။ ဤကိစ္စသည် သာမန်ကိစ္စလေးတစ်ခုသာ ဖြစ်သဖြင့် မည်သည့် ဂယက်ရိုက်ခတ်မှုမျှ မရှိခဲ့ပေ။ တာဝန်ထမ်းဆောင်ရင်း ချီသန့်စင်ခြင်းအဆင့် တပည့်တစ်ဦး သေဆုံးခြင်းမှာ ပုံမှန်ကိစ္စသာ ဖြစ်သည်။ ဂျိခွန်မှာလည်း အခြားတာဝန်တစ်ခုကို ထမ်းဆောင်နေသဖြင့် ခိုင်လုံသော သက်သေအထောက်အထား ရှိနေသည်။
သူ ဂိုဏ်းသို့ ပြန်ရောက်သောအခါ ဂျိခွန်ကို မျက်နှာလိုမျက်နှာရ လုပ်သူများက ထိုအမျိုးသမီး သေဆုံးသွားသည်မှာ ကောင်းကြောင်း၊ ဂျီဆရာတူဦးလေး မတရား စွပ်စွဲခံခဲ့ရသည်ကို သူတို့ စောစောကတည်းက သိရှိကြောင်း လာရောက် ပြောဆိုကြသည်။ ထိုအမျိုးသမီး သေဆုံးမှုကြောင့် ဂျိခွန်၏ နာမည်ဆိုးများ ပျောက်ကွယ်သွားပြီး အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာနမှ တပည့်အများအပြားက စူးရယ်ထုန် ကို ဆဲဆိုကြကာ ဂျီဆရာတူဦးလေးကဲ့သို့ လူမျိုးကို ဤကဲ့သို့သော လူယုတ်မာမက မတရား စွပ်စွဲခဲ့သည်ဟု ပြောဆိုကြသည်။
ဂျိခွန်ကတော့ ထိုသူများကို ဂရုမစိုက်ဘဲ မိမိ၏ ဂူ(နေအိမ်)သို့ ပြန်လာခဲ့သည်။ သူ၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်နေပြီး အေးစက်သော မျက်နှာတွင် အံ့သြထိတ်လန့်မှုများ ပေါ်လာသည်။ ထိုအမျိုးသမီး၏ ရူးသွပ်နေသော အပြုအမူများကို သူ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး အလွန် ကျေနပ်အားရခဲ့သည်။ ထိုစဉ်က စိတ်လိုက်မာန်ပါ မလုပ်မိခဲ့သည်မှာ ကံကောင်းလှသည်။
"တကယ်လို့ ဂျီ အစ်ကိုကြီး ပြန်မလာနိုင်ခဲ့ရင် အဲဒီမိန်းမကို ကျွန်တော် ကလဲ့စားချေမယ်... လူမသိသူမသိ ပျောက်ကွယ်သွားစေရမယ်... ဂိုဏ်းက ဘယ်လိုမှ ခြေရာခံလို့ မရစေရဘူး..." "ဂုဏ်ယူပါတယ် ဂျီ အစ်ကိုကြီး... အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်သွားပြီပဲ... ဒါပေမဲ့ ရန်ကို ရန်ခြင်း မတုံ့ပြန်သင့်ပါဘူး... ချီသန့်စင်ခြင်းအဆင့် အမျိုးသမီး တပည့်လေး တစ်ယောက်တည်းအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်မယ့် အရာမျိုးကို မလုပ်သင့်ပါဘူး အစ်ကို... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အနေနဲ့ ကျွန်တော်တို့က ဂိုဏ်းရဲ့ စည်းကမ်းတွေကို ပိုပြီး လိုက်နာသင့်ပါတယ်..."
ဂျိခွန်၏ ခေါင်းထဲတွင် ချန်ရွှင်၏ စကားသံများ ပဲ့တင်ထပ်နေပြီး မျက်လုံးများ ပိုမို ပြူးကျယ်လာသည်။ အမြဲတမ်း ပြုံးရွှင်နေပြီး နွားနက်ကြီးကို ဆွဲကာ လျှောက်သွားနေတတ်သော ထို ရိုးသားဖြူစင်သည့် ဂျူနီယာညီလေးသည်... "ဟဲဟဲ... ငါ အတွေးလွန်နေတာ နေမှာပါ... ညီလေး ချန်ရွှင်က အဲဒီလောက် ရိုးသားဖြူစင်တာ... ဂျိခွန်... ဂျိခွန်..." ဂျိခွန် ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။ သူ ဘာတွေ တွေးနေမိပါလိမ့်။ အပြင်စည်း ဂိုဏ်းအလုပ်အကိုင် ဋ္ဌာနတွင် နေထိုင်သည်မှာ ကြာမြင့်နေပြီဖြစ်၍ မိမိ၏ စိတ်ထဲတွင် အရေးအပါဆုံး လူတစ်ယောက်ကို ထိုကဲ့သို့ လူစားမျိုးအဖြစ် ထင်မြင်မိလိုက်ခြင်း ဖြစ်သည်။
ဖြန်း
သူသည် မိမိပါးကို မိမိ ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်သည်။ ချန်ရွှင်သည် သူ၏ စိတ်နှလုံးထဲမှ နောက်ဆုံးကျန်ရှိသော သန့်ရှင်းစင်ကြယ်သည့် အရာတစ်ခု ဖြစ်သည်။ မည်သူကမျှ ညစ်ညမ်းစေ၍ မရပေ။ မိမိကိုယ်တိုင်ပင်လျှင် မလုပ်ရပေ။ သို့သော် ထိုအမျိုးသမီး၏ သနားစရာကောင်းသော ဇာတ်သိမ်းကို မြင်လိုက်ရသောအခါ သူသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိပြီး စိတ်ထဲတွင် အလွန် ကျေနပ်အားရသွားသည်။ သူ ယခုအခါ လီအကြီးအကဲ၏ လက်အောက်သို့ ဝင်ရောက်နေပြီဖြစ်ရာ အကြီးအကဲကို နေ့တိုင်း စိတ်ဒုက္ခပေးနေသည်။ သူ၏ တောင်းပန်စကား ဆိုခဲ့မှုများနှင့် ထိုအမျိုးသမီးကို လုံးဝ ဂရုမစိုက်ခဲ့မှုများကြောင့် အကြီးအကဲသည် သူ့ကို တစ်ခါမျှ ပစ်မှတ်ထားခြင်း မရှိခဲ့ပေ။
ဂျိခွန်သည် ချန်ရွှင်၏ စကားများသည် ပိုမို မှန်ကန်လာကြောင်း ခံစားမိလာသည်။ ပြဿနာပေါင်းများစွာ လျော့နည်းသွားခဲ့သည်။ သူသည် လက်ထဲမှ အသံလွှင့်အဆောင် တစ်ခုကို ကိုင်လျက် ဂိုဏ်း၏ ဝိညာဉ်ဆေးဥယျာဉ်(ရေပူစမ်းဆေးဥယျာဉ်) ဆီသို့ ထွက်ခွာသွားလေသည်။
......
ချန်ရွှင်သည် ကျင့်ကြံလျှက်ရှိစဉ် ကိုယ်ပေါ်ရှိ အသံလွှင့်အဆောင်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။ သူသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ပြုံးလိုက်သည်။ ဂျီဆရာတူအစ်ကို ပြဿနာအားလုံးကို ဖြေရှင်းပြီးပြီ ထင်သည်။ သူသည် ဂျိခွန်အား ဆေးဥယျာဉ်ရှိ ဂူအတွင်းသို့ ကိုယ်တိုင် သွားရောက် ကြိုဆိုလိုက်သည်။ ဂျိခွန်သည် လှပသော ရှုခင်းများကို ကြည့်ပြီး အံ့သြမှင်သက်သွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အေးချမ်းစွာ နေထိုင်နေကြသည်ကို မြင်ရသောအခါ သူ စိတ်ချသွားသည်။
သူနှင့် ချန်ရွှင်တို့သည် စကားများစွာ ပြောဆိုကြသည်။ ဤနှစ်ဝက်အတွင်း ကြုံတွေ့ခဲ့ရသည်များကို အသေးစိတ် ပြောပြသော်လည်း ထိုအမျိုးသမီး၏ အကြောင်းကိုမူ နှစ်ဦးစလုံး တစ်လုံးမျှ မဟကြပေ။ ဘေးနားရှိ နွားနက်ကြီးသည် မျက်လုံးများ ပြူးကျယ်လျက် နားထောင်နေသည်။ ဂိုဏ်းပြင်ပတွင် ဤမျှ အန္တရာယ်များသော နေရာများနှင့် မိစ္ဆာကျင့်ကြံသူများ ရှိနေသည်ကို ယခုမှ သိလိုက်ရသည်။ ချန်ရွှင်ကလည်း အလွန် စိတ်ဝင်တစား နားထောင်နေပြီး ဂူအတွင်းမှ ရယ်မောသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
ဂျိခွန်သည် အလေးအနက်ထား၍ ပြောပြနေသော်လည်း သူတို့၏ ရယ်မောမှုကြောင့် သူပါ လိုက်လံ ရယ်မောနေမိသည်။ အလွန် အန္တရာယ်များသော ကိစ္စရပ်များသည် ညီလေးချန် ပြောလိုက်သောအခါ ရယ်စရာ ဖြစ်ကုန်သည်။ ဥပမာအားဖြင့် "မိစ္ဆာကျင့်ကြံသူတွေက ကျင့်ကြံသူတွေကို ဖမ်းပြီး တကယ် ကျင့်ကြံတာလား၊ ရုပ်က ဘယ်လိုလဲ၊ ဝိညာဉ်သားရဲတွေကို စားလား၊ အနက်ရောင် ဝတ်ရုံကြီးတွေ ဝတ်ပြီး တဟဲဟဲနဲ့ အမြဲတမ်း ရယ်နေတာလား" စသည့် ထူးဆန်းသော မေးခွန်းများ မေးမြန်းလေသည်။ နွားနက်ကြီးမှာ ကြောက်လန့်တကြား နားထောင်နေပြီး နွားခေါင်းကို ချန်ရွှင်၏ ကိုယ်ပေါ်သို့ တင်ထားသော်လည်း မျက်လုံးထဲတွင်မူ သိချင်စိတ်များဖြင့် ဆက်လက် နားထောင်ချင်နေသည်။
ထို့နောက် သူတို့သည် ဂိုဏ်းအကျိုးပြု ခန်းမဆောင်သို့ အတူတူ သွားရောက်ကြသည်။ နှစ်ဦးစလုံး ဟန်ဆောင်ငြင်းဆန်ခြင်း မရှိဘဲ နွားနက်ကြီးအတွက် အစီအရင် ပစ္စည်းများကို လဲလှယ်ပေးလိုက်ကြသည်။ ချန်ရွှင်သာ ဝင်မတားလျှင် ဂျိခွန်သည် အမှတ်များ အကုန်လုံး သုံးပစ်မည့် ပုံပင်။ သို့သော် လူရှေ့သူရှေ့တွင် သူတို့နှစ်ဦးသည် ဂိုဏ်းစည်းကမ်းများကို လိုက်နာကြသည်။ တတ်သိနားလည်သူက ဦးဆောင်ရစမြဲဖြစ်၍ ချန်ရွှင်က စီနီယာအစ်ကို၊ ဂျိခွန်က ဂျူနီယာညီလေး အဖြစ် နေထိုင်ကြရာ မည်သူ့ကိုမျှ အပြစ်ပြောစရာ မကျန်စေခဲ့ပေ။
သို့သော် ဂျိခွန်၏ ရင်ထဲတွင် ချန်ရွှင်နှင့် နွားနက်ကြီးသည် သူ၏ ဂျူနီယာညီလေးများ အဖြစ်သာ ထာဝရ တည်ရှိနေသည်။ သူတို့က တိုက်ခိုက်ခြင်းကို မကျွမ်းကျင်ကြပေ။ အကယ်၍ မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် သူသည် အသက်ပေးပြီး သူတို့ကို ကာကွယ်ပေးမည်ဟု ဆုံးဖြတ်ထားသည်။ လွန်ခဲ့သော နှစ်များက နန်ဒုတောင် ခရီးစဉ်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့ အသက်ရှင် ကျန်ရစ်ခဲ့သည်မှာ ကံကောင်းခြင်း သက်သက်သာ ဖြစ်သည်ဟု ဂျိခွန် ယူဆထားသည်။ နှစ် (၂၀) တစ်ကြိမ် ကျင်းပသော နန်ဒုတောင် ခရီးစဉ်တိုင်းတွင် ဂိုဏ်းကြီး ဂိုဏ်းငယ်တိုင်း၌ ထိုကဲ့သို့ ကံကောင်းသူများ ရှိတတ်စမြဲပင်။