အခန်း (၁၇၄၅)
Vol. 125 Ch. 1745
အခန်း(၁၇၄၅)
ယွင်လန်တာအိုပညာရှင်၏ ဓားအလင်းက ဖျတ်ခနဲ ဝင်းလက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားက သန္ဓေပြောင်းဝံပုလွေအား အနိုင်ကျင့်နေသော ဝတ်စုံနက်တာအိုပညာရှင်၏ ရင်ဘက်ကို ထိုးဖောက်သွားသည်။
ဓားအလင်းက အေးစက်စက် အရှိန်အဝါကို သယ်ဆောင်ထားပြီး တာအိုပညာရှင်၏ ခန္ဓာကိုယ်ကို ပေပေါင်းဒါဇင်ခန့် အဝေးသို့ လွင့်စင်သွားစေသည်။ သူက အစိမ်းရောင်ဧရာမကျောက်တုံးပေါ်သို့ ပြုတ်ကျသွားသည်။
ထိုတာအိုပညာရှင်က ပြန်လည်မွေးဖွားခြင်းအဆင့် စတုတ္ထအလွှာ သို့မဟုတ် ပဉ္စမအလွှာမှ ကျင့်ကြံသူဖြစ်ကြောင်း ထင်ရှားသည်။
သို့တိုင် သူက ဓားတစ်ချက်ဖြင့် ချက်ချင်း အသတ်ခံလိုက်ရလေသည်။
“ အဲ့ဒီဓား… ”
ယင်းက လေပြေအသွင်(၃၆)မျိုးထဲမှ အမှတ်(၂၅)ဖြစ်သည်။
ယွင်လန်တာအိုပညာရှင်က အံ့အားသင့်သွားသည်။
…..
လေပြေအသွင်(၃၆)မျိုးကို သူမကျင့်ကြံခင်ကဆိုလျှင် ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာမှ ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူရန် အလွန်ကြီးမားသော အားစိုက်ထုတ်မှုကို သူပြုလုပ်ရလိမ့်မည်။
ယခု သူက ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာမှ ကျင့်ကြံသူတစ်ယောက်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်နိုင်သွားသည်။ တစ်ဖက်လူမှာ သူ့ကို ပြန်တိုက်ခိုက်ရန် မည်သည့်အခွင့်အရေးမှ မရှိပေ။
“ ဟား ဟား… ဘိုးဘေး… ဒီအမွေအနှစ်နဲ့ဆိုရင် ကျုပ်တို့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက သေချာပေါက် အထွတ်အထိပ်ကို ပြန်ရောက်သွားလိမ့်မယ် ”
ယွင်လန်တာအိုပညာရှင်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။
တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများသည် ပြန်လည်နိုးထပြီးနောက် သူတို့ဆီမှာ မည်သည့်ခွန်အားမှ မရှိတော့ကြောင်း ရှာတွေ့သွားသည့်အခါ စိုးရိမ်ထိတ်လန့်သွားကြသည်။ သူတို့က ပြန်လည်မွေးဖွားခြင်းအဆင့် သာမန်ကျင့်ကြံသူများကိုပင် မရင်ဆိုင်နိုင်ကြတော့ချေ။
ထိုသို့ကိစ္စက မျက်မှောက်ခေတ်၏ ကျင့်ကြံခြင်းလောကတွင် ပုံမှန်ဖြစ်သည်။
ဥပမာ အစစ်အမှန်တာအိုဂိုဏ်းသည် ရှေးခေတ်မှ ပြန်နိုးလာကြသော ကျင့်ကြံသူများကို စိတ်အားထက်သန်စွာ လိုက်ဖမ်းနေသည်။ အစစ်အမှန်တာအိုဂိုဏ်းသည် ရှေးခေတ်ကျင့်ကြံသူများကို အကျဉ်းချ၍ သူတို့ထံမှ ဝိညာဉ်စွမ်းအားကို မှော်အဆောင်များ သန့်စင်ရန်အလို့ငှာ ဖြည်းဖြည်းချင်း ဆွဲထုတ်နေကြသည်။
ကျင့်ကြံခြင်းလောကတွင် အစစ်အမှန်တာအိုဂိုဏ်းကဲ့သို့ ဂိုဏ်းများက မရေမတွက်နိုင်အောင် များပြားသည်။
ယခု အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ အမွေအနှစ်သည် ဝိညာဉ်စွမ်းအားကို အခြေခံ၍ အစွမ်းထက်တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်စေသည်။ ယင်းက ကျင့်ကြံခြင်းလောကတစ်ခုလုံးအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိစေလိမ့်မည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ အမွေအနှစ်က ရှေးခေတ်ကျင့်ကြံသူများအတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာလိမ့်မည်။
“ ဝူး ”
အသက်ချမ်းသာရာရသွားသော သန္ဓေပြောင်းဝံပုလွေက ယွင်လန်တာအိုပညာရှင်ကို ကြည့်လိုက်ပြီး အော်မြည်လိုက်သည်။
ယွင်လန်တာအိုပညာရှင်က လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ရွှေရောင်ဝိညာဉ်စွမ်းအားက မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး သန္ဓေပြောင်းဝံပုလွေ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
“ မင်း ကိုယ့်ကိုယ်ကိုယ် ကုသပါ… မင်း ကံကြမ္မာကောင်းကို ရှာဖွေနိုင်မလားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ် ”
ထိုသို့ပြောပြီးနောက် ယွင်လန်တာအိုပညာရှင်က အနောက်လှည့်လိုက်ပြီး ဟန်မူယဲ့နောက်သို့ လိုက်သွားသည်။ သူတို့နှစ်ယောက်က ကျောက်တုံးလှိုဏ်ဂူ၏ ဝေးရာသို့ ဦးတည်သွားကြသည်။
သူတို့ထွက်သွားပြီး သိပ်မကြာမီ ကျင့်ကြံသူတချို့က သူတို့၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။ သူတို့က လမ်းလျှောက်နေရင်း တီးတိုးပြောနေကြသည်။
“ ဒီတစ်ကြိမ်တော့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ တာအိုပညာရှင်ဟူယု အဆုံးသတ်ပြီ ”
“ ဟွန့်… သူက အရမ်းသတ္တိကောင်းနေလို့ ကောင်းကင်စံအိမ်တာအိုဂိတ်ကို ရန်စရဲတယ်… ကောင်းကင်စံအိမ်တာအိုဂိတ်က အစစ်အမှန်တာအိုဂိုဏ်းရဲ့ မဟာမိတ်ပဲ… သူတို့ဆီမှာ ကျွမ်းကျင်ပညာရှင်တွေ အများကြီး ရှိတယ် ”
“ ပြောသံကြားတာတော့ တာအိုပညာရှင်ဟူယုက မူလကျောက်စိမ်းအပိုင်းအစတချို့ကို ရှာတွေ့ခဲ့တယ်တဲ့… ဒါပေမဲ့ ကောင်းကင်စံအိမ်တာအိုဂိတ်က တပည့်တွေက လုယက်ဖို့ ကြိုးစားခဲ့တယ်… အပြင်းအထန် တိုက်ခိုက်ပြီးတဲ့နောက် တာအိုပညာရှင်ဟူယုက ကောင်းကင်စံအိမ်တာအိုဂိတ်က တပည့်တွေကို ဒဏ်ရာရစေခဲ့တယ်… ပြီးတော့ သူက သတ္ထုတွင်းကနေ ထွက်ပြေးသွားခဲ့တယ် ”
ဟန်မူယဲ့က ထိုလူများထံမှ စကားများကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
အကယ်၍ ယင်းကို သူမကြားခဲ့လျှင် ကိစ္စမရှိပေ။ ယခု သူက တာအိုပညာရှင်ဟူယု ဒုက္ခရောက်နေကြောင်း ကြားသိသွားမှတော့ ယင်းကို သူလျစ်လျူမရှုနိုင်ပေ။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက လူတွေလား ”
ယွင်လန်တာအိုပညာရှင်က ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ကျုပ် တစ်ချက်သွားကြည့်လိုက်မယ် ”
သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲသို့ ဝင်ရောက်ပြီးမှတော့ ရပ်ကြည့်မနေနိုင်ပေ။
ဟန်မူယဲ့ ထုတ်ဖော်ခဲ့သော စွမ်းအားက သူ့ထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသည်။
အကယ်၍ သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ နေရာတစ်နေရာ လိုချင်သည်ဆိုလျှင် သူ့ကိုယ်ပိုင်စွမ်းအားကို ထုတ်ဖော်ပြရမည်။
“ ဝီး ”
ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည့်အခါ ဓားရှည်ကိုင်ထားသော ယွင်လန်တာအိုပညာရှင်က နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထိုအပြုအမူက တခြားကျင့်ကြံသူများကို အနည်းငယ် အံ့ဩသွားစေသည်။
ဟန်မူယဲ့သည် တခြားလူများ၏ အတွေးကို ဂရုစိုက်မနေဘဲ အရှေ့သို့ အေးဆေးတည်ငြိမ်စွာ ဆက်လျှောက်သွားသည်။
…..
စွန့်ပစ်သတ္ထုတွင်း၏ လမ်းကြောင်းတစ်ခုပေါ်တွင် တာအိုပညာရှင်ဟူယုသည် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များကို ဦးဆောင်လျက် ရပ်နေသည်။ သူတို့အားလုံး၏ မျက်လုံးထဲမှာ သတိထားမှုဖြင့် ပြည့်နှက်နေသည်။
သူတို့အုပ်စုကို မီးခိုးရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူများက ဝိုင်းရံထားကြသည်။ သူတို့တစ်ယောက်စီက ဖူချန်းမြင်းမြှီးတုတ်ကို ကိုင်ဆောင်ထားကြသည်။ မိုးမြေစွမ်းအားက သူတို့၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်နေပြီး သူတို့၏ မူလစွမ်းအားနှင့် ပေါင်းစည်းနေသည်။ တောက်ပသော အလင်းစီးကြောင်းများက သူတို့၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်နေကြသည်။
ထိုအလင်းစီးကြောင်းများက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ချိပ်ပိတ်ထားပြီး အဆက်မပြတ် လှည့်ပတ်နေကြသည်။
လေဟာနယ်ချိပ်ပိတ်ထားမှုကြောင့် တာအိုပညာရှင်ဟူယုနှင့် တခြားလူများအတွက် လွတ်လမ်းက တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။
“ ဂိုဏ်းချုပ်… ကျုပ်တို့ဘာဆက်လုပ်ကြမလဲ ”
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ရွှင်းဟောင်က ဓားဆုပ်ကိုင်ထားလျက် မေးသည်။
သူ့အနောက်မှ တတိယမျိုးဆက် တခြားတပည့်များသည်လည်း ကြောက်လန့်တုန်လှုပ်နေကြသည်။
သူတို့က ထိုသို့ထူးဆန်းသော ဝင်္ကပါအစီအရင်ကို ယခင်က တစ်ခါမှ မမြင်ဖူးပေ။ ယင်းက သူတို့ကို စိတ်ဓာတ်ကျစေသည်။
“ ကြောက်နေလို့ ဘာမှအသုံးမဝင်ဘူး ”
ဝူမင်ကြွယ်က တင်းမာခက်ထန်သော မျက်နှာဖြင့် ပြောသည်။ သူက အရှေ့သို့ ခေါင်းမော့လိုက်လေရာ တောက်ပသော အလင်းစီးကြောင်းက သူ၏ ဓားပေါ်မှာ စီးဆင်းသွားသည်။
“ ကောင်းကင်စံအိမ်တာအိုဂိတ်ရဲ့ ဝင်္ကပါအစီအရင်က ခမ်းနားထည်ဝါပုံပေါ်တယ်ဆိုပေမဲ့ အဲ့ဒါက တကယ်တော့ အပေါ်ယံ ပြရုပ်သက်သက်ပဲ… သူတို့ရဲ့ ခွန်အားက ငါတို့ထက် အများကြီး ပိုမသန်မာနိုင်ဘူး ”
ဝူမင်ကြွယ်သည် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဒုတိယမျိုးဆက်မှ တပည့်ကြီးဖြစ်သည်။ ထို့ကြောင့် သူက ဘေးပတ်ဝန်းကျင်မှ ဝင်္ကပါအစီအရင်၏ သဘောတရားကို အကြည့်တစ်ချက်ဖြင့် ထွင်းဖောက်မြင်နိုင်သည်။
ကောင်းကင်စံအိမ်တာအိုဂိတ်က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထက် ပိုသန်မာသော်လည်း ယင်းက အနည်းငယ်မျှသာ ဖြစ်၏။ သူတို့ကြားမှ ကွာခြားမှုက သိပ်မကြီးမားပေ။ သို့ဖြစ်လေရာ မည်သို့ကြောင့် သူတို့က အဆင့်မြင့်ဝင်္ကပါအစီအရင်ကို ပိုင်ဆိုင်နိုင်မည်နည်း။
“ ဝူမင်ကြွယ်… အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှာ နင့်အတွက် အနာဂတ်မရှိဘူး… နင်ဘာလို့ ကောင်းကင်စံအိမ်တာအိုဂိတ်ကို မဝင်တာလဲ ”
ကောင်းကင်စံအိမ်တာအိုဂိတ်မှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်သည် လက်နှစ်ဖက်ကို အနောက်ပို့ထားလျက် အရှေ့သို့ လျှောက်လာပြီး ဝူမင်ကြွယ်ကို ကြည့်လိုက်သည်။
“ ဝူမင်ကြွယ်… ကြည့်ရတာ ငါ့ရဲ့ စီနီယာအမက နင့်ကို သဘောကျနေပြီထင်တယ် ”
အမျိုးသမီးကျင့်ကြံသူ၏ အနောက်မှ တစ်စုံတစ်ယောက်က ရယ်လိုက်သည်။
“ ဟား ဟား… မင်းအသက်ရှင်ချင်တယ်ဆိုရင် ဘာလို့ ကောင်းကင်စံအိမ်တာအိုဂိတ်ဆီ လက်ထပ်ပြီး မဝင်ရောက်တာလဲ ”
ခန္ဓာကိုယ်ထွားကြိုင်းသန်မာပြီး မုတ်ဆိတ်မွှေးဖြင့် ပြည့်နှက်နေသော အမျိုးသားတစ်ယောက်က အရှေ့ထွက်လာသည်။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ သိပ်သည်းသွားသည်။
မုတ်ဆိတ်မွှေးဖြင့် ထိုအမျိုးသားကို မြင်သောအခါ သတ္ထုတွင်းနားမှ ကျင့်ကြံသူများက ခြေတစ်လှမ်း အနောက်ဆုတ်လိုက်ကြသည်။
“ သူက ကောင်းကင်စံအိမ်တာအိုဂိတ်ရဲ့ ပေါင်ယွင်ကျန်းမဟုတ်လား… ကြည့်ရတာ သူက ပြန်လည်မွေးဖွားခြင်း အဌမအလွှာကို ဝင်ရောက်သွားပြီ ထင်တယ် ”
“ သူက ကောင်းကင်စံအိမ်တာအိုဂိတ်ရဲ့ ညာလက်ရုံးတစ်ဆူ ဖြစ်တယ်… သူ့ကို ဒီနေရာမှာ မြင်တွေ့ရမယ်လို့ မထင်ထားဘူး ”
လူအများအပြားက ပေါင်ယွင်ကျန်းကို မြင်သွားသောအခါ အံ့ဩထိတ်လန့်သွားကြသည်။
ပေါင်ယွင်ကျန်း ချဉ်းကပ်လာနေသည်ကို မြင်သောအခါ တာအိုပညာရှင်ဟူယုက မျက်နှာသုန်မှုန်သွားသည်။
“ ငါ သူတို့ကို ထိန်းထားမယ်… မင်းတို့တွေ ဝင်္ကပါအစီအရင်ကနေ ဖောက်ထွက်ကြ ”
“ ဝူမင်ကြွယ်… မင်း ဘိုးဘေးကို သွားရှာပါ ”
သူ၏ စကားဆုံးသွားသည်နှင့် တာအိုပညာရှင်ဟူယုက လက်မြှောက်လိုက်ပြီး မှော်အဆောင်တစ်ခုကို ပစ်လွှတ်လိုက်သည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ အလင်းစီးကြောင်းများကို ပျက်စီးသွားစေသည်။ ထို့နောက် သူက ပေါင်ယွင်ကျန်းဆီသို့ တန်းမတ်စွာ ပြေးသွားသည်။
ပေါင်ယွင်ကျန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ မှော်အဆောင်တစ်ခုက သူ၏ လက်ဖဝါးထဲတွင် ဓားမော့တစ်လက်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ဓားမော့က ရွှေရောင်ဝင်းလက်သွားပြီး တာအိုပညာရှင်ဟူယု၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားသည်။
တာအိုပညာရှင်ဟူယု၏ မှော်အဆောင်မှ ထွက်ပေါ်လာသော လေပွေက ဓားမော့၏ ခုတ်ပိုင်းမှုအောက်မှာ ပြိုကွဲသွားသည်။
တာအိုပညာရှင်ဟူယုက မျက်နှာသုန်မှုန်သွားသည်။ သူက လက်မြှောက်လိုက်ပြီး “ တိမ်ဖမ်းလေ ”အကွက်ကို ထုတ်ဖော်လိုက်သည်။
သူ၏ လက်ဝါးက ဓားမော့နှင့် တွေ့ဆုံသွားသည့်အခါ သူက အနောက်သို့ တရစပ် ဆုတ်သွားသည်။ သူ၏ မျက်နှာက ဖြူဖျော့သွားသည်။
တစ်ချိန်တည်းမှာ ဝူမင်ကြွယ်နှင့် တခြားတပည့်များသည် ကောင်းကင်စံအိမ်တာအိုဂိတ်မှ တပည့်များ၏ ဝိုင်းရံထားမှုမှ ရုန်းထွက်ကြသည်။
ကောင်းကင်စံအိမ်တာအိုဂိတ်မှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ဝူမင်ကြွယ်၏ အရှေ့မှာ လမ်းပိတ်လိုက်သည်။
“ ထောင်ယုယု… မင်း ငါ့ကို တားဆီးမလို့လား ”
အမျိုးသမီးကျင့်ကြံသူက တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက အံကြိတ်လိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်သည်။
သူ့အနောက်မှ တခြားအမျိုးသမီးကျင့်ကြံသူက လေးနက်စွာ အော်ပြောလိုက်သည်။
“ စီနီယာအမ… အခုအချိန်က အချစ်ကို ဦးစားပေးရမယ့်အချိန် မဟုတ်… ”
သူ၏ စကားမဆုံးခင်မှာ ထောင်ယုယုက လက်ဝှေ့ယမ်းလိုက်ပြီး ဝူမင်ကြွယ်ကို အဝေးသို့ တွန်းထုတ်ကာ အော်ပြောလိုက်သည်။
“ အမြန်ထွက်သွား ”
“ ဝူမင်ကြွယ်… နင့်ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက အစစ်အမှန်တာအိုဂိုဏ်းကို ဘယ်လိုရန်ပြုခဲ့လဲ ငါမသိဘူး… ဒါပေမဲ့ ဒီနေ့ကိစ္စက အစစ်အမှန်တာအိုဂိုဏ်းရဲ့ အစီအစဉ်ပဲ ”
ဝူမင်ကြွယ်က အနောက်သို့ လှည့်လိုက်ပြီး ထောင်ယုယုကို ကြည့်လိုက်သည်။ သူက ခေါင်းညိတ်ပြပြီးလျှင် အရှေ့သို့ ဆက်ပြေးသွားသည်။
သို့သော် ခြေလှမ်းအနည်းငယ်သာ သူလှမ်းရသေးစဉ် အရှေ့မှ တောအုပ်ထဲ၌ ကျယ်လောင်သော ဟိန်းသံ ထွက်ပေါ်လာသည်။
ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူသန်ကြီးတစ်ယောက်က ဓားမော့ကိုင်ထားလျက် အရှေ့သို့ အမြန်ပြေးလာသည်။ သူက ခြေတစ်လှမ်းဖြင့် ဆယ်ပေအကွာအဝေးကို တိုက်ရိုက် ဖြတ်ကျော်သွားသည်။
“ အစစ်အမှန်တာအိုဂိုဏ်းရဲ့ ရွှေချပ်ဝတ်စစ်သည်တော် ”
အစစ်အမှန်တာအိုဂိုဏ်းသည် မှော်အဆောင်များကို ပြုလုပ်နိုင်ရုံသာမက ရွှေရောင်ချပ်ဝတ်များကိုလည်း ဖန်တီးသန့်စင်နိုင်သည်။
အထူးသဖြင့် ရွှေချပ်ဝတ်မှော်အဆောင်ကို အသုံးပြုထားသော ရွှေချပ်ဝတ်စစ်သည်တော်များသည် ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာအောက်တွင် ပြိုင်ဘက်ကင်းကြသည်။
“ ရွှီး ”
ရွှေချပ်ဝတ်စစ်သည်တော်၏ ဓားမော့က ဝူမင်ကြွယ်၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။
ဝူမင်ကြွယ်က အံကြိတ်လိုက်သည်။ မူလစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေအရှိန်အဝါကို လှုံ့ဆော်လိုက်သည်။ အရောင်မှိန်ဖျော့သော ခြင်္သေ့ပုံရိပ်တစ်ခုက သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။
“ လေပွေရိုင်း ”
ဝူမင်ကြွယ်က တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ညာလက်သီးကို ထိုးလွှတ်လိုက်သည်။
“ ဘန်း ”
သူ၏ ပုံရိပ်က ဓားမော့၏ အရှိန်အဟုန်ကြောင့် အနောက်သို့ လွင့်စင်သွားပြီး မြေကြီးပေါ် ပြုတ်ကျသွားသည်။
“ ငါ့ရဲ့ ဓားချက်အောက်မှာ မသေဘဲ အသက်ရှင်နိုင်တယ်ဆိုတော့ တကယ်လို့ မင်းမှာသာ အချိန်အလုံအလောက်ရှိမယ်ဆိုရင် သေချာပေါက် ပြန်လည်မွေးဖွားခြင်း နဝမအလွှာဆီ ဝင်ရောက်နိုင်လိမ့်မယ် ”
“ ဒါပေမဲ့ ကံမကောင်းတာက မင်းက ငါတို့ အစစ်အမှန်တာအိုဂိုဏ်းရဲ့ ရန်သူဖြစ်လာဖို့ ရွေးချယ်ခဲ့တယ်… အဲ့ဒီတော့ မင်းအတွက် တစ်ခုတည်းသော ရွေးချယ်စရာက သေလမ်းပဲ ”
ရွှေချပ်ဝတ်စစ်သည်တော်က သူ၏ ဓားမော့ကို မြှောက်လိုက်ပြီး ဝူမင်ကြွယ်ကို ခုတ်ချလိုက်သည်။
အဝေး၌ တာအိုပညာရှင်ဟူယု၏ မျက်လုံးထဲမှာ ဒေါသအရိပ်အယောင် ထွက်ပေါ်လာသည်။ သူက ဝင်ကူညီပေးချင်သော်လည်း ပေါင်ယွင်ကျန်း၏ တားဆီးခံထားရသည်။
ကောင်းကင်စံအိမ်တာအိုဂိတ်မှ ထောင်ယုယုက အရှေ့တတ်ချင်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် တပည့်အများအပြားက သူ့ကို ဝိုင်းရံလိုက်ကြသည်။
ရွှေချပ်ဝတ်စစ်သည်တော်၏ ဓားမော့က ဝူမင်ကြွယ်ပေါ်သို့ ဆင်းသက်သွားသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ အစွမ်းထက်ကျင့်ကြံသူတွေ မရှိတော့ဘူးလို့ ထင်နေတာလား ”
အော်သံက အဝေးမှ ထွက်ပေါ်လာသည်။ ထို့နောက် သံချေးတတ်နေသော ဓားရှည်တစ်လက်က အရှေ့သို့ ပျံသန်းထွက်လာသည်။
ဓားအလင်း ဖျတ်ခနဲ ဝင်းလက်သွားသည်နှင့် ဓားက ရွှေချပ်ဝတ်စစ်သည်တော်၏ ရင်ဘက်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။
ဓားအလင်း ထိုးဖောက်သွားသည့်အခါ ရွှေချပ်ဝတ်စစ်သည်တော်၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ လဲကျသွားသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက သန်မာလှချည်လား… ”
ဘေးပတ်ဝန်းကျင်တွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။