အခန်း (၁၇၃၈)
Vol. 125 Ch. 1738
အခန်း(၁၇၃၈)
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ အနောက်ဘက်ခြံဝန်းတွင် တာအိုပညာရှင်ဟူယုနှင့် တပည့်အုပ်စုတစ်စုက တည်ကြည်လေးနက်စွာ စောင့်ဆိုင်းနေကြသည်။
“ ဟူယု… မင်းသေချင်နေတာပဲ ”
အဝေးတစ်နေရာတွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ချင်ယွဲ့က ဒေါသတကြီး အော်ပြောလိုက်သည်။
သူ၏ ဒဏ်ရာများက အလွန်ပြင်းထန်သော်လည်း ယင်းက သူ၏ မျက်နှာပေါ်မှ ဒေါသကို မဖုံးကွယ်နိုင်ပေ။
အခြားတစ်ဖက်တွင် အလင်းဝိညာဉ်တာအိုဂိုဏ်းမှ တာအိုပညာရှင်ဖန်ဖင်းက အေးတိအေးစက် မျက်နှာထားဖြင့် ထိုင်နေသည်။
တာအိုပညာရှင်ဟူယုက နှုတ်ဆိတ်နေသည်။ ရံဖန်ရံခါ သူ၏ အကြည့်က ဟန်မူယဲ့နေထိုင်သော ခြံဝန်းဆီသို့ ရွှေ့ပြောင်းသွားသည်။
သူ့အနောက်မှ တပည့်များသည်လည်း စိုးရိမ်ကြောင့်ကြသော မျက်နှာဖြင့် တူညီသော ဦးတည်ရာဆီသို့ ကြည့်နေကြသည်။
ဤတစ်ကြိမ် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း ဆက်ပြီး အသက်ရှင်နိုင်မည်လောက ဟန်မူယဲ့၏ ခွန်အားပေါ်မှာ မူတည်သည်။
“ ဘိုးဘေး… ကျေးဇူးပြုပြီး အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အမွေအနှစ်ကို မပျက်စီးစေပါနဲ့… ”
ဝူမင်ကြွယ်သည် ကျောက်တုံးလှေကားပေါ်မှာ တင်ပျဉ်ခွေထိုင်နေရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
အခန်းထဲတွင် ဟန်မူယဲ့သည် သူ့အရှေ့မှ မူလကျောက်တုံးအပုံကို ကြည့်လိုက်သည်။ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းသွားသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ သွေးကြောအမှတ်အားလုံးက ဖွင့်လှစ်ထားပြီးသား ဖြစ်သည်။ ယခု သူလုပ်ရမည်မှာ မူလစွမ်းအားဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။
သူက အတားအဆီးများဖြင့် ကြုံတွေ့ရမည်ကို မစိုးရိမ်ပေ။ အကယ်၍ သူ့မှာသာ မူလကျောက်တုံး အလုံအလောက်ရှိမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းကို ရွှမ်အဆင့်ထိ တိုက်ရိုက် မြှင့်တင်နိုင်လိမ့်မည်။
သူက လက်ဆန့်ထုတ်လိုက်ပြီး မူလကျောက်တုံးအပုံပေါ်သို့ လက်ဝါးတင်လိုက်သည်။
“ ဗုန်း ”
မူလကျောက်တုံးအားလုံးက တိုက်ရိုက် အက်ကွဲသွားကြပြီး တောက်ပသော မူလစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ မူလစွမ်းအားပမာဏက အလွန်များပြားလေရာ သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားတော့မည့်ဟန် ရ၏။
မရီဒျန်အားလုံး၊ သွေးကြောအမှတ်အားလုံးက မူလစွမ်းအားဖြင့် ပြည့်လျှံသွားသည်။
ဟန်မူယဲ့က မူလစွမ်းအားကို လှည့်ပတ်လိုက်စဉ် သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။
“ မူလစွမ်းအားကို လှည့်ပတ်တာက တခြားစွမ်းအားတွေနဲ့ ကွာခြားတယ်… မူလစွမ်းအားက ပိုသိပ်သည်းပြီး ပိုစစ်မှန်တယ် ”
“ တကယ်လို့ ဒီမူလစွမ်းအားကို ငါ့ခန္ဓာကိုယ်ထဲက မရီဒျန်အားလုံးနဲ့ သွေးကြောအမှတ်အားလုံးဆီ အပြည့်ဖြည့်ပေးနိုင်မယ်ဆိုရင် အနည်းဆုံး ငါက သွေးချီရွှမ်ရဲ့ အထွတ်အထိပ်အထိ ရောက်သွားလိမ့်မယ် ”
ရွှမ်အဆင့်မှာ စုစုပေါင်း အဆင့်သုံးဆင့် ရှိသည်။ ယင်းတို့က သွေးချီရွှမ်၊ အမွေအနှစ်ရွှမ်နှင့် ဝိညာဉ်ရွှမ်တို့ ဖြစ်ကြသည်။ ရွှမ်အဆင့်တစ်ဆင့်စီမှာ အလွှာသုံးလွှာရှိသည်။
မျက်မှောက်ခေတ်တွင် သွေးချီရွှမ်၏ အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်သူများက အလွန်ရှားပါးသည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအားက ပေါ်လျှိုးလာပြီး အထူးမရီဒျန်ရှစ်ခုနှင့် သွေးကြောအမှတ်တစ်ထောင်ကျော်ကို ဖြတ်သန်းစီးဆင်းသွားသည်။
ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်က ပြန်လည်မွေးဖွားခြင်း အဌမအလွှာသို့ ရောက်ရှိသွားသည်။ အကယ်၍ သူသာ အစွမ်းထက် တိုက်ခိုက်ရေးပညာရပ်များကို အသုံးပြုမည်ဆိုလျှင် ပြန်လည်မွေးဖွားခြင်း နဝမအလွှာမှ ပုဂ္ဂိုလ်များကိုပင် တိုက်ခိုက်နိုင်လိမ့်မည်။
“ အဲ့ဒါ မလုံလောက်သေးဘူး… ”
သူ့အရှေ့မှ မူလကျောက်တုံးပြာမှုန်ကို ကြည့်နေရင်း ဟန်မူယဲ့က နူးညံ့စွာ သက်ပြင်းချလိုက်သည်။
အကယ်၍ သူ့မှာသာ လုံလောက်သော မူလကျောက်တုံးများရှိမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းက ရွှမ်အဆင့်သို့ တိုက်ရိုက် မြင့်တတ်သွားလိမ့်မည်။
သူက အင်္ကျီကို သပ်ရပ်စွာ ပြုပြင်ပြီးလျှင် ခြံဝန်းအပြင်သို့ ထွက်လာသည်။
ခြံဝန်းအပြင်ဘက်တွင် တတိယမျိုးဆက်မှ တပည့်များဖြစ်ကြသော ဝူချွမ်းနှင့် တခြားတပည့်များက စုဝေးနေကြသည်။
“ စီနီယာအကိုဟန် နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံတာကနေ ပြန်ထွက်လာပြီ ”
“ ဂိုဏ်းချုပ်ပြောတာက ချင်မိသားစုက လူတွေ တောင်အောက်မှာ ရောက်နေကြပြီ… တကယ်လို့ စီနီယာအကိုဟန် ယုံကြည်ချက်မရှိဘူးဆိုရင် တတိယမျိုးဆက်က တပည့်တွေကို ခေါ်ပြီး ဂိုဏ်းကနေ ထွက်သွားပါလို့ ပြောပါတယ် ”
တတိယမျိုးဆက်မှ တပည့်များက ဟန်မူယဲ့ကို စိုးရိမ်ကြောင့်ကြသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။
ဟန်မူယဲ့ တံခါးပိတ်ကျင့်ကြံနေသည့် ဤနှစ်ရက်မှာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ခက်ခဲကျပ်တည်းခဲ့သည်။
အထူးသဖြင့် ချင်မိသားစုမှ အစွမ်းထက်ပညာရှင်များ တောင်အောက်မှာ ရောက်နေကြပြီဟူသော သတင်းကို ကြားလိုက်ရသည့်အချိန် ဖြစ်သည်။ ပြောကြသည်မှာ ဤတစ်ကြိမ်တွင် ပြန်လည်မွေးဖွားခြင်း သတ္တမအလွှာမှ ကျင့်ကြံသူနှစ်ယောက်က အဖွဲ့ကို ဦးဆောင်လာကြသည်။
ထိုသို့အခြေအနေတွင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီမှာ မည်သည့်မျှော်လင့်ချက်မှ မရှိတော့ပေ။
“ တာအိုပညာရှင်ဟူယုက ဘယ်မှာလဲ ”
ဟန်မူယဲ့က ဝူချွမ်းကို ကြည့်လိုက်ပြီး မေးသည်။
“ စီနီယာအကိုဟန်… ဂိုဏ်းချုပ်က ဂိတ်တံခါးအရှေ့မှာ ရန်သူတွေနဲ့ တိုက်ခိုက်နေပါတယ် ”
ထန်မင်က ပြန်ပြောသည်။ သူ၏ စကားသံထဲမှာ စိုးရိမ်ပူပန်သော အရိပ်အမြွက်ရှိသည်။
သူတို့၏ မျက်လုံးထဲတွင်မူ တာအိုပညာရှင်ဟူယုက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး သူတို့ထဲမှာ အသန်မာဆုံး ဖြစ်သည်။
ဟန်မူယဲ့က သူ၏ သန်စွမ်းသော ခွန်အားကို ထုတ်ဖော်ပြခဲ့သော်လည်း လက်ရှိ ဟန်မူယဲ့က တာအိုပညာရှင်ဟူယုထက် ပိုသန်မာသည်ဟု သူတို့စိတ်မကူးဝံ့ကြချေ။
သူတို့လမ်းလျှောက်နေစဉ် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အသက်သုံးဆယ်ခန့်အရွယ် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ရေးကြီးသုတ်ပျာ ပြေးလာသည်။
“ ဂျူနီယာညီလေး… ဂိုဏ်းချုပ်က ပြောတယ်… မင်းနဲ့ တတိယမျိုးဆက်က တပည့်တွေကို ဒီနေရာကနေ ငါခေါ်ထုတ်သွားရမယ် ”
ထိုအမျိုးသားက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
ထိုသူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဒုတိယမျိုးဆက်ထဲ၌ ပါရမီအရှိဆုံး တပည့်ဖြစ်သော ပိုင်ကျန်းထင်ဖြစ်သည်။
ဂိုဏ်းထဲမှာ ပိုင်ကျန်းထင်က အမြဲတမ်း ကာကွယ်ပေးခြင်းခံရသည်။ သူက ပုံမှန်အားဖြင့် လူအများအရှေ့မှာ ပေါ်ထွက်လာလေ့မရှိပေ။
သူ၏ ခွန်အားက ဒုတိယမျိုးဆက်မှ တပည့်ခေါင်းဆောင် ဝူမင်ကြွယ်ထက် မနိမ့်ကျဘူးဟု ဆိုကြသည်။
ပိုင်ကျန်းထင်က စကားဆုံးသည်နှင့် ဟန်မူယဲ့ကို အရိုအသေပေးလိုက်ပြီး မြေကြီးပေါ်မှာ ဒူးတစ်ဖက်ထောက်လိုက်သည်။
“ ဂိုဏ်းချုပ်က ပြောပါတယ်… မင်းကို ငါ့ရဲ့ ဆရာအဖြစ် အသိအမှတ်ပြုပြီး မင်းရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာရမယ် ”
ပိုင်ကျန်းထင်က စိတ်မကောင်းဖြစ်သော မျက်နှာဖြင့် အံကြိတ်လိုက်ပြီး ပြောသည်။ ထို့နောက် သူက ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။
တတိယမျိုးဆက်မှ တပည့်အားလုံးက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က သူတို့ကို အဝေးသို့ ခေါ်ဆောင်သွားလိမ့်မည်လော။
ဟန်မူယဲ့က ပြန်မဖြေပေ။ သူက ခေါင်းလှည့်လိုက်ပြီး သူ့အနောက်မှ ခြံဝန်းကို ကြည့်လိုက်သည်။
“ ခင်ဗျားရောက်လာပြီဆိုမှတော့ ဘာလို့ ထွက်မလာသေးတာလဲ ”
ဟန်မူယဲ့က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ မျက်လုံးထဲမှာ စူးရှသောအလင်း ထွက်ပေါ်လာသည်။
ထွက်လာဖို့လား… ။
ဘယ်သူလဲ… ။
ပိုင်ကျန်းထင်နှင့် တခြားတပည့်များက အံ့ဩသွားကြသည်။
“ ဟား ဟား… လက်စသတ်တော့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ ဟူယုထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်တဲ့လူတစ်ယောက် ရှိနေတာပဲ ”
“ မင်းက မကြာသေးခင်ကမှ ပြန်နိုးထလာတဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေးဖြစ်ရမယ် ”
ပုံရိပ်တစ်ခုက အနောက်ခြံဝန်း၏ ဦးတည်ရာထံမှ အေးဆေးတည်ငြိမ်စွာ ထွက်လျှောက်လာသည်။ သူ၏ တည်ရှိမှုက အနီးနားဝန်းကျင်တွင် လေကြမ်းများ ထွက်ပေါ်လာစေသည်။
သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ဘေးပတ်ဝန်းကျင်မှ နယ်မြေက အလင်းအမှောင်ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။
“ အလင်းဝိညာဉ်တာအိုဂိုဏ်းရဲ့ လူ ”
“ မူလစွမ်းအားကို အပြင်ထုတ်လွှတ်နိုင်တယ်… အဲ့ဒါ ပြန်လည်မွေးဖွားခြင်း အဌမအလွှာပဲ ”
ပိုင်ကျန်းထင်နှင့် တခြားလူများက အသစ်ရောက်လာသော ထိုပုဂ္ဂိုလ်ကို ကြည့်လိုက်လေရာ အံ့ဩထိတ်လန့်သွားကြသည်။ သူတို့၏ မျက်နှာက သွေးမရှိသည့်အလား ဖြူဖျော့သွားသည်။
ပြန်လည်မွေးဖွားခြင်းအဆင့် အဌမအလွှာမှ ပုဂ္ဂိုလ်သည် အနီးနားဝန်းကျင်မှ ဂိုဏ်းများထဲမှာပင် ထိပ်တန်းပညာရှင်တစ်ပါး ဖြစ်သည်။
ထိုသို့ပုဂ္ဂိုလ်က ယနေ့မှာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီသို့ ကိုယ်တိုင်ရောက်လာသည်။ ကြည့်ရသည်မှာ သူတို့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ရန် အမှန်တကယ် ကြံစည်ထားကြဟန် ရ၏။
“ မင်းကို ဖမ်းဆီးပြီး အစစ်အမှန်တာအိုဂိုဏ်းဆီ လွှဲပြောင်းပေးမယ်ဆိုရင် အနည်းဆုံး မူလကျောက်တုံးတစ်သိန်း ရရှိလိမ့်မယ် ”
ခြံဝန်းထဲမှ ထွက်လာသော ပုဂ္ဂိုလ်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ပြီး ပြုံးသည်။
သူက အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက် ဖြစ်သည်။ သူက အနည်းဆုံး အသက်ခုနစ်ဆယ်ခန့် ရှိနိုင်၏။ သူ၏ မျက်လုံးထဲမှာ အေးစက်မှုဖြင့် ပြည့်နှက်နေသည်။
မူလစွမ်းအားက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ အကာအကွယ်အလွှာများအဖြစ် ဖွဲ့စည်းနေလေရာ သူ၏ ခန္ဓာကိုယ်က ဝေဝါးနေသည်။ ယင်းက သူ့ကို အပြင်လူများ၏ စူးစမ်းမှုမှ ကာကွယ်ပေးသည်။
“ ငါ့ရဲ့ အလင်းဝိညာဉ်တာအိုဂိုဏ်းက လူတွေကို ဒဏ်ရာရအောင် လုပ်ရဲတယ်… အဲ့ဒီအတွက် မင်းရဲ့ အသက် ပြန်ပေးဆပ်ရမယ် ”
တာအိုပညာရှင်က လက်မြှောက်လိုက်လေရာ အစိမ်းရောင်မှော်အဆောင်သုံးခုက အရှေ့သို့ ပျံသန်းထွက်သွားကြသည်။
မှော်အဆောင်များပေါ်တွင် ရွှေရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ထို့နောက် ယင်းတို့က လေထဲမှာ အစိမ်းရောင်ဝံပုလွေသုံးကောင်အဖြစ် ဖွဲ့စည်းသွားကြသည်။
ဝံပုလွေတစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်ပုံပေါ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
ဧရာမဝံပုလွေသုံးကောင် အရှေ့သို့ ချီတတ်သွားသည်နှင့် ၎င်းတို့၏ ခြေထောက်အောက်မှ အစိမ်းရောင်ကျောက်တုံးလျှောက်လမ်းက တစ်စစီ အက်ကွဲသွားသည်။
ယင်းက မှော်အဆောင်ကို မူလစွမ်းအားနှင့် ပေါင်းစပ်အသုံးပြုသော နည်းစနစ်တစ်ခု ဖြစ်သည်။ အထွတ်အမြတ်နယ်မြေတွင် ယင်းက ပုံမှန်မြင်နေကျ တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ဖြစ်သည်။
ထိုဝံပုလွေသုံးကောင်၏ စွမ်းအားက ပြန်လည်မွေးဖွားခြင်း ဆဌမအလွှာမှ တစ်စုံတစ်ယောက်ကို အလွယ်တကူ သတ်ပစ်ရန် လုံလောက်သည်။ ပြန်လည်မွေးဖွားခြင်း သတ္တမအလွှာမှ ကျင့်ကြံသူဆိုလျှင်ပင် ဝံပုလွေသုံးကောင်၏ အရှေ့မှာ ဖိနှိပ်ခံရလိမ့်မည်။
ဝံပုလွေသုံးကောင်က သူတို့အနားသို့ မရောက်လာခင်မှာပင် ဝူချွမ်းနှင့် တခြားလူများက တုန်ယင်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးချီစွမ်းအားက လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ကြရသည်။
အခြားတစ်ဖက်တွင် ပိုင်ကျန်းထင်က အံကြိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအားကို လှုံ့ဆော်ကာ တင်းကျပ်စွာ လက်သီးဆုပ်လိုက်သည်။ သူက ဟန်မူယဲ့ အရှေ့ထွက်သွားပြီး အကူအညီမဲ့စွာ သေသွားမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
သူက ထိုသို့ကံကြမ္မာကို လက်မခံနိုင်ပေ။
ဟန်မူယဲ့က အေးဆေးတည်ငြိမ်စွာ ရှိနေသည်။ ဧရာမဝံပုလွေသုံးကောင်က သူ့ဆီသို့ ရောက်လာရန် ပေနှစ်ဆယ်သာ လိုတော့ကြောင်း မြင်သည့်အခါ သူက ရုတ်တရက် လေထဲသို့ ခုန်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ပေသုံးဆယ်အမြင့်သို့ ရောက်ရှိသွားသည်။
သူက လေထဲမှာ မိုးမခကိုင်းသဖွယ် လှုပ်ရှားလိုက်ပြီး ဝံပုလွေသုံးကောင်ကို အပေါ်မှ ခုန်ကျော်သွားသည်။ ထို့နောက် သူက ဝံပုလွေများကို ထိန်းချုပ်ထားသော တာအိုပညာရှင်၏ အရှေ့သို့ ဆင်းသက်လိုက်သည်။
တာအိုပညာရှင်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။
တောက်ပသော အလင်းစီးကြောင်းက သူ၏ လက်ဖဝါးထဲမှ မှော်အဆောင်ပေါ်မှာ ထွက်ပေါ်လာသည်။ ထိုအခါ ဧရာမဝံပုလွေသုံးကောင်က ပျောက်ကွယ်သွားပြီး ဟန်မူယဲ့၏ အရှေ့ သုံးပေအကွာမှာ ပြန်ပေါ်လာကြသည်။
ဝံပုလွေသုံးကောင်သည် အနောက်ပြန်လှည့်စရာမလိုဘဲ ဟန်မူယဲ့၏ အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာကြသည်။
မှော်အဆောင်က မှော်အဆောင်သာဖြစ်ပြီး ဆင့်ခေါ်မှု မဟုတ်ပေ။
ယင်းက အထွတ်အမြတ်နယ်မြေ၏ တမူထူးခြားသော မှော်အဆောင်ထိန်းချုပ်နည်း ဖြစ်သည်။ ယင်းက တခြားလောကများထက် အများကြီး ပိုနက်နဲသည်။
“ ဘန်း ”
ဟန်မူယဲ့က လက်သီးထိုးလွှတ်လိုက်သည်။
သူ၏ လက်သီးက လေထုကို ဖြိုခွင်းသွားပြီး သူ့အရှေ့မှ ဝံပုလွေသုံးကောင်အနက် တစ်ကောင်၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားသည်။
ထိုဝံပုလွေ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ဝေဝါးသွားသည်။ ထို့နောက် ၎င်းက တဖန် ဒြပ်ထည်ဖွဲ့စည်းသွားသည်။
ဟန်မူယဲ့၏ လက်သီးက မှော်အဆောင်မှ ဖွဲ့စည်းထားသော ဝံပုလွေကို မည်သည့်ထိခိုက်ဒဏ်ရာမှ မဖြစ်စေပေ။
သူ့အရှေ့တွင် တာအိုပညာရှင်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ တကယ်ပဲ မင်းက မူလစွမ်းအားနဲ့ မှော်အဆောင်ထိန်းချုပ်မှုအကြောင်း ဘာမှမသိတဲ့ ရှေးခေတ်ဘိုးဘေးပါလား ”