အခန်း (၁၇၃၇)
Vol. 125 Ch. 1737
အခန်း(၁၇၃၇)
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ မြေကွက်လပ်ထဲတွင် လူတိုင်းက အသံထွက်ပေါ်ရာ အရပ်ဆီသို့ ခေါင်းလှည့်လိုက်ကြသည်။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့က ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်။ ဝူချွမ်းက စူးစမ်းလိုသော အမူအရာဖြင့် သူ့အနောက်မှ လိုက်လာသည်။
“ ဂျူနီယာညီလေး… ”
ကျန်းဟဲက မျက်မှောင်ကြုတ်လိုက်ပြီး နူးညံ့စွာ ရေရွတ်လိုက်သည်။
ယနေ့အဖြစ်အပျက်သည် တပည့်များဖြစ်ကြသော သူတို့ ဝင်ပါနိုင်သောအရာ မဟုတ်ပေ။
ထို့ပြင် ဤအခြေအနေက သူတို့ဂိုဏ်း၏ သေရေးရှင်ရေးဖြစ်သည်။ ဂိုဏ်း၏ ကိစ္စအဝဝကို ဂိုဏ်းချုပ်သာလျှင် ဆုံးဖြတ်ချက်ချနိုင်သည်။
ကျန်းဟဲ၏ ဘေးမှ ဝူမင်ကြွယ်သည်လည်း တင်းမာသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက အနားသို့ ချဉ်းကပ်လာနေသော ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည်။
ဖြစ်နိုင်သည်မှာ မကြာသေးခင်ကမှ ပြန်နိုးလာခဲ့သော ထိုဘိုးဘေးက ယနေ့ကိစ္စကို ဝင်စွက်ဖက်ချင်နေသည်လော။
ယနေ့ အခြေအနေကို ရှင်းလင်းစွာ သူမမြင်နိုင်ခြင်းလော။
တာအိုပညာရှင်ဟူယုက မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
ရှေးခေတ်ကာလမှ ပြန်နိုးလာကြသော ထိုဘိုးဘေးများသည် အတိတ်မှ မာန်မာနကို ထိန်းသိမ်းထားကြဆဲပင်။ သူတို့က အတိတ်မှာ နာမည်ကျော်ကြားခဲ့သော အစွမ်းထက်ပညာရှင်များ ဖြစ်နေဆဲဟု ယုံကြည်နေခြင်းလော။
သို့သော်လည်း အမှန်တရားက သူတို့ကို သင်ခန်းစာပေးလိမ့်မည်။
“ သူ့ကို သတ်ပစ် ”
အလင်းဝိညာဉ်တာအိုဂိုဏ်းမှ တာအိုပညာရှင်ဖန်ဖင်းက အော်ပြောလိုက်သည်။
မည်သည့်စစ်ဆေးမှု၊ မည်သည့်ဆွေးနွေးညှိနှိုင်းမှုမှ မလိုပေ။
သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်။
သူ့ကို စော်ကားသည့်လူက သေချာပေါက် သေရမည်။
ယင်းက ခွန်အားကြီးမားသူများ၏ အလုပ်လုပ်ပုံ ဖြစ်သည်။
မျက်မှောက်ခေတ်တွင် အထွတ်အမြတ်နယ်မြေက ထိုအတိုင်း လည်ပတ်နေသည်။ ခွန်အားကြီးသူများ၏ စကားသာ ဥပဒေ ဖြစ်သည်။
ချင်မိသားစုဝင်အားလုံးက ပြုံးလိုက်ကြသည်။ နောက်ဆုံးမှာ သူတို့စောင့်မျှော်နေသော မြင်ကွင်းက ထွက်ပေါ်လာတော့မည်။
သူတို့က ထိုပြဇာတ်ကို ကြည့်ရန် အလွန်ဝမ်းမြောက်ကြသည်။
တာအိုပညာရှင်ဖန်ဖင်း၏ အနောက်မှ လူသန်ကြီးနှစ်ယောက်က အရှေ့သို့ ထွက်လာကြပြီး ဟန်မူယဲ့ထံသို့ ပြေးသွားကြသည်။
တာအိုပညာရှင်ဟူယုက ကြားဝင်ပေးချင်သည်။ သို့သော်လည်း တာအိုပညာရှင်ဖန်ဖင်း၏ အရှိန်အဝါက သူ့အား တိုက်ရိုက် ဖိနှိပ်ထားသည်။
အခြားတစ်ဖက်တွင် ဝူမင်ကြွယ်နှင့် ကျန်းဟဲကဲ့သို့ တပည့်များက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဝူမင်ကြွယ်က လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ် တပည့်တစ်ယောက်က သူ့ကို လှမ်းဆွဲလိုက်ပြီး ဟန့်တားလိုက်သည်။
“ စီနီယာအကိုကြီး… ခွန်အားချွေတာပါ ”
ထိုတပည့်က ဟန်မူယဲ့ဆီသို့ ပြေးသွားနေသော လူသန်ကြီးနှစ်ယောက်ကို ကြည့်နေရင်း ခေါင်းယမ်းလိုက်သည်။
“ ကိုယ့်အသက်ကို ကာကွယ်ဖို့ ငါတို့ရဲ့ ခွန်အားကို ချွေတာရမယ် ”
အကယ်၍ ယနေ့ပြဿနာကို ဂိုဏ်းက မဖြေရှင်းနိုင်လျှင် သူတို့ဘာသာ လွတ်လမ်းရှာကြရလိမ့်မည်။
အကယ်၍ ယခု သူတို့က ဝင်စွက်ဖက်မည်ဆိုလျှင် ခဏနေကျလျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ပါဦးမည်လော။
ဝူမင်ကြွယ်က နှုတ်ဆိတ်သွားသည်။ ပြန်လည်မွေးဖွားခြင်းအဆင့် ဒုတိယအလွှာမှ လူသန်ကြီးနှစ်ယောက်က ဟန်မူယဲ့ထံ ပြေးသွားနေသည်ကို သူက ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်သည်။
ထိုနှစ်ယောက်၏ အလျင်က အလွန်မြန်ဆန်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူတို့က ဟန်မူယဲ့၏ အရှေ့သို့ ရောက်ရှိသွားကြသည်။ တစ်ယောက်က သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်စဉ် အခြားတစ်ယောက်က သူ၏ ညာလက်သီးကို ဟန်မူယဲ့၏ လည်ပင်းတည့်တည့်ထံသို့ ထိုးသွင်းလိုက်သည်။
သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက ဟန်မူယဲ့၏ လွတ်လမ်းမှန်သမျှကို ပိတ်ဆို့လိုက်သည်။ ထို့ပြင် သူတို့၏ လက်များထဲမှာ ကိန်းအောင်းနေသော ခွန်အားက အလွန်သန်မာသည်။ အကယ်၍ သူတို့၏ တိုက်ခိုက်မှုသာ ဟန်မူယဲ့ကို ထိမှန်သွားမည်ဆိုလျှင် သူက မသေသွားလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်။
ဟန်မူယဲ့၏ အနောက်မှ လိုက်လာသော ဝူချွမ်းက တင်းမာသော အမူအရာကို ထုတ်ဖော်လိုက်သည်။ စီနီယာအကိုဟန်က ထိုတိုက်ခိုက်မှုကို မည်သို့ခုခံကာကွယ်မည်နည်း သူမြင်ချင်သည်။
ဟန်မူယဲ့သည် သူ့အရှေ့မှ လူသန်ကြီးနှစ်ယောက်ကို ကြည့်လိုက်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ ဘယ်လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ သူက ဘယ်လက်ဖြင့် “ တိမ်ဖမ်းလေ ”အကွက်ကို ထုတ်ဖော်လိုက်ပြီး ရန်သူ၏ လက်သီးကို ခုခံတားဆီးလိုက်သည်။
ရန်သူ၏ ခွန်အားက သိမ်မွေ့သော လေပြေဖြင့် ထိတွေ့သွားသည့်အလား ပျက်ပြယ်သွားသည်။
တစ်ချိန်တည်းမှာ ဟန်မူယဲ့က ညာလက်သီးဆုပ်လိုက်ပြီး သူ့ဆီသို့ တိုးဝင်လာနေသော လက်ဝါးထံသို့ ထိုးလွှတ်လိုက်သည်။
ယင်းက လေပြေအသွင်(၁၂)မျိုးထဲမှ “ အဖြူရောင်တိမ်လေ ” ဖြစ်သည်။
“ ဘန်း ”
လက်သီးနှင့် လက်ဝါး ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ရန်သူ၏ လက်မောင်းထံမှ အရိုးကျိုးသံ ထွက်ပေါ်လာသည်။
ထို့နောက် ဟန်မူယဲ့က သူ၏ ဘယ်လက်ကို မြှောက်လိုက်ပြီး တခြားလူသန်ကြီး၏ လက်ကို ဖမ်းချုပ်ကာ လှည့်ချိုးလိုက်သည်။
“ ခရက် ”
ထိုလူသန်ကြီး၏ လက်ကောက်ဝတ်က တစ်ပတ်လိမ်သွားသည်။
ခြေနှစ်လှမ်း၊ လှုပ်ရှားမှုသုံးကွက်အောက်မှာ လူသန်ကြီးနှစ်ယောက်က အလဲလဲအပြိုပြို ဖြစ်သွားကြသည်။
“ လေပြေအသွင်(၁၂)မျိုး… ”
ဟန်မူယဲ့က သူ့လက်နှစ်ဖက်အား ဖြည်းညင်းစွာ ပြန်ရုပ်လိုက်သည်ကို တာအိုပညာရှင်ဟူယု မြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ အဲ့ဒါ… အဲ့ဒါ… အသစ်ပြုပြင်ထားတဲ့ လေပြေအသွင်(၁၂)မျိုး ”
ဟန်မူယဲ့က လှုပ်ရှားမှုအနည်းငယ် ပြုလုပ်ရုံဖြင့် ပြန်လည်မွေးဖွားခြင်းအဆင့် ဒုတိယအလွှာမှ ကျင့်ကြံသူများကို အလွယ်တကူ အနိုင်ယူလိုက်ကြောင်း ဝူမင်ကြွယ်နှင့် တခြားတပည့်များ မြင်သွားသောအခါ သူတို့က အံ့ဩဆွံ့အသွားကြသည်။ သူတို့က ဟန်မူယဲ့ကို မျက်လုံးပြူးလျက် ကြည့်လိုက်ကြသည်။
ထိုသို့စွမ်းအားက အဆင့်နိမ့်ဂိုဏ်းတစ်ခုဖြစ်သော သူတို့၏ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း စိတ်ကူးယဉ်နိုင်သောအရာ မဟုတ်ပေ။
လူသန်ကြီးနှစ်ယောက်ကို ဖြေရှင်းပြီးနောက် ဟန်မူယဲ့က အရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားသည်။
ဤအခိုက်အတန့်မှာ အလင်းဝိညာဉ်တာအိုဂိုဏ်းမှ ဖန်ဖင်းဖြစ်စေ သို့မဟုတ် ချင်မိသားစုမှ ချင်ယွဲ့ဖြစ်စေ သူတို့က မျက်နှာသုန်မှုန်သွားကြသည်။
“ မင်းတို့တွေ ငါတို့ရဲ့ ချင်မိသားစုဝင်တွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်ရဲတာ မထူးဆန်းတော့ပါဘူး… လက်စသတ်တော့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ ပညာရှင်တစ်ယောက် ပုန်းကွယ်နေတာကို ”
ချင်ယွဲ့က အရှေ့သို့ လျှောက်လာပြီး ဖန်ဖင်းနှင့် ပခုံးချင်းယှဉ်ရပ်လိုက်သည်။
ဖန်ဖင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူက အင်္ကျီလက်ထဲမှ အစိမ်းရောင်ဓားတိုတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
“ သေလိုက် ”
သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်လေရာ သူ၏ လက်ထဲမှ ဓားတိုက ရွှေရောင်တောက်ပလာပြီး တစ်လက်မချင်းစီ ကြီးမားသွားသည်။
မူလစွမ်းအားကို ဆက်တိုက် ထည့်သွင်းလိုက်သည့်အခါ ဓားက သုံးပေခန့် ရှည်လျားသွားပြီး ထွန်းလင်းတောက်ပလာသည်။
ဖန်ဖင်းသည် ဓားရှည်ကို ဆုပ်ကိုင်လျက် ဟန်မူယဲ့ထံသို့ တန်းမတ်စွာ ပြေးသွားသည်။
“ သတိထား… အဲ့ဒါ အလင်းဝိညာဉ်တာအိုဂိုဏ်းရဲ့ အလင်းဝိညာဉ်ဓားပညာ ”
တာအိုပညာရှင်ဟူယုက အော်ပြောလိုက်သည်။
အခြားတစ်ဖက်တွင် ချင်ယွဲ့က ဟန်မူယဲ့ထံသို့ မြန်ဆန်စွာ ပြေးသွားသည်။
ရွှေရောင်ဓားအလင်းက သူ့ဆီသို့ ဦးတည်လာနေကြောင်း မြင်သော်လည်း ဟန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားပေ။ သူက ရုတ်တရက် စလှုပ်ရှားလိုက်သည်။ သူက “ လေထဲမှ မိုးမခ ”အကွက်ကို အသုံးပြု၍ ဖန်ဖင်း၏ ဘေးသို့ ရွေ့လျားသွားသည်။
“ ‘ လေထဲက မိုးမခ ’ကို ကိုယ်ဖော့ပညာလို အသုံးပြုနိုင်တယ်လား… ”
ဝူမင်ကြွယ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ ယခု သူ၏ ခြေဖျားလက်ဖျားက တုန်ယင်နေသည်။
နှစ်ပေါင်းများစွာကြာအောင် သူကျင့်ကြံခဲ့သော ပညာရပ်မှာ မည်သည့်ထူးခြားမှုမှ မရှိသော်လည်း ယခု ထိုပညာရပ်က ဟန်မူယဲ့၏ လက်ထဲမှာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးပညာရပ် ဖြစ်လာသည်။ ထိုပညာရပ်က မည်သို့မည်ပုံ ပြောင်းလဲသွားကြောင်း သူစိတ်မကူးကြည့်နိုင်ပေ။
“ ပြီးပြည့်စုံစွာ နားလည်တတ်ကျွမ်းခြင်း… ”
တာအိုပညာရှင်ဟူယုက စိတ်လှုပ်ရှားစွာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။
အတိတ်မှာ သူက ဂိုဏ်း၏ စီနီယာများထံမှ ကောလဟာလတစ်ခုကို ကြားခဲ့ဖူးသည်။ ဂိုဏ်း၏ ထိပ်တန်းလက်ရွေးစင်များသည် ကျင့်ကြံခြင်းအတတ်ပညာများနှင့် တိုက်ခိုက်ရေးပညာရပ်များကို တစ်ဖက်ကမ်းခပ်လွန်စွာ တတ်ကျွမ်းကြသည်။ ပညာရပ်များအပေါ် သူတို့၏ ဆင်ခြင်နားလည်မှုက အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားသည့်အခါ သူတို့က မည်သည့်တိုက်ကွက်ကိုမဆို အလွယ်တကူ ထုတ်ဖော်နိုင်ကြလိမ့်မည်။
ယခု ကြည့်ရသည်မှာ ယင်းက ကောလဟာလမဟုတ်ဟန် ရ၏။
သူ့အရှေ့မှ ဟန်မူယဲ့က လေပြေအသွင်(၁၂)မျိုးကို ပြီးပြည့်စုံစွာ တတ်ကျွမ်းထားသည်မဟုတ်ပါလော။
ထိုဘိုးဘေးသည် ပြန်နိုးလာပြီး ကျင့်ကြံခြင်းစတင်ခဲ့သည်မှာ မည်မျှကြာသေးသနည်း။
တစ်လပင် မပြည့်သေးဘူး မဟုတ်ပါလော။
ဖြစ်နိုင်သည်မှာ ထိုဘိုးဘေးက စစ်မှန်သော ပါရမီရှင်လော။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက အမှန်တကယ် ပြန်မြင့်တတ်သွားတော့မည်လော။
“ ဗုန်း ”
ဟန်မူယဲ့က လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး ဖန်ဖင်း၏ နံရိုးကို တိုက်ခိုက်လိုက်သည်။
ဖန်ဖင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။
ပြန်လည်မွေးဖွားခြင်းအဆင့် ဆဌမအလွှာမှ ပညာရှင်က လက်သီးတစ်ချက်ကိုပင် မခုခံနိုင်ဘူးလော။
သူတို့၏ အရှေ့မှ ဟန်မူယဲ့က ပြန်လည်မွေးဖွားခြင်း ဆဌမအလွှာထက် ပိုပြီးသန်မာသည်လော။
ဖန်ဖင်းက ဟန်မူယဲ့၏ လက်သီးချက်ကြောင့် သွေးအန်သွားကြောင်း ချင်ယွဲ့မြင်သောအခါ သူက အနောက်လှည့်၍ အမြန်ထွက်ပြေးသည်။
ကံမကောင်းစွာပင် သူ၏ အလျင်က မြန်ဆန်သော်လည်း ဟန်မူယဲ့က သူ့ထက် ပိုပြီးမြန်နေသည်။
ခြေသုံးလှမ်းအတွင်းမှာ ဟန်မူယဲ့က ချင်ယွဲ့ကို လိုက်မီသွားသည်။
“ သတိထား ”
ချင်မိသားစုဝင်များက လှမ်းအော်လိုက်ကြသည်။ ချင်ယွဲ့က အနောက်လှည့်လိုက်ပြီး ဟန်မူယဲ့ကို ဆောင့်ကန်လိုက်သည်။
ကံမကောင်းစွာပင် သူ၏ ခြေကန်ချက်က လေကိုသာ ထိမှန်သွားသည်။
ဟန်မူယဲ့က သူ၏ ဘေးမှာ မတ်တတ်ရပ်နေပြီး ချင်ယွဲ့၏ လည်ပင်းကော်လံကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက ချင်ယွဲ့ကို မမြှောက်လိုက်ပြီး အဝေးသို့ ပစ်လွှတ်လိုက်သည်။
“ တိမ်စီးပြီး လေနောက်လိုက်ခြင်း… ”
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များက အထိတ်တလန့် အော်လိုက်ကြသည်။
ထိုအကွက်က “ တိမ်စီးပြီး လေနောက်လိုက်ခြင်း ” ဖြစ်သည်။
ယင်းက ရိုးရှင်းသော တိုက်ကွက်ဖြစ်သော်လည်း ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာမှ တာအိုပညာရှင်ချင်ယွဲ့ကို အဝေးသို့ ပစ်လွှတ်လိုက်သည်။
ချင်ယွဲ့၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့်အခါ ကျောက်တုံးက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။ သူက မြေကြီးထဲမှာ နစ်မြုပ်သွားပြီး ပြန်မထနိုင်တော့ပေ။
သူ၏ ပခုံးရိုးနှင့် ကျောရိုးက ဟန်မူယဲ့၏ လက်ချက်ကြောင့် ကျိုးကြေသွားပြီ ဖြစ်၏။
ထိုသို့ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးပညာရပ်က အလင်းဝိညာဉ်တာအိုဂိုဏ်းမှ တပည့်များနှင့် ချင်မိသားစုဝင်များကို အရှေ့တတ်ရန် တုံ့ဆိုင်းသွားစေသည်။
“ မင်းတို့ကိုယ်ပေါ်က မူလကျောက်တုံးတွေအားလုံး ချန်ထားခဲ့ကြမယ် ”
“ ဒီနှစ်ကောင်ကို အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ ဖမ်းချုပ်ထားမယ်… တကယ်လို့ သူတို့ကို ပြန်လိုချင်တယ်ဆိုရင် မူလကျောက်တုံးတစ်သောင်းနဲ့ လာပြန်ရွေးပါ ”
ဟန်မူယဲ့က ချင်မိသားစုဝင်များနှင့် အလင်းဝိညာဉ်တာအိုဂိုဏ်းမှ တပည့်များကို စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောသည်။
မူလကျောက်တုံးတွေ ချန်ထားခဲ့ရမယ်လား…။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က အိတ်ကပ်ထဲမှ မူလကျောက်တုံးများကို အမြန်ထုတ်ပေးလိုက်ကြသည်။
ယင်းက ဟာသမဟုတ်ပေ။ အကယ်၍ သူတို့က အသက်နှင့် မူလကျောက်တုံးအနက် တစ်ခုကို ရွေးချယ်ရမည်ဆိုလျှင် သေချာပေါက် အသက်ကိုသာ ရွေးချယ်ကြလိမ့်မည်။
ချင်မိသားစုဝင်များနှင့် အလင်းဝိညာဉ်တာအိုဂိုဏ်း၏ တပည့်များထံမှ မူလကျောက်တုံးများကို အတူတကွ ပေါင်းစည်းလိုက်သည့်အခါ မူလကျောက်တုံးနှစ်ရာခန့် စုဆောင်းမိသွားသည်။
“ အခု ထွက်သွားကြတော့ ”
ဟန်မူယဲ့က ကျယ်လောင်စွာ အော်လိုက်သည်။
မြေကွက်လပ်ထဲမှ ချင်မိသားစုဝင်များနှင့် အလင်းဝိညာဉ်တာအိုဂိုဏ်းမှ တပည့်များက အဝေးသို့ မြန်မြန်ဆန်ဆန် ထွက်ပြေးသွားကြသည်။
ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားပြီး ဖန်ဖင်းနှင့် ချင်ယွဲ့ထံမှ မူလကျောက်တုံးများကို ထုတ်ယူလိုက်သည်။
သူတို့နှစ်ယောက်က မူလကျောက်တုံးဒါဇင်ခန့်စီ ပိုင်ဆိုင်ထားကြသည်။ ထို့ပြင် သူတို့ဆီမှာ အရည်အသွေးပိုကောင်းမွန်သော မူလကျောက်တုံးတချို့လည်း ရှိသည်။ ထိုကျောက်တုံးများထဲမှ မူလစွမ်းအားပမာဏက သာမန်ကျောက်တုံးများထက် ဆယ်ဆပိုများပြားသည်။
ဟန်မူယဲ့သည် ယဉ်ကျေးမနေဘဲ မူလကျောက်တုံးအားလုံးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ ခြံဝန်းဆီသို့ ပြန်သွားသည်။
ဟန်မူယဲ့၏ နောက်ကျောကို ကြည့်နေရင်း တာအိုညာရှင်ဟူယုက တစ်ခဏ တွေးတောစဉ်းစားလိုက်သည်။ ထို့နောက် သူက ဝူမင်ကြွယ်နှင့် တခြားတပည့်များကို ကြည့်လိုက်သည်။
“ ဒီမူလကျောက်တုံးတွေကို သူ့ဆီ သွားပို့လိုက်ပါ ”
တာအိုပညာရှင်ဟူယုက သူတို့၏ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း ပိုင်ဆိုင်ထားသော မူလကျောက်တုံးသုံးရာကို ညွှန်ပြလိုက်ပြီး လေးလေးနက်နက် ပြောသည်။
ယခု အခြေအနေက ထိုသို့ဖြစ်လာပြီဆိုမှတော့ သူ့မှာ အနောက်ဆုတ်စရာ လမ်းမရှိတော့ပေ။ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ဟန်မူယဲ့၏ လက်ထဲမှာ အမှန်တကယ် ပြန်မြင့်တတ်လာမည်လော သူမြင်ချင်သည်။