အခန်း (၁၇၄၀)
Vol. 125 Ch. 1740
အခန်း(၁၇၄၀)
အခန်းထဲတွင် ဟန်မူယဲ့သည် သူ့အရှေ့၌ ပျက်စီးသွားသော မူလကျောက်တုံးအပုံကို ကြည့်နေသည်။
တာအိုပညာရှင်ကောင်းမင်ထံမှ သူရရှိလာသော မူလကျောက်တုံးများထဲမှာ သာမန်မူလကျောက်တုံးများထက် အဆတစ်ရာ ပိုအားကောင်းသော မူလစွမ်းအားက ကိန်းအောင်းနေသည်။ ရွှင်းဟောင်နှင့် တခြားလူများ၏ ပြောကြားချက်အရ ယင်းကို မူလကျောက်စိမ်းဟု ခေါ်သည်။
မူလကျောက်တုံးများ၊ ပထမတန်းစား မူလကျောက်တုံးများ၊ မူလကျောက်စိမ်း…
မူလကျောက်စိမ်းကို မူလကျောက်တုံးသွေးကြော၏ အနက်ပိုင်းထဲမှာသာ ရှာတွေ့နိုင်သည်ဟု ပြောကြသည်။
မူလကျောက်တုံးအားလုံးထံမှ မူလစွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်နှင့် သူ၏ မရီဒျန်အားလုံးက မြစ်ချောင်းများသဖွယ် မူလစွမ်းအားဖြင့် ပြည့်လျှံသွားသည်။
သွေးကြောအမှတ်တစ်ခုပြီးတစ်ခုက ထွန်းလင်းတောက်ပလာသည်။ ယင်းတို့ထဲမှာ စီးဆင်းနေသော အလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်စွမ်းအားနှင့် ပေါင်းစည်းသွားသည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က မူလစွမ်းအားကို သူ၏ အထူးမရီဒျန်ရှစ်ခုထဲသို့ ပေါင်းထည့်လိုက်သည်။ သူက စုစုပေါင်း သွေးကြောအမှတ်ရှစ်ထောင်ကို မူလစွမ်းအားဖြင့် အားဖြည့်ပေးပြီးပြီ ဖြစ်သည်။
ပြန်လည်မွေးဖွားခြင်းအဆင့် နဝမအလွှာ၏ စံနှုန်းများအရ တစ်စုံတစ်ယောက်က မရီဒျန်ရှစ်ခုနှင့် သွေးကြောအမှတ်(၃၆၀)ကို မူလစွမ်းအားဖြင့် အားဖြည့်ပေးရမည်။ သို့ဖြစ်၍ ဟန်မူယဲ့၏ လက်ရှိစွမ်းအားသည် သာမန် ပြန်လည်မွေးဖွားခြင်း နဝမအလွှာမှ ကျင့်ကြံသူတစ်ယောက်ထက် အဆ(၂၀)ကျော် ပိုပြီးသန်မာသည်။
ထိုသို့ခွန်အားကြောင့် သွေးချီရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် ဟန်မူယဲ့ထက် အများကြီး ပိုမသန်မာနိုင်ပေ။
သို့သော် သူ၏ မူလစွမ်းအားက အလွန်ပါးလွှာနေဆဲပင်။ ထို့ကြောင့် သူက စွမ်းအားအပြည့်အဝကို အကြိမ်အများကြီး မထုတ်လွှတ်နိုင်သေးပေ။
“ အထွတ်အမြတ်နယ်မြေက မူလစွမ်းအား မလုံလောက်မှုပြဿနာကို ရင်ဆိုင်နေရတယ်… အဲ့ဒါကြောင့် သူတို့က လက်နက်တွေနဲ့ မှော်အဆောင်တွေကို တိုက်ပွဲမှာ အဓိကအသုံးပြုကြတယ် ”
အဆင့်နိမ့်ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ မှော်အဆောင်စွမ်းအားဖြင့် အစွမ်းမြှင့်တင်ကြသည်။ အခြားတစ်ဖက်မှာတော့ ရွှမ်အဆင့် ကျင့်ကြံသူများက လက်နက်စွမ်းအားပေါ်မှာ မှီခိုအားထားကြသည်။
အသင်္ချေအသူရာချောက်နက်ထဲ၌ အထွတ်အမြတ်နယ်မြေမှ ကျင့်ကြံသူများဖြင့် သူရင်ဆိုင်ခဲ့ရစဉ်က ထိုအချက်ကို သတိပြုမိခဲ့သည်။ သူတို့က လက်နက်များ၏ စွမ်းရည်အပေါ် အဓိက မှီခိုအားထားကြသည်။
ကံမကောင်းစွာပင် ထိုသို့လက်နက်များကို အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ မရှာတွေ့နိုင်ပေ။ အမှန်မှာ အံ့ဖွယ်ကိုးပါးတောင်တန်းဒေသတစ်ခုလုံးမှာပင် ယင်းတို့ကို မရှာဖွေနိုင်ပေ။
ဟန်မူယဲ့သည် သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အခြေခိုင်မာစေရန် မူလစွမ်းအားကို လှည့်ပတ်လိုက်သည်။ ယခု သူက ပြန်လည်မွေးဖွားခြင်းအဆင့် နဝမအလွှာမှာ ဖြစ်သည်။
ရွှမ်အဆင့်ဆီသို့ ချိုးဖြတ်ဝင်ရောက်ရန်အလို့ငှာ သူဖွင့်လှစ်ထားသော သွေးကြောအမှတ်အားလုံးနှင့် မရီဒျန်အားလုံးကို အတူတကွ ပေါင်းစည်းရမည်။
ထို့ပြင် ဟန်မူယဲ့က ပမာဏအလွန်များပြားသော မူလကျောက်တုံးများကို လိုအပ်နေဆဲပင်။
သူက လက်ဖွင့်လိုက်လေရာ အက်ကွဲနေသော မှော်အဆောင်အပိုင်းအစတစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
ထိုမှော်အဆောင်ကို အဆောင်စက္ကူပေါ်မှာ ရေးဆွဲထားခြင်း မဟုတ်ပေ။ ယင်းအစား အစိမ်းရောင်ကျောက်စိမ်းပြားပေါ်မှာ ရေးထွင်းထားခြင်း ဖြစ်သည်။
“ ဝိညာဉ်စွမ်းအားလား ”
မှော်အဆောင်ကို ရေးထွင်းခြင်းတွင် မူလစွမ်းအားသာ လိုအပ်ခြင်း မဟုတ်ပေ။ ဝိညာဉ်ရွှမ်အဆင့် ဝိညာဉ်စွမ်းအားကိုလည်း လိုအပ်ပေသည်။
သို့ဖြစ်၍ မှော်အဆောင်များ အလွန်ရှားပါးပြီး တန်ဖိုးကြီးမားနေခြင်းက မထူးဆန်းတော့ပေ။
မျက်မှောက်ခေတ်၏ အထွတ်အမြတ်နယ်မြေထဲတွင် တာအိုပေါ်ထွက်ခြင်းအဆင့် ပုဂ္ဂိုလ်များမရှိတော့လေရာ ရွှမ်အဆင့်သည် အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့် ဖြစ်သည်။ ဝိညာဉ်ရွှမ်အဆင့်မှ ကျင့်ကြံသူများသည် အထွတ်အမြတ်နယ်မြေ၏ အသန်မာဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထိုသို့ပုဂ္ဂိုလ်များသည် အဆင့်နိမ့်ကျင့်ကြံသူများအတွက် မှော်အဆောင်များ သန့်စင်ပေးရန် မည်သို့ကြောင့် သူတို့၏ ဝိညာဉ်စွမ်းအားကို အသုံးပြုလိမ့်မည်နည်း။
အက်ကွဲနေသော အစိမ်းရောင်ကျောက်စိမ်းပြားကို သူဆုပ်ကိုင်ထားစဉ် ဝိညာဉ်စွမ်းအင်အမျှင်တန်းတစ်ခုက ကျောက်စိမ်းပြားထဲသို့ စီးဆင်းသွားသည်။
“ ဝီး ”
အလင်းအမှောင်ပုံရိပ်များက ဟန်မူယဲ့၏ စိတ်ထဲမှာ စတင်ထွက်ပေါ်လာသည်။
“ ဟမ်… ”
ထိုမှော်အဆောင်ကို ရေးထွင်းခဲ့သူက ဝိညာဉ်ရွှမ်အဆင့်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဟု သူတွေးခဲ့ခြင်းက လုံးဝ မှားယွင်းနေသည်။
ယင်းအစား ထိုမှော်အဆောင်က အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲ၌ အစွမ်းထက်ဆုံး ဂိုဏ်းဖြစ်သော အစစ်အမှန်တာအိုဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။
အစစ်အမှန်တာအိုဂိုဏ်းမှ တပည့်များသည် မှော်အဆောင်များ ရေးထွင်းခြင်းကို ကျွမ်းကျင်ကြသည်။ သူတို့က အရင်ဦးစွာ မှော်အဆောင်သန္ဓေသားလောင်းများကို ရေးထွင်းကြလိမ့်မည်။ ထို့နောက် ယင်းတို့ကို ကျောက်တုံးစင်မြင့်တစ်ခုပေါ်မှာ တင်ကြလိမ့်မည်။
ကျောက်တုံးစင်မြင့်၏ အနောက်တွင် ပုံရိပ်ရှစ်ခုက မတ်တတ်ရပ်နေကြသည်။ သူတို့တစ်ယောက်စီက ရွှေရောင်ထွန်းလင်းနေသော သံကြိုးများဖြင့် ချုပ်နှောင်ခံထားကြရသည်။
တာအိုပေါ်ထွက်ခြင်းအဆင့်… ။
ထိုကျင့်ကြံသူရှစ်ယောက်သည် ရှေးခေတ်မှ ပြန်နိုးလာကြသော တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် သူတို့၏ ကျင့်ကြံခြင်းက မျက်မှောက်ခေတ်၏ အထွတ်အမြတ်နယ်မြေနှင့် မလိုက်ဖက်သောကြောင့် သူတို့က ကျင့်ကြံခြင်းစွမ်းအားကို ဆုံးရှုံးသွားကြသည်။
သို့သော် သူတို့၏ ဝိညာဉ်က အလွန်သန်မာနေဆဲပင်။ သူတို့၏ ဝိညာဉ်စွမ်းအားက နည်းနည်းချင်းစီ ဆွဲထုတ်ခံနေရပြီး မှော်အဆောင်များထဲသို့ ပေါင်းစပ်သွားသည်။
မှော်အဆောင်များချည်းသာ မဟုတ်ပေ။
ကျောက်တုံးစင်မြင့်၏ အလယ်ဗဟိုတွင် သုံးပေရှည်လျားသော ဓားတစ်လက်က ပျံဝဲနေသည်။
သူ၏ စိတ်ထဲမှ မြင်ကွင်းက ပျောက်ကွယ်သွားသည့်အခါ အပြုံးက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ကြည့်ရတာ အစစ်အမှန်တာအိုဂိုဏ်းက အတော် ကြွယ်ဝတဲ့ပုံပဲ… ။
သူတို့ဆီမှာ မူလကျောက်တုံးတွေ အများကြီး ရှိလောက်တယ်… ။
…..
ချင်မိသားစု… ။
ချင်မိသားစုသည် အံ့ဖွယ်ကိုးပါးတောင်တန်း၏ တောင်ခြေမှာ တည်ရှိသည်။ ချင်မိသားစုသည် အချင်းမိုင်တစ်ရာအတွင်း၌ အသန်မာဆုံး မိသားစုဖြစ်သည်။ သူတို့က အချင်းမိုင်တစ်ရာအတွင်းမှ ဝိညာဉ်လယ်ကွက်အားလုံးနီးပါးကို ပိုင်ဆိုင်ထားသည်။
ချင်မိသားစု၏ ဘိုးဘေး ချင်မင်တန်သည် ပြန်လည်မွေးဖွားခြင်းအဆင့် သတ္တမအလွှာမှ အစွမ်းထက် ပညာရှင်တစ်ယောက် ဖြစ်သည်။
သို့သော်လည်း ယခု ချင်မင်တန်သည် ပြန်လည်မွေးဖွားခြင်းအဆင့် အဌမအလွှာသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ သူက အံ့ဖွယ်ကိုးပါးတောင်တန်းဒေသ၏ အချင်းမိုင်တစ်ထောင်အတွင်းမှ ထိပ်တန်းပုဂ္ဂိုလ်များအနက် တစ်ယောက်ဖြစ်လာသည်။
ထိုအကြောင်းကြောင့် ချင်မိသားစုသည် လက်တလောတွင် ဂိုဏ်းအများအပြားနှင့် ရင်းနှီးသိကျွမ်းလာပြီး ဂိုဏ်းငယ်များကို ဝါးမျိုပစ်ရန် ပြင်ဆင်လာသည်။ သူတို့၏ ရည်ရွယ်ချက်က ကိုယ်ပိုင်ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရန် ဖြစ်၏။
သူတို့က ကျင့်ကြံခြင်းမိသားစုတစ်ခုဖြစ်သည်ကို မကျေနပ်တော့ပေ။ သူတို့က ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လာရန် ရည်မှန်းထားကြသည်။
ဤအခိုက်အတန့်မှာ ချင်မိသားစု၏ အဓိကခန်းဆောင်ထဲတွင် ချင်မင်တန်က သုန်မှုန်သော မျက်နှာဖြင့် ထိပ်ဆုံးနေရာမှာ ထိုင်နေသည်။
သူ၏ အောက်တွင် ချင်မိသားစုမှ ကျွမ်းကျင်ပညာရှင်များက စုဝေးနေကြသည်။ သူတို့အားလုံးက မျက်နှာသုန်မှုန်နေကြသည်။
ခန်းဆောင်၏ အလယ်တွင် အသက်လေးဆယ်ခန့်ရှိသော အမျိုးသားတစ်ယောက်က ဇဝေဇဝါဖြစ်သော မျက်နှာဖြင့် မတ်တတ်ရပ်နေသည်။
“ ခေါင်းဆောင်… ကျုပ် မြင်းတစ်ကောင်ကို တကယ်ပဲ မွေးခဲ့ပါတယ်… ဒါပေမဲ့ မြင်းကျွေးဖို့အတွက် ဝိညာဉ်စပါးပင်တွေကို ရိတ်သိမ်းဖို့ ဘယ်သူ့ကိုမှ ကျုပ် အမိန့်မပေးခဲ့ပါဘူး ”
“ ခေါင်းဆောင်… အဲ့ဒါက မြင်းလေးတစ်ကောင်ပါ… မြင်းတစ်ကောင်အတွက် ကျုပ်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ လယ်ကွက်တွေကို မျက်စိကျစရာလား ”
ချင်ဖန်းသည် ချင်မိသားစုမှ ဒုတိယမျိုးဆက်၏ တတိယအကြီးအကဲဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားသည် ပြန်လည်မွေးဖွားခြင်း ဆဌမအလွှာသို့ ရောက်ရှိနေသည်။
သူသည် မကြာသေးခင်က လေပွေမြင်းတစ်ကောင်ကို လက်ဆောင်ရရှိခဲ့သည်။ ၎င်းက ရှားပါးရတနာတစ်ခု ဖြစ်သည်။
သို့သော်လည်း ထိုမြင်းတစ်ကောင်ကြောင့် သူ၏ ချင်မိသားစုက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနှင့် အကြီးအကျယ် ပြဿနာဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
အဓိကအချက်မှာ ချင်မိသားစုက ဤတစ်ကြိမ်တွင် ကြီးမားစွာ ဆုံးရှုံးသွားခဲ့သည်။
“ တတိယအကို… ဝိညာဉ်စပါးပင်တွေကို ရိတ်သိမ်းဖို့ မင်း ဘယ်သူ့ကိုမှ မစေလွှတ်ခဲ့ဘူးဆိုပေမဲ့ ဒီကိစ္စကို လုပ်ခဲ့တဲ့ လူတွေက မင်းလက်အောက်က လူတွေလေ… သူတို့က မင်းရဲ့ မျက်နှာသာပေးမှုကို လိုချင်လို့ အဲ့လိုလုပ်ခဲ့ကြတာ ”
အသံတစ်သံက ခန်းဆောင်ထဲမှာ ထွက်ပေါ်လာသည်။
“ ဟုတ်တယ်… ဝိညာဉ်လယ်ကွင်းတွေက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အသက်သွေးကြောပဲ… ရိတ်သိမ်းချိန်မရောက်သေးဘဲ ဝိညာဉ်စပါးပင်တွေကို သွားရိတ်သိမ်းတာက သူတို့ကို အကြီးအကျယ် ဒေါသထွက်စေတာ မထူးဆန်းပါဘူး… ဘာပဲပြောပြော အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက အနှစ်တစ်ထောင် အခြေခံအုတ်မြစ်ရှိတဲ့ ဂိုဏ်းတစ်ခုမဟုတ်လား… အဲ့လိုဂိုဏ်းကို အနည်းဆုံးတော့ လေးစားမှုထားသင့်တယ် ”
တခြားတစ်ယောက်က ပြောသည်။
“ ကျုပ်… ”
ချင်ဖန်းက လက်သီးဆုပ်လိုက်သည်။ သူက ဒေါသထွက်နေသော်လည်း ယင်းကို မဖွင့်ထုတ်နိုင်ပေ။ သို့ဖြစ်၍ သူ၏ မျက်နှာက နီမြန်းလာသည်။
သူက ဘာပြောနိုင်ဦးမည်နည်း။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လက်ထဲသို့ ကျရောက်နေသော အကြီးအကဲချင်ယွဲ့ကို သွားကယ်ဆယ်နိုင်သော အရည်အချင်း သူ့ဆီမှာ မရှိပေ။
အကြီးအကဲချင်ယွဲ့၏ တိုက်ပွဲစွမ်းအားက သူ့ထက် မနိမ့်ပေ။ ထို့ပြင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လက်ထဲသို့ ကျရောက်နေသော တခြားအကြီးအကဲများထဲတွင် နှစ်ယောက်က ပြန်လည်မွေးဖွားခြင်း ဆဌမအလွှာမှာ ဖြစ်ကြသည်။
ချင်ဖန်းက ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ နားလည်သည်။ ထိုလူများကို အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လက်ထဲမှ ပြန်ကယ်ဆယ်ရန် သူ့မှာ မည်သည့်အခွင့်အရေးမှ မရှိကြောင်း သူသိသည်။
“ တော်လောက်ပြီ ”
ထိပ်ဆုံးနေရာမှာ ထိုင်နေသော ချင်ဘိုးဘေးက လက်ဝှေ့ယမ်းလိုက်သည်။ သူက အောက်ဘက်မှ လူများကို ဝေ့ဝိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဖြစ်ပြီးသား ကိစ္စတွေကို ပြန်ပြောနေလို့ ဘာမှအကျိုးမထူးဘူး ”
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက လူပြန်ရွေးဖို့အတွက် မူလကျောက်တုံးတစ်သိန်း တောင်းဆိုတယ် ”
မူလကျောက်တုံးတစ်သိန်း… ။
ချင်မိသားစုတစ်ခုလုံးကို ရောင်းချမည်ဆိုလျှင်ပင် မူလကျောက်တုံးတစ်သိန်း တန်ကြေးမရှိပေ။
ခန်းဆောင်ထဲမှ လူတိုင်းက မျက်နှာရှုံ့မဲ့သွားကြသည်။
“ တာအိုပညာရှင်ဟူယုနဲ့ ငါဆွေးနွေးပြီးတဲ့နောက် အနိမ့်ဆုံးဈေး မူလကျောက်တုံးရှစ်ထောင်အထိ လျော့ချနိုင်ခဲ့တယ် ”
ချင်မင်တန်က ပြောသည်။
ယင်းကို ကြားသောအခါ လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
“ ဒါပေမဲ့… အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ငါတို့ရဲ့ ဝိညာဉ်လယ်ကွက်ဧက(၃၀၀)ကို လိုချင်တယ် ”
ထိုစကားက ခန်းဆောင်ထဲမှ လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။
ထိုဝိညာဉ်လယ်ကွင်းများသည် ချင်မိသားစု၏ အခြေခံအုတ်မြစ် ဖြစ်သည်။
“ ခေါင်းဆောင်… ကျုပ်တို့တွေ ဝိညာဉ်လယ်ကွင်းကို ပေးလို့ မဖြစ်ဘူး ”
“ ဟုတ်တယ် ခေါင်းဆောင်… အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနဲ့ အသေအကြေ တိုက်ခိုက်ရအောင်… သူတို့ကို ဝိညာဉ်လယ်ကွင်းတွေ မပေးနိုင်ဘူး ”
ကျယ်လောင်သော အော်သံများက ခန်းဆောင်ထဲမှ လူများထံမှ ထွက်ပေါ်လာသည်။
ချင်မင်တန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘေးဘီကို ဝေ့ဝိုက်ကြည့်လိုက်သည်။
“ တကယ်လို့ ငါတို့မပေးရင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ငါ့ကို အမဲလိုက်ဖမ်းမှာပေါ့… မင်းတို့က ငါသေတာကို မြင်ချင်တာလား ”
ခန်းဆောင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ရှေးခေတ်ဘိုးဘေးက ပြန်နိုးလာပြီ… ဒီတစ်ကြိမ် သူတို့က အလင်းဝိညာဉ်တာအိုဂိုဏ်းနဲ့ တိုက်ပွဲဖြစ်လိမ့်မယ် ”
“ တကယ်လို့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက အနိုင်ရသွားမယ်ဆိုရင် ငါတို့ရဲ့ ချင်မိသားစုက ဆင်ဖြူတော်မှီပြီး ကြံစုပ်လို့ ရမယ် ”
“ တကယ်လို့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက အလင်းဝိညာဉ်တာအိုဂိုဏ်းကို ရှုံးနိမ့်သွားမယ်ဆိုရင် ကိစ္စတွေက ပိုပြီးလွယ်ကူသွားလိမ့်မယ် ”
“ ဒီအတောအတွင်း ငါ့ဆီကနေ သူတို့စားထားတာတွေ အကုန်ပြန်အန်ထွက်လာလိမ့်မယ်… ငါ့အပိုင်ပစ္စည်းတွေကို ငါပြန်ယူပစ်မယ် ”
ချင်မင်တန်က လက်သီးဆုပ်လိုက်လေရာ အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
မူလကျောက်တုံးရှစ်ထောင်နှင့် ဝိညာဉ်လယ်ကွက်ဧက(၃၀၀)… ။
ယင်းက သူ၏ အသွေးအသားများကို အရှင်လတ်လတ် ဆွဲထုတ်လိုက်သည့်အလား သူ့ကို နာကျင်စေသည်။
“ ခေါင်းဆောင်… အလင်းဝိညာဉ်တာအိုဂိုဏ်းက စလှုပ်ရှားပါပြီ ”
ခန်းဆောင်အပြင်ဘက်တွင် အော်သံ ထွက်ပေါ်လာသည်။ ထို့နောက် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က ခန်းဆောင်ထဲသို့ အမြန်ပြေးလာသည်။
သူ့စကားကို ကြားသည့်အခါ ချင်မင်တန်နှင့် ချင်မိသားစုဝင်များက ဝမ်းသာပျော်ရွှင်သွားကြသည်။
“ အခြေအနေဘယ်လိုရှိလဲ… သူတို့က လူဘယ်နှစ်ယောက်စေလွှတ်လိုက်လဲ ”
ချင်မင်တန်က အလျင်စလို မေးသည်။
“ ခေါင်းဆောင်ကို တင်ပြပါတယ်… သူတို့က လူရှစ်ယောက်ကို စေလွှတ်လိုက်ပါတယ်… သူတို့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ အဖမ်းခံထားရတဲ့ တာအိုပညာရှင်ကောင်းမင်နဲ့ တခြားတပည့်များကို ပြန်ရွေးဖို့ မူလကျောက်တုံးသုံးသောင်းကို ယူဆောင်လာကြပါတယ် ”
ထိုအကြီးအကဲက ပြန်ပြောသည်။