အခန်း (၁၇၄၇)
Vol. 125 Ch. 1747
အခန်း(၁၇၄၇)
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေးလား… ။
အစစ်အမှန်တာအိုဂိုဏ်းဆီ သွားမယ်… ။
အစောနက ဖုန်းရှောင်လင်သည် ယွင်လန်တာအိုပညာရှင်အား အစစ်အမှန်တာအိုဂိုဏ်းဆီသို့ ဖိတ်ကြားရန် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တာအိုပညာရှင်ဟူယုနှင့် တခြားတပည့်များ၏ အသက်ဖြင့် ခြိမ်းခြောက်ခဲ့သည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က အစစ်အမှန်တာအိုဂိုဏ်းဆီသို့ ကိုယ်တိုင်သွားချင်ကြောင်း ပြောသောအခါ ဖုန်းရှောင်လင်၏ အမူအရာက ပြောင်းလဲသွားသည်။
အဘယ့်ကြောင့်ဆိုသော် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဘိုးဘေးဟန်မူယဲ့ ထွက်ပေါ်လာပုံက လွန်စွာ လျှို့ဝှက်ဆန်းကြယ်သည်။ ထို့ပြင် သူက တစ်ဖက်လူ၏ တိုက်ပွဲစွမ်းအားကို မခန့်မှန်းနိုင်ပေ။
“ ကျုပ်တို့ရဲ့ အစစ်အမှန်တာအိုဂိုဏ်းက ခင်ဗျားကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်… ”
ဖုန်းရှောင်လင်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည်။ ထွန်းလင်းတောက်ပသော အလင်းစီးကြောင်းက သူ၏ လက်ထဲမှ ဓားမော့ပေါ်မှာ စီးဆင်းသွားသည်။
“ ဒါပေမဲ့ ခင်ဗျားရဲ့ စွမ်းအားကို အရင်သက်သေပြရမယ် ”
“ တကယ်လို့ ခင်ဗျားရဲ့ စွမ်းအားက မလုံလောက်ရင် ကျုပ်ရဲ့ ဓားမော့အောက်မှာတင် အသက်ပျောက်သွားလိမ့်မယ် ”
သူ၏ စကားဆုံးသွားသည်နှင့် ဓားမော့အလင်းက ပေါ်လျှိုးလာသည်။
ဤတစ်ကြိမ် ဓားမော့အလင်းက အစောနက ယွင်လန်တာအိုပညာရှင်ကို သူတိုက်ခိုက်ခဲ့သော ဓားမော့အလင်းနှင့် မတူညီတော့ပေ။
ဤတစ်ကြိမ်တွင် သူက ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို ဆွဲယူရုံသာမက ရွှေချပ်ဝတ်စစ်သည်တော်များထံမှ စွမ်းအားကိုလည်း ချေးငှားလိုက်သည်။
ဓားမော့အလင်းသုံးခုက လေထဲမှာ စုဝေးသွားကြပြီး ဟန်မူယဲ့၏ ဦးခေါင်းကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
“ ဝေါင်း ”
ထွန်းလင်းတောက်ပသော ဓားမော့အလင်းက ရွှေခြင်္သေ့တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ ဦးခေါင်းပေါ်သို့ ဖိချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ အချင်းဆယ်မိုင်အတွင်းမှ ဧရိယာက ပြင်းထန်စွာ တုန်ယင်သွားသည်။ ဤသည်မှာ ဘေးပတ်ဝန်းကျင်မှ မိုးမြေက အက်ကွဲသွားတော့မည့်အလားပင်။
ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာအောက်မှ ကျင့်ကြံသူများသည် ခန္ဓာကိုယ်တုန်ယင်သွားကြပြီး သွေးချီအေးခဲမှုကို ခံစားမိသွားကြသည်။ တာအိုပညာရှင်ဟူယုနှင့် တခြားလူများသည်ပင် မျက်နှာဖြူဖျော့သွားကြသည်။ သူတို့က ပရမ်းပတာ လှုပ်ခတ်နေသော သွေးချီကို အတင်းအကျပ် ဖိနှိပ်လိုက်ကြသည်။
ထိုဓားချက်က ဖုန်းရှောင်လင်၏ အကန့်အသတ်ဖြစ်သည်။
ယင်းက ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အစစ်အမှန်စွမ်းအား ဖြစ်သည်။
အစောနက ယွင်လန်တာအိုပညာရှင်အပေါ် ဖုန်းရှောင်လင်၏ တိုက်ခိုက်မှုများကို သူတို့မြင်ခဲ့ရစဉ်က ရွှမ်အဆင့်ကျင့်ကြံသူက ဘာမှမထူးခြားကြောင်း သူတို့တွေးထင်ခဲ့ကြသည်။ သို့သော် ဤအခိုက်အတန့်မှာ သူတို့က မျက်လုံးပြူးသွားကြပြီး အသက်မရှူနိုင်ကြတော့ပေ။
မနီးမဝေးတွင် ယွင်လန်တာအိုပညာရှင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ မျက်နှာက အနည်းငယ် တည်ကြည်သွားသည်။
မျက်မှောက်ခေတ် ကျင့်ကြံသူများ၏ တိုက်ခိုက်ရေးနည်းစနစ်များကို သူလျော့တွက်မိခဲ့ကြောင်း ဝန်ခံရလိမ့်မည်။
ယခု ဖုန်းရှောင်လင် ထုတ်ဖော်ခဲ့သော တိုက်ပွဲစွမ်းအားသည် ရှေးခေတ်မှ ရွှမ်အဆင့် ကျင့်ကြံသူများထက် လုံးဝ မနိမ့်ကျပေ။ အမှန်မှာ မျက်မှောက်ခေတ်၏ တိုက်ခိုက်ရေးနည်းစနစ်များက ပိုပြီးနက်နဲသိမ်မွေ့ပြီး အုတ်မြစ်ခိုင်မာသည်။
ဧရာမရွှေခြင်္သေ့က သူ့အပေါ်သို့ ခုန်အုပ်လာကြောင်း ဟန်မူယဲ့ မြင်သောအခါ သူက ခေါင်းမော့လိုက်သည်။
သူက မလှုပ်မယှက်ရှိနေဆဲပင်။ သူက ညင်သာစွာ လက်မြှောက်လိုက်ပြီး သူ၏ လက်ဝါးကို အရှေ့သို့ တွန်းထုတ်လိုက်သည်။ အစိမ်းရောင်လေစီးကြောင်းက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါ တိမ်ဖမ်းလေ ”
ဝူမင်ကြွယ်က ဟန်မူယဲ့၏ လှုပ်ရှားမှုကို မြင်သောအခါ အလန့်တကြား အော်ပြောလိုက်သည်။
ယခု ဟန်မူယဲ့ အသုံးပြုနေသော လှုပ်ရှားမှုက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ လေပြေအသွင်(၃၆)မျိုးထဲမှ အခြေခံတိုက်ကွက်တစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။
သူက လက်ဖဝါးကို အရှေ့သို့ တွန်းထုတ်လိုက်လေရာ သိမ်မွေ့သော လေပြေက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ လက်ဝါးက အရှေ့သို့ ဆန့်တန်းသွားစဉ် လူတိုင်းက မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော မြည်ဟိန်းသံကို ကြားလိုက်ကြရသည်။
သူ၏ လက်ဝါးရိုက်ချက်က လေပြေသဖွယ် သိမ်မွေ့ညင်သာသော်လည်း ယင်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားက မိုးကြိုးသွားပမာ အလွန်ကြောက်စရာကောင်း၏။ ဤသည်မှာ လေပြေထဲ၌ မိုးကြိုးသွားများ ကိန်းအောင်းနေသည့်အလားပင်။ ယင်းက သိုင်းပညာရပ်တစ်ခုကို အလွန်မြင့်မားသော အဆင့်ထိ ကျင့်ကြံထားသော အသွင်လက္ခဏာ ဖြစ်သည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှာ ဘာလို့ အဲ့လောက်သန်မာတဲ့ အမွေအနှစ်ရှိနေတာလဲ… ”
ဟန်မူယဲ့၏ လက်ဝါးရိုက်ချက်ထဲမှာ လေနှင့် မိုးကြိုးစွမ်းအား ကိန်းအောင်းနေကြောင်း မြင်သောအခါ ဖုန်းရှောင်လင်၏ မျက်နှာပေါ်မှာ အံ့အားသင့်သော အမူအရာ ထွက်ပေါ်လာသည်။
အကယ်၍ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ အမွေအနှစ်က ထိုမျှသန်မာသည်ဆိုလျှင် သူတို့က လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက အံ့ဖွယ်ကိုးပါးတောင်တန်းဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီးလောက်၏။ သို့မဟုတ်လျှင် သူတို့က ဤမျှအခြေအနေအထိ နိမ့်ကျသွားလိမ့်မည် မဟုတ်ချေ။
“ ရှေးဟောင်းကျင့်ကြံခြင်းအမွေအနှစ်က မျက်မှောက်ခေတ်မှာတောင် အဲ့လောက်သန်မာနေတုန်းလား ”
ဖုန်းရှောင်လင်၏ မျက်လုံးထဲမှာ လောဘအရိပ်အယောင် ထွက်ပေါ်လာသည်။
အကယ်၍ ထိုသို့အမွေအနှစ်က ဤလောကမှာ တကယ်ရှိသည်ဆိုလျှင် ယင်းကို သူလုယက်မည်။
“ ဘန်း ”
ဟန်မူယဲ့၏ လက်ဝါးက ဟင်းလင်းပြင်ထဲမှ ရွှေခြင်္သေ့နှင့် တွေ့ဆုံသွားသည့်အခါ ခြင်္သေ့၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး ပေါက်ကွဲသွားသည်။
လက်ဝါးရိုက်ချက်တစ်ချက်က ရွှေခြင်္သေ့ကို အက်ကွဲသွားစေသည်။
ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
ထိုရွှေခြင်္သေ့သည် ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက် သူ့ကိုယ်ပိုင်မူလစွမ်းအားနှင့် ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို အသုံးပြု၍ ဖန်တီးထားသောအရာ ဖြစ်သည်။ ထို့ပြင် ၎င်း၏ အနောက်မှာ ရွှေချပ်ဝတ်စစ်သည်တော်များထံမှ တိုက်ပွဲစွမ်းအားလည်း ရှိသေးသည်။
သို့ဖြစ်၍ ထိုရွှေခြင်္သေ့၏ တိုက်ခိုက်မှုသည် သွေးချီရွှမ်အဆင့် ဒုတိယအလွှာနှင့် နှိုင်းယှဉ်နိုင်သည်။ သို့တိုင် ယင်းက လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် အလွယ်တကူ ကျိုးပျက်သွားသည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဘိုးဘေးက မည်မျှသန်မာလိုက်သနည်း။
တာအိုပညာရှင်ဟူယုက နှုတ်ခမ်းတွန့်သွားသည်။ သူ၏ မျက်နှာပေါ်မှ ဝမ်းသာပျော်ရွှင်မှုကို သူမဖုံးကွယ်နိုင်ပေ။
သူတို့၏ ဘိုးဘေးက ထိုမျှသန်မာလေရာ အနာဂတ်မှာ သူတို့၏ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက သေချာပေါက် အထွတ်အထိပ်သို့ မြင့်တတ်သွားလိမ့်မည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များသည်လည်း စိတ်လှုပ်ရှားစွာ လက်သီးဆုပ်လိုက်ကြသည်။
ဟန်မူယဲ့ ထုတ်ဖော်ပြခဲ့သော လှုပ်ရှားမှုက သူတို့၏ ကျင့်ကြံခြင်းအမွေအနှစ် ဖြစ်သည်။
ဟန်မူယဲ့က ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို လက်ဝါးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်လျှင် အနာဂတ်မှာ သူတို့သည်လည်း ထိုသို့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါလော။
ဝူမင်ကြွယ်၏ အနီးနားမှာ ရပ်နေသော ကောင်းကင်စံအိမ်တာအိုဂိတ်မှ ထောင်ယုယုသည် ဝူမင်ကြွယ်ကို စူးစိုက်ကြည့်နေစဉ် အကြောင်းအရင်းတချို့ကြောင့် မျက်နှာနီမြန်းသွားသည်။
ယွင်လန်တာအိုပညာရှင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက လက်ဖဝါးဖွင့်လိုက်လေရာ ဓားကျိုးအပိုင်းအစများက ပျောက်ကွယ်သွားကြသည်။
ဟန်မူယဲ့က အလွန်သန်မာကြောင်း သူသိသည်။ သို့သော်လည်း ဟန်မူယဲ့က ထိုမျှအထိ သန်မာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ကြည့်ရသည်မှာ ဟန်မူယဲ့၏ စွမ်းအားက သူ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သွားဟန် ရ၏။
ယခုအခြေအနေအရ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲသို့ သူဝင်ရောက်ခဲ့ခြင်းက ဉာဏ်ရှိသော ဆုံးဖြတ်ချက်ဖြစ်ဟန် တူသည်။
“ အရမ်းကောင်းတယ် ”
ဖုန်းရှောင်လင်က ကျယ်လောင်စွာ အော်လိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။ သူ၏ ဓားမော့က ဟန်မူယဲ့ထံသို့ တိုက်ရိုက် ကျဆင်းသွားသည်။
“ ဒီဓားမော့ကို တားဆီးနိုင်ရင် အစစ်အမှန်တာအိုဂိုဏ်းက ခင်ဗျားကို ကြိုဆိုလိမ့်မယ် ”
ထိုဓားမော့ခုတ်ချက်သည် အစောနက ခြင်္သေ့ပုံရိပ်နှင့် မတူပေ။ ယင်းက တိုက်ရိုက် ခုတ်ပိုင်းခြင်း ဖြစ်သည်။
သို့တိုင် ထိုဓားမော့ခုတ်ချက်က အစောနက ဟန်မူယဲ့၏ လှုပ်ရှားမှုနှင့် အနည်းငယ် ဆင်တူသည်။ ထိုထဲမှာ မိုးကြိုးသံသဲ့သဲ့ပင် ထွက်ပေါ်နေသည်။
“ ဂိုဏ်းရဲ့ အမွေအနှစ်ချင်း ယှဉ်ပြိုင်ချင်တာလား ”
ဟန်မူယဲ့က တည်ငြိမ်စွာ စကားပြောနေရင်း သူ၏ လက်ကို ထပ်မံ မြှောက်လိုက်သည်။
ဤတစ်ကြိမ်တွင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်အားလုံးသည် ဟန်မူယဲ့၏ လှုပ်ရှားမှုကို ဂရုတစိုက် စိုက်ကြည့်နေကြသည်။
ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ အကြည့်က ဟန်မူယဲ့ပေါ်မှာ ကျရောက်နေသည်။ သူတို့က နည်းနည်းလေးမှ လွတ်မသွားဝံ့ကြပေ။
ဟန်မူယဲ့က သူ့အပေါ်သို့ ကျဆင်းလာနေသော ဓားမော့ခုတ်ချက်ကို ကြည့်လိုက်သည်။
ယင်းက အထွတ်အမြတ်နယ်မြေ၏ အမွေအနှစ်ဖြစ်ပြီး ကိုယ်ပိုင်ထူးခြားမှုရှိသည်။ သို့သော်လည်း ပုံရိပ်ယောင်လောက၏ ထိပ်တန်းအမွေအနှစ်များဖြင့် နှိုင်းယှဉ်လျှင် ယင်းက နိမ့်ကျနေဆဲပင်။
ထိုသို့ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ မိုးမြေစွမ်းအား၏ နိမ့်ကျသွားမှုကြောင့် ဖြစ်သည်။ ရှေးခေတ်၏ အစွမ်းထက် တိုက်ခိုက်ရေးနည်းစနစ်များသည် မျက်မှောက်ခေတ်၏ မိုးမြေစွမ်းအားနှင့် သဟဇာတ မဖြစ်ကြတော့ပေ။
တစ်နည်းဆိုရလျှင် အထွတ်အမြတ်နယ်မြေ၏ တိုက်ခိုက်ရေးနည်းစနစ်အများစုက ထပ်ခါထပ်ခါ အဆင့်လျော့ချခံထားကြရသည်။
မျက်မှောက်ခေတ်မှ ကျင့်ကြံသူများသည် အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ်များကို အဓိကဦးစားပေးမည့်အစား မိုးမြေနှင့် သဟဇာတဖြစ်သော တိုက်ခိုက်ရေးနည်းစနစ်များကိုသာ အဓိကဦးစားပေးကြလိမ့်မည်။
ဟန်မူယဲ့ အထွတ်အမြတ်နယ်မြေထဲမှာ ရှိနေသည်မှာ သိပ်မကြာသေးသော်လည်း ဤနေရာမှ ကျင့်ကြံသူများအတွက် သူစိတ်မကောင်းဖြစ်မိသည်။
သူတို့က မျက်မှောက်ခေတ်၏ မိုးမြေနှင့် သဟဇာတဖြစ်အောင် အတင်းအဓမ္မ ကြိုးစားကြရသည်။ သို့မဟုတ်လျှင် သူတို့က သေဆုံးသွားကြလိမ့်မည်။
ထို့ကြောင့် ပြန်လည်နိုးထလာသော ရှေးခေတ်ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းစွမ်းအားက ပျောက်ကွယ်သွားရခြင်းပင်။ သို့ဖြစ်၍ သူတို့၏ တိုက်ပွဲစွမ်းအားက ဂျူနီယာများထက် အားနည်းသည်။
ဓားမော့ဆင်းသက်လာသည့်အခိုက် ဟန်မူယဲ့က စိတ်ခံစားချက်အမျိုးမျိုး ခံစားမိသွားသည်။
ဤတစ်ကြိမ်တွင် သူက “ တိမ်ဖမ်းလေ ”ကို အသုံးပြုမည့်အစား သူ၏ လက်ဖဝါးကို အပေါ်သို့ မြှောက်လိုက်ပြီး လေးကြိုးဆွဲသော လက်ဟန်ကို ထုတ်ဖော်လိုက်သည်။
“ တိမ်စီးပြီး လေနောက်လိုက်ခြင်း ”
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များသည် ဟန်မူယဲ့၏ လက်ဟန်လှုပ်ရှားမှုမှတဆင့် ယင်းက “ တိမ်စီးပြီး လေနောက်လိုက်ခြင်း ”အကွက်ဖြစ်ကြောင်း သူတို့သိသွားကြသည်။ သို့သော်လည်း ထူးခြားချက်မှာ ယင်းက သူတို့လေ့ကျင့်ဖူးသော “ တိမ်စီးပြီး လေနောက်လိုက်ခြင်း ”အကွက်နှင့် အနည်းငယ် ခြားနားနေသည်။
“ ဘန်း ”
ဓားမော့ဆင်းသက်လာသည့်အခိုက် ဟန်မူယဲ့၏ လက်ဖဝါးပေါ်တွင် ရွှေရောင်မှိန်ဖျော့ဖျော့အလင်း ထွက်ပေါ်လာပြီး သူ၏ လက်ဝါးက ဓားမော့ကို ခုခံတားဆီးလိုက်သည်။
ထို့နောက် ဟန်မူယဲ့က သူ၏ လက်ဝါးကို လှန်လိုက်ပြီး ဓားမော့ထံမှ အင်အားကို ချေဖျက်လိုက်သည်။
ဓားမော့ကိုင်ထားသော ဖုန်းရှောင်လင်က မျက်နှာပျက်သွားသည်။ သူက ဓားမော့ကို ပြန်ရုပ်သိမ်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အလွန်နောက်ကျသွားချေ၏။
ဓားမော့ကိုင်ထားသော သူ၏ လက်နှင့် လက်မောင်းက တစ်ပတ်လည်သွားသည်။
“ ခရက် ”
ဖုန်းရှောင်လင်၏ လက်မောင်းက ကျိုးသွားသည်။ သူ၏ ခန္ဓာကိုယ်က လေထဲမှာ တစ်ပတ်ကျွမ်းထိုးသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ ပခုံးရိုးနှင့် ကျောရိုးသည်လည်း အက်ကွဲသွားသည်။
“ ဗုန်း ”
မြေကြီးပေါ်သို့ ပြုတ်ကျသွားသော ဖုန်းရှောင်လင်က အံကြိတ်လိုက်ပြီး ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။
ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး သူ၏ လက်ဝါးကို ဖြည်းညင်းစွာ ပြန်ရုပ်လိုက်သည်။
“ မင်းရဲ့ ဓားမော့ခုတ်ချက်က စုတ်ပြတ်နေတာပဲ… အဲ့ဒါ အစစ်အမှန်တာအိုဂိုဏ်းရဲ့ အမွေအနှစ်အကုန်လား ”
ရှက်စိတ်ကြောင့် ဖုန်းရှောင်လင်၏ မျက်နှာက နီရဲသွားသည်။ သူက စကားပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း သွေးသာ ထွက်ကျလာသည်။
ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး ဘေးသို့ လှည့်ကြည့်လိုက်သည်။
“ အဲ့ဒီရွှေချပ်ဝတ်စစ်သည်တော်တွေက တန်ဖိုးရှိလား ”
ထိုစကားက လူတိုင်းကို အံ့ဩသွားစေသည်။
“ ဘိုးဘေးကို ပြန်ဖြေကြားပါတယ်… သူတို့က အရမ်းတန်ဖိုးရှိပါတယ် ”
တာအိုပညာရှင်ဟူယုက ဝမ်းသာပျော်ရွှင်စွာ ပြောသည်။ သူ၏ လေသံထဲမှာ မဖုံးဖိနိုင်သော စိတ်လှုပ်ရှားမှု ကိန်းအောင်းနေသည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်သည်။
“ ဒါဆို သူတို့ကို ဖမ်းခေါ်သွားလိုက်… အစစ်အမှန်တာအိုဂိုဏ်းက မူလကျောက်တုံးတွေနဲ့ လာရွေးမှ သူတို့ကို လွှတ်ပေးရမယ် ”
“ ဒီစီးပွားရေးက စွန့်ပစ်သတ္ထုတွင်းထဲမှာ မူလကျောက်တုံးတွေ လိုက်တူးတာထက် ပိုပြီးလွယ်ကူတယ် ”
ထိုသို့ပြောပြီးနောက် ဟန်မူယဲ့က ဝူမင်ကြွယ်ကို ကြည့်လိုက်သည်။
“ ကောင်းကင်စံအိမ်တာအိုဂိတ်က မင်းကို လက်ထပ်ပေးဖို့ စီစဉ်နေတာမလား ”
ဝူမင်ကြွယ်က ခန္ဓာကိုယ် တုန်ယင်သွားသည်။
ကောင်းကင်စံအိမ်တာအိုဂိတ်မှ တပည့်အားလုံးက စိုးရိမ်ကြောင့်ကြသွားကြသည်။ သူတို့ထဲ၌ ထောင်ယုယုက မျက်နှာနီမြန်းသွားသည်။
ဟန်မူယဲ့က ထပ်မံ ပြောသည်။
“ မင်းက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ဒုတိယမျိုးဆက်ရဲ့ တပည့်ကြီးဖြစ်တယ် ”
“ တကယ်လို့ သူတို့က မင်းကို လက်ထပ်စေချင်တယ်ဆိုရင် သူတို့ဘက်က လက်ဖွဲ့ကြီးကြီး ပေးရမယ် ”