အခန်း (၇၇-၇၈)
Vol. 4 Ch. 77-78
အခန်း (၇၇)
နောက်ပိုင်းရက်များတွင် ဂျိခွန်သည် ဂိုဏ်းပြင်ပမှ တာဝန်ထမ်းဆောင်ပြီး ပြန်လာတိုင်း ချန်ရွှင်နှင့် နွားနက်ကြီးကို လာရောက် တွေ့ဆုံလေ့ရှိသည်။ ဤနေရာသည် သူ့အား စိတ်အပန်းပြေစေဆုံး နေရာဖြစ်သည်။ အထူးသဖြင့် သူတို့ အေးချမ်းစွာ နေထိုင်နေကြသည်ကို မြင်ရသောအခါ သူ ပြောမပြတတ်သော ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားရပြီး ပြင်ပတွင် တိုက်ခိုက်လှုပ်ရှားရသည်မှာ စိတ်လုံခြုံသကဲ့သို့ ခံစားရသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ကလည်း ပြင်ပကမ္ဘာအကြောင်းကို အလွန် စိတ်ဝင်စားကြရာ ဂျိခွန် လာရောက်တိုင်း စိတ်အားထက်သန်စွာ နားထောင်ကြပြီး ထူးဆန်းသော ရယ်မောသံများ အဆက်မပြတ် ထွက်ပေါ်နေတတ်သည်။ ဂျိခွန်သည် ရံဖန်ရံခါ နွားနက်ကြီးကို ဂိုဏ်းအကျိုးပြု ခန်းမဆောင်သို့ ခေါ်သွားတတ်ရာ ချန်ရွှင်က ခေါင်းခါလျက် "နွားပျိုမလေး ရှိရင် ဒီကောင်တော့ပြဿနာပဲ" ဟု ရယ်မောကာ ညည်းတွားလေသည်။
နောက်ဆုံးတွင် ဂျိခွန်သည် ကြီးမားသော ပြဿနာတစ်ခုကို တွေ့ရှိသွားသည်။ နွားနက်ကြီးသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်ရှိသေးပေ။ ဤသို့ဆိုလျှင် မည်သို့ ဖြစ်နိုင်မည်နည်း။ သူသည် လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။ "နွားညီလေး... မင်း စိတ်မပူနဲ့ ငါ အပြင်စည်းမှာ ကြိုးစားပြီး မင်းရဲ့ အနာဂတ်အတွက် ကူညီပေးမယ် ဝိညာဉ်သားရဲ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး က အမှတ် သောင်းဂဏန်းလောက် မလိုပါဘူးကွာ"
"ဂျီ အစ်ကိုကြီး... ဝိညာဉ်သားရဲ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ကျွန်တော်တို့ဆီမှာ ရှိပါတယ်" "မွန်း မွန်း" ချန်ရွှင်နှင့် နွားနက်ကြီးတို့ အလျင်အမြန် တားဆီးလိုက်ကြသည်။ ဂျိခွန်၏ ပုံစံမှာ မရမကဆေးရှာပေးမည့် ပုံစံ ဖြစ်နေသည်။ သူတို့၏ ဝိညာဉ်သားရဲ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးကို ထုတ်ပြလိုက်မှသာ ဂျိခွန် စိတ်အေးသွားတော့သည်။ သို့သော် သူက ကျယ်လောင်စွာ ပြောလိုက်သေးသည်။ "နွားညီလေး... အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်ရင်လည်း ကိစ္စမရှိဘူး ငါ ရှိတယ် အဲဒီအချိန်ကျရင် မင်းအတွက် ထပ်ပြီး လဲပေးမယ်"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အလွန် စိတ်ထိခိုက် ခံစားသွားရသည်။ သူတို့သည် ဆေးဥယျာဉ် အပြင်ဘက်တွင် ရပ်လျက် ဂျိခွန် ထွက်ခွာသွားသည်ကို လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။ အကြိမ်တိုင်း ဘေးကင်းစွာ ပြန်လာနိုင်ပါစေဟုသာ ဆုတောင်းပေးကြသည်။ ထို့နောက် လှည့်ထွက်လာကြပြီး သူတို့၏ ကျင့်ကြံခြင်း အစီအစဉ်ကို ပြန်လည် စတင်ကြသည်။
......
နှစ်ကာလများသည် တေးသီချင်းတစ်ပုဒ်သဖွယ် ပြောင်းလဲသွားပြီး အချိန်များသည် ပန်းပွင့်လေးများကဲ့သို့ ကြွေလွင့်ကုန်ဆုံးသွားကြသည်။ မသိလိုက်ဘာသာနှင့် နွေမိုးဆောင်း အလီလီ ပြောင်းလဲကုန်ဆုံးသွားရာ ယခုအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဆေးဥယျာဉ်သို့ ရောက်ရှိသည်မှာ (၁၀) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
ထိုနှစ်များအတွင်း ဝူယွင်ဂိုဏ်း၌ ဝမ်းနည်းဖွယ် ခေါင်းလောင်းသံများ မြည်ဟည်းခဲ့သည်။ ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူ တစ်ဦး ကွယ်လွန်သွားခဲ့၏။ လူအများအပြား ဝမ်းနည်းပူဆွေးကြရသည်။ နှစ်တစ်ထောင် သက်တမ်း ရှိသော်လည်း အချိန်ကာလ၏ တိုက်စားမှုကို မလွန်ဆန်နိုင်ခဲ့ပေ။ ဂိုဏ်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အဓိက ထောက်တိုင်ကြီး တစ်ခု တိတ်တဆိတ် ပြိုလဲသွားသဖြင့် လူအများအပြား ဝမ်းနည်းပူဆွေးမှုမှ မရုန်းထွက်နိုင်ကြသေးပေ။
ဝူယွင်ဂိုဏ်းတွင် အေးချမ်းသာယာသော နေ့ရက်များ ရှိသည် ဆိုသည်မှာ ဤစီနီယာကြီးများက အခက်အခဲများကို ထမ်းပိုးထားကြ၍သာ ဖြစ်သည်။ မမြင်ရသော နေရာများမှနေ၍ တပည့်တိုင်းကို ကာကွယ်စောင့်ရှောက်ပေးနေကြခြင်း ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထိုစီနီယာကြီးအတွက် ဝိညာဉ်ပို့(အသုဘချ)ပေးခဲ့ကြသည်။ ချန်ရွှင်သည် ကြိုးကြာဖြူသစ်ပင်၏ သစ်သားဖြင့် အခေါင်းတစ်ခု ပြုလုပ်ခဲ့သည်။ သူတို့သည် အခေါင်းကို အတူတူထမ်းလျက် နှဲမှုတ်ခြင်း၊ ခေါင်းလောင်းတီးခြင်းတို့ ပြုလုပ်ကာ တောင်ပေါ်ရွာလေး၏ အမြင့်ဆုံးသော ဈာပနအခမ်းအနားဖြင့် စီနီယာကြီးအား ဂါရဝပြုခဲ့ကြသည်။
သူတို့သည် အချင်းချင်း မသိကျွမ်းကြသော်လည်း၊ အရေးမပါဟု ထင်ရသော်လည်း ၎င်းသည် သူတို့၏ စေတနာ မေတ္တာပင် ဖြစ်သည်။ ထို့နောက် ဒယ်အိုးတည်ကြကာ အစားအသောက်ပြင်ပြီး ဝမ်းနည်းပူဆွေးမှုများနှင့်အတူ စားသောက်ပွဲ ကျင်းပကြသည်။ သူတို့သည် သက်တမ်းအမှတ် (၇) မှတ်ကို ဝိညာဉ်စွမ်းအား တွင် ပေါင်းထည့်လိုက်ကြသည်။ ဆေးဋ္ဌာနတွင် တင်ရှိနေသော အကြွေးများကိုလည်း နောက်ဆုံးတွင် ကျေပွန်အောင် ဆပ်နိုင်ခဲ့ကြပြီ။ အခြေခံလစာနှင့် ဆေးဥယျာဉ်၏ ဝင်ငွေများကို ပေါင်းလိုက်လျှင် တစ်နှစ်လျှင် အမှတ် တစ်ထောင်ခန့် ဝင်ငွေရှိကြောင်း ချန်ရွှင် တွက်ချက်ကြည့်လိုက်သည်။ သူတို့ ချမ်းသာနေပြီ ဖြစ်သည်။ မိမိနှင့် နွားကြီး၏ စိုက်ပျိုးရေး နည်းပညာဖြင့် ရိုးသားစွာ ရှာဖွေစားသောက်ရသည်မှာ စိတ်ချမ်းသာစရာ ကောင်းလှသည်။
နွားနက်ကြီးကလည်း မနှစ်က အောင်မြင်စွာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိ သွားခဲ့သည်။ ထို့နောက် ဝိညာဉ်သားရဲ ဋ္ဌာနတွင် စာရင်းသွားသွင်းခဲ့ရာ ယခုအခါ သူကလည်း ဂုဏ်ရှိရှိ နေထိုင်နိုင်ပြီ ဖြစ်သည်။ သူသည်လမ်းလျှောက်လျှင် ခေါင်းကို အပေါ်မော့ထားသည်။ သူသည် မြေကြီးပေါ်တွင် စာရေးကာ ချန်ရွှင်အား နွားညီလေး ဟု ခေါ်ခိုင်းသည်။ ချန်ရွှင်ကလည်း စိတ်အခြေအနေ ကောင်းနေသဖြင့် နွားနက်ကြီး၏ ဆန္ဒအတိုင်း လိုက်လျောလိုက်ရာ နွားနက်ကြီးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဝုန်းခနဲ မတ်တပ်ထရပ်ကာ ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေလေသည်။
ဂိုဏ်း၏ ဆေးဥယျာဉ်အတွင်း၌...
သာမန်အချိန်များကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မနေဘဲ ယနေ့ ရေပူစမ်းဆေးဥယျဉ်အတွင်း၌ တင်းမာသော အခြေအနေများ ဖြစ်ပေါ်နေသည်။ စစ်ပွဲတစ်ခု ဖြစ်ပွားတော့မည့်အလား ရှိနေသည်။ နွားနက်ကြီးသည် မျက်နှာ တင်းမာလျက် အရပ်လေးမျက်နှာကို အဆက်မပြတ် ကြည့်ရှုနေသည်။ ချန်ရွှင်တွေ အများကြီးပါလား။ သူတို့သည် ပုံစံအမျိုးမျိုး ရှိနေကြပြီး အားလုံးသည် ဓားပြခေါင်းစွပ်များကို စွပ်ထားကာ အေးစက်စွာ ပြုံးနေကြသည်။ အချို့က ရေပေါ်တွင် ရပ်နေကြသည်။ အချို့က မြက်ဖျားပေါ်တွင် ရပ်နေကြသည်။ အချို့က ကျောက်တုံးကြီးများပေါ်တွင် ရပ်နေကြသည်။
သူသည် နတ်အသိကို ဖြန့်ကျက်လိုက်သည်။ သို့သော် ထို 'ချန်ရွှင်' များသည် ဝိညာဉ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအားများ ပေါင်းစပ်ထားသော အရာများသာ ဖြစ်ပြီး အတုများ ဖြစ်ကြသည်။ လှုပ်ရှားနိုင်ခြင်း မရှိပေ။ သူ နွားကြီးကို သည်လို အဆင့်နိမ့် မျက်လှည့်ပြကွက်များဖြင့် လာလိမ်၍ မရနိုင်ပေ။
"မွန်း" နွားနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ မီးတောက်ကြီးများ ကောင်းကင်သို့ ထိုးတက်သွားသည်။ အလယ်ဗဟိုရှိ မီးတောက်များသည် သူ၏ နတ်အသိ ထိန်းချုပ်မှုအောက်တွင် အရပ်ရှစ်မျက်နှာသို့ ပေါက်ကွဲထွက်သွားသည်။ မီးတောက်များထဲတွင် လှုပ်ရှားနေသော ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားများသည် စုတ်ပြဲသွားသကဲ့သို့သော အသံများ ထွက်ပေါ်နေသည်။
'ချန်ရွှင်' များသည် မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ လွင့်ပျံသွားကြသည်။ နွားနက်ကြီး ရယ်မောလိုက်သည်။ ဒါက အခြေခံတည်ဆောက်ခြင်းအဆင့် ပါလား။ ဝိညာဉ်စွမ်းအားက တော်တော် ကြောက်စရာ ကောင်းတာပဲ။
ဒေါင်
ကျယ်လောင်သော သံကိုသံချင်းရိုက်ခတ်သံကြီး ထွက်ပေါ်လာသည်။ နွားနက်ကြီး ရုတ်တရက် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ တစ်ကိုယ်လုံးတွင် ငါးရောင်ခြယ် ဝိညာဉ်စွမ်းအား အကာအကွယ်များ ထွက်ပေါ်လာပြီး တောင်ဖြိုပုဆိန်၏ အလစ်တိုက်ခိုက်မှုကို ခုခံလိုက်သည်။
ဤသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်၏ ကြီးမားသော အားသာချက် ဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအား ရှိနေသရွေ့ အချိန်မရွေး ဝိညာဉ်စွမ်းအား အကာအကွယ်ကို ဖွင့်ကာ ပြင်းထန်သော တိုက်ခိုက်မှုများကို ကာကွယ်နိုင်သည်။ ချီသန့်စင်ခြင်းအဆင့်ကဲ့သို့ သာမန် ကာကွယ်ရုံလောက်သာ တတ်နိုင်သော အကာအကွယ်မျိုး မဟုတ်တော့ပေ။ အကယ်၍ အကာအကွယ် ပေါက်ကွဲသွားပါက သေဆုံးသွားနိုင်သည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အတော်လေး တိုးတက်လာပြီ ဖြစ်ရာ သာမန် ဓား၊ လှံများဖြင့် ဒဏ်ရာရအောင် လုပ်ရန် ခဲယဉ်းသည်။ ချီသန့်စင်ခြင်းအဆင့်ကဲ့သို့ အင်အားနည်းခြင်း မရှိတော့ပေ။
ဓာတ်ငါးပါး အရိပ်သိုင်း သည် သူတို့၏ အမြန်နှုန်းနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီ ဖြစ်သည်။ ယခင်က တည့်တည့်သာ ပြေးတတ်ပြီး အရှိန်မထိန်းနိုင်သဖြင့် နွားနက်ကြီး ဆိုလျှင် သစ်ပင်နှင့် မကြာခဏ ဝင်တိုက်မိတတ်သည်။ ယခုအခါ အလွန် သွက်လက်ပေါ့ပါးလာပြီး အရှိန်ကိုလည်း ထိန်းချုပ်နိုင်လာသည်။ ထို ကိုယ်ဖော့ပညာသည် ယခင်က ပိုင်ဆစ် စီနီယာအစ်ကိုကြီးနှင့်ပင် ယှဉ်နိုင်သည်ဟု သူတို့ ထင်မြင်မိကြသည်။
သတ်ဖြတ်ခြင်း အရှိန်အဝါသည် အရိုးထဲထိ စိမ့်ဝင်သွားသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်၌ လေတိုးသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ အရိပ်တစ်ခု ဖြတ်သန်းသွားတိုင်း 'ချန်ရွှင်' တစ်ယောက် ပေါ်လာသည်။ သို့သော် နွားနက်ကြီး လုံးဝ မကြောက်ပေ။ သူ ဖြည်းညှင်းစွာ စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်သည်။ ချန်ရွှင် သင်ပေးထားဖူးသည်။ တိုက်ခိုက်သောအခါ တည်ငြိမ်ရမည်။ စိတ်လောသွားပါက ထွက်ပြေး၍ ရမည် မဟုတ်ပေ။
"မွန်း" နွားနက်ကြီး၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများဖြစ်ပေါ်လာသည်။ သူ့ နတ်အသိ က ချန်ရွှင်ကို မြင်လိုက်ရပြီ။ အဝေးက ဝိညာဉ်သစ်ပင်အောက်မှာ ပုန်းနေသည်။
နွားနက်ကြီးသည် သက်တံရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။ သွက်လက်လွန်းသဖြင့် အနောက်တွင် နွားနက်ကြီး အရိပ်များနှင့် သစ်သားဓာတ် ကိုယ်ပွားများ ကျန်ရစ်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ချန်ရွှင် ရှေ့သို့ ရောက်ရှိသွားပြီး ခွာဖြင့် ကန်လိုက်သည်။ သို့သော် ချန်ရွှင်က အပြုံးတစ်ခု ပြုံးလိုက်သည်။
"နွားကြီး... မင်း ငါ့အကွက်ထဲ ဝင်လာပြီ"
ဘုန်း "မွန်း"
နွားနက်ကြီး လန့်ဖျပ်ပြီး အော်ဟစ်လိုက်သည်။ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူကန်လိုက်သည်မှာ အရိပ်တစ်ခုသာ ဖြစ်နေသည်။ ထို့နောက် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကြီးကို ဝင်ကန်မိရာ ကြီးမားသော နွားခွာရာကြီး ထင်ကျန်ရစ်ခဲ့သည်။
" နွားကြီး... သေပေတော့" ချန်ရွှင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ကိုယ်ပွားများကြားတွင် အဆက်မပြတ် ဖြတ်သန်းသွားလာရင်း သူက ထူးဆန်းစွာ ရယ်မောနေသည်။ မီးလုံးပစ်လွှတ်ခြင်းပညာ ချန်ရွှင်သည် နွားနက်ကြီး၏ အနောက် မလှမ်းမကမ်းတွင် ရုတ်တရက် ပေါ်လာသည်။ လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ အလွန် များပြားသော မီးများ ကျဆင်းလာသည်။ နတ်အသိ ထိန်းချုပ်မှုအောက်တွင် မီးနဂါးကြီး တစ်ကောင်ကဲ့သို့ ဝင်ရောက်တိုက်ခိုက်ရာ နွားနက်ကြီး ရှောင်တိမ်းချိန်ပင် မရလိုက်ပေ။
ထိုမီးနဂါးကြီးသည် ချက်ချင်းပင် နွားနက်ကြီးအနီးသို့ ရောက်ရှိလာပြီး ထိမှန်ခါနီး ဖြစ်သွားသည်။ ထိုအချိန်တွင် နွားနက်ကြီး၏ ခန္ဓာကိုယ် ရုတ်တရက် တွန့်လိမ်သွားသည်။ နွားနက်ကြီးသည် လှောင်ပြုံး ပြုံးလိုက်သည်။ "အခြေခံ ဓာတ်ငါးပါး ကိုယ်ဖော့ပညာ" ကို သူလည်းတတ်သည်။ မီးနဂါးကြီးသည် သူ့ခန္ဓာကိုယ်ကို ဝါးမြိုသွားသော်လည်း မီးခိုးငွေ့များအဖြစ်သာ ပြောင်းလဲသွားသည်။
"တောက်... ခွေးကောင်"
ချန်ရွှင် ဒေါသထွက်သွားသည်။ သည် နွားနက်ကြီး က တော်တော် ကိုင်တွယ်ရ ခက်သည်။ သူ၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး နတ်အသိ ဖြင့် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသော နွားနက်ကြီး များကို အဆက်မပြတ် စောင့်ကြည့်နေသည်။
"မွန်း" နွားနက်ကြီး၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူသည် ရေပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ မိုးခြိမ်းသံကဲ့သို့ အသံကြီးများ ထွက်ပေါ်လာပြီး အရှိန်အဝါ တစ်ခု မြင့်တက်လာသည်။ ရုတ်တရက် အစီအရင်အလံ (၅) ခုသည် အရပ် (၄) မျက်နှာသို့ ကျရောက်သွားသည်။ ချန်ရွှင် များစွာသည် ဝိညာဉ်စွမ်းအား အပိုင်းအစများအဖြစ် ပေါက်ကွဲသွားပြီး သူ၏ မူလခန္ဓာကိုယ် ပေါ်လာတော့သည်။
"နွားကြီး... တောက်... အစီအရင် မသုံးရဘူးလို့ ပြောထားတယ်လေ" ချန်ရွှင် ဒေါသတကြီးဖြင့် တစ်လုံးချင်း ပြောလိုက်သည်။ "မင်း... ငါ့ကို ဟန်ဆောင် လှည့်စားရဲတယ်ပေါ့"
"မွန်း မွန်း" နွားနက်ကြီး ပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။
"နွားကောင် သေပေတော့" "မွန်း" သနားစရာ အော်သံတစ်ခု ထွက်ပေါ်လာပြီး နွားနက်ကြီးသည် ရေထဲသို့ ကျသွားသည်။ ထို့နောက် သူက အလစ်တိုက်ခိုက်ပြီး ချန်ရွှင်ကို ရေထဲ ဆွဲချလိုက်သည်။ သူတို့နှစ်ဦး ရေထဲတွင် လုံးထွေး သတ်ပုတ်နေကြသည်။ နောက်ဆုံးတွင် ချန်ရွှင်က ဆုံးဖြတ်ပိုင်ခွင့် ရှိသဖြင့် ချန်ရွှင်နိုင်သည်ဟု ဆုံးဖြတ်လိုက်သည်။ သူ ရေထဲတွင် အားရပါးရ ရယ်မောလိုက်ပြီး နွားနက်ကြီးကို အဆက်မပြတ် ရိုက်နှက်နေသည်။
" နွားနက်ကြီး... ကိုကြီးချန်ရွှင် နဲ့ လာပြိုင်ချင်သေးတယ်... မင်းက နုပါသေးတယ်ကွာ"
အခန်း (၇၈)
"မွန်း မွန်း.." ဤတစ်ကြိမ်တွင် နွားနက်ကြီး ဒေါသထွက်သွားသည်။ နှာခေါင်းမှ
"ဖူး... ဖူး..." ဟု အသံများ ထွက်ပေါ်နေသည်။
"ကဲပါ... မင်း နိုင်ပါတယ်... မင်း နိုင်ပါတယ်"
"မွန်း."
"တကယ် ပြောတာပါ... တက်လာခဲ့တော့"
ချန်ရွှင် ကမ်းပေါ်သို့ ဖြည်းညှင်းစွာ တက်လာသည်။ ဝိညာဉ်စွမ်းအားဖြင့် ကိုယ်ပေါ်မှ ရေများကို အငွေ့ပျံစေလိုက်ရာ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် ချက်ချင်း ခြောက်သွေ့သန့်ရှင်းသွားသည်။ နွားနက်ကြီးသည် ခေါင်းကို အဆက်မပြတ် ခါရမ်းနေသည်။ သူက ဝိညာဉ်စွမ်းအားဖြင့် အခြောက်ခံရသည်ကို မကြိုက်ပေ။ သည်အတိုင်း အခြောက်ခံရသည်ကိုသာ နှစ်သက်သည်။ သူသည် မြက်တစ်ဆုပ်ကို ကိုက်ဝါးလိုက်သည်။
"နွားကြီး... ဒီ အခြေခံ ဓာတ်ငါးပါး ကိုယ်ဖော့ပညာ က တကယ် မိုက်တယ်ကွ" ချန်ရွှင် ကမ်းပါးတွင် ထိုင်လျက် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူတို့ မျှော်လင့်ထားသည်ထက် အများကြီး သာလွန်နေသည်။ သူတို့ စိတ်ကူးထားသည်နှင့် လုံးဝ မတူပေ။ "မွန်း." နွားနက်ကြီး ခေါင်းညိတ် ထောက်ခံလိုက်သည်။
မူလ ဂါထာသည် မြေလျှိုးမိုးပျံနိုင်သော ပညာ မဟုတ်ပေ။ ချီသန့်စင်ခြင်းအဆင့် ဂါထာအသေးစားလေး တစ်ခုသာ ဖြစ်သည်။ ဓာတ်ငါးပါး သဘောတရားကို အသုံးပြုပြီး ဝိဉာဉ်ကိုယ်ပွားလေးတစ်ခု ဖန်တီးကာ ရန်သူကို လှည့်စားပြီး ထွက်ပြေးရန်သာ အသုံးဝင်သည်။ ဥပမာအားဖြင့် ရေထဲတွင် ရေဓာတ် ကိုယ်ပွား၊ မြေကြီးပေါ်တွင် မြေဓာတ် ကိုယ်ပွား စသည်ဖြင့် ဖန်တီးနိုင်သည်။ သို့သော် သူတို့ သည် အစောပိုင်းက အစစ်အမှန် စွမ်းရည်ကို ထုတ်မသုံးခဲ့ကြပေ။
သူတို့၏ ဝိဉာဉ်ကိုယ်ပွားများသည် အလွန် သက်ဝင်လှုပ်ရှားနေသည်။ မလှုပ်ရှားနိုင်သော်လည်း ရာပေါင်းများစွာ ခွဲခြား ဖန်တီးနိုင်ပြီး ဝိညာဉ်စွမ်းအား ကုန်ဆုံးသည်အထိ အစစ်နှင့် အတု ခွဲခြားရန် ခက်ခဲသည်။ သို့သော် မတော်တဆ ထိမိလိုက်ပါက ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားသည်။ ဓာတ်ငါးပါးအရိပ်သိုင်း နှင့် ပေါင်းစပ်လိုက်သောအခါ အလွန် ပြည့်စုံသွားသည်။ ကိုယ်ပွားများကြားတွင် ကူးသန်းသွားလာနိုင်သဖြင့် ထွက်ပြေးရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
နွားကြီး၏ ဝိညာဉ်စွမ်းအား အကာအကွယ်ကလည်း ဝိညာဉ်စွမ်းအားနှင့် ခံစစ်စွမ်းရည်၏ ပံ့ပိုးမှုကြောင့် ချန်ရွှင် အားကုန်ထုတ် တိုက်ခိုက်သော်လည်း မယိမ်းမယိုင် ရှိနေသည်။ အများဆုံး နောက်သို့ ခြေလှမ်း အနည်းငယ်သာ ဆုတ်သွားရသည်။
"နွားကြီး... ဒီ ချီသန့်စင်ခြင်းအဆင့် ဂါထာလေးတွေကို အထင်မသေးနဲ့နော်"
"မွန်း"
"မင်း ကိုယ်ပိုင် ကျင့်စဉ်တစ်ခု ဖန်တီးပြီး ကျင့်ကြံခြင်းလောကက လူတွေကို အကျိုးပြုနိုင်မလား... တကယ်လို့ မူပိုင်ခွင့်ကြေးသာ ကောက်လို့ရရင် သူများတွေ ချမ်းသာနေတာ ကြာပေါ့" "မွန်း မွန်း"
နွားနက်ကြီး လန့်သွားသည်။ ဟုတ်သားပဲ။ မူပိုင်ခွင့် ဆိုတာကို သူ နားမလည်သော်လည်း မီးလုံးပစ်လွှတ်ခြင်းပညာကဲ့သို့ ဂါထာမျိုးကိုပင် သူတို့ ကိုယ်တိုင် မဖန်တီးနိုင်ကြောင်း၊ လူအများကြီး ကျင့်ကြံနိုင်အောင် မလုပ်ပေးနိုင်ကြောင်း နားလည်လိုက်သည်။
"ဒါကြောင့် ငါတို့က ဂါထာအသေးစားလေးတွေကို များများ လေ့လာရမယ်... ဒါတွေက ရှေးလူကြီးတွေရဲ့ ဉာဏ်ပညာ အဆီအနှစ်တွေပဲ... အဲဒါမှ စစ်မှန်တဲ့ ရှေးဟောင်း အမွေအနှစ်တွေကွ" ချန်ရွှင် လေးနက်စွာ ပြောလိုက်သည်။ သူတို့မှာ ကောင်းမွန်သော အခြေအနေနှင့် ကံတရား မရှိသဖြင့် ဂါထာကြီးများ၊ ကျင့်စဉ်ကောင်းများကို လိုက်လံ ရှာဖွေနိုင်ခြင်း မရှိပေ။
"ဒီ ဂါထာလေးတွေက ဝယ်ရလွယ်တယ်... ကျင့်ကြံရ လွယ်တယ်... ဒီအထဲမှာ တူညီတဲ့ အချက်တွေ ရှိမှာပဲ"
တကယ်တော့ သူတို့ နေ့စဉ် လေညှင်းခံ ထွက်ရင်း တောင်ကမ်းပါးယံများ၊ လျှိုမြောင်များ၊ လူသူကင်းမဲ့သော ဂူများတွင် ကံစမ်းပြီး လိုက်ရှာဖူးသည်။ သို့သော် ဘာမှ မရှိပေ။ လှပသော ကျောက်တုံး အချို့တော့ ကောက်ရခဲ့သည်။ ဒါလည်း မဆိုးပါဘူးဟု ယူဆကာ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အလွန် ပျော်ရွှင်ခဲ့ကြသည်။
ဂါထာကြီးများ၊ ကျင့်စဉ်ကောင်းများ ဆိုသည်မှာ သူတစ်ပါး၏ အမွေအနှစ်များ ဖြစ်ကြပြီး တပည့်များကိုသာ လက်ဆင့်ကမ်းလေ့ ရှိသည်။ ဂိုဏ်းအကျိုးပြု ခန်းမဆောင်တွင် မရရှိနိုင်ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ရွှေအမြူတေအဆင့် ကျင့်ကြံသူများ ကွယ်လွန်ပြီးနောက် ဆက်ခံမည့်သူ မရှိမှသာ သူတို့၏ ပစ္စည်းများကို ခန်းမဆောင်တွင် ထားရှိကာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို လဲလှယ်ခွင့် ပေးလေ့ရှိသည်။ မျိုးဆက်မပြတ်စေရန်နှင့် သူတို့၏ သေဆုံးခြင်းကို အဓိပ္ပာယ်ရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အကယ်၍ ကိုယ့်အားကိုယ်ကိုးမည် ဆိုပါက ဝူယွင်ဂိုဏ်းအတွက် ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်မှသာ ဂိုဏ်းက အပိုဆုအဖြစ် ချီးမြှင့်မည် ဖြစ်သည်။ ဤနေရာသည် ပရဟိတ အသင်း မဟုတ်ပေ။ သူတို့ အများဆုံး လဲလှယ်သည်မှာ စာအုပ်များ၊ ဂါထာအသေးစားလေးများနှင့် အဆင့်နိမ့် ကုန်ကြမ်းပစ္စည်းများသာ ဖြစ်သည်။ အဆင့်မြင့် ကျင့်စဉ်များနှင့် ဂါထာများကို လုံးဝ စိတ်မဝင်စားပေ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သာမန်လူများသာ ဖြစ်ကြပြီး ကျင့်ကြံခြင်းလောကရှိ မရေမတွက်နိုင်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများထဲမှ သာမန် များသာ ဖြစ်ကြသည်။ ကံကောင်းခြင်းများနှင့် အခွင့်အရေးကြီးများသည် သူတို့ဆီကိုရောက်လာမည်မဟုတ်ပါ။
"မွန်း." နွားနက်ကြီး ချန်ရွှင်ကို ဝှေ့လိုက်ပြီး အံ့သြစွာ မေးလိုက်သည်။ "မွန်း မွန်း." "ပေါင်းစပ်လိုက်တာလေ... နွားကြီး... ငါတို့မှာ ပါရမီက ဒီလောက်ပဲ ရှိတာ... ကောင်းကောင်း ကြိုးစားရမှာပေါ့" ချန်ရွှင် နွားနက်ကြီးဘေးတွင် ကပ်ထိုင်ကာ ပြုံးလိုက်သည်။ "ငါတို့ရဲ့ ခံစစ်စွမ်းရည်က ဟိုတစ်ခါ သွေးကြောတွေ ကမောက်ကမ ဖြစ်တာကိုတောင် တောင့်ခံနိုင်ခဲ့တယ်လေ... နောက်ဆိုရင် အမှတ် ထပ်ပေါင်းပြီး ဂါထာတွေ၊ ကျင့်စဉ်တွေရဲ့ လည်ပတ်ပုံ လမ်းကြောင်းတွေကို စမ်းသပ်လို့ ရပြီ"
"မွန်း.." နွားနက်ကြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ချန်ရွှင် ပြောတာ အရမ်း မှန်သည်။ သူတို့က ကျင့်ကြံခြင်းလောကမှာ စီနီယာများဖြစ်နေကြပေပြီ။ ကိုယ်ပိုင် ကျင့်စဉ်နှင့် ဂါထာ ဖန်တီးမည် ဆိုပါက လည်ပတ်ပုံ လမ်းကြောင်းပေါင်းများစွာကို စမ်းသပ်ရမည် ဖြစ်သည်။ အကယ်၍ မှားယွင်းသွားပါက မပြင်းထန်လျှင် သွေးကြောများ ဖောက်ပြန်ပြီး ရူးသွပ်သွားနိုင်ကာ ပြင်းထန်လျှင် သေဆုံးသွားနိုင်သည်။
ထို့အပြင် သူသည် အစီအရင်ပေါင်းများစွာကို ထပ်ဆင့် ပေါင်းစပ်ချင်နေသည်။ သို့သော်စမ်းသပ်မှုများသည် တန်ပြန်သက်ရောက်မှုများကိုဖြစ်ပေါ်စေခဲ့သည်။ ဝိညာဉ်စွမ်းအား အကာအကွယ် ရှိနေ၍သာ ဒဏ်ရာအများအပြား မရရှိခြင်း ဖြစ်သည်။ သူ ယခုအခါ အစီအရင် အသေးစား နှစ်ခုကို ပေါင်းစပ်ရန်ပင် ခက်ခဲနေသည်။ နေ့စဉ် ဦးနှောက်ခြောက်မတတ် စဉ်းစားနေရသည်။ ဖြတ်လမ်းနည်း လုံးဝ မရှိပေ။ အတွေ့အကြုံများကို ဖြည်းဖြည်းချင်း စုဆောင်းယူရသည်။
"မွန်း မွန်း.." နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေသည်။ သူ သိုလှောင်အိတ် ထဲမှ အခြေခံ အစီအရင် ပေါင်းချုပ်ကျမ်း နှင့် ဂျိအစ်ကိုကြီး အပြင်က ပြန်လာတုန်းက ဝယ်လာပေးသော အစီအရင် စာအုပ်အချို့ကို ထုတ်လိုက်သည်။ ထိုပစ္စည်းများကို ချန်ရွှင် လုပ်ပေးထားသော ကောက်ရိုးဦးထုပ်ကြီးထဲတွင် အမြတ်တနိုး သိမ်းဆည်းထားသည်။ နွားနက်ကြီး မျက်လုံးများ ပြူးကျယ်လျက် နွားခွာဖြင့် စာအုပ်ကို ထောက်ပြကာ တမွန်းမွန်း အော်ဟစ်နေသည်။ သူ အခုမှ လမ်းစနင်းရုံ ရှိသေးသည်။
"စိတ်မပူပါနဲ့ နွားကြီး... မင်းက ငါ မြင်ဖူးသမျှထဲမှာ အတော်ဆုံး အစီအရင် ပါရမီရှင်ပဲ. သေချာပေါက် အောင်မြင်မှာပါ" ချန်ရွှင် သူ့သဘောကို နားလည်သည်။ လေသံနှင့် မျက်လုံးများက ယုံကြည်မှု အပြည့်ရှိနေသည်။ ဟန်ဆောင်မှု လုံးဝ မရှိပေ။ "ငါက ကျင့်စဉ်နဲ့ ဂါထာတွေကို လုပ်မယ်... မင်းက အစီအရင်ကို လုပ်... အဲဒါတွေက မစွမ်းဆောင်နိုင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ ငါတို့ ပညာရတာပေါ့... ဟုတ်တယ်မလား"
"မွန်း." နွားနက်ကြီး မျက်လုံးများ ပြူးကျယ်လျက် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ ချန်ရွှင်က ဉာဏ်ကြီးသည်။
"ဒါပေမဲ့ ဒါက ပြောသလောက် မလွယ်ဘူး... ဂါထာ အသေးစားလေးတွေ အများကြီး ကျင့်ကြံရမယ်... အတွေ့အကြုံတွေ စုဆောင်းဖို့ အချိန်တွေ အများကြီး ပေးရမယ်... ကျင့်ကြံသူတွေမှာ ဘယ်ကလာ ဒီလောက် အသက်ရှည်မှာလဲ…."ဒါပေမဲ့..." ချန်ရွှင် မျက်နှာ တည်ငြိမ်နေသည်။ ခပ်ဖြေးဖြေး ပြောလိုက်ပြီး စကားကို ရပ်လိုက်သည်။ သူ နွားနက်ကြီးကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။ နွားနက်ကြီးကလည်း သူ့ကို ဖြည်းညှင်းစွာ ပြန်ကြည့်လိုက်သည်။
"ငါတို့ဆီမှာ အပေါဆုံးက အချိန်ပဲလေ" "မွန်း." သူတို့ မျက်လုံးချင်း ဆုံလိုက်ကြသည်။ နှုတ်ခမ်းထောင့်စွန်းများ တဖြည်းဖြည်း ကွေးတက်သွားကာ တဟားဟားရယ်လိုက်ကြ၏။
နောက်ပိုင်း နှစ်များတွင် သူတို့ နှစ်တိုင်း ဂိုဏ်းအကျိုးပြု ခန်းမဆောင်သို့ သွားရောက်ပြီး "လေပြေပညာ"၊ "ရေခဲတောင်ကြားပညာ"၊ "သစ်ရွက်ငါးရွက်ပညာ" စသည့် ဂါထာ အသေးစားလေးများကို လဲလှယ်ကြသည်။ နွားနက်ကြီးကမူ အစီအရင် ကုန်ကြမ်းပစ္စည်းများကို အဆက်မပြတ် လဲလှယ်နေသည်။ ပျက်စီးမှု များပြားလွန်းသဖြင့် ချန်ရွှင်လည်း လက်နက် စတင် ပြုလုပ်နေပြီ ဖြစ်ရာ ကုန်ကြမ်း လဲလှယ်သည်က အချောထည် လဲလှယ်သည်ထက် ဈေးသက်သာသည်။
သူတို့ နှစ်တိုင်း အမှတ်များကို ပြောင်စင်အောင် သုံးပစ်ကြသည်။ နောက်ဆုံးတွင် ခန်းမဆောင် အကြီးအကဲများပင် မကြည့်ရက်တော့ဘဲ ဂါထာ အသေးစားလေး အချို့ကို ချန်ရွှင်အား လက်ဆောင် ပေးလိုက်ကြသည်။ ဤဂျူနီယာညီလေး အမှတ်များ ဖြုန်းနေသည်ကို ထပ်မမြင်ချင်တော့၍ ဖြစ်သည်။ သို့သော် ချန်ရွှင်က ဝမ်းသာအားရ လက်ခံလိုက်ပြီး ကျေးဇူးတင်စကား ပြောကြားကာ နောက်နှစ်ကျရင် ထပ်လာဦးမည်ဟု ပြောလိုက်သည်။ နွားနက်ကြီးကလည်း ဦးညွှတ်ပြီး ကျေးဇူးတင်နေသည်။ ဂိုဏ်းထဲမှာ လူကောင်းတွေ များတာပဲ။ ခန်းမဆောင် အကြီးအကဲများ အားလုံး ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့ကြသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အလုပ်ပြန်ရှုပ်လာကြသည်။ နေ့စဉ်အချိန်ဇယားများပြည့်ကြပ်နေသည်။ အထူးသဖြင့် ချန်ရွှင်သည် ဂါထာ အသေးစားလေးများ၏ စွမ်းဆောင်ရည်ကို ပိုမို သဘောကျလာသည်။ အရေးအကြီးဆုံး အချက်မှာ ဓာတ်ငါးပါး ဝိညာဉ်အမြစ် ပိုင်ရှင်များအတွက် အားသာချက် တစ်ခု ရှိသည်။ မည်သည့် ဂါထာကိုမဆို ကျင့်ကြံ၍ ရသည်။ ခြွင်းချက် သိပ်မရှိပေ။ ဂါထာ၏ စွမ်းအားက အခြားသူများထက် နည်းနည်း ညံ့ ပြီး၊ ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုက နည်းနည်း ပိုများ တာကလွဲလျှင် ဘာမှ မကွာခြားပေ။ နွားနက်ကြီးလည်း အစီအရင်ပညာကို ကျင့်ကြံနေသည်။ နေ့တိုင်း တမွန်းမွန်းအသံများ ထွက်ပေါ်နေသည်။ နွားတစ်ကောင်တွင် ရည်မှန်းချက် ရှိလာလျှင် ထာဝရအသက်ရှင်ခြင်းသည် ပိုမို အဓိပ္ပာယ် ရှိလာပေလိမ့်မည်။