မိုးကြိုးမုန်တိုင်းကြီး လာနေချေပြီ
Vol. 1-5 Ch. 61
အခန်း (၆၁) : မိုးကြိုးမုန်တိုင်းကြီး လာနေချေပြီ
ကျောက်တုံးကို မြင်သောအခါ ကျန်းယွင်ရှီးတစ်ယောက် မျက်မှောင်ကြုတ်မိသွားသည်။
သူမက သတ္တုရိုင်းတုံး အကဲဖြတ်ရာတွင် မကျွမ်းကျင်သော်လည်း မြောက်များစွာသော ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်ဆရာများကို တွေ့ဖူး မြင်ဖူးသည်။ ပြောရမည်ဆိုလျှင် သူမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ကြီးပြင်းလာရသည် မဟုတ်ပါလော။
ပုံမှန်အားဖြင့် အက်ကြောင်းများ ပါနေသည့် ဝိညာဉ်သတ္တုရိုင်းတုံးများကို “ပင့်ကူ သတ္တုရိုင်းတုံးများ” ဟု ခေါ်ဆိုကြသည်။ သူတို့၏ အပေါ်ယံ အကာအကွယ်အလွှာက ပျက်ဆီးနေပြီ ဖြစ်သဖြင့် သည်လိုမျိုး သတ္တုရိုင်းတုံးများကို အမှိုက်သရိုက်များအဖြစ် တစ်လောကလုံးက လက်ခံထားကြလေသည်။ သူတို့ထဲတွင် ရတနာများ ရှိနေခဲ့လျှင်ပင် ထိုရတနာတို့၏ အရင်းအမြစ်မှာ အလွယ်တကူ ပျောက်ဆုံးသွားပြီးသား ဖြစ်နေလိမ့်မည်။ ထို့ကြောင့် အထဲမှာ ဘယ်လောက်ကောင်းသည့် ရတနာပဲရှိရှိ၊ အသုံးမဝင်သည့် အမှိုက်သရိုက်များသာ ဖြစ်သွားကြလိမ့်မည်သာ ဖြစ်၏။
“လူကြီးမင်းရှန်… ဒီအထဲမှာ ပစ္စည်းကောင်း ရှိနေတယ်ဆိုတာ သေချာရဲ့လား” ကျန်းယွင်ရှီးက မေးခွန်းထုတ်လိုက်သည် “ကျွန်မကတော့ ဒီလိုမထင်မိဘူးရှင့်”
ကျန်းယွင်ရှီးက ရှန်ထျန်း၏ ရွေးချယ်မှုကို မေးခွန်းထုတ်နေသည်ကို မြင်သောအခါ သူဌေးစုန့်တစ်ယောက် ဒေါသပုန်ထသွားလေ၏။
သူက မဲ့ရွဲ့ကာ ပြောလိုက်သည်
“မင်းက ဆရာနတ်မင်းရဲ့ အကူအညီကို လာတောင်းနေပြီးတော့ ဘာဖြစ်လို့ ဆရာကို မယုံကြည်ရတာလဲ။ ဆရာနတ်မင်းက သူ့အလုပ်မှာ အရမ်းကို တော်တာ… မင်းက ဘယ်သူမို့လို့ ဆရာကို လာပြီး မေးခွန်းထုတ်နေတာလဲကွ”
ကျန်းယွင်ရှီးက သူဌေးစုန့်အား အေးစက်စွာ ကြည့်ကာ ပြောလိုက်သည် “ရှင်တို့က ကျွန်မကို လှည့်စားပြီး ငွေလိမ်ယူမလို့ လုပ်နေကြတာလား”
ပင့်ကူ သတ္တုရိုင်းတုံးအား အသုံးမကျသည့် အမှိုက်သရိုက်အဖြစ် လူသိများကြလေသည်။ ထို့ကြောင့် အထဲ၌ ရှိနေသည့်အရာများက ထာဝရ သတ္တုတို့၊ ဆန်းကြယ်မြေတို့၊ ဒါမှမဟုတ် ဝိညာဉ်သစ်ပင်တို့လိုမျိုး အချိန်ကြာလည်း မပုပ်သိုးသွားမည့် အရာများသာ မဟုတ်ပါက ထိုပင့်ကူသတ္တုရိုင်းတုံးထဲမှ ပစ္စည်းကောင်း ရဖို့ရာမှာ မဖြစ်နိုင်ချေ။ ထို့အပြင် ထိုသို့သော ရတနာများမှာ အရှေ့ပိုင်းလွင်ပြင်ဒေသ တစ်ခုလုံးတွင်ပင် ရှာတွေ့နိုင်ဖို့ရန် အင်မတန် ခက်ခဲသည့် ပစ္စည်းများ ဖြစ်ပေသည်။
ထိုပစ္စည်းများကို ရှာရန်အတွက် ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်ဆရာပေါင်းများစွာက နှစ်ကာလများစွာကို ကုန်ဆုံးစေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရလေ၏။
ဤသတ္တုရိုင်းတုံးမှာ အရွယ်အစားအားဖြင့် ကြီးမားကာ ရှေးဟောင်းစစ်မြေပြင်ထဲမှ ထုတ်လာသည့်အရာ ဖြစ်နေသည့်တိုင်အောင် သူ့အပေါ်မှ အက်ကြောင်းများကို ကြည့်လိုက်ပါက ဝိညာဉ်ကျောက်တုံး တစ်သိန်းဈေး ပေးဝယ်ဖို့ရာ မတန်ပေ။ အထဲ၌ ပစ္စည်းကောင်း ပါလာနိုင်ခြေမှာ အရမ်းကို နည်းလွန်းနေသည်။
ကျန်းယွင်ရှီး၏ စကားများကြောင့် သူဌေးစုန့် မျက်နှာ နီရဲသွားရသည်။
“ကျုပ် မင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါ့မယ်။ ဟုတ်တယ်… ကျုပ် ဈေးကို နည်းနည်းမြင့်တောင်းထားတာ မှန်တယ်။ ဒီပင့်ကူသတ္တုရိုင်းတုံးကို ကျုပ် ဝယ်တုန်းက ဝိညာဉ်ကျောက်တုံး ငါးသောင်းပဲ ပေးခဲ့ရတာ။ ဒါပေမဲ့… ရောင်းကုန်တွေကို ဈေးမြင့် တောင်းထားမှာကတော့ ကျုပ်တို့ရောင်းသူတွေရဲ့ ထုံးစံပဲလေ… ဆရာနတ်မင်းက ဒီအတုံးကို ရွေးချယ်လိုက်တယ်ဆိုတော့ မင်းရဲ့ ဝိညာဉ်ကျောက်တုံး တစ်သိန်းက တန်တန်ရာရာ ပြန်ရမယ်ဆိုတာ ကျုပ် ကတိပေးတယ်ဗျာ” သူဌေးစုန့်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
“မင်း ပိုက်ဆံမတတ်နိုင်ဘူးဆိုရင်လည်း မဝယ်လို့ရတယ်။ အေး ဒါပေမဲ့… ကျုပ်တို့ရဲ့ ဆရာနတ်မင်းကို ဒီလိုမျိုး မေးခွန်းလာထုတ်တာမျိုးတော့ လက်မခံဘူးဟေ့။ ဒီဟာကို မင်း မဝယ်ဘူးဆိုရင် ကျုပ်ဘာသာ လှီးဖြတ်ဖွင့်ပြီး အထဲမှာ ဘာရှိလဲဆိုတာ မင်းကို ပြမယ်။ ဒါမှ ကျုပ်တို့ ဆရာနတ်မင်းက ဘယ်လောက်တော်သလဲဆိုတာကို မင်း သိမှာ”
ထို့နောက် သူဌေးစုန့်က ရှန်ထျန်းအား ကြည့်လိုက်လေသည်။
“ဆရာနတ်မင်း... တကယ်လို့ ဆရာသာ လိုချင်ရင် ကျုပ် ဒီဟာကို ဝိညာဉ်ကျောက်တုံး ငါးသောင်းတည်းနဲ့ ဆရာကို ရောင်းမယ်ဗျာ။ အဲဒါအပြင်ကို ကျုပ်ကိုယ်တိုင် အလကား အခမဲ့ ဖြတ်ဖွင့်ပေးဦးမှာဗျ… ဒါကို ဆရာဘာသာပဲ ယူလိုက်ပါ။ ဒါမှ ဒီသူငယ်မလေး နောင်တဆိုတာ ဘာမှန်း သိသွားမှာ”
လျိုကျစ်ကျားနှင့် ရှုန်းမုန့်တို့မှာလည်း အကုန်လုံး အံ့သြကုန်ကြသည်။
လျိုထိုက်ယီကတော့ မြန်မြန်ဆန်ဆန် မလှုပ်ရှားဘဲ ဆရာနတ်မင်းအား အချိန်မီ မဖားနိုင်လိုက်သဖြင့် သူ့ကိုယ်သူ အပြစ်တင်နေလေ၏။
ဘာဖြစ်လို့များ သူဌေးစုန့်က အမြဲတမ်း လှုပ်ရှားတာ မြန်နိုင်လွန်းရတာလဲ… ဒီလိုအချိန်မှာ ဘာလုပ်ရမလဲဆိုတာကို ငါလည်း သိတယ်လေ… ဒါကို ဘာလို့များ ငါက သူဌေးစုန့်ထက် အမြဲလက်နှေးနေရတာတုန်း…
မိုးနတ်မင်းကြီးရေ… သူဌေးစုန့်က ကျွန်တော့်ထက် ဒီလောက် ပိုတော်နေတဲ့ဟာကို ဘာဖြစ်လို့ ကျွန်တော် ဒီနေရာမှာ ရှိနေသေးရတာတုန်းဗျာ…
တစ်ဖက်တွင်မူ ကျန်းယွင်ရှီးက ရှန်ထျန်းနှင့် သူဌေးစုန့်တို့ကို စိုက်ကြည့်လိုက်သည်။ သူတို့ကို ကြည့်ရတာက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ လူလိမ်လူညာများနှင့် တူနေသည်လေ။ အကယ်၍ ရှန်ထျန်းက တကယ့် ပန်းသီးပုပ်တစ်လုံး ဖြစ်နေခဲ့လျှင် သူမ တကယ် ဒေါသထွက်မိလိမ့်မည်။
ဟင်း… ငါလေး သူ့ကို ယုံလိုက်ရမလား…
သူမ၏ ဇာမဏီငှက်မွေး မျက်နှာဖုံးအောက်တွင် ကျန်းယွင်ရှီးက မျက်မှောင်ကြုတ်လိုက်မိသည်။
အရိုးသားဆုံး ပြောရလျှင် တချို့ ဝိညာဉ်သတ္တရိုင်းတုံး အကဲဖြတ်သူများသည် အင်မတန် ပါရမီထူးကာ ပုံမလာသည့် သတ္တုရိုင်းတုံးတွေထဲမှ ရတနာများကို ရှာတွေ့နိုင်မှန်း သူမ သိသည်။ သို့သော် ထိုလူများထဲမှ တစ်ယောက် ဖြစ်နေရန်မှာလည်း ရှန်ထျန်းက အလွန်ငယ်နေသေး၏။ ထို့ထက် ပိုပြီး အရေးအကြီးဆုံး အချက်မှာ ရှန်ထျန်းက သတ္တုရိုင်းတုံးကို ရွေးစဉ်က မည်သည့်စွမ်းအားကိုမှ မသုံးခဲ့တာကို ကျန်းယွင်ရှီးက သတိထားမိခဲ့ခြင်းပင်။
အကဲဖြတ်ဆရာ အားလုံး မဟုတ်လျှင်တောင်မှ အားလုံးနီးပါးက သတ္တုရိုင်းတုံးများကို အကဲဖြတ်ဖို့အတွက် ဆန်းကြယ်ပညာရပ်များကို ရွတ်ဖတ်သည့် အချိန်တွင် သူတို့၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန် လိုအပ်ကြသည်။ ထို့ကြောင့် အဆင့်မြင့်ကျင့်ကြံသူ တစ်ဦး ဖြစ်နေပါက ပတ်ဝန်းကျင်ရှိ ငယ်သေးသော စွမ်းအင်အပြောင်းအလဲကို သတိပြုမိမည် ဖြစ်သည်။
သို့သော် ရှန်ထျန်း သတ္တုရိုင်းတုံးများကို ကြည့်ရှုရွေးချယ်နေစဉ် ကျန်းယွင်ရှီးက မည်သည့်အပြောင်းအလဲကိုမှ မခံစားမိချေ။ သူက သတ္တုရိုင်းတုံး၏ ပုံသဏ္ဍာန်ကိုသာ ကြည့်ကာ သူ လိုချင်တာကို ကောက်ရွေးလိုက်ခြင်း ဖြစ်သည်။ အတော်ဆုံး ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်သူပင် ထိုသို့ မလုပ်နိုင်ပေ။ ဆန်းကြယ်ပညာရပ် တစ်ခုခုမှ မပါဘဲ ပင့်ကူသတ္တုရိုင်းတုံးတစ်တုံးအား ထိုးဖောက်ကြည့်ဖို့ရာမှာ လုံးဝ မဖြစ်နိုင်ချေ။
ဤအချက်က ကျန်းယွင်ရှီး၏ ရှန်ထျန်းအပေါ် ယုံကြည်မှုကို လျော့သွားစေခဲ့လေသည်။
သူမက ပင့်ကူသတ္တုရိုင်းတုံးကို မတင်မကျ ခံစားချက်တို့ဖြင့် ကြည့်လိုက်သည်။ နည်းလမ်းကျကျ ရှုထောင့်မှ ကြည့်မည်ဆိုပါက ဤသတ္တုရိုင်းတုံးထဲတွင် ကောင်းသည့်အရာ ပါလိမ့်မည်ဟု သူမက မယုံကြည်ပေ။ တစ်ချိန်တည်းဆိုသလိုပင် စိတ်ခံစားချက် ရှုထောင့်မှ ကြည့်မည်ဆိုပါကလည်း သူမက ရှန်ထျန်းသည် သူဌေးစုန့် ငှားထားသည့် သရုပ်ဆောင်တစ်ယောက် ဖြစ်နေစေဖို့ မျှော်လင့်မိသည်။ စောစောတုန်းက သူဌေးစုန့်၏ စကားများက သူမအား အမှန်တကယ် ဒေါသထွက်ကာ သွေးကြီးသွားစေခဲ့သည်။
“ပိုက်ဆံမတတ်နိုင်ဘူး ဟုတ်လား”
ဝိညာဉ်ကျောက်တုံး တစ်သိန်းလေးကိုများ… ကျွန်မက ပိုက်ဆံမတတ်နိုင်ဘူးလို့ လာပြောရဲတယ်ပေါ့လေ… ဒီအတွက် ရှင်တို့ ပြန်ပေးဆပ်ရစေမယ်…
ကျန်းယွင်ရှီးက မဲ့ကာ ဝိညာဉ်သလင်းကျောက် အတုံးတစ်ရာကို ထုတ်ယူလိုက်သည်။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည် “ဝိညာဉ်ကျောက်တုံး တစ်သိန်းလေးကိုများ ဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်နေတာလဲ… လူကြီးမင်းရှန်က ဒီပင့်ကူသတ္တုရိုင်းတုံးထဲမှာ ပစ္စည်းကောင်း ရှိတယ်လို့ ပြောနေမှတော့ ကျွန်မ ဝယ်လိုက်ပါ့မယ်”
သူမက သူဌေးစုန့်ကို ကြည့်ကာ ခပ်ချေချေ မေးလိုက်သည် “ရှင် ကျွန်မနဲ့ လောင်းကြေး ထပ်ရဲလား”
သူဌေးစုန့်က ကျန်းယွင်ရှီး မည်သူမည်ဝါမှန်း မသိချေ။ ထို့ကြောင့် သူက မကြောက်မရွံ့ တုံ့ပြန်လိုက်သည် “ရတယ်လေ… ဘာလို့ မလုပ်ရဲရမှာလဲ”
“လူကြီးမင်းရှန်က စောနက သတ္တုရိုင်းတုံး ရွေးနေတဲ့ အချိန်မှာ ဘာအစွမ်းမှ မသုံးခဲ့ဘူး။ ဒါကြောင့်မို့လို့ ဒီထဲမှာ ရတနာ ပါတယ် ဆိုတာကို ကျွန်မ မယုံဘူး”
သူဌေးစုန့်က ဂုဏ်ယူဝင့်ကြွားစွာ တုံ့ပြန်လိုက်သည် “ဒီထဲမှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ တန်တဲ့ ပစ္စည်းမျိုး ပါနေလိမ့်မယ်လို့ ကျုပ် အာမခံတယ်”
ကျန်းယွင်ရှီးက ခေါင်းငြိမ့်ကာ ပြောလိုက်၏ “ကောင်းပြီလေ… ဒါဆို ကျွန်မက လောင်းကြေးအနေနဲ့ ဝိညာဉ်ကျောက်တုံး ငါးသိန်း ထုတ်ပေးမယ်။ အထဲမှာ ပါတဲ့ဟာက ဒီငွေပမာဏထက် ပိုများနေမယ်ဆိုရင် ရလာတဲ့ ပစ္စည်းကို လူကြီးမင်းရှန်ကို အလကား ပေးမယ်။
ဒါပေမဲ့… အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ ရှင့် ကောင်းကင်ဝိညာဉ်ပြခန်းကို သုံးလတိတိ ပိတ်ပစ်ရမယ်။ ဘယ်လိုလဲ… ဒီအလောင်းကစားကို ရှင် လုပ်ရဲသေးလား”
လောင်းကြေးမှာ တရားမမျှတမှန်း သူဌေးစုန့်က သတိထားမိလိုက်သည်။
သူငယ်မလေး… မင်းက လူလည်ကျဖို့ ကြိုးစားနေတာလားကွ…
ပစ္စည်းက ဝိညာဉ်ကျောက်တုံး ငါးသိန်းအောက် တန်ဖိုးနည်းနေခဲ့ရင် ငါက ဆိုင်ကို သုံးလပိတ်ပြီး အရှုံးကို ငါတစ်ယောက်တည်းပဲ ခံယူရမယ်ပေါ့လေ…
အဲ့လို မဟုတ်ဘဲ တန်ဖိုးမြင့်နေတယ် ဆိုရင်ကျ မင်းက ပစ္စည်းကောင်းကို ဆရာနတ်မင်းဆီ အလကား ပေးမယ်ပေါ့ ဟုတ်လား…
ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဒီအလောင်းကစားကနေ ငါ မြတ်တာ ဘာရှိလို့လဲကွ… ဟေ… ဘာပဲ ဖြစ်ဖြစ်ပါ… ဒါက ဆရာနတ်မင်းအပေါ်ထားတဲ့ ငါ့သဘောထားမှန်ကို ပြသဖို့အတွက် အခွင့်ကောင်း တစ်ခုပဲ…
သူဌေးစုန့်က ခိုင်ခိုင်မာမာ ပြောလိုက်သည် “ကောင်းပြီ… ကျုပ် လောင်းမယ်”
ဆရာနတ်မင်းကိုသာ အပြည့်အဝ ယုံကြည်တယ်ဆိုရင် ဘာတွေများ ကြောက်နေစရာ လိုသေးလို့တုန်း…
သူဌေးစုန့်က သတ္တုရိုင်းတုံးဖြတ်ရန် သုံးသည့် တူရိယာနှင့် ပင့်ကူသတ္တုရိုင်းတုံး ရှေ့၌ မတ်တပ်ရပ်လိုက်၏။
သူ ဒီလို မလုပ်တာ နှစ်ချီနေလေပြီ။ ထို့ကြောင့် သူက အသက်ပြင်းပြင်း တစ်ချက် ရှူပြီးမှ လှီးဖြတ်ဖွင့်ခြင်းကို စတင်လိုက်သည်။
သူ့အရည်အချင်းကတော့ ထိပ်တန်းဝင်နေဆဲပင်။ လူတစ်ယောက် အရွယ်ရှိသည့် ဝိညာဉ်သတ္တုရိုင်းတုံးမှာ ဖြည်းဖြည်းချင်း အင်မတန် သေးငယ်သွားသည့် အရွယ်အထိ လှီးဖြတ်ခံလိုက်ရသည်။
ကျန်းယွင်ရှီးက သတ္တုရိုင်းတုံးကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ သူမက သူမမျက်လုံးနှင့် သူမ၏ အတွေ့အကြုံများ အပေါ် ယုံကြည်ချက် ရှိသည်။ ကနဦးဝိညာဉ်အဆင့် သတ္တုရိုင်းတုံးအကဲဖြတ်သူပင် သူမမျက်စိအောက်မှ မဖုံးကွယ်နိုင်ပေ။
ရှန်ထျန်း အစွမ်းသုံးသည်ကို မခံစားမိသဖြင့် ရှင်းပြစရာ တစ်ခုသာ ရှိတော့သည်။ ထိုအရာကတော့ ရှန်ထျန်းကိုယ်တိုင်ပင် ဤသတ္တုရိုင်းတုံးထဲတွင် ရတနာ တကယ် ပါမပါကို မသိနိုင်ဘူး ဆိုသည့် အချက် ဖြစ်သည်။
လူကြီးမင်းရှန်… ရှင်က ကြည့်ကောင်းပြီး ကြင်နာတတ်တယ်… ဒီယုတ်မာတဲ့ ဆိုင်ပိုင်ရှင်က ရှင့်ကို အသုံးချသွားမှာကို ကျွန်မ ကြည့်မနေနိုင်ဘူး…
ကျန်းယွင်ရှီး၏ မျက်လုံးထဲတွင်ကား ရှန်ထျန်းမှာ သူဌေးစုန့် ခန့်ထားသည့် သရုပ်ဆောင်လုံးလုံး ဖြစ်နေချေပြီ။
ကျန်းယွင်ရှီးအနေနှင့် ရှန်ထျန်းကို အစက ပြန်စလို့ ရအောင် ကူညီပေးရရန် လိုအပ်နေပြီ ဖြစ်သည်။ ဒီဆိုင်ပိုင်ရှင် သူ့ကို နောက်တစ်ခေါက် ထပ်အသုံးချမှာကိုလည်း ခွင့်ပြုမှာ မဟုတ်ဘူးဟု သူမက တွေးလိုက်သည်။
သတ္တုရိုင်းတုံး သေးလာသည်နှင့်အမျှ လူအုပ်ကလည်း တစ်ခုခု မှားနေမှန်းကို သဘောပေါက်လာကြသည်။
ရှန်ထျန်းက ကောင်းကင်ဝိညာဉ်ပြခန်း၏ ပြတင်းပေါက်ဘေးမှာ မတ်တပ်ရပ်လိုက်ပြီးနောက် မည်းမှောင်လာသည့် ကောင်းကင်ကြီးကို ကြည့်လိုက်၏။
မည်းမှောင်အုံ့ဆိုင်းနေသည့် တိမ်မည်းကြီးတစ်ခုက သူတို့ခေါင်းအထက် တည့်တည့်၌ ဖြစ်ပေါ်နေလေပြီ။ ကောင်းကင်ထက်၌ လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လင်းလက်နေကြသည်။ လေပြင်းများလည်း တိုက်ခိုက်လာကာ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ အလံတိုင်များက လေကြောင့် ကျယ်လောင်စွာ တဖျတ်ဖျတ် မြည်ကုန်ကြလေပြီ။
မိုးကြိုးမုန်တိုင်းကြီး လာနေချေပြီ။