အခန်း (၁၇၄၆)
Vol. 125 Ch. 1746
အခန်း(၁၇၄၆)
ဓားအလင်းက အစစ်အမှန်တာအိုဂိုဏ်းမှ ရွှေချပ်ဝတ်စစ်သည်တော်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။ ထို့နောက် သုံးပေရှည်လျားသော ဓားက လေထဲမှာ ပျံဝဲနေသည်။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်က ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ သူ၏ အရှိန်အဝါက တောင်ကြီးတစ်တောင်သဖွယ် ကြီးမားလေလံသည်။
လူတိုင်းက ခေါင်းမော့လိုက်ကြပြီး အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ ရောက်လာသော ထိုအစွမ်းထက်ပုဂ္ဂိုလ်ကို စိုးရိမ်ကြောက်လန့်စွာ ကြည့်လိုက်ကြသည်။
ထိုပုဂ္ဂိုလ်၏ စွမ်းအားက စိတ်ကူးယဉ်နိုင်စွမ်းထက် သာလွန်သည်။ သူက ဓားတစ်ချက်တည်းဖြင့် အစစ်အမှန်တာအိုဂိုဏ်းမှ ရွှေချပ်ဝတ်စစ်သည်တော်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။
တာအိုပညာရှင်ဟူယု၊ ဝူမင်ကြွယ်နှင့် တခြားလူများသည်လည်း ခေါင်းမော့လိုက်ကြသည်။ သို့သော်လည်း တခြားလူများနှင့် မတူညီသည်မှာ ဇဝေဇဝါဖြစ်သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
အဲ့ဒါ ဘယ်သူလဲ… ။
…..
ဘာလို့ သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက တပည့်တွေကို ကယ်တင်ရတာလဲ… ။
“ သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေးလား ”
အဝေးတွင် တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
ဘေးပတ်ဝန်းကျင်၌ ကျင့်ကြံသူများက တိတ်တဆိတ် အနောက်ဆုတ်လိုက်ကြသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ဒီအတောအတွင်းမှာ လှုပ်ရှားမှုတချို့ ပြုလုပ်ခဲ့တယ်လို့ ငါကြားတယ်… သူတို့က ချင်မိသားစုနဲ့ အလင်းဝိညာဉ်တာအိုဂိုဏ်းကို ဖိနှိပ်ပြီး မူလကျောက်တုံးတွေ တောင်းဆိုခဲ့တယ်… ချင်မိသားစုနဲ့ အလင်းဝိညာဉ်တာအိုဂိုဏ်းက ဘာမှပြန်မလုပ်နိုင်ကြဘူး… ဘာလို့လဲဆိုတော့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှာ အစွမ်းထက် ဘိုးဘေးတစ်ယောက် ပြန်နိုးလာလို့ပဲ ”
တစ်စုံတစ်ယောက်က တိုးညင်းစွာ ရေရွတ်လိုက်သည်။
ဂိုဏ်းတစ်ဂိုဏ်း၏ အစွမ်းထက် ဘိုးဘေးတစ်ယောက် ပြန်နိုးလာသည့်အခါ ဂိုဏ်း၏ အလုံးစုံအင်အားက သိသိသာသာ တိုးမြှင့်သွားလိမ့်မည်။
“ သူက ဘယ်လောက်တောင် ရဲတင်းလိုက်လဲ… အစစ်အမှန်တာအိုဂိုဏ်းက တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူတွေကို လိုက်ဖမ်းနေတာ လူတိုင်းအသိပဲ… ဒါတောင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အဲ့ဒီဘိုးဘေးက အပြင်မှာ ထွက်ပေါ်လာရဲတယ် ”
တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ပုံရိပ်ကို ကြည့်နေရင်း ခေါင်းယမ်းလိုက်သည်။
တာအိုပညာရှင်ဟူယုက အသစ်ရောက်လာသော ပုဂ္ဂိုလ်ကို ကြည့်နေရင်း လက်နှစ်ဖက်ယှက်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ မိုးမြေစွမ်းအားက ရုတ်တရက် ပေါ်လျှိုးလာသည်။
ရွှေရောင်အလင်းလွှာများနှင့်အတူ ပုံရိပ်များစွာက ကောင်းကင်ပေါ်မှ ဆင်းသက်လာကြသည်။
ကျယ်လောင်သော မြည်သံက ကောင်းကင်နှင့် မြေပြင်ကြားမှာ တရစပ် ပဲ့တင်ထပ်သွားသည်။
“ ဝုန်း… ”
အချင်းမိုင်တစ်ထောင်အတွင်း၌ ရွှေရောင်အလင်းတန်းများက သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး ဤနေရာမှ လေဟာနယ်ကို အပြည့်အဝ ချိပ်ပိတ်လိုက်ကြသည်။
ရွှေချပ်ဝတ်စစ်သည်တော်များက အရပ်ရှစ်မျက်နှာမှ ထွက်ပေါ်လာကြပြီး ထိုနေရာကို ဝိုင်းရံလိုက်ကြသည်။
“ ဓားရေးကျွမ်းကျင်တဲ့ ရှေးခေတ်ကျင့်ကြံသူတစ်ယောက်ကို မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ ”
ရွှေချပ်ဝတ်စစ်သည်တော်တစ်ဦးက ပေါ့ပါးစွာ ရယ်လိုက်သည်။
သူက ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသား ဖြစ်သည်။ သူက လက်ထဲမှာ ဓားမော့ကို ကိုင်ထားရင်း အရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာသည်။ အစွမ်းထက်သွေးချီစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားနှင့် ပေါင်းစပ်သွားသည်။
ရွှမ်အဆင့်ကျင့်ကြံသူ… ။
ရှင်းလင်းစွာပင် ထိုသက်လတ်ပိုင်းအမျိုးသားက သွေးချီရွှမ်အဆင့်မှာ ဖြစ်သည်။ ထို့ကြောင့် သူ၏ သွေးချီစွမ်းအားက မိုးမြေစွမ်းအားကို ပဲ့တင်ပြန်နေခြင်းပင်။
အချင်းမိုင်တစ်ထောင်အတွင်း၌ သွေးချီရွှမ်အဆင့် ကျင့်ကြံသူများသည် ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။
“ အစစ်အမှန်တာအိုဂိုဏ်းရဲ့ ရွှေချပ်ဝတ်ခန်းဆောင်ရဲ့ အရှင်သခင် ဖုန်းရှောင်လင် ”
“ ဒီတော့ သူက ခန်းဆောင်အရှင်ဖုန်းရှောင်လင်ကို… သူက အစစ်အမှန်တာအိုဂိုဏ်းရဲ့ အစွမ်းထက်ပညာရှင်တွေထဲက တစ်ယောက်ဖြစ်တယ်… ဘာဖြစ်လို့ သူက ဒီနေရာကို ကိုယ်တိုင်ရောက်လာတာလဲ ”
ရွှမ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ တည်ရှိမှုကို မြင်သွားသောအခါ ဘေးပတ်ဝန်းကျင်၌ စောင့်ကြည့်နေကြသော ကျင့်ကြံသူများက အံ့ဩထိတ်လန့်သွားကြသည်။ သူတို့က အခြေအနေကို နောက်ထပ် မကြည့်ဝံ့ကြတော့ဘဲ အနောက်ဆုတ်လိုက်ကြသည်။ သို့သော် ဤအခိုက်အတန့်မှာ သူတို့၏ ခန္ဓာကိုယ်က နေရာမှ မရွေ့နိုင်ကြောင်း သတိပြုမိသွားကြသည်။
ဤနေရာမှ လေဟာနယ်က အပြည့်အဝ ချိပ်ပိတ်ခံထားရ၏။
“ အစစ်အမှန်တာအိုဂိုဏ်းလား ”
ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ပုံရိပ်က ဘေးပတ်ဝန်းကျင်မှ ရွှေသံကြိုးများကို ကြည့်လိုက်သည်။ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
လေထဲမှာ ပျံဝဲနေသော ဓားသည်လည်း ထွန်းလင်းတောက်ပလာသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ရှေးခေတ်ဘိုးဘေး… ကျုပ်တို့ရဲ့ အစစ်အမှန်တာအိုဂိုဏ်းက ခင်ဗျားကို ကျုပ်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ဖိတ်ကြားချင်ပါတယ် ”
ဖုန်းရှောင်လင်က ပြုံးလိုက်ပြီး ပြောသည်။
သူက “ ဂုဏ်သရေရှိ ဧည့်သည်တော် ”ဟု ပြောလိုက်စဉ် ဘေးပတ်ဝန်းကျင်မှ ရွှေသံကြိုးများက ပိုပြီးတင်းကျပ်သွားကြသည်။
ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေကြသော ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ အလယ်သို့ ဆွဲခေါ်ခံလိုက်ကြရသည်။ သူတို့က ပြင်းထန်စွာ ရုန်းကန်လိုက်လေရာ သူတို့၏ မျက်နှာက နီရဲသွားသည်။ သို့တိုင် သူတို့က ဆွဲငင်အားမှ မလွတ်မြောက်နိုင်ပေ။
“ ကျုပ်က မသွားဘူးဆိုရင်ရော ”
ယွင်လန်တာအိုပညာရှင်က တည်ငြိမ်စွာ ပြောသည်။
သူ့စကားက ဖုန်းရှောင်လင်၏ ရယ်သံကို ရပ်တန့်သွားစေသည်။
“ အစစ်အမှန်တာအိုဂိုဏ်းရဲ့ ဖိတ်ကြားမှုက ခင်ဗျားငြင်းဆန်နိုင်တဲ့အရာ မဟုတ်ဘူး ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း သူ့ချပ်ဝတ်၏ အပြင်ဘက်မှ ရွှေရောင်အလင်းလွှာက သူ၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားနှင့် ပေါင်းစည်းသွားသည်။ ရွှေသံကြိုးများက အလယ်ဗဟိုဆီသို့ ပျံသန်းသွားကြသည်။
ကြောက်မက်ဖွယ်အင်အားကို သယ်ဆောင်ထားသော ရွှေသံကြိုးများက တဝီဝီမြည်သံနှင့်အတူ ယွင်လန်တာအိုပညာရှင်ကို ဝိုင်းရံလိုက်ကြသည်။
ယွင်လန်တာအိုပညာရှင်က လက်မြှောက်လိုက်သည်။ ဓားက အပေါ်သို့ မြှောက်တတ်သွားစဉ် သူ၏ ဝိညာဉ်စွမ်းအားက ဘေးသို့ ပျံ့လွင့်သွားသည်။ ယင်းက သူ့ဆီသို့ ဦးတည်လာနေသော ရွှေသံကြိုးများကို တုန်ယင်သွားစေသည်။
“ ဗုန်း ”
ဓားက သံကြိုးများကို ခုတ်ပိုင်းလိုက်သည့်အခါ ကျယ်လောင်သော မြည်သံက မိုးမြေကြားမှာ ပဲ့တင်ထပ်သွားသည်။
ဓားအလင်းက သံကြိုးများကို ပိုင်းဖြတ်သွားပြီး ဖုန်းရှောင်လင်၏ ဦးခေါင်းဆီသို့ ပျံသန်းသွားသည်။
ဖုန်းရှောင်လင်၏ မျက်နှာက တည်ကြည်သွားပြီး သူက ကျယ်လောင်စွာ အော်လိုက်သည်။
ထိုအခါ သူ၏ ဘေးပတ်ဝန်းကျင်မှ ရွှေချပ်ဝတ်စစ်သည်တော်အားလုံးက အရှေ့သို့ ချီတတ်သွားကြသည်။ သူတို့က ချပ်ဝတ်၏ ရွှေရောင်အလင်းလွှာကို လှုံ့ဆော်၍ ဓားအလင်းကို ခုခံတားဆီးလိုက်ကြသည်။
“ ဘန်း… ဘန်း… ”
ဓားအလင်းရပ်တန့်သွားရန် ရွှေချပ်ဝတ်စစ်သည်တော် နှစ်ဆယ်ခန့်က မြေကြီးပေါ် လဲကျသွားကြသည်။
“ ဟွန့်… ရှေးခေတ်က ဓားထိန်းချုပ်နည်းစနစ်ပဲ ”
ဖုန်းရှောင်လင်က လေထဲမှာ ဓားရပ်တန့်သွားကြောင်း မြင်သောအခါ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ရွှေရောင်အလင်းစီးကြောင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှာ ဒီလိုအမွေအနှစ်ရှိမယ်လို့ မထင်ထားဘူး… သူတို့ကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး ”
သူ့စကားဆုံးသွားသည်နှင့် ဖုန်းရှောင်လင်က သူ့လက်ထဲမှ ဓားမော့ကို မြှောက်တင်လိုက်ပြီး လေထဲမှ ဓားကို ခုတ်ပိုင်းလိုက်သည်။
ဓားမော့နှင့်် ဓားတို့ ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ယွင်လန်တာအိုပညာရှင်က မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအားက အလွန်အားကောင်းသည်။ ထို့ကြောင့် သူ့ဓားက ဖုန်းရှောင်လင်ကို ခုတ်ပိုင်းနိုင်စွမ်းရှိသည်။
သို့သော်လည်း လက်နက်ချင်း နှိုင်းယှဉ်မည်ဆိုလျှင် ဖုန်းရှောင်လင်၏ ဓားမော့က သံချေးတတ်နေသော သူ၏ ဓားရှည်ထက် အများကြီး ပိုသန်မာကြောင်း ထင်ရှား၏။
ဓားနှင့် ဓားမော့တို့ ထိပ်တိုက် တွေ့ဆုံသွားသည့်အခိုက် သူ၏ ဓားရှည်က ယခင်ကထက် ပိုပြီးထိခိုက်ပျက်စီးသွားသည်။
ဓားရှည်မရှိလျှင် သူ၏ တိုက်ပွဲစွမ်းအားက သိသိသာသာ နိမ့်ကျသွားလိမ့်မည်။ အရေးကြီးဆုံးမှာ သူ၏ ဝိညာဉ်စွမ်းအားက ကြီးမားစွာ ကုန်ဆုံးသွားလိမ့်မည်။
“ ဘိုးဘေး… ခင်ဗျားရဲ့ ဓားက နောက်ထပ် မတောင့်ခံနိုင်တော့ဘူး ”
ဖုန်းရှောင်လင်က ပေါ့ပါးစွာ ရယ်လိုက်ပြီး ယွင်လန်တာအိုပညာရှင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဓားမော့ကို ပင့်မြှောက်လိုက်သည်။
သူက ယွင်လန်တာအိုပညာရှင်ကို မတိုက်ခိုက်ပေ။ ယင်းအစား ထွန်းလင်းတောက်ပသော ဓားမော့အလင်းက တာအိုပညာရှင်ဟူယုနှင့် တခြားလူများဆီသို့ ဦးတည်သွားသည်။
လေထဲတွင် တောက်ပသော ဓားမော့အလင်းက မိုးပြာရောင်အလင်းတန်းများအဖြစ် ခွဲထွက်သွားပြီး တာအိုပညာရှင်ဟူယုနှင့် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တခြားတပည့်များဆီသို့ ပျံသန်းသွားသည်။
ထိုဓားမော့အလင်း၏ စွမ်းအားက ပြန်လည်မွေးဖွားခြင်းအဆင့် အဌမအလွှာအောက်မှ မည်သူကိုမဆို ချက်ချင်း သတ်ပစ်နိုင်စွမ်းရှိသည်။
“ အကြီးအကဲ… ကျုပ်တို့ကို ဘာမှစိတ်မပူပါနဲ့ ”
တာအိုပညာရှင်ဟူယုက အော်ပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီစွမ်းအားကို လှည့်ပတ်လိုက်သည်။ သူက အသက်စတေး၍ ဓားမော့အလင်းကို ခုခံကာကွယ်ရန် အသင့်ပြင်လိုက်သည်။
ယွင်လန်တာအိုပညာရှင်က တစ်ခဏ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက လက်ဆန့်ထုတ်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ လေထဲတွင် သူ၏ ဓားရှည်က ရုတ်တရက် ပေါက်ကွဲသွားသည်။
အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲသွားသော ဓားအပိုင်းအစများက ဓားမော့အလင်းတန်းအားလုံးကို ခုခံတားဆီးလိုက်သည်။
ဓားကျိုးဖြင့် ဓားမော့ကို ခုခံတားဆီးခြင်း… ။
ထိုမြင်ကွင်းကို မြင်သောအခါ ဖုန်းရှောင်လင်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ ခင်ဗျားက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေး တကယ်ဟုတ်တာပဲ… ခင်ဗျားရဲ့ တပည့်တွေ သေဆုံးသွားမှာကို ရပ်ကြည့်မနေနိုင်ဘူးမလား ”
ဖုန်းရှောင်လင်က ဘေးပတ်ဝန်းကျင်မှာ ရပ်နေကြသော ကျင့်ကြံသူများကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ယွင်လန်တာအိုပညာရှင်ကို ပြန်ကြည့်လိုက်သည်။
“ ဒီမှာရှိတဲ့ ကျင့်ကြံသူအားလုံးက ကျုပ်ရဲ့ စကားကို သက်သေပြုပေးနိုင်တယ် ”
“ တကယ်လို့ ခင်ဗျားက ကျုပ်နဲ့အတူ အစစ်အမှန်တာအိုဂိုဏ်းဆီ လိုက်ခဲ့မယ်ဆိုရင် တာအိုပညာရှင်ဟူယုအပါအဝင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက တပည့်အားလုံးကို ကျုပ်အသက်ချမ်းသာပေးမယ် ”
“ တကယ်လို့ ခင်ဗျားက ဆန္ဒမရှိဘူးဆိုရင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အမွေအနှစ်က ဒီနေရာမှာတင် အမြစ်ဖြတ်ဖျက်ဆီးခံရမယ် ”
ဖုန်းရှောင်လင်က ပြုံးလိုက်ပြီး သူ့လက်ထဲမှ ဓားမော့ကို မြှောက်တင်လိုက်သည်။ အေးစက်စက်အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒါ့အပြင် ဒီနေရာမှာရှိတဲ့ ကျင့်ကြံသူအားလုံး ခင်ဗျားနဲ့အတူ မြေမြှုပ်ခံရမယ် ”
ထိုစကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်မှာ ရပ်နေကြသော ကျင့်ကြံသူများက ကြောက်လန့်တုန်လှုပ်သွားကြသည်။ သူတို့က အပြင်းအထန် ရုန်းကန်လိုက်သော်လည်း ရွှေသံကြိုးများ၏ ရစ်ပတ်မှုမှ မလွတ်မြောက်နိုင်ကြပေ။
“ စီနီယာ… ကျေးဇူးပြုပြီး ကျုပ်တို့ကို သနားငဲ့ညှာပါ ”
ကျင့်ကြံသူများက အသနားခံကြသည်။
“ ဟုတ်ပါတယ်… အစစ်အမှန်တာအိုဂိုဏ်းက ခင်ဗျားကို သတ်မှာမဟုတ်ပါဘူး… ခင်ဗျားကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ ”
အခြားကျင့်ကြံသူတစ်ယောက်က ပြောသည်။
ဤအခိုက်အတန့်မှာ သူတို့က အရှက်သိက္ခာကို ဂရုမစိုက်နိုင်ကြတော့ပေ။ သူတို့၏ အသက်က အရေးကြီးဆုံးဖြစ်သည်။
အကယ်၍ ယွင်လန်တာအိုပညာရှင်က အစစ်အမှန်တာအိုဂိုဏ်းဆီသို့ မသွားလျှင် သူတို့အားလုံး အသတ်ခံကြရလိမ့်မည်။
ထို့ကြောင့် သူတို့က ယွင်လန်တာအိုပညာရှင် လိုက်သွားစေရန် သွေးဆောင်တိုက်တွန်းကြသည်။
တာအိုပညာရှင်ဟူယုနှင့် တခြားလူများက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ကြည့်လိုက်လေရာ မျက်နှာတည်ကြည်သွားကြသည်။
“ အကြီးအကဲ… ကျေးဇူးပြုပြီးတော့ ဒီကနေ ထွက်သွားပါ… ကျုပ်တို့ကို ဂရုမစိုက်ပါနဲ့ ”
တာအိုပညာရှင်ဟူယုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ယွင်လန်တာအိုပညာရှင်ကို ကြည့်လိုက်သည်။
ယွင်လန်တာအိုပညာရှင်က သူ့အရှေ့မှ ဓားကျိုးအပိုင်းအစများကို ကြည့်လိုက်သည်။ ထူးဆန်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ခေါင်းမော့လိုက်ပြီး သူ၏ အရှေ့မှ ဖုန်းရှောင်လင်ကို ကြည့်လိုက်သည်။
“ မင်းက ငါ့ကို အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေးလို့ ထင်နေတာလား ”
ဖုန်းရှောင်လင်က အံ့ဩသွားသည်။
အဲ့ဒါ ဘာအဓိပ္ပာယ်လဲ… ။
ခင်ဗျား မဟုတ်ဘူးလား… ။
တကယ်လို့ ခင်ဗျားက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေးမဟုတ်ရင် စောစောက ဘာလို့ အရှေ့ထွက်လာတာလဲ… ။
“ တကယ်လို့ ငါက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေးမဟုတ်ဘူးလို့ပြောရင် မင်းယုံမှာလား ”
ယွင်လန်တာအိုပညာရှင်က ပြောသည်။
ဖုန်းရှောင်လင်က ခေါင်းယမ်းလိုက်သည်။
“ မင်း သူ့စကားကို ယုံကြည်သင့်တယ် ”
ထိုစဉ် အသံတစ်သံက အဝေးမှ ထွက်ပေါ်လာသည်။
ထိုအသံက ရွှေသံကြိုးများ ဝိုင်းရံထားသော နေရာထဲမှ ထွက်ပေါ်လာဟန် ထင်ရသော်လည်း အမှန်မှာ ထိုအသံက ရွှေသံကြိုးများ၏ အပြင်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဖုန်းရှောင်လင်က အံ့ဩသွားသည်။
တာအိုပညာရှင်ဟူယု၊ ဝူမင်ကြွယ်နှင့် တခြားလူများက အံ့ဩသွားကြသည်။ ထို့နောက် သူတို့အားလုံးက ဝမ်းသာပျော်ရွှင်သွားကြသည်။
“ ဘိုးဘေး ”
“ ဘန်း ”
ကျယ်လောင်သော မြည်သံနှင့်အတူ ရွှေသံကြိုးအားလုံးက အပိုင်းပိုင်း အက်ကွဲသွားကြသည်။
ဟန်မူယဲ့က မထူးမခြားနား အမူအရာဖြင့် အရှေ့သို့ တည်ငြိမ်စွာ လျှောက်လာသည်။
သူက လက်သီးတစ်ချက်တည်းဖြင့် ရွှေချပ်ဝတ်စစ်သည်တော်အားလုံးကို သွေးအန်သွားစေသည်။
“ မင်းဘယ်သူလဲ ”
ဖုန်းရှောင်လင်က မျက်နှာသုန်မှုန်သွားသည်။
“ မင်းပဲ ငါ့ကို ရှာနေတာ မဟုတ်ဘူးလား ”
ဟန်မူယဲ့က ဖုန်းရှောင်လင်ကို ကြည့်လိုက်သည်။
“ ငါက မင်းဖိတ်ခေါ်နေတဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေးပဲ ”
“ မင်းရဲ့ အစစ်အမှန်တာအိုဂိုဏ်းက ငါ့ကို ကြိုဆိုချင်နေတာ မဟုတ်ဘူးလား ”
ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။