အခန်း (၁၇၄၃)
Vol. 125 Ch. 1743
အခန်း(၁၇၄၃)
ဝူချွမ်းက စာလိပ်ကို ဟန်မူယဲ့ထံ ပေးလိုက်သည်။ ဟန်မူယဲ့က စာလိပ်ကို ဖြန့်လိုက်လေရာ မြေပုံတစ်ခု ထွက်ပေါ်လာသည်။
“ စွန့်ပစ်သတ္ထုသွေးကြောတွေ ”
ဟန်မူယဲ့က မြေပုံပေါ်မှ အမှတ်အသားများကို ကြည့်နေရင်း နူးညံ့စွာ ရေရွတ်လိုက်သည်။
ထိုထဲမှ အမှတ်တစ်ခုက အံ့ဖွယ်ကိုးပါးတောင်တန်းပေါ်မှ ဖူယွမ်စွန့်ပစ်သတ္ထုတွင်း ဖြစ်သည်။ အတိတ်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်းက ယင်းကို စွန့်ပစ်ခဲ့သည်။
သို့သော်လည်း ထိုမြေပုံထဲမှ တည်နေရာတစ်ခုတွင် ကြီးမားသော အမှတ်အသားများ ရှိသည်။ ထို့ပြင် “ ကျောက်စိမ်း ”ဟူသော စကားလုံးကိုလည်း ရေးသားထားသည်။
အတိတ်မှာ ယန်ချီသည် သူ့အသက်ကို ကယ်ပေးရန် ဟန်မူယဲ့ကို မူလကျောက်စိမ်းနှစ်ခု ပေးအပ်ခဲ့သည်။
ဖြစ်နိုင်သည်မှာ ယန်ချီက မူလကျောက်စိမ်းနှစ်ခုကို ထိုစွန့်ပစ်သတ္ထုတွင်းထဲမှ ရရှိလာခြင်းလော။
သို့ဆိုလျှင် ယန်ချီက မည်သို့ကြောင့် မြေပုံကို ဟန်မူယဲ့အား ပေးခဲ့သနည်း။
ဟန်မူယဲ့က အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ၏ အမူအရာက တည်ကြည်လေးနက်နေသည်။
ရှင်းလင်းစွာပင် ယင်းက ယန်ချီ၏ တောင်းဆိုမှု ဖြစ်သည်။
အကူအညီအတွက်လား… ။
သို့မဟုတ် တခြားအဓိပ္ပာယ်တစ်ခု ရှိနေသည်လော။
“ ငါ့မှာ လုပ်စရာကိစ္စတစ်ခု ပေါ်လာပြီ… မင်းတို့တွေ ဂိုဏ်းကို အရင်ပြန်နှင့်ကြ ”
ဟန်မူယဲ့က စကားပြောပြီးနောက် မူလကျောက်စိမ်းနှစ်ခုကို ဝူချွမ်းအား ပေးလိုက်သည်။
ထိုမူလကျောက်စိမ်းနှစ်ခုသည် မူလကျောက်တုံးနှစ်ရာ တန်ကြေးရှိသည်။ ဂိုဏ်း၏ တပည့်များကို ထောက်ပံ့ပေးရန်အလို့ငှာ သူက ဝူချွမ်းကို မူလကျောက်စိမ်းနှစ်ခု ပေးလိုက်သည်။
ဝူချွမ်းနှင့် တတိယမျိုးဆက်မှ တပည့်များက အချင်းချင်း ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ခေါင်းညိတ်လိုက်ကြပြီး ဈေးထဲမှ အမြန်ထွက်သွားကြသည်။
ဟန်မူယဲ့က ယန်ချီ၏ အကြောင်းကို လိုက်မစုံစမ်းပေ။ ယင်းအစား သူက စွန့်ပစ်သတ္ထုတွင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
သူ၏ တိုက်ပွဲစွမ်းအားက မသေးငယ်ကြောင်း သူသိသည်။ သို့သော်လည်း သူမသိသော သူစိမ်းတစ်ယောက်အတွက် သူ့အသက်ကို မစတေးနိုင်ပေ။
အမှန်တရားကုန်းမြေ၏ အထွတ်အမြတ်နယ်မြေထဲတွင် သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းက ပိုပြီးအရေးကြီးသည်။
အကယ်၍ သူသာ မူလကျောက်စိမ်းများကို ရှာဖွေနိုင်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားက မြန်ဆန်စွာ တိုးမြှင့်သွားလိမ့်မည်။
ဝူချွမ်းနှင့် တခြားလူများ မရှိတော့သည့်အခါ ဟန်မူယဲ့က သူ၏ အလျင်ကို အဆုံးစွန်ထိ တိုးမြှင့်လိုက်သည်။ သူက တောင်တတ်လမ်းပေါ်တွင် မြန်ဆန်စွာ ရွေ့လျားသွားနေသည်။
လေပြေအသွင်(၃၆)မျိုးထဲတွင် ကိုယ်ဖော့ပညာကို အထူးပြုသော လှုပ်ရှားမှုများ ပါဝင်သည်။
စွန့်ပစ်သတ္ထုတွင်းသည် ဖီးနစ်ငိုသံမြို့တော်နှင့် မနီးပေ။ ထိုနေရာသို့ ရောက်ရန် ဟန်မူယဲ့က နာရီပေါင်းများစွာကြာ ခရီးဆက်ခဲ့ရသည်။
အင်ပါယာတောင်… ။
အဝေးတွင် နန်းမြို့တော်နှင့် ဆင်တူသော တောင်တန်းဒေသတစ်ခု ထွက်ပေါ်လာသည်။ သို့တိုင် တောင်ထွတ်များက အက်ကွဲနေကြသည်။ ဘေးပတ်ဝန်းကျင်မှ ကျောက်ဆောင်ကျောက်တုံးများပေါ်မှာ အက်ကွဲကြောင်းများရှိနေပြီး အစိမ်းရောင်အလင်းက ထိုကျောက်တုံးများထဲမှ ထွက်ပေါ်နေသည်။
ထိုအစိမ်းရောင်အလင်းက မူလစွမ်းအား ဖြစ်သည်။
အရှေ့သို့ ရွေ့လျားသွားနေစဉ် ကျင့်ကြံသူအများအပြားက ထိုနေရာတစ်ဝိုက်မှာ လှည့်ပတ်နေကြောင်း ဟန်မူယဲ့ မြင်သွားသည်။
သူတို့ထဲမှ အများစုက ဂိုဏ်းတပည့်များ မဟုတ်ကြသော လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ တချို့သည်တော့ အင်ပါယာတောင်နားမှာ တည်ရှိကြသော ဂိုဏ်းငယ်များမှ တပည့်များ ဖြစ်ကြသည်။ သူတို့က ကျောက်တုံးများထဲမှ စိမ့်ထွက်နေသော မူလစွမ်းအားကို စုပ်ယူကျင့်ကြံရန် ဤနေရာသို့ ရောက်လာကြလေ့ ရှိသည်။
အနားသို့ ချဉ်းကပ်သွားသည့်အခါ ထိုကျောက်တုံးများက မသန့်စင်ရသေးသော မူလကျောက်တုံးများဖြစ်ကြောင်း ဟန်မူယဲ့ နားလည်သွားသည်။ ယင်းတို့ထဲမှာ မူလစွမ်းအားတစ်စွန်းတစ်စ ရှိသော်လည်း ပမာဏ မများပေ။ အချိန်တစ်ခုကြာသွားလျှင် မူလစွမ်းအားက လေထဲမှာ ပျောက်ကွယ်သွားလိမ့်မည်။
ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ဟန်မူယဲ့ရောက်လာသည်ကို မြင်သော်လည်း မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ကြပေ။
လူတိုင်းက သူတို့၏ ကျင့်ကြံခြင်းမှာ လုံးဝ စိတ်နှစ်ထားကြသည်။
ထိုကျောက်တုံးများထဲမှ မူလစွမ်းအားက မြန်ဆန်စွာ ပျောက်ကွယ်သွားနေသည်။ သို့ဖြစ်၍ သူတို့က အချိန်ကို အလဟဿ မသုံးချင်ကြပေ။
ဟန်မူယဲ့က ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက မြေပုံထဲမှာ အမှတ်အသားပြုလုပ်ထားသော တည်နေရာဆီသို့ ဆက်လျှောက်သွားသည်။
အရှေ့သို့ သူလျှောက်သွားလေ တရားထိုင်ကျင့်ကြံနေသော လူများက ပိုပြီးနည်းပါးလာလေ ဖြစ်သည်။
တောင်ကုန်းများကြားမှ ကျောက်တုံးများသည်လည်း နည်းပါးသွားသည်။ မြေကြီးနှင့် သစ်တောက ပိုပြီးများပြားလာသည်။
“ ဟေး… အရှေ့ဆက်မသွားနဲ့… အဲ့ဒီမှာ သန္ဓေပြောင်းသားရဲတွေ စုဝေးနေကြတယ် ”
အနီးနားမှ တစ်စုံတစ်ယောက်က ဟန်မူယဲ့ကို လှမ်းသတိပေးသည်။
သူက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက မရပ်တန့်ဘဲ အရှေ့သို့ ဆက်လျှောက်သွားသည်။
“ အဲ့ဒီလူ သေလမ်းရှာနေတာလား ”
ဟန်မူယဲ့က သူ့စကားကို ဂရုမစိုက်ကြောင်း မြင်သောအခါ ထိုလူက မကျေနပ်စွာ ပြောသည်။
“ ဟူး… အဲ့ဒီနေရာက စွန့်ပစ်သတ္ထုတွင်း တည်ရှိတဲ့နေရာပဲ… ဒါပေမဲ့ အဲ့ဒီနေရာမှာ သန္ဓေပြောင်းသားရဲတွေ အများကြီး ရှိတယ်… ပြန်လည်မွေးဖွားခြင်း ဆဌမအလွှာက ကျင့်ကြံသူတွေတောင် အဲ့ဒီကို အဖွဲ့လိုက်မဟုတ်ရင် မသွားရဲကြဘူး… သူက တစ်ယောက်တည်း သွားတယ်ဆိုတော့ ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ ”
တခြားတစ်ယောက်က ဝင်ပြောသည်။ ထို့နောက် သူက အဝေးသို့ လှည့်ကြည့်လိုက်သည်။
ကျင့်ကြံခြင်းလောကတွင် လူအနည်းစုသာလျှင် ကိုယ်နှင့်မသက်ဆိုင်သော ကိစ္စများကို ဝင်စွက်ဖက်ကြလိမ့်မည်။
သေခြင်းရှင်ခြင်းကိစ္စများတွင် လူအများစုက ကိုယ့်အတွက်သာ တွေးကြလိမ့်မည်။
ဟန်မူယဲ့က အရှေ့သို့ ဆက်လျှောက်သွားသည်။ မကြာမီ သူက တခြားလူများ ပြောသော စွန့်ပစ်သတ္ထုတွင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။
သို့သော်လည်း သူက စွန့်ပစ်သတ္ထုတွင်းထဲသို့ တိုက်ရိုက် မဝင်သွားပေ။ ယင်းအစား သူက ဘေးသို့ လျှောက်သွားသည်။ နောက်ဆုံးမှာ သူက တောင်နှစ်လုံးကြားမှ လျှိုမြောင်ငယ်တစ်ခုဆီသို့ ရောက်ရှိသွားသည်။
ယင်းက ယန်ချီပေးခဲ့သော မြေပုံထဲမှ တည်နေရာ ဖြစ်သည်။
လျှိုမြောင်အတွင်းမှ ကျောက်တုံးကျောက်ဆောင်များကို ဖြတ်ကျော်သွားပြီးနောက် အလွန်ပေါကြွယ်ဝသော မူလစွမ်းအားက သူ့ကို ရိုက်ခတ်လာသည်။
“ ဝူး ”
သူ့အရှေ့တွင် လူတစ်ယောက်စာ ကြီးမားသော ဝံပုလွေတစ်ကောင် ထွက်ပေါ်လာပြီး သူ့အပေါ်သို့ ခုန်အုပ်လာသည်။ ဝံပုလွေ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြေးခွံများဖြင့် ပြည့်နှက်နေပြီး ၎င်း၏ မျက်လုံးများက မီးတောက်သဖွယ် နီရဲနေသည်။
ရှင်းလင်းစွာပင် ၎င်းက သန္ဓေပြောင်းသားရဲတစ်ကောင် ဖြစ်သည်။
၎င်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ပြန်လည်မွေးဖွားခြင်း တတိယအလွှာမှ ကျင့်ကြံသူများ ခုခံနိုင်သောအရာ မဟုတ်ပေ။
သန္ဓေပြောင်းဝံပုလွေ၏ ခုန်အုပ်မှုကို မြင်သောအခါ ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က မိုးမခပင်သဖွယ် ရွေ့လျားသွားပြီး သန္ဓေပြောင်းဝံပုလွေ၏ ဦးခေါင်းပေါ်သို့ ဆင်းသက်သွားသည်။
သူက လက်ဆန့်ထုတ်လိုက်ပြီး ဝံပုလွေ၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ အလွန်အားကောင်းသော မူလစွမ်းအားက သူ၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာသည်။
“ ဗုန်း ”
ဟန်မူယဲ့၏ လက်ဖဝါးထံမှ ခွန်အားသည် ကက်တီတစ်ထောင်လေးလံသော သန္ဓေပြောင်းဝံပုလွေကို မြေကြီးပေါ်မှာ ပြားပြားဝပ်သွားစေသည်။
ထိုရိုက်ချက်က သန္ဓေပြောင်းဝံပုလွေ၏ ဦးခေါင်းကို ကျောက်တုံးဖြင့် ဆောင့်သွားစေသည်။ ကျောက်တုံးက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
“ ဝူး ”
သန္ဓေပြောင်းဝံပုလွေက ဆွဲဆွဲငင်ငင် အော်မြည်လိုက်ပြီး ရုန်းကန်သည်။ သို့သော်လည်း ၎င်းက ဟန်မူယဲ့၏ လက်ဖဝါးအောက်မှ မရုန်းထွက်နိုင်ပေ။
လျှိုမြောင်၏ အပြင်ဘက် အဝေးတစ်နေရာတွင် ကျင့်ကြံသူများက ခေါင်းလှည့်လိုက်ကြသည်။
“ ဘာဖြစ်တာလဲ… စောစောက အဲ့ဒီကောင် သန္ဓေပြောင်းသားရဲတစ်ကောင်နဲ့ တွေ့ဆုံသွားတာလား ”
“ အာ… သူအစားခံလိုက်ရပြီ ထင်တယ်… သန္ဓေပြောင်းသားရဲက စိတ်လှုပ်ရှားလို့ အော်မြည်နေတာ မင်းမကြားဘူးလား ”
…..
နာရီဝက်ကြာပြီးနောက် ဟန်မူယဲ့က အရှေ့သို့ ခရီးဆက်သွားသည်။ သူ၏ အရှေ့တွင် သန္ဓေပြောင်းဝံပုလွေက တုန်တုန်ယင်ယင်ဖြင့် တစ်လှမ်းချင်း လျှောက်နေသည်။
သံမဏိအကြေးခွံဝံပုလွေက တိုးညင်းစွာ ဆွဲအူလိုက်သည်။ ဤသည်မှာ ၎င်းက ဟန်မူယဲ့ကို အသနားခံနေသည့်အလားပင်။
“ စိတ်ချစမ်းပါ… ငါမင်းကို ဘာမှမလုပ်ပါဘူး… မင်းငါ့ကို အရှေ့ကနေ လမ်းပြပေးဖို့ပဲ လိုတယ် ”
ဟန်မူယဲ့က စကားပြောနေရင်း သူ၏ လက်ဖဝါးပေါ်မှ အင်အားကို အနည်းငယ် တိုးမြှင့်လိုက်သည်။
သန္ဓေပြောင်းဝံပုလွေက နာကျင်စွာ အော်မြည်လိုက်သည်။ ထို့နောက် ၎င်းက အရှေ့သို့ ရွေ့လျားသွားပြီး လမ်းကြောင်းအမျိုးမျိုးကို ရွေးချယ်လိုက်သည်။
ဆယ်မိုင်အကွာအဝေးအထိ ခရီးဆက်ပြီးနောက် သူ့အရှေ့မှ လမ်းကြောင်းက ရုတ်တရက် ပွင့်သွားသည်။
ထွန်းလင်းတောက်ပသော ကျောက်တုံးလှိုဏ်ဂူတစ်ခုက ဟန်မူယဲ့၏ အရှေ့မှာ ထွက်ပေါ်လာသည်။
လှိုဏ်ဂူသည် အချင်းပေတစ်ရာ ကျယ်ဝန်းသည်။ ဝိညာဉ်ကျောက်တုံးများကို လှိုဏ်ဂူ၏ ကျောက်နံရံများပေါ်မှာ ထိုးစိုက်ထားသည်။
လှိုဏ်ဂူထဲတွင် အစားအစာများ၊ အဝတ်အစားများ ရှိသည်။ ရှင်းလင်းစွာပင် အတိတ်မှာ တစ်စုံတစ်ယောက်က ဤလှိုဏ်ဂူထဲမှာ နေထိုင်သွားခဲ့သည်။
အစိမ်းရောင် ကျောက်တုံးခေါင်းတလားတစ်ခုနှင့် ဓားရှည်တစ်လက်သည်လည်း လှိုဏ်ဂူထဲမှာ တည်ရှိသည်။
ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားစဉ် လေပြင်းက လှိုဏ်ဂူထဲမှာ တိုက်ခတ်သွားသည်။
သံမဏိအကြေးခွံဝံပုလွေက အနောက်လှည့်၍ ထွက်ပြေးသွားသည်။
“ ထန် ”
ဟန်မူယဲ့က ပြုတ်ကျနေသော ဓားပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။
ဓားက ပြင်းထန်စွာ တုန်ယင်သွားသည်။
“ တာအိုပေါ်ထွက်ခြင်းအဆင့်လား ”
ဟန်မူယဲ့က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က သူ့အရှေ့မှ ကျောက်တုံးခေါင်းတလားပေါ်သို့ ကျရောက်သွားသည်။
“ ဝီး ”
မြေကြီးပေါ်သို့ ပြုတ်ကျသွားသော ဓားသည် အပေါ်သို့ ရုတ်တရက် မြှောက်တတ်သွားပြီး ဟန်မူယဲ့ဆီသို့ မယုံကြည်နိုင်သော အလျင်ဖြင့် ပျံသန်းသွားသည်။
ထိုမျှမြန်ဆန်သော ဓားကို ပြန်လည်မွေးဖွားခြင်းအဆင့် သတ္တမအလွှာနှင့် အဌမအလွှာမှ ကျင့်ကြံသူများက ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ထိုဓားကို ထိန်းချုပ်နေသူမှာ ဝိညာဉ်စွမ်းအားသာရှိကြောင်း ဟန်မူယဲ့ အာရုံခံနိုင်သည်။ ယင်းမှာ မူလစွမ်းအား မရှိပေ။
သို့ဖြစ်၍ ဓားက မြန်ဆန်သော်လည်း ယင်းထဲမှာ ကိန်းအောင်းနေသော အင်အားက ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာနှင့် အထက်အလွှာများမှ ကျင့်ကြံသူများကို ဒဏ်ရာရစေရန် မစွမ်းဆောင်နိုင်ပေ။
ယင်းက ရှေးခေတ်ကျင့်ကြံသူတစ်ယောက်၏ အစီအရင်ဖြစ်သည်။
သူက ရှိန်လောက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း သူ့မှာ မိုးမြေမူလစွမ်းအား၏ အထောက်အပံ့မရှိပေ။ ထို့ကြောင့် သူ၏ တိုက်ပွဲစွမ်းအားက သာမန်ကျင့်ကြံသူများထက်ပင် ပိုပြီးအားနည်းသည်။
ဓားချက်က သူ၏ ရင်ဘက်ပေါ်သို့ ကျရောက်လာတော့မည်ကို မြင်သောအခါ ဟန်မူယဲ့က သူ၏ လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ဓားဖျားကို ညှပ်လိုက်သည်။
“ ဝီး ”
ဓားက တုန်ယင်သွားပြီး မှတ်ဉာဏ်များစွာက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ယွင်လန်တာအိုပညာရှင်… ရှေးခေတ်ကျင့်ကြံသူ… ။
ထိုသူက လွန်ခဲ့သော နှစ်ပေါင်းများစွာ၌ တည်ရှိခဲ့သော တိမ်မြစ်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ သူက အဆင့်ချိုးဖြတ်ရန်အလို့ငှာ နက်ရှိုင်းစွာ အိပ်မောကျသွားခဲ့သည်။
ယန်ချီက ယွင်လန်တာအိုပညာရှင်၏ တပည့်ဖြစ်သည်။ သူက ဤနေရာမှာ သူ့ဆရာကို အမြဲတမ်း စောင့်ရှောက်ပေးခဲ့သည်။
“ ဗုန်း ”
ကျောက်တုံးခေါင်းတလားက ရုတ်တရက် ပွင့်သွားသည်။ ထို့နောက် ခေါင်းတလားထဲမှ တာအိုပညာရှင်က မျက်လုံးဖွင့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ မင်းက ဘယ်သူလဲ ”
“ အစစ်အမှန်တာအိုဂိုဏ်းကလား ”
ယန်ချီနှင့် ယွင်လန်တာအိုပညာရှင်သည် သူတို့၏ ဝိညာဉ်စွမ်းအား ဆုတ်ယုတ်သွားခြင်းကို ကာကွယ်ပေးနိုင်မည့် ရတနာကို လိုက်လံရှာဖွေခဲ့ကြသည်။ သို့သော်လည်း ကံမကောင်းစွာပင် သူတို့က အစစ်အမှန်တာအိုဂိုဏ်း၏ တပည့်တစ်ယောက်နှင့် တွေ့ဆုံသွားခဲ့သည်။ သူတို့က အပြန်အလှန် တိုက်ခိုက်ပြီးလျှင် ဤလှိုဏ်ဂူမှာ ပုန်းအောင်းခဲ့ကြသည်။
ယန်ချီက ကာကွယ်ရေးရတနာအတွက် မူလကျောက်စိမ်းများဖြင့် လဲလှယ်ရန် ကြံစည်ထားသည်။ သို့သော်လည်း သူက အစစ်အမှန်တာအိုဂိုဏ်းမှ လူများ၏ ချုံခိုတိုက်ခိုက်ခံခဲ့ရသည်။
“ ကျုပ်က အစစ်အမှန်တာအိုဂိုဏ်းက မဟုတ်ဘူး ”
ဟန်မူယဲ့က မြေပုံစာလိပ်ကို ထုတ်ပြလိုက်ပြီး သူ့အရှေ့မှ တာအိုပညာရှင်ကို စူးစိုက်ကြည့်လိုက်သည်။
“ တာအိုရောင်းရင်း… ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို နောက်ထပ် မထိန်းချုပ်နိုင်တော့ဘူးမဟုတ်လား ”
“ ရုပ်ခန္ဓာကိုယ်က ရွှမ်အဆင့်ထိ နိမ့်ကျသွားတယ်… ဝိညာဉ်စွမ်းအားပဲ လှည့်ပတ်နိုင်တော့တယ် ”
ဟန်မူယဲ့၏ စကားက ယွင်လန်တာအိုပညာရှင်၏ မျက်နှာကို သုန်မှုန်သွားစေသည်။