အခန်း (၁၇၃၉)
Vol. 125 Ch. 1739
အခန်း(၁၇၃၉)
ထိုဝံပုလွေခန္ဓာကိုယ်က မူလစွမ်းအားနှင့် မှော်အဆောင်များ၏ ပေါင်းစည်းမှုမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ ၎င်းက အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားမှာ တည်ရှိသည်။
ဟန်မူယဲ့သည် ထိုသို့နည်းစနစ်ကို ယခင်က တစ်ခါမှ မမြင်ဖူးပေ။
ယင်းက အထွတ်အမြတ်နယ်မြေ၏ ခေတ်မီအမွေအနှစ်တစ်ခု ဖြစ်ရမည်။ ယင်းက ရှေးခေတ်ကာလနှင့် လုံးဝ ကွဲပြားခြားနားသည်။
သို့သော် ဟန်မူယဲ့က အချက်တစ်ချက်ကို နားလည်သွားသည်။ အကယ်၍ ထိုဝံပုလွေက ပုံရိပ်ယောင်အခြေအနေမှာရှိနေလျှင် သူ၏ တိုက်ခိုက်မှုများက ၎င်းအပေါ် ထိရောက်မှုရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုအခြေအနေမှာဆိုလျှင် ဝံပုလွေက မည်သည့်တိုက်ခိုက်မှုကိုမှ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။
ယင်းက သူ့အတွက် လုံလောက်သည်။
ဟန်မူယဲ့က တိုးညင်းစွာ ကြုံးဝါးလိုက်ပြီး အရှေ့သို့ ပြေးသွားသည်။ သူက “ လေထဲမှ မိုးမခ ”ကို အသုံးပြု၍ သူ၏ လက်ဝါးကို တခြားဝံပုလွေတစ်ကောင်၏ ကျောရိုးပေါ်သို့ ရိုက်ချလိုက်သည်။
ဤတစ်ကြိမ်တွင် သူ၏ မူလစွမ်းအားက သူ၏ လက်ဖဝါးထဲမှ အပြည့်အဝ မထွက်ပေါ်လာပေ။ ယင်းအစား မူလစွမ်းအားက ဝံပုလွေ၏ ခန္ဓာကိုယ်အပေါ်ယံကို မသိမသာ ဖုံးလွှမ်းသွားသည်။
မှော်အဆောင်မှ အသွင်ပြောင်းလဲထားသော ဝံပုလွေ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ ဤသည်မှာ ဟန်မူယဲ့၏ မူလစွမ်းအားက ၎င်းကို ကန့်သတ်ချုပ်နှောင်လိုက်သည့်အလားပင်။
“ ဒီတော့ အဲ့ဒီလိုကို ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။ သူ့အရှေ့မှ တာအိုပညာရှင်က ဆွံ့အနေစဉ် ဟန်မူယဲ့၏ လက်ဝါးထဲမှ မူလစွမ်းအားက သံကြိုးများအဖြစ် ပြောင်းလဲသွားသည်။
သံကြိုးများက ဝံပုလွေ၏ ဧရာမခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်လိုက်သည်။ ထို့နောက် သူက သံကြိုးကို ဆွဲမြှောက်လိုက်ပြီး ဝံပုလွေကို ဆယ်ပေအဝေးသို့ ပစ်လွှတ်လိုက်သည်။
“ ဘန်း ”
ဒြပ်ထည်ရှိနေသော ဝံပုလွေ၏ ခန္ဓာကိုယ်က အစိမ်းရောင်ကျောက်တုံးလျှောက်လမ်းပေါ်သို့ ပြုတ်ကျသွားပြီး ကျောက်တုံးများက အက်ကွဲသွားသည်။
ဝံပုလွေသည် မြေကြီးပေါ်မှာ အချိန်တစ်ခဏကြာ ရုန်းကန်နေပြီးလျှင် ကြမ်းတမ်းစွာ ပေါက်ကွဲသွားသည်။
တာအိုပညာရှင်၏ လက်ထဲမှ မှော်အဆောင်သုံးခုအနက် တစ်ခုက တိုက်ရိုက် ဆုတ်ပြဲသွားသည်။
“ မင်း… မင်း ဘယ်လိုတောင် ရဲတင်းတာလဲ… ”
နာကျင်သော အမူအရာက တာအိုပညာရှင်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီးလျှင် သူက ဒေါသတကြီး အော်လိုက်သည်။
ထိုဝံပုလွေမှော်အဆောင်တစ်ခုက မူလကျောက်တုံးငါးထောင်တန်သည်။ အလင်းဝိညာဉ်တာအိုဂိုဏ်းတစ်ခုလုံးမှာပင် ယင်းက ထိပ်တန်းအဆင့် မှော်အဆောင်ဖြစ်သည်။
ထိုသို့ရတနာက အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲမှာပင် အများကြီး မရှိပေ။
ကံမကောင်းစွာပင် ယနေ့ ဟန်မူယဲ့က မှော်အဆောင်တစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။
“ သေစမ်း ”
တာအိုပညာရှင်၏ ထိန်းချုပ်မှုအောက်မှာ ကျန်ရှိသော ဝံပုလွေနှစ်ကောင်က တုန်ယင်သွားပြီး ဟန်မူယဲ့ထံသို့ ခုန်အုပ်လိုက်ကြသည်။
“ မှော်အဆောင်အတတ်ပညာ… လက်နက်သန့်စင်ခြင်းအခြေခံအုတ်မြစ်… ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး အရှေ့သို့ လက်သီးထိုးလိုက်သည်။
ထိုလက်သီးက မမြန်ပေ။ သို့သော်လည်း လက်သီးထွက်ပေါ်လာသည့်အခိုက် သူ၏ ဘေးပတ်ဝန်းကျင်တွင် အစိမ်းရောင်လေစီးကြောင်းများ ထွက်ပေါ်လာကြသည်။
“ တိမ်ဖမ်းလေ… ”
ပိုင်ကျန်းထင်က ဟန်မူယဲ့၏ လက်သီးကို ကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။
ထိုလက်သီးက လေပြေအသွင်(၁၂)မျိုးထဲမှ တိမ်ဖမ်းလေဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်လည်း ထိုလက်သီးထဲမှာ ယခင်တိမ်ဖမ်းလေ၏ အနှစ်သာရ မရှိပေ။ ဟန်မူယဲ့ထုတ်ဖော်လိုက်သော လက်သီးက လျှင်မြန်မှုသိပ်မရှိသော်လည်း အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထား၏။
“ ဘန်း ”
အစိမ်းရောင်လေစီးကြောင်းများ ကိန်းဝပ်နေသော လက်သီးက ဝံပုလွေတစ်ကောင်ကို ထိမှန်သွားသည့်အခါ ၎င်းက တိုက်ရိုက် ပေါက်ကွဲသွားသည်။
တာအိုပညာရှင်၏ လက်ထဲမှ ဒုတိယမှော်အဆောင်က ဆုတ်ပြဲသွားသည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မင်း ဘယ်လိုလုပ်လိုက်တာလဲ… ”
ကြောက်ရွံ့သော အကြည့်က တာအိုပညာရှင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အနောက်သို့ တဖြည်းဖြည်း ဆုတ်သွားသည်။
သူက အမှန်တကယ် ကြောက်ရွံ့နေသည်။
ဟန်မူယဲ့က သူ့လက်ထဲမှ မှော်အဆောင်များကို တစ်ခုပြီးတစ်ခု ဆုတ်ဖြဲနေကြောင်း သူမြင်လိုက်ရသည်။
အထူးသဖြင့် ဒုတိယမြောက် မှော်အဆောင်ဖြစ်သည်။
ဒုတိယမြောက် မှော်အဆောင်၏ ပျက်စီးမှုသည် မှော်အဆောင်ထိန်းချုပ်ခြင်းနည်းစနစ်ကို ဟန်မူယဲ့ တန်ပြန်နိုင်သွားပြီဟု ဆိုလိုသည်။
“ ကလေးကလား အကွက်တွေပါ ”
ဟန်မူယဲ့က ရယ်လိုက်သည်။ သူက အရှေ့သို့ ပြေးသွားပြီး နောက်ထပ် လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။
ထိုလက်သီးက အစောနက လက်သီးနှင့် မကွာခြားပေ။ ယင်းထဲမှာ ခမ်းနားထည်ဝါသော အရှိန်အဟုန်က ကိန်းအောင်းနေသည်။ ထိုသို့လက်သီးကို တာအိုပညာရှင်က ထိပ်တိုက် မရင်ဆိုင်ဝံ့ပေ။
ဟန်မူယဲ့၏ တိုက်ခိုက်မှုက ဘေး၌ စောင့်ကြည့်နေကြသော ပိုင်ကျန်းထင်နှင့် တခြားတပည့်များကို မျက်လုံးပြူးသွားစေသည်။
ဟန်မူယဲ့ အသုံးပြုနေသော လေပြေအသွင်(၁၂)မျိုးက လုံးဝ ပြစ်ချက်ကင်းသည်။
“ ဘန်း ”
ဟန်မူယဲ့နှင့် တာအိုပညာရှင်ကြားမှ တတိယမြောက် ဝံပုလွေက တိုက်ရိုက် ပေါက်ကွဲသွားသည်။
မှော်အဆောင်သုံးခုစလုံး ပျက်စီးသွားသည့်အခါ တာအိုပညာရှင်က မျက်နှာဖြူဖျော့သွားပြီး ပါးစပ်အပြည့် သွေးတစ်ပွက်အန်လိုက်သည်။
ယင်းက မှော်အဆောင်သုံးခု ပျက်စီးသွားခြင်း၏ တန်ပြန်သက်ရောက်မှု ဖြစ်သည်။
“ မင်းက တကယ်ပဲ ဘယ်သူလဲ… ”
တာအိုပညာရှင်က သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူက တုန်တုန်ယင်ယင် ပြောသည်။
ဟန်မူယဲ့က စကားပြန်မပြောပေ။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ နောက်အခိုက်အတန့်မှာ သူက တာအိုပညာရှင်၏ ဘေး၌ သိမ်မွေ့သော လေပြေကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာသည်။
သူက တာအိုပညာရှင်၏ လည်ပင်းထံသို့ လက်ဝါးရိုက်ချက်တစ်ခု ထုတ်လွှတ်လိုက်သည်။
တာအိုပညာရှင်သည် လက်မောင်းကို သူ့အရှေ့မှာ ဒေါင်လိုက်မြှောက်၍ ခုခံတားဆီးလိုက်သည်။ တစ်ချိန်တည်းမှာ သူက တခြားလက်ဖြင့် လက်သီးဆုပ်လိုက်ပြီး ဟန်မူယဲ့၏ ရင်ဘက်ထံသို့ ထိုးလိုက်သည်။
လှုပ်ရှားမှုက မြန်ဆန်ပြီး ကြီးမားသော အင်အားက ကိန်းအောင်းနေသည်။ ယင်းက ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။
“ ဘန်း ”ဟူသော မြည်သံနှင့်အတူ လက်သီးက ထွက်ပေါ်လာပြီး ဟန်မူယဲ့၏ လက်ဝါးနှင့် တွေ့ဆုံသွားသည်။
ဟန်မူယဲ့၏ လက်ဝါးက အရှေ့သို့ ဆက်လက် တိုးဝင်လာစဉ် တာအိုပညာရှင်၏ လက်က တုန်ယင်သွားသည်။
“ ခရက် ”
တာအိုပညာရှင်၏ ညာလက်က ကျိုးသွားသည်။
ဟန်မူယဲ့က သူ၏ လက်ဝါးကို အရှေ့သို့ တွန်းထုတ်လိုက်ပြီး သူ၏ တံတောင်ဖြင့် တာအိုပညာရှင်၏ ရင်ဘက်ကို ဆောင့်လိုက်သည်။
“ ဘန်း ”
တာအိုပညာရှင်၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားပြီး သူ၏ ပါးစပ်မှ သွေးအန်ထွက်လာသည်။
သူက ပေငါးဆယ်အဝေးသို့ လွင့်စင်သွားပြီး သတိမေ့သွားသည်။
ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားသည်။ သူက သတိမေ့နေသော တာအိုပညာရှင်၏ အိတ်ကပ်ထဲမှ အရည်အသွေးမြင့် မူလကျောက်တုံးခုနစ်တုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက တာအိုပညာရှင်ကို အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဂိတ်တံခါးဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားသည်။
ပိုင်ကျန်းထင်နှင့် တခြားလူများက တစ်ခဏကြာ ဆွံ့အသွားကြသည်။ ထို့နောက် သူတို့က အနောက်မှ အမြန်လိုက်သွားကြသည်။
မြေကွက်လပ်ဆီသို့ ဟန်မူယဲ့ ရောက်သွားစဉ် ထိုနေရာမှ တိုက်ပွဲက အရေးကြီးအခိုက်အတန့်သို့ ရောက်ရှိနေသည်။
တာအိုပညာရှင်ဟူယုက သွေးစိုရွှဲနေပြီး ကျန်းဟဲ၊ ဝူမင်ကြွယ်နှင့် တခြားတပည့်များကို ခုခံကာကွယ်ပေးနေသည်။ ယခု သူတို့အားလုံးမှာ မည်သည့်တိုက်ခိုက်စွမ်းရည်မှ မကျန်ရှိတော့ပေ။
သူ၏ အရှေ့တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူခုနစ်ယောက် ရှစ်ယောက်က မတ်တတ်ရပ်နေကြသည်။ သူတို့အားလုံးက အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
သူတို့က ချင်မိသားစုဝင်များ ဖြစ်ကြသည်။
“ စီနီယာအကိုဟန် ”
ဟန်မူယဲ့ကို မြင်သောအခါ လဲကျနေသော ရွှင်းဟောင်က အော်ခေါ်လိုက်သည်။
“ စီနီယာအကိုဟန် ရောက်လာပြီ ”
ချင်မိသားစုဝင်ဒါဇင်ခန့်၏ ဝိုင်းရံခံထားရသော တတိယမျိုးဆက်မှ တပည့်တချို့က ကျယ်လောင်စွာ အော်လိုက်ကြသည်။ စိတ်လှုပ်ရှားသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
တာအိုပညာရှင်ပညာဟူယုက အနောက်လှည့်လိုက်လေရာ ဟန်မူယဲ့က ပိုင်ကျန်းထင်နှင့် တခြားလူများကို ဦးဆောင်လာကြောင်း မြင်သွားသည်။ စိတ်ပျက်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဘိုးဘေး… မင်း သူတို့ကို ခေါ်ပြီး ထွက်သွားသင့်တယ်… အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အမွေအနှစ် လုံးဝ ပျက်သုန်းမသွားအောင် မင်းကာကွယ်ရမယ် ”
တာအိုပညာရှင်ဟူယုက အော်ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ပရမ်းပတာလှုပ်ခတ်သွားသည်။ သူက အသေခံတိုက်ရန် စိတ်ဆုံးဖြတ်ထားပြီးပြီ ဖြစ်၏။
အခြားတစ်ဖက်တွင် ချင်မိသားစုဝင်များက အနောက်သို့ စိတ်အေးလက်အေး ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။
“ ဘိုးဘေးလား… ကြည့်ရတာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ ပြန်နိုးထလာတဲ့ ရှေးခေတ်ဘိုးဘေးတစ်ယောက် တကယ်ရှိနေတာပဲ ”
“ ဟား ဟား ဟား… တကယ်လို့ ငါတို့ သူ့ကို အစစ်အမှန်တာအိုဂိုဏ်းဆီ ဖမ်းခေါ်သွားမယ်ဆိုရင် အနည်းဆုံး မူလကျောက်တုံးသုံးသောင်း ရရှိလိမ့်မယ် ”
ချင်မိသားစုဝင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဝမ်းသာပျော်ရွှင်သော အပြုံးက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သူတို့ထဲမှ နှစ်ယောက်က နောက်ထပ် မစောင့်နိုင်တော့ဘဲ ဟန်မူယဲ့ဆီသို့ ပြေးသွားကြသည်။
ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားပြီး တရွတ်တိုက် သူဆွဲလာသော တာအိုပညာရှင်၏ ခန္ဓာကိုယ်ကို အရှေ့သို့ ပစ်လွှတ်လိုက်သည်။
“ ဒီကောင်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲ ခိုးဝင်လာတယ်… ဒါကြောင့် ငါသူ့ကို ဖမ်းဆီးလိုက်တယ် ”
တာအိုပညာရှင်၏ ခန္ဓာကိုယ်က ဟူယု၏ အရှေ့သို့ ပြုတ်ကျသွားပြီး ဖြူဖျော့နေသော သူ၏ မျက်နှာက ထွက်ပေါ်လာသည်။
တာအိုပညာရှင်ဟူယုက ထိုမျက်နှာကို မြင်သွားသောအခါ မျက်လုံးပြူးသွားပြီး အလန့်တကြား အော်ပြောလိုက်သည်။
“ အဲ့ဒါ အလင်းဝိညာဉ်တာအိုဂိုဏ်းက တာအိုပညာရှင်ကောင်းမင် ”
“ သူ… သူက ပြန်လည်မွေးဖွားခြင်းအဆင့် အဌမအလွှာက အစွမ်းထက်ပညာရှင် ”
ထိုစကားက ချင်မိသားစုဝင်များကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူတို့က မြေပြင်ပေါ်မှ တာအိုပညာရှင်၏ မျက်နှာကို သေချာကြည့်လိုက်ကြသည်။
“ အဲ့ဒါ တကယ်ပဲ တာအိုပညာရှင်ကောင်းမင် ”
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… တာအိုပညာရှင်ကောင်းမင်က အံ့ဖွယ်ကိုးပါးတောင်တန်းဒေသမှာ အရမ်းသန်မာတယ်လို့ နာမည်ကျော်ကြားတယ်… သူက ဘယ်လိုလုပ် ဒဏ်ရာရပြီး သတိမေ့နေတာလဲ… ”
လူတိုင်းက ဟန်မူယဲ့ထံသို့ ခေါင်းမော့ကြည့်လိုက်ကြသည်။ ယခု သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။
ဖြစ်နိုင်သည်မှာ ထိုပုဂ္ဂိုလ်က တာအိုပညာရှင်ကောင်းမင်ထက် ပိုပြီးအစွမ်းထက်သော ပညာရှင်တစ်ယောက်လော။
ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။
“ ဒီကောင်က တန်ဖိုးရှိတာလား ”
ထို့နောက် သူက လက်မြှောက်လိုက်ပြီး ချင်မိသားစုဝင်များကို ညွှန်ပြလိုက်သည်။
“ ဒါဆို သူတို့ကရော မူလကျောက်တုံး ဘယ်လောက်တန်ဖိုးရှိလဲ ”
ချင်မိသားရဲ့ ကျင့်ကြံသူတွေကို မူလကျောက်တုံးတွေနဲ့ တန်ဖိုးဖြတ်တာလား… ။
ချင်မိသားစုဝင်များက စိတ်မသက်မသာ ခံစားမိသွားကြသည်။ တာအိုပညာရှင်ဟူယုက အမြန်ပြောလိုက်သည်။
“ ဘိုးဘေး… အဲ့ဒီလူတွေက အနည်းဆုံး မူလကျောက်တုံးနှစ်သောင်း တန်ဖိုးရှိပါတယ် ”
တာအိုပညာရှင်ဟူဟုက ချင်မိသားစုဝင်များကို မူလကျောက်တုံးနှစ်သောင်းဟု တန်ကြေးဖြတ်လိုက်သည့်အခါ ဟန်မူယဲ့က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက “ လေထဲမှ မိုးမခ ”ကို အသုံးပြု၍ မြန်ဆန်စွာ ရွေ့လျားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူက ချင်မိသားစုဝင်များ၏ အရှေ့၌ ပြန်ပေါ်လာသည်။
“ ဘန်း ”
သူက လက်သီးထိုးလွှတ်လိုက်သည်။ ထိုလက်သီးချက်မှ စွမ်းအားက သူ့အရှေ့မှ ချင်မိသားစုဝင်များကို အကြမ်းပတမ်း ရိုက်ခတ်သွားသည်။ ယင်းက သူတို့ကို မြေကြီးပေါ်သို့ လဲကျသွားစေသည်။ သူတို့၏ အရိုးများနှင့် ကြွက်သားများက ပျက်စီးသွားလေရာ သူတို့က နာကျင်စွာ အော်ဟစ်လိုက်ကြသည်။
“ တိမ်ဖမ်းလေ… ”
ထိုလက်သီးချက်ကို မြင်သောအခါ တာအိုပညာရှင်ဟူယု၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။
သူတို့ဂိုဏ်း၏ အမွေအနှစ်က ထိုမျှအားကောင်းသည်လော။
“ ပြေးကြ ”
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှာ အစွမ်းထက်ဘိုးဘေးတစ်ယောက် ပြန်နိုးလာပြီ… ”
တခြားချင်မိသားစုဝင်များက အော်လိုက်ပြီး အမြန်ထွက်ပြေးကြသည်။ သို့သော်လည်း ဟန်မူယဲ့က မြန်ဆန်စွာ ရွေ့လျားလိုက်ပြီး ချင်မိသားစုဝင် တစ်ယောက်ပြီးတစ်ယောက်ကို လက်သီးဖြင့် တိုက်ခိုက်လိုက်သည်။
အသက်တစ်ရာရှူချိန်အတွင်းမှာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ကျူးကျော်ဝင်လာခဲ့ကြသော ချင်မိသားစုဝင်အားလုံးက ဒဏ်ရာအပြင်းအထန် ရရှိသွားကြပြီး အဖမ်းခံလိုက်ကြရသည်။
“ သူတို့ကို မူလကျောက်တုံးတွေနဲ့ ပြန်ရွေးခိုင်းဖို့ မမေ့နဲ့ ”
ဟန်မူယဲ့သည် လက်မြှောက်လိုက်ပြီး မူလကျောက်တုံးများ၏ အလေးချိန်ကို မှန်းဆလိုက်သည်။ ထို့နောက် သူက စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး သူ့ကိုယ်ပိုင်ခြံဝန်းဆီသို့ ပြန်သွားသည်။
ဤတစ်ကြိမ် သူ၏ ရိတ်သိမ်းမှုက အတော်လေး ကောင်းမွန်သည်။ မူလကျောက်တုံးများက အနည်းဆုံး တစ်ထောင်ခန့် ရှိလိမ့်မည်။
ယင်းက သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အခြေခိုင်မာစေရန် လုံလောက်သည်။
“ ဘိုးဘေး… စိတ်ချပါ… တပည့်က ဒီစီးပွားရေးကို အကောင်းဆုံး ကိုင်တွယ်လိုက်ပါ့မယ် ”
တာအိုပညာရှင်ဟူယုက အနောက်မှ လှမ်းအော်ပြောသည်။ သူ၏ လေသံထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။