← Chapters

ဆရာနတ်မင်းက အနာဂတ်ကို ကြိုတင် ခန့်မှန်းနိုင်တာလား

Vol. 1-5 Ch. 59

ဆရာနတ်မင်းက အနာဂတ်ကို ကြိုတင် ခန့်မှန်းနိုင်တာလား

Vol. 1-5 Ch. 59

အခန်း (၅၉) : ဆရာနတ်မင်းက အနာဂတ်ကို ကြိုတင် ခန့်မှန်းနိုင်တာလား

ထပ်ပြီးတော့ ကောင်းကင်ဝိညာဉ်ပြခန်းပဲလား…

ထိုနေရာက ကောလဟလတွေ ပြည့်နှက်နေသော နေရာဖြစ်တာကြောင့် ရှန်ထျန်း ခေါင်းပင် မူးသွားရသည်။

ရှန်ထျန်း အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကို ရောက်ခါစတုန်းက ထိုနေရာမှာ ဝိညာဉ်နတ်မိမယ်လေးနှင့် တွေ့ဆုံခဲ့သည်။

ဝိညာဉ်နတ်မိမယ်လေး စုန့်မိသားစုနှင့် အလုပ်လုပ်နေပုံကို ကြည့်ပြီး သတ္ထုရိုင်းတုံးတွေ ရှာပေးဖို့ သူ စဉ်းစားမိလာခြင်း ဖြစ်သည်။

ထို့နောက် အခု ရှန်ထျန်းဆီမှာ ခရမ်းရောင် ရွှေတူကို လက်ဝယ် ပိုင်ဆိုင်ထားသည်။

သူဌေးစုန့်က ထပ်လောင်းအနေနှင့် ရှန်ထျန်းကို စကြာဝဠာလက်စွပ်ကိုပါ ပေးခဲ့သည်။ ဤကောင်းကင်ဝိညာဉ်ပြခန်းက ကောင်းချီပေးခံထားရသော နယ်မြေလို့ပင် ပြောလို့ရနေပြီ။

ကျန်းယွင်ရှီးက ပြုံးရင်း မေးလိုက်သည် “မောင်လေးရှန်က အစ်မနဲ့ ကံစပ်သွားပြီဆိုတော့ အခုပဲ သတ္ထုရိုင်းတုံးတွေ သွားရှာပြီး အကဲဖြတ်လိုက်ရအောင်လေ”

ရှန်ထျန်းက ထိတ်လန့်စွာဖြင့် မှောင်မဲနေသော ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည် “အခုချက်ချင်းကြီးလား”

ကျန်းယွင်ရှီးက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည် “အစ်မလည်း မင်းရဲ့ အရည်အချင်းတွေကို ကြည့်ချင်လို့လေ”

အမှန်အတိုင်း ပြောရလျှင် သတ္ထုရိုင်းတုံးကနေ ရှန်ထျန်းက ဘာကို ရအောင် လုပ်ပေးမလဲဆိုတာကို ကျန်းယွင်ရှီး သိပ်ပြီး စိတ်မဝင်စားပေ။

သူမရဲ့ ရာထူးနှင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းတွေ ရမယ်ဆိုရင်တောင် ဘာလုပ်ရမှာလဲ…

ကျန်းယွင်ရှီးတို့ မိသားစုမှာ ဝိညာဉ်အသုံးအဆောင် ပစ္စည်းတွေ အများကြီး ရှိသည်။

သူမ စိတ်ဝင်စားတာက ဤကောင်လေးက သတ္ထုရိုင်းတုံး အကဲဖြတ်နိုင်စွမ်း ရှိ မရှိကိုသာ ဖြစ်သည်။

သတ္ထရိုင်းတုံး အကဲဖြတ်သူတွေက အနည်းဆုံး ရွှေအမြုတေအဆင့်နှင့် အထက်မှာရှိပြီး သူတို့ရဲ့အသက်ကလည်း တစ်ရာနှင့်အထက်မှာ ရှိကြသည်။

အချိန်အတော်ကြာ သင်ယူထားမှသာ ကျွမ်းကျင်မှု ရှိနိုင်သော ပညာရပ်ဖြစ်တာကြောင့် ငယ်ရွယ်သူတွေအဖို့ နားလည်တတ်ကျွမ်းရန် ခက်ခဲလှသည်။

ကျန်းယွင်ရှီး၏ စုံစမ်းထားချက်တွေအရ တခြားသူတွေကို သတ္ထုရိုင်းတုံး ရှာပေးတဲ့နေရာမှာ ရှန်ထျန်း၏ အောင်မြင်နှုန်းက ရာခိုင်နှုန်းအပြည့် ဖြစ်တာကြောင့် သူမ မယုံနိုင် ဖြစ်နေရသည်။

ကောလဟလတွေအရ သည်ကောင်လေးက ထိုက်ပိုင်ချိုင့်ဝှမ်းက လီလျန်အာကိုလည်း ရတနာခုနစ်သွယ် နတ်ဘူးသီး အစေ့ရဖို့ ကူညီထားသည်ဟု ကြားထားသည်။

နတ်ဘူးသီး အစေ့က ဝိညာဉ်သစ်ပင်စာရင်းမှာ အဆင့်(၃၆)ချိတ်သောကြောင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေပင် ထိုပစ္စည်းကို လျစ်လျူရှုမထားနိုင်ပေ။

ကျင်ကြံရေးလောကက သတင်းတွေက အမှားတွေနှင့် အပိုတွေ များတာကြောင့် ကျန်းယွင်ရှီးက အပြည့်အဝ မယုံကြည်နိုင် ဖြစ်နေရသည်။

သို့သော် ရှန်ထျန်းကို ‘ဆရာနတ်မင်း’ဟု ခေါ်နေကြတာကြောင့် ဒီလူက ကျန်းယွင်ရှီး၏ အာရုံကို ဖမ်းစားနိုင်ပြီး သူမ အာရုံစိုက်လာအောင်တော့ လုပ်နိုင်ခဲ့သည်။

အစတုန်းကတော့ ညဘက်ကြီး သတ္ထုရိုင်းတုံးကို ရှာဖွေအကဲဖြတ်ဖို့ အတွက် ရှန်ထျန်း မသွားချင်ပေ။

မိုးကြိုးပစ်ခံထားရသည့်အတွက် အခုထိ တလှုပ်လှုပ် ဖြစ်နေသော စည်းကမ်းကိုင် အဖွဲ့ဝင်များနှင့် အခုထိ သတိမေ့နေသော ကွေ့ကုန်းကုန်းကို ကြည့်ကာ ရှန်ထျန်းတစ်ယောက် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်

“နတ်မိမယ်ကျန်းက တကယ် စိတ်မရှည်တတ်တာပဲကိုး။ ခဏလောက် စောင့်ပေးပါဦးဗျာ။ ရေချိုးပြီး အဝတ်အစား လဲလိုက်ဦးမယ်ဗျ”

ရှန်ထျန်းက ပြောပြီးတာနှင့် ရေချိုးခန်းထဲသို့ ဝင်သွားသည်။

မျက်နှာနီရဲကာ ရှက်နေသော ကျန်းယွင်ရှီးကတော့ အပြင်ဘက်မှာ မတ်တပ်ရပ်ပြီး ကျန်နေခဲ့သည်။

ဒီကောင်လေးက ငါ့ကို ဒီနေရာမှာထားသွားပြီးတော့ ရေသွားချိုးရဲတာပေါ့လေ…

သူမ ဘယ်တုန်းကမှ အခုလိုမျိုး လျစ်လျူရှု မခံရဖူးသည့်အတွက် ကျန်းယွင်ရှီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ထားလိုက်ပါ… အကုန်လုံးက သူ သတ္ထုရိုင်းတုံး ရှာဖွေအကဲဖြတ်ပေးတဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်လို့ ပြောထားတယ်ဆိုတော့ ရေချိုးဖို့ လိုအပ်တဲ့ လျှို့ဝှက်နည်းလမ်းတွေ ဘာတွေ ရှိလို့နေမှာပေါ့လေ…

ကျန်းယွင်ရှီးက တံခါးရှေ့မှာ ရပ်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။

သူမဘဝမှာ ယခုတစ်ခါက စိတ်အရှည်ဆုံးပင် ဖြစ်၏။

ထိုအချိန်တွင် လက်နှစ်ဖက်ကို မြှောက်ထားရင်း အထဲဝင်လာသော သူတစ်ယောက် ရှိသည်။

ကျန်းယွင်ရှီး သူ့ကို ကြည့်နေတာကိုတွေ့တော့ မြန်မြန်ရှင်းပြလိုက်သည်

“မိန်းကလေး အထင်မလွဲပါနဲ့… ကျွန်တော်က ရန်သူမဟုတ်ပါဘူး။ ရန်သူ မဟုတ်ပါဘူးဗျာ”

ချင်ကောင်းက ရှင်းပြပြီးသည်နှင့် ကွေ့ကုန်းကုန်းဆီ သွားကာ ကုန်းပိုးလိုက်သည်။ ထို့နောက် ရေချိုးခန်းဘက်ကို လှမ်းကြည့်ရင်း သူ့အကြည့်ထဲမှာ စိတ်ကျေနပ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပါဝင်နေသည်။

ချင်ကောင်းက ကျန်းယွင်ရှီးကို ကြည်ကာ သူမကို အားပေးလိုက်သည်။

“မိန်းကလေး အကောင်းဆုံးကြိုးစားပါ။ အားပေးနေမယ်နော်။ အရှင့်သားက အသက်(၁၆)နှစ် ပြည့်သွားပေမယ့် အခုထိ လက်မထပ်ရသေးဘူး။ အဲဒါကြောင့် ဘာမှစိတ်မပူပါနဲ့… ဘာမှမစိုးရိမ်ပဲ အရှင့်သားနဲ့ ကောင်းကောင်း နားလိုက်ပါနော်။ ကျွန်တော် တံခါးမှာ စောင့်ပေးနေပါ့မယ်။

ကျန်တဲ့သူတွေ လာပြီးတော့ မနှောင့်ယှက်စေရဘူးလို့ ကျွန်တော် အာမခံတယ်။ မိန်းကလေး တွေဝေမနေဘဲ သတ္တိမွေးပြီး လုပ်သာလုပ်”

ချင်ကောင်း၏ ဝေခွဲမရသော စကားလုံးတွေကို နားထောင်ရင်း ကျန်းယွင်ရှီး နားမလည်နိုင် ဖြစ်လာရသည်။

ထို့နောက် သူမမျက်နှာက အနီရောင်သို့ ပြောင်းသွားရတော့သည်။

သိပ်မကြာခင်မှာပဲ အဖြူရောင်မိုးကြိုး ထပ်မံထွက်ပေါ်လာလေသည်။

အော်သံထွက်ပြီးနောက် ချင်ကောင်းလည်း ကွေ့ကုန်းကုန်း၏ ခြေရာအတိုင်း လိုက်သွားရတော့သည်။

“သူက ဘယ်သူလဲ။ အရမ်းကို အရှက်မရှိလိုက်တာ” ကျန်းယွင်ရှီးက ရှက်ပြီး ဒေါသထွက်နေသည်။

သူမ ဘေးပတ်လည်ကို ကြည့်လိုက်တော့ ရေငွေ့တွေ ပြည့်နေသော ရေချိုးခန်းဆီသို့ အကြည့်ရောက်သွားရသည်။

ငါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မပါ… ဘယ်လိုလုပ်ပြီးတော့ ကောင်လေးတစ်ယောက် ရေချိုးနေတာကို ချောင်းကြည့်ရမှာလဲ…

ကျန်းယွင်ရှီးက ဓမ္မစွမ်းအားကို အသုံးပြုပြီး ကွေ့ကုန်းကုန်းနှင့်ချင်ကောင်းကို တံခါးအပြင်ဘက်သို့ ပို့လိုက်သည်။

ဒီလိုအဓိပ္ပာယ်မရှိတဲ့ စကားမျိုးကို ဘယ်သူက ပြောခိုင်းလို့လဲ… အပြင်မှာ လေအေးလေးကို ခံစားနေလိုက်တော့…

အပြင်မှာ နောက်ထပ် တစ်ယောက် မေ့လဲသွားသည်ကိုတော့ ရေချိုးနေသော ရှန်ထျန်း မသိလိုက်ပေ။

ကျန်းယွင်ရှီးနှင့် အပြင်မထွက်ခင် သူ အဝတ်အစားလဲပြီး ရေချိုးချင်သည့် အကြောင်းအရင်းက ရှင်းလင်းလှသည်။ ကျန်းယွင်ရှီး၏ ခေါင်းပေါ်က ကံအပြောင်းအလဲတွေ့ကိန်းက သူ့ကို အင်တင်တင် ဖြစ်စေမိသည်။

ထို့ကြောင့် သူမရဲ့ခေါင်းပေါ်က ပုံရိပ်ကို သေချာရှင်းလင်းအောင် မြင်ဖို့အတွက် အချိန်နည်းနည်းယူဖို့ လိုအပ်နေသည်။

ရှန်ထျန်းက ရေနွေးထဲသို့ လည်ပင်းထိ နစ်မြုပ်စေလိုက်သည်။

ထိုအခိုက်အတန့်မှာ အရမ်းကို သက်တောင့်သက်သာဖြစ်သည့် ခံစားချက်ကို ရှန်ထျန်း ရလိုက်သည်။

အပြင်ဘက်က သူတော်စင်မအနေနှင့် အလောတကြီး ဖြစ်မနေသင့်ပေ။

ရေစိမ်ကန်ထဲမှာ တစ်နာရီလောက် အချိန်ဖြုန်းပြီးနောက် ရှန်ထျန်း ပိုပြီးတော့ နေလို့ကောင်းသွားသည်။

သူ ရေစိမ်ကန်ထဲကနေ ထွက်ကာ ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် သုတ်ပြီး အဝတ်အစားတွေကို ဝတ်ဆင်လိုက်သည်။

ရှန်ထျန်း ရေချိုးခန်းထဲကနေ ထွက်လာတော့ ခြေလှမ်းငါးလှမ်းအကွာမှာ သူ့ကို စိုက်ကြည့်နေသော ကျန်းယွင်ရှီးကို တွေ့လိုက်ရသည်။

သူမက ရှန်ထျန်းကို တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြောလိုက်သည်

“မောင်လေးရှန် ရေချိုးပြီးသွားပြီပဲ။ ရေချိုးဖို့ အချိန်နည်းနည်း ထပ်လိုသေးလား”

ရှန်ထျန်းက ခေါင်းယမ်းပြကာ ပြုံးရင်း ပြောလိုက်သည် “မလိုပါဘူး။ နတ်မိမယ်ကျန်း အဆင်သင့်ဖြစ်ရင် သွားရအောင်လေဗျာ”

ကျန်းယွင်ရှီးက အခန်းတံခါးကို စိုက်ကြည့်ရင်း ပြောလိုက်သည်

“ဒါဆိုလည်း သွားကြတာပေါ့”

ရှန်ထျန်း တံခါးဖွင့်လိုက်ပြီးနောက် ယခုမှ သတိရလာကြသော မျက်နှာတွေ မည်းနေကြသည့် ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းကို တွေ့လိုက်ရသည်။

ကျန်းယွင်ရှီးက တည်ငြိမ်စွာ ပြောလိုက်သည် “ရှင်တို့နှစ်ယောက်လည်း အတူတူလိုက်ခဲ့”

ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းက စိုးရိမ်စွာဖြင့် အချင်းချင်းကြည့်လိုက်မိသည်။

ဒီမကောင်းဆိုးဝါးမနဲ့အတူ အရှင့်သား တစ်ယောက်တည်း သတ္ထုရိုင်းတုံး သွားရှာပေးရမယ်ဆိုရင် အရမ်းအန္တရာယ်များတယ်…

အရှင့်သားက သတ္ထုရိုင်းတုံးဆီကနေ ကောင်းတဲ့ ပစ္စည်းမရခဲ့ရင် သူမက မကျေမနပ်ဖြစ်ပြီးတော့ အရှင့်သားကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ…

ထိုအကြောင်းတွေကို စဉ်းစားရင်း နှစ်ယောက်လုံးက ခေါင်းညိတ်ပြလိုက်ကြသည်။

အရှင့်သားကို ကာကွယ်နိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်ထားရမယ်…

ဤသို့ဖြင့် သူတို့ ကောင်းကင်ဝိညာဉ်ပြခန်းဆီသို့ ဦးတည်သွားလိုက်ကြသည်။

ညမှောင်လာသည့်အတွက် လမ်းမပေါ်မှာ သွားလာနေသည့် လူအရေအတွက်လည်း ပိုမိုလျော့နည်းလာသည်။

ရှန်ထျန်းက တာအိုဝတ်ရုံကို လဲလိုက်ပြီ ဖြစ်တာကြောင့် ကောင်းကင်ဝိညာဉ်ပြခန်းကို သွားသည့်လမ်းမှာ အာရုံစိုက်ခြင်း မခံရတော့ပေ။

ကောင်းကင်ဝိညာဉ်ပြခန်း ပိတ်တော့မှာ ဖြစ်တာကြောင့် ဆိုင်ထဲမှာ လူအနည်းငယ်သာ ကျန်ရှိတော့သည်။

ကံကောင်းသူ နံပါတ်(၁) လျှိုကျစ်ကျား၊ ကံကောင်းသူနံပါတ်(၂) လျှိုထိုက်ယီနှင့် ရှုန်းမုန့်တို့က ထိုနေရာမှာ ရှိနေဆဲပင် ဖြစ်သည်။

သူတို့က နတ်မင်းအသင်းဝင်အဖွဲ့ကို တည်ထောင်သူတွေဖြစ်တာကြောင့် အဖွဲ့ထဲ လူအသစ်ဝင်မည့်ကိစ္စကို သူဌေးစုန့်နှင့် တိုင်ပင်နေကြခြင်း ဖြစ်သည်။

“သူဌေးစုန့်ကလည်းဗျာ… ကိုယ့်ကိုယ်ကို နှိမ့်ချမနေပါနှင့်တော့။ နတ်မင်းအသင်းဝင်အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်နိုင်တာ သူဌေးအပြင် မရှိတော့ပါဘူး”

“ဟုတ်တယ် သူဌေးစုန့်… ကျုပ်နဲ့ လျိုထိုက်ယီက ဘယ်တုန်းကမှ တခြားလူတစ်ယောက်ကို အထင်မကြီးခဲ့ဖူးဘူး။ သူဌေးက ပထမဆုံးပဲဗျ”

သူတို့၏ မြှောက်ပင့်သောစကားကြောင့် သူဌေးစုန့်၏ မျက်နှာမှာ အပြုံးပန်းတို့ ဝေဆာသွားရသည်။

သူက လက်ယမ်းပြကာ ပြောလိုက်သည် “မင်းတို့ကလည်း မြှောက်နေပြန်ပြီကွာ… ဘယ်လိုလုပ်ပြီးတော့ အဲဒီနေရာကို ယူရဲပါ့မလဲ။ ‘နတ်မင်းအသင်းဝင်များ’ကို မင်းတို့သုံးယောက် တည်ထောင်ထားတာလေ။ မင်းတို့သုံးယောက်ထဲကပဲ အကြီးအကဲနေရာကို ယူသင့်တာပါ”

လျိုကျစ်ကျားက ပြောလိုက်သည် “သူဌေးစုန့်က အရမ်းနှိမ့်ချတာပဲဗျာ”

လျှိုထိုက်ယီက ပြောလိုက်သည် “သူဌေးက ဒီနေရာနဲ့ ထိုက်တန်ပါတယ်”

ရှုန်းမုန့်ကလည်း ဝင်ပြောလိုက်သည် “ကျုပ်လည်း ထောက်ခံတယ်”

သူဌေးစုန့်၏ အပြုံးက နွေးထွေးသထက် နွေးထွေးလာရသည်။ သို့သော် ပြတ်သားစွာ ငြင်းဆိုနေဆဲဖြစ်သည်။

“ကျုပ်က ဘယ်လိုလုပ်ပြီး ယူရဲပါ့မလဲ။ နတ်မင်းအသင်းဝင်များအဖွဲ့က ဆရာနတ်မင်း ပိုင်တာလေဗျာ...

အဖွဲ့ရဲ့ အကြီးအကဲကို ဆုံးဖြတ်တဲ့ကိစ္စက လေးနက်တယ်။ ဆရာနတ်မင်း မရှိတဲ့နောက်မှာ ကျုပ်တို့ဘာသာကျုပ်တို့ မဆုံးဖြတ်ချင်ဘူး။ ကျုပ်တို့ မနက်ဖြန်ထိစောင့်ပြီးတော့ ဆရာနတ်မင်းကို ဆုံးဖြတ်ခိုင်းရင် ဘယ်လိုလဲ”

သူဌေးစုန့် ပြောလို့ပြီးသွားတော့ ဝတ်ရုံဖြူ ဝတ်ထားသော အမျိုးသားတစ်ယောက် တံခါးကနေ ဝင်လာသည်ကို တွေ့လိုက်ရသည်။

သူတို့လေးယောက် သေချာသတိထားကြည့်လိုက်သည့်အခါ ချောမောသော မျက်နှာထားကို တွေ့လိုက်ရသည့်အတွက် ဘယ်သူဆိုတာကို ကောင်းကောင်းသိလိုက်ကြသည်။

ဒါ သူတို့ပြောနေတဲ့ ဆရာနတ်မင်းပဲ…

ဆရာနတ်မင်းက အနာဂတ်ကိုပါ ကြိုတင်ခန့်မှန်းနိုင်နေပြီးတော့ ငါတို့ရဲ့ပြဿနာတွေကို ရှင်းပေးဖို့ လာခဲ့တာများလား…

All Chapters